Chapter 1
After being reborn I tortured the vicious sister in law
"စုမုန့်... သွားသေလိုက်စမ်း..."
သေသပ်လှပစွာဝတ်ဆင်ထားသော ဝေ့ရွှယ်သည် စုမုန့်၏မေးစေ့ကိုလက်ညှိုးဖြင့် ပင့်လိုက်သည်။ သူမမျက်နှာပေါ်တွင် အောင်ပွဲခံသောအပြုံးတစ်ပွင့်ရှိနေပြီး စုမုန့်၏ဝမ်းဗိုက်ကို ဓါးဖြင့်ထိုးလိုက်သည်။
"အ့ာ...."
ပျက်စီးနေသော ဂိုဒေါင်အတွင်းမှ ကျယ်လောင်သောအော်သံထွက်ပေါ်လာသည်။ စုမုန့်တစ်ကိုယ်လုံးသွေးများထွက်ကာ ဝေ့ရွှယ်ရှေ့တွင် ဒူးထောက်ကျသွားသည်။ သူမ၏နာကျင်နေသော မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
သူမသည် ပျက်စီးနေသောဂိုဒေါင်အတွင်း၌ ပြန်ပေးဆွဲခံထားရသည်မှာ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းကဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ခဲ့ရသေးပေ။ သူမအားဖမ်းပြီးနောက် မည်သူမှလာမတွေ့သည့်အတွက် သူမထံမှလိုချင်သည်မှာ ပိုက်ဆံလား ခန္ဓာကိုယ်လားဆိုသည်ကို သူမ မသိခဲ့ရပေ။
သို့သော် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း မည်သူမျှသူကိုလာမရှာခဲ့ပေ။ ဂိုထောင်ထဲတွင် ရေသန့်ဗူးအနည်းသယ်သာရှိသည်။ ထိုသူတို့အနေဖြင့် သူမအား ရေငတ်သေမည်ကိုတော့ ကြောက်ရွံ့ကြပုံပင်။
ဂိုထောင်ထဲတွင် မီးအလင်းရောင်မရှိသည့်အတွက်မှောင်မည်းနေပြီး သူမ၏ဖုန်းသည်လည်း လုယူခံခဲ့ရသည်။ ထို့ကြောင့် နေ့ရက်များမည်မျှကြာသွားသည်ကို စုမုန့်မသိနိုင်ပေ။ ရေသောက်ရုံဖြင့် သူမခန္ဓာကိုယ်၏ လိုအပ်သောအာဟာရဓါတ်ကို ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ပေ။ သူမ၏အစာအိမ်သည် အစာမရှိတော့သည့်အတွက် အက်စစ်ဓါတ်များထွက်ကာ အော့အန်နေရပေသည်။ အကယ်၍ မည်သူတစ်ဦးတစ်ယောက်မျှ ရောက်မလာပါက အစာပြတ်၍မေ့လဲသွားပေတော့မည်။ သို့သော်လည်း သူမ မည်မျှပင်အော်စေကာမူ မည်သူတစ်ဦးတစ်ယောက်မျှ ရောက်မလာခဲ့ပေ။
နောက်ဆုံး ဗိုက်ဆာလွန်း၍သူမ မောသွားချိန်တွင် ရင်းနှီးသည့်ရယ်သံတစ်ခုကိုကြားလိုက်ရသည်။ ထိုအသံသည် သူမ၏ ယောင်းမလေး ဝေ့ရွှယ်၏အသံပင်ဖြစ်သည်။
သူမ၏နှလုံးသားထဲမှ မျှော်လင့်ချက်များ ရုတ်တရက်တောက်လောင်လာသည်။ သို့သော် သူမခက်ခက်ခဲခဲ အသက်ရှင်နိုင်ရန်ကြိုးစားပြီးနောက် သူမဆီသို့ရောက်လာသည့် ဝေ့ရွှယ်၏ ပထမဆုံးသောစကားမှာ သူမသေဆုံးရမည့်စကားဖြစ်မည်ဟု မျှော်လင့်မထားမိပေ။
' ဘာကြောင့်လဲ... ဝေ့မိသားစုထဲမှာ စုမုန့်အကောင်းဆုံးဆက်ဆံခဲ့တာ သူမကိုပဲမဟုတ်လား.... '
တုန်ယင်နေသည့်အသံဖြင့် သူမရှေ့မှရူးသွပ်နေသည့်အမျိုးသမီးကိုမေးလိုက်မိသည်။
" ဘာ.. ဘာလို့လဲ.... ဘာလို့ ဒီလိုလုပ်ရတာလဲ.... ငါက နင့်ရဲ့ ယောင်းမပဲလေ..."
ဝေ့ရွှယ် ဓါးပေါ်မှသွေးစက်များကုန်သွားစေရန် နှစ်ကြိမ်ခါလိုက်ပြီး ရွံရှာစွာဖြင့်ပြောလိုက်သည်။
" ယောင်းမ ... ဟုတ်လား ... အကိုဝေ့ထင်နဲ့လက်ထပ်မှတ်ပုံတင်ထားရုံနဲ့ သူကနင့်ကိုတကယ်ချစ်တယ်လို့ ထင်နေတာလား ... နင်နဲ့မဆိုင်တဲ့နေရာကို တပ်မက်နေတာပဲ .... အဲ့ဒါကြောင့် အခုလိုပဲဖြစ်သင့်တယ် ... ဟားဟားဟား... "
သူမ၏ရယ်သံသည် စိတ်လှုပ်ရှားမှု ရူးသွပ်မှုတို့ဖြင့်ပြည့်နှက်နေသည့်အတွက် စုမုန့်ကို ပို၍စိတ်ရှုပ်ထွေးလာစေသည်။
"ငါ ဘာကိုမက်မောခဲ့မိလို့လဲ..."
.............
"ဝေ့မိသားစုရဲ့ မဒမ်နေရာ ဟုတ်လား ... နင်က ငါနဲ့ဘယ်နေရာကိုမှ မယှဉ်နိုင်ဘူး ... ဘာအားကိုးနဲ့ နင်ကငါ့နေရာကိုယူချင်ရတာလဲ... ငါ့ရဲ့ ရုပ်ရည်၊ အရည်အချင်း၊ နောက်ခံကအစ ဘယ်နေရာက နင့်ထက်မသာတာရှိလို့လဲ .... ငါက အကိုဝေ့ထင်နဲ့ ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာခဲ့တာ... သူ့အကြောင်းအကုန် ငါသိတယ် ... ငါကပဲ သူနဲ့အထိုက်တန်ဆုံးသူဖြစ်ရမယ် ... ပြီးတော့ နင်... နင့်လိုအရိုင်းအစိုင်းမက ဘယ်ကနေထွက်လာတာလဲ ... နင်က သူ့ကိုငါ့ဆီကနေလုချင်နေသေးတယ် ... "
ဝေ့ရွှယ် စုမုန့်၏ဆံပင်ကိုဆောင့်ဆွဲရင်း သူမကိုအတင်းအကြပ်ကြည့်စေလိုက်သည်။ ပြောရင်းနှင့် သူမ၏လေသံမှာ စိတ်လှုပ်ရှားလာပြီး ဒေါသအပြည့်ဖြစ်လာသည်။
စုမုန့် ရေရွတ်လိုက်မိသည်။
" ဘယ်လိုအတွေးတွေနဲ့ နင်ဒီလိုတွေးနေရတာလဲ ... နင်က ဝေ့ထင်ရဲ့ညီမလေးလေ ... ငါမရှိရင်တောင် တစ်ယောက်ယောက်ကတော့ သူနဲ့လက်ထပ်ရမှာပဲ ... တကယ်လို့ ဘယ်တစ်ယောက်မှမရှိဘူးဆိုရင်တောင် နင်က သူ့ညီမလေးလေ... ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ ... "
ဝေ့ရွှယ် စုမုန့် ဆံပင်ကိုအားစိုက်၍တင်းကြပ်စွာ ထပ်ဆွဲလိုက်သည်။ သူမက အသံပြင်းပြင်းဖြင့်ပြောလိုက်သည်။
" ဘာလို့ သူနဲ့အတူတူမနေနိုင်ရမှာလဲ ... တခြားတစ်ယောက်ယောက်လာရင်လဲ ရလဒ်က နင်နဲ့အတူတူပဲဖြစ်မှာပဲ .... "
ဝေ့ရွှယ်၏စကားကြောင့် စုမုန့် အံ့ဩသွားသည်။ သူမ နာကျင်မှုကိုသည်းခံရင်း ပြောလိုက်သည်။
'' သူက နင့်ရဲ့ အကိုကြီးလေ... နင်နဲ့ သွေးသားရင်းဖြစ်တဲ့ အကိုတစ်ယောက်ပဲ... နင်တို့နှစ်ယောက်အတူတူနေလို့မဖြစ်ဘူးလေ ...."
သူမ၏စကားကြောင့် ဝေ့ရွှယ် ကျယ်လောင်စွာရယ်ရင်း ပြောလိုက်သည်။
'' သွေးသားရင်းချာ ဟုတ်လား... ဪ ... ငါ နင့်ကိုပြောဖို့မေ့နေတာ ... ငါက အကိုဝေ့ထင်ရဲ့ ညီမအရင်းမဟုတ်ဘူး... ငါကို ဝေ့မိသားစုက မွေးစားထားတာ... ငါတို့ကြားမှာ ဘာသွေးသားဆက်စပ်မှုမှ မရှိဘူး ... ငါသူ့ကိုချစ်တယ် ... နင်ကဘာသိလို့လဲ ... သူကလဲငါ့ကိုချစ်တယ် ... ငါတို့နှစ်ယောက်ကြားက နာမည်ခံမောင်နှစ်ဆိုတဲ့ဆက်ဆံရေးသာမရှိရင် ဝေ့မိသားစုက နင့်ကိုလက်ခံမယ်ထင်လို့လား ... "
'' ဒါ... မဖြစ်နိုင်ဘူး ... ''
စုမုန့် အရာအားလုံးကိုသည်းခံပြီးချစ်ခဲ့ရသည့် သူမ၏အမျိုးသားသည် သူ၏ညီမဖြင့်ချစ်ကြိုက်နေသည်ကို သူမ မယုံကြည်နိုင်ပေ။
သူမ မယုံဘူးဟု အော်ဟစ်လိုက်သော်လည်း ဝေ့ရွှယ်သူမအား အဘယ့်ကြောင့်ကောင်းမွန်စွာ ဆက်ဆံခဲ့သည်ကို ရုတ်တရက် သူမ၏နှလုံးသားထဲမှ နားလည်သွားသည်။
ဝေ့ရွှယ်သည် ဝေ့ထင်က မိတ်ကပ်လိမ်းသည်ကိုမကြိုက်ဟု သူမအားပြောခဲ့သည်။ ထို့ကြောင့် သူမ နေတိုင်းမိတ်ကပ်မလိမ်းဘဲနေခဲ့သည်။ သို့သော် ဝေ့ရွှယ်သည် အမြဲတမ်း မိတ်ကပ်ဖြင့်လှပစွာဝတ်ဆင်ခဲ့သည်။ ဝေ့ထင်နွားနို့သောက်ရတာကြိုက်သည်ဟု ဝေ့ရွှယ်ကပြောခဲ့သည့်အတွက် သူမအမြဲတမ်း ဝေ့ထင်အတွက် နို့တစ်ခွက်ပြင်ပေးခဲ့ဖူးသည်။ သို့သော် ဝေ့ထင်ကတော့ သူမ၏နွားနို့ခွက်ကို တစ်ခါမှမသောက်ခဲ့ပေ။ ဝေ့ထင်ပန်းများကိုသဘောကျသည်ဟု ဝေ့ရွှယ်မှ သူမအားပြောခဲ့သည့်အတွက် သူ့မွေးနေ့တွင် အခန်းအပြည့်ပန်းများဖြင့်အလှဆင်ပေးခဲ့သော်လည်း ဝေ့ထင်က နေရာမှလှည့်ထွက်သွားခဲ့သည်။
ယခု သူမ အရာအားလုံးကိုနားလည်သွားသည်။ ဝေ့ရွှယ်မှ သူမကိုစိတ်ရင်းအမှန်ဖြင့် ကူညီပေးနေသည်ဟု သူမအထင်မှားခဲ့ခြင်းဖြစ်သည်။ ဝေ့ရွှယ်သည် သူမအတွက် အလွန်ကောင်းမွန်သည့် ယောင်းမတစ်ယောက်ဟု သူမ ထင်မှတ်ခဲ့ခြင်းသာဖြစ်သည်။
" နောက်တစ်ခုရှိသေးတယ် ... နင့်ရဲ့ အဖိုးတန်သားလေး ဘာကြောင့်သေသွားတယ်ထင်လဲ... "
ဝေ့ရွှယ်ဆက်ပြောနေသည်။ လူတစ်ယောက်ကို အကောင်းဆုံးနှိပ်စက်နည်းမှာ ထိုသူအားအေးချမ်းစွာ သေဆုံးခွင့်မပြုခြင်းပင်ဖြစ်သည်။
စုမုန့် တစ်စုံတစ်ခုကို ဝိုးတဝါးခံစားလိုက်မိပြီး လှိုင်းလုံးကဲ့သို့ကြီးမားသည့် ထိတ်လန့်မှုက သူမနှလုံးသားအောက်ခြေမှထွက်ပေါ်လာသည်။ ဝေ့ရွှယ် စကားလုံးတစ်လုံးချင်းစီကို သေချာပြောလိုက်သည်။
" နင့် ကလေးကိုသတ်ခဲ့တာငါပဲ ... အဲ့လိုလုပ်ဖို့ပြောတဲ့သူက အကိုဝေ့ထင်ကိုယ်တိုင်ပဲ ... ပြီးတော့ နင့်ကို အခုပြန်ပေးဆွဲဖို့စီစဉ်ပေးတာလဲ သူပဲ ... မဟုတ်ရင် သူ့သားကိုသတ်ပြီး နင့်ကိုပါငါက သတ်နိုင်လိမ့်မယ်လို့ ထင်နေတာလား... "
'' ဘယ်လိုဖြစ်နိုင်မှာလဲ ... ငါ့ကလေးက သူ့ရဲ့သွေးသားပဲလေ ... သူငါ့ကိုဘယ်လောက်ပဲ သွေးအေးပြီး ရွံရှာနေပါစေ သူ့ကလေးကို မလိုချင်ဘူးဆိုတာတော့ မဖြစ်နိုင်ဘူး... "
စုမုန့် ဆက်တိုက်ဆက်ပြောနေမိသည်။ သို့သော်လည်း သူမနှလုံးသားထဲတွင်တော့ စိတ်ပျက်အားငယ်ခြင်းများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
ဝေ့ရွှယ် မျက်နှာကိုရှုံ့မဲ့ရင်းပြောလိုက်သည်။
'' ငါက သူ့ရဲ့အချစ်ဆုံးသူလို့ အရင်ကပြောဖူးတာကို မမေ့နဲ့ဦးလေ .... တကယ်လို့ သူသာ နင့်ကိုမချစ်ဘူးဆိုရင် နင်နဲ့ရတဲ့ အဲ့သူတောင်းစားကလေးကိုလဲ မလိုချင်တာ သဘာဝပဲ ... ဘာပဲဖြစ်ဖြစ် နင်သိပ်ပြီး စိတ်မကောင်းဖြစ်မနေပါနဲ့... ဘာလို့လဲဆိုတော့ နင့်ကလေးကိုအဖော်လုပ်ဖို့ ငါနင့်ကိုငရဲပို့ပေးမယ် ... "
သူမ၏စကားမဆုံးခင်မှာပင် ဝေ့ရွှယ်သည် စုမုန့်၏ဝမ်းဗိုက်ကို ဓါးဖြင့် အကြိမ်အနည်းငယ်ထပ်ထိုးလိုက်သည်။ စုမုန့် မြေပေါ်သို့ကွေးပြီးလဲကျသွားသည်။ သူမဆီမှ လက်ဆတ်သောသွေးများကျဆင်းလာပြီး မြေပေါ်ကိုအနီရောင်ဆိုးသကဲ့သို့ဖြစ်သွားသည်။ သူမ၏ လည်ချောင်းထဲတွင် သွေးများဖြင့်ပြည့်နှက်နေသည့်အတွက် မည်သည့်စကားမှ ဆက်မပြောနိုင်တော့ပေ။
သို့သော် သူမ၏နှလုံးသားထဲတွင်မူ အမုန်းတရားများဖြင် ပြည့်နှက်နေသည်။ သူမအချစ်ဆုံးသူနှင့် သူမအယုံကြည်ရဆုံးသူက သူမ၏ကလေးကိုသတ်ခဲ့ပြီး ယခု သူမကိုပင်သတ်ဖို့ ရောက်နေကြပြီဖြစ်သည်။
' ဘာကြောင့်လဲ.... ဘာကြောင့် သူမကိုမှ ဒီလိုလုပ်ရက်ကြတာလဲ ... '
"ဝေ့ထင် ... နင် ငါ့ကိုမကြိုက်မှတော့ ဘာလို့ငါနဲ့ယူပြီး ကလေးမွေးချင်သေးတာလဲ ... "
ဒေါသ... မနာလိုစိတ် ...
စုမုန့် ဝေ့ထင်ကိုနှလုံးသားထဲမှနေ၍ ကျိန်ဆဲလိုက်သည်။ တကယ်လို့ နောက်ဘဝသာရှိမည်ဆိုလျှင် အကြိမ်တစ်ရာမက သူမ လက်စားပြန်ချေမည်မှာ အသေအချာပင်။
.............................................
' ပူတယ်... '
သူမ ခန္ဓာကိုယ်တစ်ခုလုံးပူလောင်နေသည်။
သူမ ခန္ဓာကိုယ်အနှံ့ အပူလှိုင်းများစီးဆင်းနေသည်ကို စုမုန့် ခံစားမိသည်။ အပူလှိုင်းများဖြတ်သွားသည့်နေရာတိုင်းတွင် ထူးဆန်းသည့် ခံစားချက်များယူဆောင်လာပြီး သူမကို အလိုအလျောက် ညည်းတွားလာစေသည်။
ရုတ်တရက် လေအေးတစ်ချက်က သူမကိုတိုက်ခတ်လာသည်။ အထိတ်တလန့်ဖြင့် သူမမျက်လုံးအစုံကို ဖွင့်လိုက်မိရာ စူးရှအေးစက်သည့် အနက်ရောက်မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။
" ဝေ့ထင်လား ... "
စုမုန့် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။ ထို့နောက် သူမ မယုံနိုင်စွာဖြင့်ပြောလိုက်သည်။
'' ရှင်က ဘာလို့ဒီရောက်နေတာလဲ... "
သူမခန္ဓာကိုယ်၏ ထူးဆန်းသည့်အခြေအနေကြောင့် သူမ၏အသံမှာ အနည်းငယ်ပျော့ပြောင်းနေသည်။
ဝေ့ထင်သည် အပေါ်စီးမှနေ၍ အေးစက်စွာပြောလိုက်သည်။
''ကြည့်ရတာ မင်းမနိုးသေးဘူးထင်တယ် ... ပြောပါဦး ... ငါက ဘာလို့ဒီကိုရောက်နေရလဲဆိုတာကို ... "
သူမ ပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်သည်။ ယခုအချိန်တွင် သူမသည်ကုတင်ပေါ်တွင် အဝတ်အစားမပါဘဲလဲလျောင်းနေပြီး ဝေ့ထင်သည် ဘေးမှာမတ်တပ်ရပ်နေသည်။ သူ၏လက်တစ်ဖက်သည် စောင်အစွန်းကိုကိုင်ထားဆဲဖြစ်သည်။ သူမရုတ်တရက်ခံစားခဲ့ရသည့် လေအေးတစ်ချက်သည် ဝေ့ထင်၏စောင်ကိုဆွဲယူမှုကြောင့် ဖြစ်ပေါ်လာခြင်းပင်။
'သူမ သေသွားပြီမဟုတ်ဘူးလား .... ဘာလို့ ဒီအခြေအနေကြီးနဲ့ ကုတင်ပေါ်မှာလှဲနေရတာလဲ '
ထို့အပြင့်သူမ၏ခန္ဓာကိုယ်ထဲမှ ခံစားချက်က အတော်လေးမသက်မသာဖြစ်နေသည်။
စုမုန့် ခဏမျှကြက်သေသေသွားသည်။ သူမရှေ့မှအခြေအနေကြောင့် အနည်းငယ်ရှုပ်ထွေးနေသည်။ သူမ ချက်ချင်းပင် စိတ်ကိုထိန်းပြီး အလျင်အမြန်တွေးလိုက်သည်။
'ငါ ကယ်တင်ခံလိုက်ရတာလား... '
သူမရခဲ့သည့်ဒဏ်ရာ မည်မျှပြင်းထန်သည်ကို နားလည်သည်။ ယခုအခြေအနေဖြင့် နတ်ဘုရားမှ မကယ်တင်လျှင် တခြားမည်သူမျှကယ်နိုင်မည်မဟုတ်ပေ။
'ဝေ့ထင်ပါ သေသွားတာများလား ... '
xxxxxx