အပိုင်း-၁။
Viewers 97

[ ကိုယ့်ရဲ့အသံရှင်လေး ]

____________________________


အခန်း-၁။ ငါ့သူငယ်ချင်းချစ်မိနေပြီ။

---------------


🎼 မြက်ခင်းစိမ်းပေါ်မှာ ပန်းချီကားထဲကလိုအိမ်လေးဆောက်ပြီး ချစ်ရတဲ့မင်းနဲ့အတူ အသက်တစ်ရာအထိအတူတူနေချင်တယ်...


နွေဦးမှာချထားတဲ့မျိုးစေ့တွေက နွေလယ်မှာအပွင့်လေးတွေဖြစ်လာမယ် ဆောင်းဦးမှာရိတ်သိမ်းပြီးတော့ ဆောင်း၀င်ချိန်ဆိုရင် ပျော်ရွှင်ကြမယ်...


အထပ်မြင့်အဆောက်အအုံတွေက လှပပေမယ့်လည်း

ခေတ်နဲ့အညီနေထိုင်တာက အမှားမဟုတ်ပေမယ့်လည်း

ပိုးစုန်းကြူးလေးတွေပဲရှိတဲ့ အိမ်ဆိုလည်း

မင်းနဲ့သာနေရမယ်ဆိုရင်...

ငါကတော့သဘောကျတယ်...ငါကတော့သဘောကျတယ်...


မင်းနဲ့အတူရှိနေရမယ်ဆိုရင်

မင်းသာအနားမှာရှိနေမယ်ဆိုရင်......🎼


"ယို့...မောင်ဇေယျာတို့ကတော့ သီချင်းလေတညဥ်းညဥ်းနဲ့တက်ကြွနေတော့တာပါလား"


အောက်ခံဖျင်အင်္ကျီကွပ်စိပ်ခပ်နွမ်းနွမ်းကို အပေါ်မှလက်ပြတ်ကုတ်အင်္ကျီလိမ္မော်ရောင်နှင့်တွဲဖတ်၀တ်ဆင်ထားပြီးခေါင်းတွင်လည်း အသက်ကယ်ဦးထုတ်ကိုမှအရှေ့တွင်မီးသီးတပ်ထားသည့်ဦးထုတ်ကို၀တ်ဆင်ထားသော လူရွယ်က သူ့ကိုခေါ်လိုက်သည့်ဗိုက်ရွှဲရွှဲလူကြီးအား လေးလံလှသည့် ဆံအိတ်ကိုထမ်းထားလျက်သားဖြင့်တောက်ပစွာပြန်ပြုံးပြ၍ဆိုလာ၏။


"ဘကြီးစိုးရေ မင်္ဂလာနံနက်ခင်းလေးပါ ခင်ဗျာ့"


"အေးအေး မင်္ဂလာနေ့လည်ခင်းပါကွာ"


"ဇေယျာရေ ခဏနေကြီးကြီးဆီလာပြီး ကြက်သွန်အိတ်ကူထမ်းပေးဦးနော်"


"ဟုတ်ကဲ့ပါ ကြီးကြီးမေ"


"ဟေ့ကောင် ဇေယျာ ခဏနေဒီကိုလာဦး ငါ မင်းအတွက် ကြက်ကြော် ချန်ထားတယ်"


"သူငယ်ချင်း၀ဏ္ဏရေ ငါ့ကိုခဏလေးစောင့်ဦး"


"သားရေ ဒါပြီးရင်နားတော့ နေ့လည်ထမင်းစားချိန်ရောက်နေပြီ ကြားလား"


"ဟုတ်မေမေ"


ထိုလူရွယ်က စျေးလမ်းတစ်လျှောက် သူ့ကိုခေါ်သည့်သူတိုင်းကိုပျော်ရွှင်စွာဖြင့်ပြန်ထူးသလို တစ်ချိန်လုံးတောက်ပစွာဖြင့်ပြုံးရယ်နေ၏။


လေးလံလှသောဆန်အိတ်ကိုထမ်းထားရသော်လည်း သူ့ပုံစံမှာမမောနိုင်မပန်းနိုင်သလို အတော်လေးကိုတောက်ပရွှင်လန်းနေသည်။


ထိုလူရွယ်က သူအလိုရှိသည့်ခရီးကိုရောက်သည်နှင့်ဆံအိတ်ကိုချလိုက်ပြီး ဆိုင်ပေါက်၀တွင်ထိုင်နေသည့် လူကြီးထံလက်၀ါးဖြန့်၍တောင်းလိုက်သည်။


"၇၅၀ပါ"


ဆိုင်ပိုင်ရှင်လူကြီးကမျက်မှောင်ကြုတ်၍ဆိုလာ၏။


"မင်းဟာက ကပ်သီးကပ်သပ်ကွာ ၈၀၀ဆို ၈၀၀ပေါ့ ဘာတုန်း ၇၅၀က အကြွေမရှိဘူးကွာ ရော့...၁၀၀၀ယူသွားလိုက်"


ထို ဇေယျာလို့ခေါ်သည့် လူရွယ်ကချက်ချင်းပင်ခေါင်းကိုသွပ်သွပ်ခါအောင်ယမ်း၍ငြင်းတော့သည်။


"ဟင့်အင်း ဟင့်အင်း ၇၅၀ပဲပေးပါ ဆိုင်ရှင်ဦးကြီး"


"ဟာ့ မင်းကလည်း ၇၅၀ထက် ၁၀၀၀ကပိုများတယ်လေကွာ ရော့ပါ ကြာတယ် ၁၀၀၀ပဲယူလိုက်တော့"


"ဟင့်အင်း ဟင့်အင်း ဆန်တစ်အိတ်၂၅၀ ၃အိတ်ထမ်းတော့ ၇၅၀ ကျွန်တော်ကို၇၅၀ပဲပေး ၇၅၀ပဲယူမယ်"


"ဟား...ဒီကောင်နဲ့တော့ တကယ်သောက်ဂွပဲ ဟေး...ဒေါ်အုန်းခင်ရေ ကျုပ်ကို ၁၀၀၀ဖိုးအကြွေလေးများရှိရင်လဲပေးပါဦးဗျာ ဒီမှာ မောင်ဇေယျာတို့မသောက်ဘဲလာရစ်နေတယ်"


ဆိုင်ရှင်လူကြီးမှာ သက်ပြင်းအသာချကာ သူ့ဆိုင်မျက်နှာစာအရှေ့တွင်ရောင်းနေသည့် ပဲပြုတ်သည်အန်တီကြီးကို လှမ်းမေးလိုက်ရ၏။


"အိုကွယ်...သူ့အကြောင်းလည်း ရှင်မသိတာမဟုတ် သူ့ဦးနှောက်က ကျုပ်တို့ရှင်တို့လိုပုံမှန်မှ မဟုတ်တာ ငွေများတာနည်းတာသူသိမလား သူရ ရမယ့်ဟာကိုပဲပုံသေမှတ်ထားတာနေမှာပေါ့"


"ဟောဗျာ...စကားကရှည်နေပြန်ပါပြီ ကျုပ်မေးတာ အကြွေရှိလားမရှိဘူးလားဆိုတဲ့ စကား တိုတိုလေးနော် ဒေါ်အုန်းခင်"


"အဟဲ ရှိတယ် ရှိတယ် ဦးသုတတို့ကတော့ စိတ်ကြီးပဲ ရော့ရော့ အကြွေ၁၀၀၀ဖိုး"


ဆိုင်ရှင်လူကြီးက အကြွေ၁၀၀၀ထဲမှ ၇၅၀ကိုယူ၍ သူ့အရှေ့မှလူရွယ်ထံသို့ကမ်းပေးလိုက်သည်။


"ရော့ ဒီမှာ မင်းပိုက်ဆံ၇၅၀"


"ကျေးဇူးတင်ပါတယ် ဆိုင်ရှင်ဦးကြီး"


လူရွယ်ကတောက်တောက်ပပလေးပြန်ပြုံးပြပြီးနောက် သူ့လာရာလမ်းအတိုင်းပြန်လှည့်သွားတော့၏။


မကြာမီ သူစောနလေးတင်မှဖြတ်သန်းလာခဲ့သည့်စျေးတန်းထဲသို့ပြန်ရောက်လာသည်။


သူက ဟင်းသီးဟင်းရွက်များရောင်းချနေသည့် အသက်၄၀ကျော်၀န်းကျင်အမျိုးသမီးကြီး၏အရှေ့တွင်ထိုင်ချလိုက်ပြီး "မေမေ ကျွန်တော်ဗိုက်ဆာနေပြီ"


အမျိုးသမီးက သူမလက်ကိုဆန့်ထုတ်၍ လူရွယ်လေး၏ပါးနှစ်ဖက်ကိုဆွဲဖျစ်လိုက်သည်။


"အမယ်လေး...မေ့သားလေးကဗိုက်ဆာနေပြီပေါ့ လာလာ ဒီနားကိုလာ မေ့သားလေးအတွက်အထူးထမင်းချိုင့်လေးထုတ်လာတယ်"


လူရွယ်ကပျော်ရွှင်မြူးထူးသွားဟန်ဖြင့် လက်သီးလက်မောင်းတန်းအော်ဟစ်လိုက်တော့၏။


"ယေး~မေမေကအကောင်းဆုံးပဲ"


"အိုက်ယား...ဟေ့ကောင်ဇေယျာ ငါ့ဆီကကြက်ကြော်ဘာလို့လာမယူတာလဲ"


လူရွယ်က သူ့ထံလျှောက်လာသည့် သူ့တို့ဆိုင်ဘေးမှကြက်ကြော်ဆိုင်က သူငယ်ချင်းဖြစ်သူ ၀ဏ္ဏကိုသွားဖြူဖြူလေးများပေါ်လာသည်အထိပြုံးရယ်၍ကြည့်လိုက်သည်။


"သူငယ်ချင်း ၀ဏ္ဏ ငါမင်းကြက်ကြော်ကိုစားချင်တယ်"


"စာချင်ရင်စားရမှာပေါ့ကွ ရော့ ဒီမှာမင်းအတွက် ကြက်ကြော်"


"ကျေးဇူးပါ သူငယ်ချင်း၀ဏ္ဏ"


သူပေးသောကြက်ကြော်နှင့်သူ့အမေ၏ထမင်းချိုင့်မှထမင်းဟင်းများကိုပျော်ရွှင်စွာစားသောက်နေသော သူငယ်ချင်းဖြစ်သူ ကျွန်းဇေယျာကို သူပြုံး၍သာကြည့်နေမိသည်။


သူတို့နှစ်ယောက်က ငယ်စဥ်တောင်ကျေးကလေးဘ၀ကတည်းက ခင်မင်ရင်းနှီးလာကြသူတွေပင်။ သူ့သူငယ်ချင်းဇေယျာကအခြားသူတွေနှင့်အနည်းငယ်ကွာခြားသည်။


သူ့ဉာဏ်ရည်က တချို့ဉာဏ်ရည်မမှီသူတွေလို ၁၀နှစ်သား၀န်းကျင်လောက်မှသာရပ်တန့်နေတာမျိုးမဟုတ်ဘဲ အခြားသူတွေထက် တုံ့ပြန်မှုနောက်ကျပြီး သင်ယူရတာအနည်းငယ်နှေးနေရုံတင်။ သူက ချစ်တတ်၊ မုန်းတတ်၏။ စိတ်လွတ်နေသည့် လူတစ်ယောက်လို ရူးရူးနှမ်းနှမ်းစကားများလည်းမပြောသလို အရပ်တကာလှည့်၍လည်း ပတ်ကမနေပေ။


ဒီအတိုင်း ပုံမှန်ထက်အနည်းငယ်ဉာဏ်ရည်နိမ့်၍ တုန့်ပြန်ှမှုနှေးကွေးနေရုံသာ။


ထို့ကြောင့်လည်း ယခုဆိုသူ့သူငယ်ချင်းမှာ ကလေးတစ်ယောက်ပင်ရှိနေချေပြီဖြစ်၏။


ဆိုရမည်ဆိုလျှင် သူဆယ်ကျော်သက်အရွယ်လောက်တုန်းက သူလည်းလက်ရှိဇာတိမြေလေးကိုစွန့်၍ မြို့ကြီးပြကြီးသို့တက်ပြီးအလုပ်သွားလုပ်ခဲ့သည်။ စုမိစောင်းမိသည့်အပြင် မိန်းမပါရသွားသည့်အခါ သူမြို့ကြီးပြကြီးတွင်နေထိုင်နေသည်မှာ ၇နှစ်ခန့်ရှိသွားပြီဖြစ်သည်။


ထို့ကြောင့် အတည်တကျအခြေချနေထိုင်လိုသည့်စိတ်ဖြင့် ဇနီးသည်နှင့် သားကိုခေါ်ကာ ဇာတိချက်ကြွေ ဤမွေးရက်မြေသို့ တဖန်ပြန်လာခဲ့လိုက်သည်။


ထိုအခါသူသိလိုက်ရသည်မှာ သူ့သူငယ်ချင်းလူရိုးလေးက အိမ်ထောင်ကျပြီး၍ ကလေးတစ်ယောက်ပင်ရနေပြီဖြစ်ကာ ထိုကလေးက သူ့သားထက်ပင်နှစ်အနည်းငယ်ကြီးနေသေး၏။


လုံး၀ကို အံ့ချီးဖွယ်ရာပင်။


သို့သော် သူ့သူငယ်ချင်း၏ ကြင်သူသက်လျာကိုတော့ သူ မမြင်တွေ့လိုက်ရပေ။ ဘာကြောင့်ဆို သူမက ထိုကလေးကိုမွေးပြီးနောက် ဆုံးပါးသွားသောကြောင့်ပင်။


ယခုဆို ထိုကလေးက အထက်တန်းပထမနှစ်ပင်ရောက်နေချေပြီ။


အချိန်တွေမှာကုန်တာမြန်လွန်းလှသည်။


၀ဏ္ဏတစ်ယောက်သူအတွေးနယ်ချဲ့မိနေသည်မှာ မည်မျှကြာသွားသည်မသိ ဇေယျာတစ်ယောက်သူ့ကိုအတင်းဆွဲခေါ်မှသာ အသိ၀င်လာတော့သည်။


သူလည်းယောင်တောင်ပေါင်တောင်ဖြင့် ဇေယျာဆွဲခေါ်ရာနောက်သို့လိုက်သွားလိုက်သည်။


ထို့နောက် ဇေယျာက နံရံထောင့်တစ်ခုတွင်စောင့်ကျောင့်ထိုင်လိုက်သဖြင့် သူပါ ဇေယျာနည်းတူလိုက်ထိုင်ချလိုက်၏။


"ဆိုစမ်းပါဦး ငါ့ကိုဒီခေါ်လာတဲ့အကြောင်း"


မေးလိုက်သည့်စကားက ဇေယျာနားထဲသို့မရောက်သွားသည့်နှယ်ဘာတုန့်ပြန်သံမှမ​ကြားရသဖြင့် တစ်ဖက်သို့လှည့်ကြည့်လိုက်သည့်အခါ မြင်လိုက်ရသည့်မြင်ကွင်းကြောင့်သူမှာတုန်လှုပ်သွားရသည်။


ထိုသကောင့်သားက နံရံအကွယ်ကိုအမှီပြု၍ တစ်ဖက်ရှိဆံပင်ညှပ်ဆိုင်မှ အမျိုးသမီးငယ်ကို အပြုံးလေးဖြင့်မေးထောက်ပြီးထိုင်ကြည့်နေခြင်းပင်။


အကြည့်တွေကဆိုရလျှင် ၀ဏ္ဏတစ်ယောက် သူ့မိန်းမကိုညားခါစတုန်းကကြည့်သည့်အတိုင်းပင်။ လုံး၀ကိုချစ်ရည်ရွှမ်းမှုအပြည့်ဖြင့် ကြည့်နေခြင်းပင်။


ထိုဆံပင်ညှပ်ဆိုင်မှ အမျိုးသမီးငယ်ကိုသူသိပေ၏။ သူမနာမည်က နှင်းပန်းချီဟုခေါ်ပြီး သူ့သားနှင့်ရွယ်တူ သားငယ်လေးတစ်ယောက်ရှိသည့် တစ်ခုလပ်မလေးပင်။


သို့သော် ထိုအမျိုးသမီးငယ်လေးမှာ သူ့သူငယ်ချင်းနည်းတူ ထူးခြားသည့်အခြေအနေတွင်ရှိပေ၏။


ဘာလဲဆို...သူမက ဆွံ့အ၊နားမကြားဖြစ်နေခြင်းပင်။


သူမက ငယ်ရွယ်သည့်အပြင် အတော်လေးကိုလှသည့် အမျိုးသမီးဆိုပေမယ့် သူအနည်းငယ်ဖြင့် ကို့ရို့ကားယားနိုင်သလိုခံစားလိုက်ရသည်။


ထိုထူးခြားသည့်အခြေအနေဖြင့်နှစ်ယောက်သားသာ အိမ်ထောင်ရပ်သားသာကျသွားပါလျှင် ဘယ်လိုသောက်ကျိုးနည်းတွေဖြစ်ကုန်မည်နည်း။


မွေးလာတဲ့ကလေးတွေကလည်း အတော်လေးထူးခြားသည့် မျိုးရိုးဗီဇကိုဆက်ခံလိုက်ရမည့်ပုံပင်။


"အဲ့ဒီတော့ မင်း...မပန်းချီကိုကြိုက်နေတာလား"


သူ့အမေးကို ဇေယျာကအမေးလေးဖြင့်ပြန်ဖြေလာ၏။


"သူမကအရမ်းမလှလွန်းဘူးလား နတ်သမီးလေးကျနေတာပဲ အထူးသဖြင့်အဲ့ဒီအဖြူရောင်အပေါ်ထပ်ကို၀တ်ထားတဲ့အချိန်ဆိုရင် ဟုတ်တယ်မလား"


၀ဏ္ဏတစ်ယောက်မျက်လုံးသာလှန်လိုက်မိတော့၏။


"အဲ့ဒါက ဒီအတိုင်း ဆံပင်ညှပ်ရင်ဆံပင်အတိုအစတွေပေမှာဆိုးလို့ကာတဲ့အနေနဲ့သုံးတဲ့အပေါ်အင်္ကျီရိုးရိုးပါကွ မင်းအရမ်းကဗျာဆန်လွန်းနေပြီ ငါ့ကောင်ကြီး"


ထို့နောက် မနေနိုင်မထိုင်နိုင်သူထပ်မေးမိပြန်သည်။


"အဲ့တော့ မင်းဘာဆက်လုပ်မှာလဲ"


"ငါ့မှာအခက်တွေ့နေတာတစ်ခုတော့ရှိတယ်"


ဇေယျာကသူ့ဘက်သို့လှည့်၍မှုန်တေတေအကြည့်ဖြင့်ဆိုလာ၏။


"ချီချီလေးကငါ့ကိုမေးခွန်းတစ်ခုထုတ်လိုက်တယ် သူငယ်ချင်း"


"ဆိုစမ်းပါဦး"


"သူနဲ့မေမေနဲ့ဘယ်သူ့ကိုပိုချစ်လဲတဲ့ ငါကချီချီလေးကိုလည်းချစ်တယ် နတ်သမီးလေးကိုလည်းချစ်တယ် ငါဘယ်လိုဖြေရတော့မလဲ ချီချီလေးကပြောတယ် အဖြေမှားရင်နောက်တစ်ခါဆိုင်ကိုလာစရာမလိုတော့ဘူးတဲ့"


ထိုကလေးဆန်ဆန်မေးခွန်းဖြင့်တိုင်ပတ်နေသော သူငယ်ချင်းဖြစ်သူအားကြည့်ပြီး ၀ဏ္ဏသက်ပြင်းအသာချလိုက်မိသည်။


ထို့နောက် သူ့လက်ကိုဆန့်ထုတ်၍ဇေယျာ၏ပုခုံးအားသိုင်းဖတ်လိုက်ပြီး နားနားသို့အသာကပ်ပြီးပြောလိုက်သည်။


"အဖြေကလွယ်လွယ်လေး ငါပြောမယ်သေချာမှတ်ထား***"


"အိုး...ဒီလိုလား သူငယ်ချင်း၀ဏ္ဏ မင်းကတော်လိုက်တာ"


ထို့နောက် ဇေယျာကို ပန်းချီထံသွားရန်တိုက်တွန်းလိုက်သည်။ ထိုအခါ ချစ်လှစွာသောသူငယ်ချင်းကြီးက တုံးတုံးအအ အပြုံးမျိုးနှင့် လည်ပြန်ကြည့်၍ သူ့ကို ခဏခဏပြုံးပြလာသဖြင့် ၀ဏ္ဏတစ်ယောက် ခေါင်းသာ အသာရမ်းလိုက်မိ၏။


'ဒီလိုလူမျိုးနဲ့သူငယ်ချင်းဖြစ်အောင် ဘယ်ကံကြမ္မာကများဖန်တီပေးခဲ့တာပါလိမ့်' 


သူ့မှာလက်ခံရုံကလွဲတပါးမရှိတော့ပေ။ ပြီးတော့ သူကိုယ်တိုင်ကလည်း ဇေယျာအပေါ်အတော်လေးခင်တွယ်မိနေသည်မဟုတ်ပါလား။


ငယ်ရွယ်စဥ် ကလေးဘ၀တုန်းက သူကအရမ်းသေးညှပ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ဇေယျာကသန်မာထွားကျိုင်းသည်။ သူ တခြားကလေးတွေဆီမှ အနိုင်ကျင့်ခံရသည့်အချိန်တိုင်း ဇေယျာက အပြေးရောက်လာပြီး သူ့အပေါ်မှအုပ်မိုး၍ ထုသမျှရိုက်သမျှကို ကိုယ်စားခံပေး၏။


သေချာပေါက်ကို သူကလူကောင်းထွားပေမယ့် လူအများနှင့်ဉာဏ်ရည်တန်းတူမရှိတာကြောင့် သူ့ကိုယ်ကာယဗလကိုအသုံးမချတတ်ပေ။


ထို့ကြောင့် အရိုးရှင်းဆုံးနည်းလမ်းဖြစ်သည့် သူ့ခန္တာကိုယ်ကြီးဖြင့် သူ့ကို ဖုံးအုပ်၍သာကာပေးရှာနိုင်သည်။


ထိုအချိန်မှစ၍ သူအရွယ်ရောက်လာသည့်အခါ သူကအကာကွယ်ပေးခံနေရာမှ တဖြည်းဖြည်း အကာအကွယ်ပေးသူနေရာသို့ရောက်မှန်းမသိရောက်သွားတော့သည်။


ဘ၀ကြီးကအင်မတန်မှကိုဆန်းကြယ်လွန်းလှ၏။


___________________________________________

 [ L-Zee.U ]

[ချစ်တို့ရေ ဒီ၀တ္ထုလေးကို ဟိုးငယ်ငယ်လေးတုန်းကကိုယ်ကြည့်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ကနေ တချို့တလေမှီငြမ်းပြီးရေးသားထားတာဖြစ်ကြောင်း ကြိုပြောထားချင်ပါတယ်နော်🥰 ]