အပိုင်း ၁
Viewers 5k

Chapter 1

------------


ရွှီလော့ယန်က သူ့အရှေ့တွင်ရှိနေသော ကော်ဖီစားပွဲပေါ်သို့ ဖုန်းအား စပီကာဖွင့်၍တင်လိုက်ကာ ကိုးရိုးကားယားဖြစ်နေသည့်အနေအထားဖြင့် ပန်းလိုးရှင်းအား သူ၏ဒူးခေါင်းများထံ ဖြန်းလိုက်သည်။ 


"ညစာစားပြီးသွားပြီလား"  


ညစာဟူသည့် စကားလုံးအားကြားလိုက်သည်နှင့် ရွှီလော့ယန်က လိုးရှင်းဖြန်းနေသည်အား ရပ်တန့်လိုက်ကာ ကော်ဖီစားပွဲဘေး၌ ဆောင့်ကြောင့်လေးထိုင်ချလိုက်၏။  


ဖုန်း၏မျက်နှာပြင်အားကြည့်ကာ သူ့သရုပ်ဆောင်နိုင်စွမ်းအား ရာနှုန်းပြည့် ထုတ်ဖော်လိုက်လေသည်။ 


"ကျွန်တော် စားပြီးပါပြီ အောက်ဆင်းပြီးတော့ အစားအသောက်တွေသွားဝယ်လာတယ်" 


"ဘာစားထားလဲ" 


စားပွဲပေါ်တွင် မလွှင့်ပစ်ရသေးသော ငရုတ်ဆီဖြင့်ရွှဲနေသောဝက်ခေါင်းနဲ့ ခပ်စပ်စပ်ဆော့စ်ဖြင့်ကြက်သားတောက်တောက်စင်း ဟင်းဘူးများရှိနေသည်။ ရွှီလော့ယန်က သူ့မန်နေဂျာဆီသို့ ချောမွေ့စွာဖြင့် ဟင်းပွဲများအား အစီရင်ခံလိုက်သည်။ 


“အရွက်နှပ် ပန်းဂေါ်ဖီပြုတ် သကြားနဲ့ခရမ်းချဉ်သီးရယ် ထမင်းဖြူခွက်တစ်ဝက်ရယ်" 


"မင်းအသိစိတ်လေးတော့ရှိသေးသားပဲ" 


ကျန်းသုန့်မှာ ကျေနပ်နေသည့် လေသံဖြင့်ပြောလာသော်လည်း စကားခေါင်းစဉ်ကပြောင်းလဲသွားသည်။


"ငါ့ဆီ ဓာတ်ပုံပို့ပေးလို့ရမလား" 


"..." 


ထိုမေးခွန်းမှာ ဆိုင်းမဆင့်ဘုံမဆင့်ထွက်လာသော်ငြား ရွှီလော့ယန် ခန့်မှန်းထားသည့်အခြေအနေထဲ၌သာဝင်နေသေးသည်။ လျှင်မြန်စွာဖြင့် ဓာတ်ပုံအယ်လ်ဘမ်ထဲမှ ပုံတစ်ချို့အားရွေးကာ သူ၏အေးဂျင့်ဆီသို့ ပို့ပေးလိုက်သည်။ 


ပြီးပြည့်စုံသည့် အောင်မြင်မှုပင်။ 


"ဂုဏ်ယူမနေနဲ့ဦး ရိုးရိုးသားသားနဲ့ ကြိုးစားချင်တဲ့ စိတ်ကို အမြဲမွေးထား" 


ကျန်းသုန့်က ရေရွတ်ကာ ခေါင်းစဉ်ထပ်လွှဲလိုက်ပြန်သည်။ 


“မင်း ဒီမှာနေသားကျသွားပြီလား" 


"ဟုတ်... အဖွဲ့က သန့်ရှင်းတဲ့နေရာရှာတွေ့ထားပြီး နံရံကပ် ကပ်ခွါတွေကလဲ အသစ်လဲထားတာမို့ ရောက်ရောက်ချင်းတုန်းက ပိုးသတ်ဆေးအနံ့ရသေးတယ် ဒီမှာ ခြင်တအားများတာလေးပဲ... ခြင်တွေက တော်တော်များတာ" 


သူကပြောရင်းဖြင့် သူ၏ ညှို့သကျည်းအား ပန်းလိုးရှင့်ဖြင့် နှစ်ကြိမ်မျှထပ်ဖြန်းလိုက်သည်။ ခြင်ကိုက်ဖုများက ယားယံနေရာမှ ချက်ချင်းသက်သာသွားသည်။ 


အံ့အားသင့်စရာပင်။ 


ရွှီလော့ယန်က ဘူးပေါ်ရှိတံဆိပ်အားကြည့်ကာ နောက်ထပ်ဘူးအနည်းငယ်မျှ ထပ်မံဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။ 


"ခြင်တွေကို သည်းခံလိုက်ပါ လိုနေတဲ့ပစ္စည်းတွေကို စာရင်းလုပ်ပြီး ငါ့ဆီပ်ို့ပေးလိုက် ငါ မင်းအတွက် စက်တင်ဘာနဲ့ အောက်တိုဘာ နှစ်လလုံး အချိန်ရှင်းထားပေးတယ် အဲ့ဒါကြောင့်မို့ ဒီမှာနေဖို့ စိုးရိမ်မနေဘဲ ဒါရိုက်တာကျန်း စီစဉ်တာသာ နားထောင်" 


"အကိုကျန်းက အံ့ဩစရာပဲ" 


ရွှီလော့ယန်က ရယ်မောလိုက်ပြီး ဆိုဖာနောက်ကျောသို့ သက်တောင့်သက်သာ မှီလိုက်သည်။ 


"ဒါပေမယ့် နှစ်လလောက် လုပ်စရာမရှိတာမို့ အကို့ကို ကုမ္ပဏီက သဘောမကျခံရတာမျိုးတော့ မဖြစ်လောက်ပါဘူးနော် စာချုပ်တွေလည်း ရွှေ့ထားသေးတယ်လေ “ 


“မင်းအပေါ် အစတည်းက အများကြီး မမျှော်မှန်းထားဘူး ရုပ်ရှင်ပြီးအောင်ရိုက်ဖို့ပဲ အာရုံစိုက်ထား တခြားကိစ္စတွေ လိုက်စိုးရိမ်မနေနဲ့ အဲ့ဒါက ပိုပြီးအခြေအနေပိုဆိုးအောင်လုပ်ရုံပဲ”  


"ဟုတ် ဟုတ် ဟုတ်" 


သူ့မျက်နှာပေါ်ရှိအပြုံးက တဖြည်းဖြည်း ကြီးမားလာကာ ရွှီလော့ယန်က သူ၏ ရှည်လျားသောခြေတံတို့ကို တင်ပ္ပလင်ခွေထိုင်လိုက်ကာ လက်ထဲရှိ ပန်းလိုးရှင်းဘူးအား ကစားနေလိုက်သည်။


"အဲ့ဒီတော့..." 


သူ့စကားသံထွက်သွားသော်လည်း မေးခွန်းအားမမေးလိုက်ပေ။ 


ကျန်းသုန့်က ထိုအရာအား သတိမထားမိလိုက်ပေ။ သူပြန်ဖြေတာကိုကြားသည်နှင့် သူက ဆက်ပြောလာသည်။ 


“ချီချန်အန်း ငါ့ကိုဆက်သွယ်လာတယ် သူ မနက်ဖြန်မနက်လောက် ရောက်မယ်တဲ့ မင်းတို့က နှစ်လလုံး ဘဝအတွေ့အကြုံယူဖို့ အတူတူနေရမှာ ရိုက်ကူးရေးစတဲ့အခါကျ မင်းတို့အတူတူရိုက်ရမယ့် အခန်းတွေကများတယ် သင့်သင့်မြတ်မြတ်နေကြပေါ့" 


သူ ပစ်မြှောက်လိုက်သည့် ပန်းလိုးရှင်းဘူးမှာ ဖမ်း၍မမီလိုက်ဘဲ ကြမ်းပေါ်သို့ ဖုတ်ခနဲကျသွားတော့သည်။ ကျန်းသုန့်ဆက်ပြောလာသည့် စကားများအား ရွှီလော့ယန် အာရုံစိုက်ထားမနိုင်တော့ပေ။ သူ၏အတွေးများထဲ ‘ချီချန်အန်း' ဟူသည့် စာလုံးများက စိတ်ပျက်စရာကောင်းလောက်အောင် ပြည့်နှက်နေတော့၏။ 


“…စပ်တဲ့အစာတွေနဲ့ အသားကို မစားနဲ့ မင်းဝိတ်တက်လာပြီး ဝက်ခြံတွေထွက်လာရင် မင်းပြန်လာတဲ့အချိန်ကျ မိတ်ကပ်ဆရာက မိနစ်ပိုင်းအတွင်း မင်းကို ခုတ်သတ်ပစ်လိုက်လိမ့်မယ် အဲံဒီအချိန်ကျမှ ငါမကူညီပေးဘူးလို့ အပြစ်လာမတင်နဲ့နော်” 


ဖုန်းချလိုက်ပြီးနောက် ကျန်းသုန့်၏စကားများကြောင့် ရွှီလော့ယန် သူ့ခန္ဓာကိုယ်အား သတိရတော့သည်။ သို့နှင့် ရေချိုးခန်းထဲသို့ သွား၍ မှန်ထဲရှိသူ့ကိုယ်သူ ကြည့်ရှုလိုက်သည်။ ထို့နောက်မှသာ ပြန်ထွက်လာပြီး ပန်းလိုးရှင်းအား ဆက်လက်ဖြန်းနေလေသည်။ဤအိမ်ရှိ ခြင်များက အချိန်အတော်ကြာကြာ စားစရာမရှိခဲ့သည့်အတွက်ကြောင့်ပင်ထင်ရသည်။ ထို့ကြောင့် သူတို့ကြား ရန်ငြိုးတစ်စုံတစ်ရာမရှိပါဘဲ၊ မနေ့ညက သူ့ခြေသလုံးများအား ခြင်တစ်အုပ်ကြီး ကိုက်လိုက်သည်မို့ သူလည်း ပြန်ကိုက်လိုက်ချင်စိတ်တို့ပင် ဖြစ်ပေါ်လာရသည်။ 


သူက စိတ်လွတ်စွာဖြင့် ပန်းလိုးရှင်းအား အများကြီးဖြန်းလိုက်မိသည့်အတွက် လိုးရှင်းရည်တစ်ချို့က ကြမ်းပြင်ပေါ်သို့ ကျဆင်းသွားသည်။


ချီချန်အန်းက မနက်ဖြန်မနက် ရောက်လာတော့မည်။ 


ရွှီလော့ယန်တစ်ယောက် အကျိုးသင့်အကြောင်းသင့် ရှင်းမပြနိုင်လောက်အောင် စိတ်လှုပ်ရှားနေရသည်။  


ညသန်းခေါင်ရောက်သည်အထိ စိတ်လှုပ်ရှားနေဆဲပင်။ ရွှီလော့ယန်က တစ်ယောက်အိပ်ကုတင်ပေါ်၌ လှဲလျောင်းရင်း ဟိုဘက်လှိမ့်၊ဒီဘက်လှိမ့်နှင့် အိပ်မပျော်နိုင်ပေ။ သိုးကောင်ရေ တစ်ထောင့်သုံးရာလောက်အထိ ရေတွက်ပြီး အိပ်ရာမှထကာ အကြောလျှော့နည်း အမျိုးနှစ်ဆယ်နှင့် အကြိမ်ရှစ်ဆယ်ခန့် ဒိုက်ထိုးလိုက်သေးသည်။ ချွေးများပို၍ထွက်လာလေလေ၊ ပို၍ တက်ကြွလာလေလေပင်။ 


အဆုံးတွင် သူသာ ခြေကုန်လက်ပန်းကျသွားခဲ့ရသည်။  


ရေချိုးပြီးသည့်နောက် သူက အဖြူရောင်တီရှပ်နဲ့ အမည်းရောင်ဘောင်းဘီတိုအား ပြောင်းလဲ၀တ်ဆင်ကာ အခန်းထဲမှ ထွက်လာလိုက်သည်။ ဆိုဖာပေါ်ထိုင်လျက် ခေါင်းသုတ်နေရင်း ရုပ်ရှင်ကားတစ်ကားအား ဖွင့်ကြည့်လိုက်သည်။  


ညတာရှည်လျားပေတော့မည်၊ သူ့အနေနှင့် တစ်ခုခုလုပ်၍အချိန်ဖြုန်းရန်ရှာသင့်ပေသည်။  


ရုပ်ရှင်အဖွင့်သီချင်းလာသည့်အခါမှ ချီချန်အန်း၏ ပွဲဦးထွက်ရုပ်ရှင် 'နှင်းမုန်တိုင်း'အား သူဖွင့်လိုက်မိကြောင်း သတိထားမိတော့သည်။ထိုရုပ်ရှင်အား အခေါက်ခေါက်အခါခါ သူကြည့်ရှုပြီးသားဖြစ်သော်ငြား ယခုသူဖွင့်လိုက်မိသည်မှာ ရေစက်ကြောင့်ပင်ဟု။ ထို့ကြောင့် ထိုရုပ်ရှင်အား ဆက်ကြည့်ဖို့ သူဆုံးဖြတ်လိုက်၏။ 


ရုပ်ရှင်မှာအမှန်တကယ်ပင် ကောင်းမွန်လှသည်။ ရွှီလော့ယန်မှာ ကြည့်လေကြည့်လေ ပို၍စိတ်ဝင်စားလာရလေလေ ဖြစ်နေရသည်။ ထို့အတွက် တံခါးဖွင့်လိုက်သည့်အသံအား မကြားမိလိုက်ပေ။ ရင်ခုန်စရာအကောင်းဆုံးအခန်းသို့ ရောက်လာသည့်အခါ၊ ချီချန်အန်း သရုပ်ဆောင်ထားသည့် လူရမ်းကားအားဟွေက အလင်းအား နောက်ကျောပေးရပ်၍ သူ့ခေါင်းကို လှည့်လာကာ မရိုးနိုင်သည့်စာသားအား ပြောလာလေသည်။ 


"လမ်းက မှောင်လွန်းတယ် ငါနဲ့အတူလျှောက်ဖို့ဆန္ဒရှိလား ငါက အလင်းဖြစ်ပေးမယ်" 


'အားဟွေ'ရဲ့ မျက်လုံးထဲမှအကြည့်များကြောင့် သူသေဆုံးသွားရသည်။ မည်သူမျှရှိမနေသည့်အတွက် ရွှီလော့ယန်ဆိုဖာပေါ်ထခုန်လိုက်ပြီး လက်ထဲမှခေါင်းသုတ်ပု၀ါအား ပစ်ပေါက်လိုက်ကာ ခံစားချက်အပြည့်ဖြင့် သူက အော်ဟစ်လိုက်တော့သည်။ 


"သွားကြမယ် ငါမင်းနဲ့အတူလိုက်ခဲ့မယ် လမ်းကမှောင်နေရင်လည်း ငါဓာတ်မီးထွန်းလို့ရတာပဲ" 


ထူးဆန်းစွာပင် သူက လေစိမ်းများတိုက်နေသကဲ့သို့ ခံစားလိုက်ရသည်။ 


မျက်လုံးကို ကွန်ပျူတာမှမခွါဘဲ ရွှီလော့ယန်သူ့လက်မောင်းများကို ပွတ်သပ်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။


“နွေရာသီတောင်မကုန်သေးဘူး ဘာလို့ လေစိမ်းတွေတိုက်နေရတာလဲ”


နောက်စက္ကန့်အနည်းငယ်ကြာသည့်အခါ မသိစိတ်မှနေ၍ တံခါးဆီသို့ လှမ်းကြည့်မိလိုက်သည်။ 


တံခါးက ပွင့်နေပြီး တံခါးဝ၌ လူတစ်ယောက်ရပ်နေလေ၏။  


ရွှီလော့ယန် အရင်ဆုံးစဉ်းစားမိသည်မှာ


“ဘယ်သူခိုးက ဒီလောက်အစောကြီးထပြီး အလုပ်လုပ်လို့လဲ။” ဟူ၍ပင်။ 


သို့သော် အမှောင်ထဲကျင့်သားရပြီးနောက် တံခါးဝမှာရပ်နေတဲ့လူအား သေချာမြင်လိုက်ရသည့်အချိန် သူ့မျက်လုံးများ ပြူးကျယ်သွားရသည်။ ချက်ချင်းပင် ကွန်ပျူတာကို လှည့်ကြည့်လိုက်ပြီး တစ်ဖန် တံခါးဝကလူကို ပြန်ကြည့်လိုက်သည့်အခါ …


ချီး… သူတို့က တစ်ကယ်ကြီး ရုပ်တူနေတယ်…၊၊


စင်္ကြံမှလေများက အိမ်ထဲထိတိုင် ဝင်ရောက်လာသည်။ သို့သော် ယင်းကို ရွှီလော့ယန် အာရုံမစိုက်နိုင်သေးပေ။ သူခေါင်းသုတ်သည့်ပုဝါအား သူ့အနောက်သို့ အလျင်စလိုဖွက်ကာ၊ ဆိုဖာပေါ်မှ ထရပ်လိုက်ပြီး သူ့အနေနှင့် ပုံမှန်ဖြစ်သည်ဟုထင်သည့်အပြုံးမျိုးဖြင့် ပြုံးပြလိုက်၏။ 


သေချာပေါက် အလှလေးတစ်ယောက်ရဲ့မျက်နှာမျိုးဖြင့်။ 


ဆယ်စက္ကန့်ခန့်အကြာ၊ ချီချန်အန်းက စကားစပြောလာသည်။ သူ့အသံမှာ အနည်းငယ် အက်ကွဲနေသည်။ 


“ဟယ်လို..." 


တံခါးဝ၌ရပ်နေတာမို့ သူ့အသံမှာ ပဲ့တင်ထပ်နေပြီး နားထောင်၍အတော်လေးကောင်းနေသည်။ သို့သော် စင်္ကြံမှ ခပ်မှိန်မှိန်မီးရောင်မှာ သူ့တစ်ကိုယ်လုံးအား ခြိမ်းခြောက်လွှမ်းမိုးနိုင်သည့် အရှိန်အဝါများ ပေးစွမ်းနေလေသည်။ 


"ကောင်းမွန်တဲ့ ညနေခင်းပါ ဟားဟား..." 


ရွှီလော့ယန်တစ်ယောက် စိတ်ပူရလွန်းလို့ သေတော့မတတ်ပင်။ 


ချီး... ချီးပဲ! 


လုံးဝကို အဆင်ပြေမနေဘူး... သူက ငါ့ကို catatonic (တက်တတ်တဲ့ရောဂါ စိတ်ဝဒေနာသည်) လို့များ ထင်သွားမလား... သေချာပေါက် ထင်သွားမှာပဲ...


ငါ မင်းကို ဘယ်လိုများ ကယ်တင်နိုင်ဦးမလဲ...ငါရဲ့ ပုံရိပ်လေး...အား...။ 


"ကောင်းသောညနေခင်းပါ" 


ချီချန်အန်းက ပြုံးစစဖြင့် မေးလာသည်။ 


"ကိုယ် မီးဖွင့်လို့ ရမလား" 


ထိုအခါမှသာ ရွှီလော့ယန်က သူရုပ်ရှင်ရုံထဲ ရုပ်ရှင်ကြည့်နေတဲ့ ခံစားမှုမျိုးရရန်အတွက် မီးအကုန် အမှောင်ချပြီး နံရံပေါ်က မီးအိမ်သေးသေးလေးတစ်ခုပဲ ဖွင့်ထားမိသည်အား သတိရသွားသည်။ ကောင်းကင်က သူ့အား ကူညီပေးလိုက်သည်ပင်။ ဆိုဖာပေါ်မှ ဆင်းရန််အကြောင်းပြချက်တစ်ခုရှာလို့ရခဲ့ပြီလေ။


 "နေဦး ကျွန်တော်ဖွင့်ပေးမယ် ခလုတ်က နည်းနည်းရှာဖို့ ခက်တယ်" 


ပြောပြောဆိုဆိုနှင့်ပင် သူ ဆိုဖာပေါ်က ဆင်းလာပြီး ခြေညှပ်ဖိနပ်ကို စီးလိုက်သည်။ မီးခလုတ်ဖွင့်ဖို့ သွားနေစဉ် ခြေနှစ်လှမ်း၊သုံးလှမ်းခန့်သာ လှမ်းရသေးသည်၊ သူ အားအရမ်းသုံးမိသွားလားတော့မသိ။ 


သူ့ဖိနပ်ကြိုးက ရုတ်ချည်းဆိုသလို ပြတ်သွားလေ၏။ 


ဖိနပ်သိုင်းကြိုးနှစ်ခုလုံး ပြုတ်ထွက်သွားခြင်းပင်။


ရွှီလော့ယန် သူ့ကိုယ်ကို ထိန်းကာ မြဲမြဲရပ်လိုက်ပြီး မျက်နှာတည့်တည့်နှင့် ပြုတ်ကျမည့် အဖြစ်မှ ရှောင်ထွက်နိုင်သွားသည်။ 


စိတ်ရှုပ်ထွေးစွာဖြင့် နေရာမှာရပ်နေမြဲဖြစ်နေသည့် ရွှီလော့ယန်က 'အောက်ထပ်ရှိ စူပါမားကတ်ပိုင်ရှင်ထံ၌ လျော်ကြေးသွားတောင်းသင့်သလား' ဟု တွေးလိုက်မိသည်။ ဖိနပ်တစ်ရံမှာ နှစ်ဆယ့်ငါးယွမ်ကျသင့်ပြီး နှစ်ရက်သာစီးရသေးသော်ငြား ပြတ်သွားခဲ့ချေပြီ။ ပြတ်တာတောင် တိတိကျကျ၊သပ်သပ်ရပ်ရပ်ပုံစံဖြင့် ပြတ်သွားခြင်းပင်။ 


သူ ဘာဆက်လုပ်ရမလဲတွေးနေစဉ် မျက်နှာကျက်ပေါ်မှ မီးဆိုင်းက လင်းလာသည်။ ချီချန်အန်းက တံခါးဘေး၊ မီးခလုတ်ပေါ်မှ သူ့လက်ကို ဖယ်လိုက်ပြီး ပြုံးတုံ့တုံ့မျက်လုံးတွေဖြင့် သူ့ခြေထောက်များကို စိုက်ကြည့်လာကာ "ကိုယ့်အကူအညီလိုသေးလား” ဟု မေးလာလေသည်။


ရွှီလော့ယန်က လေးလေးနက်နက် မျက်နှာထားနှင့် ခေါင်းညိတ်ပြလိုက်သည်။


"လိုတယ်" 


သူက တစ်ဖက်လူ၏ ကြိတ်ရယ်နေသည့်မျက်နှာကြီးအား လျစ်လျူရှုရန် အစွန်းကုန်ကြိုးစားနေသော်လည်း ရှက်စိတ်ဖြင့်မွှန်ထူနေပြီဖြစ်သည်။ 


“ကျေးဇူးပြု၍…. ဖိနပ်စင်ကို သွားပြီး ကျွန်တော်အတွက် ဖိနပ်အသစ်တစ်ရံယူလာပေးပါလား ကျေးဇူးပါ" 


ချီချန်အန်းလည်း ခါးကိုင်း၍ ဖိနပ်စင်ကို ဖွင့်လိုက်သည့်အခါ ဘေးချင်းကပ်ထားထားသည့် ဖိနပ်နှစ်ရံကို တွေ့လိုက်ရသည်။ တစ်ရံက မီးခိုးရောင်ကိုမှ ပိတ်ချောဖြင့် လုပ်ထားပြီး နောက်တစ်ရံက မိုးပြာရောင်ကိုမှ ပလပ်စတစ်နှင့်လုပ်ထားလေသည်။ မိုးပြာရောင်ဖိနပ်တစ်ရံက အသဲပုံပန်းရောင်နှစ်ခုပါပြီး ဖိနပ်မှာ "ချစ်စံအိမ် စူပါမားကတ်"ဟူသည့် စာလုံများပင် ပါရှိနေသေးသည်။ 


ရွှီလော့ယန်က အသံပျော့ပျော့လေးဖြင့် "အပြာရောင်က ကျွန်တော်ဖိနပ် မီးခိုးရောင်က ခင်ဗျားဟာ ခင်ဗျား စီးလို့ရလောက်လား”


"အင်း တော်လောက်ပါတယ်" 


ချီချန်အန်းက ဖိနပ်နှစ်ရံစလုံးကို ထုတ်လိုက်ပြီး ရွှီလော့ယန်ကို တစ်ရံလှမ်းပေးကာ သူကိုယ်တိုင်လည်း မီးခိုးရောင်ဖိနပ်အား စီးလိုက်သည်။ ဖိနပ်ဆိုဒ်က သူ့ဆိုဒ်ဖြင့်ကွပ်တိပင်။


ဖိနပ်လဲစီးပြီးနောက်ကိုယ့်ကိုယ်ကိုလက်နက်အပြည့်အစုံပြန်လည်ပြင်ဆင်ပြီးသွားသည့် ရွှီလော့ယန်မှာ ရှက်ကြောက်နေတာမျိုး မခံစားရတော့ပေ။သူက ရုပ်ရှင်ကိုခဏရပ်ထားလိုက်ပြီး ရောက်ရှိလာသည့် ချီချန်အန်းအားလှည့်ကြည့်လိုက်သည်။


သူ့လက်အားဆန့်ကာ လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး "တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော်နာမည်က ရွှီလော့ယန်ပါ ~အေးမြတဲ့ လေပြည်လေညင်း~ဆိုတဲ့ ရွှီ ~ချန်အန်းလော့ယန်~ဆိုတဲ့ စာလုံးက လော့ယန်"


သူပြောပြီးပြီးချင်းပင် သူအသုံးပြုလိုက်မိသည့်စကားလုံးအား သတိထားမိသွားကာ အဆင်မပြေသလိုခံစားလိုက်ရသည်။ ထိုအချိန်မှာပဲ ချီချန်အန်းက သူ့စကားများကို ပြန်ယူသုံးကာပြောလာလေသည်။ သူ့နှုတ်ခမ်းထောင့်နားရှိ အပြုံးက သိသာလွန်းလှသည်။ 


"တွေ့ရတာ ဝမ်းသာပါတယ် ကိုယ့်နာမည်က ချီချန်အန်း ဝမ်းနည်းခြင်းဆိုတဲ့ ချီ ချန်အန်းလော့ယန်က ချန်အန်း" 


သူ့အသံကအက်ကွဲနေဆဲပင်။ သူကိုယ်တိုင်လည်း နာရီပေါင်း၂၀ကျော်အလုပ်လုပ်ကာ တူညီသည့်အခြေအနေမျိုးဖြစ်ခဲ့ဖူးသည့်အတွက်၊သူစကားသိပ်မပြောနိုင်သည်ကို ရွှီလော့ယန် နားလည်လေသည်။ သူကပင်ပန်းလွန်း၍ မျက်လုံးတောင်မဖွင့်နိုင်တော့တဲ့ပုံပေါ်နေသည်။ 


ခဏလောက် လက်ဆွဲနှုတ်ဆက်ပြီးသည့်အခါ ရွှီလော့ယန် အားတင်း၍သတ္တိမွေးကာ ချီချန်အန်းအား သူကိုယ်တိုင်ပင်သတိမထားမိဘဲကြည့်နေမိသည်။ သူ့မျက်လုံးအောက်ရှိ အမဲကွင်းများမှာ အင်မတန်ပင် သိသာလွန်းလှသည်။  


ရွှီလော့ယန်က စဥ်းစဥ်းစားစားဖြင့် " ညကလည်း နက်နေပြီဆိုတော့ အရင်သွားပြီး အနားယူချင်လား အိပ်ခန်းကတော့ အဖွဲ့သားတွေ တစ်ခါတည်းပြင်ထားပေးပြီးသား ကျွန်တော်က ဘယ်ဘက်ကအခန်း ခင်ဗျားအတွက်က ညာဘက်က အခန်း အခန်းတွေက အကုန်သန့်ပါတယ်" 


ချီချန်အန်းက သူ့ရဲ့ လက်ဆွဲသေတ္တာအသေးလေးကို ဆိုဖာမှာ မှီထားလိုက်ပြီး " အင်း ဒါပေမယ့် ကိုယ်တအားပင်ပန်းနေလို့ အိပ်မပျော်လောက်ဘူး"


"အမ်း... ကျွန်တော်လည်း အိပ်လို့မရလို့လေ ဒါနဲ့ အိပ်ချင်လာအောင် ရုပ်ရှင်ထကြည့်နေတာ" 


ရွှီလော့ယန်က သူ့အသံနှင့်အမူအယာကို ပုံမှန်ဖြစ်အောင် ထိန်းရင်း စိတ်ထဲမှလည်း အထပ်ထပ် သူ့ကိုယ်သူသတိပေးနေရ၏။


ငါ့ရဲ့ အခန်းဖော်ဖြစ်လာမယ့်သူက ငါမဟုတ်မဟတ်ရုပ်ရှင်တွေ ကြည့်နေတာကို မိသွားတာလည်းမဟုတ်ဘူး... ငါ ရှက်နေစရာဘာအကြောင်းမှ ရှိမနေဘူး... 


စက္ကန့်ပိုင်းမျှတိတ်ဆိတ်သွားပြီးနောက်၊ သူကသက်ပြင်းချကာ နေရခက်နေသည့်အခြေအနေကြီးမှလွတ်မြောက်ရန် ကြိုးစားလိုက်သည်။ 


"တကယ်တော့.....ကျွန်တော်ဒီလို လုပ်လေ့လုပ်ထမရှိပါဘူး" 


ပြောပြောပြီးချင်းပဲ ရွှီလော့ယန်က ချီချန်အန်းကို မျက်နှာတည်တည်ဖြင့် မော့ကြည့်လိုက်သည်။မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတဲ့ မျက်နှာတည်တည်လေးက 'ခင်ဗျား ကျွန်တော်ကို ယုံကိုယုံရမယ်' လို့ အော်ပြောတော့မတတ်ပင်။ 


"အင်း" 


ချီချန်အန်းက ခပ်ဖွဖွလက်သီးဆုပ်ကာ ထိန်းချုပ်မရစွာကော့တက်သွားတဲ့ သူ့နှုတ်ခမ်းထောင့်များကို ဖုံးကွယ်လိုက်ရသည်။


ချီချန်အန်းကိုသေချာကြည့်မိသည့်အခါ ရွှီလော့ယန် တစ်

ဖက်လူက တိတ်တိတ်လေးခိုးရယ်နေတာလားဟု မပြောနိုင်ပေ။


သို့သော် "မင်းငါ့ကို ရယ်နေတာလား ဟုတ်တယ်မလား"ဟုပေါ်တင်လည်း မမေးနိုင်ပေ။ သို့သော်စက္ကန့်အနည်းငယ်အကြာတွင် ချီးချန်အန်းရဲ့လက်က သူ့အာရုံကို ဖမ်းစားသွားလေသည်။