အပိုင်း ၄
Viewers 6k

Chapter 4



------------


ခုနစ်နာရီခွဲ၊ ပန်းခြံတွင်။


အဖြူရောင်လျှာထိုးဦးထုပ်နှင့် ဂျင်ဘောင်းဘီပွပွကိုဝတ်ဆင်ထားသော ရွှီလော့ယန်မှာ ရေကန်နံဘေး၌ သွေးပူလေ့ကျင့်ခန်းလုပ်နေလေသည်။ စင်ဂယ်ခွေးတစ်ကောင်ဖြစ်သည့်အတွက် သူ့ကိုယ်သူတင်းတင်းကြပ်ကြပ်ဖြင့် မနက်တိုင်း လမ်းလျှောက်ထွက်လေ့ရှိသည်။ ထို့ကြောင့် သူက ကြက်ဥပြုတ်နှစ်လုံးစားကာ စိတ်အားထက်သန်မှုအပြည့်ဖြင့် သူ့ရဲ့မနက်ခင်းအပြေးလေ့ကျင့်ခန်းအား လုပ်ဆောင်ရန်ထွက်လာခဲ့လိုက်သည်။ 


သို့သော် မစီစဉ်ထားပါဘဲနှင့် ချီချန်အန်းကလည်း တက်တက်ကြွကြွဖြင့် သူ့အနောက်မှလိုက်လာခဲ့သည်။ 


လွန်ခဲ့သည့် သုံးရက်ခန့်က၊ ရုတ်တရက် ထိုသူ၏ Weiboအကောင့်မှ follow လုပ်ခံထားရသည့် တစ်ဦးတည်းသောသူ ဖြစ်သွားခဲ့သဖြင့် သူ့မှာထိတ်လန့်ခဲ့ရသေးသည်။ ထို့ကြောင့် ယခုတစ်ခေါက်တွင် ရွှီလော့ယန်မှာ သူ့ရဲ့ တည်ငြိမ်အေးဆေးမှုအား အတတ်နိုင်ဆုံးထိန်းသိမ်းထားလိုက်သည်။ 


သူက ချီချန်အန်းအား ဂရုတစိုက်နှင့် ခိုးကြည့်လိုက်မိသည်။ 


ကောင်းရော...၊ 


ခိုးကြည့်ရန်ကြိုးစားစဉ် သူအဖမ်းခံလိုက်ရလေ၏။ 


"ဘာဖြစ်လို့လဲ" 


ချီချန်အန်းမှာ ရက်အနည်းငယ်လောက်အနားယူခဲ့သည့်အတွက် သူ့အသံအခြေအနေမှာ အတော်လေးတိုးတက်လာပေသည်။ 


"မဟုတ်ပါဘူး ဒီအတိုင်း ကြည့်လိုက်တာပါ" 


ရွှီလော့ယန်က ချီချန်အန်းအား ပွင့်လင်းစွာပြုံးပြလိုက်ပြီးနောက် ချက်ချင်းပင် ရင်းနှီးသည့်တုံ့ပြန်အပြုံးတစ်ခုအား မြင်လိုက်ရသည်။ 


ချီးပဲ...အဲ့ဒီအပြုံးက ...၊ 


'မဟုတ်သေးဘူး ဒီလောကမှာ အလှလေးတွေ ဘယ်လောက်ပဲများနေပါစေ နောက်ဆုံး သူတို့က အရိုးတွေခမ်းခြောက်သွားရမှာပဲ' 


ထိုစာကြောင်းအား ဆယ့်နှစ်ကြိမ်၊အကြိမ်နှစ်ဆယ်မျှ စိတ်ထဲတွင် ရွတ်ဆိုပြီးသည့်နောက် တဒိတ်ဒိတ်ခုန်နေသည့်သူ့နှလုံးသားအား ရွှီလော့ယန်ငြိမ်သက်‌စေနိုင်ခဲ့သည်။ သို့သော် ကျန်သည့်အပြေးကျင့်နေစဥ်တစ်လျောက်လုံး သူ့မှာ အာရုံစိုက်၍မရနိုင်ပေ။ 


သူက အစကတည်းက 'မင်းလည်းအဆင်ပြေ ငါလည်းအဆင်ပြေ အားလုံးလည်း အဆင်ပြေ' ဟူ၍ လိုက်လျောညီထွေဖြစ်မှုကို လအနည်းငယ်ကြာအောင် ထိန်းသိမ်းထားရန် စိတ်ထဲတွင် ပြင်ဆင်ထားခဲ့သည်။ သို့မှသာ အလုပ်ပြီးသည်နှင့် ထွက်ခွာသွားနိုင်ပေမည်။ သို့သော်လည်း သူနှင့်ခြေလှမ်းအနည်းငယ်အကွာရှိ ချီချန်အန်း၏လေးလေးနက်နက် အပြေးကျင့်နေပုံအား မြင်လိုက်ရချိန်တွင် သူ့ဆုံးဖြတ်ချက်အား သံသယဝင်လာမိသည်။


ချီချန်အန်းက တစ်ကယ်ကြီး သူနဲ့ ခိုင်မာတဲ့သူငယ်ချင်းသံယောဇဉ်တည်ဆောက်ချင်နေတာများ ဖြစ်နိုင်မလား...။ 


ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးပေါ့... 


သူက ...သူက နည်းနည်းတော့ သရဲဘောကြောင်မိသည်။ မဟုတ်သေးဘူး၊ တအားကိုပဲ စိုးရွံ့မိသည်။


အထူးသဖြင့် ယနေ့ ချီချန်အန်းဝတ်ဆင်ထားသည့် ဂျက်ကတ်အပါးလေးမှာ ခြေတစ်ချောင်းမိစ္ဆာငှက်သဏ္ဍာန် ပန်းထိုးထားသည်။ ထိုငှက်ရဲ့ကြီးမားပြီး ရက်စက်သည့်မျက်လုံးများက သူနှင့် မျက်နှာချင်းဆိုင်ဖြစ်နေသည့်အတွက် ရွှီလော့ယန်မှာ ပိုလို့ပင် ကြောက်စိတ်ဝင်သွားရသည်။


မိစ္ဆာ streamer ဟုခေါ်သည့် ဒဏ္ဌာရီတစ်ခုရှိတာ သူကြားဖူးသည်။ ထို့ မိစ္ဆာမှာ streamer ပေါ်၌ ပန်းထိုးထည်ဖြစ်လာရန် ‌ယူဆောင်ခံခဲ့ရသည်။ ထို့ကြောင့် ခြေတစ်ချောင်းငှက်မိစ္ဆာမှာ မိစ္ဆာ streamer သို့ခေါ်ဆောင်ခံခဲ့ရပြီး ထို streamer မှာ အင်္ကျီများပြုလုပ်ရန် ချီချန်အန်း၏အသုံးချခံလိုက်ရခြင်း ဖြစ်နိုင်လေသည်။


ဘယ်လိုတောင် ကြမ်းကြုတ်လွှမ်းမိုးနိုင်တဲ့ အရှိန်အဝါမျိုးလဲ။


သူတို့နှစ်ဦးမှာ ထိုက်ကျိကစားနေကျသည့် အဘိုး၊အဘွားများ၏ အာရုံသိပ်စိုက်မခံရဘဲ နာရီဝက်ခန့် စည်းချက်ညီညီပြေးခဲ့ကြသည်။ နေပင်ထွက်လာပြီဖြစ်ကာ နေရောင်မှာ စူးရှတောက်ပနေလေသည်။


သူဝတ်ထားသည့် ဦးထုပ်အားချွတ်ကာ ရေကန်နံဘေးတွင် ရပ်လိုက်သည်။ သူ့ခေါင်းကိုစောင်းလိုက်ကာ အင်မတန်မှစတိုင်ကျသည်ဟု သူထင်သည့်အမူအရာဖြင့် ချွေးများရွဲနေတဲ့ ‌သူ့ဆံပင်များအား ခါယမ်းလိုက်သည်။ 


သူ့ကိုယ်သူ အင်မတန်ပင် ဂုဏ်ယူနေမိသဖြင့် မ‌နေနိုင်ဘဲ 'အာ ဟား' ဟုပင် ရေကန်နံဘေးမှ အော်ဟစ်လိုက်မိသည်။


အော်ဟစ်ပြီးသွားသည့်အခါ၊ သူ့ရှေ့ဆံမြိတ်အား လက်ဖြင့်သပ်၍ သူ့ရဲ့ပြစ်ချက်ကင်းသည့်နဖူးအား ထုတ်ဖော်လိုက်၏။ ထို့နောက် သူ့မူပိုင်အပြုံးဖြစ်သည့် သွားရှစ်ချောင်းအပြုံးဖြင့် သူ့အားငေးကြည့်နေသည့် ချီချန်အန်းအား ပြုံးပြလိုက်တော့သည်။ 


*သွားရှစ်ချောင်းအပြုံးမှာ တရုတ်နှင့်ထိုင်ဝမ်တွင် ပြီးပြည့်စုံသည့်အပြုံးဟု သတ်မှတ်ထား၏။*


ချီချန်အန်းမှာ ပုဝါတစ်ထည်ဖြင့် သူ့ချွေးများကိုသုတ်နေလေသည်။ နာရီဝက်မျှပြေးပြီးသည့်အခါ၊ သူမျက်နှာက ဖြူလျော်နေဆဲဖြစ်ပြီး ရွှီလော့ယန်သူ့အားပြုံးပြနေတာကို မြင်လိုက်ရသည့်အခါ သူလည်း မသိလိုက်ပါဘဲ ပြန်လည်ပြုံးပြချင်မိသွားသည်။ သို့သော် တစ်ဖက်လူရဲ့မျက်မှာအမူအရာမှာ ရုတ်တရက်ပင် သိသိသာသာပြောင်းလဲသွားတာကို တွေ့လိုက်ရသည်။


"ငါ-ိုး... ဒီကိုမလာနဲ့" 


ချီချန်အန်းမှာ လက်ထဲမှပုဝါအား တင်းကြပ်စွာဆုပ်ကိုင်လိုက်မိသည်။


ငါးစက္ကန့်မျှအကြာတွင်၊ ဟက်စကီးတစ်ကောင်မှာ ချီချန်အန်း၏ခြေထောက်များဘေးမှ မြားတစ်စင်းကဲ့သို့ ပွတ်တိုက်ပြေးသွားပြီး ရွှီလော့ယန်ထံတန်း၍ ခုန်ဝင်သွားလေသည်။ ရွှီလော့ယန်မှာ ကြောက်လန့်မှုကြောင့် မျက်လုံးများပင် ပြူးကျယ်သွားရကာ မျက်နှာမှာလည်း ချက်ချင်းပင်သွေးဆုပ်ဖြူလျော်သွားသည်။ သိသိသာသာကို ထိတ်လန့်ကြောက်ရွံ့သွားသည့်သူက လှည့်၍ထွက်ပြေးတော့သည်။ ဟက်စကီးမှာ ပို၍ပင်တက်ကြွသွားပြီး အင်အားအပြည့်နှင့် သူ့နောက်မှ ပြေးလိုက်သွားလေ၏။ ပန်းနုဝါရောင် အားကစားကုတ်အားဝတ်ဆင်ထားသည့် အမျိုးသမီးကြီးတစ်ယောက်မှာ ခွေးနောက်မှလိုက်၍ အော်ဟစ်နေလေသည်။


"အားဟာ... အားဟာ...မပြေးနဲ့တော့ ဒီကိုပြန်လာခဲ့" 


အချိန်အနည်းငယ်ကြာသည့်အထိ မတ်တပ်ရပ်လျက်ရှိနေဆဲဖြစ်သော ချီချန်အန်းမှာ ရွှီလော့ယန်၏အော်ဟစ်သံကိုကြားသည့်အခါ သက်ပြင်းချ၍ ပုဝါအား သူ့လည်ပင်းတစ်ဝိုက် ပစ်တင်လိုက်ပြီး အနောက်မှ လိုက်သွားလိုက်သည်။ 


ပန်းခြံထဲရှိ ရေကန်တစ်လျှောက် ခင်းထားသည့် လမ်းပေါ်တွင်၊ နေရောင်အား ကျောပေး၍ မနက်ခင်းလေပြည်ညှင်းထဲ ရွှီလော့ယန်တစ်ယောက် ပြေးနေရသည်။ စိုးရိမ်တကြီးနှင့် အနောက်သို့လှည့်ကြည့်လိုက်ရာ၊ ရက်စက်ကြမ်းကြုတ်မှုများ တလက်လက်တောက်ပနေသည့် ဟက်စကီး၏အပြာရောင်မျက်လုံးများကို တွေ့လိုက်ရသည်။ ကျောပြင်တစ်လျှောက် ကြက်သီးမွှေးညှင်းများထလာကာ မှတ်ဉာဏ်ဆိုးတို့မှာလည်း သူ့ခေါင်းထဲပေါ်ထွက်လာတော့သည်။ အရှိန်ကိုမြှင့်ကာ ပို၍မြန်မြန်ပြေးလိုက်ပြီးနောက် ဟောဟဲလိုက်ကာ သူ့အနောက်မှ အသဲအသန်လိုက်လာသည့် ခွေးပိုင်ရှင်ဖြစ်သူအား စကားလှမ်းပြောရန်လည်း မမေ့ပေ။


"အား.... ဘာလို့ အခုထိငါ့နောက်က လိုက်နေသေးတာလဲ ငါက ရယ်လည်းမရယ်ရသလို ချစ်စရာလည်း မကောင်းပါဘူးဆို...တကယ်ပါ..."


ဟက်စကီးမှာ 'ဝု' ဟု တစ်ချက်သာဟောင်လိုက်ကာ နည်းနည်းလေးတောင်မျှ အရှိန်လျှော့မပေးပေ။


ထိုအချိန်မှာပဲ ရွှီလော့ယန်၏ ထွက်ပြေးနေသည့်လမ်းကြောင်းအလယ်တည့်တည့်တွင် တစ်နှစ်၊နှစ်နှစ်ခန့်သာရှိသေးသည့် ကလေးမလေးတစ်ယောက်က ရောက်ချလာသည်။ သူက မျက်လုံးကို မှိတ်ကာ၊ ကလေးမလေးအား ရှောင်ရှားရန် ညာဘက်ခြေထောက်ကိုလှည့်ကာ ဘယ်ဘက်သို့ ယိမ်းလိုက်သည်။ 


သို့သော် ရေကန်အနားမှာ ရေများစိုနေကာ ချောနေသည့်အတွက် သူအရှိန်နှင့်ပြေးလာရာမှာ ရပ်လိုက်သည့်အခါ၊ မတ်မတ်မရပ်နိုင်တော့ဘဲ ရေကန်ထဲသို့ ဝုန်းခနဲ ပြုတ်ကျသွားရသည်။ 


ချီချန်အန်းမှာ ရွှီလော့ယန်ယခုလေးတင် ရပ်လိုက်သည့်နေရာအနား ပြေးလာ‌ခဲ့သော်လည်း အချိန်တိုလေးအတွင်းရေကန်စပ်နား မရှိတော့မှန်း မထင်ထားမိပေ။ သူအသက်ပင် ပုံမှန်မရှုရသေးခင် သူ့နံဘေးနားမှ ဟက်စကီးမှာ ရေထဲသို့ ရဲရင့်စွာ ဒိုင်ဗင်ထိုးတင်းသွားပြီးနောက် ရွှီလော့ယန်၏ ထိတ်လန့်ကြောက်ရွံ့စွာအော်ဟစ်သံက ထွက်ပေါ်လာတော့သည်။


"ငါက ရေထဲတောင် ပြုတ်ကျသွားပြီလေ ဘာလို့ငါ့ကို မလွှတ်ပေးသေးတာလဲ ခွေးအရှင်ကြီးရ...။" 


ရွှီလော့ယန်မှာ မျက်ရည်များပြိုကျလာလုနီးပါးပင်။ သူနှင့် တဖြည်းဖြည်းနီးကပ်လာသည့် ဟက်စကီးမှာ သူ့အနားရောက်လာပြီး သူ့အားခုန်အုပ်တော့မည်ကို မြင်လိုက်ရသည်။ သူ့မျက်နှာအား ပွတ်သပ်လိုက်ကာ ရွှီလော့ယန်က ထိန်းချုပ်မထားနိုင်တော့ဘဲ ရေကန်အစပ်နားတွင်ရပ်နေသည့် ချီချန်အန်းထံသို့ အကူအညီလှမ်းတောင်းရတော့သည်။


"ချီချန်အန်း ချီကော ချန်အန်းကော ဒူးထောက်ပြီးတောင်းဆိုပါတယ် အခုချိန်ကစပြီး ခေါက်ဆွဲထုပ်တွေနဲ့ အရသာမှုန့်အထုပ်တွေအကုန် အကိုကြီးအတွက်ပါပဲ အသားကိုလည်း အရင်ဆုံးစားလို့ရတယ်" 


ရွှီလော့ယန်၏အော်သစ်သံကိုကြားလိုက်ရသည့်အခါ ချီချန်အန်းက ပုဝါအား နံဘေးရှိခုံတမ်းလျားပေါ်သို့ ပစ်တင်လိုက်ပြီး စံပြကိုယ်နေဟန်ထားဖြင့် ရေထဲသို့ ဒိုင်ဗင်ထိုးဆင်းလိုက်သည်။ ထို့နောက်သူက ခပ်မြန်မြန်လေးကူးခတ်လာကာ ရေထဲမှာပဲ လက်လှမ်း၍ ရေထဲတွင်ကူးခတ်နေသည့် ဟက်စကီးရဲ့လည်ပတ်ကြိုးအားဆွဲယူကာ ရေပေါ်တွင်ပေါ်နေသည့် ကျောက်တုံးတိုင်တစ်ခုထံ ချည်လိုက်၏။ 


ရွှီလော့ယန်က ‌မျက်လုံးများမှိတ်၍အော်ဟစ်နေပြီး ရုတ်တရက် တစ်စုံတစ်ဦးက သူ့ရဲ့ယက်ကန်ယက်ကန်ဖြစ်နေသည့်လက်အား ဖမ်းဆွဲလိုက်တာကို ခံစားမိလိုက်သည်။ ထိုသူ၏ခန္ဓာကိုယ်မှအ‌ပူချိန်က သူ့အား ခိုက်ခိုက်တုန်သွားစေသည်။


"ရပြီ မင်းရဲ့မျက်လုံးတွေကို အခုဖွင့်လို့ရပြီ"


ဘယ်ဘက်မျက်လုံးအား သတိကြီးကြီးဖြင့် ဖွင့်ကြည့်လိုက်ရာ ပထမဆုံးမြင်လိုက်ရသည့်မြင်ကွင်းမှာ ရေများရွဲနေသည့် ဆံပင်များနှင့် ‌တောက်ပနေသော ချီချန်အန်းပင်။ ထိုနောက် ထိုသူ၏ပခုံးမှကျော်၍ကြည့်လိုက်ရာ ဟက်စကီးအား ချန်ထားခဲ့ပြီကို တွေ့လိုက်ရလေသည်။ 


ရွှီလော့ယန်က ရေမျက်နှာပြင်အား ဖြန်းခနဲရိုက်ကာ "ဟားဟားဟားဟား ဦးနှောက်မရှိတဲ့ခွေး ဒါပေမယ့် ခဏလောက်ကြည့်ပြီးတော့လည်း ချစ်စရာကောင်းသလိုလိုပဲ" 


ယခုလေးပင် ထိုဦးနှောက်မရှိသည့်ခွေးလိုက်ခံရသည့်အတွက် ရေကန်အားနှစ်ပတ်ပတ်ပြေးခဲ့ရကြောင်းကို သူမေ့သွားခဲ့ချေပြီ။


သို့သော်လည်း ပျော်ရွှင်မှုမှာ ဝမ်းနည်းမှုနှင့် ဒွန်တွဲလျက်ပင်။ ရွှီလော့ယန်၏အသံအားကြားလိုက်သည့်အခါ ဟက်စကီးက စိတ်လှုပ်ရှားစွာဖြင့် ဟောင်သံပေးလာသည်။ ရွှီလော့ယန်ရဲ့ခန္ဓာကိုယ်မှာ သူ့အတွေးထက်ပို၍ တုံ့ပြန်မှုမြန်လေသည်။ ခွေးဟောင်သံအားကြားလိုက်သည့်အခါ သူ‌ခြေထောက်များက ချီချန်အန်း၏ခါးတွင်တင်းကြပ်စွာပတ်ရစ်ထားကာ လက်များကလည်း


သူ့လည်ပင်းနားတွင် တွဲခိုထားပြီး မျက်လုံးများကို တင်းတင်းမှိတ်ထားလေသည်။ 


"အား..."


"မကြောက်နဲ့တော့ ခွေးက မလာနိုင်ပါဘူး" 


ချီချန်အန်းမှာ အနည်းငယ် ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။ သူ့လက်များအား တုံ့ဆိုင်းစွာမြှောက်၍ ကြောက်ရွံ့နေသေးသည့် ရွှီလော့ယန်၏ကျောအားပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ 


"ကမ်းစပ်နားသွားနှင့် ကိုယ်သွားပြီး ခွေးရဲ့လည်ပတ်ကြိုးကို ဖြည်ပေးလိုက်ဦးမယ်"


ရွှီလော့ယန်မှာ အင်မတန်မှရင်ထဲထိသွားရသည်။


"ကျွန်တော်အသက်ကိုကယ်ပေးတဲ့အတွက် သေချာပေါက်ပြန်ပေးဆပ်မှာပါ"


"ကောင်းပြီလေ။"


ချီချန်အန်း ကမ်းစပ်နားသို့ပြန်လည်ကူးခတ်လာသည့်အခါတွင် ရေများရွဲနစ်နေသည့်ရွှီလော့ယန်က သူ့ဦး‌ထုပ်အားဆောင်းထားပြီး မိုးမခပင်အနောက်တွင် ကျုံ့ကျုံ့‌လေးရပ်နေကာ ခွေးပိုင်ရှင်၏ ဆူညံပူညံလုပ်နေသည့်စကားများကို လျစ်လျူရှုထားလေသည်။


ချီချန်အန်းလာနေသည်ကို မြင်လိုက်သည်နှင့် ရွှီလော့ယန်က ကယ်တင်ရှင်အားတွေ့လိုက်ရသလိုမျိုး သူ့အနောက်တွင်ဝင်ပုန်းလိုက်ပြီး ရုတ်ချည်းဆိုသလို ခွန်အားများရလာကာ ဒေါသလည်းထွက်လာရသည်။


"ချီးလိုပဲ အဲ့ဒီအဖွားကြီးက ကျွန်တော်ကိုအဲ့ဒီခွေးငပေါနဲ့သွားပြီး မိတ်ဖွဲ့ဖို့တောင်ပြောနေသေးတယ် ကျွန်တော်လက်မခံနိုင်ဘူး လက်မခံနိုင်ဘူး ချီချန်အန်း ခင်ဗျား ကျွန်တော်ကို ကူပြောပေးပါဦး အခုချိန်ကစပြီးတော့ အဲ့ဒီခွေးနဲ့ ကျွန်တော်နဲ့က ထာ၀ရ ရန်သူတွေပဲ ကျွန်တော်ဘဝတစ်လျှောက်လုံး အချင်းချင်းပြန်မတွေ့ရရင်အကောင်းဆုံးပဲလို့" 


သူက စဉ်းစားကြည့်လိုက်ပြီးနောက် သူ့ရဲ့လေသံမှာ အင်မတန်မှ ခက်ထန်နေလေ၏။ 


"အကယ်၍ ကျွန်တော် ဒီခွေးကိုသာ ထပ်တွေ့ရရင် သူ့အမွှေးကိုနှုတ်ပစ်မယ် သူ့အရုပ်တွေကို ယူသွားမယ်"


ခုံတန်းလျားပေါ်တင်ထားခဲ့သော ပုဝါဖြင့် ချီချန်အန်းက သူ့မျက်နှာနှင့်လက်များမှ ရေတို့ကို သုတ်လိုက်သည်။ သူက အရပ်ရှည်ကာ ပိန်ပါးသည့်သဏ္ဍာန်ရှိသော်ငြား ယခုအခါတွင်မူ သူ့အဝတ်များက စိုရွဲနေပြီး အသားနှင့်ကပ်နေရာ၊ သူ၏ ရင်အုပ်ကြွက်သားများနှင့် ဝမ်းဗိုက်ကြွက်သားတို့အား အသေအချာမြင်နိုင်ပေသည်။


သူက ရွှီလော့ယန်ရှေ့တွင်ရပ်နေသည့်အတွက် ချီချန်အန်းက သူ့အားကြည့်ရန်ခေါင်းကိုစောင်းကာ "အင်း"ဟု ဆိုပြီး ခဏလောက်ရပ်ကာ ဆက်ပြောလာသည်။ 


"ဒါပေမယ့် နာမည်ပြောင်းခေါ်"


"?" 


ရွှီလော့ယန်ထံမှ တုံ့ပြန်မှုရောက်မလာပေ။ သူက ချီချန်အန်း၏မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားကာ မျက်တောင်များအား နှစ်ခေါက်မျှ ‌ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီးနောက် အလင်းပွင့်သွားတော့သည်။ 


"ချန်အန်းကော..." [ အစ်ကိုချန်အန်း ]


"အင်း" 


ချီချန်အန်းက လက်ထဲမှပုဝါအား ရွှီလော့ယန်ထံ ကမ်းပေးလိုက်ကာ ဟက်စကီးခွေးထံလျှောက်သွားလေသည်။ လက်ထဲရှိပုဝါအားကိုင်ကာ ရွှီလော့ယန်တစ်ယောက်ငေးကြောင်ကာကျန်ရစ်ခဲ့ရသည်။ 


ငါတော့ အရမ်းကို အဓိပ္ပာယ်ပါတဲ့နာမည်ကို ခေါ်မိသွားပြီထင်တယ်...


ဒါပေမယ့် ဣန္ဒြေသိက္ခာ.... ငါ့ရဲ့ဣန္ဒြေသိက္ခာက ဘယ်ရောက်သွားပြီတုန်း....။


ချီချန်အန်းက ခွေးပိုင်ရှင်နှင့် စကားပြောနေပေသည်။သို့သော်လည်း ရွှီလော့ယန်မှာ ထိုနေရာသို့သွားရန် ထိုနားရှိဟက်စကီးခွေး၏ ခြိမ်းခြောက်မှုကို ခံနေရသည်။


"အဲ့ဒီလူငယ်လေးကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ သူက [တောင်ပေါ်မြစ်၏ရုပ်ကလာပ်] ထဲက မင်းသားကြီးနဲ့ တူလိုက်တာ" 


"ဟုတ်တယ် ဟုတ်တယ် မင်းသားကြီး ကျီ..ကျီလင်းဟွမ် အဲ့ဒီနာမည်ပဲ ငါ့သမီးက သူ့ကို တအားကြိုက်တာလေ ကွန်ပျူတာစခရင်ပေါ်သူ့ပုံတွေချည်းပဲ ငါလည်း သူ့ကိုနေ့တိုင်းကြည့်တာမို့ ကောင်းကောင်းသိတယ် သူက လုံးဝကို ချွတ်စွပ်တူနေတာပဲ သိလား..." 


"!!!" 


ရွှီလော့ယန်က သူ့ဦးထုပ်အား တင်းတင်းကြပ်ကြပ်ညှစ်ကိုင်လိုက်ကာ မနက်ဖြန်တွင်ထွက်လာမည့်သတင်းခေါင်းစီးအား ကြိုမြင်ယောင်မိနေသည်။ 


[အံ့ဩစရာပဲ... နာမည်ကြီးသရုပ်ဆောင်တစ်ယောက်က လမ်းဘေးကပန်းခြံထဲမှာခွေးလိုက်ခံရပြီး သူ့ကိုယ်သူသတ်သေဖို့ရေကန်ထဲခုန်ချခဲ့တယ်တဲ့...!] 


ရွှီလော့ယန်တစ်ယောက်သတ္တိမွေးကာ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီးနောက် ချီချန်အန်း၏လက်ကောက်ဝတ်အား ဖမ်းဆွဲပြီး ထွက်ပြေးတော့သည်။ ချီချန်အန်းက အလိုအလျောက်ရုန်းကန်ရန်ကြိုးစားလိုက်သော်‌လည်း ရွှီလော့ယန်ဖြစ်နေကြောင်းသိလိုက်ရသောအခါ ရုန်းကန်နေခြင်းအား ရပ်တန့်ပြီး မည်သည့်မေးခွန်းမျှမမေးဘဲ သူ့နောက်မှပြေးလိုက်လာသည်။


နှစ်ဦးသားတစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဝါးလုံးကွဲရယ်မိသွားသည်။ နှစ်ယောက်စလုံးလည်း မောဟိုက်နေပြီဖြစ်၏။


ရွှီလော့ယန်က သူ့ကိုယ်သူ‌ဒူးခေါင်းများပေါ်လက်တင်၍မှီလိုက်သည်။ 


"ပင်ပန်းလိုက်တာ ခြေ‌ကုန်လက်ပန်းကျနေပြီ ဘာလို့ခင်ဗျား ... ဘာမှမမေးဘဲ ကျွန်တော်နောက်က လိုက်ပြေးလာတာလဲ" 


ချီချန်အန်းက သူ့အသက်ရှုနှုန်းအား ချိန်ညှိကာ "ကိုယ်တွေးမိတာတော့ မင်းကိုမှတ်မိသွားတဲ့ပုံပဲ" 


"ဟုတ်တယ် ဒါပေမယ့် ကျွန်တော်လမ်းတစ်ဝက်‌ေရာက်တော့ နောင်တရသွားတယ် ကျွန်တော်ကိုမှတ်မိသွားရင်တောင် ငြင်းလိုက်လို့ရတာပဲကို ကျွန်တော်က ရွှီလော့ယန်ကိုအတုခိုးနေတဲ့ ရုပ်ချင်းဆင်တဲ့လူတစ်ယောက်လို့ပြောလိုက်ရင် ရနေတာကို" 


ချီချန်အန်းက အူမြူးသွားရသည်။ 


"ဒါဆိုကိုယ်က ချီချန်အန်းအယောင်ဆောင်ထားတဲ့လူလို့ ပြောလို့ရသားပဲ"


သူက ထရပ်ကာ ညာဘက်လက်အား ဝှေ့ယမ်းလိုက်ပြီး ရွှီလော့ယန်မော့ကြည့်လာတာကိုမြင်သည့်အခါ ရှင်းပြလာသည်။ 


"ခွေးပိုင်ရှင်က မင်းရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်သွားမှုအတွက် လျော်ကြေးပေးလိုက်တယ်" 


ထိုလျော်ကြေးအား လက်ခံလိုက်ကာ ရွှီလော့ယန်က အံ့အားသင့်နေရာမှ ရုတ်တရက်ပြုံးလိုက်မိ၏။ 


"ကောင်းတာပေါ့ ကောင်းလိုက်တာ ခင်ဗျားက အရမ်းတော်တာပဲ"


ချီချန်အန်းက သူ့မျက်ခုံးများကိုပင့်ကာ အဓိပ္ပာယ်ပါစွာ "ဟမ်" ဟုဆိုလိုက်မိသည်။ 


သူတို့နှစ်ဦးသား တစ်လှည့်စီရေချိုးပြီးသည့်အခါ၊ နိုင်ငံတော်၏စီးပွားရေးအား အထောက်အကူပြုရန် ဤလျော်ကြေးငွေ ယွမ်သုံးရာအား မည်ကဲ့သို့ သုံးစွဲရမည်နည်းဟု ရွှီလော့ယန်စဉ်းစားနေစဉ် ချီချန်အန်းက အဝတ်အစားလဲ၍ထွက်လာတာကို တွေ့လိုက်ရသည်။


သူကဆိုဖာတွင်ထိုင်နေရာမှ ထရပ်လိုက်ကာ လက်သီးဆုပ်သဏ္ဍာန်အလေးပြု၍ ‌"ဒီနေ့အတွက်ကျေးဇူးတင်ပါတယ် အခုချိန်ကစပြီး ကျွန်တော်ဆီမှာ ခေါက်ဆွဲတစ်လုတ်စာရှိရင် ခင်ဗျားမှာလည်း စွပ်ပြုတ်တစ်လုပ်စာရှိစေရမယ်" ဟုဆိုလိုက်၏။ 


ထိုသို့ပြောပြီးနောက် သူကမမှန်သေးဟုခံစားရသဖြင့် သူ့စကားလုံးများအား ပြောင်း၍ထပ်ပြောလိုက်သည်။ 


"ဒါဆို ခင်ဗျားက ခေါက်ဆွဲစားပြီး ကျွန်တော်ကစွပ်ပြုတ်သောက်လိုက်မယ်လေ" 


‌ချီချန်အန်းက ခေါင်းညိတ်ကာ ပြူံ၍မေးလာသည်။ 


"မင်း ခွေးကြောက်တတ်တာလား"


"ကြောက်တာပေါ့ ကျွန်တော်အရမ်းကြောက်တာ" 


ရှီလော့ယန်က အတိတ်အားပြန်လည်တွေးတော၍ဆိုလိုက်သည်။ 


"ကျွန်တော်အရင်ကတော့ မကြောက်ပါဘူး ကျွန်တော်မန်နေဂျာလည်း ဟက်စကီးတွေမွေးထားတယ် တစ်ခါတစ်လေ သူတို့အိမ်မှာတောင် ကျွန်တော် နေလိုက်သေးတယ် ဒါပေမယ့် လွန်ခဲ့တဲ့နှစ်နှစ်လောက်က [တောင်ပေါ်မြစ်၏ရုပ်ကလာပ်]ကို ရိုက်ဖို့ ရုပ်ရှင်အဖွဲ့သားတွေနဲ့ မြက်ခင်းပြင်ကိုသွားတုန်း မွန်ဂိုသိုးထိန်းခွေးအကြီးကြီးတစ်ကောင်လိုက်တာခံလိုက်ရတယ်လေ" 


ပြောပြီးတော့ သူကထပ်ရယ်လိုက်ကာ "ဒါပေမယ့် ကျွန်တော် အခု အဆင်ပြေနေပါပြီ အဲ့ဒါကိုကျော်ဖြတ်ဖို့ကြိုးစားနေတယ်လေ နှစ်အနည်းငယ်ကြာပြီးလို့ ခွေးတစ်ကောင်က ကျွန်တော်ကိုလိုက်ရင် ကျွန်တော်ကသူ့နောက်ကို ချက်ချင်းပြန်လိုက်ဖမ်းပစ်မယ်" 


သူ့မျက်လုံးထဲမှ အပြုံးအားကြည့်ကာ ချီချန်အန်းက ယနေ့ကသာယာတဲ့နေ့တစ်နေ့လေးပဲဟု ရုတ်တရက်ခံစားလိုက်ရသည်။


ထိုအချိန်မှာပင် တံခါးခေါက်သံတစ်ခုက ထွက်ပေါ်လာသည်။ ရွှီလော့ယန်ကတံခါးဝသို့ သွားကြည့်သည့်အခါ မည်သူမျှမရှိပေ။ သူက အသံကိုနှိမ့်ကာ ချီချန်အန်းအား မေးလိုက်သည်။


"အပြင်မှာ ဘယ်သူမှမရှိဘူး ကျွန်တော်တံခါးကို ဖွင့်သင့်လား၊ မဖွင့်သင့်ဘူးလား" 


"နောက်ဆုံးတစ်ခေါက်က သူတို့ဇာတ်ညွှန်းလာပေးတုန်းကလည်း ဒီလိုပါပဲ" 


"ဇာတ်ညွှန်းထပ်ပြီး ပြင်ထားတာဖြစ်နိုင်မလား" 


ရွှီလော့ယန်က တံခါးအား သတိတကြီးဖြင့်ဖွင့်ကြည့်ရာ ကြမ်းပြင်ပေါ်ချထားသည့် အဖြူရောင်ကတ်ကိုသာ မြင်လိုက်ရသည်။


သူကကုန်း၍ကောက်ယူလိုက်ပြီး လက်ရေးအားဖတ်ကြည့်ပြီးသည်နှင့်ပြုံးကာ "တစ်ကယ်ကြီး ဒါရိုက်တာကျန်းပဲ" ဟုဆိုလိုက်မိသည်။


ကတ်တွင်သေသေသပ်သပ်ရေးထားသည်မှာ "ချန်အန်းနဲ့ လော့ယန် မင်းတို့ဘဝရဲ့အတွေ့အကြုံကို ပိုပြီးခံစားနိုင်ဖို့နဲ့ မင်းတို့ရဲ့အခန်းကဏ္ဍတွေကို သေချာနား‌လည်အောင်လို့ ချင်းလီမြို့က ကျွမ်းမျိုးရိုးနဲ့ လက်သမားအိုကြီးတစ်ယောက်ကို ချန်အန်းအတွက် ငါဆက်သွယ်ထားတယ် သင်ကြားခကိုပေးပြီးပြီ ဒါပေမယ့် နေစရိတ် စားစရိတ်တော့မပါဘူး လော့ယန်အတွက် မြို့ထဲကရဲစခန်းမှာ ရှန်းမျိုးရိုးနဲ့ အငြိမ်းစားစုံထောက်ဟောင်းတစ်‌ယောက်ရှိတယ် မင်း သူ့ဆီသွားပြီး ပိုလေ့လာခဲ့ပါ"


ကတ်၏အဆုံးတွင် နာမည်များနှင့် ဆက်သွယ်ရမည့်အချက်အလက်အသေးစိတ်အား ရေးထားပေးသည်။ ချိန်းဆိုထားသည့်အချိန်မှာ နောက်နှစ်ရက်အကြာတွင်ဖြစ်၏။


ရွှီလော့ယန်ကဖတ်ပြီးသွားချိန်တွင် စိတ်လှုပ်ရှားသည့်အမူအရာဖြစ်ပေါ်လာသော်လည်း ချီချန်အန်းအားကြည့်ရန် သူ့ခေါင်းအား စောင်းငဲ့ကြည့်လိုက်သည့်အခါ သူ့အပြုံးက ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး တုံ့ဆိုင်းစွာဆိုလိုက်သည်။ 


"ခင်ဗျားရဲ့လည်ပင်း ... နီနေတယ်" 


အမှန်တော့ သူ့လည်ပင်းသာမက မြင်နေရသည့်သူ့လက်မောင်းတစ်လျှောက်၊ နေရာအတော်များများ၌ပါနီရဲနေကာ သူ့ညှပ်ရိုးနှင့်လည်ပင်းအနောက်ရှိအရေပြားများမှာလည်း လန်နေခဲ့သည်။


"ဘာမှမဟုတ်ပါဘူး အလာ့ဂျစ်ဖြစ်ရုံလေး ကိုယ်ဆေးလိမ်းလိုက်မယ်" 


ချီချန်အန်းအား ထိုသို့ဖြစ်လာမည်အား သိရှိနေသကဲ့သို့ အမူအရာမပြောင်းသွားပေ။


နတ်ဆိုးတစ်ကောင်တောင် အလာ့ဂျစ်ဖြစ်နိုင်တယ်ပေါ့။ 


သို့သော်ယခုအချိန်တွင် ထိုရှုပ်ထွေးသည့်မေးခွန်းအား ဖြေရှင်းရန်အချိန်မရှိပေ။ ရွှီလော့ယန်က လက်ထဲမှကတ်အား တင်းကြပ်စွာဆုတ်ကိုင်ကာ အလေးအနက်မေးလိုက်သည်။ 


"ခင်ဗျား ခွေးအမွှေး‌နဲ့ဓာတ်မတည့်တာလား...ဒါမှမဟုတ် ရေကန်ထဲကရေနဲ့ ဓာတ်မတည့်တာလား"


ချီချန်အန်းရောက်ပြီးနောက်တစ်နေ့၌ပင်၊ ချီချန်အန်းမှာ လူများနှင့်ထိတွေ့ရတာကိုမကြိုက်ရုံသာမက သန့်ရှင်းမှုဆိုင်ရာပြဿနာအချို့လည်းရှိနေကြောင်း သူသတိထားမိသည်။ သို့သော်ယခုတွင်မူ ၎င်းမှာ ဤမျှမရိုးရှင်းကြောင်း သူသဘောပေါက်သွားရသည်။