အပိုင်း ၄၀
Viewers 6k

🍬Chapter 40


------------


ဖေဖော်ဝါရီ တစ်ဆယ်ရက်နေ့ပြီးသည့်အချိန်တွင် ရိုက်ကူးရေးကွင်းထဲရှိ အခြေအနေမှာ အနားပင်မယူနိုင်ကြပေ။ ရွှီလော့ယန်က မှန်ရှေ့တွင် မတ်တပ်ရပ်နေပြီး စတိုင်လစ်များနှင့် လက်ထောက်များက သူ့အပေါ်သံချပ်ကာကို ဝတ်ဆင်ပေးနေကြသည်။ ဝတ်စုံက အင်မတန်လေးလံလှသည်ဖြစ်ရာ ဘေးနားတွင် လုတိကပါ ဝိုင်း၍ကူလုပ်ပေးနေရသည်။


လုတိ၏အကြည့်ကို မြင်သည့်အခါ ရွှီလော့ယန်ကချောင်းဟန့်ကာ ပြုံးပြလိုက်ပြီး "ဖန်းကျဲ၊ နှစ်သစ်ကူးမတိုင်ခင် တစ်ပတ်လောက်ပဲလိုတော့တာဆိုတော့ ကျွန်တော်တို့ကို နှစ်သစ်ကူးအားလပ်ရက်တော့ ပေးမှာပါနော်" ဟုမေးပြီးနောက် စိတ်လှုပ်ရှားနေဟန်က သူ့မျက်နှာတွင် အထင်းသားပေါ်လွင်နေကာ အဖြေကိုစောင့်ဆိုင်းနေလေ၏။


ထန်ဖန်းက ‌သဘောကျမှုတစ်ဝက်နှင့် စကားအလှသုံးကာ၊ "အရင်တုန်းက အတွေ့အကြုံတွေအရတော့ အားလပ်ရက်မရှိလောက်ဘူး"


ချူးဝေ့ကောက နိုင်ငံတွင်းရော၊ နိုင်ငံပြင်ပ၌ပါ ရိုက်ကူးရေးလုပ်ကာ၊ အဖွဲ့သားများ ရင်းနှီးကျွမ်းဝင်စေရန် အချိန်ကိုလျှော့ချပြီး ထိရောက်မှုတိုးတက်စေရန် သူ၏ကိုယ်ပိုင် ရိုက်ကူးရေးအဖွဲ့တစ်ခု ဖွဲ့ထားသည်။ ထန်ဖန်းကဲ့သို့စတိုင်လစ်မှာ၊ ချူးဝေ့နှင့် ထုတ်လုပ်မှုပေါင်းများစွာကို ဖြတ်သန်းခဲ့ရာ၊ သူက ဒါရိုက်တာ၏အကျင့်စရိုက်များကို ကောင်းစွာ သိနားလည်လေသည်။


ဤကဲ့သို့သော အဖြေကိုကြားလိုက်ရသည့်အခါ၊ လုတိနှင့်ရွှီလော့ယန်တို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကာ သူတို့၏နှလုံးသားများကမူ ရှစ်မွှာမျှ ကွဲကြေသွားရသည်။ 


သို့သော် ရိုက်ကူးရေး၏ပြင်းထန်သောဖိအားအောက်တွင် ရွှီလော့ယန်က အဝတ်လဲခန်းမှ ထွက်လျှင်ထွက်ချင်း နွေဦးပွဲတော်အတွက် ပိတ်ရက်မရရှိသည့်အပေါ် သူ၏ဝမ်းနည်းမှုကို ဘေးဖယ်ထားလိုက်ရသည်။ မနက်စောစောအချိန်၊ ဘုရင့်တဲတော်‌အပြင်ဘက်ရှိ မီးတုပ်များမှာ နီရဲနေပြီး သံချပ်ကာများနှင့်သရုပ်ဆောင်များသည်လည်း နေရာတွင် အသင့်ရှိနေကြသည်။ ဒါရိုက်တာချူးက တစ်မီတာမျှမြင့်သော ခုံပေါ်သို့တက်ကာ၊ သူ့ အသုံးအဆောင်ပစ္စည်းများကို နေရာချနေလေသည်။


သူ့နေရာတွင် ရပ်နေရန် ရွှီလော့ယန်အား မည်သူကမျှ သတိပေးရန်မလိုပေ။


သို့သော် သူနှစ်မိနစ်မျှ ရပ်ပြီးချိန်တွင်၊ မီးထိုးအဖွဲ့မှပညာရှင်က သူ့ခေါင်းကိုလှည့်ကာ ဒါရိုက်တာချူးနှင့် စတင်၍အငြင်းပွားတော့သည်။ဒါရိုက်တာချူးက အေးတိအေးစက်နှင့် အဆိပ်ပြင်းသည့် စကားများကိုပြောကာ၊ မီးထိုးပညာရှင်မှာ အမြောက်ပစ်သလို ဝုန်းဒိုင်းကြဲလေသည်။ ယခုအခန်းအား မည်ကဲ့သို့မီးထိုးရမည်ကို ငြင်းဆန်ကြရင်း တိုက်ပွဲအရှိန်က ပြင်းထန်လာခဲ့သည်။


ဆယ်မိနစ်လောက် သူတို့ ဘာမှဆက်လုပ်၍မရသေးတာကို နားလည်စွာနှင့် ရန်ပွဲ‌ထဲသို့ မတော်တဆကြားညှပ်မပါသွားရန် ၊ ရွှီလော့ယန်က ခပ်လှမ်းလှမ်းနေရာသို့သွား၍ သူ့ခုံတန်းပုလေးပေါ် သက်တောင့်သက်သာထိုင်ကာ လက်ဖဝါးပေါ်သို့ ဆေးအဆီလူးနေလေ၏။ ချီချန်အန်းယူလာပေးသည့် ဆေးအဆီမှာ အင်မတန်ပင် ထိရောက်လေသည်။နှစ်ရက်အတွင်း၌ ဒဏ်ရာများကျက်သွားပြီဖြစ်ပြီး အမာရွတ်ပါးပါးလေးသာ ကျန်တော့သည်။


တွေးကြည့်ပြီးနောက်၊ ရွှီလော့ယန်က လုတိအား သူ့ရဲ့ တစ်ကိုယ်လုံးပုံကိုရိုက်ခိုင်းကာ၊ ဓာတ်ပုံထဲရှိ သူ့ပုံမှာ ကြည့်ကောင်း၊မကောင်းစစ်ပြီးမှ ချီချန်အန်းထံ ပို့လိုက်လေသည်။


'ငါမင်းကို ကောင်းကင်ရဲ့သားတော်အရှင်မင်းမြတ်ကို ပြမယ်' ဟူသည့် စာကိုလည်း ပုံနှင့်အတူ ပို့လိုက်သေး၏။


မနက်လေးနာရီရှိနေပြီးဖြစ်သည့်အတွင် ရွှီလော့ယန်မှာ ချီချန်အန်း အိပ်မောကျနေပြီဟု ထင်ခဲ့သော်လည်း အံ့အားသင့်စရာပင်၊ စက္ကန့်ပိုင်းအတွင်း တစ်ဖက်လူဆီက 'ငါတို့အရှင်မင်းမြတ်က နိုင်ငံရဲ့ကြွယ်ဝခြင်းကံကြမ္မာပဲ' ဟူသည့် ပြန်စာရောက်လာလေသည်။ 


သူက မအိပ်နေတာ အရှင်းကြီးပင်။ 


ပို့လာသည့်စာကိုကြည့်ကာ စာရိုက်နေသည့်ရွှီလော့ယန်၏လက်တို့က ရပ်တန့်သွားလေသည်။ ထို့နောက် သူက အသံမက်ဆေ့သာ ပို့လိုက်၏။


 "ချန်အန်း မင်းနေမကောင်းဘူးလား" 


သူထိုအသံမက်ဆေ့ကိုပို့လိုက်ပြီးနောက်၊ ဖြစ်နိုင်လျှင် ချီချန်အန်း သက်တောင့်သက်သာရှိမည့် နည်းလမ်းနှင့်သာ စာပြန်စေချင်မိသည်။


ချီချန်အန်းက ယခုတစ်ကြိမ်တွင်တော့ အနည်းငယ်စာပြန်တာ နှေးလေးသည်။ 


"ဆေးသောက်ပြီးတော့ တအားမခံစားရတော့ပါဘူး"


ရွှီလော့ယန်က ချီချန်အန်း၏လေသံအား အင်မတန်ရင်းနှီးနေလေရာ၊ သူ၏စကားများထဲ အနည်းငယ်အားနည်းနေတာကို ကြားနိုင်လေသည်။သူ စိုးရိမ်နေတုန်း နောက်ထပ်မက်ဆေ့တစ်စောင်က သူ့ဖုန်းသို့ဝင်လာသည်။ 


"ကိုယ်တို့ ဗီဒီယိုကော်လ်ပြောဖို့ အဆင်ပြေမလား"


စဉ်းတောင်မစဉ်းစားဘဲနှင့် ရွှီလော့ယန်ဘက်မှစ၍ ဗီဒီယိုကောလ်ခေါ်လိုက်လေသည်။ မကြာမီ သူ့ဖုန်းမျက်နှာပြင်ထက် ချီချန်အန်းပေါ်လာသည်။ သူက ကုတင်ကိုကျောမှီထားကာ၊ သူ့မျက်နှာကမူ ဖြူလျော်နေပြီး ၊ သူ့ရဲ့အမည်းရောင်ညအိပ်ဝတ်စုံ၏ ကော်လာမှာလျော့တိလျော့ရဲဖြစ်နေသဖြင့် သူ့ညှပ်ရိုးများကို မြင်နေရသည်။


မသိလိုက်ပါဘဲ ဖုန်းအားအနားသို့တိုးကြည့်မိကာ ရွှီလော့ယန်က စိုးရိမ်တကြီးမေးလိုက်သည်။ 


"မင်း ဘာလို့ထပ်ပြီးတော့ ဝိတ်ကျသွားရပြန်တာလဲ မင်း ဘာမှမစားနိုင်ဘူးလား"


"အင်း ရာသီဥတုက အေးလွန်းတယ် ကိုယ့်မှာ စားချင်စိတ်မရှိဘူး ဒါပေမယ့် စိုးရိမ်စရာမရှိပါဘူး"


သံချပ်ကာဖြင့် ကြပ်ကြပ်မတ်မတ်ကာရံထားသည့် သူ့ပုံပန်းသဏ္ဍာန်ကိုကြည့်ကာ၊ ချီချန်အန်းက ပြုံးလျက်ဖြင့် "ကိုယ့်ရဲ့ ဧကရာဇ်အရှင်က မနက်အစောကြီး ရိုက်ကူးရေးလုပ်နေတာလား" 


ချီချန်အန်းပြောလိုက်သည့် 'ဧကရာဇ်အရှင်'ဟူသည့် စကားလုံးက အင်မတန်မှနူးညံ့ငြင်သာနေပေ၏။ ရွှီလော့ယန်က သူ့ခေါင်းပေါ်မှ ရွှေသရဖူမဂ်ကိုင်ကို ထိန်းကိုင်ရန် လက်ကိုမြှောက်လိုက်ကာ ဂရုတစိုက်ခေါင်းငြိမ့်ပြလိုက်သည်။ 


"အင်း...ဒီတစ်ခေါက် ရိုက်ရမယ့် အခန်းက နည်းနည်း တာဝန်ကြီးတယ်" 


ပြောလိုက်ရင်း သူက ဖုန်းကို ဟိုဟိုဒီဒီလှည့်ကာ သူ့အနီးရှိ ပြင်ဆင်ထားသည်များကို ချီချန်အန်းကို ပြလိုက်သည်။ 


"ကျွန်တော် အဆင်ပြေပါတယ် ကြားထဲမှာ သုံးနာရီလောက် အိပ်လိုက်သေးတယ် ပင်ပန်းရတာက ဒါရိုက်တာချူးနဲ့တခြားလူတွေပဲ သူတို့က တစ်ညလုံးမအိပ်ရသေးဘူး"


သူက ဖုန်းစခရင်ကို လက်ညှိုးလေးဖြင့်တောက်ကာ "မင်းတကယ်ပဲ သက်သာလာပြီး‌လား လျန်ချိုးရော မင်းနောက်လိုက်လာတယ်မလား"


"အင်း သူက ဘေးကအခန်းမှာနေတယ်။ " 


ချီချန်အန်းက ခေါင်းအုံးများပေါ် သက်တောင့်သက်သာလှဲလိုက်ပြီးမှ ပြုံးပြလာသည်။ 


"မင်းကိုမြင်လိုက်ရတော့ ကိုယ်ခံစားရတာ နည်းနည်းပိုကောင်းလာပါပြီ"


ရွှီလော့ယန်ရဲ့ နှလုံးခုန်နှုန်းမှာမြန်သွားရကာ သူ့နားရွက်ထိပ်လေးများက အနည်းငယ်ပူလာသလိုခံစားလိုက်ရ၏။ ကံကောင်းစွာနှင့်၊ ထိုအခိုက် ဒါရိုက်တာချူးက သူ့အား လက်လှမ်းပြ၍ခေါ်နေတာကို တွေ့လိုက်ရသည်။ 


သို့နှင့်သူက ကမန်းကတန်းဖြင့် "ဒါရိုက်တာက ကျွန်တော်ကိုခေါ်နေပြီ မင်းအနားယူဖို့၊ ဆေးသောက်ဖို့၊ ကျန်းမာရေးဂရုစိုက်ဖို့ကို မမေ့နဲ့နော်"


ဖျားနာနေဟန်ပေါ်သော်လည်း သူ့အားပြုံးပြနေသည့် ချီချန်အန်းကိုကြည့်ကာ ရွှီလော့ယန်က သူ့နှလုံးသားထဲတွင် အနည်းငယ်ချဉ်စူးစူးခံစားလိုက်ရသည်။


 "မင်း နေကောင်းနေရမယ်နော်"


ချီချန်အန်းက ခေါင်းငြိမ့်ကာ "ကောင်းပါပြီ မင်းသွားပြီး ရိုက်ကူးရေးလုပ်တော့လေ ခဏနေရင် ကိုယ်လည်း‌အိပ်တော့မယ်"


ဗီဒီယိုကောလ်အား ပိတ်လိုက်ပြီးနောက် ရွှီလော့ယန်က ဖုန်းအား လုတိကို ကိုင်ထားဖို့ပေးလိုက်သည်။ 


သို့သော် စဉ်းစားလိုက်ကာ သူ့စိတ်ထဲ မသက်မသာဖြစ်လာသဖြင့် "အကယ်၍ ချန်အန်းငါ့ကို ဖုန်းခေါ်ရင် ငါ့ကိုသတိပေးနော် ငါရိုက်ကူးရေးလုပ်နေတုန်းဆိုလည်း ငါ့ကို အချက်သာပြလိုက်" ဟု သူက တိုက်တွန်းလိုက်သည်။


ပြောပြောဆိုဆိုဖြင့် NG ဖြစ်ရန် နည်းလမ်းပေါင်း ခုနစ်ဆယ့်ခုနစ်မျိုး၊ သို့မဟုတ် လေးဆယ့်ကိုးမျိုး‌လောက်ကို သူက တွေးတောပြီးပြီဖြစ်သည်။ 


လုတိခေါင်းညိတ်ပြသည့်အခါမှသာ သူက ကင်မရာရှေ့သို့လျှောက်သွားလိုက်သည်။ 


ထိုအခန်းမှာ ကျစ်ချူးက သူ၏စစ်တပ်မှဗိုလ်ချုပ်ကြီးများကို စစ်ချီတက်နေရင်းမှ အပြစ်ပေးသည့် အခန်းဖြစ်သည်။ ထူးဆန်းကာ စိတ်ပြောင်းလဲလွယ်သည့် ကျစ်ချူးမှာ စိတ်ကျေနပ်စေရန်ခဲယဉ်းသည်။ ခေါင်းမာကာ အကြံဉာဏ်များကို နားထောင်ပေးတတ်သည့် ဧကရာဇ်တစ်ပါးမဟုတ်ပေ။ ရန်သူ့ဘက်မှ မြို့‌သုံးမြို့လောက်ကို တစ်ထိုင်တည်း သိမ်းယူခဲ့တာကို ကြားလျှင်ကြားချင်း သူက ရိက္ခာများကို ကိုယ်တိုင်ကိုယ်ကျသွားယူကာ ရှေ့တန်းသို့သွားရောက်လေ၏။


လက်ရှိအချိန်တွင် ကျစ်ချူးက စင်အမြင့်ပေါ်တွင်ထိုင်နေပြီး အရိုင်းမြေမှလေရိုင်းများက တဝှီးဝှီးတိုက်ခတ်နေသည်။ မီးတုတ်များက တဟုန်းဟုန်းတောက်လောင်နေပြီး ညမှနေ့သို့ ကူးပြောင်းသွားသည်။ နဂါးနက်၏လက်သည်းရာငါးချက်ဖြင့်ရေးထိုးထားသော ဧကရာဇ်ရဲ့တိုက်ပွဲဝင်အလံများက လူများကိုဝါးမြိုတော့မည်အလား။


သူက မြစိမ်းရောင်အရောင်တင်ထားသည့် စကျင်ကျောက်အား လက်ထဲ၌ကစားနေခဲ့၏။ သူရဲ့နီဆွေးနေသော နှုတ်ခမ်းများကမူ ရိသဲ့သဲ့ဟန်ဖြင့်၊ အဆုံးသတ်စကားလုံးများကမူ အနည်းငယ်‌ လေသံပေါ့သွားသည်။ 


"ဘာလို့ ဗိုလ်ချုပ်ကြီးတွေက တိတ်ဆိတ်နေကြတာလဲ"


သူ့ထိုင်ခုံအောက်ရှိ ဗိုလ်ချုပ်တစ်ယောက်ကမှ ခေါင်းမော်ကြည့်ရန် မရဲဝံ့ပါချေ။


ကျစ်ချူး၏အပြုံးက ပို၍ကျယ်ပြန့်လာသည်။ ထို့နောက်သူက လက်ထဲမှအရောင်တင်ထားသည့်စကျင်ကျောက်ကို ဖောင်းခနဲမြည်သည်အထိကြမ်းတမ်းစွာ လွှင့်ပစ်လိုက်သည်။ 


ထိုင်နေရာမှထရပ်ကာ၊ သူ့အရှေ့မှစားပွဲပေါ်သို့ ဘယ်ဘက်ခြေထောက်ကိုတင်လိုက်ပြီး ရှေ့သို့အနည်းငယ်ကုန်းလိုက်ကာ ပြုံးသည်ဆိုရုံမျှပြုံး၍ကြည့်လိုက်သည်။သူ့မျက်လုံးအကြည့်တို့ကမူ ယုတ်မာကာ ရက်စက်သည့်အရိပ်အယောင်များပြည့်နေခဲ့၏။ 


"မောင်မင်းတို့က ကျန်းကို အရူးလို့ထင်နေတာပဲ ဟုတ်တယ်မို့လား နန်းတော်ထဲမှာ ပိတ်မိနေပြီး မိန်းမတစ်‌ယောက်ရဲ့ချုပ်ကိုင်မှုအောက်မှာကြီးပြင်းလာတဲ့အတွက် ကျန်းက ဘာကိုမှမသိနားမလည်ဘူးလို့ မောင်မင်းတို့ကထင်နေကြတာပဲ"


ထိုသို့ပြောကာ သူ့စကားလုံးများကို အဆုံးသတ်လိုက်ပြီး သူ့အနီးအနားရှိအစောင့်များကို အမိန့်ပေးလိုက်သည်။ 


" ငါကိုယ်တော်ရဲ့ ဝမ်၊ယန်နဲ့ ကျောင်းဆိုတဲ့ ဗိုလ်ချုပ်သုံးယောက်ကို ဆွဲ‌ထုတ်သွားပြီး ခေါင်းဖြတ်လိုက်စမ်း"


သူ့အနားမှအစောင့်များက လျင်မြန်စွာဖြင့် အမိန့်နာခံကာ၊ ထိုလူများကို ဆွဲခေါ်သွားကြသည်။


သို့မှသာ ကျစ်ချူးက သူ့ခြေထောက်ကိုချလိုက်ပြီး ‌ဖြည်းညင်းစွာဖြင့် "မြို့နှစ်မြို့ကို လက်လျော့ပြီး ပြန်ဆုတ်ခွာချင်တဲ့ ဘယ်သူမဆို နိုင်ငံတော်ကိုသစ္စာဖောက်မှုနဲ့အပြစ်ပေးခံရမယ် ငါကိုယ်တော်ရဲ့ချစ်လှစွာသောအမတ်မင်းတွေ စမ်းကြည့်ချင်ရဲ့လား"


စစ်ပိုင်းဆိုင်ရာမှူးမတ်များက တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကာ "မရဲဝံ့ကြောင်းပါ" ဟု ဖြေလာကြသည်။


အတန်ငယ်ဒေါသပါးလျသွားသော ကျစ်ချူးက နောက်သို့လှည့်ကာ သစ်သားဘောင်ပေါ်တွင်ချိတ်ဆွဲထားသည့် ကြီးမားသည့် တိုက်ပွဲချီတက်ရန်မြေပုံအားကြည့်ပြီး "မသက်ဆိုင်တဲ့လူတွေအကုန်လုံးကို မောင်းထုတ်ပစ်ရမယ် ကျန်းရဲ့ခြေထောက်အောက်ကနယ်မြေက ကျန်းအပိုင် ခြေလှမ်းတစ်ဝက်တောင်မှ လှမ်းဖို့ ခွင့်မပြုနိုင်ဘူး"


ဇာတ်ဝင်ခန်းအား ပြီးဆုံးသည်အထိရိုက်ကူးပြီးနောက်၊ ဒါရိုက်တာချူးက "ကတ်" ဟုအော်ကာ၊ မော်နီတာအနားတွင်ရပ်ပြီး ရိုက်ကူးမှု၏အကျိုးသက်ရောက်မှုကို သေချာကြည့်ရှုနေရင်း မီးထိုးပညာရှင်နှင့်လည်း တစ်စုံတစ်ခုအား ဆွေးနွေးနေခဲ့သည်။ 


လတ်တလော သူ့အတွက်လုပ်စရာမရှိသေးတာကို ‌တွေ့သည့်အခါ၊ ရွှီလော့ယန်က မြက်ခြောက်များလွှမ်းခြုံနေသည့် မြေပြင်ကျယ်ကြီးပေါ်တွင်ထိုင်ချလိုက်သည်။ သူဝတ်ဆင်ထားသည့်သံချပ်ကာမှာ အင်မတန်မှလေးလံလွန်းသည့်အတွက်၊ ဆောင်းရာသီအလယ်တွင်ပင် သူက ချွေးများစိုရွဲနေလေ၏။


လုတိက သူ့ရဲ့အပူ‌ခံခွက်ကိုကိုင်၍ ခပ်သွက်သွက်ကလေး လှမ်းလာကာ "မစ္စတာချီဆီက ဖုန်းမလာပါဘူး" ဟု ပြောလေသည်။ 


"အင်း... ဘယ်လိုပဲဖြစ်ဖြစ် မင်းသတိထားသင့်တယ်"


 ရွှီလော့ယန်က ရေကိုနှစ်ငုံမျှသောက်၍ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။


 "နှစ်သစ်ကူးအကြိုနေ့မှာ ရိုက်ကူးရေးလုပ်နေရတာကို ငါဖြင့် ယုံတောင်မယုံနိုင်ဘူး ဘယ်မှန်းမသိတဲ့နေရာမှာ ရှိနေပြီး လေပြင်းတွေကလည်း တိုက်နေသေးတယ် ငါ့နှလုံးသားတောင် အခုအေးစက်နေသလိုပဲ"


လုတိက ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ကာ သဘောတူလေ၏။


ခွက်အဖုံးကို ကိုင်ထားသည့် ရွှီလော့ယန်ရဲ့လက်များက တင်းကြပ်သွားလေ၏။ 


"အားလုံးအတူတူ ခံစားနေရတာထက်စာရင် တစ်ယောက်တည်း ခံစားရတာက ပိုကောင်းတယ် မင်းမိဘတေ္ကို အဖော်ပြုပေးဖို့ နှစ်သစ်ကူးအကြိုနေ့အတွက် အားလပ်ရက်တစ်ရက်ယူလိုက် မဟုတ်ရင် အန်တီနဲ့ဦးလေးက မင်း နှစ်သစ်ကူးပြီး သုံးရက်မြောက်နေ့မှာ ပြန်သွားတဲ့အခါကျ၊ မင်းဘယ်လိုပုံရှိမှန်းတောင် မမှတ်မိတော့ဘဲနေလိမ့်မယ်"


လုတိက ငြင်းဆန်ရန်ပြင်နေတာကို မြင်သည့်အခါ၊ သူက ပြုံးကာလုတိ၏ပခုံးကိုပုတ်လိုက်ပြီး " မင်းမိဘတွေက အိမ်မှာမင်းကိုစောင့်နေကြတာ အဲ့ဒါက ကောင်းတယ်လေ ပြီးတော့ မင်းအမေက မင်းအတွက် ဘလိုင်းဒိတ် စီစဉ်ပေးထားတယ်မို့လား တစ်ကိုယ်တည်းဘဝက အမြန်ဆုံးကျွတ်အောင်လုပ်တော့ ...တိဇီ(ညီလေးတိ)"


လုတိက သူ့ခေါင်းအနောက်အား ကုတ်လိုက်ကာ အနည်းငယ် အနေရခက်နေဟန်ဖြင့် "ကောင်းပါပြီ ဒါဆို ကျွန်တော် နှစ်သစ်ကူးပြီး သုံးရက်မြောက်နေ့ကျရင် ပြန်လာခဲ့မယ်နော်"


သို့သော် အားလုံးအတွက် အံ့အားသင့်စရာပင်။ နှစ်သစ်ကူးနေ့မနက်ခင်းတွင်၊ ဒါရိုက်တာချူးက အသိစိတ်ဝင်လာပြီး ရုပ်ရှင်အဖွဲ့တစ်ဖွဲ့လုံး ပိတ်ရက်နှစ်ရက်ရမည်အကြောင်းနှင့်၊ နှစ်သစ်ကူးပြီး ဒုတိယမြောက်နေ့တွင် ပြန်လည်ရိုက်ကူးရေးစမည်ဖြစ်ကြောင်း ကြေငြာလေသည်။


ရွှီလော့ယန်က အင်မတန်စိတ်လှုပ်ရှားသွားရပြီး သူ့ရဲ့ပေါင်နှစ်ဆယ်လေးသည့် သံချပ်ကာကိုဝတ်ဆင်လျက်နှင့် ဒါရိုက်တာချူးအား အနောက်မှ ဝက်ဝံကဲ့သို့ပွေ့ဖက်လိုက်သည်။ သို့သော် ဒါရိုက်တာက အားကိုမထိန်းထားနိုင်ဘဲ ဖင်ထိုင်လျက်သားပြုတ်ကျသွားမည်ဟုသူက မထင်မှတ်ထားမိပေ။ ထိုဖြစ်ရပ်က သူ့ဘေးပတ်ပတ်လည်မှ ရယ်သံများကို ပေါက်ကွဲထွက်လာစေသည်။


ရွှီလော့ယန်က နေရာမှာပင် ကြောင်အပြီးရပ်နေမိကာ "ဒါရိုက်တာ...ကျွန်တော် စာအိတ်နီလေးရနိုင်သေးရဲ့လား" ဟုမေးလိုက်သည်။


ချူးဝေ့က အေးတိအေးစက်မျက်နှာထားဖြင့် မတ်တပ်ရပ်ကာ၊ "ချီချန်အန်းကို သွားမေးလေ ငါကတော့ တစ်ခုမှ မပေးနိုင်ပါဘူး" 


"..."


နေ့လည်ပိုင်း၌ ရွှီလော့ယန် ဘီမြို့သို့ရောက်လာပြီး လေယာဉ်ပေါ်မှ ပရိသတ်အနည်းငယ်ထံမှ မှတ်မိခံလိုက်ရသည်။ သို့နှင့်သူက လျှို့ဝှက်ထားပေးရန် လာဘ်ထိုးသည့်အနေဖြင့် အလျင်စလိုနှင့် လက်မှတ်များထိုးပေးလိုက်ရာ ပရိသတ်များက အလွန်ပင်ပူးပေါင်းပေးကာ မထွက်သွားမီ "မင်းနဲ့ မစ္စတာချီတို့ ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူးဖြစ်ပါစေ" ဟုပင် တိုးတိုးတိတ်တိတ်ပင် ဆုတောင်းပေးလိုက်ကြသေး၏။ 


လေယာဉ်ပေါ်မှဆင်းလာပြီးသည့်အခါ၊ ရွှီလော့ယန်က ထိုအဖြစ်အပျက်နှင့်၊ သူ့ပရိသတ်များပြောသွားသည့်စကားများကို ချီချန်အန်းထံ ပြောပြကာ 'သူဌေးကြီးဆီက စာအိတ်နီလေးတစ်အိတ် တောင်းဆိုပါတယ်' ဟု အီမိုဂျီလေးပါ ပို့လိုက်သည်။


သူ့ခရီးဆောင်သေတ္တာကိုယူနေချိန်တွင် ချီချန်အန်းက သူ့အား စာအိတ်နီ တစ်ဆယ့်နှစ်အိတ်အား ပို့ထားပြီး တစ်အိတ်ချင်းစီတွင် ရှစ်ရာရှစ်ဆယ့်ရှစ်ယွမ်ပါဝင်ကြောင်း တွေ့လိုက်ရသည်။ ပျော်ပျော်ရွှင်ရွှင်ဖြင့် စာအိတ်နီများကို လက်ခံရယူပြီးနောက် ၊ အင်မတန်ဖားယားသည့်လေသံဖြင့် ရွှီလော့ယန်က အသံမက်ဆေ့တစ်စောင်ကို ပို့လိုက်၏။ 


"ပျော်ရွှင်စရာ နွေဦးပွဲတော်ပါ မစ္စတာချီ လာမယ့်နှစ်မှာ ကျန်းကျန်းမာမာနဲ့ အောင်မြင်တဲ့လုပ်ငန်းကိုင်ငန်းတွေဖြစ်ဖို့ ဆုတောင်းပေးလိုက်ပါတယ်" 


ချီချန်အန်းက စာပြန်ရာမှာ အလွန်မြန်ဆန်နေဆဲပင်။ 


"ကျေးဇူးပါ နျောင်နျောင်လည်း ပျော်ရွှင်စရာ နွေဦးပွဲတော်နေ့လေးဖြစ်ပါစေ" 


ထို့နောက် သူက "မင်း ဘီမြို့ကို ပြန်ရောက်နေပြီလား" ဟုမေးလာ။


_____


Translated By IQ-Team.