အပိုင်း ၄၃
Viewers 6k

🍬Chapter 43



------------


ယခုကဲ့သို့သော ဒါရိုက်တာမျိုးကို ရှားနန်ယခင်က တစ်ခါမျှမကြုံဖူးသည့်အတွက် သူကအနည်းငယ် ရှုပ်ထွေးနေသည်။ သို့သော် နှစ်ပေါင်းများစွာကြာသရုပ်ဆောင်လာသည့် သူ၏အတွေ့အကြုံများက အခြေအနေနှင့် အလျင်အမြန် လိုက်လျောညီထွေဖြစ်စေကာ၊ သူသိပ်ပြီးမမှတ်မိသည့် စာသားအနည်းငယ်ကို ရေရွတ်လိုက်သည်။


ချူးဝေ့အသံကိုကြားသည့်အခါမှ သူတို့က သရုပ်ဆောင်နေသည်ကို ရပ်တန့်လိုက်ပြီး ဒါရိုက်တာထံမှ မှတ်ချက်အားစောင့်ဆိုင်းနေလိုက်သည်။


ချူးဝေ့က သနားကြင်နာသည်ဟူသည့် စကားလုံး၏ဆိုလိုရင်းကို ဘယ်သောအခါကမျှ နားမလည်ခဲ့သူဖြစ်သည်။ 


သို့နှင့် သူက အသံပြတ်ပြတ်နှင့်သာ "သရုပ်ဆောင်တဲ့အခါ မင်းရဲ့အနေအထားကတော့မဆိုးပါဘူး ဒါပေမယ့် မင်းရဲ့ စာသားတွေကတော့ လုံးဝကောင်းမနေဘူး ငါမင်းကို နှစ်ရက်အချိန်ပေးမယ် အဲ့ဒီအထိ မင်းရဲ့စာသားတွေကို မမှတ်မိနိုင်ဘူးဆိုရင်တော့ ကိုယ့်အထုတ်ကိုယ်ထုပ်ပြီး ပြန်ပေတော့" 


သူ့နံဘေးတွင်ရပ်နေသော ရွှီလော့ယန်က ကြမ်းခင်းအဆင်တန်ဆာတို့ကိုသာ ငုံ့ကြည့်နေမိသည်။ ဒါရိုက်တာ၏စကားလုံးများက နှလုံးသားတည့်တည့်သို့ လာမှန်သောမြှားကဲ့သို့ဖြစ်ကြောင်း တွေးနေမိသည်။ ထို့နောက် ရုပ်ရှင်အဖွဲ့ထဲ သူပထမဆုံးရောက်လာစဉ်အချိန်ကို ပြန်သတိရသွားမိသည်။ ဒါရိုက်တာချူးက သူ့အား ဝိတ်အနည်းငယ်ချရန်ပြောခဲ့လေသည်။ ယခုအကြိမ်နှင့်ယှဉ်လိုက်ပါက ထိုအချိန်ကသူ့လေသံမှာ နွေဦးကဲ့သို့ နွေးထွေးပေသည်။


သို့နှင့် နေ့လည်စာစားချိန်၌ ရှားနန်က ဇာတ်ညွှန်းစာအုပ်ကိုကိုင်ကာ ဇာတ်ဝင်ခန်းတစ်ခန်းအကြောင်း မေးမြန်းရန်လာစဉ်၊ သူရုပ်ရှင်အဖွဲ့ထဲ ရက်အနည်းငယ်သာရှိနေစဉ်က ဇာတ်ညွှန်းဖတ်၍သူ၏စာသားများကို မှတ်နိုင်ရန် တစ်ညလုံးမအိပ်ဘဲနေခဲ့ရတာကို ပြန်တွေးမိပြီး ၊ ရွှီလော့ယန်က ကူညီရန်ဆုံးဖြတ်လိုက်ကာ မငြင်းဆိုတော့ပေ။


သူ့နံဘေးရှိထိုင်ခုံတွင်ထိုင်ရင်း၊ အလွန်လျှင်မြန်သည့်အရှိန်နှင့် ရွှီလော့ယန်တစ်ယောက် မက်ဆေ့များပို့နေတာကို မြင်သည့်အခါ ရှားနန်က စမ်း၍မေးကြည့်လိုက်သည်။ 


"မင်း ချီချန်အန်းနဲ့ စကားပြောနေတာလား"


ရွှီလော့ယန်ကခေါင်းညိတ်ကာ၊ "ဟုတ်တယ် မင်းဘယ်လိုသိတာလဲ"


ရှားနန်က ပါးစပ်အတွင် အနည်းငယ်ခါးသက်သက်ဖြစ်သွားရသည်။ သို့သော် သူ့လေသံက ပုံမှန်ဖြစ်နေဆဲပင်။ 


"ငါ မင်းနဲ့သူ့ကို အခုတလော သတင်းတွေထဲ တော်တော်လေးမြင်နေရတယ်လေ အဲ့ဒါကြောင့် ခန့်မှန်းကြည့်လိုက်တာ"


 ရွှီလော့ယန် စိတ်မဆိုးတာကိုမြင်သည့်အခါ သူက ပို၍ပေါ့ပါးသော လေသံဖြင့် "အရင်က မင်းတို့နှစ်ယောက်က ဒါရိုက်တာကျန်းရဲ့ဒရာမာမှာ အတူတူသရုပ်ဆောင်ကြတယ်ဆိုတော့ ငါက ရုပ်ရှင်အဖွဲ့ကဖန်တီးတဲ့ စန်းတင်တာလို့ပဲ ထင်နေတာ အပြင်မှာလည်း မင်းတို့က ဒီလောက်ရင်းနှီးနေမယ်လို့ မထင်ထားမိဘူး"


ရှားနန်၏ စကားများကိုကြားသည့်အခါ ရွှီလော့ယန်က မရှင်းပြနိုင်လောက်အောင် မသက်မသာဖြစ်သွားလေသည်။ 


"ငါတို့ရဲ့ဆက်ဆံရေးက တော်တော်လေး ကောင်းပါတယ်"


ထို့နောက် သူကဆက်မပြောချင်တော့သဖြင့် ဇာတ်ညွှန်းကိုသာ လက်ညှိုးထိုးပြကာ "ဇာတ်ဝင်ခန်းကိုသာ မြန်မြန်လုပ်ရအောင် ငါတို့ထပ်ပြီး အလုပ်ပြန်မလုပ်ခင် မိနစ်လေးဆယ်ပဲ အချိန်ရတော့တာ"


နောက်ထပ် သုံးရက်အတွင်း၊ ချူးဝေ့၏အေးစက်သောအကြည့်များအောက်၊ ရှားနန်က အချိန်ရသရွေ့ရွှီလော့ယန်အနားသို့သွားနေကာ အင်မတန်ကိုမှ ဂရုတစိုက်ရှိနေလေ၏။ မနက်စာယူလာပေး၊ သောက်စရာများ ယူလာပေး၊ ဇာတ်ညွှန်းယူပေးနှင့် ထိုသို့အသေးစိတ်ကျသည့် လုပ်‌ငန်းဆောင်တာများအပြင်၊ အလုပ်နှင့်သက်ဆိုင်သည့်လုပ်ရိုးလုပ်စဉ်များဖြစ်သည့် အချက်အလက်ထောက်ပြခိုင်းခြင်း၊ အတူတူသရုပ်ဆောင်လေ့ကျင့်ပေးရန်မေးမြန်းခြင်းနှင့် ဇာတ်ကောင်များအကြောင်းအတူတူဆွေးနွေးခြင်းတို့ကိုလည်း ပြုလုပ်နေလေ၏။ 


ချူးဝေ့က လူကဲခတ်ရာမှာ အင်မတန်မှကျွမ်းကျင်ပြီး ရှားနန်ဘာလုပ်နေသလဲဆိုတာကို ရိပ်မိကာ ချီချန်အန်းထံသို့ ဖုန်းခေါ်လိုက်သည်။ 


ချီချန်အန်းက ခပ်မြန်မြန်ပင် ဖုန်းကိုင်လာသည်။ 


"ဒါရိုက်တာချူး လော့ယန် တစ်ခုခုဖြစ်နေလို့လား"


"ဘာမှ မဖြစ်ဘူး" 


နောက်ထပ်ဇာတ်ဝင်ခန်းအတွက် ဇာတ်ညွှန်းစာအုပ်ကိုကိုင်ကာ ရွှီလော့ယန်ထံ အပြေးလေးသွားနေသည့် ရှားနန်ကို ကြည့်‌ကာ ချူးဝေ့က ဖြည်းဖြည်းချင်းပြောလိုက်သည်။


"ရင်းနှီးစွာနဲ့ သတိပေးလိုက်မယ် အကယ်၍ မင်းသာရောက်မလာရင် မင်းရဲ့ ကိတ်မုန့်ချိုချိုလေးတော့ အခိုးခံရတော့မယ်"


နေ့လည်ခင်းအစမ်းလေ့ကျင့်မှု၏ ပထမဆုံးဇာတ်ဝင်ခန်းမှာ ဧကရာဇ်ကျစ်ချူးက သူ့လက်စွဲတော်ဓားရှည်ကိုယူကာ၊ ငြိမ်းချမ်းရေးဆွေးနွေးရန်လာရောက်သည့် ယင်းချွမ်၏မင်းသားအရှေ့၌ပင် သူ့ဗိုလ်ချုပ်များထဲမှတစ်ဦးကို ခေါင်းဖြတ်သတ်လိုက်သည့်အခန်းပင်။ ကျစ်ရှန်၏မျက်နှာမှာလည်း ကြောက်ရွံ့မှုကြောင့် ဖြူဆုတ်သွားလေသည်။ 


ဒါရိုက်တာချူးက ထိုဓားအား ဝှေ့ယမ်းကိုင်ဆောင်ချက်က လှပမှုနှင့် ရက်စက်မှုနှစ်ခုလုံးကို ပြသရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း အရမ်းကြီး သွေးသံတရဲရဲဖြစ်မနေလိုသည့်အပြင် ထိုဓားချက်နှင့်အတူပါလာသည့် မျက်နှာအသွင်အပြင်ကလည်း အံ့ဩဖွယ်အလှတရားအား ပြသနေရမည်ဟု တောင်းဆိုပြန်သေးသည်။


သို့နှင့် ဤသရုပ်ဆောင်ကွက်တစ်ကွက်တည်းမှာပင် ရွှီလော့ယန်က ဒါရိုက်တာချူးထံမှ အကြိမ်သုံးဆယ်လောက် NG ဖြစ်ပြီးပြီပင်။


တောင်းဆိုချက်များနှင့် ကိုက်ညီသွာသည်အခါမှသာ ဒါရိုက်တာချူးက ဝန်ထမ်းများကို နေရာတွင်ပဲ ဆယ်မိနစ်မျှနားရန် ခွင့်ပြုပေးသည်။ ရွှီလော့ယန်က ပေါင်နှစ်ဆယ်ထက်ကျော်သည့် သံချပ်ကာကို ဝတ်ဆင်ထားရပြီး အနီးဆုံးမှ အနားယူရန်နေရာသို့လျှောက်သွားလိုက်သည်။ သူ့တစ်ကိုယ်လုံးက တစ်စဆီပြုတ်ထွက်တော့မတတ်ပင်။


သူ့အိတ်ထဲမှ အပူခံခွက်ကို ထုတ်ယူလိုက်ပြီးနောက်၊ အကျင့်အရ သူကအရင်ဆုံးစစ်ဆေးလိုက်သည်။ ရွှီလော့ယန်က သူစားမည့်အစားအစာနှင့် သူသောက်မည့်ရေနှင့် ပတ်သက်၍ အင်မတန်ကိုမှ ဂရုတစိုက်ရှိလေသည်။ မည်သို့ပင်ပြောပြော၊ ရိုက်ကွင်း၌ လူအများကြီးရှိနေသည်ဖြစ်ရာ၊ တစ်စုံတစ်ယောက်၏လှည့်စားမှုအောက်ကျရောက်သွားရန် လွယ်ကူလေသည်။ ပုံမှန်အားဖြင့် သူက လုတိအား သူ့အတွက် သယ်ခိုင်းထားတတ်သော်လည်း ယနေ့တွင် လုတိကအအေးမိနေရာ ရွှီလော့ယန်က သူ့ကို အနားယူစေရန် အဝတ်လဲခန်းထဲသို့ လွှတ်လိုက်လေသည်။


သူ့အပူခံခွက်က အဆင်ပြေတာကို သေချာစစ်ဆေးပြီးကာမှ ရွှီလော့ယန်က အဖုံးအား လှည့်ဖွင့်လိုက်သည်။ သို့သော် ဓားရှည်အား အချိန်ကြာကြာကိုင်၍ ဝှေ့ယမ်းနေရသည့်အတွက် သူ့လက်များက တုန်ခါနေလေသည်။ သူက အကြိမ်အနည်းငယ်လောက် အဖုံးကိုလှည့်ဖွင့်ရန်ကြိုးစားသော်လည်း မဖွင့်နိုင်ပေ။


ရှားနန်က ဇာတ်ညွှန်းကိုကိုင်ကာ သူ့ထံလာနေစဉ် ထိုအခြေအနေကို သတိထားမိကာ သူက မြန်မြန်ပင်မေးလာသည်။ 


"ငါ မင်းအတွက် ဖွင့်ပေးရမလား" 


မသိလိုက်ဘာသာနှင့် အပူခံခွက်အား ပလပ်စတစ်ခုံပေါ်ပြန်တင်လိုက်ပြီး ရွှီလော့ယန်က ရယ်လိုက်ကာ "မလိုပါဘူး ငါ မဖွင့်နိုင်ဘူးဆိုတော့ ငါ ဒီနေ့ကံမကောင်းဘူးလို့ ဆိုလိုတာပဲလေ နတ်ဘုရားတွေက ငါ့ကို ရေလျှော့သောက်ပြီး အိမ်သာသိပ်မသွားဖို့ သတိပေးတာလည်း ဖြစ်နိုင်တာပဲ" 


သူက ရှေးခေတ်ဝတ်စုံနှင့် သံချပ်ကာကို ဝတ်ဆင်ထားသည့်အတွက် အိမ်သာသို့သွားရသည့်အကြိမ်တိုင်း သူ့မှာ ငြီးငွေ့လို့သေတော့မလိုပင်။


သို့သော်လည်း ထိုအချိန်၌ပင်၊ ခုံပေါ်တင်ထားသည့် အပူခံခွက်မှာ ကောက်ယူခံလိုက်ရပြီး စိုးရိမ်နေသည့်အသံတစ်ခုကလည်း ထွက်ပေါ်လာ၏။


"မင်းလက်တွေ အားနည်းနေတာလား"


ရွှီလော့ယန်က မျက်တောင်တဖြတ်ဖြတ်ခတ်မိသွားကာ နောက်သို့ လှည့်မကြည့်ရဲပေ။ သူ့ကိုယ်သူ တိုးတိုးလေးပြောလိုက်မိသည်။ 


"ငါ ထင်ယောင်ထင်မှားတွေဖြစ်နေတာလား"  


မဟုတ်ပါက အဘယ်ကြောင့်သူက ချီချန်အန်း၏အသံကို ကြားနေရတာလဲ။


ထိုအသံက ရယ်ချင်စိတ်များ ရောယှက်ကာ ကူကယ်ရာမဲ့နေဟန်ဖြင့် ထပ်ဆိုလာသည်။ 


"မင်းထင်ယောင်ထင်မှားဖြစ်နေတာမဟုတ်ပါဘူး လှည့်ကြည့်လိုက်"


ထိုစကားကိုကြားသည့်အခါ ရွှီလော့ယန်က နောက်သို့ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်ချိန်တွင် ချီချန်အန်းက သူ့အနောက်တွင် ရပ်နေတာကို မြင်လိုက်ရသည်။ သူ့ဆံပင်ကို သေချာဖြီးသင်ထားပြီး မာဖလာကိုပေါ့ပေါ့ပါးပါးချည်နှောင်ထားကာ ဝယ်သူအလိုကျအထူးပြုလုပ်ထားသည့် cashmere အမွှေးဖြင့်ပြုလုပ်ထားသော ကုတ်အင်္ကျီရှည်ကို ဝတ်ဆင်ထားသည့်အတွက် သူ့ခြေထောက်များကို ပို၍‌ရှည်လျားသယောင်ဖြစ်သွားစေသည်။ သူ့လက်ထဲတွင်မူ အပူခံခွက်အားကိုင်ထားကာ အထူးပြုလုပ်ထားတဲ့ နီလာများစီခြယ်ထားသည့် နာရီက အိင်္ကျီလက်မှတစ်စွန်းတစ်ထွက်ပေါ်နေပြီး သူ့လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားလေသည်။ 


"ချန်အန်း..." 


ရွှီလော့ယန်က ထခုန်ဖို့ရာအတွက် သူဝတ်ဆင်ထားသည့် သံချပ်ကာမှာ အင်မတန်လေးလံနေလေ၏။ သို့သော် သူ့မျက်နှာထက်တွင် အပြုံးပန်းများဖြင့် သိသိသာသာကိုပင် ပျော်ရွှင်နေလေသည်။ 


"ဘာလို့ ဒီအထိ ရောက်လာတာလဲ"


"မင်းကို အဖုံးကူဖွင့်ပေးဖို့ ရောက်လာတာလေ" 


ချီချန်အန်းက သူ့အား အဖုံးဖွင့်ထားသည့် အပူခံခွက်အား လှမ်းပေးလိုက်သည်။ 


"ဒီမှာ"


သူရေမသောက်တော့ဘူးဟု ယခုလေးတင်ပြောလိုက်တာကို လုံးလုံးလျားလျားပင် မေ့လျော့သွားသည့် ရွှီလော့ယန်မှာ ခွက်အား သဘာဝကျကျပင် လှမ်းယူလိုက်ပြီး တစ်ကြိုက်တည်းဖြင့် ရေများအား အကုန်မော့သောက်ပစ်လိုက်၏။


ထိုအချိန်တွင် ချီချန်အန်းအနောက်မှလိုက်လာသည့် ဟိုတယ်ဝန်ထမ်းများက တွန်းလှည်းများကိုတွန်းလာကာ ဝန်ထမ်းများအား တစ်ယောက်ချင်းစီ သောက်စရာပူပူလေးတို့ကို ကမ်းပေးလာသည်။


ထိုအခြင်းအရာကိုမြင်သည့်အခါ ရွှီလော့ယန်က ရေချည်းသောက်ရတာ အရသာမရှိဟု ချက်ချင်းပင် ခံစားလိုက်ရသည်။ 


သူက ချီချန်အန်း၏ အင်္ကျီစကို ဆွဲလိုက်ကာ "မင်း ဘာတွေယူလာတာလဲ"


"ချောကလက်ပူပူလေး ကော်ဖီပူပူလေးနဲ့ နို့လက်ဖက်ရည်ပူပူလေး" 


ရွှီလော့ယန်၏မျက်နှာအမူအယာကို မြင်သည့်အခါ ချီချန်အန်းက ရယ်မောလိုက်ကာ "မင်း နည်းနည်းလောက် သောက်ချင်လား" 


"ကျွန်တော် သောက်ချင်တယ်"


ရွှီလော့ယန်က ခေါင်းညိတ်ကာ စိတ်အားထက်သန်သောမျက်လုံးများဖြင့် ချီချန်အန်းကိုကြည့်၍ "ကျွန်တော် ချောကလက်ပူပူနွေးနွေးလေး သောက်ချင်တယ်" 


"နှစ်သစ်ကူးအကြိုနေ့တုန်းက လက်တလောကိုယ်အလေးချိန်ထိန်းသိမ်းရမှာမို့ ကယ်လိုရီနဲ့ အဆီများတဲ့ အစားအသောက်တွေ အကုန် လက်မခံဘူးလို့ ကြေညာထားတာက ဘယ်သူလဲ" 


ထိုသို့ပြောနေသော်လည်း ချီချန်အန်းက ချောကလက်ပူပူလေးတစ်ခွက်ကို သွားယူလာကာ ပိုက်ကို သေချာထည့်၍ သူ့ထံလှမ်း‌မပေးခင်တွင်"နည်းနည်းပူနေသေးတယ် ဂရုစိုက်ဦး" ဟု ပြောလိုက်သေးသည်။


ရွှီလော့ယန်က နည်းနည်းလောက်သောက်လိုက်ပြီးနောက် အားရကျေနပ်စွာ မျက်လုံးများမှိတ်လိုက်စဉ်၊ နံဘေးတွင်ရပ်နေဆဲဖြစ်သည့်ရှားနန်အား ချီချန်အန်းက ကြည့်လိုက်ကာ သူ့ပုံမှန် အေးစက်စက်လေသံဖြင့် "ဟယ်လို ကျွန်တော်က ချီချန်အန်းပါ" ဟု နှုတ်ဆက်လိုက်၏။


ချီချန်အန်း၏နံဘေးတွင်ရပ်နေကာ သူ့ချောကလက်ပူပူလေးကိုသာ အာရိုက်၍သောက်နေသော ရွှီလော့ယန်ကိုကြည့်ရင်း ရှားနန်က အပြုံးတစ်ခုကို ဖြစ်ညစ်ပြုံးပြကာ "ဟယ်လို ကျွန်တော်က ရှားနန်ပါ"


"တွေ့ရတာ ဝမ်းသာပါတယ် လော့ယန်ကို ဒီရက်တွေအတွင်းမှာ စောင့်ရှောက်ထားပေးတာ ကျေးဇူးပါ မစ္စတာရှားကရော ဘာများသောက်ချင်သေးလဲ ကျွန်တော် သွားယူလာပေးပါ့မယ်"


ပတ်ဝန်းကျင်လေထု၏အခြေအနေပြောင်းလဲသွားတာကို သတိမမူမိသည့် ရွှီလော့ယန်က သူ့ပိုက်ကိုကိုက်ရင်း ခေါင်းညိတ်ကာ "ဟုတ်သားပဲ ချန်အန်းဝယ်လာပေးတဲ့ သောက်စရာပူပူလေးတွေက တော်တော်လေး သောက်လို့ကောင်းတာ ရှားနန်၊ မင်း တစ်ခွက်လောက် သောက်ကြည့်ပါလား"


ရှားနန်က သူ့အပြုံးကိုဆက်ထိန်းထားရန် သိပ်မတတ်နိုင်တော့ပေ။ 


"ကျေးဇူးပါ ဒါဆိုငါ ကော်ဖီတစ်ခွက်ပဲ သောက်လိုက်ပါတော့မယ်" 


_


ရွှီနျောင်နျောင်၏ စိတ်ခံစားချက်သေးသေးလေး:


ငါအရမ်းပျော်တာပဲ...စက်ဝိုင်းထဲဝိုင်းကြီးပတ်ပတ်ပတ်လုပ်နေမိပြီ။


___


Translated By IQ-Team.