အပိုင်း ၂၃၈
Viewers 49k

Chapter 238



ပြောင်းလဲမှုမှာ အလွန် မသိသာပါပေ။ သူက သူ့အား ငယ်ရွယ်ပုံပေါက်စေသော ရှေ့ဆံပင်ကို ချန်ထားလိုက်သည်။ ဆံပင် အဖျားများကို ညှပ်ချကာ လင်းလော့ချင်းပေးနေသော တောက်ပကာ ငယ်ရွယ်သည့် အရှိန်အဝါကို လျော့နည်းသွားစေလိုက်သည်။


မိတ်ကပ်ပညာရှင်က လင်းလော့ချင်း၏ မျက်နှာသွင်ပြင်များကို စေ့စေ့စပ်စပ်လေ့လာပြီးနောက် သူ့မျက်ခုံးမွေးကို ပြန်ဆွဲလိုက်သည်။ ထို့နောက် သူ့မျက်လုံး၏ ကောက်ကြောင်းများကို ပြောင်းလဲလိုက်ပြီးနောက် လင်းလော့ချင်းမှာ သူ့၏ ပုံမှန် ညင်သာမှုများ ပျောက်ဆုံးသွားလေသည်။ သူ့၏ အလေးမစိုက်ဟန် အမူအရာကို ထပ်ပေါင်းပါက သူက အလွန်သီးသန့်ဆန်သည့်ပုံရပေသည်။


လင်းလော့ချင်းက ကြောင်အသွားကာ ၄င်းတို့က အမှန်ပင် မှော်လက်များလားဟု တွေးနေမိ၏။ 


ထို့နောက် ဒါရိုက်တာလီက သူ့ကို ထပ်မံလှမ်းကြည့်လိုက်ပြီး လက်ခံ၍ရသည်ဟု ဆုံးဖြတ်ကာ မိတ်ကပ်ပညာရှင်အား မည်သည့် ပြောင်းလဲမှုမှ မလုပ်ခိုင်းတော့ပါပေ။ 


လင်းလော့ချင်းသည် အရင်က ဖန်သားပြင်ပေါ်တွင် မည်သည့် မိတ်ကပ်မှမလိမ်းပဲ ပေါ်လာခဲ့သည်ဖြစ်ရာ သဘာဝအလျောက်ပင် ဤတစ်ကြိမ် ဝတ်စားဆင်ယင်မှုကိုလည်း စိတ်မပူပါချေ။ သူ့ဇာတ်ကောင်၏ အဝတ်အစားများလဲပြီးနောက် သူက ပရိသတ်များအား ပုံရိပ်အသစ်တစ်ခုပြသရန် အသင့်ဖြစ်နေလေပြီ။ 


သူ့၏ ဝတ်စုံမှာ လင်းလော့ချင်း ယခင်က စိတ်ကူးထားသည်လောက် ဖရိုဖရဲမဖြစ်ပေ။ ဤသည်က မည်သည့် နာမည်ကြီး တံဆိပ်မှမဟုတ်သော်လည်း အရောင်မှာ အတန်ပင် နည်းပါးလေသည်။ ၄င်းက လင်းလော့ချင်းအား ကောင်းကောင်း ဖြည့်ဆည်းပေးကာ လင်းလော့ချင်းပြသမည့် ကျောင်း၏လူချောလေးတစ်ဦးပုံရိပ်ကို ပို၍ထင်ဟပ်စေသည်။


လင်းလော့ချင်းက သူ့ကိုယ်သူ မှန်ထဲတွင် ကြည့်ပြီးနောက် သူ့၏ ဆံပင် ပုံစံပြောင်းရန် ဖိအားပေးခံလိုက်ရသည့် ဝမ်ကျစ်မင်းကိုကြည့်လိုက်သည်။ သူက သူတို့နှစ်ဦးကြားရှိ ကွဲပြားမှုကြီးကို ခံစားလိုက်ရသည်။ 


တစ်ဖက်မှာ ဘဝအကြောင်း ထုတ်လုပ်ရေးများမှ ဘဝတွင် များစွာကြုံတွေ့ခဲ့ရသော သက်လတ်ပိုင်းတစ်ဦးနှင့် လိုက်ဖက်သည့် ဇာတ်ကောင်တစ်ယောက်၏ ပုံရိပ်ရှိ၏။ ထိုအချိန်တွင် လင်းလော့ချင်းမှာ သူက idol ဒရမ်မာများ ရိုက်ကူးနေဆဲဖြစ်သည်ဟု ခံစားလိုက်ရသည်။ ဤသည်က ကောင်းသည့်ဟန် မရပါပေ။ 


"မဆိုးဘူး... မဆိုးဘူး..."

ဒါရိုက်တာလီက သူ့၏ မေးစေ့ကို ပွတ်လိုက်သည်။ 

"ရှောင်လင်းက အရမ်းချောနေတုန်းပဲ..."


လင်းလော့ချင်း : ...


"ကျွန်တော်ရုပ်က ဝမ်လောင်ရှီးနဲ့ သိပ်ပြီး မလိုက်ဖက်သလို ခံစားရတယ်..."

သူက အသံတိုးတိုးနှင့် ဆိုလိုက်သည်။ 


"ဟုတ်တယ်..."

ဒါရိုက်တာလီက ၄င်းကို ပြဿနာတစ်ခုဟု မခံစားရပါပေ။ 


"မင်းက ဉာဏ်ကောင်းတဲ့ လူငယ်လေးပဲ... ဘဝမှာ ကောင်းကောင်းမလုပ်နိုင်တဲ့ သက်လတ်ပိုင်း ဦးလေးကြီးတစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်လို့ရမှာလဲ... မင်းက ပိုပြီး ထင်ပေါ်နေရမှာပေါ့..."


ဝမ်ကျစ်မင်းက ချက်ချင်းခေါင်းလှည့်လာလိုက်သည်။

"ငါဒီမှာ ထိုင်နေတုန်းနော်... ပြီးတော့ ငါကလည်း တစ်ချိန်တုန်းက ဘဝရဲ့အထွတ်အထိပ်ရောက်ခဲ့တဲ့ လူငယ် ကြယ်ပွင့်တစ်ယောက်ပါနော်... ဟုတ်တယ်မလား..."


"မင်းပြောသလိုပဲ တစ်ချိန်တုန်းကတော့ ဟုတ်ပါတယ်... အခုမဟုတ်တော့ဘူးလေ..."


ဝမ်ကျစ်မင်း : ...


သူက ဒေါသတကြီး နှာမှုတ်ကာ နောက်ကို လှည့်သွားသည်။ 


မကြာမီမှာပင် လင်းလော့ချင်း၏ ဆံပင်ပုံစံအသစ်က ပြီးစီးသွား၏။ ဤတစ်ကြိမ်တွင် ယခင်ကလောက် မရှုပ်နေတော့ချေ။


 ဒါရိုက်တာလီ တောင်းဆိုသည့်အတိုင်းပင် အဖျားများကို ခပ်တိုတို ညှပ်ထားပြီး လင်းလော့ချင်း၏ မျက်ခုံးချွန်ချွန်များက ရှေ့ဆံပင်အောက်တွင် ဖုံးကွယ်မနေတော့ရာ ပို၍ပင် ချောမောသွား၏။ 


ဒါရိုက်တာလီမှာ ကျေနပ်သွားပြီး လင်းလော့ချင်းနှင့် ဝမ်ကျစ်မင်းကို အတူရပ်ခိုင်းလိုက်သည်။ 


"စိတ်ဝင်စားစရာပဲ..."

ဒါရိုက်တာလီက သူ့ရှေ့တွင် ရပ်နေသော လူနှစ်ဦးကို စစ်ဆေးလိုက်ပြီး လက်ပိုက်ကာ အမိန့်ပေးလိုက်သည်။

"ဖူရှီကို နည်းနည်းပိုဖျော့ပြီး လင်းတဲ့ အရောင်နဲ့ ဂျာကင်အင်္ကျီ သွားယူပေးလိုက်... အစိမ်းနုလေး..."


စတိုင်လစ်က သူ့စကားများကို ကြားသောအခါ သူ့လက်ထောက်ကို အလျင်အမြန် တစ်ခုသွားယူခိုင်းလိုက်သည်။ လင်းလော့ချင်းက သူဝတ်ထားသည့် အနက်ရောင် ဂျာကင်ကို ချွတ်လိုက်ပြီး ဒါရိုက်တာလီ ဝတ်စေချင်သော အစိမ်းဖျော့ရောင် ဂျာကင်နှင့် လဲဝတ်လိုက်သည်။


ဒါရိုက်တာလီ၏ မျက်လုံးများက တောက်ပလာ၏။

"အဲဒါက ပိုမကောင်းဘူးလား... ရှောင်လင်း ဒီတစ်ထည်ပဲ ဝတ်လိုက်..."


"ဟုတ်..."

လင်းလော့ချင်း၏ အသံမှာ အေးစက်ကာ မရေးမစိုက်ဟန်ဖြစ်နေပြီး ဒါရိုက်တာလီ၏ စိတ်ထဲတွင် ရှိနေသော ဖူရှီ၏ ပုံရိပ်ကို ဖြည့်စွက်လိုက်သည်။ 


လင်းလော့ချင်းနှင့် ဝမ်ကျစ်မင်းတို့က သူတို့၏ ဇတ်ကောင်များအတွက် အဝတ်အစားများနှင့် စတိုင်များကို ပြင်ဆင်ပြီးချိန်တွင် ဟို့ဝမ်ယွီက ရောက်လာလေ၏။ 


"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... ငါ့ရဲ့ လေယာဉ်က နောက်ကျနေလို့... တကယ်ကို တောင်းပန်ပါတယ်..."

သူက စိတ်ရင်းဖြင့် ဖော်ပြလိုက်သည်။ 


လင်းလော့ချင်းက နောက်လှည့်လိုက်သည်။ ဟို့ဝမ်ယွီမှာ သူ့ဆီသို့ စိုက်ကြည့်နေပြီး သူတို့၏ မျက်လုံးများ ဆုံသွားကာ ဟို့ဝမ်ယွီက အနည်းငယ် ကြောင်သွား၏။

"ဖူရှီ..."


လင်းလော့ချင်းက သီးသန့်ဆန်သည့် စရိုက်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ 


ဟို့ဝမ်ယွီ : ...ဒီထုတ်လုပ်ရေးအတွက် သူက တကယ်ကြီး ဒီလောက်တောင် အေးစက်သွားတာလား... သူက သရုပ်ဆောင်စရာတောင် မလိုဘူးလား... အဲ့ဒါက သူ့ရဲ့ ပုံစံအမှန်များလား...


လင်းလော့ချင်းက သူ့အဝတ်အစားများကို ပြင်ဆင်ပြီးချိန်တွင် ကျိယွီရှောင်သည်လည်း ထန်ကျားကျိ၏ ဆံပင်ကို ရလာပြီဖြစ်သည်။ 


သူက အံဆွဲကို ဆွဲဖွင့်ကာ အတွင်းမှ အိတ်အကြည်တစ်ခုကို ယူလိုက်သည်။ အထဲတွင် နောက်ထပ်ဆံပင်တစ်ချောင်းရှိကာ ပြီးခဲ့သည့် နှစ်သစ်ကူးတွင် ကျိယွီရှောင် အဖေကျိ၏ ကော်လာမှ တမင်ယူလာခဲ့သည့် ဆံပင်ဖြစ်၏။ 


သူက လက်ထဲမှ ဆံပင်ချည်ကို လေးလံသော အမူအရာဖြင့်ကြည့်လိုက်သည်။ 


သူက နောက်တစ်ကြိမ် ခန္ဓာကိုယ် စစ်ဆေးမှု ပြုလုပ်ပြီးချိန်တွင် ရလာဒ်ထွက်လောက်လေပြီ။ ထိုအချိန်တွင် သူ့၏ မှန်းဆချက်များအားလုံးက အဆုံးသတ်ဖြစ်ကာ မှန်သည်၊ မှားသည် ပေါ်လာပေမည်။ 


သူက အနာဂတ်အစီအစဉ်များကို တွေးတောနေစဉ် သူ့ဖုန်းထဲသို့ စာတိုတစ်စောင်ဝင်လာကြောင်း အချက်ပြလာပြီး ၄င်းမှာ လင်းလော့ချင်းဖြစ်နေ၏။ 

[ငါတို့က အဝတ်အစား ဝတ်တုန်းပဲ ရှိသေးတယ်... ငါပြန်ရောက်ရင် အတော်လေး နောက်ကျတော့မယ်ထင်တယ်... ကလေးတွေနဲ့ အိပ်နှင့်နော်... ငါ့ကို စောင့်နေစရာ မလိုဘူး...]


ကျိယွီရှောင်က ပြန်ဖြေလိုက်သည်။

[ဟုတ်ပြီ...]


သူက ဆံပင်ချည်ကို အကြည်အိတ်ထဲသို့ ပြန်ထည့်ကာ အံဆွဲထဲသို့ ပြန်ထားလိုက်ပြီး လင်းဖေး၏ အခန်းထဲသို့ ဝင်သွားလိုက်သည်။


ကျိလဲ့ယွီမှာ လင်းဖေး၏ ဘေးသို့ တိုးကပ်နေကာ သေးငယ်သော ခန္ဓာကိုယ်လေးကြောင့် အလွန် ချစ်စရာကောင်းကာ အပြုအမူကောင်းနေပေသည်။ သူတို့နှစ်ယောက်က တံခါးဖွင့်သံကြား၍ ဖြစ်နိုင်ပြီး နောက်လှည့်ကာ ကျိယွီရှောင်ဝင်လာသည်ကို ကြည့်လိုက်သည်။ 


"စောစောနားကြ..."

ကျိယွီရှောင်က တိုက်တွန်းလိုက်သည်။


"သိပါပြီ..."

ကျိလဲ့ယွီက အလွန်ချိုမြိန်စွာ ပြုံးပြလိုက်သည်။ 


ကျိယွီရှောင်က သူ့အပြုံးကိုကြည့်ကာ ခံစားချက်ကောင်းလာပြီး ကျိလဲ့ယွီကို လက်ကမ်းပြလိုက်သည်။  


ကျိလဲ့ယွီမှာ ကြောင်သွားသော်လည်း သူ့စာအုပ်ကိုချကာ ကျိယွီရှောင်ထံသို့ ပြေးသွားလိုက်သည်။ 


ကျိယွီရှောင်က သူ့ကိုဖက်ကာ ခေါင်းကို ပွတ်ပေးလိုက်သည်။


ကျိလဲ့ယွီသည်လည်း သူ့ကို ဖက်ရန် လက်ဆန့်တန်းလိုက်ပြီး သူ့မျက်နှာပေါ်သို့ နမ်းလိုက်ကာ ကျိယွီရှောင်ကို အလွန်ပျော်ရွှင်စေလိုက်သည်။ သူက ရယ်မောကာ နူးညံ့လှသော အမူအရာ၊ ကျေးဇူးတင်သည့် ခံစားချက်ဖြင့် သူ့တူကို ကြည့်လိုက်သည်။


သူ အသက်ရှင်နေသေးတာ ကံကောင်းတာပဲ...


သူ့အစ်ကိုရဲ့ တစ်ဦးတည်းသော သားလေးက ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့သူ့ဘေးမှာ ရှိနေသေးတယ်...


*****

ဧပြီ ၃၉ရက်တွင် "အနောက်အရပ်သို့ ခရီး"မှာ တရားဝင် ထုတ်လုပ်ရေး စတင်ပြီဖြစ်၏။ လင်းလော့ချင်း၊ ဖန်တီးသူများနှင့် အဖွဲ့များအားလုံးက ဖွင့်ပွဲအခမ်းအနားကို ပါဝင်ဆင်နွှဲကြသည်။  


ထို့နောက် အဓိကမင်းသား၊ မင်းသမီးများစွာက အဝတ်အစားပြင်ဆင်ရန် ကြိုဆိုခြင်းခံရပြီး အဖွဲ့က သူတို့၏ ပထမဆုံး ရိုက်ကွင်းကို လုပ်ခွင့်ပြုလိုက်သည်။ 


ရုံး၏ ဖိုရမ်မှာ အဖွင့်ပွဲ၏ ဓာတ်ပုံတစ်ခုကို တင်လိုက်ရာ လင်းလော့ချင်း၏ ပရိသတ်များက ချက်ချင်းပင် စိတ်အားထက်သန်စွာ မှတ်ချက်ပေးရန် ပြေးလာကြသည်။ 


[အား... စနေပြီ... ငါတို့ ဒီဇာတ်ကားကို မျှော်နေမယ်... ကြိုးစားထား...]


[အနောက်အရပ်သို့ ခရီး ကံကောင်းပါစေ... လင်းလော့ချင်း ကံကောင်းပါစေ... ဖူရှီ ကံကောင်းပါစေ...]


[အနောက်အရပ်သို့ ခရီးရဲ့ ထုတ်လုပ်ရေးအစကို စိတ်ရင်းနဲ့ နွေးနွေးထွေးထွေး ဆင်နွှဲပါတယ်... ဒီပိုစ့်ကိုရှယ်ပြီး အနိုင်ရသူ ငါးယောက်က လင်းလော့ချင်းရဲ့ နောက်ဆုံးရ သတင်းတွေကို သိရဖို့ ရွေးချယ်ခံရမယ်~...]


[အူဝါး... ကောကော မတွေ့တာ ကြာတာတောင် အရင်အတိုင်း ကြည့်ကောင်းနေတုန်းပဲနော်... သူက ရုပ်ရှင်မစခင်ကတည်းကကို အရမ်းချောနေပြီ... သူသာ ရုပ်ရှင်အတွက် ပြင်ဆင်လိုက်ရင် ပိုပြီး ကြည့်ကောင်းသွားမှာ မဟုတ်ဘူးလား...]


[ဖူရှီက ဘယ်လိုပုံလဲဆိုတာ ငါမသိပေမဲ့ ငါတို့ကောကောက ကောင်းကောင်းကိုင်တွယ်နိုင်မယ်ဆိုတာ ယုံတယ်...]


[အရမ်းပျော်တာပဲ... ငါIdolနဲ့ အကြိုက်ဆုံး မင်းသားက တွဲပြီး သရုပ်ဆောင်နေတာ... သူတို့နှစ်ယောက် အတူတူ ပျော်ပျော်ရွှင်ရွှင် အချိန်ဖြုန်းနိုင်ဖို့ မျှော်လင့်ပါတယ်...]


ပရိသတ်များမှာ လင်းလော့ချင်းကို ချီးကျူးကာ မြိုင်မြိုင်ဆိုင်ဆိုင် အားပေးနေစဉ်တွင် ဇာတ်ကားကို ကြေညာရန်လည်း မမေ့ကြပါပေ။ 


["အနောက်အရပ်သို့ ခရီး"က စပြီး ရိုက်နေပြီ...]


[အရမ်းမြန်တာပဲ... သူတို့က တရာဝင်ကြေညာချက်ထုတ်တာ သိပ်မကြာသေးဘူးမဟုတ်လား...]


[ရိုက်ကူးရေး နေရာနဲ့ ပြင်ဆင်ရေးတွေကို အစောကြီးကတည်းက ကြိုလုပ်ထားပြီးသားလို့ ငါထင်တယ်... သူတို့က တရားဝင်ကြေညာချက်ထုတ်ဖို့ စောင့်နေတာပဲရှိတာ နေမှာ...]


[ငါကြားတာတော့ ဒါရိုက်တာလီက နောက်ဆုံး ဝမ်ကျစ်မင်း၊ ဟို့ဝမ်ယွီနဲ့ လင်းလော့ချင်းလို့ မဆုံးဖြတ်ခင်မှာ မင်းသားတွေကို ရွေးဖို့အတွက် ခက်ခဲခဲ့တယ်တဲ့... ]


[လင်းလော့ချင်းက ကံကောင်းတယ်မလား.... သူက "ထောင်လီပုရန်"ကို အချိန်မီ ဝင်ရိုက်လိုက်နိုင်ပြီး နာမည်ကြီးလာတာ... အဲ့လိုသာ မဟုတ်ရင် သူ့ဂုဏ်လောက်နဲ့ ဝမ်ကျစ်မင်းတို့ ဟို့ဝမ်ယွီတို့နဲ့ တွဲပြီး သရုပ်ဆောင်ဖို့က ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...]


[ဟုတ်တယ်... ကံကောင်းလိုက်တာနော်... ဒီအခွင့်အရေးနဲ့ဆိုရင် ဘယ်သူက မနာလိုမဖြစ်ပဲနေမှာလဲ...]


[ဒါပေမဲ့ အခွင့်အရေးကို ယူတတ်ဖို့လည်း လိုသေးတာလေ... အဲ့လိုမှ မဟုတ်ရင် သူက အလွှမ်းမိုးခံရပြီး ဝမ်ကျစ်မင်းနဲ့ ဟို့ဝမ်ယွီတို့ရဲ့ သရုပ်ဆောင်မှုနောက်မှာ ဖုံးနေမှာ...]


[ဒါက ရှောင်လို့ မရဘူးလေ... မေးခွန်းက ဘယ်လောက်များများ ဖြစ်မလဲဆိုတာပဲ...]


[ရိုးရိုးသားသားပြောရရင် လင်းလော့ချင်းရဲ့ ပရိသတ်တွေကို အရမ်းမမျှော်လင့်ထားနဲ့လို့ ငါပြောချင်တယ်... သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်က ဟို့ဝမ်ယွီတို့ ဝမ်ကျစ်မင်းတို့နဲ့ ယှဉ်မရတာ သာမန်ပဲလေ... အဲ့ဒါက ရုပ်ရှင်ရဲ့ အရည်အသွေးတစ်ခုလုံးကို ဆွဲမချသွားရင်တောင် လုံလောက်ပါပြီ...]


[ငါထောက်ခံတယ်...]


လင်းလော့ချင်း၏ ပရိသတ်များသည်လည်း ၄င်းကို ထောက်ခံကြသည်။ သူတို့က သူတို့၏ Idolအပေါ်တွင် အထင်သေးခြင်း မဟုတ်သော်လည်း အတွေ့အကြုံနှင့် အသက်အရွယ်မှာ သူတို့မျက်မြင်ဖြစ်သည်။ ဝမ်ကျစ်မင်းမှာ သုံးကြိမ်မြောက် အကောင်းဆုံးသရုပ်ဆောင်ဆု စကာတင်ဝင်မင်းသားဖြစ်ကာ တစ်ချိန်က ရုပ်ရှင် ဧကရာဇ်တစ်ဦးပင်။ 


ဟို့ဝမ်ယွီမှာ ထိုကဲ့သို့ ဆုမျိုး တစ်ခါမှ မရခဲ့သော်လည်း အကောင်းဆုံးဇာတ်ပို့မင်းသားဆုကို အနိုင်ရခဲ့ပြီး အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုအတွက် နှစ်ကြိမ်တိုင် စကာတင်ဝင်ခဲ့၏။ 


လင်းလော့ချင်းမှာ ထုတ်လုပ်ရေး အနည်းငယ်တွင်သာ ပါဝင်ခဲ့ပြီး ဇာတ်ပို့နေရာတွင်သာ သရုပ်ဆောင်ခဲ့သည်။ လင်းလော့ချင်း၏ နောက်ကြောင်းတွင် ယခင်လက်ခံသူပြုလုပ်ခဲ့သည့် အလုပ်နှစ်ခုကို ထပ်ပေါင်းပါက သူက ရုပ်ရှင်ဧကရာဇ်တစ်ဦးနှင့် ယှဉ်ပြိုင်ရသော် ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးဖြစ်သည်။ 


သို့ဖြစ်၍ သူတို့သည်လည်း သူတို့ကောကော၏ သရုပ်ဆောင်ချက်မှာ ထိုဝါရင့်သရုပ်ဆောင်နှစ်ဦးနှင့် ယှဉ်ပါက အရမ်းကွာခြားမနေရန်သာ ဆုတောင်းနိုင်ပေသည်။ တခြားအရာများအတွက်မူ လင်းလော့ချင်း၏ ပရိသတ်များက အများကြီး မတောင်းဆိုချေ။ 


သို့သော် လင်းလော့ချင်းက သူ့အတွက် ခြားနားလှသော မျှော်လင့်ချက်တစ်ခု ရှိနေသည်မှာ သိသာလှ၏။ 


သူက ဤဇာတ်ကောင်ကို လက်ခံလိုက်သည့် အချိန်မှစ၍ အစွမ်းကုန်ပြုလုပ်မည်မှာ သဘာဝပင်။ သူ့၏ တွဲဖက် အနုပညာရှင်များက မည်သူပင်ဖြစ်စေ သူ့၏ ဇာတ်ကောင်အား အကောင်းဆုံးစွမ်းဆောင်ရည်ဖြင့် သရုပ်ဆောင်သွားမည်ဖြစ်သည်။ ဤသည်က သူ့၏ အလုပ်အပေါ်ထားသော စိတ်ရင်းပင်။ သူက တခြားသူ၏ သရုပ်ဆောင်စွမ်းရည်နှင့်အတွေ့အကြုံ၏ လွှမ်းမိုးခြင်းခံရကာ ကြောက်ရွံ့နေ၍ ဝတ်ကျေတမ်းကျေ ပြုလုပ်မည်မဟုတ်ချေ။


သူက စတိုင်လစ်ကို သူတို့အလုပ်ကို သူတို့လုပ်ရန် တည်ငြိမ်စွာ ခွင့်ပြုထားပြီး အဝတ်အစားလဲကာ ရိုက်ကွင်းဆီသို့ ဦးတည်လာလိုက်သည်။ 


သူရိုက်ကူးရသည့် ပထမဆုံး ရိုက်ကွင်းမှာ ဖူရှီနှင့် လုမင် ပထမဆုံးတွေ့သည့် အခန်းပင်။ 


ဖူရှီက ရိုးရှင်းလှသော အဖြူရောင် ရှပ်အင်္ကျီတစ်ထည်နှင့် အစိမ်းရောင် ဂျာကင်တစ်ထည်ကို ဝတ်ဆင်ထားပြီး အနက်ရောင် ကျောပိုးအိတ်ကို ပခုံးပေါ်တွင် လွယ်ထားလေသည်။ အချိန်က မနက်စောစောဖြစ်ပြီး သူက လုမင်၏ တံခါးရှေ့တွင် သတိမပေးပဲ ပေါ်လာသည်။ အဖိုးကြီးက သူ့ရှေ့မှ ကောင်လေးကို ကြည့်လိုက်သည်။ 


လုံဝပင်ခြားနားလှသော လူနှစ်ယောက်က တစ်ဦးနှင့်တစ်ဦးစိုက်ကြည့်ကာ လုမင်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

"မင်း ဘယ်သူ့ကို ကြည့်နေတာလဲ..."


ဖူရှီက အေးစက်စွာ ပြန်ဖြေလိုက်သည်။

"ကျွန်တော်က ဖူရှီပါ... ဖူရီရဲ့သား... ကျွန်တော်က လုမင်ဆိုတဲ့ ခင်ဗျာကို ရှာနေတာ..."


လုမင်မှာ ခေတ္တမျှ ကြောင်သွားပြီးနောက် တံခါးကို ပြန်ပိတ်ကာ ဖူရှီကို ပြောစရာမရှိအောင် ချန်ရစ်ထားခဲ့၏။ သူက အပြင်တွင် ရပ်ကာ သူ့ရှေ့တွင် တံခါးက တဖြည်းဖြည်း ထပ်မံကာ ပွင့်လာသည်ကို ကြည့်လိုက်သည်။ 


လုမင်မှာ မယုံနိုင်ဖြစ်နေပြီး နောက်ဆုံးတွင် ဖူရှီကို မှတ်မိလာဟန်ရကာ မရဲတရဲဆိုလိုက်သည်။

"ဖူရှီ..."


ဖူရှီက ခေါင်းညိတ်ပြလိုက်သည်။


"မင်းငါ့ကို ဘာလို့ လာရှာတာလဲ..."


"ကျွန်တော် အမေ ပျောက်နေလို့ပါ..."

ဖူရှီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။


သူ့မျက်လုံးထဲတွင် အထိတ်တလန့် ဖြစ်နေဟန် မရှိရာ လုမင်အား ထိုကောင်လေးက သူ့ကို ညာနေသည်ဟု ထင်အောင်ပြုလုပ်လိုက်သည်။ 


သို့သော် သူ့ရှေ့မှ မျက်နှာမှာ သူ့မှတ်ဉာဏ်များထဲရှိ ပို၍ ငယ်ရွယ်ကာအေးစက်သော ဖူရှီနှင့် ထပ်တူကျသွားရာ သူက တံခါးဖွင့်ပြီး ဖူရှီကို ဝင်ခွင့်ပြုလိုက်သည်။ 


ချောမောကာ ငယ်ရွယ်သော ဖူရှီက လုမင်၏ အိမ်ထဲသို့ နူးညံသည့် အစိမ်းရောင် အပင်ကလေးတစ်ပင်က မတော်တဆ ပြုတ်ကျသွားပြီး အမှိုက်စုဆောင်းရေး စင်တာထဲတွင် အစေ့တစ်စေ့ စိုက်လိုက်မိသကဲ့သို့ ဝင်လာလိုက်သည်။ 


သူ့မျက်လုံးများက ပြောစရာမဲ့ခြင်းသုံးဆ၊ ထိတ်လန့်ခြင်း သုံးဆနှင့် အထင်သေးခြင်းအချို့တို့ ချက်ချင်းပြသလိုက်သည်။ သူက ဧည့်ခန်းကို ဖြေးညင်းစွာ မျက်လုံးလှည့်ကြည့်ပြီး နောက်ဆုံးတွင် လုမင်၏ မျက်လုံးများကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက ဒါက အမှိုက်စုဆောင်းရေး စင်တာမဟုတ်တာ သေချာရဲ့လားဟု မေးမြန်းနေပုံရ၏။


လုမင် : ...


"အရင်ဆုံး မင်းအမေကို ပိုပြီး စိတ်ပူသင့်တာ မဟုတ်ဘူးလား... မင်းက နည်းနည်းလေး အရမ်းအေးစက်မနေလွန်းဘူးလား..."

လုမင်က ဆိုလိုက်သည်။


ဖူရှီမှာ အလျင်စလိုမရှိပဲ သူ့အမေ ပျောက်ဆုံးကြောင်းကို ရှင်းပြလိုက်သည်။ 


ရိုက်ကူးရေးက အတန်ပင် အောင်မြင်ပေသည်။ လင်းလော့ချင်းက ဒါရိုက်တာလီ၏ မျှော်လင့်ချက်ထက်ပင် ကျော်လွန်ကာ ဖူရှီဇာတ်ကောင်အပေါ်တွင် မျှော်လင့်ထားသည်ထက်ပင် ပို၍ ဆုပ်ကိုင်နိုင်ပေသည်။ 


သူက မူလတွင် လင်းလော့ချင်းသည် သီးသန့်ဆန်သော ကောင်လေးတစ်ယောက်အဖြစ် ဇာတ်ကောင်စရိုက်ကို ကောင်းကောင်း ဖော်ပြနိုင်မည်လား ဆိုသည်ကို စိုးရိမ်နေခဲ့၏။ သို့သော် ရိုက်ကူးသည့်အခန်းက အတန်ပင် စိတ်ဝင်စားဖွယ် ထွက်လာပြီး အထူးသဖြင့် သူ့ရှေ့တွင် တံခါးပိတ်သွားသည့်အခါ လင်းလော့ချင်းပြသလိုက်သည့် ပြောစရာမဲ့

ခြင်းအမူအရာပင်။


 ၄င်းက စကားတစ်ခွန်းမှ မဆိုသော်လည်း ရယ်ရွှင်ဖွယ် ပုံရိပ်တစ်ခုကို ပြသနေဆဲဖြစ်သည်။ 


ဒါရိုက်တာလီက ထိုအခန်းကို သူတို့အား နောက်တစ်ခေါက် ရိုက်ကူးစေကာ နောက်တစ်ခန်းဆီသို့ ဆက်သွားလိုက်သည်။