အပိုင်း ၂၄၉
Viewers 87k

Chapter 249



ထိုစကားကို ကြားသောအခါ လင်းလော့ချင်းက ကူရာမဲ့စွာ ပြုံးလိုက်သည်။


‌လင်းဖေးက လူကြီးပေါက်စလေးလို့ပဲ...


"ဟုတ်တာပေါ့...ဖေးဖေးက အံ့ဩစရာကောင်းလိုက်တာ..."


ဒါပေမဲ့...


ကျိလဲ့ယွီ၏စိတ်ခံစားချက်များကို စိတ်ပူပြီးနောက် ကျိလဲ့ယွီက ဖန်ရှင်းကို တစ်ခုခုလုပ်ပစ်မည်ကိုလည်း စိတ်ပူလာရသည်။


သူက ကျိလဲ့ယွီကို မယုံကြည်ခြင်း မဟုတ်သော်လည်း ကျိလဲ့ယွီ၏ကိုယ်ရည်ကိုယ်သွေးအရဆိုလျှင် ဖန်ရှင်းက သူ့ရှေ့တွင် ရှိနေခြင်းကို ပုံမှန်အတိုင်း လွှတ်ထားပေးမည်မဟုတ်ချေ။


ကျိလဲ့ယွီက အလွန်စိတ်ရှည်သူဖြစ်သည်။ စာအုပ်တွင် မူလပိုင်ရှင်ကို ဆယ်နှစ်ကြာသွားသည့်တိုင် လက်စားပြန်ချေနေဆဲဖြစ်၏။


ထိုသို့သောသူအတွက် မိဘများကို သတ်ခဲ့သည့်သူ၏သားဖြစ်သည့် ဖန်ရှင်းကို လွှတ်ထားပေးမည်မဟုတ်ချေ။


သို့သော် ကျိလဲ့ယွီက လက်စားချေရင်ရာတွင် သူ့ကို နာကျင်စေသည့်လူများကိုသာ ပစ်မှတ်ထားပြီး ကျန်လူများကို လွှတ်ထားပေးလေသည်။


စာအုပ်ထဲတွင် သူက မူလပိုင်ရှင်၏တူဖြစ်သည့်လင်းဖေးကို သိသော်လည်း လင်းဖေးနှင့်ပတ်သတ်ခဲ့ခြင်း မရှိခဲ့ပေ။


ထိုသို့သောရှုထောင့်မှကြည့်လျှင် သူ့ကို နာကျင်အောင် မလုပ်ခဲ့သည့်ဖန်ရှင်းကို လွှတ်ပေးခြင်းက ပုံမှန်ပင် ဖြစ်၏။


သို့သော်လည်း လင်းလော့ချင်းက ထိုကိစ္စအပေါ် အရဲမစွန့်ပဲ လင်းဖေးကို ထပ်ပြောလိုက်သည်။


"ဒါဆို မင်း သူ့ဘေးမှာနေပြီး သူ့ကိုစောင့်ကြည့်ထား...ဖန်ရှင်းနဲ့ မတွေ့စေနဲ့..."


"ဟုတ်ကဲ့..."


လင်းဖေး ပြန်ဖြေလိုက်သည်။


"ရှောင်ယွီက သူ့ကို ဘာမှမလုပ်ဘူးမလား..."


လင်းလော့ချင်းက စိုးရိမ်စွာ မေးလိုက်သည်။


လင်းဖေး ခေါင်းခါလိုက်၏။


"သူက အရမ်းလိမ္မာပါတယ်..."


"တကယ်လား..."


ရွှဲ့ပြောနေတာတော့ မဟုတ်ဘူးမလား...


"တကယ်ပါ..."


လင်းဖေးက ခေါင်းငြိမ့်လိုက်ပြီး ရိုးသားစွာ ပြန်ဖြေလိုက်သည်။


ကျိလဲ့ယွီက စကားနားထောင်တဲ့ကလေးလေး...


ကျိလဲ့ယွီက ဖန်ရှင်းကို လှေကားပေါ်မှ မတွန်းချသလို ရေထဲလည်း မတွန်းချပေ။ ကျိလဲ့ယွီက ဒေါသထွက်နေစေကာမူ သူတားလျှင် ကျိလဲ့ယွီက ဘာမှမလုပ်တော့ပေ။


မာရွိက်နှင့် ရန်ဖြစ်ခြင်းကလည်း ကလေးများကြား ပုံမှန်အဖြစ်အပျက်ပင် ဖြစ်လေသည်။


လင်းလော့ချင်း သက်ပြင်းချလိုက်ပြီး စိတ်သက်သာရာရသွားသည်။ 


သူက ကျိလဲ့ယွီကို စိတ်ပူမိလေသည်။


အကယ်၍ ကျိလဲ့ယွီတွင် တစ်ခုခုရှိခဲ့လျှင် ယင်းကို လွှတ်ထုတ်သင့်ပေသည်။ မဟုတ်လျှင် ကြာလျှင် စုပုံလာပြီး အဆင်မပြေဖြစ်လာနိုင်၏။


“ဒီရက်ပိုင်းအတွင်း ရှောင်ယွီနဲ့ အချိန်ပိုဖြုန်းပေး...ငါက အိမ်မှာမဟုတ်လို့ သူ့ကို မနှစ်သိမ့်ပေးနိုင်ဘူး...သူက အရမ်းအဆင်မပြေဖြစ်နေရင်တောင် မင်းဒယ်ဒီကို ပြောမှာမဟုတ်ဘူး...အဲ့တော့ မင်းကပဲ သူနဲ့အတူတူ ရှိနေပေးရမယ်..."


"ကျွန်တော် သိပါတယ်..."


"အိုကေ...ဖန်ရှင်းကျောင်းပြောင်းဖို့ ကိစ္စ‌ကိုတော့ ပါပါးစီစဉ်လိုက်မယ်...ဒါနဲ့ ရှောင်ယွီကို သူနဲ့ ထပ်မတွေ့စေနဲ့..."


"ဟုတ်ကဲ့..."


လင်းလော့ချင်း ပြုံးလိုက်သည်။


"ဒီရက်ပိုင်းအတွင်း ရုပ်ရှင်ရိုက်လို့ပြီးရင် အိမ်ခဏပြန်ဖို့ အတွက် ဒါရိုက်တာကို ကြိုးစားခွင့်တောင်းလိုက်မယ်..."


"အဲ့လိုလုပ်လို့ အဆင်ပြေရဲ့လား..."


"အဆင်ပြေပါတယ်...မင်း ကျောင်းက ခွင့်ယူသလို ငါကလည်း အလုပ်က ခွင့်ယူတာပဲ...ဒါမှ ပါပါးပြန်လာပြီး မင်းနဲ့ရှောင်ယွီကို တွေ့လို့ရမှာ...သူက အခု သိပ်အဆင်မပြေဘူးမလား..."


"ဟုတ်ကဲ့..."


လင်းဖေး သဘောတူလိုက်သည်။


လင်းလော့ချင်းပြန်လာရင် ကျိလဲ့ယွီက ပျော်နေမှာပဲ...


လင်းလော့ချင်းက စခရင်ကို ဖြတ်ကာ လင်းဖေးကို နမ်းလိုက်သောအခါ လင်းဖေးက ဗီဒီယိုကောလ်ကို ချလိုက်လေသည်။


ထို့နောက် လင်းလော့ချင်း၏မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွား၏။


လင်းဖေးနှင့်ကျိလဲ့ယွီက ကျိန်းသေပေါက် ကျိယွီရှောင်ကို ထိုအကြောင်း ပြောပြမည်မဟုတ်ပေ။ မဟုတ်လျှင် လင်းဖေးက သူ့ကို ဗီဒီယိုကောလ်ခေါ်ပြီး ဖန်ရှင်းအား ကျောင်းပြောင်းပေးရန် တောင်းဆိုခဲ့မည်မဟုတ်ပေ။


သူတို့မိသားစုရှိ ကလေးနှစ်ယောက်က အခြားကလေးများထက် ပိုနူးညံ့ ပိုရှုပ်ထွေးကြသော်လည်း အခြားကလေးများထက် ပိုလိမ္မာကြလေသည်။


ကျိလဲ့ယွီက ကျိယွီရှောင် သူ့ကို စိုးရိမ်နေမည်ကို ကြောက်ရွံ့သောကြောင့် ထိုအကြောင်းကိုမပြောပြခဲ့သလို လင်းဖေးကလည်း ကျိလဲ့ယွီကို ကတိပေးထားသောကြောင့် ကျိယွီရှောင်ကို မပြောပြခဲ့ပေ။


သို့သော် ကျိမူ ဤသို့ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်က ကျိယွီရှောင်ကို နာကျင်စေရန်ဖြစ်သည်။ 


သူက ကျိယွီရှောင်ကို သတိပေးရန် လိုလေသည်။ မဟုတ်လျှင် ကျိယွီရှောင်က ယင်းကို သတိလက်လွှတ် ဖြစ်သွားနိုင်၏။


တစ်နှစ်ဆိုသည့်အချိန်ကာလက နီးသထက် နီးလာပြီဖြစ်သည်။ ကျိယွီရှောင်တွင် ရုပ်ပိုင်းဆိုင်ရာပြဿနာများမရှိသောကြောင့် ဖြစ်လာနိုင်သည့် ပြဿနာက မတော်တဆမှုများသာ ဖြစ်လေသည်။


လင်းလော့ချင်းက ထိုသို့တွေးပြီးနောက် ကျိယွီရှောင်ကို ချက်ချင်း ဗီဒီယိုကောလ်ခေါ်လိုက်သည်။


ကျိယွီရှောင်က သူ့ကို လင်းလော့ချင်း လွမ်းနေ၍ ဖုန်းခေါ်သည်ဟု တွေးကာ နောက်ပြောင်လိုက်သော်လည်း လင်းလော့ချင်း၏တည်ငြိမ်နေသောမျက်နှာကို မြင်သောအခါ ပြောလိုက်သည်။


"ဘာဖြစ်လို့လဲ...ရိုက်ကူးရေးမှာ တစ်ခုခု ဖြစ်လို့လား..."


လင်းလော့ချင်း ခေါင်းခါလိုက်သည်။ သူသာ ရိုက်ကူးရေးမှာ တစ်ခုခုဖြစ်ခဲ့လျှင် ဤမျှ ဒေါသထွက်ကာ စိုးရိမ်နေရမည် မဟုတ်ချေ။


သူက ကျိယွီရှောင်ကို စိုးရိမ်နေခြင်းဖြစ်ပြီး ကျိလဲ့ယွီကို စိုးရိမ်နေခြင်းမဟုတ်ပေ။ သို့သော် သူက ကျိယွီရှောင်ကို အကုန် မပြောပြနိုင်သောကြောင့် ကျိလဲ့ယွီ၏ပြဿနာအကြောင်းသာ ပြောပြလိုက်သည်။


"ငါ မင်းကို ပြောစရာရှိတယ်...စိတ်ကို တည်တည်ငြိမ်ငြိမ်ထား...ဒေါသမထွက်နဲ့..."


"ဘာဖြစ်လို့လဲ..."


"ရှောင်ယွီနဲ့ ပတ်သတ်တာပဲ..."


"ရှောင်ယွီက ဘာဖြစ်လို့လဲ..."


ကျိယွီရှောင်က ချက်ချင်း မတ်မတ်ထိုင်လိုက်သည်။


လင်းလော့ချင်းက တစ်ဖက်လူ၏စိုးရိမ်နေသော မျက်လုံးများကို မြင်သောအခါ စကားလုံးများကို စီလိုက်ပြီး ၀န်လေးစွာ ပြောပြလိုက်သည်။


"ရှောင်ယွီက မင်းအစ်ကိုနဲ့မရီးကို သတ်ခဲ့တဲ့လူရဲ့သားကို တွေ့ခဲ့တယ်...သူ့နာမည်က ဖန်ရှင်း...ဒုတိယတန်းမှာ တက်နေတာ..."


ကျိယွီရှောင်၏မျက်နှာက ပြောင်းလဲသွားသည်။


တစ်စုံတစ်ယောက်က ယင်းကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်မည်။


သူက ဖန်ရှင်း၏တည်ရှိမှုအကြောင်း သိပြီး ဖန်ရှင်းက ကျောင်းလခသက်သာသည့်ကျောင်းတွင် တက်နေခြင်းကိုလည်း သိသည်။ ယခု သူက ကျိလဲ့ယွီနှင့် တစ်ကျောင်းတည်းတွင် ပေါ်လာပြီး ကျိလဲ့ယွီ၏မျက်လုံးအောက်တွင် ပေါ်လာလေသည်။


ဒါက စီစဉ်ထားတာပဲ...,


"ကျိမူပဲ..."


လင်းလော့ချင်း ပြောလိုက်သည်။ 


"ကျိမူက ရှောင်ယွီကို ပြောပြခဲ့တာလို့ ဖေးဖေးပြောတယ်...အဲ့အချိန်မှ ကျိလဲ့ယွီက ဖန်ရှင်းရဲ့တည်ရှိမှုအကြောင်း သိသွားတာ..."


ထိုစကားကို ကြားသောအခါ ကျိယွီရှောင်၏မျက်နှာက မည်းမှောင်သွားလေသည်။


ထန်ကျားကျိရဲ့ လက်ချက်ပဲ...ထန်ကျားကျိရောက်လာမှ ဒီလိုဖြစ်လာတာ...ထန်ကျားကျိကတမင်တကာ အဲ့လိုဖြစ်လာအောင် လုပ်ထားတာပဲ...


ဒါပေမဲ့ အဲ့ဒါကို စလုပ်ခဲ့တဲ့သူက ကျိမူပဲ...


သူ့အဖေက တရားမ၀င်သားကို ရာထူးတွေ မြင့်သထက် မြင့်လာအောင် ဆွဲခေါ်နေတာ အခုလက်ထောက်အထွေထွေမန်မေဂျာဖြစ်လာပြီ...


အဲ့တော့ အထွေထွေမန်နေဂျာရာထူးမှာ ထိုင်နေတဲ့ ကျိမူက ကျိန်းသေပေါက် ဘေးကျပ်နံကျပ်ဖြစ်နေမှာပဲ...


ကျိမူက ရှယ်ယာတွေကို လိုအပ်နေတဲ့အခြေအနေ...


ဒီတော့ သူ့အစ်ကို ထားခဲ့တဲ့ရှယ်ယာတွေကိုရ ဖို့အတွက် ကျိလဲ့ယွီကို သူ့ဆီ ဆွဲခေါ်ဖို့ ဒီဟာကိုသုံးခဲ့တာပဲ...


အကြံကတော့ ကောင်းပါတယ်...ဒါပေမဲ့ သူ ကျိလဲ့ယွီကို မထိခဲ့သင့်ဘူး...


ကျိမူက မတွေ့ရတာကြာတော့ သူ့အကျင့်စရိုက်ကို မေ့သွားတာလား...


ဒီလိုဆို ပြန်မှတ်မိအောင် လုပ်ပေးရမှာပေါ့...


မဟုတ်ရင် ဒီလှုပ်ရှားမှုတွေက အချည်းနှီးဖြစ်သွားမှာမလား...


"ငါ သိပြီ..."


ကျိယွီရှောင်က တည်ငြိမ်စွာ ပြောလိုက်သည်။


လင်းလော့ချင်းက ကျိယွီရှောင်၏ထိုသို့သောပုံစံကို မြင်သောအခါ ပိုမိုစိုးရိမ်လာလေသည်။


"စိတ်လိုက်မာန်ပါ မလုပ်နဲ့...ရှောင်ယွီက မင်းကို မပြောပြတာက မင်း အဆင်မပြေမှာကို စိုးရိမ်လို့ပဲ...ဒေါသ အရမ်းထွက်မနေနဲ့...ကျိမူကို လက်စားချေလို့ရပေမဲ့ ကျိမူကြောင့် အရမ်းစိတ်တိုမနေနဲ့ဦး..."


"စိတ်မပူပါနဲ့...ငါ့မှာ အတိုင်းအတာရှိပါတယ်..."


ကျိယွီရှောင်က ရယ်မောကာ ပြောလိုက်သည်။


"တကယ်လား..."


"ငါက အစ်ကိုနဲ့မရီးအတွက် ပြန်မပေးဆပ်ခိုင်းရ‌သေးတော့ အတိုင်းအတာနဲ့ လုပ်မှာပါ..."


ကျိယွီရှောင်က အကြောင်းပြချက် ကောင်းကောင်းပေးပြီး လင်းလော့ချင်းကို နှစ်သိမ့်ပေးလိုက်သည်။


အမှန်ပင် လင်းလော့ချင်းက ယင်းကို ကြားပြီးနောက်စိတ်သက်သာရာ ရသွားသည်။


သူက အစ်ကိုနှင့်မရီးအတွက် လက်စား‌ချေပြီးနောက် သေဆုံးသွားသော ကျိယွီရှောင်ကို တွေးမိသွားသောကြောင့် ကျိမူနှင့် အလွန်အကျွံ မဖြစ်စေချင်ခဲ့ပေ။ 


"ကောင်းတယ်..."


လင်းလော့ချင်းက ပြုံးကာ ပြောလိုက်သည်။ ကျိယွီရှောင် စိတ်လိုက်မာန်ပါလုပ်မည်ကို သူက အမှန်ပင် စိုးရိမ်လေသည်။


နောက်ဆုံးတွင် ကျိယွီရှောင်အတွက် ကျိလဲ့ယွီကအလွန်အရေးကြီးလေသည်။သူက သူ့အစ်ကို၏သားဖြစ်ရုံသာမက တစ်ဦးတည်းသော သွေးသားရင်းလည်းဖြစ်သည်။

ကျိယွီရှောင်က သူ သေသွားမည်ထက် ကျိလဲ့ယွီ အန္တရာယ်ဖြစ်လာမည်ကို ပိုကြောက်လေသည်။


သို့သော် ကျိမူက မိုင်းတွင်းပေါ် ခြေလှမ်းလှမ်းခဲ့ပြီး ကျိယွီရှောင်က ကျိမူအပေါ် အလွန်အကျွံစိတ်လိုက်မာန်ပါ လုပ်မိသွားမည်ကို သူ စိုးရိမ်၏။


“ဒီရက်ပိုင်းအတွင်း အလုပ်က ခွင့်ယူပြီး အိမ်ကို ခဏပြန်လာခဲ့မယ်..."


လင်းလော့ချင်း ပြောလိုက်သည်။


"မလိုပါဘူး..."


ကျိယွီရှောင်က ပြုံးကာ ပြောလိုက်သည်။


"ရုပ်ရှင်သာ သေချာရိုက်...ငါ့ကို စိတ်ပူမနေနဲ့...ငါ အလုပ်နည်းနည်းပါးမှ မင်းဆီ လာလည်လိုက်မယ်..."


သူက လင်းလော့ချင်းအား အစောကြီး ပြန်မလာစေချင်သလို သူ့၏ရက်စက်သည့်ဘက်ခြမ်းကိုလည်း လင်းလော့ချင်းအား မတွေ့စေချင်ပေ။


“စိတ်မပူပါနဲ့...ငါ မင်းဆီ လာလည်မယ်လေ..."


"အိုကေ..."


လင်းလော့ချင်းက ဦးစွာ သဘောတူလိုက်သည်။ သို့သော် သူက နောက်ရိုက်ကူးရေးနေရာ မပြောင်းမီ အိမ်ခဏပြန်ရန် ဆုံးဖြတ်ပြီးဖြစ်သည်။


သူက ကျိယွီရှောင်သေသွားမည်ကို စိုးရိမ်သည်။ ကျိလဲ့ယွီ၏စိတ်အခြေအနေကိုလည်း စိုးရိမ်သည်။ သူက သူတို့နှစ်ယောက်ကို မျက်လုံးဖြင့် သေချာမြင်ရမှ စိတ်သက်သာရာရမည်ဖြစ်သည်။


“အို...ဟုတ်သား...” 


သူက ကျိယွီရှောင်ကို သတိပေးလိုက်သည်။


“ဖန်ရှင်းကို ကျောင်းပြောင်းပေးဖို့ မမေ့နဲ့ဦး...ရှောင်ယွီက ကျောင်းမပြောင်းချင်တော့ ‌ဖန်ရှင်းကိုပဲ ကျောင်းပြောင်းရမှာပဲ..."


"သိပါတယ်..."


ကျိယွီရှောင် ပြန်ဖြေလိုက်သည်။


အမှန်တွင် သူလည်း ဖန်ရှင်းကို ကျောင်းပြောင်းပစ်ချင်သည်။ ဤဘ၀တွင် ကျိလဲ့ယွီရှေ့ ထပ်မပေါ်လာအောင် လုပ်ရပေမည်။


သူက လင်းလော့ချင်းနှင့် ဗီဒီယိုကောလ်ပြီးဆုံးသွားသောအခါ ထိုင်ခုံကို မှီလိုက်ပြီး သူ့မျက်နှာပေါ်မှ နူးညံ့သိမ့်မွေ့မှုများကလည်း ပျောက်ဆုံးသွားလေသည်။


သူက ကျိမူထံ wechat မက်ဆေ့ခ်ျ ပို့လိုက်သည်။


[မနက်ဖြန်မနက် ငါ့အိမ်လာခဲ့...]


ကျိမူက မက်ဆေ့ခ်ျကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။


သူက ဘာကိုဆိုလိုချင်တာလဲ...


သူ သိသွားတာလား...


ကျိလဲ့ယွီက ကျိယွီရှောင်နဲ့ စကားများတာလား...


ဖန်ရှင်းက ကျိလဲ့ယွီကျောင်းမှာ ပေါ်လာတာကို သူ သိသွားပြီလား...


သူက ကျိလဲ့ယွီထံ ဖုန်းခေါ်လိုက်သော်လည်း ကျိလဲ့ယွီက ဖုန်းမကိုင်ပေ၊ 


သူက ဖုန်းချလိုက်သောအခါ ကျိယွီရှောင်၏ ဒုတိယမက်ဆေ့ခ်ျကို တွေ့လိုက်ရသည်။


[မနက်ရှစ်နာရီလာ...နောက်မကျစေနဲ့...‌ဒါက မင်းရဲ့အထွေထွေမန်နေဂျာရာထူးနဲ့ ပတ်သတ်တယ်...]


ကျိမူက ဒုတိယမက်ဆေ့ခ်ျတစ်၀က်ကို မြင်သောအခါ မက်ဆေ့ခ်ျပြန်ပို့လိုက်သည်။


[ဘာဖြစ်လို့လဲ...]


[မနက်ဖြန်မှ ပြောမယ်...]


ကျိယွီရှောင်က ဖုန်းကို ချလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်မှ အမှောင်ထုကို ကြည့်လိုက်သည်။


ထို့နောက် အံဆွဲထဲမှ သူ့အစ်ကိုပေးခဲ့သော ဓားလေးကို ထုတ်လိုက်သည်။


ဓား၏အလင်းက စူးရှပြီး ဓားသွားက ထက်ရှလေသည်။ ညအမှောင်ထဲတွင် ဓားသွားအလင်းရောင်က လရောင်သဖွယ်ဖြစ်နေ၏။


ဓားက တစ်ခါမှ သွေးမသောက်ရသေး‌ချေ။


*****

ကျိလဲ့ယွီက ကျိမူ ဖုန်းထပ်ခေါ်လာ၍ ဖုန်းကိုင်ခါနီးတွင် လင်းဖေးက ဖုန်းကို ဖယ်လိုက်သည်။


ထို့နောက် ကျိမူက ဖုန်းချသွားသောအခါ ကျိမူကို ဘလက်စ်လစ်သွင်းလိုက်သည်။


“နောက်ကြရင် သူ့ကို လျစ်လျူရှုလိုက်..."


လင်းဖေးက ကျိလဲ့ယွီကို ပြောလိုက်သည်။


"ဒါပေမဲ့ ဒယ်ဒီနဲ့ ပတ်သတ်တာပြောရင် ဘယ်လိုလုပ်မလဲ..."


"သူ့ဖုန်းတွေကို ပြန်ဖြေစရာမလိုဘူး...တစ်ခုခုဖြစ်‌ရင် လူကိုယ်တိုင် လာလိမ့်မယ်...ဖုန်းကိုင်စရာ မလိုဘူး..."


ကျိလဲ့ယွီ နှုတ်ခမ်းဆူလိုက်သည်။


လင်းဖေးက ဖုန်းကို သူ့ဘေးချလိုက်ပြီး ပြောလိုက်သည်။


"အိမ်စာသာ ဆက်ရေး..."


ကျိလဲ့ယွီ :"အွန်း..."


ကျိလဲ့ယွီက ခေါင်းငုံ့ကာ အိမ်စာဆက်ရေးနေလေသည်။


ကျိမူက ကျိလဲ့ယွီကို ဖုန်းထပ်ခေါ်လိုက်သော်လည်း ရင်းနှီးနေသော အမျိုးသမီးသံကို ကြားလိုက်ရသည်။


"တောင်းပန်ပါတယ်...လူကြီးမင်းခေါ်နေသော တယ်လီဖုန်းမှာ လတ်တလောတွင် မအား..."


ကျိမူက နှစ်ကြိမ်ထက် ပိုခေါ်ပြီးနောက် ကျိလဲ့ယွီက သူ့ကို ဘလက်စ်လစ်သွင်းထားကြောင်း သိလိုက်သည်။


ကလေးက ဘယ်လိုလုပ် ဘလက်စ်လစ်သွင်းတတ်မှာလဲ...ကျိယွီရှောင် လုပ်တာပဲဖြစ်မယ်...


ကျိလဲ့ယွီက ကျိယွီရှောင်နဲ့ စကားများနေတုန်း သူ့စကားတွေကို ပြန်ပြောပြလိုက်လို့ ကျိယွီရှောင်က သူနဲ့ကျိလဲ့ယွီကို အဆက်အသွယ်ဖြတ်လိုက်တာပဲ...


ကျိမူက ရှေ့မှ ကော်ဖီစားပွဲကို လက်ဖြင့် တောက်လိုက်သည်။ 


မနက်ဖြန်တော့ ပြဿနာများတော့မယ်နဲ့တူတယ်...


'ကိစ္စမရှိပါဘူး...ကျိလဲ့ယွီသာ သူ့ဆီရောက်လာသရွေ့ ကျိယွီလင်းထားခဲ့တဲ့ရှယ်ယာတွေကို ‌သူ ရမှာပဲ...'


သူလိုချင်တာ ရဖို့ပဲလိုတယ်...


ထိုသို့တွေးပြီးနောက် မနက်ဖြန်မနက် ကျိယွီရှောင်နှင့် တွေးလျှင် ပြောမည့်စကားများကို စဉ်းစားလိုက်လေသည်။ ကျိယွီရှောင်၏ဗီလာထဲ မ၀င်မီ တစ်စက္ကန့်အလိုတွင်ပင် သူ့အတွက် အကျိုးအမြတ်ပိုရရန်စဉ်းစားနေခဲ့သည်။


အန်တီကျန်းက ကျိမူကို တံခါးဖွင့်ပေးလိုက်ပြီး ကျိယွီရှောင်က ပထမထပ် ဧည့်ခန်းတွင် စောင့်နေကြောင်း ပြောပြလိုက်သည်။


ကျိမူက ဤနေရာကို တစ်ခါမှ မရောက်ဖူးသောကြောင့် အန်တီကျန်းနောက် လိုက်သွားလိုက်သည်။


ဧည့်ခန်းက သိပ်မကြီးပေ။ စားပွဲခုံနှင့်ဆိုဖာသာရှိပြီး သက်တော့သက်သာရှိမည့် အနေအထားဖြစ်၏။


မှန်ပြတင်းပေါက်မှ နေရောင်က ကျိယွီရှောင်အပေါ် တောက်ပနေပြီး ကျိယွီရှောင်က နေရောင်အောက်တွင် ပျင်းရိနေသော ကြောင်ကြီးသဖွယ်ဖြစ်နေလေသည်။


ကျိယွီရှောင်က မှင်နက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး ဖျော့တော့နေသော လက်များက အေးစက်မည့်ပုံ ပေါ်နေလေသည်။


ကျိယွီရှောင်က ကျိမူကို မြင်သောအခါ ပြုံးကာ ပြောလိုက်သည်။


"လာလေ..."


ထို့နောက် နာရီကို ကြည့်လိုက်၏။


"မင်း မနောက်ကျဘူးပဲ..."


ကျိမူက ကျိယွီရှောင်ထံ ချဉ်းကပ်သွားပြီး မေးလိုက်သည်။


"ဘာလို့ ငါနဲ့တွေ့ချင်တာလဲ...ဘာပြောစရာ ရှိလို့လဲ..."


ကျိယွီရှောင်က ခေါင်းမော့လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။


"မင်းက အရပ်ရှည်လွန်းတယ်...ခေါင်းငုံ့ပေး..."


ကျိမူက ကျိယွီရှောင်နှင့် နီးနိုင်သမျှနီးနီး ကပ်သွားလိုက်ပြီး ခေါင်းငုံ့ပေးလိုက်လေသည်။


သို့သော် နောက်တစ်ခဏတွင် သူ့လည်ပင်းကနာကျင်သွား၏။


ထို့နောက် သူ ကျိယွီရှောင်လက်ထဲမှ ဓားကို တွေ့လိုက်ရသည်။


နေရောင်အောက်တွင် ဓားသွားက တောက်ပနေခဲ့သည်။


ကျိမူက မသိစိတ်အရ နောက်ကို ဆုတ်လိုက်ပြီး လည်ပင်းကို ဖိလိုက်သောအခါ သွေးများက လက်ချောင်းများကို ဖြတ်၍ ခန္ဓာကိုယ်ပေါ်စီးကျလာလေသည်။


သူက ထိုအဖွင့်မြင်ကွင်းကို မမျှော်လင့်ခဲ့ပေ။ ကျိယွီရှောင်က သူ့ကို ဓားဖြင့် ထိုးလိမ့်မည်ကိုလည်း မမျှော်လင့်ထားခဲ့ပေ။


"မင်း ငါ့ကို သတ်ချင်နေတာလား..."


ကျိမူက ထိတ်လန့်စွာ ပြောလိုက်ပြီး သူ့အသံက တုန်ရီနေသည်။


ကျိယွီရှောင်က တစ်ဖက်လူကို ကြည့်လိုက်သည်။

သူ့မျက်လုံးထဲတွင် စိတ်ခံစားချက်များအစား အေးစက်မှုများသာ ရှိလေသည်။


“ငါ အရင်က ပြောခဲ့တယ်...အာဏာနဲ့အကျိုးအမြတ်အတွက် မင်း ကြိုက်သလို တိုက်ခိုက်လို့ရတယ်...ဒါပေမဲ့ ငါ့မိသားစုကို မထိပါနဲ့လို့ ပြောခဲ့တယ်လေ..."


"ဘာလို့ ငါ့စကားကို နားမထောင်တာလဲ..."


"ကျိမူ မင်းက သေခြင်းတရားကို ရှာရတာကို ကြိုက်တာလား...မင်း အရမ်း သေချင်နေတယ်ဆိုရင် မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ငါ စိတ်မရှိပါဘူး...ဘာပဲပြောပြော ငါကလည်း နေမကောင်းဘူးလေ...ငါတို့ အတူတူသေကြရအောင်...မင်းကို သတ်ပြီးရင် ငါ့ကိုယ်ငါ သတ်သေလိုက်မယ်လေ... မကောင်းဘူးလား..."