Chapter 251
ကျိလဲ့ယွီက ကျိယွီရှောင်ကို ကြည့်လိုက်သောအခါ ကျိယွီရှောင်၏မျက်လုံးထဲတွင် နူးညံ့သိမ်မွေ့မှုများနှင့် ဖခင်မေတ္တာများ ပြည့်နှက်နေသည်ကို မြင်လိုက်ရလေသည်။
သူက သဘာ၀ကျစွာပင် ယင်းကို နားလည်သော်လည်း သူက ကျိယွီရှောင်ကို ကာကွယ်ချင်လေသည်။
သူက ဘာလို့ ကျိယွီရှောင်ကို ကာကွယ်မပေးနိုင်ရမှာလဲ...သူ့မှာလည်း ကိုယ်ပိုင်ခွန်အားရှိတယ်...
သူက ကျိယွီရှောင်တွင် မည်သည့်ပြဿနာမှ ရှိမလာရန်၊ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နှင့် အနှောင့်အယှက်ကင်းကင်း ဖြတ်သန်းရန် မျှော်လင့်လေသည်။ထို့ကြောင့် ကျိယွီရှောင်ကို ကာကွယ်ပေးချင်ခြင်းဖြစ်သည်။
သူက သူ့ကိုယ်သူ ကာကွယ်နိုင်သလို ကျိယွီရှောင်ကိုလည်း ကာကွယ်ပေးနိုင်၏။
ကျိလဲ့ယွီက နာခံစွာ ခေါင်းငြိမ့်လိုက်ပြီး သဘောတူလိုက်သည်။
"ဟုတ်ကဲ့..."
သူက ဘယ်သောအခါမှ ကျိယွီရှောင်နှင့် စကားများ ရန်ဖြစ်မှာမဟုတ်သလို ကျိယွီရှောင် ပြောသမျှစကားများကိုလည်း အမြဲနားထောင်မှာဖြစ်သည်။
သူက ကျိယွီရှောင် မမြင်နိုင်သည့်နေရာတွင် လက်မောင်းများကို ဖွင့်ဟကာ ကျိယွီရှောင်ဆီ ကျရောက်လာသော လေများ၊ မိုးများကို ကြားမှ တားဆီးပေးမည်ဖြစ်သည်။
သူက အရွယ်မရောက်သေးသောကြောင့် လက်များနှင့်ပခုံးများက လုံလောက်အောင် မသန်မာသော်လည်း အကောင်းဆုံး ကြိုးစားရမည် ထိုမှသာ ကျိယွီရှောင် တောင့်ခံရမည် လေနှင့်မိုးများက လျော့နည်းသွားပေမည်။
သူက တည်ငြိမ်စွာ ရပ်နေပြီး မည်သူကမှ သူ့ကို ရိုက်ခတ်နိုင်မည်မဟုတ်ပေ။ သူကမုန်တိုင်းအလယ်မှ အသန်မာဆုံးသစ်ပင်ဖြစ်လေသည်။
သူက ငယ်သေးသော်လည်း လေနှင့်မိုးများက သူ့ကို ဖျက်ဆီး၍ မရပေ။
ကျိယွီရှောင်ကို ကာကွယ်ရန်အတွက် သူက မည်သူ့ ထောက်ခံပံ့ပိုးမှုမှ မလိုအပ်ပေ။ သူကိုယ်တိုင်က အဓိက သစ္စာရှိထောက်ခံပံ့ပိုးသူဖြစ်လေသည်။
ကျိယွီရှောင်အပါအ၀င် မည်သူကမှ သူ့၏ကျိယွီရှောင်ကို ကာကွယ်ရန် ဆုံးဖြတ်ချက်ကို မတားဆီးနိုင်ပေ။
ကျိလဲ့ယွီက ကျိယွီရှောင်ကို မှီခိုအားကိုးမှု အပြည့်ဖြင့် ပွေ့ဖက်လိုက်သည်။ သူက ဇွတ်တရွတ်နိုင်သော ကလေးမဟုတ်ပေ။ သူက ကျိယွီရှောင်ကို ကာကွယ်ပေးချင်ရုံသာဖြစ်လေသည်။
သူက ကျိယွီရှောင်ကို လုံး၀အဆုံးရှုံးမခံနိုင်ပေ။
ကျိလဲ့ယွီက သူ့ကို ပွေ့ဖက်ထားသည်ကို မြင်သောအခါ ကျိယွီရှောင်က ကျိလဲ့ယွီကို နမ်းလိုက်သည်။
"အခု မင်း အဆင်မပြေတာတွေကို ငါ့ကို ပြောပြနိုင်မလား...မင်း လွန်ခဲ့တဲ့နှစ်ရက်က ဘာတွေတွေးနေတာလဲ...ငါ မင်းကို တစ်ခုခု ကူညီနိုင်တာ ရှိလား..."
“ဖန်ရှင်းကို ကျောင်းပြောင်းပေးပါ...”
ကျိလဲ့ယွီက ပြတ်သားစွာ ပြောလိုက်သည်။
"ဒါပဲလား..."
"ဟုတ်ကဲ့..."
ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်သည်။
“တခြား ဘာထပ်လုပ်ပေးရဦးမလဲ...”
ကျိလဲ့ယွီ ခေါင်းခါလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"သား အဆင်ပြေပါတယ်...ကိုကိုက သားကို ချော့ပေးတယ်လေ..."
ထိုစကားကို ကြားသောအခါ ကျိယွီရှောင်က ရယ်မောလိုက်သည်။
"တကယ်လား...ဒါဆို မင်းကိုကိုကို ကျေးဇူးတင်ရမှာပေါ့...ဖေးဖေးကို ကျေးဇူးတင်ပါတယ်...မဟုတ်ရင် မင်းက အဆင်ပြေနေမှာ မဟုတ်ဘူး..."
ကျိလဲ့ယွီက ထိုစကားကို မှားယွင်းသည်ဟု မထင်ပေ။ လင်းဖေးသာ သူ့ကို မချော့ပေးခဲ့လျှင် သူက ဖန်ရှင်းကို သွားကြည့်ပြီး သတ်သင့်မသတ်သင့်စဉ်းစားနေမိလောက်သည်။
ကျိလဲ့ယွီ၏မျက်နှာပေါ်ရှိ အပြုံးက ပိုမိုထင်ရှားလာ၏။
ကျိယွီရှောင်က ယင်းကို တိတ်တဆိတ် စောင့်ကြည့်နေပြီး စိတ်သက်သာရာရသွားလေသည်။
သူက ကလေးဘ၀ကတည်းက ကျိယွီလင်းနှင့်အတူ ကြီးပြင်းလာခဲ့ပြီး ကျိယွီလင်းက အလွန်ကောင်းသည်ဟု ထင်လေသည်။ ထို့ကြောင့် သူက 'အစ်ကို'ဟူသော စကားလုံးအပေါ် အမြင်ကောင်းရှိလေသည်။
ယခု ကျိလဲ့ယွီတွင် အစ်ကိုတစ်ယောက် ရှိလာသောအခါ ထိုအစ်ကိုက ကျိလဲ့ယွီကို ဖခင်သဖွယ်စောင့်ရှောက်ပေးကာ ကျိလဲ့ယွီနှင့်အတူရှိနေပေးမည်ဖြစ်၏။ အစ်ကိုက ကျိလဲ့ယွီ၏မှီခိုအားကိုးရဆုံးသူဖြစ်လာနိုင်ပေသည်။
ကောင်းတယ်...
ကံကောင်းလိုက်တာ...
အချိန်မရွေး အားကိုးနိုင်တဲ့သူတစ်ယောက်နဲ့တွေ့ဆုံရတာက ကောင်းချီးတစ်ခုဲ...
သူက ကျိလဲ့ယွီထက် များစွာ အသက်ကြီးသောကြောင့် ကျိလဲ့ယွီထက် ဦးစွာ ထွက်ခွာရမည်ဖြစ်သည်။ သိုသော် လင်းဖေးကမူ ကျိလဲ့ယွီနှင့်အသက်အရွယ်တူပြီး ခရီးဆုံးတိုင် အချင်းချင်း မှီခိုအားကိုးကာ အတူတူရှိနေနိုင်ပေသည်။
သူက လင်းလော့ချင်းနှင့် တွေ့ဆုံခဲ့ပြီး ကျိလဲ့ယွီက လင်းဖေးနှင့် တွေ့ဆုံခဲ့သည်။ ယင်းက ကံဆိုးမိုးမှောင်ကျမှုပြီးနောက် ရရှိသည့် ကောင်းချီးတစ်ခုပင်ဖြစ်လေသည်။
ကျိယွီရှောင်က ကျိလဲ့ယွီနှင့် အချိန်ခဏကြာ စကားပြောနေခဲ့ပြီး ကျိလဲ့ယွီကို တကယ်နှစ်သိမ့်ပေးရန် မလိုကြောင်း သိသည့်အခါ အိမ်စာလုပ်ရန် လင်းဖေးဆီ ပြန်လွှတ်ပေးလိုက်သည်။
သူက ကျိလဲ့ယွီ လင်းဖေးဘေးတွင် ထိုင်၍ စာအုပ်ထုတ်ကာ အိမ်စာရေးနေသည်ကို ကြည့်ပြီးနောက် တံခါးပိတ်ပေးလိုက်ကာ ထွက်သွားလိုက်သည်။
အိပ်ရာ၀င်ခါနီး လင်းဖေးက အချိုပွဲ ယူရန်အောက်ဆင်းလာသောအခါ ကျိယွီရှောင်က စာဖတ်ခန်းထဲမှ ထွက်လာပြီး လင်းဖေးကို တားလိုက်သည်။
လင်းဖေးက ဝှီးချဲလ်တွန်းကာ သူ့ရှေ့သို့ လာနေသည့် ကျိယွီရှောင်ကို ကြည့်နေခဲ့လေသည်။
"မင်း ဘာလုပ်မလို့လဲ..."
"မုန့်ယူဖို့ အောက်ဆင်းမလို့..."
လင်းဖေး ပြောလိုက်သည်။
ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။
လင်းဖေး ဗီလာကို စရောက်စဉ်က အလွန်ချုပ်တည်းသည့်ကလေးဖြစ်ခဲ့လေသည်။ ထိုအချိန်၌ လင်းဖေးက ဘယ်သောအခါမှ မုန့်ယူရန် အောက်ထပ်သို့ ဆင်းမလာခဲ့ပေ။ သူက အောက်ထပ်ကို အခြားလူ၏နယ်မြေဟု သတ်မှတ်ကာ သတိထားခဲ့လေသည်။
တဖြည်းဖြည်း ဖြည်းညှင်းစွာနှင့် လင်းဖေးက သူနှင့်ကျိလဲ့ယွီကို လက်ခံလာခဲ့ပြီး နယ်မြေအတားအဆီးကိုလည်း လျစ်လျူရှုနိုင်ခဲ့သည်။
သူက မုန့်ယူရန် ၊ တီဗီကြည့်ရန် အောက်ထပ်သို့ ဆင်းလာလေ့ရှိလေသည်။ ထို့အပြင် တီဗီကြည့်ရင်း အန်တီကျန်းက ဘာစားချင်သလဲ မေးသည့်အခါ သူ စားချင်သည့်အစားအစာကို ပြောပြလေသည်။
သူက သူ့၏ဆန္ဒများကို ဖြည်းညှင်းစွာ ထုတ်ပြလာလေသည်။ ဥပမာ လင်းဖေးက ညတိုင်းမုန့်စားရသည်ကို ကြိုက်ပြီး မိသားစုထဲတွင် အချိုပွဲအကြိုက်ဆုံးကလေးဖြစ်လေသည်။
ကျိယွီရှောင်က လင်းဖေးကို တည်ကြည်သည့် မျက်နှာနှင့် ချစ်စရာကောင်းသည့်ကလေးဟုတွေးထားခဲ့သော်လည်း ယခုမူ လင်းဖေးက အချိုပွဲကို ကြိုက်သည့်သာမာန်ကလေးသာဖြစ်လေသည်။
ထို့ကြောင့် သူက အန်တီကျန်းကို လင်းဖေးအတွက် အချိုပွဲအချို့ကို အမြဲပြင်ဆင်ခိုင်းခဲ့သည်။
“ဒယ်ဒီလည်း စားချင်လို့...အတူတူ သွားကြတာပေါ့...”
လင်းဖေ ခေါင်းငြိမ့်လိုက်ပြီး ကျိယွီရှောင်နှင့်အတူ ဓာတ်လှေကားထဲ ၀င်လိုက်သည်။
မုန့်များက ပထမထပ်ရှိ မီးဖိုချောင်တွင် ရှိလေသည်။ ထိုနေရာတွင် ထားရသည့်ပထမအချက်က လင်းလော့ချင်းက ကလေးများ အလွန်အကျွံစားမိမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ဒုတိယအချက်က သူ့အခန်းထဲ ထည့်ထားလျှင် ကလေးများက သူ့ထံ လာတောင်းရန် ရှက်ရွံ့နေမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ တတိယအချက်အနေနှင့် သူက ကလေးများ ဘာစားချင်သလဲ အမြဲမေးနေရန် အဆင်မပြေသောကြောင့်ဖြစ်သည်။
ဤသို့ဖြင့် မုန့်များ၊ အချိုပွဲများထည့်ရန် ရေခဲသေတ္တာ သီးသန့်၀ယ်ခဲ့ပြီး မုန့်စားချင်သူတိုင်းက ပထမထပ်တွင် သွားယူနိုင်ပေသည်။ တစ်ဖက်လူက အောက်ဆင်းယူရန် ပျင်းရိခြင်းဖြင့် အလွန်အကျွံစားခြင်းကိုလည်း တားဆီးနိုင်ပေသည်။
လင်းဖေးက ပန်းကန်ပြားနှင့် ညှပ်ကို ယူလိုက်ပြီး ကျိယွီရှောင် ဘာစားချင်လဲ မေးလိုက်သည်။
ကျိယွီရှောင်က ပြုံးကာ မလိုင်ကိတ်မုန့်ကို ညွှန်ပြလိုက်၏။
လင်းဖေးက မလိုင်ကိတ်မုန့်ကို ပန်းကန်ပြားထဲ ထည့်လိုက်ပြီး ကျိယွီရှောင်ကို လှမ်းပေးလိုက်ပြီးနောက် သူက မိုချီ၊ ခရင်မ်ပေါင်မုန့်နှင့်ဘယ်ရီဘီစကစ်များကို သူ့အတွက် ယူလိုက်လေသည်။
ကျိယွီရှောင်က လင်းဖေးကို ကြည့်ကာ နူးညံ့စွာပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဖေးဖေး..."
လင်းဖေးက ကျိယွီရှောင်ကို လှည့်ကြည့်လိုက်သည်။
ဘာလို့ သူ့ကို ထပ်ကျေးဇူးတင်နေရတာလဲ...
"ရှောင်ယွီကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်..."
ကျိယွီရှောင်က လေးနက်စွာ ပြောလိုက်သည်။
"ဖန်ရှင်းပေါ်လာတာက ဒယ်ဒီရဲ့ပေါ့ဆမှုကြောင့်ပဲ...ကံကောင်းလို့ သားက ဒီမှာရှိနေလို့ သူ ခံစားရတာ သက်သာသွားတာ..."
“ဖေးဖေး သူ သားနဲ့တွေ့ရတာက ကံကောင်းမှုပဲ...ဒယ်ဒီ သားကို အရမ်းကျေးဇူးတင်တယ်...သားက သာမာန်အစ်ကိုကြီးထက်တောင် ပိုကောင်းသေးတယ်...သားက အရမ်းကောင်းတာပဲ..."
လင်းဖေးက ခေါင်းငြိမ့်လိုက်သည်။
ဒယ်ဒီက သူတို့ သဘောတူညီချက်ကို မေ့သွားတာပဲ...
သူက ဒီတစ်ခါ မသိချင်ယောင်ဆောင်နေလိုက် ရင် ဒယ်ဒီက ထပ်ကျေးဇူးတင်နေဦးမယ်...
"ကျွန်တော်တို့ အချင်းချင်း ကျေးဇူးတင်စရာ မလိုဘူးဆို...ဒယ်ဒီပဲ ကျွန်တော့်ကို အဲ့လိုပြောခဲ့တာ..."
လင်းဖေး သတိပေးလိုက်သည်။
ကျိယွီရှောင်က လင်းဖေး ထိုသို့ပြောလာလိမ့်မည်ကို မထင်ထားခဲ့သောကြောင့် ရယ်မောလိုက်လေသည်။
"ဟုတ်တယ်...သား မှန်တယ်...ဒယ်ဒီတို့ကြားမှာ ကျေးဇူးတင်စကား ပြောစရာမလိုဘူး..."
လင်းဖေးက မျက်လုံးတစ်ဖက်မှိတ်ကာ ပြောလိုက်သည်။
"အွန်း..."
ကျိယွီရှောင် အနည်းငယ် ခေါင်းရှုပ်သွားသည်။
လင်းလော့ချင်းမွေးနေ့တုန်းကလည်း လင်းဖေး ဒီလိုလုပ်သေးတယ်...အဲ့တုန်းက တော်တော်ချစ်ဖို့ကောင်းတယ်လို့တောင် ထင်ခဲ့သေးတယ်...
ဒါပေမဲ့ လင်းဖေးက ဘာဖြစ်လို့ အခု သူ့ကို မျက်လုံးတစ်ဖက်မှိတ်ပြနေတာလဲ...
ဒါက...
ကျိယွီရှောင်က ရုတ်တရက် သဘောပေါက်သွားလေသည်။
ဒါက လျစ်လျူရှုတဲ့သင်္ကေတပဲ...
သူတို့ ကတိပေးထားပေမဲ့ သူက ကျေးဇူးတင်စကားပြောလိုက်လို့ လင်းဖေးက သူ့ကို ဂရုမစိုက်ကြောင်း ပြတာ...
လင်းဖေးက တကယ်ချစ်ဖို့ကောင်းတာပဲ...
ကျိယွီရှောင်က ရယ်မောကာ လင်းဖေးခေါင်းလေးကို ထိလိုက်ပြီး ပြောလိုက်သည်။
"သားက အရမ်းချစ်ဖို့ကောင်းတာပဲ..."
လင်းဖေး :"???"
ကျိယွီရှောင်က လင်းဖေးကို နမ်းလိုက်သည်။
"သားက ချစ်ဖို့ကောင်းလိုက်တာ...နောက်ဆို ဒယ်ဒီ ကျေးဇူးတင်စကား မပြောတော့ဘူး...သဘောကျတဲ့အကြောင်းပဲ ပြောတော့မယ်...ဒယ်ဒီ သားကို အရမ်းသဘောကျတာပဲ ဖေးဖေး..."
လင်းဖေး :"..."
လင်းဖေး၏နားရွက်ထိပ်များက အနည်းငယ် ပူလာပြီး နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။
ကျိယွီရှောင်က လင်းဖေးကို ပြုံးကာ ကြည့်လိုက်ပြီး မလိုင်ကိတ်မုန့်အချို့ကို လင်းဖေးပန်းကန်ထဲ ထည့်ပေးလိုက်သည်။
"သွားကြရအောင်..."
လင်းဖေး :"..."
လင်းဖေးက သူ့ပန်းကန်ထဲမှ ဘယ်ရီဘီစကစ်များကို ကျိယွီရှောင်ပန်းကန်ထဲ ပြန်ထည့်ပေးလိုက်လေသည်။
ထို့နောက် သားအဖနှစ်ယောက် ဒုတိယထပ်သို့အတူပြန်တက်လာကြသည်။
ကျိယွီရှောင်က သူရှာတွေ့သည့်အကြောင်းအရာကို လင်းလော့ချင်းအား မျှဝေရန် မစောင့်နိုင်တေ့ာချေ။
လင်းလော့ချင်းက ယင်းကို သိသောအခါ လင်းဖေး၏ချစ်စရာကောင်းမှုကြောင့် နှလုံးသားက တုန်ရီသွားလေသည်။
"ငါလည်း မြင်ချင်တာပေါ့...အိမ်ပြန်ရောက်ရင် ငါ အဲ့ဒါကို တွေ့ရဖို့ ကြိုးစားမယ်..."
"မင်း သူ့ကို ကျေးဇူးတင်တုန်းကရော အဲ့လို မလုပ်ခဲ့ဘူးလား..."
"ငါ မမှတ်မိပေမဲ့ အဲလိုပုံစံကို မတွေ့ဖူးတာတေ့ာ သေချာတယ်...ငါ အရမ်း သိချင်နေပြီ...ငါ တကယ် အဲ့ဒါကို တွေ့ချင်တယ်..."
“မင်း ပြန်လာရင် အဲ့ဒါကို တွေ့ရမှာပါ...”
"ဟုတ်တယ်နော်..."
သူက မကြာမီ ပြန်ရတော့မည်ကို သိသော်လည်း မစောင့်နိုင်ပေ။
သူက ဒါရိုက်တာကို နောက်ရိုက်ကူးနေရာသို့ ပြောင်းသောအခါ အဖွဲ့က အစီအစဉ်ဆွဲနေစဉ် အိမ်သို့ ခဏပြန်ရန် ခွင့်တောင်းပြီဖြစ်သည်။ ဒါရိုက်တာကလည်း ယင်းကို ခွင့်ပြုခဲ့သော်လည်း သူက လက်ရှိရိုက်ကူးရေးနေရာတွင် ရိုက်ကူးရေးပြီးအောင်လုပ်ရန် လိုသေးလေသည်။
လင်းလော့ချင်းက ဇွန်လနှောင်းပိုင်းတွင် ရိုက်ကူးရေးပြီးဆုံးမည်ဖြစ်သည်။ လင်းဖေးနှင့် ကျိလဲ့ယွီသည်လည်း နောက်ဆုံးစာမေးပွဲ ဖြေဆိုရတော့မည်ဖြစ်သည်။ ဖန်ရှင်းက အခြားကျောင်းသို့ပြောင်းသွားပြီး ဖန်ရှင်းအကြောင်းကို ကျိမူထံ ကျိယွီရှောင်လည်း မမေးသလို ကျိလဲ့ယွီလည်းမမေးပေ။
အရာအားလုံးက တည်ငြိမ်နေလေသည်။
ကျိယွီရှောင်က အချိန်ကို တွက်ချက်လိုက်သည်။ ပိုက်ကွန်ပြန်သိမ်းရန် အချိန်ရောက်ပြီဖြစ်သည်။
ကလေးနှစ်ယောက်က စာမေးပွဲပြီးဆုံးသွားသောအခါ လင်းလော့ချင်းကို ကျိန်းသေပေါက် သွားတွေ့ကြမည်ဖြစ်သည်။ ထန်ကျားကျိအတွက်နှင့် ကလေးနှစ်ယောက်၏ဆန္ဒကို ဖယ်ထားရန် မဖြစ်နိုင်ပေ။
ကျိယွီရှောင်က စာဖတ်ခန်းထဲတွင် ထိုင်ကာ လရောင်အောက်တွင် ဓားတိုလေးကို ထပ်မံထုတ်ကြည့်လိုက်လေသည်။
ဓားက သွေးသောက်ပြီးသားဖြစ်သည်။
သူ့အစ်ကိုနှင့်မရီးအတွက် လက်စားချေရန် သူ့အစ်ကို ပေးထားသော ဤဓားကို အသုံးပြုမည်ဖြစ်သည်။
တရားဥပဒေက သူ့နှလုံးသားထဲမှ ရက်စက်ကြမ်းကြုတ်မှုများကို ဟန့်တားထားသော်လည်း တစ်ဖက်လူကို ထောင်ထဲပို့ရုံမျှနှင့် သူ မကျေနပ်နိုင်ပေ။
သူက သွေးကို မြင်ချင်သည်။ သူ အလွန်မုန်းတီးသောသူ၏နာကျင်နေသော အမူအရာကို မြင်ရမှသာ သူ့နှလုံးသားထဲရှိ အမုန်းတရားများက ငြိမ်သက်သွားမည်ဖြစ်သည်။
ဖြစ်နိုင်လျှင် သူက တစ်ဖက်လူ၏အသားကို လှီးဖြတ်ကာ သွေးများ တစ်စက်စက် ချနေစေချင်လေသည်။
သူက ထန်ကျားကျိကို သူ့မိသားစုကို လာထိလျှင် ပေးဆပ်ရမည်တန်ကြေးကို သိစေချင်လေသည်။
သို့သော် အဆုံးတွင် သူက တရားဥပဒေအောက်ရှိ လူမှုအဖွဲ့အစည်းတွင် နေထိုင်သူဖြစ်ပြီး ထိုမျှရက်စက်သော နည်းလမ်းများကို အသုံးမပြုနိုင်ပေ။
သူက ထန်ကျားကျိ၏သွေးကို မြင်ရရုံသာ တတ်နိုင်လေသည်။
ကျိယွီရှောင်က ထိုင်ခုံနောက်ကို မှီလိုက်ပြီး တွေးလိုက်သည်။
'ငါက ဒီနေ့ကို စောင့်နေခဲ့တာ...'
ကျိဂရု၏ပုံမှန်အစည်းအဝေးကို ဗုဒ္ဓဟူးနေ့ မနက်တိုင်းတွင် ကျင်းပလေသည်။ ပုံမှန်အတိုင်း ရှယ်ယာရှင်များ၊ အကြီးတန်းစီမံခန့်ခွဲသူများက အစည်းအဝေးကို ဦးဆောင်ပြီး လတ်တလောအလုပ်အခြေအနေများအကြောင်းနှင့် အနာဂတ်အတွက် အစီအစဉ်များကို ဆွေးနွေးကြလေသည်။
သို့သော် ယနေ့ အစည်းအဝေးခန်းထဲ ၀င်လိုက်သောအခါ တစ်ခုခုက ထူးခြားနေလေသည်။အစည်းအဝေးခန်းရှိ အဓိကထိုင်ခုံနေရာတွင် ဝှီးချဲလ်ပေါ်ထိုင်နေသည့် လူငယ်တစ်ယောက်ရှိနေ၏။
ထိုလူငယ်က ချောမောပြီး မြင်နေကြ အနက်ရောင် ၀တ်စုံကို ၀တ်ထားသော်လည်း တော်၀င်ဆန်သည့်အငွေ့အသက်များက လက်ရှိကမ္ဘာနှင့် ဝေးကွာနေသလိုဖြစ်စေလေသည်။
ထိုလူငယ်၏မျက်နှာက ရင်းနှီးနေသလိုရှိလေသည်။ ထိုလူငယ် သူတို့ကို မော့ကြည့်လာသောအခါမှသာ ဘာကြောင့်ရင်းနှီးနေရသလဲ နားလည်သွားကြသည်။ ထိုလူငယ်၏လှပသောမျက်လုံးများက အထွေထွေမန်နေဂျာဟောင်း ကျိယွီလင်း၏မျက်လုံးများနှင့် တူလေသည်။
တစ်ဖက်လူကို သိသည့် ရှယ်ယာရှင်တစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်သည်။
"ယွီရှောင် ဘာလို့ ဒီရောက်နေတာလဲ..."
ကျိယွီရှောင်က တစ်ဖက်လူကို ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"ကျွန်တော် လာလို့မရလို့လား..."
"အဲ့လို မဟုတ်ပါဘူး...မင်းကို မနှစ်ကတည်းက မတွေ့ရတာဆိုတော့ ရုတ်တရက် ပြန်ပေါ်လာတော့ထူးဆန်းနေလို့ပါ...ဟား...ဟား..."
ကျိယွီရှောင်က ထိုစကားကို ကြားသောအခါ ပြုံးလိုက်သည်။
"ရပါတယ်...နောက်ကြရင် ကျွန်တော့်ကို မကြာမကြာ တွေ့ရတော့မှာပါ..."
ရှယ်ယာရှင်က အံ့အားသင့်သွားလေသည်။
'ဘာကို ဆိုလိုတာလဲ...သူ့အစ်ကိုအစား ကျိဂရုကို တာ၀န်ယူတော့မှာလား...ဒါဆို အရင်က ဘာဖြစ်လို့သတင်းမထွက်ခဲ့တာလဲ...'
'ကျိမူနဲ့ ထန်ကျားကျိရဲ့ တိုက်ပွဲကရော ဘယ်လိုလဲ...ဥက္ကဋ္ဌရဲ့သား ပြန်ရောက်လာပြီဆိုတော့ လမ်းဖယ်ပေးရတော့မှာပေါ့...'
"တကယ်လား..."
ရှယ်ယာရှင်က ၀မ်းသာနေဟန်ဆောင်လိုက်သည်။
"ဒီလိုဆို ကောင်းတယ်...ဥက္ကဋ္ဌကျိသာ သိရင် အရမ်းပျော်နေမှာ..."
ကျိယွီရှောင်က ပြုံးနေဆဲဖြစ်၏။
တကယ်လား...
သူ့အဖေက ခဏလောက်တော့ ပျော်နေမှာပေါ့...