အပိုင်း ၂၅၃
Viewers 87k

Chapter 253



"အထွေထွေမန်နေဂျာကျိ ဘာကိစ္စများ ရှိလို့ ကျွန်တော့်ဆီ ဖုန်းဆက်လာတာလဲဗျ..."


ကျိမူက ကျိယွီရှောင်ကို ကြည့်လိုက်ပြီး ကျိယွီရှောင်က တည်ငြိမ်စွာ ပြောလိုက်သည်။


"စပီကာဖွင့်လိုက်..."


ကျိမူ :'သူက ဘာလုပ်မလို့လဲဟ...'


ကျိမူက စပီကာဖွင့်လိုက်လေသည်။


"ကျောက်ချန် ငါပဲ...ငါ ကျိဂရုကို ပြန်လာပြီ...အခုကစပြီး ငါက အောင်းယွီနဲ့ကျိဂရုရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တာ၀န်ယူမယ်..."


ကျောက်ချန် :"!!!"


ဖာ့ခ်...ကျိယွီရှောင်က ဘယ်အချိန်က ပြန်ရောက်လာတာလဲ...


ဒီလိုဆို မကြာခင် သူတို့ဆီ ပြန်လာတော့မှာပေါ့...


ကျောက်ချန်က ချက်ချင်းသဘောတူလိုက်သည်။


"ဟုတ်ကဲ့ စီနီယာ...တစ်ခုခုလိုအပ်လာရင် ကျွန်တော့်ဆီ အချိန်မရွေး ဆက်သွယ်လို့ ရပါတယ်..."


“အင်း...”


ပြောပြီးနောက် ကျိယွီရှောင်က ထန်ကျားကျိကို ကြည့်လိုက်သည်။


"မင်းမှာ ဘာပြောစရာရှိသေးလဲ..."


ထန်ကျားကျိက ယင်းကို မယုံကြည်နိုင်ပေ။


သူက ကျိယွီရှောင်ကို ကြည့်ကာ ခေါင်းခါလိုက်သည်။


"မဖြစ်နိုင်ဘူး..ဒါက မဖြစ်နိုင်ဘူး..."


ဘာလို့ အရမ်းလွယ်နေရတာလဲ...ဘာလို့ ဒီလောက် လွယ်ကူနေရတာလဲ...


မဖြစ်နိုင်ဘူး...


သူက ဖုန်းထုတ်ကာ ကျောက်ချန်ဆီ ဖုန်းဆက်လိုက်သည်။


"ဥက္ကဋ္ဌကျောက် ကျွန်‌တော်ပါ...ကျိယွီရှောင်က အခုမှ ပြန်လာတာ...ဘာမှ နားမလည်ဘူး...ကျွန်တော်ကသာ ပရောဂျက်ရဲ့အခြေအနေကို သိတာ...ကျွန်တော်နဲ့ဆို ပိုအဆင်မပြေဘူးလားဗျ...နှစ်ဦးနှစ်ဖက်ကြား ပူးပေါင်းဆောင်ရွက်မှုက လူပြောင်းရင် မကောင်းဘူးမလား..."


ကျောက်ချန်က စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။


"ရပါတယ်...ကျွန်တော် ဥက္ကဋ္ဌကျိကို ယုံတယ်..."


"ဒါပေမဲ့ သူက အောင်းယွီနဲ့ပရောဂျက်အကြောင်း ဘာမှ နားမလည်ဘူးလေ..."


ကျောက်ချန် :"..."


မင်းက ကျိဂရုကလား...အောင်းယွီဘက်ကလား...


"အဆင်ပြေပါတယ်...ဥက္ကဋ္ဌကျိက ကျွန်‌တော့်အိုင်ဒေါလ်လေ...သူနဲ့ပူးပေါင်းနေသရွေ့ အကုန်အဆင်ပြေတယ်...သူ နားမလည်ရင်တောင် ကျွန်တော် သင်ပေးလို့ ရပါတယ်...ဥက္ကဋ္ဌကျိ အချိန်ရှိသရွေ့ ကျွန်တော်က အချိန်မရွေး အဆင်ပြေတယ်..."


ကျိမူ :"..."


ကျိကျန်းဟုန် :"..."


ဘုတ်အဖွဲ့၀င် ဒါရိုက်တာများ :"..."


ထန်ကျားကျိ :"..."


ကျိယွီရှောင်က အရိုးအကြီးကြီးလား...


အောင်းယွီက အရိုးကို လျှာနဲ့လျက်နေတာပဲ...


ဒါက ရက်စက်လွန်းတယ်...


ထန်ကျားကျိက ယင်းကို မယုံကြည်နိုင်ပေ။


တစ်ဖက်တွင် ကျိကျန်းကောင်းက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။


"ဟားဟား ရှောင်ရှောင်...မင်းနဲ့ အောင်းယွီဥက္ကဋ္ဌကျောက်က ဒီလိုဆက်ဆံရေးမျိုးလား....စောစောက မပြောဘူး...မဟုတ်ရင် အထွေထွေမန်နေဂျာကျိမူက ဒီလောက်ပင်ပန်းရမှာ မဟုတ်ဘူး..."


ကျိမူ :"..."


ကျိမူက ဖုန်းကို ပြန်သိမ်းလိုက်ပြီး ကျိယွီရှောင်ကို ကြည့်လိုက်သည်။


သူ ဘာလုပ်ချင်နေတာလဲ...


ကျိကျန်းယန်က လူကို ရိုက်ချရန် အခွင့်အရေးရလာပြီဖြစ်သည်။ ထန်ကျားကျိက ကျိမူကို တိုက်ခိုက်ထားသည့်အတွက် ယခုထန်ကျားကျိကို ပြန်တိုက်ခိုက်ရမည်ဖြစ်၏။


"ယွီရှောင်နဲ့ ဥက္ကဋ္ဌကျောက်က ဆက်ဆံရေးကောင်းမှတော့ ဒီပရောဂျက်ကို ယွီရှောင်ကိုင်တွယ်လို့ရတာပဲ...လက်ထောက်အထွေထွေမန်‌နေဂျာထန် အလုပ်ထွက်ဖို့အတွက် ပြဿနာမရှိတော့ အခုအထုပ်အပိုးသွားမပြင်သင့်ဘူးလား..."


ထန်ကျားကျိက ကျိကျန်းဟုန်ကို ဒေါသတကြီး လှမ်းကြည့်လိုက်သည်။


ကျိကျန်းကောင်းက ဒုတိယအစ်ကိုစကားကို ကြားသောအခါ တမင်တကာ ပြောလိုက်သည်။


"ဟုတ်ပြီ...ငါ ဂရုမစိုက်တော့ဘူး...အခု ယွီရှောင် ပြန်လာပြီး ရှောင်ထန်ကလည်း အလုပ်ထွက်သွားပြီဆိုတော့ ယွီရှောင်က အထွေထွေမန်နေဂျာအသစ် ဖြစ်လာပြီမလား...ငါ‌ကတော့ ယွီရှောင်စကားကို နားထောင်မယ်..."


ကျိကျန်းဟုန် :"..."


ကျိကျန်းယန် :"..."


ထန်ကျားကျိက ကျိကျန်းကောင်းကို စိတ်ထဲတွင် ကျိန်ဆဲလိုက်လေသည်။


ကျိကျန်းယန်နှင့်ကျိကျန်းကောင်းတို့က ကျိယွီရှောင်၏ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ဖော်ပြခဲ့ကြသည့်အတွက် အဖေတစ်ယောက်ဖြစ်သည့် ကျိကျန်းဟုန်က လူများရှေ့တွင် ထကန့်ကွက်၍ မရပေ။


"ရှောင်ထန် ရုံးခန်းကို အရင်ပြန်သွားလိုက်ပါ..."


ထန်ကျားကျိ :"???!!!"


ထန်ကျားကျိ မယုံကြည်နိုင်ပေ။


သူက ကျိကျန်းဟုန်ကို 'အဖေ'ဟု ထခေါ်မတတ်ကြည့်လိုက်ပြီး ကျိကျန်းဟုန်၏အကြည့်ကို မြင်သောအခါ အံကြိတ်ကာ ပြန်သွားလိုက်သည်။


ကျိကျန်းဟုန်က ထန်ကျားကျိ ရုံးခန်းသို့ ဒေါသတကြီး ပြန်သွားသည်ကို ကြည့်လိုက်သည်။


ဒါက ကောင်းတယ်...


ယွီရှောင်က ပြန်လာပြီ...ရှောင်ထန်က ဆက်နေဖို့ မသင့်တော်တော့ဘူး...ယွီရှောင်သာ တစ်ခုခုရှာတွေ့သွားရင် မကောင်းဘူး...


“မင်းမှာ တခြားပြောစရာရှိသေးလား...”


ကျိကျန်းဟုန်က ကျိယွီရှောင်ကို ကြည့်ကာ မေးလိုက်သည်။


"မရှိ‌တော့ပါဘူး...အစည်းအဝေးကို ပြန်ဆက်လို့ရပါပြီ..."


ကျိကျန်းဟုန်သည် ကျိယွီရှောင်သူ့ကို လျစ်လျူရှုမှုကို ခံစားမိပြီး စိတ်မသက်မသာဖြစ်ရလေသည်။


ကျိယွီရှောင်က ပြန်လာလာချင်း ထန်ကျားကျိကို အလုပ်ထုတ်ကာ ကျိမူကို ရာထူးချခဲ့ပြီး အထွေထွေမန်နေဂျာဖြစ်လာခဲ့သည်။ ကျိယွီရှောင်က သူ့ကို မျက်လုံးထဲ လုံး၀မထည့်ထားကြောင်း သိသာသည်။ တစ်ချိန်တည်းတွင်ပင် ကျိယွီရှောင်က အလွန်အစွမ်းထက်သည်ဟု တွေးမိသည်။


သူက ထန်ကျားကျိ အလုပ်စ၀င်ချိန်မှစပြီး ယခုအချိန်ထိ ‌နောက်ကွယ်မှ အကူအညီများစွာပေးခဲ့သည်။ ထို့အပြင် ထန်ကျားကျိကိုလည်း လက်ထောက်အထွေထွေမန်နေဂျာရာထူး ခန့်အပ်ခဲ့လေသည်။ အောင်းယွီနှင့် ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေစေရန်လည်း အချက်အလက်များစွာ ပံ့ပိုးပေးခဲ့ရသည်။ ယခုမူ ကျိယွီရှောင်က အောင်းယွီကို စကားအနည်းငယ်ခန့်လောက်နှင့် ဖြေရှင်းလိုက်ပြီး သူ့အကူအညီပင် မလိုချေ။


သူက ထန်ကျားကျိထက် ကျိဂရုကို အုပ်ချုပ်ရန် ပိုမိုသင့်တော်လေသည်။


ကျိယွီရှောင်၏ဒေါသကိုသာ လျှော့လိုက်လျှင် ပိုကောင်းလာပေမည်။


ကျိကျန်းဟုန်က သူ့လက်‌ထောက်ကို ကြည့်လိုက်ပြီး အစည်းအဝေးကို ဆက်လက်ကျင်းပလိုက်သည်။


အစည်းအဝေးပြီးနောက် ဒါရိုက်တာများက ကျိယွီရှောင်က ကျိဂရုကို ဆက်လက်‌ဆက်ခံမည်သူဖြစ်ကြောင်း အခြေခံအားဖြင့် ဆုံးဖြတ်ခဲ့ကြသည်။ ကျိမူနှင့်ထန်ကျားကျိက လအတော်ကြာ တိုက်ခိုက်နေကြသ်ောလည်း ‌ကောင်းကင်ပေါ်မှ တစ်စုံတစ်ယောက်က ပြုတ်ကျလာခဲ့လေသည်။ ယင်းကား အမှန်ပင် ရယ်စရာကောင်းပြီး အံ့ဩစရာကောင်းလေသည်။


လူတိုင်းက ဖရဲသီး စားခဲ့ရပြီး အစည်းအဝေးပြီးနောက် အလုပ်ပြန်လုပ်လိုက်ကြသည်။


ကျိကျန်းကောင်းက စိတ်အခြေအနေကောင်းနေသောကြောင့် ကျိယွီရှောင်ကို ပြုံးကာ ပြောလိုက်သည်။


"ငါတို့ မတွေ့ရတာတတောင် အတော်ကြာနေပြီ...ရှောင်ရှောင် သွားကြစို့...မင်းတတိယဦးလေးက ထမင်း၀ယ်ကျွေးမယ်...မင်း အထွေထွေမန်နေဂျာ ရာထူးရတာကို ဂုဏ်ပြုတဲ့ပွဲလို့ မှတ်ယူလိုက်..."


"ဟုတ်ကဲ့..."


ကျိယွီရှောင် ပြန်ဖြေလိုက်သည်။


ကျိကျန်းယန်က အေးစက်စွာ နှာမှုတ်လိုက်ပြီး အဝေးသို့ ထွက်သွားလိုက်သည်။


ကျိမူက တစ်ခုခုပြောချင်နေသော်လည်း အဆုံးတွင် ကျိကျန်းယန်နောက်သာ လိုက်သွားလိုက်လေသည်။


ကျိကျန်း‌ကောင်းက သူတို့ကို မမြင်ချင်သောကြောင့် ယင်းကို ဂရုမစိုက်ခဲ့ပေ။ သူက ကျိကျန်းဟုန်ကို ကြည့်ကာ ပြောလိုက်သည်။


"သွားရအောင် အစ်ကို...အစ်ကို ကျွန်တော်တို့နဲ့ လိုက်မှာမလား..."


"ငါ လုပ်စရာလေးရှိသေးလို့...မင်းနဲ့ရှောင်ရှောင်သာ သွားကြ..."


ကျိကျန်းကောင်းက ခေါင်း‌ရှုပ်သွားလေသည်။


"ရှောင်ရှောင်နဲ့ညစာအတူစားတာထက် အရေးကြီးတာ ဘာရှိသေးလို့လဲ..."


ထိုစကားကို ကြားသောအခါ ကျိကျန်းဟုန်က ကျိယွီရှောင်နှင့် ထမင်းအတူမစားသည်မှာ ကြာပြီဖြစ်ကြောင်းကို သတိရသွားလေသည်။ အဖေနှင့်သား အချင်းချင်း မတွေ့ကြသည်မှာ ကြာပြီဖြစ်သည့်အတွက် ထမင်းအတူတူစားခြင်းက မဖြစ်နိုင်သည့်ကိစ္စဖြစ်သည်။


ထိုသို့ တွေးပြီးနောက် ပြောလိုက်သည်။


"ဒီလို‌ဆို သွားကြစို့..."


ရှောင်လီက ကျိယွီရှောင်ကို တွန်းကာ သူတို့နောက် လိုက်သွားလိုက်လေသည်။


ထန်ကျားကျိက ရုံးခန်းထဲ ပြန်ရောက်သောအခါ စားပွဲပေါ်မှ ပစ္စည်းများကို တွန်းချပစ်လိုက်သည်။


သူက ဆိုဖာပေါ်တွင် ထိုင်ကာ ကျိကျန်းဟုန် သူ့ဆီ လာမှာကို စောင့်နေလေသည်။


ကျိကျန်းယန်နှင့်ကျိမူက အခန်းရှေ့မှ ဖြတ်သွားစဉ် ပစ္စည်းပြုတ်ကျသံများကို ကြားလိုက်ရလေသည်။ ထိုအခါ ကျိကျန်းယန်၏နှလုံးသားထဲမှဒေါသများက ပြန်လည်ထွက်ပေါ်လာပြီး ကျိကျန်းဟုန်ကို မနိုင်သည့်အတွက် ထန်ကျားကျိ၏အခန်းတံခါးကို ဖွင့်ကာ ပြောလိုက်သည်။


"ရို့...ငါတို့ရဲ့လက်ထောက်အထွေထွေမန်နေဂျာထန်က ထွက်မသွားသေးဘူးလား...မင်းကို ကတိပေးထားတဲ့ ငါ့ရဲ့တတိယညီကို စောင့်နေတာလား..."


"သူက ကျိကျန်းဟုန်တို့ သားအဖနဲ့ အတူတူထွက်သွားတာ ကြာရောပေါ့...ကျိယွီရှောင် ပြန်လာပြီမလား...သူက ကျိကျန်းဟုန်ရဲ့သားအရင်းလေ...ကျိကျန်းကောင်းက မင်းကို ကာကွယ်ပေးမယ်လို့ ထင်နေတာလား...သူက ကျိယွီရှောင်ကို မျက်နှာလိုမျက်နှာရလုပ်နေတာ မမြင်ဘူးလား...မင်းက ဘာလဲ...ကျိကျန်းကောင်းက မင်းကို အလေးအနက်ထားတယ်လို့ တွေးနေတာလား...ဟာသပဲ..."


ထန်ကျားကျိက ကျိကျန်းယန်ကို တစ်ခုခုနှင့်ကောက်ပေါက်လိုက်သော်လည်း ကျိကျန်းယန်က ရှောင်လိုက်ပြီး ထေ့ငေါ့ပြောလိုက်သည်။


"အိမ်ပျောက်‌နေတဲ့ခွေးလေး အမြန်ထွက်သွားတာ ကောင်းမယ်နော်..."


ပြောပြီးနောက် သူက လှည့်ထွက်သွားလိုက်လေသည်။


ထန်ကျားကျိက ဆိုဖာပေါ်တွင် ထိုင်ကာ အလွန် ဒေါသထွက်နေလေသည်။


သူက သူ့အဖေရောက်လာတာကို ထိုင်စောင့်နေပေမဲ့ သူ့အ‌ဖေကတော့ သူ့ရဲ့ချစ်လှစွာသောသားနဲ့ ညစာထွက်စားနေပြီတဲ့လား...


ကျိယွီလင်းနဲ့ကျိယွီရှောင် ရှိနေသရွေ့ သူကသူ့အဖေမျက်လုံးထဲ ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး...


ထန်ကျားကျိက ကျိကျန်းဟုန်နှင့် ပထမဆုံးတွေ့ဆုံစဉ်က အချိန်ကို ပြန်သတိရသွားလေသည်။ သူက အံ့ဩသွားကာ စိတ်လှုပ်ရှားပျော်ရွှင်ခဲ့ရသည်။ 


သူက ထန်ကျူး၏သားဖြစ်ကြောင်းနှင့် ကျိကျန်းဟုန်၏သားဖြစ်ကြောင်းကို ကျိကျန်းဟုန်ကို ပြောပြခဲ့သည်။ ကျိကျန်းဟုန်က အံ့ဩသွားပြီး တစ်ခုခုကို ပြန်သတိရသွားမှ သူ့ကို DNAစစ်ဆေးသည့်နေရာသို့ ခေါ်သွားလေသည်။


စစ်ဆေးမှုရလဒ်က သားအဖအရင်းဖြစ်ကြောင်း ဖော်ပြနေပြီး သူ့တွင် အမေမရှိတော့သည့်အတွက်ကျိကျန်းဟုန်နှင့် အတူတူနေချင်ခဲ့လေသည်။


သို့သော် ကျိကျန်းဟုန်က ငြင်းဆန်ခဲ့ပြီး သူက အကြောင်းပြချက်ကို မေးသောအခါ ကျိကျန်းဟုန်က သူ့တွင် ကလေးတစ်ယောက်ရှိသေးကြောင်းကို ယခုမှ သိခြင်းဖြစ်ပြီး အပြင်တွင် တစ်ယောက်တည်းနေရန် တောင်းဆိုခဲ့သည်။


ကျိကျန်းဟုန်က ရှက်ရွံ့စွာ ပြောလာလေသည်။


"မင်းက ရုတ်တရက်ကြီး ပေါ်လာတာပဲ...ငါ မင်းကို အသိအမှတ်မပြုနိုင်ဘူး...နားလည်လား..."


ယင်းကို သူ နားမလည်နိုင်ပေ။ သူ့အတွက်မူ ကျိကျန်းဟုန်နှင့် ကျိဂရုက ကောင်းကင်ပေါ်မှပြုတ်ကျလာသည့်မုန့်ဖြစ်ပြီး လက်လွှတ်ပေးရန် မဖြစ်နိုင်ပေ။ 


"ဒါဆို ကျွန်တော် ကျိဂရုမှာ အလုပ်၀င်လုပ်လို့ရမလား..."


ကျိကျန်းဟုန်က တွန့်ဆုတ်နေပြီး တိုက်ရိုက် သဘောမတူခဲ့ပေ။


သူက သူ့ထံ ငွေများလွှဲပေးပြီး အိမ်တစ်အိမ်လည်း ၀ယ်ပေးခဲ့လေသည်။


သူက အိမ်အကြီးကြီးတွင် နေကာ ဘဏ်စာအုပ်ထဲမှ ငွေများကို ကြည့်ပြီး အလွန်ပျော်ရွှင်နေခဲ့သည်။


ထိုသို့ ‌မကြောင့်မကြနေနေရသည့်အတွက် သူက ကျိမိသားစုထဲ၀င်ကာ ငွေနှင့်အာဏာကို လိုချင်လာ၏။ သူ့ဘ၀၏ ဒုတိယပိုင်းတွင် ထိပ်ဆုံးရောက်သွားချင်သည်။


သို့သော် သူ ကျိမိသားစုထဲ မ၀င်ရသေးမီ ကျိယွီလင်းက သူ့ထံရောက်လာခဲ့သည်။


ကျိယွီလင်းက သူ့အဖေ၏လှုပ်ရှားမှုများမှတစ်ဆင့် သူ့ကို မတော်တဆရှာတွေ့ခဲ့ခြင်းဖြစ်သည်။


ကျိယွီလင်းက ကျိယွီရှောင်နှင့်အသက်တူတူလောက်ရှိသည့် သူ့ကို ရှာတွေ့ခဲ့လေသည်။ 


သူက ကျိကျန်းဟုန် သူ့ကို ပေးထားသည့်အချက်အလက်မှတစ်ဆင့် သူ့ဆီရောက်လာသည့်သူက ကျိကျန်းဟုန်၏သားအကြီး ဖြစ်ကြောင်းနှင့် လက်ရှိတွင် ကျိဂရုရှိ အထွေထွေမန်နေဂျာဖြစ်ကြောင်း သိရှိခဲ့သည်။


သူက သူ့အဖေပြောခဲ့သည့်စကားကို မှတ်မိလေသည်။ ကျိယွီလင်းက နူးညံ့သိမ်မွေ့ကြောင်းကို သိသည့်အတွက် 'အစ်ကို'ဟုခေါ်ကာ ယဉ်ကျေးစွာ ကြိုဆိုခဲ့သည်။


ထိုစဉ်က ကျိယွီလင်းက ယင်းကို မမျှော်လင့်ထားခဲ့သည့်အတွက် တစ်ဖက်လူကို မေးလိုက်သည်။


"မင်းက ငါ့အဖေရဲ့သားလား..."


ထန်ကျားကျိ အံ့ဩသွားသည်။


"အစ်ကို ကျွန်တော့်ကို သိလား..."


ကျိယွီလင်းက ပြုံးကာ ပြောလိုက်သည်။


"အခု ငါ သိပြီ..."


ထို့နောက် ကျိယွီလင်းမျက်နှာက အေးစက်သွားလေသည်။ ပတ်၀န်းကျင်အခြေအနေကို ကြည့်လျှင် သူ့အဖေက တရားမ၀င်သားကို ကောင်းကောင်းဆက်ဆံ‌လေ၏။


"အသက်ဘယ်လောက်ရှိပြီလဲ..."


ထန်ကျားကျိက ကျိယွီရှောင်နှင့်အသက်တူနေသည့်အတွက် သူ့အသက်ကို တွန့်ဆုတ်စွာ ပြောလိုက်လေသည်။


ကျိယွီလင်း၏နှလုံးသားက မီးတောက်လောင်လာလေသည်။


ကျိယွီရှောင်ကို မွေးဖွားစဉ်က သူနှင့်သူ့အမေက ကျိယွီရှောင်ကို ပြုစု‌နေရသောကြောင့် အလုပ်များနေခဲ့ပြီး သူ့အဖေကလည်း ကုမ္ပဏီအလုပ်များနေခဲ့လေသည်။ သူက ယင်းကို နားလည်သောကြောင့် သူ့အဖေကို အပြစ်မတင်ခဲ့ပေ။


နောက်ပိုင်းတွင် သူ့‌အမေ နေမကောင်းဖြစ်ပြီး ဆုံးသွားသောအခါ သူကသာ ကျိယွီရှောင်ကို ဂရုစိုက်ခဲ့ရပြီး ယင်းကို မငြီးငြူခဲ့ပေ။ ကျိယွီရှောင်က သူ့ညီလေးဖြစ်ပြီး အစ်ကိုကြီးတစ်ယောက်အနေနှင့် စောင့်ရှောက်ရသည်မှာ သဘာ၀ကျပေသည်။ ထို့အပြင် သူက သူ့ညီလေးကို အလွန်ချစ်သည်။


သူက ကျိယွီရှောင်ကို ဂရုစိုက်ကာ သူ့အဖေကို နားလည်ပေးခဲ့သော်လည်း သူ့အဖေကမူ အလုပ်လုပ်မည့်အစား အခြားမိန်းမတစ်ယောက်နှင့် အချိန်ဖြုန်းနေခဲ့လေသည်။


သူ့အဖေက မိန်းမတစ်ယောက်နှင့် ပျော်ပါးရန် အချိန်ရှိသော်လည်း သူတို့ညီအစ်ကိုနှစ်ယောက်ကို ဂရုစိုက်ရန် အချိန်မရှိခဲ့ပေ။


သူက သူတို့အမေကို လှည့်စားခဲ့ပြီး သူတို့ကို နှစ်၂၀ကြာ လှည့်စားခဲ့လေသည်။ သူတို့မိသားစုလေးယောက်၏ ပျော်ရွှင်နွေးထွေးမှုများက ပုံရိပ်ယောင်ပင်ဖြစ်ခဲ့သည်။


ရွံ့စရာကောင်းပြီး စိတ်ပျက်စရာကောင်းလိုက်တာ...


ကျိယွီရှောင်သာ ဒါတွေကို သိသွားရင် ဘယ်လိုတွေးမလဲ...သူ့ရဲ့စရိုက်အရဆို သူ့အ‌ဖေက ဒီလိုလူမျိုးဆိုတာကို လက်ခံနိုင်မှာ မဟုတ်ဘူး...သူတို့မိသားစုက ဒီလိုဆိုတာကို လက်ခံနိုင်မှာ မဟုတ်ဘူး...


ကျိယွီလင်းက ဆုံးဖြတ်ချက်ချလိုက်ပြီး ထန်ကျားကျိကို ထားခဲ့ကာ အိမ်ကို ချက်ချင်း ပြန်သွားခဲ့သည်။


ထိုနေ့တွင် သူက သူ့အဖေနှင့် ပြင်းပြင်းထန်ထန် ငြင်းခုံရန်ဖြစ်ခဲ့ပြီး ထန်ကျားကျိကို ကျိယွီရှောင်နှင့် ဝေးနိုင်သမျှ ဝေးဝေးထားရန် ‌တောင်းဆိုခဲ့သည်။ မဟုတ်လျှင် သူက သူ့အဖေနှင့် ထန်ကျားကျိကို အလွတ်ပေးမည်မဟုတ်ပေ။


ကျိကျန်းဟုန်က သူ့သားကြီး၏ ယခုလိုပုံစံကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူက ကျိယွီလင်းကို ထန်ကျားကျိက သူတို့အပေါ် ဘာမှသက်ရောက်မည်မဟုတ်ကြောင်း ဖြောင်းဖြပြောဆိုခဲ့သော်လည်း ကျိယွီလင်းက နောက်ပြန်ဆုတ်ရန် ဆန္ဒမရှိပေ။


သူက သူ့ညီလေးအား ပျော်ရွှင်သည့်ဘ၀ကို ဖြတ်သန်းစေချင်သောကြောင့် ဤအခြေအနေကိုထိန်းသိမ်းရန် ကြိုးစားရမည်။


အဖေကျိက နောက်ဆုံးတွင် သူ့တောင်းဆိုချက်ကို သဘောတူခဲ့လေသည်။


ထန်ကျားကျိက သူ့အဖေ သူ့ကို ထွက်သွားခိုင်းသည်ကို ကြားသောအခါ သူ့ကို ကျိမျိုးရိုးထဲ မထည့်ပေးလျှင်ပင် သားအဖေဆက်ဆံရေးကို အသိအမှတ်ပြုပေးပါဟု ငိုယိုကာ ‌တောင်းဆိုခဲ့သည်။


အဖေကျိက ချက်ချင်း သနားကရုဏာသက်သွားလေသည်။


နောက်ဆုံးတွင် သူက ထန်ကျူးကို ချစ်ခဲ့လေသည်။ မဟုတ်လျှင် သူက ထန်ကျူးနှင့် လက်ထပ်ခဲ့မည်မဟုတ်သလို သူနှင့်အတူအိပ်ခဲ့မည်လည်း မဟုတ်ပေ။ ထန်ကျူးကြောင့်သာ သူက ထန်ကျားကျိကို အိမ်နှင့်ငွေကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။


ကျိကျန်းဟုန်၏နှလုံးသားက ပျော့ပျောင်းသွားလေသည်။


ထန်ကျားကျိက ယင်းအခြေအနေကို အခွင့်ကောင်းယူကာ ကျိယွီလင်းကို သွားရှာခဲ့သည်။


အဖေကျိက ကျိယွီလင်းနှင့် ပဋိပက္ခဖြစ်ခဲ့သောကြောင့် ထိုသို့လုပ်ခဲ့ခြင်းဖြစ်ပြီး ကျိယွီလင်း နောင်တရသွားလျှင် သူက ကျိမိသားစုထဲကိုပင် ၀င်နိုင်မည်ဖြစ်သည်။


သူက ကျိယွီလင်း သူ့ကို သနားကရုဏာသက်ကာ သူ့တောင်းဆိုမှုကို လက်ခံပေးမည်ဟု ထင်ခဲ့သည်။ သူက ပြောမည့်စကားများကိုပင် စာစီကာ ငို‌ကြွေးတောင်းဆိုခဲ့သည်။


သူက ရန်ဖြစ်မည်မဟုတ်ကြောင်း၊ မိသားစုကိုသာ လိုချင်ခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။


သူက အနူးအညွှတ်တောင်းဆိုခဲ့သည်။


"အစ်ကို ကျွန်တော်က တခြား ဘာမှမလိုချင်ပါဘူး...ကျွန်တော် တောင်းဆိုပါတယ်...အဖေကို ကျွန်တော့်အနားက ခေါ်မထုတ်သွားပါနဲ့...ကျွန်တော့်မှာ ဆွေမျိုးဆိုလို့ အဖေတစ်ယောက်ပဲ ကျန်တော့လို့ပါ...ကျွန်တော် တစ်ယောက်တည်း မနေချင်ဘူး..."


သို့သော် ကျိယွီလင်းက သူ့ကို ပြဇာတ်တစ်ပုဒ် ကြည့်နေရသကဲ့သို့ ကြည့်နေလေသည်။ မျက်နှာပေါ်တွင် သနားသည့်အရိပ်အယောင်လည်း မရှိပေ။ ထန်ကျားကျိက နောက်ဆုံးစကားကို ပြောပြီး‌သွားသောအခါ ကျိယွီလင်းက မေးလိုက်သည်။


"ပြီးပြီလား...ပြီးရင် ထွက်သွားတော့..."


"အစ်ကို..."


ထန်ကျားကျိက ‌ကျိယွီ‌လင်းကို ခေါ်လိုက်သည်။


ကျိယွီလင်းက အေးစက်စွာ ပြောလိုက်သည်။


"ငါ့ကို အဲ့လိုလာမခေါ်နဲ့...ငါ့မှာ ညီ‌တစ်ယောက်ပဲ ရှိတယ်...ငါ မင်းကို မသိသလို သိသွားဖို့လည်း စိတ်ကူးမရှိဘူး...ငါ အလုပ်လုပ်နေတာကို ‌မနှောင့်ယှက်နဲ့တော့...ထွက်သွားဖို့ အချိန်ရောက်ပြီ..."


သူက ‌‌စားပွဲပေါ်မှ ဖုန်းကို ဖိလိုက်ပြီး သူ့လက်ထောက်ကို ထန်ကျားကျိအား အပြင်ခေါ်ထုတ်ခိုင်းလိုက်သည်။


ထန်ကျားကျိက တံခါးအပြင်တွင် ရပ်ကာ ယင်းကို လက်မခံနိုင်ဖြစ်နေလေသည်။


နူးညံ့ပြီး သိမ်မွေ့တာက ဘယ်မှာလဲ...


သူ့ကို ဘယ်လိုဆက်ဆံလိုက်တာလဲ...


သူကလည်း ကျိယွီလင်းရဲ့ညီပဲလေ...ဘာဖြစ်လို့ ကျိယွီလင်းက သူ့ကို မကြည့်တာလဲ...ဘာဖြစ်လို့ သူ့ကို အချိန်ဖြုန်းပစ်နေတဲ့သူလို ဆက်ဆံရတာလဲ...


ထိုအခိုက်အတန့်တွင် သူက ကျိယွီလင်းနှင့်ကျိယွီရှောင်တို့ကို မနာလိုဖြစ်ခဲ့သည်။


သူက ဒီလောက်တောင်းဆိုနေတာတောင်မှ ကျိယွီလင်းက သူ့ကို နားလည်ပေးဖို့ ဆန္ဒမရှိခဲ့ဘူး...


ပြီးတော့ သူ့ကို မနှစ်မြို့သလို နှင်ထုတ်ခဲ့သေးတယ်...


သူက ဘာလဲ...


သူတို့အားလုံးက ကျိကျန်းဟုန်ရဲ့သားတွေ မဟုတ်ဘူးလား...


ကျိမိသားစုပဲဖြစ်ဖြစ် ၊ ကျိဂရုပဲဖြစ်ဖြစ် သူ့မှာ အဲ့တာတွေကို ပိုင်ဆိုင်ဖို့အခွင့်အရေးရှိတယ်...အဲ့ဝာာတွေကို သူ့ကို နှိမ့်ချတဲ့ကျိယွီလင်းကို ပေးမဲ့အစား သူ ပြန်ယူသင့်တယ်...


ထန်ကျားကျိက ကျိယွီလင်းကို သတ်ကာ သူ့နေရာကို ၀င်ယူချင်လာမိသည်။ သို့သော် မကြာမီပင် ကျိကျန်းဟုန်က သူ့ကို နှင်ထုတ်ခဲ့သည်။


ကျိယွီလင်းက ကျိယွီရှောင် သဲလွန်စရှာတွေ့သွားကာ ထန်ကျားကျိကို ‌ရှာတွေ့သွားမည်ကို စိုးရိမ်သောကြောင့် သူ့အဖေ၏ငွေပေးချေမှုမှတ်တမ်းများနှင့် ထန်ကျားကျိ၏အိမ်ကို ဖုံးကွယ်ခဲ့လေသည်။


အရာအားလုံးက ဘာမှမဖြစ်ခဲ့သလိုပင်ဖြစ်သည်။


ယင်းက နွေမုန်တိုင်းကဲ့သို့ပင်ဖြစ်ကာ ထန်ကျားကျိက အဝေးရောက်သွားပြီး ကောင်းကင်ကြီးက ပြန်ကြည်လင်သွားလေသည်။ ကျိယွီရှောင်က ထိုအဖြစ်အပျက်ကို သတိမပြုမိခဲ့ချေ။


သို့သော် သူတို့မသိခဲ့သည်က နွေမုန်တိုင်းက ကျိယွီလင်း၏အသက်ကို နှုတ်ယူသွားသော တိုက်ဖုန်းမုန်တိုင်းကြီး ဖြစ်သွားမည်ကိုပင်ဖြစ်သည်။


ထန်ကျားကျိ၏မျက်လုံးများက ကြမ်းကြုတ်လာလေသည်။ 


သူက ကျိဂရုအတွက် ကျိယွီလင်းကိုပင် သတ်ခဲ့သည်။ ကျိယွီရှောင်ကို သတ်ရန်က သူ့အတွက် ကိစ္စကြီး မဟုတ်တော့ပေ။