(7) ဖန်သားပြင်ပေါ်က ညီအစ်ကို
Viewers 48k

(7) ဖန်သားပြင်ပေါ်က ညီအစ်ကို

ရုန်စစ်ချီရဲ့လက်ရှိမန်နေဂျာ ဖန်းဟွာက တိုတယ်အနုပညာရဲ့အင်အားကြီးမန်နေဂျာတွေထဲက တစ်ယောက်ဖြစ်တယ်။ 

သူမက တိုတယ်မှာ လူကြီးပိုင်းထဲကတစ်ယောက်လို့ပြောလို့ရတယ်။ ကုမ်ပဏီ စတင်တည်ထောင်ကတည်းက အတူတကွတည်ရှိလာကြတဲ့ ဦးဆုံးလူသားတွေထဲကတစ်ယောက်ပေါ့။ သူမအပြင် အခြား နာမည်ကြီးပြီး လုပ်ကိုင်နိုင်စွမ်းမြင့်မားတဲ့ ချီမင်နဲ့လီဟွမ်သယ်ဆိုတဲ့ မန်နေဂျာနှစ်ယောက်လည်းရှိသေးတယ်။ သူတို့တွေက တိုတယ်အနုပညာကို ကနဦးအုတ်မြစ်ချပေးပြီး တိုးတက်ကြီးပွားလာအောင် ပြုလုပ်ပေးခဲ့သူတွေဖြစ်ခဲ့တယ်။  အခုအချိန်မှာ ဖန်းဟွာက တိုတယ်မှာ ဒုဥက္ကဌအဖြစ် ရာထူးတိုးနေပြီး သူဌေးချိုးချန်လက်အောက်က လက်ထောက်သူဌေးလို့ပြောရမယ်။

အရင်ဘဝတုန်းကတော့ ပိုင်လန်က ဒီလောက်ခပ်စောစော ဒီလိုမျိုးရာထူးမြင့်လူကြီးပိုင်းတစ်ယောက်နဲ့ မဆုံဖူးဘူး။ သာမန်မန်နေဂျာတစ်ယောက်နဲ့ပဲ စာချုပ်ပါလုပ်ရိုးလုပ်စဉ်တွေကို လုပ်ခဲ့တာ။ နောက်ပိုင်း ရွက်လှေကိစ္စဖြစ်ပြီးမှပဲ ဖန်းဟွာနဲ့တွေ့ဖူးခဲ့တယ်။ ပြောရရင်လည်း ရွက်လှေက ချိုးမိသားစုအပိုင်ဖြစ်ခဲ့ပြီး အဲဒိနေ့ကလည်း ချိုးချန်ရဲ့မွေးနေ့ပါတီကျင်းပနေခဲ့တာဖြစ်တယ်။ သူက ချိုးချန်အပေါ်မှာ အကြွေးအများကြီးတင်နေတော့ ပါတီကိုမဖြစ်မနေတက်ရောက်ပေးခဲ့ရတယ်။ ပါတီနောက်ပိုင်း ကျပ်တည်းတဲ့အချိန်ကာလတွေမှာလည်း ဖန်းဟွာဆီက အကူအညီအများကြီးမရပေမယ့် သူမနဲ့သိကျွမ်းခဲ့ပါတယ်။

သူမကိုကြည့်ရတာ ခါတိုင်းပြင်ဆင်နေကျပုံလိုပဲ ဆံပင်တိုတိုနဲ့ ဘောင်းဘီနဲ့ဝတ်စုံပြည့်ကို ဝတ်ဆင်ထားတယ်။ နှုတ်ခမ်းနီအနီရောင်ဆိုးထားတဲ့ သူမအသွင်အပြင်က အရမ်းကိုခန့်ညားတယ်။ နားနှစ်ဖက်မှာလည်း တလက်လက်တွဲလဲခိုနေတဲ့နားဆွဲတွေရှိပြီး ဒီလိုအမှတ်သညာကပဲ သူမကို အခြားသူတွေနဲ့မတူ တမူကွဲထွက်စေတယ်။

ဖန်းဟွာက ဟုန်ဟုန်နဲ့အတူ လမ်းလျှောက်လာပြီး ပိုင်လန့်ဘေးနားရောက်လာတယ်။ ပိုင်လန်လှည့်ကြည့်လိုက်တာမြင်တော့ သူမက အပြုံးလေးနဲ့ စတင်နှုတ်ဆက်လေတယ် "မစ္စတာပိုင် တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်မနာမည် ဖန်းဟွာပါ" ပြီးနောက်မှာ သူမက ပိုင်လန်နဲ့လက်ဆွဲနှုတ်ဆက်လေတယ်။

ပိုင်လန်ကလည်း ယဉ်ယဉ်ကျေးကျေးပြန်ပြောလိုက်ပါတယ် "ဒုဥက္ကဌအကြောင်း ကျွန်တော်ကြားဖူးနေတာ ကြာပါပြီ၊ ကျွန်တော့်ကို အများကြီးစောင့်ရှောက်ပေးပါဦး"

"အစ်မဖန်းလို့ပဲခေါ်ပါ" ဖန်ဟွာက ပြုံးလိုက်တယ် "ပြီးတော့ စောင့်ရှောက်ပေးတယ်လို့ မခံယူဝံ့ပါဘူး၊ ကျွန်မလည်း ဒီကိုလည်းလာတုန်း အားဟုန်ကိုတွေ့လို့ ဝင်လာလိုက်တာ၊ အခု အားဟုန်က ရှင့်ရဲ့လက်ထောက်ဖြစ်နေပြီလို့ကြားလိုက်တော့ ကျွန်မဖြင့် သေလောက်အောင်လန့်ဖြန့်သွားတာပဲ၊ သူသာရှိနေရင် ရှင် ကျွန်မကို လိုမှာမဟုတ်တော့ပါဘူး"

ဖန်းဟွာပြောလိုက်တဲ့ ဒီစကားလုံးတွေရဲ့အဓိပ္ဗါယ်က အများကြီးတာသွားတယ်၊ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဘာမှလည်း မဟုတ်ပြန်ဘူး။

အရှည်အရှည်လိုက်တွေးမယ်ဆိုရင်တော့ နားထောင်ရတာသေချာပေါက်ခါးပေမယ့် ဘာမှမတွေးဘဲ ဖြတ်တိုက်သွားတဲ့လေလို သဘောထားလိုက်ရင်လည်း ပြီးတာပါပဲ။

ဒါကြောင့်သူက တည်တည်ငြိမ်ငြိမ်နဲ့ ပြုံးပြီး ပြန်ပြောလိုက်တယ် "ဒါတွေအကုန်လုံးက အစ်ကိုချိုးရဲ့ကျေးဇူးတွေပါ၊ အစ်ကိုဟုန်ကူညီတာလည်း ပါတာပေါ့" ဟုန်ဟုန်နဲ့ဖန်းဟွာက သိကျွမ်းနေမှတော့ သူမဆီကို ဖုံးကွယ်ထားစရာအကြောင်းမရှိတော့ဘူးလေ။

ဖန်းဟွာက တစ်ချက်အံ့သြပုံပေါက်သွားပေမယ့် လျင်လျင်မြန်မြန်ပဲ ကျော်သွားပေးလိုက်တယ် “ကုမ်ပဏီရဲ့လူသစ်လေးတွေအကုန်လုံးက တောက်ပတဲ့အနာဂတ်ရှိတဲ့လူတွေချည်းပါပဲ၊ မစ္စတာပိုင်ရဲ့ဇာတ်လမ်းတွဲလည်း ပိုပိုပြီးပေါ်ပြူလာဖြစ်လာတယ်နော်၊ ဒုဥက္ကဌကျွန်မတော့ အစောကြီးအနားယူလို့ ရနေပြီ"

"အစ်မဖန်းက မြှောက်ပြောနေပါပြီ၊ မစ္စတာရုန်ကမှ ပိုတော်တဲ့သူပါ" ပိုင်လန်က ပြန်ပြောလိုက်တယ်။

သူတို့နှစ်ယောက် လေပေးဖြောင့်နေတဲ့အချိန်မှာပဲ ဓါတ်ပုံဆရာရဲ့ ကျယ်ကျယ်လောင်လောင်အော်သံကြီးကထွက်လာတယ် "မကောင်းဘူး!! နောက်တစ်ခါ!!!"

ဝတ်စုံတစ်စုံအတွက် ရိုက်ကူးချိန်က (၁၅)မိနစ်သာ သတ်မှတ်ထားပေမယ့် ရုန်စစ်ချီကို ရိုက်နေတာ မိနစ်(၄၀)လောက်ရှိသွားပြီဖြစ်တယ်။

အကူအညီမဲ့နေတဲ့ပုံစံက ဖန်းဟွာရဲ့မျက်နှာပေါ်မှာဖြစ်လာလေတယ် "ရှင်က တကယ်ကြီးပြောနေတာလား၊ ဒါမှမဟုတ် ကျွန်မကို နှစ်သိမ့်နေတာလား"

…………………….

ပိုင်လန်က လူတိုင်းရဲ့အာရုံတွေ ဓါတ်ပုံဆရာဆီရောက်သွားတဲ့အချိန်ထိ စောင့်နေတယ်။

ဒီတစ်ကြိမ်မှာတော့ ရုန်စစ်ချီရဲ့ပုံစံက ဖြူဖျော့နေပြီ။ စူးရှတဲ့မီးရောင်အောက်မှာ ရိုက်ကွင်းကပူနေတာကြောင့် နဖူးမှာလည်း ချွေးအချို့သီးနေတယ်။ နားထင်ထောင့်က ချွေးစီးကြောင်းတွေကို မြင်တဲ့အခါ စိတ်တိုနေတဲ့ဓါတ်ပုံဆရာက ရုန်စစ်ချီရဲ့မိတ်ကပ်ကို လာပြင်ပေးဖို့ လူတွေကိုပြောလိုက်တယ်။

ရုန်စစ်ချီက ရိုက်ကွင်းပေါ်က လျှောက်ထွက်လာတဲ့အခါ နဂိုအေးစက်စက်အသွင်ပြင်က စိတ်ရှုပ်ထွေးတဲ့အမူအရာတွေဖြစ်နေတယ်။ စိတ်ညစ်နေလို့ သူ့နှုတ်ခမ်းက ခပ်တင်းတင်းစေ့နေတယ်။ ဖန်းဟွာက သူတို့နှစ်ယောက်ကိုနှုတ်ဆက်လိုက်ပြီး ရုန်စစ်ချီရဲ့စိတ်အခြေအနေကိုကူညီဖို့ မြန်မြန်ထွက်သွားလေတယ်။

ရိုက်ကူးရေးအဖွဲ့သားတွေက အချိန်ကုန်သက်သာစေဖို့အတွက် ရိုက်ကွင်းကို ပိုင်လန်နဲ့လဲလိုက်တယ်။ ပိုင်လန့်အလှည့်မှာတော့ ဓါတ်ပုံဆရာက သက်ပြင်းတချချနဲ့ စိတ်မရှည်လက်မရှည်ဖြစ်နေတော့တာပေါ့။

ဒီအခြေအနေမှာ လွန်ခဲ့တဲ့(၁၀)နှစ်က ပိုင်လန်သာဖြစ်ခဲ့မယ်ဆိုရင် စိတ်ဖိစီးမှုတွေခံစားနေရမှာဖြစ်ပေမယ့် အခုပိုင်လန်က ယုံကြည်ချက်ပြည့်ပြည့်ဝဝရှိတယ်။

အရင်ဘဝတုန်းက သူက 'နေဝင်ချိန်' ဆိုတဲ့ရုပ်ရှင်တစ်ကားတည်းပဲ ရိုက်ခဲ့ရပြီး ကျန်တာတွေက ဇာတ်လမ်းတွဲချည်းပဲ။ အကြောင်းရင်းက ပိုင်လန်ရဲ့ ဆိုးရွားလွန်းတဲ့ကံတရားကြောင့်ဖြစ်ပေမယ့် နောက်ထပ်အကြောင်းရင်းတစ်ခုကလည်း ရှိသေးတယ်။ ဒါက သူက အရမ်းနောက်ကျပြီးမှ အမြင်မှန်ရရှိသွားတာကြောင့်ပေါ့။ ပိုင်လန်က သရုပ်ဆောင်သက်အချိန်တော်တော်ကြာမှ ပုံစံခွက်ထဲကဖောက်ထွက်နိုင်ခဲ့ပြီး သရုပ်ဆောင်စွမ်းရည်ကို TV ဇာတ်လမ်းတွဲအဆင့်မှ ရုပ်ရှင်အဆင့်ကို ပြောင်းလဲနိုင်ခဲ့တယ်။ ဒါကလည်း သူ့ရုပ်ရှင် 'နေဝင်ချိန်' ကိုမရိုက်ခင်လေးတင် ပါဝင်ခဲ့ရတဲ့ ဂီတဗီဒီယို(MV)တစ်ခုကြောင့် ဖြစ်ပါတယ်။

ပိုင်လန်က ဒီMV ရဲ့ဒါရိုက်တာကျူခွန်းဆီကနေ အများကြီးသင်ယူခဲ့ရတယ်။ ဘယ်လိုသရုပ်ဆောင်မလဲ ဆိုတာအပြင် အလင်းအမှောင်အသုံးချနည်းတွေကိုပါ ကျူခွန်းက သူ့ကို အစမှအဆုံး ပြန်သင်ပေးခဲ့တယ်။ အကြောင်းရင်းက ပိုင်လန့်လို ကံမကောင်းတဲ့လူမျိုး သူတစ်ခါမှ မတွေ့ဖူးတာကြောင့်တဲ့။ သူပြောချင်ရင်လည်း ပြောစရာပဲလေ။ အများစုက နာမည်မကြီးဘူးဟေ့ဆိုရင်လည်း ဘယ်တော့မှနာမည်မကြီးဘူး၊ သူ့လို နှစ်ခါနာမည်ရပြီးမှ ပြန်ဆွဲချခံရတာမျိုးက တစ်ထောင်မှာတစ်ယောက် ရှားရှားပါးပါး ပက်ပက်စက်စက်ကံမကောင်းသူမှ ဖြစ်တတ်တာမျိုးကိုး။

သရုပ်ဆောင်ကောင်းတစ်ယောက်ဆိုတာ သူရဲ့ကာရိုက်တာအပေါ်မှာ မြှပ်နှံထားနိုင်စွမ်းရှိရမယ်လို့ ကျူခွန်းက ပိုင်လန့်ကို အမြဲတမ်းသတိပေးခဲ့တယ်။ ဒါပေမယ့် ပြည့်ပြည့်ဝဝမြှပ်နှံပြီးရင်လည်း ပရိသတ်တွေဆီကို ပြန်လည်ချပြနိုင်စွမ်းရှိရဦးမယ်လေ။ ဒါမှသာ အပိုအလိုမရှိတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာမှာပေါ့။ ဟုတ်တာပေါ့.. ကာရိုက်တာထဲနစ်မြောပြီး ဖော်ထုတ်ပြသပေးတတ်တဲ့ စွမ်းရည်ကသာ သရုပ်ဆောင်တစ်ယောက်ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုပဲပေါ့။

ကျူခွန်းက ပိုင်လန့်ကို ကိုယ်ကိုတိုင်သင်ယူပါလို့ ပြောခဲ့တယ်။ ဒါကြောင့် ပိုင်လန်ကလည်း အများကြီးကြိုးစားခဲ့ပါတယ်။ သူက ရုပ်ရှင်တွေကို အသံရောစာတန်းရောပိတ်ပြီး သရုပ်ဆောင်တွေရဲ့အမူအရာနဲ့ လှုပ်ရှားပုံတွေကိုပဲကြည့်တယ်။ သူတို့ပြချင်တဲ့အရာတွေကို မျက်နှာအမူအရာတွေ ကိုယ်ခန္ဓာလှုပ်ရှားပုံတွေကတဆင့် ဘယ်လိုပုံဖော်သွားသလဲဆိုတာ လေ့လာတယ်။ ဒီလိုသင်ယူမှုမျိုးက ရုပ်ရှင်ခေတ်ဦးကာလကို ပြန်ရောက်သွားသလိုမျိုးဖြစ်နေတာကြောင့် အစပိုင်းမှာ ပိုင်လန်က အကြိမ်တိုင်းအိပ်ပျော်သွားတာချည်းပါပဲ။

ဒါပေမယ့် သူက တစ်ခါကြည့်ပြီးနားမလည်ရင် နှစ်ခါကြည့်တယ်၊ သုံးခါကြည့်တယ်၊ ဒီလိုနဲ့ပိုင်လန်က အများကြီးအသိအမြင်တွေရလာတယ်။ ကျူခွန်း သူ့ကိုရွေးပေးထားတာတွေက ရှေးခေတ်က ဂန္ထဝင်လက်ရာတွေချည်းပဲ။ သရုပ်ဆောင်ကြီးတွေရဲ့ ခေါင်းကလေးစောင်းလိုက်တာကအစ မျက်တောင်လေးခတ်လိုက်တာအဆုံး အဓိပ္ဗါယ်အပြည့်အဝရှိတယ်။ သူက ပိုပိုပြီးကြည့်လေ ဘယ်လိုပြသရမလဲလို့ ပိုပိုနားလည်လာလေပါပဲ။

ပြီးတော့ နောက်တစ်ဆင့်အဖြစ် ကျူခွန်းက သူ့ကို ကိုယ့်ကိုကိုယ်ပြန်ပြီး ရင်းနှီးလာအောင် ပြုလုပ်ပေးတယ်။ အက ကနေသလိုပါပဲ၊ ကြည့်တော့သာလွယ်သယောင်ထင်ရပေမယ့် ကိုယ်တိုင်လိုက်လုပ်ဖို့ကျတော့ အလွန်တရာခက်ခဲတယ်လေ။ အစပိုင်းမှာ ကြည့်ချင်စရာမကောင်းအောင် မလှမပဖြစ်နေပေမယ့် ထပ်ကာထပ်ကာလေ့ကျင့်မယ်ဆိုရင်တော့ ပိုပြီးကြည့်ကောင်းလာမှာပေါ့။

ရုပ်ရှင်တစ်ခုမှာ သရုပ်ဆောင်တာလည်း ထိုနည်းလည်းကောင်းပဲ။ ခပ်မိုက်မိုက်စတိုင်နဲ့ လက်ကလေးတစ်ဖက်လွဲရမ်းလိုက်တာမျိုး၊ မျက်ခုံးလေးတစ်ဖက်ပင့်လိုက်တာမျိုးကို တစ်ချို့သရုပ်ဆောင်တွေက ခပ်လွယ်လွယ်လုပ်တတ်ကြပေမယ့် ကျူခွန်းကတော့ သူ့ကို ဒီလိုအရာလေးတွေတောင်မှ ထပ်ကာထပ်ကာလေ့ကျင့်စေတယ်။ ပြီးတော့ မတူညီတဲ့ရှုထောင့်အမျိုးမျိုးကနေ ရိုက်ကူးပြသလေတယ်။ ဒါက တစ်ချို့နာမည်ကြီးတွေ ကိုယ့်သရုပ်ဆောင်ချက်ကိုယ်ပြန်ရိုက်ပြီး အသေးစိတ်ပြန်လည်ဆန်းစစ်ကြတာမျိုးနဲ့တူတယ်။ ကျူခွန်းရဲ့အမြင်မှာတော့ ကြီးကျယ်ခမ်းနားတဲ့သရုပ်ဆောင်ချက်တွေဆိုတာ သရုပ်ဆောင်တစ်ယောက်ရဲ့ ကိုယ်တိုင်လေးလေးနက်နက် ဆင်ခြင်သုံးသပ်ခြင်းတွေကပဲ လာတာပါ။

ကံကောင်းတာတစ်ခုက ပိုင်လန့်မှာ မွေးရာပါပါရမီရှိတယ်လို့ ကျူခွန်းက ခံစားမိတာပဲ။ သူ့ရဲ့အသိပညာနဲ့လုပ်ကိုင်နိုင်စွမ်းက ပေါ့တိမ်တိမ်ဖြစ်နေပေမယ့် လွယ်ကူတဲ့ကာရိုက်တာမျိုးကိုကျ ဒီရှိစုမဲ့စုပါရမီလေးနဲ့ပဲ လုပ်သွားတာလေ။ ဒါပေမယ့် မွေးရာပါပါရမီပေါ်မှာ ကြိုးစားမှုရယ်၊သင်ယူမှုရယ် ထပ်ပေါင်းထည့်လိုက်တာနဲ့ ပိုင်လန်က ပိုပြီးတောက်ပလာလိမ့်မယ်လို့ ကျူခွန်းကယုံကြည်တယ်။

ပြန်လည်မွေးဖွားလာတဲ့ပိုင်လန်ကလည်း ဒီအရာတွေကို မမေ့သေးပါဘူး။ သူဘယ်လိုသေသွားခဲ့လဲ.. သူဘယ်လိုအသစ်ဖြစ်တည်လာခဲ့လည်း တစ်စက်လေးမှ မမေ့သေးပါဘူး။

ဒီဘဝရောက်လာတော့ အရင်နဲ့ကွဲပြားတာတစ်ခုက ပိုမိုများပြားတဲ့အခွင့်အရေးတွေကို ကြုံတွေ့ဖို့ သူ့မှာ အချိန်တွေအများကြီးရှိသေးတာပါပဲ။

ဒီလိုမျိုး ပိုင်လန့်ဘဝမှာ အမြင်ကျယ်လာအောင်၊ သရုပ်ဆောင်ခြင်းအနုပညာတွေကို သိရှိနားလည်လာအောင် ကျူခွန်းက ပြုလုပ်ပေးခဲ့တာပေါ့။

အခုသူက ရိုက်ကွင်းပေါ်မှာ နေရောင်ခြည်လိုတောက်ပပြီး ပွင့်လင်းတဲ့ လူငယ်လေးဖြစ်ရမယ်။ ပိုင်လန်က တစ်ခုတည်းသော ရိုက်ကွင်းအသုံးအဆောင်ဖြစ်တဲ့ ထိုင်ခုံပေါ်မှာ နောက်ပြန်ခွထိုင်လိုက်ရင်း နောက်မှီကိုဖက်လိုက်လေတယ်။

ဓါတ်ပုံရိုက်သံတစ်ချပ်ချပ်က အခန်းတစ်ခန်းလုံးဆူညံသွားစေတယ်။

အချိန်ဆယ်မိနစ်လောက်ကုန်ဆုံးသွားပြီးနောက်မှာတော့ ပိုင်လန်က ပထမအသုတ်အဝတ်အစားတွေအတွက် ဓါတ်ပုံရိုက်ပြီးသွားပါပြီ။ ဒီအချိန်မှာ ဖန်းဟွာက ဘေးနားမှာလာကြည့်ရင်း မမျှော်လင့်စရာကောင်းတဲ့ မှတ်ချက်တစ်ခု ပြုခဲ့ပါတယ် "ရှင့်ပုံစံက တကယ်မဆိုးဘူး"

ဒါပေမယ့် ရုန်စစ်ချီရဲ့ဒုတိယအကြိမ်ရိုက်ကွင်းမှာတော့ လေထုက ရုတ်တရက်ပြောင်းလဲသွားပြန်တယ်။ တတိယအကြိမ်အရောက်မှာတော့ တိုက်ပွဲတွေဖြစ်လုနီးပါးပဲ။ ဓါတ်ပုံဆရာ ဘယ်နှကြိမ်မြောက်အော်ဟစ်နေလဲဆိုတာ ဘုရားမှပဲသိတော့မယ်။ သူ့မျက်နှာကြီးက ပေါက်ကွဲတော့မယ့် ဗုံးတစ်လုံးလိုဖြစ်နေတာကြောင့် UNI ရဲ့တာဝန်ရှိသူက ဖန်းဟွာနဲ့ဆွေးနွေးဖို့ပြေးသွားတယ်။ ပိုင်လန်က နောက်ကလိုက်သွားတာပေါ့။

ဒီလိုအခြေအနေမျိုးမှာ သူဝင်မပါသင့်မှန်း ပိုင်လန်ကသိပေမယ့် သူသာရုန်စစ်ချီကို ကူညီနိုင်မယ်ဆိုရင် ဖန်းဟွာလည်း သူ့ဘက်မှာရှိနေပေးလိမ့်မယ်။ ပြီးတော့ ဒါက အလုပ်မဖြစ်တော့ပဲ လျှာရှည်မှုနဲ့ သူပါပြောင်းခံလိုက်ရရင်တောင် ချိုးချန်ရဲ့ 'ဒါပျက်သွားရင်တောင် ဒိထက်ကြီးတဲ့ကြော်ငြာရှာပေးမယ်' ဆိုတဲ့ ကတိစကားကြီးက ရှိသေးတယ်မလား။ 

ဒါကြောင့် ပိုင်လန်က သူတို့ဆွေးနွေးနေတာတွေ တိတ်တဆိတ်နားထောင်ပြီးမှ စကားစပြောလိုက်တယ်။

"ကျွန်တော်နဲ့ မစ္စတာရုန်တို့ နေရာချင်းလဲလိုက်မယ် ဆိုရင်ကော"

UNI ရဲ့ တာဝန်ရှိသူ အမျိုးသမီးအဖွဲ့မှူးက လင်ချင် လို့ခေါ်တယ်။ သူမက ပိုင်လန့်ကို စိတ်မရှည်စွာကြည့်လိုက်ရင်း ပြောလိုက်တယ် "ဘာပြောလိုက်တာလဲ! ဒါက အင်္ကျီချင်းလဲဝတ်သလိုမျိုး ပေါ့သေးသေးကိစ္စမဟုတ်ဘူးနော်၊ နောက်ကွယ်မှာ အစီအစဉ်ဆွဲထားရတာတွေ ဘယ်လောက်တောင်များလဲ သိရဲ့လား! ရင်းနှီးထားရတာတွေအများကြီးပဲ၊ ရှင်က ပြောင်းမယ်ဆိုတာနဲ့ ဘယ်လိုပြောင်းလို့ရမှာလဲ!"

ပိုင်လန်က သူ့ရဲ့နူးညံ့တဲ့လေသံလေးကို ထိန်းသိမ်းထားပါသေးတယ် "ဒါက ကြီးကျယ်တဲ့ရင်းနှီးမြှပ်နှံမှုမှန်း ကျွန်တော်သိပါတယ်၊ ဒါပေမယ့် ရလဒ်က ပိုကောင်းမယ်ဆိုရင် ကြိုးစားကြည့်သင့်တာပေါ့၊ ဘာပဲဖြစ်ဖြစ် မော်ဒယ်ချိန်းလိုက်တာထက်စာရင် ပိုလွယ်တာပဲ မဟုတ်ဘူးလား၊ ပြီးတော့ ကုမ်ပဏီက ကျွန်တော့်ကို မစ္စတာရုန်နဲ့အတူ ရိုက်ခိုင်းမှတော့ အခြားသဘောတူညီချက်တွေလည်း ရှိဦးမှာပဲ၊ တကယ်လို့ ဒီကအစ်မက သူ့ကိုခပ်လွယ်လွယ်ပြောင်းလိုက်မယ်ဆိုရင် ကနဦးသဘောတူညီချက်တွေကို ဘယ်လိုလုပ်မှာလဲ"

ဒါတွေကြားတဲ့လင်ချင်က စိတ်အနှောင့်အယှက်ဖြစ်သွားပြီးမှ အေးစက်စက်အပြုံးလေးနဲ့ ထပ်ပြောတယ် "ကြည့်ရတာ မစ္စတာပိုင့်မှာ ယုံကြည်ချက်ကောင်းကောင်းရှိတာပဲ၊ ဒီလိုဆိုမှတော့ ကျွန်မတို့ ဘာတွေပြောင်းသင့်တယ်ဆိုတာ ပြောပါဦး!"

ပိုင်လန်က လင်ချင်ရဲ့မလိုမုန်းထားမှုတွေကို လျစ်လျှူရှုလိုက်တယ်။ သူက ပြုံးလိုက်ပြီးမှ ပြောပါတယ် "မစ္စတာရုန့်ကို ကျွန်တော့်အဝတ်အစားတွေဝတ်ပြီး ရိုက်ခိုင်းလိုက်ပါ၊ သူက တောက်ပဖော်ရွေတဲ့ကောင်လေးမျိုးမဟုတ်ပေမယ့် ငယ်ဂုဏ်ဆိုတဲ့အရာကိုတော့ ကောင်းကောင်းပုံဖော်နိုင်မှာ အမှန်ပဲ။ မစ္စတာရုန်က ဂီတနဲ့ပတ်သက်လာရင် လေးလေးနက်နက်ရှိပြီးတော့ အခြားသူတွေထက်လည်းသာတယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုကြိုးစားအားထုတ်ပြီး စူးစိုက်မှုမျိုးက လိုချင်တဲ့ပုံနဲ့လည်း သင့်တော်မှာပါ"

သူက ဒီလိုပြောလိုက်တော့ ဖန်းဟွာက စိတ်ဝင်စားလာပုံရပြီး မေးလာတယ် "ဒါဆို ရှင့်အပိုင်းကရော"

"ကျွန်တော်က ဒီကြော်ငြာမှာရိုက်ခွင့်ရတာက ကုမ်ပဏီဘက်က ကျွန်တော့်ရဲ့ 'လက်တွဲဖော်များ' ကပုံရိပ်ကို နှစ်သက်လို့ ဖြစ်ပါလိမ့်မယ်" ပိုင်လန်က ဖန်းဟွာကို ကျေးဇူးတင်တဲ့အကြည့်တစ်ချက်ပေးလိုက်ပြီးမှ ဆက်ပြောတယ် "ဒါကြောင့် ဆန့်ကျင်ဘက်ကာရိုက်တာ ကျော့မော့ပြီးစတိုင်ကျတဲ့ပုံစံမျိုး လုပ်ပေးနိုင်ပါတယ်။ အပြင်ပန်းက တောက်ပနေပေမယ့် ကြိုးစားပမ်းစားအလုပ်လုပ်သူမျိုးလေ၊ ဟုတ်တယ်မလား။ ဒါက ကွဲထွက်နေမှာမဟုတ်ပါဘူး၊ ပိုပြီးတောင်စစ်မှန်တဲ့ပုံမျိုးဖြစ်လာမှာပါ”

 ဖန်ဟွာက မျက်မှောင်ကြုံ့လိုက်တယ်။

ပိုင်လန်က ခဏနားပြီးမှဆက်ပြောတယ် "ကြော်ငြာဇာတ်ညွှန်းလိုမျိုးပြောရမယ်ဆိုရင် ကျွန်တော်က မစ္စတာရုန်ရဲ့အစ်ကိုကြီးဖြစ်ပေးနိုင်ပါတယ်၊ အစ်ကိုကြီးအဖရာပဲလေ၊ ဒါက လက်တွဲဖော်များထဲက ကျွန်တော့်ပုံစံနဲ့လည်းကိုက်တယ်၊ ဒီလိုမျိုးလုပ်မယ်ဆိုရင် ခံစားချက်တွေပိုပြီးကောင်းလာလိမ့်မယ်၊ အခုလောလောဆယ်ရိုက်ထားသမျှထဲမှာ ကျွန်တော်တို့နှစ်ယောက်တွဲမရှိသေးဘူး၊ ကျွန်တော်တို့ ရိုက်ကွင်းကိုချိန်းပြီး နောက်ခံဇာတ်လမ်းလေးနဲ့ ညီအစ်ကိုနှစ်ယောက်ပုံစံဆိုရင်….."

အတွေ့အကြုံရှိတဲ့သရုပ်ဆောင်ဆိုတာ ရိုက်ကူးရေးကိုလည်း အနည်းအကျဉ်းသိရှိနေရမယ်။ အခုအချိန်မှာ ပိုင်လန်က သူတို့နှစ်ယောက်က ဘယ်လိုအနေအထားမျိုးရှိမယ်၊ ဘယ်လိုပြင်ဆင်သင့်လဲဆိုတာ စိတ်ကူးထဲမှာပုံဖော်နေတယ်။

ပိုင်လန်တစ်ယောက်လည်း စကားတွေလည်းပြောပြီးသွားရော လင်ချင်ရဲ့မျက်နှာအမူအရာတောင်မှ တော်တော်ပြောင်းသွားတယ်။ ဘာပဲဖြစ်ဖြစ် သူပြောလိုက်တာတွေက အခုဆွေးနွေးနေတဲ့ပြဿနာကို ဖြေရှင်းပေးနေတာလေ။

ခါတိုင်းသူတို့ရိုက်နေကြ ပုံစံက ပထမအနေနဲ့လူရွေးမယ်၊ ပြီးမှ သရုပ်ဆောင်ရမယ့်အပိုင်းကို စဉ်းစားမယ်၊ ဒီလို သာမန်လုပ်ထုံးလုပ်နည်းတစ်ခုပဲ။ ရုန်စစ်ချီနဲ့ပိုင်လန်က တစ်ယောက်ချင်းစီကောင်းတဲ့အချက်တွေရှိပါစေဦး အတူတကွရိုက်ကူးတဲ့အခါ အခက်အခဲတွေ တွေ့ရလေတယ်။ ဥပမာပြောရရင် ပိုင်လန်က ရုန်စစ်ချီထက် အရပ်ရှည်တယ်။ ရိုးရိုးရှင်းရှင်းနဲ့တောက်ပနေတဲ့လူငယ်လေးက အရပ်ပိုပုပြီးတည်ငြိမ်ခန့်ညားတဲ့ခေတ်မီအမျိုးသား ဘေးနားမှာ ရပ်နေရမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ပုံသဏ္ဍာန်ကတော့ ထူးဆန်းနေမှာပဲမလား။ ပိုင်လန်ရဲ့အကြံအတိုင်း လိုက်လုပ်မယ်ဆိုရင် ဒီအခက်အခဲတွေကို ကျော်လွှားသွားနိုင်ပြီလေ။

ဒါပေမယ့် သူတို့က ဒီလိုအခက်အခဲတွေကို အစကတည်းက မစဉ်းစားမိတာတော့ မဟုတ်ဘူး။ သူတို့စုံစမ်းထားတဲ့သတင်းတွေအရ ရုန်စစ်ချီမှာ မျက်နှာသေအမူအရာရှိတာကိုလည်း သိပေမယ့် နာမည်ကြီးလေးဖြစ်တာကြောင့် လုပ်ရင်းကိုင်ရင်းအဆင်ပြေသွားမှာပါလို့ ထင်ခဲ့ကြတာ။ သရုပ်ဆောင်သိပ်မကောင်းဘူးလို့ မှတ်ချက်ပြုခံရတဲ့ တက်သစ်စလေး ပိုင်လန့်အတွက်ကိုတော့ လွယ်ကူပြီးသိပ်မခက်ခဲတဲ့ ကာရိုက်တာလေးပေးထားတာလေ။ ပိုင်လန်ရဲ့အတွေ့အကြုံတွေက ခန်ညားလှတဲ့အမျိုးသားပုံရိပ်နဲ့ သိပ်မအပ်စပ်သေးဘူးလို့ သူတို့တွေးခဲ့ကြတာ။ နှစ်ယောက်စလုံး ကို့ရိုးကားယားဖြစ်နေမှာထက်စာရင် တစ်ယောက်အဆင်ပြေနေတာက တော်သေးတာပေါ့၊ မဟုတ်ဘူးလား။ တော်ကြာ သွားလဲလိုက်လို့ နှစ်ယောက်လုံးသုံးစားမရ ဖြစ်ကုန်မှ ဒုက္ခတွေများကုန်မှာလေ။

ဒါပေမယ့် အခုလေးတင်ပြောလိုက်တဲ့ ပိုင်လန်ရဲ့စကားတွေအရ သူ့ပုံစံက ကြားခဲ့ရတဲ့သတင်းတွေနဲ့တော့မတူဘူး။ လင်ချင်က ခံစားချက်တွေကို ထိန်းချုပ်လိုက်ပြီး ပြတ်ပြတ်သားသားပြောလိုက်တယ် “အိုကေ ကောင်းပြီလေ၊ ရှင်ပြောတဲ့အတိုင်း လုပ်ကြည့်ကြတာပေါ့၊ ဒါပေမယ့် ရှင့်ရဲ့ကာရိုက်တာအသစ်ကိုတော့ သေသေချာချာလေး လုပ်ပေးစေချင်တယ်၊ ဒီလိုမှမဟုတ်ရင်တော့ ရှင့်ကို သေချာပေါက်လဲပစ်မှာ!”

ပိုင်လန်က ပြုံးလိုက်ပါတယ် “မပြောင်းကြည့်ဘဲနဲ့တော့ မသိနိုင်သေးပါဘူး”

……………………..

ဒီနေ့ရဲ့အဆုံးမှာ အကောင်းဆုံးဓါတ်ပုံတစ်ခုကိုပြပါဆိုရင် ပိုင်လန်နဲ့ရုန်စစ်ချီ တွဲရိုက်ထားတဲ့ဟာပဲ။

ဓါတ်ပုံထဲမှာ ပိုင်လန်က ခရမ်းရင့်ရောင်ဆွယ်တာကို ဝတ်ထားပြီး ဆိုဖာခုံပေါ်မှာ ပျင်းပျင်းရိရိ လဲလျောင်းနေတယ်။ အဝေးကိုပစ်ထုတ်ခံထားရပုံရတဲ့ ဂျတ်ကတ်လေးက ထိုင်ခုံရဲ့နောက်မှာကျနေပြီး သူ့ပုံစံကိုကြည့်ရတာ အခုမှရုံးဆင်းလာတဲ့လူနဲ့တူတယ်။ ဆိုဖာဘေးနားကြမ်းပြင်ပေါ်မှာ မျက်မှောင်ကျုံ့ပြီး ထိုင်နေတဲ့ ရုန်စစ်ချီရှိတယ်။ သူက ခရင်ကာလာဆွယ်တာနဲ့ဂျင်းပန်လေးဝတ်ထားပြီး တင်ပျဉ်ခွေထားကာ ကြမ်းပြင်ပေါ်ပျံ့ကျဲနေတဲ့ တူရိယာမျိုးစုံကို စိုက်ကြည့်နေလေတယ်။

အစ်ကိုကြီးဖြစ်သူပိုင်လန်က ညီငယ်လေးကို အကူအညီမဲ့နေပုံရတဲ့မျက်ဝန်းလေးနဲ့ လှမ်းကြည့်နေတယ်။ သူက ရုန်စစ်ချီရဲ့ခေါင်းပေါ်က ဆံပင်မျှင်လေးတွေကို လှမ်းကိုင်လိုက်ပြီး ညီလေးကို စကားပြောပါဦးလို့ သတိပေးချင်ဟန်ရှိတယ်။ မြင်ကွင်းလေးကို သိပ်ကိုကြင်နာတတ်တာ မြင်ရသူတွေကို နွေးထွေးသွားစေတာပါပဲ။

အစမ်းလေ့ကျင့်ပြီးသွားတဲ့အခါ တစ်ကယ့်အမှန်ရိုက်ကွင်းအကြောင်းပြောရရင်လည်း ဘာမှကွာခြားသွားတာတော့ မရှိပါဘူး။

ရိုက်ကွင်းနေ့ရက်တွေပြီးဆုံးတဲ့အခါ ပိုင်လန်နဲ့ရင်းနှီးလာတာ အဖွဲ့သားတွေချည်းပဲတော့ မဟုတ်ဘူး။ ဖန်းဟွာတောင်မှ ရုန်စစ်ချီကိုခေါ်ပြီး ကျေးဇူးတင်စကားလာပြောတယ်။ ဒါပေ့ါ.. ပိုင်လန်က လူချင်းလဲပေးလိုက်ရုံမကဘဲ နောက်ပိုင်းမှာလည်း စီနီယာတစ်ယောက်အနေနဲ့ ရုန်စစ်ချီကို အများကြီးကူညီပေးခဲ့တာလေ။

အေးစက်စက်ပင်ကိုစရိုက်ရှိသူ ရုန်စစ်ချီက ပိုင်လန့်ဆီလာပြီး စိတ်ရင်းမှန်နဲ့ပြောရှာတယ် "အစ်ကိုလန် ကျေးဇူးပါနော်"

ပိုင်လန်က သူ့ခေါင်းကို ခပ်ဖွဖွလေးပုတ်ပေးလိုက်ပြီး ပြန်ပြောလိုက်တယ် "ငါက မင်းကိုအခွင့်အရေးယူလိုက်တာတောင်မှ မင်းက ကျေးဇူးတင်တယ်ပေါ့"

ရုန်စစ်ချီက ပိုင်လန်ရဲ့လက်ကို ရှောင်မထွက်သွားပါဘူး။ အဲဒိအစား ရင်ဘတ်ထဲကလာတဲ့ အပြုံးစစ်စစ်လေးတစ်ခုပေးလိုက်တယ် "နောက်ပိုင်းကျရင်လည်း အစ်ကိုက ကျွန်တော့်အစ်ကိုလန်ပါပဲ"

ပိုင်လန်က ငြိမ်သက်သွားတယ်။ သူက အနာဂတ်ရဲ့ထွန်းတောက်လာမယ့် ရုန်စစ်ချီအကြောင်းကို အသာလေးတွေးနေမိတယ်။ အရင်တုန်းကတော့ သူတို့နှစ်ယောက်ကြားမှာ အဆက်အသွယ်မရှိခဲ့ဘူးလေ။

အရင်က သူ့အတွေးတွေက ဘယ်လောက်တောင်အမြင်ကျဉ်းခဲ့မှန်း ပိုင်လန်ကအခုတော့ ရုတ်တရက်နားလည်သွားပြီ။ 

ဘဝအသစ်။ သူငယ်ချင်းအသစ်။ တန်ဖိုးထားစရာအခွင့်အရေးတွေအများကြီးပဲလေ။ ဘာဖြစ်လို့ အတိတ်မှာပဲ တဝဲလည်လည် ဖြစ်နေတော့မှာလဲ။

……………………………