(61) ဂရန်းဖိုင်နယ်လီ
Viewers 48k

(61) ဂရန်းဖိုင်နယ်လီ

မီဒီယာတွေက တောက်လျှောက်နောက်ယောင်ခံလိုက်နေကြပြီး လူတွေအားလုံးရဲ့လှောင်ပြောင်ခြင်းကိုခံရတဲ့ ခန်းကျန့်က လဝက်နီးပါးလောက် ပြေးလွှားပုန်းရှောင်နေခဲ့ရတယ်။

နဂိုတောက်ပပြီးတင့်တယ်ခဲ့တဲ့လူတစ်ယောက်က အခုအချိန်မှာတော့ အိုးမဲ့အိမ်မဲ့သူတောင်းစားတစ်ယောက်နဲ့ ဘာမှကွာခြားမှုမရှိတော့ဘူး။ လူကလည်းပိန်ချုံးချောင်ကျနေပြီး သနားစရာကောင်းနေတယ်။ သူက ငွေတိုးချေးစားသူတွေနဲ့ သတင်းထောက်တွေ မိသွားမှာစိုးပြီး သူ့အဝတ်အိတ်နဲ့ကားကိုတောင် ဟိုတယ်ကနေသွားမယူရဲဘူး။ နေ့တိုင်း နေ့တိုင်းလည်း နေရာတစ်ခုမှာအကြာကြီးစတည်းချမနေရဲဘူး။ ဒီလိုမျိုး စိတ်ဓါတ်ကျပြီးပြိုလဲပျက်စီးနေရတဲ့အခြေအနေမျိုးမှာ ခန်းကျန့်တစ်ယောက် လတစ်ဝက်လောက်တောင့်ခံနိုင်တာ တော်သေးတယ်လို့စဉ်းစားလို့ရပါတယ်။

ဒါပေါ့.. သူ့လှုပ်ရှားမှုတွေအကုန်လုံးကို ချိုးချန်လူတွေက မျက်ခြေမပြတ်စောင့်ကြည့်နေကြတာ။ ဒါပေမယ့် သူကမသိဘူး။ သူတို့က ခန်းကျန့်နေရာကို ငွေတိုးချေးစားသူတွေဆီမှာ ခဏခဏသွားသတိပေးရင်း အမြဲတမ်းကြောက်လန့်တကြားထွက်ပြေးနေရအောင် ဖော်ကောင်လုပ်တယ်။ ငွေတိုးချေးစားသူတွေကလည်း သူတို့ငွေပြန်ရအောင် ခန်းကျန့်ရှေ့မှာ ခဏခဏအယောင်ပြရင်း ချစ်ခင်ရသူမိတ်ဆွေတွေဆီအကူအညီသွားရှာအောင် တွန်းအားပေးခဲ့ပါတယ်။

ဒါပေမယ့် အပြင်မှာလေလွင့်နေခဲ့ရတဲ့ခန်းကျန့်က အတော်လေးကြာတဲ့အထိတောင် တစ်ယောက်ယောက်ကို အကူအညီတောင်းဖို့သွားရှာတာမျိုး သူတို့မတွေ့ခဲ့ဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်ကတော့ ခန်းကျန့်တစ်ယောက် တိုတယ်အင်တာတိန်းမန့်အဆောက်အဦးကြီးနားက လမ်းကြားလေးထဲမှာပုန်းအောင်းရင်း အကဲခတ်နေတာကိုတွေ့ရှိခဲ့တယ်။ တိုတယ်အင်တာတိန်းမန့်မှာဘယ်သူရှိလို့ ခန်းကျန့်လာတာလဲလို့ တစ်ယောက်ယောက်ကများတွေးမိကြရင် အဖြေက ပိုင်လန်ကလွဲလို့ ဘယ်သူရှိဦးမှာလဲ?

ဒီအချိန်မှာ ခန်းကျန့်က ချိုးချန်ရဲ့သံသယတွေကို လုံးဝနားလည်သိရှိပြီးနေပြီ။ နောက်ပြီး တစ်ဖက်ကချိုးချန်ကလည်း နေမထိထိုင်မထိနဲ့ ဖင်တကြွကြွဖြစ်နေခဲ့တယ်။ သူက ခန်းကျန့်ကို လူရော၊အတွေးရော အကုန်လုံးကို တစ်ပါတည်းလက်စဖျောက်ပစ်ချင်နေခဲ့တယ်။ ကျူပင်ကို အငုတ်ကပါရှင်းပစ်ချင်နေတာပေါ့!

ချိုးချန်က နောက်ထပ်အချိန်ကုန်မခံလိုတော့ဘူး။ ခန်းကျန့်ကို ဂုတ်ကဖမ်းခေါ်လာပြီး တစ်ချက်တည်းအပြီးသတ် “ဖြေရှင်း” ပစ်ဖို့ကြံတယ်။ ဒါပေမယ့် ပိုင်လန်ကတော့ ဒီအကြံကို အသည်းအသန်ကန့်ကွက်ခဲ့တယ်။ အခုချိန်မှာ ခန်းကျန့်က တစ်နိုင်ငံလုံးရဲ့အာရုံစိုက်မှုကိုခံနေရတဲ့အတွက် ချိုးချန်ကို မစွန့်စားစေချင်ဘူး။ နောက်ပိုင်းမှာလည်း မီးခိုးကြွက်လျှောက် အမျှင်တန်းပြီး မကျန်ခဲ့စေချင်ဘူး။ အခြားသူတွေအသုံးချစရာပျော့ကွက်တစ်ခုအဖြစ် မကျန်ခဲ့စေချင်ဘူး။ ဒါက လိုလည်းမလိုအပ်ဘူး၊ တန်လည်းမတန်ဘူးလေ။

ဒီနှစ်ယောက် သဘောထားမတိုက်ဆိုင်ကြတဲ့အချိန်ဆိုတာ ရှားမှရှားတဲ့ဖြစ်ရပ်။ ဒါပေမယ့် ဒီအချိန်မှာ တစ်ဖက်ကခန်းကျန့်ကတော့ နောက်ထပ်စောင့်ဆိုင်းမနေလိုတော့ဘူး။ တစ်ခုသောမနက်ခင်းမှာ သူက တိုတယ်အင်တာတိန်းမန့်ထဲ ဝင်ချလာခဲ့ရင်း ပိုင်လန်နဲ့တွေ့ပြီးစကားပြောချင်တယ်လို့ ခပ်တည်တည်ပဲပြောလိုက်တယ်။ ဧည့်ကြိုက သူ့ကိုနှင်ထုတ်ပါသေးတယ်၊ ဒါပေမယ့် သူကတော့ လော်ဘီထဲဆိုဖာတစ်လုံးပေါ်ထိုင်ပြီး ပိုင်လန်လာတဲ့အထိစောင့်မယ်လို့ပြောလိုက်တယ်။ မတွေ့မချင်း မပြန်နိုင်ပါဘူးတဲ့လေ။

တိုတယ်အင်တာတိန်းမန့်မှာလည်း လူတွေကိုနှင်ထုတ်ဖို့နည်းလမ်းတွေရှိပါတယ်။ လုံခြုံရေးအစောင့်သုံးလေးယောက်ခေါ်ပြီး ဆွဲထုတ်လိုက်ရုံပဲ။ ဒါပေမယ့် သတင်းက ပိုင်လန့်ဆီရောက်လာတယ်။ ပိုင်လန်က ခဏလောက်စဉ်းစားလိုက်ပြီးမှ နောက်ဆုံးအကြိမ်ရှင်းလင်းအောင်လုပ်ရမယ့်အချိန်ရောက်လာပြီလို့ တွေးလိုက်တယ်။ ဒါကြောင့် တွေ့မယ်လို့ပြောလိုက်ပြီး တိုတယ်အင်တာတိန်းမန့်ဆီ ကားမောင်းထွက်လာခဲ့ပါတယ်။ 

ဒီအချိန်မှာ ချိုးချန်ကတော့ သွင်းကုန်ပို့ကုန်ကုမ်ပဏီမှာ အရေးကြီးတဲ့ဗီဒီယိုကွန်ဖရန့်တက်နေတယ်။ ဒါကြောင့် ဒီသတင်းက သူ့ဆီ နာရီဝက်နောက်ကျပြီးမှရောက်လာတယ်။ တားဆီးဖို့လည်း လုံးဝနောက်ကျသွားပါပြီ။ ချိုးချန်ဆိုတာ ဒေါသထွက်လွန်းလို့ စားပွဲခုံကိုဆောင့်ကန်လိုက်ပြီး အတွင်းရေးမှူးမကို အစည်းအဝေးခန်းထဲသတင်းမပို့ရကောင်းလားဆိုပြီး အလုပ်ဖြုတ်ပစ်လိုက်တယ်။ နောက်တော့ လေအလျင်လိုအမြန်ဆုံးနှုန်းနဲ့ကားကိုမောင်းဖို့အမိန့်ပေးလိုက်ရင်း တိုတယ်အင်တာတိန်းမန့်ဆီပြေးချလာပါတယ်။ 

သူလာနေတဲ့အတောတွင်းမှာ ပိုင်လန်ကတော့ တိုတယ်အင်တာတိန်းမန့်အစည်းအဝေးခန်းထဲရောက်လို့ ခန်းကျန့်နဲ့တောင်တွေ့နေပါပြီ။

***

“အားလန်! ငါ့ကို ကူညီပါဦးကွာ!"

ခန်းကျန့်က ပိုင်လန်ဝင်လာတာကိုမြင်ပြီး အနားကိုရောက်ချလာကာ ပိုင်လန့်ခြေထောက်နား ဒူးထောက်ချလိုက်တယ်။

ပိုင်လန့်ဘေးနားမှာက အရပ်ရှည်ရှည်ဗလတောင့်တောင့်နဲ့ ဟုန်ဟုန်ရှိတယ်။ ဟုန်ဟုန်က ရှေ့ကိုတက်လို့ ခန်းကျန့်ကိုဘေးကန်ထုတ်လိုက်တယ်။

ခန်းကျန့်က အကန်ခံလိုက်ရပေမယ့်လည်း မတ်တပ်မရပ် ဆက်လက်ဒူးထောက်နေရင်း နီရဲရဲမျက်လုံးတွေနဲ့ မျှော်လင့်ချက်ကြီးစွာပြောပါတယ် "မင်းနဲ့ငါ့ကြားမှာ အထင်လွဲစရာလေးတွေရှိမှန်း ငါသိပါတယ်၊ အားလန်! ငါ အမှားလုပ်ခဲ့တယ်လို့ မင်းတွေးနေတယ်မလား!! ဘာပဲဖြစ်ဖြစ် ငါ မင်းကို အရင်ဆုံးတောင်းပန်ပါတယ်!! ငါ့ကိုခွင့်လွှတ်ပါကွာ!! အားလန်!! အကုန်လုံးက ငါ့အမှားတွေပါ!! ငါ့အမှားတွေ!!” 

"ဒါပေမယ့် ငါ့မှာလည်း အကြောင်းအရင်းရှိပါတယ် အားလန်!" ခန်းကျန့်မျက်နှာက နှလုံးကွဲကြေမတတ်နာကျင်မှုတွေနဲ့ပြည့်နေတယ် "ငါ မနာလိုခဲ့မိတာပါ၊ ငါက မင်းဘေးမှာရှိတဲ့တစ်ယောက်ကို မနာလိုခဲ့တာပါ! အရင်တုန်းက ငါတို့ အရမ်းခင်တဲ့သူငယ်ချင်းတွေဖြစ်ခဲ့ကြတာလေ၊ အဲဒိကတည်းက ငါ.. ငါ မင်းကိုအများကြီးကြိုက်ခဲ့ရတာပါ! ဒါပေမယ့် ငါ မပြောရဲခဲ့ဘူး! ငါထင်တာက ငါဖွင့်ပြောလိုက်ရင် ငါတို့ရဲ့သူငယ်ချင်းသံယောဇဉ်ပျက်စီးသွားမှာစိုးလို့ပါ!! အဲဒိတုန်းက ငါ စိတ်တွေဂယောက်ဂယက်နဲ့ခံစားနေခဲ့ရတဲ့အချိန်မှာ ငါ..ငါကြားလိုက်မိတာက မင်းနဲ့အခြားသူတစ်ယောက်….. ငါ အဲဒိအကြောင်းတွေကို နှလုံးသားထဲကနေ မခံစားနိုင်လွန်းလို့ အဲ့သလိုမျိုးတွေလုပ်ခဲ့မိတာပါ! ငါ ငါ မင်းကိုထိခိုက်စေဖို့ တကယ်မရည်ရွယ်ခဲ့ပါဘူး!! မင်းများ ငါ့ကို လှည့်ကြည့်လာမလားလို့ မျှော်လင့်မိခဲ့တာပါ!! ငါ တကယ့်ကိုခံစားခဲ့ရတာပါ အားလန်…..”

ခန်ကျန့်ရဲ့စကားလုံးတွေက စိတ်လိုလက်ရရှိလှပြီး ခံစားချက်တွေတစ်ပုံတစ်ပင်နဲ့ပါ။ ဒါပေမယ့် ပိုင်လန်ကတော့ မတုန်မလှုပ်ကျောက်ရုပ်ကြီးအတိုင်းပါပဲ။ အခုအချိန်ရောက်တာတောင်မှ ခန်းကျန့်ရဲ့“တောင်းပန်စကားလုံး”တွေက အတုအယောင်တွေဖြစ်ဆဲပဲလေ။ အစက ဘာအတွေးမှမရှိခဲ့တဲ့ပိုင်လန်က အခုတော့ ဒီစကားတွေကိုနားထောင်မိပြီး ဒီလူဟာ သိပ်ကိုတုံးအလွန်းတယ်လို့ခံစားလာရတယ်။ စကားလုံးလှလှ၊ အမူအရာလှလှလေးတွေသုံးပြီး လိမ်ညာလှည့်စားလို့ရမယ်များထင်နေလားမသိဘူး။ ပြဿနာတွေအားလုံးအဆင်ပြေသွားမယ်များထင်နေလားမသိဘူး။

ခန်းကျန့်က ဆက်လက်သရုပ်ဆောင်နေဆဲပဲ။ မျက်နှာပေါ်မှာက နောင်တတရားတွေနဲ့ပြည့်နေပြီး ဒူးထောက်ရက်နဲ့ ပိုင်လန့်ဆီကို တစ်လက်မချင်းတိုးလာတယ်။

“ဒါပေမယ့်လေ ငါ အခုတော့ ငါ့ရင်ထဲနက်နက်ရှိုင်းရှိုင်းထဲကနေကို မင်းနဲ့သူဌေးချိုးအတွက် ဆုမွန်ကောင်းတောင်းပေးနေတာပါ၊ တကယ်ပါ! သူ့ကိုရွေးချယ်လိုက်တာ မင်းဘဝရဲ့အကောင်းဆုံး ဆုံးဖြတ်ချက်ပါ! ငါ..ငါ တကယ့်ကို လက်လွှတ်လိုက်နိုင်ပါပြီ! အားလန်.. အရင်တုန်းက ငါ ရူးကြောင်မူးကြောင်နဲ့လုပ်ခဲ့မိတာကလွဲလို့ မင်းအပေါ်မှာ ငါ နောက်ထပ်ဘာအမှားမှထပ်မလုပ်ခဲ့ပါဘူး! ဒါကြောင့်လေ အားလန် ငါတို့သူငယ်ချင်းဟောင်း၊လုပ်ဖော်ကိုင်ဖက်…” 

ဒီနေရာမှာ ပိုင်လန်က ခန်းကျန့်စကားကို ဝင်ဖြတ်တယ် “ကျွန်တော့ဘက်ကလည်း ခင်ဗျားအပေါ်မှာ ဘာအမှားမှမလုပ်ခဲ့ဘူးလို့ထင်ပါတယ်၊ ခင်ဗျားအပေါ်မှာအကြွေးတင်နေတာလည်းမရှိဘူး၊ ခင်ဗျားကိုလည်း တာဝန်မယူပေးနိုင်ဘူး” အရင်ဘဝတုန်းကတော့ ဒီလူက သူ့ကို ဒီလိုအခြေအနေမျိုးနဲ့အဆုံးသတ်စေခဲ့တယ်… ဒါကြောင့် ဒီဘဝမှာတော့ “ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ဘာအကန့်မှမရှိပါဘူး”

ခန်းကျန့်က ကြောင်အသွားတယ်။ သူ့ကိုကြည့်ရတာ စကားတွေကိုနားလည်ပုံမရဘူး။ အခုချိန်မှာ ပိုင်လန်က ခပ်တန်းတန်း သူစိမ်းတရံစာဆက်ဆံနေပေမယ့် ခန်းကျန့်ကတော့ သူ့ဆီကနေ တစ်ခါမှအကြည့်မလွှဲလိုက်နိုင်သေးဘူး။

ဒါပေမယ့် ပိုင်လန်ရဲ့အဆုံးသတ်စကားတစ်ခွန်းကတော့ ရှင်းလင်းပြတ်သားပြီးရက်စက်လွန်းလှတယ်။

“ဒါကြောင့် ကျွန်တော် ခင်ဗျားကို မကူညီနိုင်ပါဘူး၊ ခင်ဗျားပြန်လိုက်ပါတော့” ပိုင်လန်က ရှင်းရှင်းပဲပြောလိုက်တယ်။

ခန်းကျန့်ရဲ့မျက်နှာက စက္ကူတစ်ရွက်လိုဖြူဆုတ်သွားလေရဲ့။ သူက ပါးစပ်ကိုဟလို့ တစ်ခုခုကိုအထွန့်တက်လိုက်ချင်သေးတယ်။ ဒါပေမယ့် တည်တည်ငြိမ်ငြိမ်ဖြစ်နေတဲ့ပိုင်လန့်မျက်နှာကိုမြင်ပြီး သူ့စကားလုံးတွေက လည်ချောင်းထဲမှာပျောက်ဆုံးသွားပါတယ်…….

စက္ကန့်အနည်းငယ်လောက်အကြာမှာတော့ ခန်းကျန့်က လုံးဝဥဿုံနားလည်သွားပါတယ်။ ခေါင်းငိုက်စိုက်ကျပြီး မျှော်လင့်ချက်တွေလည်းပျောက်ဆုံးသွားလေရဲ့။ သူက ကြမ်းပြင်ပေါ်ကနေ ဒယိမ်းဒယိုင်မတ်တပ်ထရပ်လိုက်တယ်။

ဖြစ်နိုင်တာကကြမ်းပြင်ပေါ်မှာအကြာကြီးဒူးထောက်လိုက်လို့ပဲဖြစ်ရမယ်၊ ဒါကြောင့် မတ်တပ်ထရပ်လိုက်ချိန်မှာ ပိုင်လန့်ဘက်ကို ယိုင်လဲသွားတယ်။

ဟုန်ဟုန်ကလည်း ဒါကိုမြင်တယ်။ ဒါကြောင့် အလိုလျောက်ပဲရှေ့တက်ပြီး ကာလိုက်တယ်။ သူက ခန်းကျန့်ရဲ့လက်ကိုဆွဲပြီး အဝေးကိုလွှင့်ထုတ်ပစ်လိုက်ချင်တာ။ ဒါပေမယ့် အဲဒိအချိန် ခန်းကျန့်ရဲ့ဘယ်ဘက်လက်ထဲမှာ စပရေးဘူးလိုဟာမျိုးထွက်လာပြီး ဟုန်ဟုန့်မျက်နှာဖြန်းခံလိုက်ရပါတယ်!

ဟုန်ဟုန်က အသံပြတ်နဲ့အော်လိုက်ပြီး မျက်နှာကိုလက်နဲ့ပွတ်နေတယ်။ သူက ဘယ်ညာဒယိမ်းဒယိုင်နဲ့နောက်ကိုသုံးလေးလှမ်းဆုတ်သွားပြီး ကြမ်းပြင်ပေါ်ပစ်ကျသွားတယ်!!

ပိုင်လန်က စိတ်ပူသွားပြီး ဟုန်ဟုန့်ဘေးနားပြေးချသွားကာ အရူးလိုမျိုးချောင်းအဆက်မပြတ်ဆိုးရင်း မျက်ရည်တွေဒလဟောထွက်နေတဲ့ဟုန်ဟုန့်ကို ဖေးကူမပါတယ် "အာ့ဟုန်!? အဆင်ပြေရဲ့လား!? ခင်ဗျားဘာလုပ်လိုက်တာလဲ!?" နောက်ဆုံးမေးခွန်းကတော့ မတ်တပ်ထရပ်လိုက်ပြီဖြစ်တဲ့ ခန်းကျန့်ကိုမေးလိုက်တာပါ။ 

ခန်းကျန့်ရဲ့မျက်နှာပေါ်မှာ ထူးဆန်းတဲ့အပြုံးတစ်ခုရှိတယ်။ သူ့ကိုကြည့်ရတာ စိတ်ဖောက်ပြန်နေပုံရတယ် "ဘာမှ အထွေအထူးမဟုတ်ပါဘူး၊ သာမန်ပိုးသတ်စပရေးလေးပါ၊ ဒါပေမယ့် မျက်လုံးနဲ့ပါးစပ်ထဲဝင်သွားရင်တော့ သန်မာလှပါချည်ရဲ့ဆိုတဲ့လူတောင် ခဏတော့ပျော့ခွေသွားမှာပေါ့” 

ပိုင်လန့်မျက်နှာက ပုတ်သိုးသွားပါတယ် "ခင်ဗျားက ဘာဖြစ်ချင်လို့လဲ? အပြင်ဘက်မှာ လူတွေအများကြီးရှိတယ်၊ ခင်ဗျား အန္တရာယ်ကင်းကင်းနဲ့အပြင်ပြန်ထွက်နိုင်မယ်များ ထင်နေလား?"

ခန်းကျန့်က သူ့ဘောင်းဘီကို တဖြတ်ဖြတ်ခါရင်း ပိုင်လန့်ဘေးနားလျှောက်လာပါတယ် "ကိစ္စမရှိဘူး၊ မင်းတစ်ယောက်လုံးဓါးစာခံရှိနေမှတော့ ဘယ်သူကငါ့ကိုတားရဲမှာလဲ၊ မင်းရဲ့ဒီရုံးခန်းက သိပ်ကောင်းတာပဲနော်၊ အသံလည်းလုံတယ်၊ အဲဒါကြောင့် ငါကလေ…”

ပိုင်လန်က ဟုန်ဟုန့်ကိုဆွဲပြီးနောက်ဆုတ်တယ်။ အခြေအနေကတော့ သိပ်မကောင်းလှဘူး “ခင်ဗျား ဘာလုပ်ချင်လို့လဲ?”

ခန်းကျန့်ရဲ့အငမ်းမရအကြည့်တွေ ပိုင်လန့်ခြေဆုံးခေါင်းဆုံးဖြတ်သွားပါတယ်။ သူက နှုတ်ခမ်းကိုလျှာနဲ့သပ်လိုက်တယ် “မင်းကို ငါ့ဆီမှာ တစ်ခါလောက်အညံ့ခံစေချင်ယုံလေးပါ၊ ဘယ်လောက်မှမကြာဘူး၊ ငါးမိနစ်ဆိုရပြီ၊ ပြီးရင် ငါကဓါတ်ပုံလေးတွေရိုက်ထားမယ် ဒါပဲ ပြီးပြီ၊ နောက်ပြီး ဒီနေ့ဖြစ်ခဲ့တာတွေကို ချိုးချန်ကိုအသိပေးချင်လည်းပေးနိုင်တယ် မင်းသဘောပဲ”  

ခန်းကျန့်က ရှေ့ကိုတက်လာတယ်။ ဒါကြောင့် ပိုင်လန်လည်း ရွေးချယ်စရာမရှိ ဟုန်ဟုန့်ကိုလွှတ်ချပြီး သုံးလေးလှမ်းလောက်နောက်ဆုတ်လိုက်ရတယ် “ခင်ဗျားက လင်းချန်ယွမ်ကိုလုပ်သလို လုပ်ချင်နေတာကိုး၊ ခင်ဗျားလုပ်ချင်သလို လုပ်ခွင့်ပြုမယ်များထင်နေလား?”

ခန်းကျန့်က လက်ထဲကစပရေးကြောင့် ယုံကြည်ချက်တွေရှိနေပုံရတယ်။ ဒါကြောင့် ပိုင်လန့်ရဲ့လှုပ်ရှားမှုတွေကိုမတားဘူး “ဟုတ်ပါပြီ၊ ဘာပဲဖြစ်ဖြစ်ပါ၊ ငါကြားဖူးနေတာက ချိုးချန်က သိပ်သဝန်တိုတတ်တာပဲတဲ့၊ သူက မျက်စိထဲဖုန်တစ်စက်တောင် အဝင်ခံတာမဟုတ်ဘူးဆို၊ စမ်းကြည့်ရအောင်လေ၊ အခုချိန်မှာ ငါ့ဘဝကြီးကလည်း သေမထူးနေမထူးဖြစ်နေပြီ၊ ဒါကြောင့် မသေခင်လေး နောက်ဆုံးအနေနဲ့ ငါ့ဆန္ဒတွေပြည့်ဝပါရစေ၊ တန်တာပေါ့”

ပိုင်လန့်တစ်ကိုယ်လုံးက အေးစက်သွားပါတယ်။ စကားတွေတောင် မမှန်ချင်တော့ဘူး “ခင်ဗျား.. ခင်ဗျား.. စပရေးဘူးအားကိုးနဲ့ ခင်ဗျားစကားနာခံအောင်လုပ်နိုင်မယ်ထင်နေလား?”

“အဲဒါကတော့ မင်းမျက်မြင်ပဲလေ၊ မင်းရဲ့ ဘော်ဒီဂတ် ထောင်ထောင်မောင်းမောင်းကြီးတောင် တစ်ချက်တည်းနဲ့ စက္ကူစုတ်လေးလိုပျော့ဖတ်သွားပြီ၊ ဒါပေမယ့် ကိုယ်က မင်းကို သက်သက်သာသာဖြစ်အောင်လုပ်ပေးမှာပါ၊ ပျော်လည်းပျော်စေရမယ် စိတ်ကျေနပ်မှုလည်းရစေရမယ် ကောင်းပြီလား?" ခန်းကျန့်ရဲ့စကားလုံးတွေက တဖြည်းဖြည်းနဲ့ ဖောက်ပြန်တဲ့ဘက်ရောက်လာတယ်။ 

"ခင်ဗျား လူယုတ်မာ-" ပိုင်လန်က ဆဲဆိုဖို့ကြိုးစားချိန်မှာ ခန်းကျန့်က ရုတ်တရက်ကြီးရှေ့တက်လာတယ်။ 

ဒီအချိန်မှာ ရုံးခန်းတံခါးက [ဘန်း!] ဆိုတဲ့အသံကြီးနဲ့အကန်ခံရလို့ ပွင့်ထွက်သွားတယ်!!

ကမူးရူးထိုးဝင်လာသူက ချိုးချန်ပါ!!

ချိုးချန်တစ်ယောက် ပြေးဝင်လာတဲ့အချိန်မှာ ပထမဦးဆုံးမြင်လိုက်ရတာက ခန်းကျန့်ရဲ့ခေါင်းကို ခြေကန်လှည့်ကွက်လေးနဲ့ထိထိမိမိကန်ထည့်လိုက်တဲ့ ပိုင်လန့်ကိုပဲ!

"အားးး!" သနားစရာအော်သံကြီးထွက်လာတယ်။ ခန်းကျန့်ရဲ့ညာဘက်မျက်နှာတစ်ခြမ်းလုံး ကန်ခံလိုက်ရပြီး တစ်ကိုယ်လုံးက ကြမ်းပြင်ပေါ်ပြုတ်ကျသွားလေရဲ့!

ဒီအချိန်ကွက်တိပဲ ညာဘက်ဘေးနားကဟုန်ဟုန်က ရုတ်တရက်ခုန်ထလိုက်တယ်။

တစ်စက္ကန့်တောင်မကြာဘူး၊ သူက စပရေးဘူးကိုင်ထားတဲ့ခန်းကျန့်လက်ကို တက်နင်းထဲ့လိုက်တယ်!!

ခန်းကျန့်ရဲ့အော်သံကြီးက ရုံးခန်းကျယ်ကြီးတစ်ခုလုံး ပဲ့တင်ထပ်သွားပါတယ်!! 

ပိုင်လန်က ဒီဘက်လှည့်လာပြီး ချိုးချန်ဆီပြေးဝင်လာပါတယ်။ သူက တစ်ဖက်လူကိုဖက်ထားရင်း ရယ်ပါတယ် “လာပြီလား၊ ပြီးသွားပြီ ကြည့်လိုက်ဦး၊ အကုန်လုံးဇာတ်သိမ်းပေးလိုက်ပြီ”

ချိုးချန်က ဖက်ရက်ကြီးတောင့်နေတုန်းပဲ။ သူ့မျက်နှာထားကလည်း နားမလည်နိုင် ပြောင်းလဲနေတုန်းပါပဲ။ 

ဒီကိုလာတဲ့လမ်းတစ်လျှောက်လုံးမှာ သူက ပိုင်လန့်နာရီကတစ်ဆင့်နားထောင်လာတာ ရင်တမမနဲ့။ သူ ဓါတ်လှေကားထဲရောက်တော့ အထဲကအခြေအနေက သေရေးရှင်ရေးဖြစ်နေပြီ! သူ့ခမျာစိုးရိမ်ပူပန်ရလွန်းလို့ သေမတတ်ပဲ!! ဒါပေမယ့် အဖြစ်မှန်က…  ဒီနှစ်ယောက်က တစ်ကြိတ်တည်းတစ်ဉာဏ်တည်း သူ့ကိုလှည့်စားရဲတယ်!!

"မင်း!? မင်း မင်း– !!”

ချိုးချန်ရဲ့အသက်ရှုသံတွေမြန်လာတယ်။ နောက်ဆက်တွဲစကားတွေတောင် ထွက်မလာတော့ဘူး။

ပိုင်လန်ကလည်း သူ့လုပ်ရပ်အတွက် နည်းနည်းတော့ဝမ်းနည်းသွားပါတယ်။ အမှန်အတိုင်းပြောရရင် လုံခြုံရေးနဲ့ပတ်သက်ပြီး နည်းနည်းလေးတောင် သူ စိတ်မပူခဲ့ဘူး။ သူက ဟုန်ဟုန်ပေးတဲ့ကျည်ကာအင်္ကျီတောင်ဝတ်ထားတာ။ ခန်းကျန့်ကိုလည်း သေနတ်သယ်လာမလားဆိုပြီး ရုံးခန်းထဲဝင်ခွင့်မပြုမီကတည်းက တစ်ကိုယ်လုံးရှာဖွေစစ်ဆေးခဲ့ပြီးပြီ။ ဘာပဲဖြစ်ဖြစ် သူမကြောက်ဘူး။ ချိုးချန်ကိုလှည့်စားသလိုလေးတော့ဖြစ်သွားတာပေါ့လေ။

လူတစ်ယောက်ပြီးတစ်ယောက် ရုံးခန်းထဲကိုဝင်လာပြီး လက်စလက်နတွေလာသိမ်းတယ်။ ပိုင်လန်ကတော့ ဒေါသထွက်နေတဲ့ချိုးချန်ကိုဆွဲယူပြီး အနမ်းပြင်းပြင်းပေးကာ ပါးစပ်ကိုပိတ်လိုက်ပါတယ်။ ချော့လိုက်တာလည်း ပါတာပေါ့။

ပြန်ရတဲ့တုန့်ပြန်မှုကတော့ ကြမ်းတမ်းရမ်းကားလွန်းတဲ့အနမ်းစူးစူးတွေနဲ့ ဖျစ်ညှစ်မတတ် အသေအကျေဖက်တွယ်မှုတွေပါ။ ချိုးချန်ကိုကြည့်ရတာ သူ အိုကေရဲ့လားဆိုတာ ကွန်ဖမ်းလုပ်ချင်နေပုံရပါတယ်။

အနမ်းတွေက အနည်းငယ်တော့နာကျင်ရပေမယ့်လည်း ပိုင်လန်ကတော့ သူ့နှလုံးသားထဲကနေကို လှိုက်လှိုက်လှဲလှဲပျော်မွေ့နေပါတယ်။ 

***

နောက်ပိုင်းမှာတော့ ခန်းကျန့်က ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှုတို့နဲ့ ခပ်မြန်မြန်ပဲအဖမ်းခံလိုက်ရပြီး ရုံးတင်စစ်ဆေးခံလိုက်ရတယ်။

သူ့ခမျာ အဖမ်းခံရစဉ်ကစလို့ ထောင်ထဲရောက်သွားသည်အထိ ခြေတစ်လှမ်းတောင် အယူခံဝင်ခွင့်မရလိုက်ဘူး။

လင်းချန်ယွမ်ရဲ့တရားစွဲဆိုမှုတွေလည်း ချိုးချန်ရဲ့လွှမ်းမိုးမှုကြောင့် အမှုနိုင်ခဲ့ပြီး ခန်းကျန့်ကို ထောင်ဒဏ်နှစ်အနည်းငယ်ထပ်တိုးသွားစေခဲ့တယ်။ 

လိရှားရဲ့ကွာရှင်းမှုလည်း လအနည်းငယ်အတွင်းမှာပဲ ပြီးဆုံးခဲ့ပါတယ်။ သူမက ကလေးအုပ်ထိန်းခွင့်လည်း အပြည့်အဝရခဲ့ပါတယ်။ ဒါပေါ့.. ခန်းကျန့်က အခုချိန်မှာ ကုန်းကောက်စရာမရှိအောင်မွဲတေနေပြီ။ ဒါကြောင့် ကလေးအုပ်ထိန်းခွင့်နဲ့ဆိုင်တဲ့ တရားရုံးအမိန့်တွေက စာရွက်ပေါ်ကစကားလုံးတွေသာသာပဲလို့ပြောလို့ရတယ်။

ခန်းကျန့်က လိရှားရဲ့တိုက်ခန်းကို သိန်း(၆၀)နဲ့ပေါင်ခဲ့တယ်။ ပိုက်ဆံတွေက ဘဏ်ကိုပြန်ဆပ်ရမှာဖြစ်တယ်။ ဒါကြောင့် လိရှားလည်းရွေးချယ်စရာမရှိ သူမသားနဲ့အတူ မိဘအိမ်ပြန်တက်ခဲ့ရပါတယ်။ အခုအချိန်က လိရှားရဲ့မာနတို့ အကြီးအကျယ်ထိခိုက်ခဲ့တဲ့အချိန်ဖြစ်ပါတယ်။ အိမ်ပြင်ထွက်တဲ့အခါတိုင်း မေးငေါ့သရော်ခြင်းခံရလို့ အချိန်အကြာကြီးတိုင်အောင် အိမ်ထဲမှာပုန်းနေခဲ့ရပြီး သားဖြစ်သူကိုပဲ ပြုစုနေခဲ့ရတယ်။ နောက်ပိုင်းတွေမှာတော့ လိရှားက ပိုပြီးတည်ငြိမ်အေးဆေးလာခဲ့ပါတယ်။

ခန်းကျန့်ကတော့ ထောင်ထဲရောက်တာတောင်မှ အေးအေးချမ်းချမ်းမနေရပါဘူး။ သူက ငွေတိုးချေးစားသူတွေဆီမှာ သိန်း(၂၀၀)ကျော်အကြွေးတင်နေသေးတယ်။ သူတို့တွေက ခန်းကျန့်ထောင်ကျတာကိုကြားပြီး စိတ်လှုပ်ရှားပျော်ရွှင်သွားကြတယ်။ ထောင်ထဲမှာလည်း သူတို့ညီအစ်ကိုတတွေရှိတယ်လေ။ ဘာပဲပြောပြော ညီအစ်ကိုတွေအပျင်းပြေစရာ အသစ်ကလေးတစ်ယောက်ရတာပေါ့။ ခန်းကျန့်ကတော့ သူ့မျက်နှာနဲ့အရေပြားကိုသုံးပြီး အကြွေးတစ်ချို့ပြန်ဆပ်ရပါလိမ့်မယ်။

ထောင်ထဲမှာ သူတို့တွေနောက်ပိုင်းဘာဆက်ဖြစ်ကြလဲ.. ချိုးချန်ခမျာ ဝင်ပါဖို့မပြောနဲ့ သတင်းနားစွင့်ဖို့တောင် ယားလို့ကုတ်ချိန်မရှိတော့ဘူး။ သူတို့မိသားစုသုံးယောက် အေးအေးဆေးဆေးနေရဖို့ခေါင်းစားနေရတာနဲ့တင် ဗျာများနေပြီ။

ဗျာများဆို ကိစ္စလေးတွေကလည်း ဟိုတစ်ခုသည်တစ်ခုပေါ်ပေါ်လာနေတာကိုး။

ဥပမာပြောရရင် ရုန်အဲရဲ့ကြော်ငြာ။ ကြော်ငြာက အရမ်းပေါ်ပြူလာဖြစ်သွားလို့ ပိုင်လန့်ကိုနောက်တစ်ခုရိုက်ဖို့ကမ်းလှမ်းလာကြတယ်။ ဒါကြောင့် လက်ခံသင့်လား၊ မသင့်ဘူးလား ဆွေးနွေးတိုင်ပင်နေရတယ်။ နောက်တစ်ခုက ချိုးချန်။ သူက စီးပွားရေးအင်တာဗျူးတစ်ခုလက်ခံရပေမယ့် မေးခွန်းမေးတဲ့သတင်းထောက်က သူ့မိသားစုအကြောင်းချည်းမေးနေတယ်။ ဒီသတင်းထောက်ကို ဘာလုပ်ပစ်လိုက်ရမလဲ? နောက်ပြီးတော့ ဒီနှစ်ရဲ့ "Golden Emperor" awards ၊ ကော်ဇောနီပေါ်လျှောက်တဲ့အချိန်မှာ သူတို့နှစ်ယောက်နဲ့အတူ ချိုးရှောင်ဟိုင်ကိုပါ ခေါ်သွားသင့်သလား… ဆုံးဖြတ်နေရပါတယ်။ 

***

တစ်လခန့်အကြာ…

ခမ်းနားကြီးကျယ်လှတဲ့စင်မြင့်ထက် မိုးလုံးညံနေတဲ့လက်ခုပ်သံတွေအလယ်မှာ အခမ်းအနားမှူးကောင်းခန်ရဲ့အသံက ကြည်လင်ပြတ်သားစွာထွက်ပေါ်လာတယ်။ 

“Golden Emperor ဆုပေးပွဲအခမ်းအနားရဲ့ နောက်ထပ်ဆုတစ်ဆုအနေနဲ့ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုကို ပေးအပ်မှာပဲဖြစ်ပါတယ်”

စိတ်လှုပ်ရှားဖွယ်ရာ ဒရမ်တီးသံတွေနဲ့အတူ အခမ်းအနားက ဇာတ်ရှိန်အမြင့်ဆုံးနေရာကိုရောက်လာတယ်။

“ဒီနှစ်မှာ ဇကာတင်စာရင်းဝင်သူတွေကတော့….”

“စက္ကန့်တိုင်းမှာ ရဲ့ လော့ခယ်ယွီ”

“နှစ်ထပ်ကိန်း ရဲ့ လျန်ချီ”

“ကြီးမြတ်သောချီနိုင်ငံတော် ရဲ့ ဟွမ်ရွှမ်မင်”

“နဲ့ နေဝင်ချိန် ရဲ့ ပိုင်လန် တို့ဖြစ်ပါတယ်”


“ဆုရရှိသွားသူကတော့…”

အကုန်လုံးက ရင်တမမနဲ့စောင့်မျှော်နေကြလေရဲ့။ ဆုကြေငြာသူကတော့ သူ့လက်ထဲက စာအိတ်လေးကိုဖောက်နေပါတယ်။

“မစ္စတာပိုင်ရေ.. ဒီနှစ်တော့ စင်ဘက်ကိုပြေးလာပေးပါနော်!” ဒီအရွှန်းဖောက်တဲ့စကားစုလေးက အားလုံးကိုရယ်ပွဲကျသွားစေပြီး လက်ခေါက်မှုတ်အော်ဟစ်သံတွေလည်းထွက်လာတယ်။

“နေဝင်ချိန်ရဲ့ ပိုင်လန်ဖြစ်ပါတယ်!! ဂုဏ်ယူပါတယ်--!!”

ဒီအချိန်မှာတော့ အခမ်းအနားတစ်ခုလုံး လက်ခုပ်သံတွေကျယ်ကျယ်လောင်လောင်ထွက်လာတယ်။ 

ကင်မရာတွေအားလုံးက ပိုင်လန့်ကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားတဲ့ ချိုးချန်နဲ့ချိုးရှောင်ဟိုင်တို့ဆီ စုပြုံရောက်လာတယ်။

တိုက်ရိုက်ထုတ်လွှင့်မှုလည်းဖြစ်တာကြောင့် ဒီမြင်ကွင်းက တစ်ပြိုင်နက်တည်းမှာပဲ နိုင်ငံအနှံ့ပျံ့နှံ့နေပါလိမ့်မယ်!!

ချိုးချန်က အားရပါးရရယ်မောနေခဲ့တယ်။ သူက ပိုင်လန့်ကို လက်မောင်ကြားထဲသိုင်းဖက်လိုက်ပြီး ပုခုံးကိုပုတ်ပေးနေတယ်။ ခေါင်းကိုတောင်လှည့်ပြီး ပိုင်လန့်ပါးပေါ်အနမ်းပါးပါးခြွေလိုက်ပါတယ်။

ချိုးရှောင်ဟိုင်ကတော့ သွားဖြဲရယ်နေလိုက်တာ ပါးစပ်နားရွက်တက်ချိတ်တော့မယ်။ သူလေးလည်းပဲ သူ့အားပိုင်ခါးကို လက်သေးသေးလေးတွေနဲ့ဖက်ထားပြီး တဖွဖွပုတ်နေခဲ့ပါတယ်။

ပိုင်လန်က ကြိုဆိုနေရာချထားသူတွေရဲ့ ခရီးဦးကြိုပြုမှုနဲ့အတူ စင်ပေါ်ကိုတက်လာတယ်။

သူက စင်ပေါ်ရောက်ပြီးဆုလက်ခံယူတယ်။ ပွဲတစ်ခုလုံးတိတ်ဆိတ်နေပြီး ပိုင်လန်ရဲ့ကျေးဇူးတင်စကားပြောကြားမယ့်အချိန်ဖြစ်ပါတယ်။ ပိုင်လန်က စိတ်လှုပ်ရှားနေလို့ ဒီတစ်လျှောက်လုံး ဦးနှောက်ထဲဗလာဖြစ်နေခဲ့တာ။

စင်ပေါ်ရောက်၊ ပရိသတ်တွေဘက်မျက်နှာလှည့်လို့ စင်အောက်ကချိုးချန်ကိုတွေ့မှပဲ ပြန်သတိရသွားတော့တယ်။ သူက မိုက်ခရိုဖုန်းကိုကိုင်ပြီး တုန်ယင်စွာပြောလေတယ်။ 

“ကျွန်တော့်ဘဝရဲ့နေဝင်ချိန်ကတော့ အရာအားလုံးအစကပြန်စတဲ့အချိန်လည်းဖြစ်ပါတယ်”

"ကျွန်တော့်ရင်ထဲနက်နက်ရှိုင်းရှိုင်းကနေ ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်"

"ကျွန်တော်ပိုင်ဆိုင်တဲ့အရာအားလုံးကို ကျွန်တော့်ရဲ့နောက်ဆုံးထွက်သက်အထိ အမြဲတမ်းတန်ဖိုးထားသွားမှာပါ"

[ပြီးပါပြီ]

……………………