🍬Chapter 92
မှန်းထားသလိုပင်၊ ဆယ့်ငါးမိနစ်မျှကြာသည့်အခါ၊ သီးသန့်ခန်း၏တံခါးက ပွင့်သွားလေသည်။
နက်ပြာရောင် ဝတ်စုံနှင့်လက်ကောက်ဝတ်၌ ကြိုးချည်ပုတီးတစ်ကုံးကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ဦး ဝင်လာလေသည်။ သူ့အသွင်အပြင်နှင့် စိတ်နေစိတ်ထားတို့မှာ လွန်စွာပညာရှိဆန်လှသည်။
ကျန်းသုန့်နှင့်အတူ ရွှီလော့ယန်က ထရပ်လိုက်ကာ၊ သူတို့သုံးယောက်သား လက်ဆွဲနှုတ်ဆက်လိုက်ပြီးမှ စားပွဲတွင် ပြန်ထိုင်လိုက်ကြသည်။
"ငါက ထုံးတမ်းစဉ်လာတွေ လိုက်နာတဲ့သူမျိုးမဟုတ်ဘူး ဒီတော့ 'အလင်းကိုဆန့်ကျင်၍' ဇာတ်ကားအတွက် ငါတို့အားလုံး ဒီရောက်နေကြတာဆိုတော့ အဓိကအချက်ဆီပဲ တန်းသွားလိုက်ကြရအောင်"
တုရွမ်လန်က ထိုင်ခုံတွင်ထိုင်ကာ၊ ရေနွေးကြမ်းတစ်ငုံမျှသောက်ပြီးသည်နှင့် အထက်ပါစကားကို ပြောလာတော့၏။ရွှီလော့ယန်က စိတ်အေးသွားရသည်။ သူတို့တွေရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်နေရတာ အကြောင်းမရှိဘဲမဟုတ်ဘူး။ တုရွမ်လန်က ချူးဝေ့နှင့် အတော်လေးဆင်တူလေသည်။ နှစ်ဦးလုံးက လက်တွေ့ကျပြီး ထိရောက်သည်ကိုသာ အလိုရှိပြီး၊ ဝေ့ဝိုက်မနေတတ်ပေ။
သို့နှင့် သူ၏ စိတ်နေစိတ်ထားကို ချိန်ညှိကာ၊ "ဒါရိုက်တာတု၊ ကျွန်တော် တင်းရွမ်ရဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ချင်ပါတယ်" ဟုသာ တိုက်ရိုက်ပြောလိုက်တော့သည်။
"ငါသိတယ် တော်တော်များများကလည်း ဒီဇာတ်ကောင်ကို လိုချင်ကြတာပဲ... မင်းရဲ့အကြောင်းပြချက်တွေ ပြောပြကြည့်လေ..."
မျက်စိတမှိတ်အတွင်း၊ ရွှီလော့ယန်၏ မျက်နှာထားက ပြောင်းလဲသွားသည်။
သူ့မျက်နှာကြွက်သားများကို ထိန်းချုပ်ကာ ၊အထီးကျန်ဝံပုလွေတစ်ကောင်၏ ရက်စက်ကြမ်းကြုတ်သည့် မျက်နှာထားကို ဖြည်းဖြည်းချင်းဖော်ပြကာ၊ ခြိမ်းခြောက်မှုတစ်ဝက်၊ အပြုံးတစ်ဝက်ဖြင့်
" ကျွန်တော့်ထက်သာတဲ့ ကိုယ်စားလှယ်မရှိဘူးလို့ ကျွန်တော်ယုံတယ်"
လေထုမှာ ရုတ်ချည်း တင်းမာသွားရသည်။
ထိုစာကြောင်းက ဇာတ်ညွှန်းထဲမှ စာသားပင်။ တင်းရွမ်က သူ၏ကြီးကြပ်ရေးမှူးအား မှတ်ပုံတင်အတုဖြင့် ထောင်ထဲသို့ဝင်ကာ၊ အမှန်တရားကို စုံစမ်းရန်ခွင့်ပြုချက်တောင်းခံသည့် အခန်းပင်။
စက္ကန့်အနည်းငယ်ခန့် အကြည့်ချင်းဖလှယ်ပြီးသွားသည့်နောက်၊ တုရွမ်လန်က သက်ပြင်းချလိုက်သည်။
"ဘာလို့ လူအိုကြီးချူးက မင်းကိုထောက်ခံပေးတာလဲဆိုတာ ငါနားလည်သွားပြီ...မင်းရဲ့မျက်လုံးအကြည့်က တကယ်ကို အံ့အားသင့်စရာပဲ..."
မျက်နှာထားပျော့ပြောင်းသွားကာ၊ ရွှီလော့ယန်က သူ၏ပုံမှန်ပြုံးနေသည့်အမူအယာ ပြန်ဖြစ်သွားလေသည်။
"ချီးကျူးစကားအတွက် ကျေးဇူးပါ...ဒါရိုက်တာတုသာ ကျွန်တော့်ကိုရွေးမယ်ဆိုရင်၊ ရိုက်ကွင်းမှာ ကျွန်တော် ဒီထက်ပိုကောင်းအောင် လုပ်ပြနိုင်ပါတယ်..."
တုရွမ်လန်က ရယ်မောကာ "မင်းရဲ့ ကိုယ့်ကိုယ်ကိုထောက်ခံတဲ့နှုန်းက နည်းနည်းလေး တိုက်ရိုက်ဆန်မနေဘူးလား..."
ရွှီလော့ယန်က အပြုံးမပျက်ပေ။
"ဒါရိုက်တာကြီး ဒီမှာထိုင်နေတာကိုက တိုက်ရိုက်ဖြစ်နေပါပြီ..."
ပြောပြောဆိုဆိုဖြင့် သူကဝိုင်ခွက်ကိုယု၍ မတ်တပ်ရပ်ကာ "ကျွန်တော်တို့ တစ်ချက်လောက် ခွက်ချင်းတိုက်ကြမလား..."
တုရွမ်လန်က လက်ဖက်ရည်ခွက်ကိုသာ ယူလိုက်ကာ
"ငါ့အိမ်က စည်းမျည်းတွေက နည်းနည်းကြပ်တယ်ကွ ဒီတော့ ဝိုင်အစား လက်ဖက်ရည်ကြမ်းကိုပဲ ငါ့အနေနဲ့ အစားထိုးလို့ရမယ်.."
ခွက်ကို ချပြီးသည့်အခါ၊ သူက ရွှီလော့ယန်၏ သွင်ပြင်ကို ဂရုတစိုက်စိစစ်ကာ "မင်း ဇာတ်ညွှန်းကို သဘောကျတယ်ပေါ့..."
"အရမ်းပေါ့...အထူးသဖြင့် ဇာတ်လိုက်တင်းရွမ်ပဲ ကျွန်တော် သူ့ကို တကယ်သဘောကျတယ်..."
ခေါင်းတဆတ်ဆတ်ညိတ်ကာ၊ တုရွမ်လန်က သူ့ဘာသာသူ လက်ဖက်ရည်နောက်တစ်ခွက် ငှဲ့သောက်လိုက်လေသည်။
"စာသားတွေအကုန် ကျက်ပြီးပြီဆိုတော့ မင်းဒီဇာတ်ညွှန်းကိုရတာ ဘယ်လောက်ကြာပြီလဲ..."
"စာလုံးတစ်လုံးချင်းစီ အလွတ်ကျက်ထားတယ်လို့တော့ မပြောနိုင်ပေမယ့် အခြေခံအားဖြင့် စာသားတွေအကုန် ကျွန်တော် မှတ်ထားပြီးပါပြီ"
ရွှီလော့ယန်က စာရွက်နှစ်ရွက်ခန့် ထုတ်ယူလိုက်ကာ
"ဇာတ်ညွှန်းဖတ်နေရင်း အရမ်းစိတ်ဝင်စားလာတာနဲ့ ကျွန်တော် ဇာတ်ကောင်စရိုက်ကို ရေးခဲ့သေးတယ်... ဇာတ်ညွှန်းရေးဆရာက တော်တော်လေး အရည်အချင်းရှိတဲ့သူပဲ... စာကြောင်းတစ်ခုစီတိုင်းက ပြည့်စုံနေတာ..."
တုရွမ်လန်က စာရွက်များကိုလှမ်းယူလိုက်ကာ အစမှအဆုံးထိ သေသေချာချာဖတ်ပြီးမှ ပြန်ပေးလိုက်သည်။ စကားတော့ သိပ်မပြောပေ။
သို့သော်လည်း ၊ ထိုဇာတ်ကောင်စရိုက်ကို ဖတ်ပြီးသွားသည့်အခါ၊ လေထုက အတော်လေး သက်တောင့်သက်သာဖြစ်လာတာကို ရွှီလော့ယန်သတိထားမိလိုက်သည်။ သူက စကားပြောဆိုရန် ခေါင်းစဉ်များစွာကို ဆွဲထုတ်ကာ၊ သူတို့က ပျော်ပျော်ရွင်ရွင်နှင့် နာရီဝက်ခန့် အာလာပသလာပများ ပြောခဲ့ကြသေးသည်။
သို့သော် ၊ တုရွမ်လန်က သူ၏နာရီကို ငုံ့ကြည့်လိုက်သည်ကို မြင်သောအခါ၊ ရွှီလော့ယန်က မတ်တပ်ထရပ်လိုက်ပြီး၊ နောက်ကျနေပြီဖြစ်သည့်အတွက်၊ သူနှင့် သူ့မန်နေဂျာတို့ ပြန်တော့မည်ဖြစ်ကြောင်း ပြောပြလေသည်။
တုရွမ်လန်က ခေါင်းညိတ်ကာ
"အင်း... အခွင့်အရေးရှိရင်၊ နောက်ထပ်တစ်ခေါက်လောက် စကားစမြည်ပြောကြတာပေါ့..."
သီးသန့်ခန်းထဲမှ ထွက်လာပြီး၊ အချိန်ခဏခန့်ကြာသည့်အခါ၊ ရွှီလော့ယန်က ကျန်းသုန့်ကို မေးလေသည်။
"ကျန်းကော ဘယ်လိုထင်လဲ"
"မင်းအပေါ်သူ့ရဲ့အထင်အမြင်ကောင်းလောက်တယ် အနည်းဆုံး သူက မင်းနဲ့နောက်တစ်ကြိမ်တွေ့ဖို့ ပြောသွားသေးတယ်လေ"
ရွှီလော့ယန်နှင့်ကျန်းသုန့်တို့ လမ်းလျှောက်ရင်း စကားပြောနေကြစဉ်၊ သူတို့သိသည့်လူတစ်ယောက်နှင့် အမှတ်မထင် ဝင်တိုက်မိလေသည်။
စုန့်ယောင်ကိုလည်း ရွှီလော့ယန်မြင်လိုက်သည်။ သူက အစက မမြင်ချင်ယောင်ဆောင်သွားရန် ပြင်လိုက်သော်လည်း ရုတ်တရက်၊ တစ်ခုခုကို တွေးမိသွားပုံရကာ၊ ရပ်ပြီး မေးလာသည်။
"မင်း ဘာလို့ ဒီရောက်နေတာလဲ..."
ရွှီလော့ယန်သာ ဖြေလိုက်ရင် သူကအရူးပဲ။ သူက တိုက်ရိုက်သာ ပြန်မေးလိုက်သည်။
"မင်းကရော ဘာလို့ ဒီရောက်နေတာလဲ"
ဘယ်သူက ဒီမေးခွန်းကို မမေးနိုင်လို့လဲ...
စုန့်ယောင်က ပြန်မဖြေပေ။ ထိုအစား၊ အနောက်တွင် ရပ်နေသည့် သူ့မန်နေဂျာ ဟွမ်ယွင်လီက ကြင်နာစွာပြုံးကာ၊ ကျန်းသုန့်ကိုသာ ကြည့်၍တိုက်ရိုက်မးလိုက်သည်။
"မင်းတို့ ဒါရိုက်တာတုနဲ့တွေ့ဖို့လာတာ မဟုတ်လား ငါတို့လည်း အတူတူပဲ..."
ကျန်းသုန့်က ရွှီလော့ယန်ကို သူ့အနောက်သို့ပို့ကာ ကာထားလိုက်ပြီး အေးစက်စက်အမူအရာဖြင့်၊ သူမကို သိပ်ပြီး အဖက်မလုပ်ပေ။
"ဒီကအစားအသောက်တွေက တော်တော်လေး စားကောင်းတယ် ငါတို့အရင် ပြန်နှင့်ပြီ..."
ကားထဲသို့ရောက်သည့်အခါမှ ကျန်းသုန့်က ရွှီလော့ယန်ကို ခါးပတ်ပတ်ရန်ပြောပြီးမှ သတိပေးလိုက်သည်။
"နောက်ဆို ဟွမ်ယွင်လီကိုတွေ့ရင်၊ ဝေးဝေးကရှောင်"
"သူမက တကယ်ကြီး အဲ့ဒီလောက်ထိကြောက်ဖို့ကောင်းတာလား"
"အင်း...အကယ်၍ သူမသာ ရှေးခေတ်က ဘုရင့်ရဲ့မောင်းမဆောင်ထဲရောက်သွားခဲ့ရင်၊ ဟိုးအောက်ဆုံး... နန်းတွင်းအစေခံကနေ သူ့နည်းလမ်းနဲ့သူမိဖုရားခေါင်ဖြစ်တဲ့အထိ တိုက်ခိုက်သွားနိုင်တဲ့လူပဲ..."
ကျန်းသုန့်က ကားမောင်းနေလျက် ပြန်ဖြေလိုက်သည်။
"စုန့်ယောင်အလုပ်လုပ်တဲ့ အရင်ကုမ္ပဏီက အထက်ကလူတွေက သူတို့အချင်းချင်း တိုက်ခိုက်ထားခိုင်းတာ ပြောရရင် အဆိပ်ရှိတဲ့ပိုးကောင်တွေကို မွေးသလိုမျိုး တစ်နှစ်ကြာတဲ့အခါ၊ ဟွမ်ယွင်လီက ပြိုင်ဖက်အတော်များများကို အနိုင်ယူလိုက်ပြီး ကုမ္ပဏီရဲ့ နံပါတ်တစ်မန်နေဂျာဖြစ်လာတာ... ကုမ္ပဏီရှယ်ယာ တစ်စိတ်တစ်ပိုင်းတောင် လက်ထဲကိုင်ထားနိုင်သေးတယ်... သူမက ဉာဏ်များပြီး အကင်းပါးတဲ့လူမျိုး စုန့်ယောင်လိုလူမျိုးကို သူမကပဲ မြေတောင်မြှောက်ပေးထားတာ..."
"အရမ်း အားကြီးတာပဲ..."
ရွှီလော့ယန်က အံ့ဩသွားလေသည်။
"မဆန်းတော့ပါဘူး..."
"ဘာကို မဆန်းတော့တာလဲ..."
"အရင်ဆုံး အရှိန်လျှော့လိုက်ဦး ကျွန်တော့်မှာ အတင်းပြောပြစရာတွေရှိတယ် "
ကား၏အရှိန်နှေးသွားသည်အထိ စောင့်နေပြီးမှ ရွှီလော့ယန်က ဆက်ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက၊ ဆုပေးပွဲတစ်ခုမှာ စုန့်ယောင်နဲ့ သူ့မန်နေဂျာ နမ်းနေတာကို ကျွန်တော် တစ်ခါတွေ့လိုက်သေးတယ်"
ကားက သိသိသာသာကို တစ်ဖက်သို့ယိမ်းသွားကာ၊ စတီယာရင်ကို သေသေချာချာကိုင်ထားရင်း ကျန်းသုန့်က ရွှီလော့ယန်ကို လှမ်းကြည့်လိုက်သည်။
"မင်းမျက်လုံးတွေနဲ့ မင်းကိုယ်တိုင် မြင်ခဲ့တာလား... တကယ်ပဲ သူတို့ နှစ်ယောက်လား..."
"တကယ်ပဲ သူတို့နှစ်ယောက် ပြီးတော့ မြင်ကွင်းက နည်းနည်းထူးဆန်းတယ် သူတို့နမ်းပြီးသွားတော့၊ စုန့်ယောင်က ဒူးထောက်ချလိုက်ပြီး ဟွမ်ယွင်လီက တစ်ခုခုပြောလိုက်သလိုပဲ... စုန့်ယောင်က ဘာမှပြန်မပြောဘဲ ခေါင်းပဲငုံ့ထားတယ်...ကျွန်တော် မမြင်သင့်တာတွေမြင်လိုက်ရတယ်လို့ထင်တာနဲ့ ဆက်မကြည့်ရဲတော့လို့ ထွက်လာခဲ့လိုက်တာ..."
မီးပွိုင့်မီးနီနေသည့်အတွက် ၊ကျန်းသုန့်က ကားရပ်လိုက်ပြီး အံ့ဩတကြီးပြောလေသည်။
"မင်းက လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းနိုင်တဲ့ အံ့ဩစရာအရည်အချင်းရှိတယ်ဆိုတာကို ငါသိလိုက်ရတာပဲ နှစ်နှစ်တောင်ကြာသွားပြီကို မင်း ဘယ်သူ့ကိုမှ မပြောပြဘူးပေါ့လေ..."
မေးကိုမော့ကာ ၊ ရွှီလော့ယန်က ဂုတ်ယူစွာပြုံးလိုက်သည်။
"ဒါပေါ့၊ ကျွန်တော့်မှာ သတင်းကြီးကြီးမားမားတွေ အများကြီးရှိတယ် ထုတ်ပြောရတာ မကြိုက်ရုံလေးတင် အကယ်၍ ကျွန်တော်သာ အလုပ်ပြောင်းပြီး အနုပညာသတင်း တင်ပြတဲ့သူသာဆို တစ်နှစ်လုံး သတင်းမထပ်စေဘဲ နေ့တိုင်း ခေါင်းစီးအကြီးကြီးတွေ ထုတ်နိုင်မှာပဲ..."
"မင်းပဲတော်ပါတယ်...မင်းပဲတော်တယ်"
စတီယာရင်ကို တတောက်တောက်ခေါက်ကာ ကျန်းသုန့်က တွေးနေမိသည်။
"ဟွမ်ယွင်လီက၊ လေးဆယ်ပိုင်းထဲရောက်နေပြီ လက်လည်းမထပ်သလို ကလေးလည်းမရှိဘူး အရင်က သူမလက်အောက်ကအနုပညာရှင်တွေနဲ့ မကင်းမရှင်းဆက်ဆံရေးတွေရှိတယ်လို့ သတင်းတွေထွက်ဖူးတယ် ဒါပေမယ့်၊ အခုကြည့်ရတာ၊ သူမလက်ထဲ ဝါရင့်တွေနဲ့ဝါနု အနုအညာရှင်ဆယ်ယောက်လောက်ကို ထိန်းချုပ်ထားတာပဲဒီတော့ အကယ်၍ စုန့်ယောင်သာ ထင်ရှားချင်တယ်ဆိုရင် ဟွမ်ယွင်လီနောက်ကို လိုက်တာက တကယ့်ကို ဖြတ်လမ်းပဲ..."
သူမျက်မြင်ကြုံလိုက်ရသည့် မြင်ကွင်းကို ပြန်ပုံဖော်မိကာ၊ ရွှီလော့ယန်က ခေါင်းညိတ်လိုက်သော်လည်း ဘာမှဆက်မပြောပေ။ ဤအသိုင်းအဝိုင်းထဲတွင်၊ လူတိုင်း၌ အခက်အခဲကိုယ်စီရှိနေကြပြီး ရှေ့ဆက်နိုင်ရန်အတွက် အတော်များများက မည်သည့်နည်းလမ်းကိုမဆို သုံးတတ်သည်အား သူနားလည်ပေ၏။
နောက်ရက်အနည်းငယ်ကြာသွားသော်လည်း၊ တုရွမ်လန်ဆီက အကြောင်းကြားချက်ရောက်မလာခဲ့ပေ။ သို့သော် ရွှီလော့ယန်က စိတ်ရှည်ရှည်ထားဆဲပင်။ ဇာတ်ညွှန်းစာအုပ်ကို သူနှင့်အတူယူသွားပြီး အလုပ်အားသည့်အချိန်များ၌ ဇာတ်ညွှန်းကိုဖတ်နေကာ၊ အကောင်းမြင်သည့်သဘောထားကိုသာ ဆက်လက်ထိန်းသိမ်းထားလေသည်။ ထို့နောက် ၊ ယဲ့ရှန်ရှန်က သူ့ကိုဖုန်းခေါ်လာပြီးစားလို့ကောင်းသည့်စားသောက်ဆိုင်တစ်ခုတွေ့ထားကြောင်းနှင့် အတူတူသွားစားကြမလားဟု မေးလာသည့်အခါ သူက ပျော်ရွှင်စွာသဘောတူလိုက်သည်။
ယိုင်နဲ့နဲ့ဆိုင်ခန်းကျဉ်းလေးရှေ့တွင်ရပ်နေရင်း၊ ရွှီလော့ယန်က သူဆောင်းထားသည့်ဦးထုပ်အား ပြုပြင်လိုက်သည်။ အနည်းငယ် အံ့အားသင့်နေပြီးမှ သူက မေးလိုက်မိသည်။
"ရှန်ရှန်၊ မင်း ဘယ်လိုလုပ်ပြီး ဒီလောက်ချောင်ကျတဲ့ဆိုင်ကို ရှာတွေ့ခဲ့တာလဲ..."
"ဒီဆိုင်ကို မင်းရဲ့ ပရိသတ်တစ်ယောက်က ထောက်ခံပေးထားတာလေ ဒီဆိုင်ကအဘွား ချက်ပြုတ်ထားတဲ့ အစားအသောက်တွေက အရမ်းကောင်းတယ်တဲ့ ဒါပေမယ့် သူတို့က အော်ဒါလက်မခံဘူး"
ယဲ့ရှန်ရှန်က ရွှီလော့ယန်ကိုဆိုင်ထဲဆွဲခေါ်သွားသည်။ ဆိုင်က ဗလာကျင်းနေလေသည်။ သို့နှင့် သူက ဆိုင်ဝနားတွင်သာရပ်ကာ အော်ပြောလိုက်သည်။
"အဘွားရေ၊ ရှိနေလား...ကျွန်တော်တို့စားဖို့ရောက်လာပြီ... လူနှစ်ယောက်စားမှာ"
ထို့နောက် လွတ်နေသော စားပွဲတစ်ခု၌သာ ကြုံသလိုဝင်ထိုင်လိုက်သည်။
သူ့ဦးထုပ်ကိုမချွတ်ဘဲ၊ ရွှီလော့ယန်က စားပွဲပေါ်တင်ထားသည့် မြေပဲများကို ယူစားလိုက်သည်။
"ဒီက မြေပဲတွေကလည်း အရသာရှိတယ်...မင်းယူစားကြည့်... ဒါပေမယ့်၊ ဘယ်လိုလုပ်ပြီး အဲ့ဒီလူက ငါ့ပရိသတ်မှန်း သိတာတုန်း..."
"အရမ်းကို သိသာလွန်းတယ်လေ အဲ့ဒီလူရဲ့ အကောင့်နာမည်က 'ချန်အန်းနဲ့လော့ယန်၊ လက်ထပ်ပါတော့' လေ..."
"......"
ထိုအခိုက်၊ မီးဖိုချောင်ထဲမှ အဘွားက သစ်သားလင်ဗန်းတစ်ခုကိုကိုင်ကာ ထွက်လာပြီး အစားအသောက်များ ချပေးလေသည်။ အစားအသောက်များချပေးပြီးနောက်၊ အဘွားက လိုက်ကာလေးကိုမကာ၊ မီးဖိုခန်းသို့ ပုန်းဝင်သွားလေသည်။
တူကို နှစ်ခြမ်းခွဲလိုက်ပြီး၊ ယဲ့ရှန်ရှန်ကိုလည်း ရွှီလော့ယန်က တူတစ်စုံလှမ်းပေးလိုက်သည်။ ထို့နောက် သူ့ဘာသာသူ လှမ်း၍ ဟင်းပွဲကို နှိုက်စားကြည့်လိုက်သည်။ သူ့မျက်လုံးများ ချက်ချင်း တောက်ပသွားရသည်။
"အရသာရှိတယ် အရမ်းအရသာရှိတာပဲ"
"တစ်ကယ်ကြီး အဲ့ဒီလောက်ထိကောင်းတယ်လား..."
ယဲ့ရှန်ရှန်လည်း ကြာစွယ်တစ်ဖက်ကို မြန်မြန်စားကြည့်လိုက်ပြီး အရသာရှိသောအစားအသောက်၏အနိုင်ယူခြင်းကိုခံလိုက်ရတော့သည်။ သို့နှင့်၊ ကျန်သော အစားအသောက်များစားနေချိန်၊ သူတို့နှစ်ယောက်လုံး စကားပြောချိန်ပင်မရဘဲ၊ တစ်ခြားလူက ဘယ်လောင်မြန်မြန်စားနေသည်ကိုသာ တွေ့ကာ၊ စိတ်ကြပ်တည်းသွားရပြီး ဖြည်းဖြည်းချင်းသာမစားနိုင်တော့ပေ။
ဆယ်မိနစ်အကြာ၊ အစားအသောက်များအားလုံးကုန်သွားသည့်အခါမှ၊ သူတို့စကားပြောရန်အချိန်ရလေသည်။
"ငါ့အတွက် လက်ဆောင်ရော... မင်းကတိပေးထားတဲ့ မွေးနေ့လက်ဆောင်လေ..."
မျှော်လင့်နေသည့်မျက်လုံးများဖြင့် ရွှီလော့ယန်က သူ့ရှေ့မှ ပန်းကန်လုံးကို တူဖြင့် တတောက်တောက်ခေါက်နေလေ၏။
"ဒီမှာပါ..."
ယဲ့ရှန်ရှန်က လက်ဖဝါးအရွယ်ဘူးလေးတစ်ဘူးကို ထုတ်လိုက်ကာ၊ ဖွင့်လိုက်ပြီး မိတ်ဆက်ပေးလေသည်။
"စကားပြောပြီး ရေဖြန်းပေးတဲ့ Peppa Pig"
ရွှီလော့ယန်က ယူလိုက်ပြီး
"ချစ်စရာလေး ကိုင်လို့လည်းကောင်းတယ်...ဒါပေမယ့် စကားပြောတာနဲ့ရေဖြန်းရတဲ့ ရည်ရွယ်ချက်က ဘာလုပ်ဖို့လဲ..."
"မင်းကို နှိုးဖို့လေ" ယဲ့ရှန်ရှန်က ကျန်းသုန့်အား တုံ့ဆိုင်းခြင်းမရှိ၊ သစ္စာဖောက်လိုက်တော့သည်။
"အရင်တစ်ခေါက်က၊ ကျန်းကောက ငါ့ကိုမေးတယ် မင်းကို မြန်မြနိနှိုးလို့ရမယ့်ဟာတစ်ခုခုများမရှိဘူးလားတဲ့... ဒါနဲ့၊ ငါလည်း ဒါလေးကို လုပ်လိုက်တာ သူက အော်တို မင်းရဲ့မျက်နှာကို အလိုအလျောက်ရှာနိုင်ပြီး မင်းကို နှိုးပေးလိမ့်မယ် သုံးခေါက်လောက် သူခေါ်ပြီးတာတောင် မင်းမနိုးသေးဘူးဆိုရင်၊ မင်းမျက်နှာပေါ်သူက ရေခဲငွေ့တွေလွှတ်လိမ့်မယ်...မိုက်တယ်မဟုတ်လား...တခြားလုပ်လို့ရတာတွေအများကြီးရှိသေးတယ် မင်း စမ်းကြည့်ပေါ့ ငါမင်းအတွက် အသုံးပြုနည်းလမ်းညွှန်ရေးထားပေးတယ်..."
"...." အကြံဉာဏ်ကကောင်းသည်ဟု ထင်သော်လည်း သူ့ကိုအဓိက တားဂတ်ထားထားမှန်းစဉ်းစားကြည့်လိုက်သည့်အခါ၊ ရွှီလော့ယန်အနည်းငယ် ရင်နာသွားရသည်။
"ထပ်ရှိသေးတယ်... ငါ လက်ဆောင်အိတ်ကြီး အကြီးကြီးတစ်ခုဝယ်လာတာ...အဲ့ဒါကားထဲမှာ..."
ပြောပြောဆိုဆိုဖြင့် ယဲ့ရှန်ရှန်က အလျင်အမြန် ပိုက်ဆံရှင်းကာ၊ ရွှီလော့ယန်နှင့် ကားဆီသို့ ပြန်သွားလေသည်။ သို့သော် ကားတံခါးပိတ်လိုက်ပြီးနောက် သူမေးလိုက်သည့် ပထမဆုံးမေးခွန်းက ပေါက်ကွဲစရာပင်။
"မင်း ချန်အန်းနဲ့ လုပ်ပြီးသွားပြီလား..."
ထိုအကြောင်းအရာကိုရောက်သောအခါ၊ ရွှီလော့ယန်က မနေနိုင်ဘဲသက်ပြင်းသာချမိသည်။ တစ်ကြောင်းတည်းနှင့်ပင် အကျဉ်းချုံးပြောပြလေ၏။
"မော်ဒယ်တွေက သိပ်မကိုက်ဘူး သူက အရမ်းကြီးလွန်းပြီးတော့ ငါ့အထဲကိုဝင်ဖို့ကျ သေးလွန်းနေတယ်... အဲ့ဒါနဲ့ မဆန့်ဘူးလေ ပထမဆုံးအကြိမ်ရော၊ ဒုတိယအကြိမ်ရော၊ ကျရှုံးသွားတယ်..." သူက ထပ်ပြီး သက်ပြင်းချလိုက်၏။
"အဲ့ဒါက အရမ်းကို ခက်တာပဲ ဒါပေမယ့် ငါလွယ်လွယ်နဲ့တော့ လက်မလျှော့နိုင်ဘူး..."
ထိုအခိုက်၊ သူ့နားထဲ ချီချန်အန်း၏အသက်ရှုသံပြင်းပြင်းကို ပြန်လည်အမှတ်ရသွားကာ သူက တုံ့ပြန်မိတော့မတတ်ပင်။
အဲ့ဒီလူကြီးက မယုံနိုင်စရာကောင်းလောက်အောင် အရမ်းအရမ်း ဆွဲဆောင်မှုရှိလွန်းတယ်။
ထိုအချိန်၌ပင်၊ ယဲ့ရှန်ရှန်က အပြာရောင်တောက်တောက် အိတ်တစ်လုံးကို သူ့ထံပစ်ပေးလိုက်သည်။
"Mystery Gift Box မင်းလိုတာတွေအကုန် အဲ့ဒီထဲမှာရှိတယ်..."
အနည်းငယ် ရှုပ်ထွေးသွားရကာ၊ ရွှီလော့ယန်က အိတ်ကိုဖွင့်ပြီး အထဲသို့ကြည့်လိုက်သည်။ အထဲ၌ပါသောအရာများကိုတွေ့သောအခါ သူက အံ့အားသင့်သွားရသည်။
"လျှို့ဝှက် .... လျှို့ဝှက်လက်နက်တွေ...."
_____
ရွှီနျောင်နျောင်ရဲ့ ခံစားချက်သေးသေးလေး :
ဝေါင်း [စကားတောင်မပြောနိုင်.jpg]
____
Translated By IQ-Team.