🍬Chapter 94
ကျောင်းရှင်းက နောက်လိုက်ကင်မရာသမားအဖြစ် ရသစုံရှိုးငါးခုခန့်တွင် ပါဝင်ခဲ့ဖူးသည့်အတွက် ကြီးကြီးငယ်ငယ် ကိစ္စရပ်များ အတော်များများကို ကြုံတွေ့ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင်တော့ သူ့နှလုံးခုန်သံပင် ရပ်တန့်တော့မလို ခံစားလိုက်ရ၏။
ရွှီလော့ယန်ရပ်နေခဲ့သောနေရာမှာ ယခုအချိန်၌၊ အမြင့်တစ်နေရာမှပြုတ်ကျလာသည့် သံချေးကိုက်ကာ ပျက်စီးနေသော သံပြားကြီးသာရှိနေခဲ့ပြီး ပိုက်လိုင်းများအပေါ်တိုက်ရိုက်ပြုတ်ကျသွားကာ၊ နီညို့ရောင်အမှုန်အမွှားများ လွှင့်စင်နေပေသည်။
ကျောင်းရှင်းက မည်သို့မျှမတုံ့ပြန်နိုင်ခင် နှစ်စက္ကန့်မျှ ကြောင်အနေမိသည်။
“ရွှီလော့ယန်..” သူအော်ဟစ်လိုက်သော်လည်း ကြောက်ရွံ့နေမှုကြောင့် သူ့အသံက မထွက်လာခဲ့ပေ။
သို့သော် သူက အလျင်အမြန်အရှေ့သို့ပြေးသွားလိုက်သော်လည်း တစ်စုံတစ်ယောက်က သူ့ထက် ပို၍လျှင်မြန်နေပေသည်။ ထိုသူက ချီချန်အန်းပင်။
သံပြားကြီးပြုတ်ကျလာသည့်အခါတွင်၊ ကျန်းလျို့နှင့် ချီချန်အန်းတို့မှာ သိပ်မဝေးသည့်နေရာတွင် ရပ်နေခဲ့ကြသည့်အတွက် ရွှီလော့ယန်ရပ်နေသည့်နေရာသို့ သံပြားကြီးက အရှိန်ပြင်းပြင်းဖြင့်ပြုတ်ကျလာသည်ကို သူတို့မှာ မျက်လုံးများ ပြူးကျယ်၍သာ ကြောင်ကြည့်နေရ၏။ ချီချန်အန်းအနောက်မှ အထိတ်တလန့်ဖြင့်လိုက်လာသည့်ကျန်းလျို့မှာ ချီချန်အန်း၏မျက်နှာကိုမြင်သည့်အခါ၊ သူ့ပါးစပ်ကိုဖွင့်လိုက်သော်လည်း အလိုလိုပင် မည်သည့်စကားတစ်ခွန်းကိုမျှ မပြောရဲတော့ပေ။
ခြေနှစ်လှမ်းတည်းဖြင့်သူတို့က ပိုက်လိုင်းကြီးများအပေါ်သို့ရောက်သွားကာ၊ အပြေးတပိုင်းလျှောက်သွား၍၊ ချီချန်အန်းက အောက်သို့ထိုင်ချလိုက်ပြီး သံပြားကြီးကို မလိုက်လေသည်။ သူ့လက်များက အတောမသတ်နိုင်အောင်တုန်ယင်နေပြီး အားစိက်ထုတ်လိုက်သည့်အလျောက်၊ လက်ဖမိုးပေါ်မှ သွေးကြောများက ထောင်ထွက်လာပြီး မျက်နှာမှာလည်း အလွန်အမင်းကို ဖြူလျော်နေပေသည်။ နောက်မှလိုက်လာသည့် ကျန်းလျို့နှင့် ကျောင်းရှင်းတို့လည်း အပြေးအလွှား ကူ၍မပေးလာသည်။
‘ဂျိုင်းခနဲ’ဖြင့်၊ သုံးယောက်သား သံပြားကြီးကိုမကာ ဘေးသို့ရွေ့လိုက်သည်။ ထို့နောက် မြေပေါ်တွင် လဲနေသည့်ရွှီလော့ယန်ကို သူတို့မြင်လိုက်ရသည်။ သူ့ကိုယ်တစ်ဝက်လောက်က ပိုက်လိုင်းကြီးများဖြင့် ကာရံထားလေသည်။ သို့သော်လည်း မြေပေါ်မှ အနီရင့်ရင့်သွေးများကိုမြင်သောအခါ သူ့မျက်နှာပေါ်ကျန်ရှိနေသော အနည်းငယ်သော သွေးရောင်ပင်မကျန်တော့အောင် ဖြူဖျော့သွားရသည်။
ကျန်းလျို့က ထစ်အထစ်အဖြင့် ပြောလိုက်သည်။
"ရွှီကောက..... သတိရနေတဲ့ပုံပဲ"
ထို့နောက် ရွှီလော့ယန်က ပိုက်လုံးများ၏နေရာလွတ်ကြားမှ တွယ်တက်လာလေသည်။ သူမတ်တပ်ရပ်လိုက်သည်နှင့် ချီချန်အန်းက သူ့အား တင်းကြပ်စွာပွေ့ဖက်လိုက်၏။ လက်တစ်ဖက်၌ စာရွက်တစ်ရွက်ကိုကိုင်ကာ၊ ကျန်တစ်ဖက်၌ဘောပင်ကို ကိုင်ထားရင်း သူက သူ့ဘေးမှ သံပြားကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်လုံးသူငယ်အိမ်က တစ်ချက်မျှ ကျဉ်းသွားကာ၊ လည်ချောင်းတို့ခြောက်သွေ့သွားသော်လည်း သူက အလျင်အမြန်ရှင်းပြလိုက်သည်။
"ပုစ္ဆာကိုဖြေရှင်းနေရင်း ငါ့ဘောပင်က ပိုက်လုံးအောက်ကျသွားတာနဲ့ ငါ ကုန်းကောက်နေတာ... နောက် "ဂျိန်းခနဲ" အသံကြားလိုက်ရတော့တာပဲ... ဘာတွေဖြစ်သွားလည်း ငါလည်းမသိတာမို့ မလှုပ်ရဲဘူး..."
ကျန်းလျို့က သူ့ရင်ဘတ်သူတစ်ဖြတ်ဖြတ်ရိုက်လိုက်ကာ
"မင်းအဆင်ပြေတာ တော်သေးတာပေါ့... ဘာမှမဖြစ်တာ ကောင်းတယ်... ငါတို့တကယ်ပဲ သေမလိုလန့်သွားတာ... ဘယ်လိုတောင် ဆိုးရွားလိုက်တဲ့နေရာလည်း ဒါက... "
ရွှီလော့ယန်က ယခုချိန်၌စကားပြောနေရန် စိတ်မပါပေ။ သူ့ကိုပတ်ရစ်ထားသည့် ချီချန်အန်း၏လက်မောင်းများက တင်းကြပ်သထက်တင်းကြပ်လာသည်ကိုသာ ခံစားမိနေသည်။ ထိုအားကြောင့် သူ့အသားနှင့်အရိုးများထဲအထိ နာကျင်လာသော်လည်း သူကတစ်ချက်လေးတောင် မရုန်းကန်သလို လှုပ်လည်းမလှုပ်ရှားပေ။
သူ့နားရွက်ဖျားဘေးက တုန်လှုပ်နေသည့်အသက်ရှုသံကို နားဆင်ရင်း ရွှီလော့ယန်က သူ၏ကြောက်လန့်စိတ်ကို ဖိနှိပ်ထားကာ၊ ဖြည်းဖြည်းချင်းပြော၍ နှစ်သိမ့်ပေးနေမိသည်။
"ချန်အန်း၊ ငါအဆင်ပြေပါတယ်... ငါတကယ်ပဲ မထိခိုက်သွားပါဘူး... ငါ့ကို ဒီဘောပင်ကကယ်လိုက်တာ... ငါတို့ပြန်ရောက်သွားရင် ဒီဘောပင်ကိုငါတို့ တန်ဖိုးထားသင့်တယ်... ဘယ်လိုပဲပြောပြော၊ သူက ငါ့ရဲ့အသက်ကိုကယ်လိုက်တဲ့ဘောပင်ပဲလေ၊ ဟုတ်တယ်မ......"
"မင်း ဘယ်နားထိခိုက်သွားသေးလဲ..."
ချီချန်အန်း၏လေသံမှာ ပင့်သက်ရှိုက်သံများ ဖြင့်ပြည့်နေကာ၊ စကားအဆုံးတွင် အသံပါတုန်သွားသေးသည်။
"ငါ့ ခြေသလုံး..."
ချီချန်အန်း၏မေးခွန်းကိုကြားသည့်အခါ၊ ရွှီလော့ယန်က အမြန်ဖြေလိုက်လေသည်။ ထိုအချိန်က၊ သူက မြေပြင်ပေါ်လှဲ၍၊ ဘောပင်ကိုကောက်ယူရာမှာ အခက်တွေ့နေစဉ်၊ "ဂျိန်းခနဲ" အသံကြီးကို ရုတ်တရက်ကြားလိုက်ရပြီး အပြင်ထွက်နေသည့် သူ့ခြေသလုံးမှာ ပူခနဲ နာကျင်သွားရသည်။ ယခု သူမတ်တပ်ရပ်လိုက်ကာ၊ ဘေးမှသံပြားကြီးကို မြင်လိုက်ရသည့်အခါမှသာ လွှင့်ထွက်လာသည့် သံစနှင့်သူ့ခြေသလုံးကို ခြစ်မိခြင်းဖြစ်မှန်း သူသိသွားရ၏။
သူ့စကားဆုံးသည်နှင့် ချီချန်အန်းက သူ့ရှေ့တွင် ဒူးတစ်ဖက်ထောက်လိုက်ကာ သူဝတ်ထားသည့် ခပ်ပွပွအမဲရောင်ထရောက်စာဘောင်းဘီကို ပင့်တင်လိုက်လေသည်။
"Holy ရှစ်!"
ဘောင်းဘီကိုပင့်တင်လိုက်ပြီး ရွှီလော့ယန်၏ခြေသလုံးမှဒဏ်ရာကို မြင်လိုက်ရသည့်အချိန် ကျန်းလျို့လည်း ဆောင့်ကြောင့်ထိုင်ချလိုက်ကာ၊ သက်ပြင်းပင်ပင့်ရှိုက်လိုက်မိသည်။
"တော်တော်ကြီးတဲ့ ပြတ်ရှရာနှစ်ခုနဲ့ ရှရာအသေးလေးတွေ အများကြီးပဲ..."
ချီချန်အန်းက ဒဏ်ရာကို ဂရုတစိုက်စစ်ဆေးကာ၊ ပရိုဂရမ်အဖွဲ့က ထောက်ပံ့ပေးထားသည့် အဖြူရောင်တဘက်ကို ကျောပိုးအိတ်ထဲမှထုတ်ယူလိုက်ကာ အရေးပေါ်ကုသမှုကို အရင်ဆုံးလုပ်ဆောင်လိုက်သည်။
"နာနေသေးလား..."
"နာတယ်... " ရွှီလော့ယန်က ပြန်ဖြေလိုက်သည်။
"ဒဏ်ရာက ရှည်ပြီး နက်တယ် ပြီးတော့သံပြားက သံချေးတက်နေတာ...ကိုယ် အခုချက်ချင်း မင်းကို ဆေးရုံခေါ်သွားပေးမယ်..."
ထို့နောက် သူက နောက်လှည့်ကာ ရွှီလော့ယန်၏ရှေ့၌ ဆောင့်ကြောင့်ထိုင်လိုက်ကာ "တက်လိုက်" ဟုပြောလာသည်။
ရွှီလော့ယန် သူ့ကိုယ်ပေါ်မှီလိုက်သည့်အခါ၊ ဒဏ်ရာရှိသည့်နေရာကို ဂရုတစိုက်ရှောင်ရင်း ချီချန်အန်းက ရွှီလော့ယန်ကိုကျောပိုးကာ အလျင်စလို ထွက်သွားတော့သည်။
ကျောင်းရှင်းနှင့် ကျန်းလျို့တို့က ဘာစကားမှ မပြောရဲသဖြင့် သူတို့သွားသည့်အနောက်မှသာ တိတ်တဆိတ်လိုက်လာလေသည်။ထိုအချိန်၌ သတင်းများကြား၍ အလျင်စလိုရောက်လာသည့် ဒါရိုက်တာဝမ်က ရွှီလော့ယန်ကိုသယ်၍ထွက်သွားသည့် ချီချန်အန်းကို တွေ့လိုက်ရသည်။ ရွှီလော့ယန် သတိရှိနေသေးသည်ကို သေချာအောင်အတည်ပြုပြီးသည့်အခါ၊ သုက အမြန်မေးလာခဲ့၏။
"ရွှီလော့ယန်အဆင်ပြေတယ်မလား... ဘာမှလည်း ပြင်းပြင်းထန်ထန်ထိခိုက်သွားတာမဟုတ်တော့ အကယ်၍ သတင်းထောက်တွေကများ မေးလာခဲ့ရင်...."
သို့သော်လည်း ချီချန်အန်း၏အလွန်တရာမှ အေးစက်နေသည့်မျက်နှာထားကို မြင်လိုက်ရသည့်အခါ၊ အလိုလိုပင်ပြောလက်စစကားကိုရပ်လိုက်ကာ၊ ဘေးသို့ဖယ်ပေးလိုက်ပြီး စကားဆုံးအောင် မပြောရဲတော့ပေ။
ယိုလိဆေးရုံသို့ ရွှီလော့ယန်ကို တိုက်ရိုက်ကားပေါ်တင်ခေါ်သွားကာ လမ်းတစ်လျှောက်လုံးလည်း ချီချန်အန်းက အရှိန်မြန်ဆန်စွာမောင်းနှင်နေပြီး အင်မတန်ကိုပင် တင်းမာနေခဲ့သည်။
ချီချန်အန်း၏လက်ဖမိုးပေါ် သူ့လက်ဖြင့်အုပ်ကိုင်လိုက်ကာ၊ ရွှီလော့ယန်က "ချန်အန်း၊ ငါ ကားမူးလာပြီ" ဟု ပြောလိုက်လေ၏။
သူ့စကားဆုံးသည်နှင့် ကားအရှိန်က သိသိသာသာကိုပင် နှေးသွားလေသည်။ ရွှီလော့ယန်က စိတ်ထဲ၌သာ သက်ပြင်းကြိတ်ချမိသည်။
ဆေးရုံရောက်သွားသည့်အခါ၊ ဆရာဝန်များက ဒဏ်ရာကို စစ်ဆေးတော့သည်။
သူ့ခေါင်းကို တစ်ဖက်သို့လှည့်ကာ ရွှီလော့ယန်က ချီချန်အန်းထံ သူ၏လက်တစ်ဖက်ကို လှမ်းပေးပြီး "ဒဏ်ရာကို သန့်စင်တာက သေချာပေါက် အရမ်းနာမှာ..."
ချီချန်အန်းက သူ့ရဲ့အေးစက်နေသည့်လက်ဖြင့် သူ့လက်အား ပြန်လည်ဆုပ်ကိုင်ကာ နူးညံ့စွာပြောလေသည်။
"အရမ်းနာနေရင် ကိုယ့်လက်ကို ဆွဲညှစ်လိုက်လေ..."
နောက်ဆုံးတော့ ချီချန်အန်းထံမှ စကားသံထွက်လာပြီဖြစ်ရာ ရွှီလော့ယန်၏မျက်ဝန်းများက အပြုံးနှင့်အတူကွေးညွတ်သွားရပြီး သူက ခပ်ချွဲချွဲလေးပြောလိုက်သည်။
"မလုပ်ရက်ပါဘူး..."
ချီချန်အန်းထွက်မသွားနိုင်စေရန် သူ့လက်ကိုတွဲထားခြင်းမှ မဖြုတ်ပေ၊ ထို့နောက် ခေါင်းကိုငုံ့ကာ ဆရာဝန်၏အဖြူရောင်ဂျူတီကုတ်၌ ချိတ်ဆွဲထားသည့် ID ကိုကြည့်ကာ ခပ်အေးအေးလေသံဖြင့်မေးလိုက်သည်။
"ဒေါက်တာကျိုး၊ ကျွန်တော့်ဒဏ်ရာက စိုးရိမ်ရလား..."
"အရမ်းတော့ မစိုးရိမ်ရပါဘူး... ဒါပေမယ့် ဒဏ်ရာကြီးကြီး၊သေးသေး၊ သံချေးမှုန်တွေ အထဲမှာကျန်နေလိမ့်မယ်... ငါတို့မင်းကို ထုံဆေးလိမ်းပေးမယ် ပြီးရင်ဒဏ်ရာကို သန့်စင်ပြီး ချုပ်ပေးမယ် ပြီးတော့မှ မင်းကို မေးခိုင်ကာကွယ်ဆေးထိုးပေးမယ် နောက်ရက်နည်းနည်းလောက်အထိ မင်းဆေးသောက်ဖို့လိုမယ် ဒဏ်ရာယောင်ယမ်းလာမှာကို သတိထား... အနာကိုရေမစိုစေနဲ့... ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်တာကို ရှောင်၊ ပြီးတော့ လမ်းလည်း သိပ်မလျှောက်နဲ့..."
ဒေါက်တာကျိုးက သူ့မျက်မှန်ကို ပင့်လိုက်ကာ
"သတိထားရမယ့်အချက်တွေကို ငါနောက်မှ သူနာပြုနဲ့ပို့ပေးလိုက်မယ် အဲ့ဒီအချက်တွေသာ လိုက်လုပ်လိုက် "
ရွှီလော့ယန်က ခေါင်းကို တဆတ်ဆတ်ငြိမ့်ကာ "ကျေးဇူးပါ..." ဟုဆိုလိုက်သည်။
သူကကျေးဇူးတင်စကားပြောကာ ချီချန်အန်းကို မော့ကြည့်လိုက်စဉ် ထိုသူကပြောလာသည်။
"ဒေါက်တာ...ညင်ညင်သာသာလေး လုပ်ပေးလို့ရမလား...သူက နာမှာကြောက်တတ်လို့ပါ..."
သူ့မှာငိုချင်သွားရသည်။ သူ့ကို ထုံဆေးပေးထားသောကြောင့် နည်းနည်းလေးမှတောင်မနာတော့ဘူးဆိုသည့်အကြောင်း ရွှီလော့ယန်က ပြန်မပြောလိုက်ပေ။ သူက လက်ကိုမြှောက်ကာ၊ချီချန်အန်း၏လက်သန်းဖြင့် သူ့လက်သန်းကိုသာ ချိတ်ထားလိုက်ပြီး အသာလေးဆွဲလှုပ်လိုက်သည်။
သူ့အခြားလက်တစ်ဖက်ကိုပါဆန့်ကာ၊ ချီချန်အန်းက သူ့ခေါင်းကိုပုတ်ပေး၍ ရင်ခွင်ထဲအပ်လိုက်ကာ "မကြည့်နဲ့" ဟုပြောလာသည်။
ဒဏ်ရာကို ကုသပြီးသွားသည့်အခါ၊ ရွှီလော့ယန်၏နဖူး၌ ချွေးများစိုနေလေပြီ။ ညွှန်ကြားချက်အနည်းငယ်ပေးပြီးသည့်နောက်၊ ဆရာဝန်က ဆေးဗန်းကိုကိုင်ထားသည့် သူနာပြုကိုခေါ်ကာ ထွက်သွားလေ၏။
တံခါးပိတ်သွားသည့်အခါမှသာ ရွှီလော့ယန်က ပြုံးရန်ကြိုးစားလိုက်ကာ "ငါ့ကိုထုံဆေးပေးထားပေမယ့် ဇာဂနာအသံနဲ့ အနာကိုချုပ်တဲ့အသံတွေကိုကြားနေရတော့ အနာက နာတယ်လို့ပဲ ခံစားနေရတာ...အဲ့ဒါနဲ့ ငါလည်း ရိုးတွင်းခြင်ဆီဖိသန့်စင်ပေးတဲ့ စွမ်းအားတစ်ကယ်ရှိနေတာလို့ပဲ တွေးပြီးတော့ 'ကြွက်သားပျော့ပြောင်းစေတဲ့ကျမ်း' ကိုစိတ်ထဲတိတ်တိတ်လေးရွတ်နေလိုက်တယ်လေ"
ချီချန်အန်းက သူ့နဖူးထက်က ဆံစလေးများကို ဖယ်ရှားပေးလိုက်ကာ "နျောင်နျောင်.."
"ဟမ်"
"မင်းအဆင်ပြေနေတာ တော်သေးတာပေါ့..."
ထိုသို့ဆိုရတာက သူ့အတွက် အနည်းငယ်စိတ်အေးသွားစေပုံပင်။ သူ့ခေါင်းကို ရွှီလော့ယန်၏ပခုံးထက်တင်ထားကာ၊ သူ့အသံက အက်ကွဲနေပေသည်။
"မင်းအဆင်ပြေနေတာ တော်သေးတာပေါ့... တော်သေးတာပေါ့...."
မျက်နှာပေါ်မှအပြုံးတို့ပျောက်ရှသွားကာ ရွှီလော့ယန်က ချီချန်အန်းကို ပွေ့ဖက်လိုက်ပြီး
"အင်း ငါတကယ်အဆင်ပြေပါတယ်...ငါ့ခြေထောက်ကအနာကလည်း မြန်မြန်သက်သာသွားမှာ... မစိုးရိမ်ပါနဲ့..."
__
Translated By IQ-Team.