အပိုင်း ၁၁၁
Viewers 22k

Chapter 111


ချီချန်အန်း၏ စာပြန်မှုကလည်း မြန်ဆန်လေ၏။


"သူ့ကို ခိုးလို့မရပါဘူး..." 


ထိုစာလုံးသုံးလုံးကိုမြင်သည်နှင့်၊ ချီချန်အန်း၏မျက်နှာထားနှင့် လေသံကို အလွယ်လေးခန့်မှန်းနိုင်ပေသည်။ 


ချူးဝေ့က ထပ်ပြီးစာပို့လိုက်သည်။ "မင်းလာမယ်ဆိုတာ သူ့ကိုမပြောထားဘူးလား..."


"မပြောထားဘူး ကျွန်တော်သူ့ကို အံ့အားသင့်စေချင်လို့..."


ဖုန်းစခရင်ထက်မှ ပြန်ပို့လာသည့်စာကိုကြည့်ရင်း၊ ချူးဝေ့က အတိုချုံးသာ စာပြန်လိုက်တော့သည်။ 


"မျိုးဆက်ကွာဟမှုတွေရှိနေတော့၊ ငါနားမလည်တော့ဘူး...မင်းအတွက် ငါသူ့ကို ကူကြည့်ထားပေးမယ်..."


ဖုန်းကိုပိတ်လိုက်ကာ၊ သူက ရွှီလော့ယန်ထံလှည့်ကြည့်လိုက်ပြီး "လော့ယန်၊ ဒီကို ခဏလောက်လာပါဦး..."


သူ့နာမည်ကိုကြားသည့်အခါ၊ ရွှီလော့ယန်က ရှားနန်ကို ခွင့်တောင်း၍၊ လျှောက်လာလေသည်။


 "ဒါရိုက်တာချူး၊ ကျွန်တော့်ကို ခေါ်နေတာလား..."


"အင်း" သူက လူကိုတော့ ခေါ်လိုက်နိုင်ပြီ။ 


ချူးဝေ့က စကားလမ်းစရှာရန် စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးနောက်၊ "မင်း ဒါရိုက်တာမုန့်ဟွာကျန်းရဲ့ အဖွဲ့နဲ့ ရိုက်ကူးနေခဲ့တာဆိုတော့၊ ဘာတွေများ သင်ယူနိုင်ခဲ့ပြီလဲ..."


မသိလိုက်ပါဘဲ ရွှီလော့ယန်က ခပ်မတ်မတ်ရပ်မိသွားလေ၏။ အတန်းပိုင်ဆရာထံမှ မေးခွန်းမေးခံလိုက်ရသလိုခံစားလိုက်ရပြီး အဖြေတစ်ခုထုတ်နိုင်ရန်အတွက် ဦးနှောက်ကိုအသည်းအသန် အလုပ်ပေးလိုက်ရတော့၏။


...................


ည ခုနစ်နာရီ၊ လေးဆယ့်သုံးမိနစ်တွင်၊ 'ယိုယွင်းနေသောကမ္ဘာကြီး' ဇာတ်ကား၏ အဖွဲ့သားများက အခမ်းအနားမှူး၏မိတ်ဆက်သံနှင့်အတူ၊ ရွှေရောင်မေပယ်ဆုပေးပွဲအခမ်းအနားရဲ့ ကော်ဇောနီထက် လျှောက်လာလေ၏။


"- 'ယိုယွင်းနေသောကမ္ဘာကြီး' ရုပ်ရှင်က စတင်ထုတ်လွှတ်ကတည်းက box office အထိရခဲ့ပြီးတော့ ဒီနှစ်ရဲ့ ချန်ပီယံဖြစ်လာခဲ့ပြီး...."


ကော်ဇောနီထက်တွင်၊ လေတိုက်လိုက်သည့်အတွက် ၊ ရွှီလော့ယန်က ကြက်သီးတဖြန်းဖြန်းထလာခြင်းမှ ချုပ်တည်းထားသော်လည်း၊ သူ့မျက်နှာပေါ်မှအပြုံးကတော့ တောင့်တင်းနေပြီဖြစ်သည်။ ထိုအခိုက်မှာပင်၊ ပရိသတ်များက ချီချန်အန်း၏အမည်ကို အော်သစ်သံကြားလိုက်ရသည့်အတွက် မသိလိုက်ပါဘဲလှည့်ကြည့်မိသွားရာ၊ 'ချီချန်အန်း' နှင့် 'ကုချန်' ဟုရေးသားထားသည့် မီးလင်းဆိုင်းဘုတ်များကိုသာ တွေ့လိုက်ရသည်။ သူ့အပြုံးကပို၍တောက်ပလာခဲ့ပြီး ထိုနေရာဘက်သို့ ‌လက်ဝှေ့ယမ်းပြလိုက်ရာ အော်ဟစ်သံများ စီကနဲထွက်ပေါ်လာရသည်။


အင်တာဗျူးလုပ်ရာနေရာတွင်၊ ဦးစွာ၊ မီဒီယာများထံ ဓာတ်ပုံရိုက်ရန် ပို့စ်ပေးပြီးမှ၊ လုပ်ရိုးလုပ်စဉ်အတိုင်း၊ အမျိုးသမီးအစီအစဉ်မှူးနှင့် အမျိုးသားအစီအစဉ်မှူးတို့က မေးခွန်းများမေးလေ၏။ အရံသရုပ်ဆောင်တစ်‌ယောက်အနေဖြင့်၊ ပရိုဂျူဆာများ၊ ဒါရိုက်တာများနှင့် အဓိကသရုပ်ဆောင်များ၏အလှည့်ပြီးမှ သူ့အားမေးခွန်းမေးမည့် အလှည့်သို့ ရောက်လေသည်။


"မင်းတို့အကုန်လုံးက အရမ်းကိုအရည်အချင်းရှိတဲ့ အမျိုးသားသရုပ်ဆောင်တွေဆိုတာ ငါတို့အားလုံးသိပါတယ်... မင်းတို့အကုန် ဇာတ်ကားတစ်ခုတည်းရိုက်ရတဲ့အခါမှာ၊ လော့ယန်၊ မင်း ဘာကိုများ စဉ်းစားမိလဲ...မင်းဘေးက တစ်ယောက်ယောက်က မင်းထက်ပိုပြီး ကောင်းကောင်းမွန်မွန်ဝတ်စားထားမှာကို စိုးရိမ်မိလား..."


မိုက်ခရိုဖုန်းကိုကိုင်ကာ၊ နှစ်စက္ကန့်မျှ တုံ့ဆိုင်း‌ချင်ယောင်ဆောင်လိုက်ပြီးမှ ရွှီလော့ယန်က ပြန်ဖြေလေ၏။ 


"ကျွန်တော့်ကို တကယ်ပဲ အမှန်အတိုင်း ဖြေစေချင်တာလား..."


အမျိုးသမီးအစီအစဉ်မှူးက ခေါင်းညိတ်လိုက်သည်။ 


"ဒါပေါ့၊ ငါတို့က နောက်ကွယ်ကအမှန်တရားတွေကို သိချင်တာပေါ့..."


ရွှီလော့ယန်က ပြုံးကာ ခေါင်းငုံ့လိုက်ပြီး ကင်မရာဘက်သို့လှည့်လိုက်လေသည်။ 


"ကျွန်တော့်အတွက်ကတော့၊ အမြဲတမ်းလိုလိုပဲ၊ ကိုယ့်ကိုယ်ကို စိတ်ထဲမှာ သတိပေးနေမိတယ်..." 


သူက အသံနေအသံထားကိုပြောင်း၍ ဆက်မပြောမီ တမင်သက်သက် ရက်လိုက်သေး၏။ 


"မဖြစ်တော့ဘူး...သွားပြီ... ငါတော့ တစ်ချိန်လုံး ဗိုက်ချပ်ထားရတော့မှာပဲ မဟုတ်ရင် ငါ့ရဲ့ ဗိုက်သားလေးတွေ ထွက်လာလိမ့်မယ် ဒါမှမဟုတ်၊ အလေးအနက် ပြန်ဆင်ခြင်နေမိတာမျိုးပေါ့ ငါ စူပါမာရီယိုဂိမ်းဆော့ဖို့အတွက် ညနက်တဲ့အထိနေလို့မဖြစ်တော့ဘူး ငါ့မျက်နှာမှာ ဝက်ခြံဖုကြီးနှစ်ဖုတောင်ထွက်လာတာ၊ မိတ်ကပ်နဲ့တောင် ဖုံးလို့မရတော့ဘူး...."


အစီအစဉ်မှူးနှစ်ယောက်လုံးက အူမြူးသွားရလေသည်။ ထို့နောက်၊ သူတို့က ရုပ်ရှင်နှင့်ပတ်သက်သည့်မေးခွန်းများကို ရှားနန်ထံ မေးလိုက်ကာ၊ အဖွဲ့အား စတိတ်စင်ပေါ်မှ ဆင်းခွင့်ပြုလိုက်လေ၏။


ခန်းမထဲတွင်၊ အနွေးဓာတ်ဖြင့် ဝန်းရံခံလိုက်ရသည့် ရွှီလော့ယန်က စိတ်အခြေအနေချက်ချင်းကောင်းမွန်လာကာ၊ သူ့ခုံကိုရှာ၍၊ ချီချန်အန်းထံ စာပို့လိုက်လေသည်။ 


"ငါ ခန်းမထဲရောက်နေပြီ... ဒါပေမယ့်၊ ကြည့်ကောင်းနေစေဖို့အတွက် ၊ ငါညစာမစားထားဘူး ဝမ်းနည်းလိုက်တာ..." 


ချီချန်အန်းက ချက်ချင်း စာပြန်လာခဲ့သည်။ 


"မင်း ဗိုက်က မသက်မသာဖြစ်နေလား..."


ရွှီလော့ယန်၏နှုတ်ခမ်းထက်၊ အပြုံးတစ်ခုဖြစ်တည်လာကာ သူ့လက်များက လျင်မြန်စွာရွေ့လျားသွားလေသည်။ 


"မသက်မသာမဖြစ်ပါဘူး ငါက ကျန်းမာတဲ့ကလေးလေးပဲဟာ ဒါပေမယ့် မင်းကတော့ ညစာစားဖို့ သတိရရမယ်နော်..." 


သူက ခဏလောက်တွေးလိုက်ပြီး စာထပ်ပို့လိုက်သည်။


 "ရွှေရာင်မေပယ်ဆုပေးပွဲ အခမ်းအနားက တိုက်ရိုက်ထုတ်လွှင့်မှာ...မင်း ငါ့ကို TVမှာကြည့်လို့ရတယ်..."


"ကောင်းပါပြီ..."


ဆုပေးပွဲအခမ်းအနားမှာ အလွန်သမားရိုးကျဆန်ကာ၊ ဆန်းသစ်မှုမရှိပေ... ကင်မရာဖြတ်သွားသည့်အခါတိုင်း ရွှီလော့ယန်က ပြုံးနေသော်လည်း အချိန်တော်တော်များများ၌၊ သူက စတိတ်စင်ပေါ်သာ ငေးကြည့်နေမိပြီး စိတ်ထဲမှနေ၍ နောက်နှစ်ရက်အတွက် သူ၏အချိန်ဇယားကို တွက်ချက်နေလေ၏...မကြာမီချီချန်အန်းကိုတွေ့ရတော့မည်ဟူသော အတွေးက သူ့အားနေရာမှာတင် ထ၍ခုန်ပေါက်ချင်မိသည်အထိ စိတ်လှုပ်ရှားစေသည်။


ပွဲစပြီး တစ်နာရီမပြည့်မီပင်၊ 'ယိုယွင်းနေသောကမ္ဘာကြီး' အဖွဲ့က ဆန်ကာတင်လေးဆုနှင့်၊ အဓိကဆုကြီးနှစ်ဆုဖြစ်သည့် အကောင်းဆုံးဝတ်စားဆင်ယင်မှု၊ အကောင်းဆုံးဂီတဆုသာမက အကောင်းဆုံးတည်းဖြတ်ရေးဆုနှင့် အကောင်းဆုံးသရုပ်ဆောင်ကိုပါရရှိထားပြီးပြီဖြစ်သည်။


တတိယမြောက်ကြော်ငြာကို ထုတ်လွှင့်နေစဉ်၊ ရွှီလော့ယန်က အနည်းငယ် စိတ်လှုပ်ရှားလာလေသည်။ တင်ဆက်သူများက စင်ပေါ်သို့ရောက်နေပြီဖြစ်ကာ၊ အကောင်းဆုံးဇာတ်လမ်းတိုဆုကို ပရိုဂရမ်အရ ကြေငြာနေပြီဖြစ်သည်။ နောက်ထပ်ဆုမှာ၊ အကောင်းဆုံးဇာတ်ပို့ဆုပင်။ သူက လည်ချောင်းကိုစိုစွတ်စေရန် ရေတစ်ငုံမျှသောက်လိုက်လေသည်။ 


ချူးဝေ့၏အကြည့်များက စခရင်ထက်တွင်သာရှိနေကာ ရုတ်တရက် ရွှီလော့ယန်ဘက်သို့ ကိုယ်ကိုကိုင်း၍ တိုးတိုးလေး ပြောလာခဲ့သည်။ 


"မင်းစိတ်ကိုမင်း ပြင်ဆင်ထား"


??


ဘယ်လိုစိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုမျိုး လိုအပ်လို့လဲဟု ရွှီလော့ယန်မေးရန်ပြင်စဉ်၊ ကင်မရာက သူ့ကို ရိုက်နေသည်အား သတိထားမိသွားသည်။ ချက်ချင်း ခပ်မတ်မတ်ထိုင်လိုက်ကာ၊ သူ၏မူပိုင်အပြုံးကို ပြုံးလိုက်သော်လည်း သူ့စိတ်ထဲတွင် ကြောင်လက်သည်းလေးဖြင့် ကုတ်ခြစ်ခံနေရသလိုပင်။ 


ကိုယ့်ကိုယ်ကို ဘာအတွက်ကြောင့် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားရမှာလဲ... တစ်ခါတည်း ပြောလိုက်လို့မရဘူးလား...


ဆုရရှိသည့်သူက ကျေးဇူးတင်စကားပြောပြီးသည်အထိ၊ ချူးဝေ့ကိုမေးရန် အခွင့်အရေးကို ရွှီလော့ယန်ရှာမရခဲ့ပေ။ အကောင်းဆုံးဇာတ်ပို့ဆုပေးတော့မည်ဖြစ်သည့်အတွက် ကင်မရာက မကြာခဏဆိုသလို သူ့အားရိုက်နေသည့်အတွက် သူ၏ပုံရိပ်ကို ထိန်းသိမ်းရန်လိုအပ်သည့်အတွက်ပင်။


သူစိတ်ညစ်လာစဉ်တွင်၊ စတိတ်စင်ပေါ်မှ အသံက ပျံ့လွင့်လာလေသည်။ 


"ကျေးဇူးပြု၍ ဆုပေးရန်အတွက်၊ နိုင်ငံကျော်သရုပ်ဆောင်ဖြစ်တဲ့ မစ္စတာ ချီချန်အန်းကို ဖိတ်ခေါ်ပါတယ်..."


အဖြူရောင်ရှပ်အင်္ကျီ၊ အနက်ရောင်ဝတ်စုံပြည့်ကိုဝတ်ဆင်ထားသည့် ချီချန်အန်းက၊ သူ၏‌ရှည်လျားသည့် ခြေတံတို့ဖြင့် လှေကားထက်မှဆင်းလာသည်ကိုကြည့်ကာ ရွှီလော့ယန်က အံ့အားသင့်နေမိသည်။ 


"ငါ ထင်ယောင်ထင်မှားတွေ ဖြစ်နေတာပဲဖြစ်ရမယ်..."


ဘေးနားမှ ချူးဝေ့ကရယ်မောကာ 


"မင်း အမြင်မမှားပါဘူး.. သူက တကယ်ပဲ..."


ရွှီလော့ယန်က သူ့နှလုံးသားလေးရှိရာနေရာသို့ ဖိကိုင်လိုက်မိကာ ရုတ်ချည်းဆိုသလို သူလှည့်စားခံလိုက်ရပြန်ကြောင်း သိသွားရလေသည်။ သို့သော်လည်း ချီချန်အန်းက အမှန်ပင်ကော်ဇောနီထက်မလျှောက်ခဲ့ပေ။ 


အရမ်းစိတ်တိုတာပဲ...


ကောင်းပြီလေ...သူက တကယ်လည်း ပျော်သွားခဲ့တာပဲ...


မိုက်အရှေ့၌ရပ်လျှင် ပရိသတ်များအား ဝေ့ဝဲကြည့်နေသည့် ချီချန်အန်းကို တွေ့သောအခါ၊ ရွှီလော့ယန်၏နှလုံးခုန်သံတို့ ပြင်းထန်လာလေသည်။ 


ပြီးသွားပြီ...ချန်အန်းက ငါရှိတဲ့ဘက်ကိုပဲ ကြည့်နေတယ်လို့ ခံစားမိနေတယ်...


စိတ်လှုပ်ရှားလာသဖြင့်၊ နှုတ်ခမ်းများခြောက်သွေ့လာကာ၊ သူ၏ထိုင်ခုံက အပ်များဖြင့်ထိုးနေသကဲ့သို့ တစစ်စစ်ခံစားနေရသဖြင့် သူက ငြိမ်ငြိမ်ပင်မထိုင်နိုင်တော့ချေ။


စတိတ်စင်ပေါ်မှလူကိုသာ ငေးကြည့်နေမိပြီး သူ့အကြည့်များကို တစ်လက်မလေးပင် မရွေ့နိုင်ချေ။


ထိုအခိုက်မှာပင်၊ စခရင်ကြီး၌၊ ဆန်ကာတင်ရုပ်ရှင်များ၏မြင်ကွင်းကိုပြသလာပြီး 'ယိုယွင်းနေသောကမ္ဘာကြီး'မှ ကျစ်ချူး၏အပိုင်းမှာ တတိယမြောက်ပင်။


ရွှီလော့ယန်က စခရင်ထက် အာရုံအနည်းငယ်ပို့ပေးလိုက်ရာ၊ တော်ဝင်ဝတ်စုံကိုဝတ်ဆင်ထားသည့် ကျစ်ချူးက နန်းတွင်းအဆောင်အ‌ယောင်ဖြင့် အမျိုးသမီးတစ်ဦးထက် လှဲနေပြီး သူ့မျက်နှာထက်၌ ချစ်ခြင်းတရားနှင့်၊ မှောင်မိုက်နေမှုတို့ ရောထွေးနေပေသည်။ ထို့နောက်၊ စစ်ဝတ်စုံဖြင့် ကျစ်ချူးက ဓားရှည်ကိုကိုင်စွဲကာ၊ စစ်သူကြီးတစ်ဦးထံ ခုတ်လွှဲလိုက်ပြီး သွေးများက သူ့မျက်နှာထက် ဖြာကျလာသော်လည်း အေးစက်စက်၊အရေးမလုပ်သည့်မျက်နှာထားဖြင့်သာ... ထို့နောက်၊ မြို့တံတိုင်းတစ်ခုအပေါ်၌ ကျစ်ချူးရပ်နေကာ သူ့ကိုယ်သူ တိုင်းပြည်အတွက် အနစ်နာခံလိုက်သည့် မြင်ကွင်းသို့ပြောင်းလဲသွားတော့သည်။ 


တည်းဖြတ်ထားသည့် အပိုင်းအစများကို ပြသပြီးသည့်နောက်၊ ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားလေ၏။ ရွှီလော့ယန်က သက်ပြင်းခိုးချကာ၊ သူ့မျက်နှာအမူအယာကို ထိန်းချုပ်ထားလိုက်သည်။ 


အဘယ်ကြောင့်ဆိုသော်၊ ဇာတ်ကောင်များ၏တည်းဖြတ်ဗီဒီယိုကို ပြသပြီးနောက်၊ စခရင်ကြီးထက်၌ သူနှင့် အခြားဆန်ကာတင်သရုပ်ဆောင်လေးဦး၏ အနီးကပ်ရိုက်ချက်များကို ပြသနေ၍ပင်။


တလက်လက်တောက်ပနေသည့် အလင်းရောင်အောက်၊ ချီချန်အန်း၏အသံကထွက်ပေါ်လာခဲ့သည်။ 


"ခုနစ်ဆယ့်တစ်ကြိမ်မြောက် ရွှေရောင်မေပယ်ဆုပေးပွဲအခမ်းအနား၊ အကောင်းဆုံးဇာတ်ပို့ဆုကို ရရှိသွားတဲ့သူကတော့....." 


သုံးစက္ကန့်လောက်၊ ရပ်လိုက်ပြီးသည့်နောက် အမည်ကို ထုတ်ဖော်လိုက်လေသည်။ 


"ရွှီလော့ယန်..."


ထိုစကားလုံးများကို ရွတ်ဆိုနေစဉ်၊ သူ၏လေယူလေသိမ်း၌ မသိမသာ ဂုဏ်ယူမှုများနှင့် အပြုံးတို့ ရောယှက်ပါလာလေသည်။


ရွှီလော့ယန်က ချူးဝေ့ထံမှ ဆွဲထူခံလိုက်ရကာ၊ စိတ်ထဲတွင်အနည်းငယ်မှင်တက်နေမိသော်လည်း၊ အလိုအလျောက် နံဘေးမှလူအား ပွေ့ဖက်လိုက်မိသည်။ ချူးဝေ့နှင့် လက်ဆွဲနှုတ်ဆက်သည့်အခါမှသာ သူက ရုတ်တရက်သတိပြန်လည်လာပြီး စိတ်ရင်းဖြင့် ခေါင်းညိမ့်ပြလိုက်ရသည်။ ‌


"ကျေးဇူးတင်ပါတယ်...ဒါရိုက်တာချူး..."


ချူးဝေ့က သူ့ပခုံးများကို ပုတ်လိုက်သည်။ 


"သွား... မင်းနဲ့ ထိုက်တန်ပါတယ်..." 


အင်္ကျီကို ဆွဲဆန့်ကာ၊ ရွှီလော့ယန်က စတိတ်စင်ပေါ်လျှောက်သွားလိုက်ပြီး မီးအလင်းရောင်ကလည်း သူ့ခေါင်းပေါ်၍ လိုက်၍ အလင်းထိုးပေးနေလေသည်။ ယခုအချိန်၌၊ live stream ၏ ကောမန့်ဧရိယာ၌ ကောမန့်များ ပေါက်ကွဲထွက်နေပေ၏။


"-အား အား အား အား အား အား အား အား၊ အဲ့ဒါ ကုချန် အား အား အား အား အား 'ယိုယွင်းနေသောကမ္ဘာကြီး' က တကယ်အံ့အားသင့်စရာပဲ မူမမှန်တဲ့ဆွဲဆောင်မှုနဲ့ ဧကရာဇ်က ငါ့ရဲ့နှလုံးသားကို ရှုက်ထွေးစေတယ် သရုပ်ဆောင်က အံ့ဖွယ်ပဲ..."


"- တတိယအကြိမ်မြောက် 'ယိုယွင်းနေသောကမ္ဘာကြီး'ကို ကြည့်တာပဲ ငါက ကျစ်ချူးရဲ့ပရိသတ်ပါ..."


"-စိတ်လှုပ်ရှားလွန်းလို့ မြေခွေးလို တအီအီအော်နေရပြီ... ငါ့ရဲ့ ချန်အန်းက ငါ့ရဲ့လော့ယန်ကို ဆုပေးနေတာတဲ့... ငါတော့ ကျဆုံးသွားပြီ...screenshot, screenshot "


"-အခုချိန်ကစပြီး၊ ငါ မျက်တောင်‌တောင် မခတ်ရဲတော့ဘူး အား အား အား အား..."


ထိုအရာများကို သတိမထားမိသည့် ရွှီလော့ယန်သည်တော့ တည်ငြိမ်သည့်ခြေလှမ်းများဖြင့် စတိတ်စင်ရှိရာသို့လျှောက်သွားကာ၊ နောက်ဆုံးစင်မြင့်ထက် ရောက်သွားသည့်အခါ၊ မနေနိုင်ဘဲ ပြုံးလိုက်မိသည်။ 


ချီချန်အန်းက အဲ့ဒီမှာရပ်နေပြီး သူ့ကိုစောင့်နေလေသည်။


သူ့အရှေ့မှလူကို မျက်‌‌တောင်ပင်မခတ်ဘဲ ငေးကြည့်နေမိကာ၊ နောက်ဆုံးအကြိမ်တွေ့တုန်းကထက် ပို၍ မပိန်ပါးသွားဟု အတည်ပြုပြီးမှ၊ သူ့နှုတ်ခမ်းများက နောက်တစ်ဖန်ထပ်၍ ကွေးညွှတ်သွားလေသည်။


ချီချန်အန်းက အရှေ့သို့ နှစ်လှမ်းလှမ်းလာပြီး နှစ်ဦးသားပွေ့ဖက်လိုက်ကြသည်။ 


ကင်မရာကိုရှောင်၍ ရွှီလော့ယန်က "ငါမင်းကို အရမ်းလွမ်းနေတာ" ဟု မြန်မြန်ပြောလိုက်သည်။


သူ၏နောက်ကျောကို ညင်သာစွာပုတ်ပေးလျက်၊ ချီချန်အန်းက သူ့နားနားကပ်ပြောလာသည်။ 


"ပြီးသွားရင်၊ ကိုယ်တို့အတူတူ အိမ်ပြန်ကြမယ်လေ...လိမ္မာနော်..."


ပွေ့ဖက်မှုက တိုတောင်းကာ၊ သူတို့နှစ်ဦးခွဲခွာလိုက်ပြီးနောက်၊ ချီချန်အန်းက ရွှေရောင်မေပယ်ဆုတံဆိပ်ကို သူ့အားပေးလာသည်။ ထို့နောက် သူတို့က နောက်တစ်ကြိမ်ထပ်မံပွေ့ဖက်လိုက်ပြီး ချီချန်အန်းက စတိတ်စင်ပေါ်မှ ဆင်းသွားကာ၊ ရွှီလော့ယန်က မိုက်ခရိုဖုန်း၏အရှေ့၌ ရပ်လျက်နေလေသည်။


ထိုအချိန်တွင် live stream ထဲရှိ ကောမန့်များမှာ တောင်ပုံရာပုံပင် ဖြစ်နေလေပြီ။ 


"ချီးချန်အန်းက ရွှီလော့ယန်ကို ဖက်နေတုန်းဘာပြောလိုက်တာလဲ..." ဟူသည့်မေးခွန်းများက စခရင်ထက်အပြည့်ပင်။


___


Translated By IQ-Team.