🍬Chapter 114
ချီချန်အန်းက သူ့ခေါင်းဖျားလေးကို နမ်းလိုက်ပြီး မေးသည်။
"တကယ် မရတော့တာလား"
သူ့အသံမှာ စနောက်နေဟန်ရှိပြီး ဝိုင်ကောင်းကောင်းတစ်ခွက်လို လူကို မူးယစ်ရီဝေစေ၏။
"တကယ်"
ရွှီလော့ယန်က ပြတ်သားစွာပြောလိုက်သည်။
သူက လိမ္မော်သီးက စားရသည်မှာ လုံးဝ အရသာမရှိဟု ခံစားရသည်။ သူက အောက်မှာနေရသည်ကိုသာ သဘောကျ၏။
စောစောက သူတို့ မီးဖိုချောင်မှာလုပ်ခဲ့သလိုမျိုးပေါ့...
ထို့နောက်၊ သူက တွေးတောနေရင်း ချီချန်အန်းပေါ်၌ ပြန်လည်လှဲလျောင်းလိုက်ပြီး
" ငါ့ကို ဆုချီးမြင့်ပေးဖို့အကြံကို ဘယ်လိုဖြစ်ပြီးတွေးမိသွားတာလဲ..."
ချီချန်အန်းက လှေကားထစ်တွေပေါ်တက်ပြီး စင်မြင့်အလယ်ကို ဖြည်းညှင်းစွာ လျှောက်လှမ်းခဲ့တဲ့ မြင်ကွင်းကို ပြန်ပြောင်းသတိရသွားသည့်အခါ၊ သူ့ရင်ခုန်သံများ မြန်ဆန်လာရသည်။
"ဒါ့ထက်၊ ဆုရတဲ့သူက ငါမဟုတ်ရင်ကော၊ ရှက်စရာကြီးဖြစ်သွားမှာမဟုတ်လား"
ချီးချန်အန်း၏ ပြန်ဖြေသံက အလွန်အမင်းယုံကြည်ချက်ရှိစွာနှင့်။
"ဆုရနိုင်တဲ့လူက မင်းတစ်ယောက်တည်းပဲ...ဆန်ကာတင်စာရင်းဝင် ဇာတ်ကားတွေကို ကိုယ်ကြည့်ပြီးသွားပြီ၊ တစ်ယောက်မှ မင်းနဲ့ မယှဉ်နိုင်ဘူး..."
ရွီလော့ယန်က ထိုစကားကို ကြားရသည်ကို သဘောကျသော်လည်း၊ သူက ရိုးသားချင်ယောင်ဆောင်လိုက်ပြန်၏။
"မဟုတ်ဘူး၊ မဟုတ်သေးဘူး၊ မင်းက ချစ်သူကောင်လေး filter ကို သုံးထားတာအသိသာကြီးကို..."
"အခြားအကြောင်းပြချက် မရှိပါဘူး၊ မင်းက အဲ့ဒီလိုမျိုး လူတော်လူကောင်းလေးဖြစ်နေလို့လေ"
အခြားသူများ သတိထားမိချင်မှ သတိထားမိမည်။ သို့သော်၊ချီချန်အန်းက သိနေ၏။
"မတူညီသော လမ်းနှစ်သွယ်" မှ "ယိုယွင်းနေသောကမ္ဘာကြီး"ကို ရိုက်ကူးနေသည့် အချိန်အတွင်း၊ ရွှီလော့ယန် မည်မျှတိုးတက်ခဲ့သည်နှင့် "အချိန်အား ပြောင်းပြန်လှန်ခြင်း" တွင်လည်း အပါအဝင်၊ ကဏ္ဍတိုင်းတွင် မည်မျှလောက် ကြိုးစားအားထုတ်ခဲ့သလဲဆိုတာကိုပင်။
ခဏကြာမျှ ဟိုဟိုဒီဒီ၊ရောက်တတ်ရာရာ၊ စကားစမြည်ပြောပြီးနောက်၊ ချီချန်အန်းက ရုတ်တရက် စကားစလာသည်။
"နျောင်နျောင်"
"ဟင်" ရွှီလော့ယန်ထံမှ တုံ့ပြန်မှုက သိသိသာသာနှေးကွေးနေလေ၏။ ချီချန်အန်း၏ ကိုယ်အပူချိန်က သူ့ကို အင်မတန်သက်တောင့်သက်သာဖြစ်စေပြီး အအေးမိပျောက်ဆေးကလည်း သက်ရောက်မှုရှိလေရာ၊ သူက အနည်းငယ် အိပ်ငိုက်နေပြီး စိတ်မကြည်လင်ပေ။
"ကိုယ့်အကိုကြီးက မင်းကိုတွေ့ချင်နေတယ်"
ဗုံးပစ်ထည့်လိုက်သလိုပင်၊ ချက်ချင်းအိပ်ငိုက်မှုတို့ ပပျောက်သွားရသည်။ ရွှီလော့ယန်က ချီချန်အန်းပေါ်မှ ဆင်းလိုက်ကာ၊ ကုတင်ပေါ်ထိုင်ချလိုက်ပြီး သူ့နောက်ကျောကို တည့်တည့်မတ်မတ် ထားလိုက်ပြီး မသိလိုက်ပါဘဲ သူ့အသံက အနည်းငယ်လှုပ်ခတ်သွားရသည်။
"မင်းရဲ့အစ်ကိုကြီးက ငါ့ကို တွေ့ချင်နေတာလား"
"အင်း၊ ဒါပေမယ့် ကိုယ်သဘောမတူရသေးဘူး"
ချီချန်အန်းက ရွှီလော့ယန်၏အသံလေး တိုးသွားသည်ကို သတိထားမိပြီး သူ့ကို နှစ်သိမ့်ပေးလိုက်၏။
"မင်း သူ့ကို တွေ့ချင်ရင် ကိုယ်တို့သွားတွေ့မယ် မင်းမတွေ့ချင်ရင် ကိုယ်တို့သွားမတွေ့တော့ဘူး ကိစ္စမရှိပါဘူး၊ ဆုံးဖြတ်ချက်ကမင်းလက်ထဲမှာပဲ..."
"ငါတို့ သူ့ကို တွေ့ချင်သေးတယ်"
ရွှီလော့ယန်က ခပ်မြန်မြန် ပြန်ဖြေသည်။
သူက စောင်ကို ပွေ့ဖက်လိုက်ပြီး ချီချန်အန်းအနား လှဲနေပြန်၏။
"မိဘတွေနဲ့တွေ့ဖို့က အရေးကြီးတယ် ပြီးတော့၊ တွေးကြည့်လိုက်ရင် ငါတို့နှစ်ယောက်လုံးမှာမှ မင်းအစ်ကိုက တစ်ဦးတည်းသောအုပ်ထိန်းသူ၊ မိဘပဲလေ..."
လေထုမှာ ခေတ္တတိတ်ဆိတ်သွားကာ၊ ချီချန်အန်းက "အင်း" ဟု ပြန်ဖြေ၏။
သူ့လေသံက နူးညံ့သွားပြီး "Flanders ရုပ်ရှင်ပွဲတော်ပြီးရင် ကိုယ့်အစ်ကိုကြီးနဲ့တွေ့ဖို့ Montreal ကို သွားကြမယ်လေ..."
"ကောင်းပြီလေ"
ဟု ပြန်ဖြေပြီးနောက် ရွှီလော့ယန်က ချက်ချင်းပြန်၍ အာရုံများလာပြန်၏။
"မင်းအစ်ကိုကြီးက ဘာကိုကြိုက်တတ်လဲ၊ သူကြိုက်တတ်တဲ့ အစားအသောက် ဒါမှမဟုတ် ပစ္စည်း တစ်ခုခုရှိလား ငါဘာလက်ဆောင်ပေးရင်ကောင်းမလဲ ဆိုတာကို သေသေချာချာစဉ်းစားကြည့်ရဦးမယ် ပြီးတော့ မင်းရဲ့အစ်ကိုကြီးကအိမ်ထောင်ကျပြီးသားလား... ငါ့အနေနဲ့ လူတစ်ယောက်စာ၊ ဒါမှမဟုတ် နှစ်ယောက်စာအတွက် လက်ဆောင်တွေပြင်ဆင်ရမှာလား"
သူ၏ လျင်မြန်သောမေးခွန်းများကိုကြားသည့်အခါ ချီချန်အန်း၏ နှုတ်ခမ်းထက် အပြုံးတစ်ခုဖြစ်လာကာ
"သူက ပိုက်ဆံရှာရတာကိုပဲ သဘောကျတာ... အစားအသောက်နဲ့ အသုံးအဆောင်တွေကို သိပ်ဂရုမစိုက်ဘူး တကယ်တော့...ဘာလက်ဆောင်မှယူလာစရာမလိုပါဘူး မင်းအနေနဲ့ ဘာမှပြင်ဆင်လာဖို့ မလိုဘူး မင်းအနေနဲ့ သူ့ကို သွားတွေ့ပေးတာကပဲ လုံလောက်တာထက်ကို ပိုနေပြီ သူက အိမ်ထောင်မပြုရသေးပေမယ့် လူတော်တော်များများနဲ့တော့ချိန်းတွေ့ဖူးတယ် သူက ဘယ်တုန်းကမှ အိမ်ထောင်ပြုဖို့ မစဉ်းစားဖူးဘူး"
ထိုအကြောင်းကို ပြောရင်းနှင့် ချီချန်အန်းက တစ်ခါတည်း ရှင်းပြလာသည်။
“သူက အိမ်ထောင်ရေးကို အရမ်းရွံရှာပြီး အိမ်ထောင်ပြုလိုက်ရင် ပိုပြီးကံဆိုးမှုတွေ ရှိလာမယ်လို့ ယုံကြည်ထားတာ...အဓိကကတော့ ကိုယ်တို့အဖေ့ဆီက ကျရှုံးသွားရတဲ့ အိမ်ထောင်ရေးရဲ့ လွှမ်းမိုးမှုကြောင့်ပဲ"
ရွှီလော့ယန် ခေါင်းညိတ်ပြလိုက်ကာ၊ သူ၏မျက်ဝန်းများထဲ သံသယအနည်းငယ် ပေါ်လာသည်ကို ချီချန်အန်း မြင်သည့်အခါ၊ သူက ပြုံး၍ မေးလိုက်သည်။
"ကိုယ့်အကိုကြီးနဲ့ ကိုယ်နဲ့ အတွေးတူတူပဲလားလို့ စဉ်းစားနေတာလား"
ရွှီလော့ယန်က ခေါင်းညိတ်ပြသော်လည်း ဘာမှပြန်မပြောပေ။ ချီချန်အန်း၏ ငယ်ဘဝကို သူသိလိုက်ရကတည်းက ထိုအကြောင်းအရာများနှင့် ဆက်စပ်သည်များကို သူ့ဘက်က စကားမစပေ။
အားလုံးက ဖြစ်ပျက်ပြီးသွားသည့် အရာများသာဖြစ်သော်လည်း ထိုအရာများ တကယ်မဖြစ်ခဲ့ဟု မဆိုလိုပေ။
"ကိုယ် သူ့လိုတွေးဖူးတယ်၊ အိမ်ထောင်ရေးဟာ ကြေကွဲ၊ဝမ်းနည်းစရာတွေရဲ့အရင်းအမြစ်လို့ ထင်ခဲ့တာ"
ချီချန်အန်းက ဘာမှ မဖုံးကွယ်ထားပေမယ့် သူ့နှုတ်ခမ်းထောင့်က အပြုံးက အနည်းငယ် မှိန်ဖျော့သွားလေ၏။
"ဒါ့အပြင်၊ ကိုယ့်ရဲ့ ကျန်းမာရေးကလည်း မကောင်းဘူးလေ ကိုယ် ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်မလဲမသိဘူး...ဒါကြောင့် ဘာကိစ္စ တခြားသူတွေနဲ့ ပတ်သက်နေရဦးမှာလဲဆိုပြီး"
သူ၏နှလုံးသားအား ဓားပါးလေးဖြင့်ခြစ်ခံရသကဲ့သို့ခံစားရကာ ရွှီလော့ယန်က ချီချန်အန်း၏လက်ကို ဆုပ်ကိုင်လျက်၊ အနားသို့တိုးကပ်လာပြီး၊ အလွန်အမင်း လေးနက်တည်ကြည်စွာပြောပြလာလေ၏။
"ချန်အန်း၊ မင်းရဲ့ ဒီဘဝတစ်လျှောက်၊ တခြားသူတွေနဲ့ ပတ်သက်ရမှာကို စိုးရိမ်နေစရာမလိုပါဘူး မင်းမှာ အဲ့ဒီလို ပက်သက်ဖို့ အခွင့်အရေးမရှိတော့ဘူး ဒါကြောင့် မင်းအနေနဲ့ ငါတစ်ယောက်တည်းကိုပဲ ပတ်သက်လို့ရမှာ"
ထိုသို့ပြောလျက်၊ သူက ချီချန်အန်း၏ နက်ကတိုင်ကိုဆွဲယူကာ သူတို့နှစ်ယောက်၏လက်ကို တင်းတင်းကြပ်ကြပ်ချည်နှောင်လိုက်သည်။
ထိုအပြုအမူလေးကိုလုပ်ပြီးသည့်အခါ၊ ချီချန်အန်းက သူတို့၏ချည်နှောင်ထားသည့်လက်များနှင့် အထုံးကိုငုံ့ကြည့်ကာ ရွှီလော့ယန်၏လက်ဖမိုးအား လေးနက်စွာနမ်းလိုက်လေသည်။
"ကောင်းပြီ ကိုယ်မင်းကို ကတိပေးတယ်..."
မင်းကို ပိုင်ဆိုင်ရတာက လုံလောက်တာထက်ကို ပိုနေပါပြီ။
နောက်နေ့မနက်ခြောက်နာရီ၌၊ ပြင်ပမှာ မဲမှောင်နေသေးသော်လည်း သူ၏ နှိုးစက်ကြောင့် ရွှီလော့ယန် အိပ်ရာမှ နိုးလာရသည်။
သူက ချီချန်အန်း၏လက်ကို လွှတ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
"ချန်အန်း၊ ခဏလောက် ပြန်အိပ်နေလိုက်ဦး"
ထို့နောက်၊ ရေချိုးခန်းထဲကို တိတ်တဆိတ် ပြေးသွားလေ၏။ သွားပွတ်တံကို ကိုက်လိုက်ပြီး သူက အဝတ်အစားတွေ ရှာဖွေနေကာ၊ အဆင်သင့်ဖြစ်ရန် မိနစ်နှစ်ဆယ်သာ ကြာလိုက်သည်။ နောက်ဆုံးတွင်၊ သူက ကုတင်ဆီသို့ အမြန်ပြေးသွားပြီး၊ ကိုယ်ကိုကိုင်းကာ ချီချန်အန်း၏ နှုတ်ခမ်းထောင့်စွန်းကို နမ်းရင်း၊ လန်းဆန်းစေသည့် mint အရသာ၊သွားတိုက်ဆေး၏ အငွေ့အသက်လေးများဖြင့် ပြောလာသည်။
"ချန်အန်း၊ ငါအလုပ်သွားတော့မယ် ဒီနေ့ စုစုပေါင်း အင်တာဗျူး သုံးခုရှိတာ၊ ခြောက်နာရီနီးပါးလောက် ကြာမယ် နေ့ခင်းတစ်နာရီလောက်ထိ ငါပြီးမှာမဟုတ်ဘူး မင်းနေ့လည်စာ စားထားနှင့်နော် ငါ့ကို စောင့်မနေနဲ့"
တံခါးဝသို့ရောက်သောအခါ၊ ရွှီလော့ယန်က ခဏရပ်ကာ တုံ့ဆိုင်းသွားပြီးနောက်၊ ပြန်လာပြီး ချီချန်အန်း၏နှုတ်ခမ်းများကို သူ့နှုတ်ခမ်းနှင့်ဖိကပ်လိုက်သည်။
ဆယ်စက္ကန့်ကျော်ကြာပြီးနောက်မှသာ နှုတ်ခမ်းတို့ကို ခွဲခွာလိုက်ကာ "ငါ တကယ်သွားပြီးနော်"
ချီချန်အန်းက ပြုံးလိုက်ပြီး"ကောင်းပါပြီ၊ လမ်းမှာ ဂရုစိုက်ဦး"
ကားထဲရောက်သည်နှင့်၊ ရွှီလော့ယန်က ကျန်းသုန့်လှမ်းပေးလာသည့် ဖိုင်တွဲကိုယူကာ အင်တာဗျူးတွင် သူ့အားမေးလာမည့်မေးခွန်းများကို အစအဆုံးနှစ်ကြိမ်မျှဖတ်ပြီးနောက်၊ မည်သို့မည်ပုံအားဖြင့် မျှော်လင့်ထားရမည်ကို အကြမ်းဖျင်း နားလည်သွားသည်။
"ကျန်းကော၊ Flanders ရုပ်ရှင်ပွဲတော်ပြီးရင် ကျွန်တော့်မှာ အားလပ်ရက် နည်းနည်းလောက် ရှိသေးလား"
"အင်း နည်းနည်းပေါ့"
ကျန့်သုန်းက သူ့အား မျက်လုံးကိုပင့်ကာ ကြည့်၍မေးသည်။
"ဘာအစီအစဉ်ရှိလို့လဲ"
"ရှိတယ်"
ရွှီလော့ယန်က အပြုံးကိုမဖုံးဖိထားနိုင်ဘဲ သူ့ကိုပြောပြလာသည်။ သူ့မျက်လုံးထဲ နေရောင်ခြည်မှလှိုင်းများ၏ အလင်းပြန်မှုဖြင့် တောက်ပနေလေ၏။
"ကျွန်တော် မိဘတွေနဲ့ သွားတွေ့တော့မလို့"
အံ့သြထိတ်လန့်သွားကာ၊ ကျန်းသုန့်က ခဏလောက် မတုံ့ပြန်နိုင်ဖြစ်နေတာကိုမြင်သည့်အခါ၊ ရွှီလော့ယန်က ချောင်းနှစ်ချက်လောက်ဟန့်လိုက်ပြီး
"ပြောခါမှ၊ မိဘတွေနဲ့ ပထမဆုံးသွားတွေ့တာနဲ့ ပတ်သက်ပြီး ကျွန်တော် အွန်လိုင်းမှာ ရှာကြည့်ထားတယ် အဲ့ဒီမှာ လမ်းညွှန်ချက်တွေ အများကြီးပဲ၊ များလွန်းလို့ ကျွန်တော့်မျက်လုံးတောင်လည်သွားတယ်..."
ထိုသို့ပြောပြီးနောက်၊ သူက ကျန့်သုန်းအား မျှော်လင့်တကြီး အကြည့်များဖြင့် ကြည့်ကာ၊ သိသိသာသာကိုပင် အကြံဉာဏ်များ ရယူလိုနေပေသည်။
ကျန်းသုန့် စကားမပြောခင် သူ့နံဘေးတွင်ထိုင်နေသည့် လုတိက "ရွှီကော၊ ကျန်းကောနဲ့ ကျွန်တော့်မှာ၊ ဒီလိုမျိုးမိဘတွေရဲ့အိမ်ကို လည်ပတ်ရတဲ့ ဒဏ္ဍာရီလာအတွေ့အကြုံမျိုးရှိမယ်လို့ ဘာလို့ထင်ရတာလဲ"
ကားပေါ်၌ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားခဲ့သည်။
လုတိက ရွှီလော့ယန်ကို ပထမဦးစွာ ကြည့်ပြီး ကျန်းသုန့်အား စိတ်ရှုပ်ထွေးတဲ့ အကြည့်ဖြင့် ပြန်ကြည့်လိုက်ပြီး "ကောတို့ ကျွန်တော့်ကို ဘာလို့ဒီလိုကြီးကြည့်နေကြတာလဲ၊ ကျွန်တော်ပြောတာ တစ်ခုခုမှားသွားလို့လား"
သူက အမှန်အတိုင်းပြောနေတာ အသိသာကြီးလေ...
ကျန်းသုန့်၏ မည်းမှောင်နေသော မျက်နှာကို သတိပြုမိရင်း ရွှီလော့ယန်က ဦးစွာ ရယ်မောလိုက်သော်လည်း သူက ဟက်ဟက်ပက်ပက် မရယ်ဝံ့သဖြင့် ကြိတ်ရယ်နေရ၏။
လုတိ၏စကားကိုကြားသည့်အခါ ကျန်းသုန့်က အမှန်တရားကို မျက်ကွယ်ပြုထားဟန်ဖြင့် မျက်လုံးများ မှိတ်ထားလိုက်သည်။ သူက နောက်ပြန်လှည့်ကြည့်ကာ၊ ရွှီလော့ယန်အား မေးလေ၏။
"ချီချန်အန်းရဲ့ မိသားစုအကြောင်း မင်းဘယ်လောက်သိလဲ "
အလွန်နက်နဲလှသည့် ဤမေးခွန်းကို ရင်ဆိုင်လိုက်ရသော ရွှီလော့ယန်က သူ့ခေါင်းသူ လက်လေးဖြင့် ထုကာ
"သိပ်မသိဘူး"
"..."
ထိုအချိန်တွင် ကျန်းသုန့်၏ဖခင်အိုကြီးစိတ်ဓာတ်က ပြန်လည်ရောက်ရှိလာပြီး ရွှီလော့ယန်အား ပူညံပူညံမလုပ်ဘဲ မနေနိုင်တော့ပေ။
"မင်း နည်းနည်းလောက် ပိုပြီး သတိထားသင့်တယ် သူ့မိသားစုဝင်တွေနဲ့ ဆက်ဆံဖို့ မလွယ်ရင် ဘယ်လိုလုပ်မလဲလို့ မင်းတွေးမပူဘူးလား ဒါမှမဟုတ် သူတို့က မင်းတို့နှစ်ယောက် အတူတူမနေဖို့ တားလာကြရင်ရော"
ရွှီလော့ယန်က အနည်းငယ် ယောင်းဝါးဝါးဖြစ်နေသည့် အကြည့်များဖြင့် ပြန်လည်တုံ့ပြန်လာသည်။ ယခင်က ချီချန်အန်းက လူသားအစစ်ဖြစ်ကြောင်း အတည်ပြုခြင်းမပြုနိုင်မီကတည်းကပင် သူက ထိုလူအား နှစ်သက်နေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ချီချန်အန်း၏မိသားစုဝင်များအားလုံးမှာလည်း နတ်ဆိုးများသာဖြစ်လိမ့်မည်ဟု တွေးထားမိသည့်အတွက် သူက စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုများပင် ပြုလုပ်ခဲ့ပြီးသားဖြစ်သည်။
သို့သော်၊ ဤကဲ့သို့ ရှုပ်ပွနေသည့် အတွေးတွေကို ကျန်းသုန့်အား မပြောပြသည်က ပိုကောင်းလိမ့်မည်။
ရွှီလော့ယန်၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ ကျန်းသုန့်က ဤကဲ့သို့ဖြစ်ရပ်က သူ့အချစ်ရေးတွင် ပထမဆုံးအကြိမ်ဟု ပြန်တွေးမိကာ လေသံကို ပြန်လျှော့လိုက်သည်။
"သူ့မိသားစုနောက်ခံက မရိုးရှင်းဘူး၊ ဒါကို မင်းသိတယ်မဟုတ်လား"
ဤတစ်ခါတော့ ရွှီလော့ယန်က လေးလေးနက်နက် ခေါင်းညိတ်ပြလာကာ " ကျွန်တော် ခံစားမိတယ်" ဟုပြောလိုက်သည်။
ထို့နောက်၊ သူကမနေနိုင်ဘဲ "ကျွန်တော် အဲ့ဒီလောက်တော့ မတုံးပါဘူး" ဟုထပ်ပြီး အလေးပေးပြောပြလိုက်၏။
ချီချန်အန်းက သူ့မိသားစုအကြောင်း များများစားစား မပြောသော်လည်း သူ့ထံမှ တမင်တကာ ဖုံးကွယ်ထားခြင်းမရှိပေ။
တစ်ခါတုန်းက ချီချန်အန်းက သူ့ကိုအချိန်ဖြုန်းရန်၊ Spire Club မှာ အခန်းတစ်ခုကိုယူခဲ့ပြီး မန်နေဂျာတွေက သူ့ကို "သခင်လေးချီ"ဟု တလေးတစားခေါ်ဝေါ်ကြသည်။ နောက်ပိုင်း၊ သူရသစုံရှိုးတစ်ခုကို ရိုက်ကူးနေစဉ်၊ စက်ရုံထဲ၌ ဒဏ်ရာရသွားသောအခါ၊ ချီချန်အန်းက CCTV အားလုံးကို အမြန်ပင် ရှာဖွေနိုင်ခဲ့ခြင်းမှာ သာမန်လူများ၏ တတ်နိုင်စွမ်းထဲတွင်မရှိမှန်း သိသာထင်ရှားလေသည်။ ထို့အပြင် ချီချန်အန်းက ရိုးရိုးသာမာန်လူများ ကျောင်းဝင်ခွင့်မရှိသည့် အထူးပုဂ္ဂလိကမင်းမျိုးမင်းနွယ်ယောက်ျားလေးများကျောင်းဖြစ်သော Westminster အလယ်တန်းကျောင်း၌ ပညာသင်ကြားခဲ့သေးသည်။
"ဒါဆို မင်းသိတယ်ပေါ့"
ရွှီလော့ယန်က အပေါ်ယံမှာ အလေးမထားသည့်ပုံပေါက်သော်လည်း လက်တွေ့တွင် သူက အကင်းပါးမှန်း ကျန်းသုန့်သိလေသည်။
"အင်း" ရွှီလော့ယန်က ခေါင်းညိတ်လိုက်သည်။
"ချန်အန်းက ချီမိသားစုထဲက ဖြစ်မယ်ထင်တယ်"
လုတိက နားမလည်ပေ။
"ဘယ်က ချီမိသားစုလဲ"
" Brighton Hotel နောက်ကွယ်က ချီမိသားစု" ရွှီလော့ယန်က ရှင်းပြလာသည်။
"Brighton Hotel အားလုံးမှာ ချန်အန်းအတွက် အပေါ်ဆုံးထပ် suite ကို အမြဲထားထားပြီး တစ်ခန်းချင်းစီရဲ့ အလှဆင်မှုပုံစံကလည်း အတူတူပဲ"
သို့ပေမယ့် အရင်ကတော့၊ ထိုအရာများက ချီချန်အန်း၏ နတ်ဆိုးအသိုက်ဟုသာ သူကတွေးမိခဲ့သည်။
သူ့နှာခေါင်းကို ပွတ်လိုက်ကာ ရွှီလော့ယန်က မရှင်းပြတတ်သည့် အပြစ်ရှိစိတ်လေးကို ခံစားလိုက်ရသည်။
လုတိက ရှုပ်ထွေးနေဆဲပင်၊ သူက ထိုကိစ္စကို ဘယ်တုန်းကမှ အာရုံမစိုက်ခဲ့သည့်အတွက် ကျန်းသုန့်ဘက်လှည့်ကာ ရှင်းပြပေးရန် အကူအညီတောင်းလိုက်သည်။
"ကျန်းကော၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို နာမည်ကြီးအထွေထွေဗဟုသုတလေးတစ်ခုခုရအောင် ကူမပေးပါဦး"
ကျန်းသုန့်က စဉ်းစားကြည့်လိုက်သည်။ "ကမ္ဘာတဝှမ်းမှာဆိုင်ခွဲတွေအများကြီးရှိတဲ့ Brighton Hotel၊ Turing Bank နဲ့ Foundation၊ Turing Real Estate၊ az airlines နှင့် Plantagenet Museum ... အဲ့ဒါတွေအားလုံးကို ချီမိသားစု ပိုင်တယ်"
ဤဥပမာက ပိုမိုနားလည်သဘောပေါက်လွယ်စေသည်။
လုတိက လွန်စွာထိတ်လန့်သွားပြီး "အဲ့ဒီလောက်တောင်များတယ်..."
"အင်း၊ ငါပြောတာက သူတို့ပိုင်ဆိုင်မှုရဲ့ ထက်ဝက်လောက်ပဲရှိသေးတာ"
အကြည့်ဗလာဖြစ်သွားသည့် ရွှီလော့ယန်ကို ကြည့်ပြီး ကျန်းသုန့်က နှစ်သိမ့်ပေးဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်၏။
" အဲ့ဒါတွေက အရေးမကြီးပါဘူး စိတ်ဖိစီးမနေပါနဲ့ မင်းလည်း အရမ်းကိုချမ်းသာတာပဲကို ပြီးတော့ နောက်ဆို ပိုပြီးချမ်းသာလာဦးမှာ"
ရွှီလော့ယန်က ပွဲဦးထွက်ကတည်းက ပိုက်ဆံရှာပြီး အိမ်တစ်လုံးဝယ်ခဲ့သည်ကို သူသိထားသည်။ ထပ်ပြီးတော့ ရွှီလော့ယန်က ဘဝကို ဇိမ်မခံတတ်ပေ။ တခြားနာမည်ကြီး အနုပညာရှင်များနှင့် ယှဉ်လျှင် သူ၏ နေ့စဉ်အသုံးစရိတ်က အလွတ်နည်းပါးလေ၏။ ထို့ကြောင့် ယခုအချိန်အထိ စုဆောင်းထားသော ကြွယ်ဝမှုက အလွန်များပြားလှသည်။
"တကယ်တော့၊ ကျွန်တော် ဖိအားတွေ မခံစားရပါဘူး"
အစကတည်းက သူ့အနေဖြင့် ချီချန်အန်းကို နတ်ဆိုးတစ်ကောင်လို့ ထင်ထားတာကြောင့်များလား... ထိုစိတ်ကူးရဲ့ အစမှတ်ဟာ မြင့်မားလွန်းတာကြောင့် နောက်ပိုင်းတွင် ချီချန်အန်း၏ မိသားစုက အင်မတန်ချမ်းသာကြောင်း ခန့်မှန်းမိသွားရတာတောင် သူက သိပ်တုန်လှုပ်ခြင်းမရှိပေ။
"ဘာပဲဖြစ်ဖြစ်၊ သူ့ပိုက်ဆံကို ကျွန်တော် လောဘမတက်ပါဘူး သူဆင်းရဲသားဖြစ်နေရင်တောင် ကျွန်တော် သူ့ကို ချစ်နေတုန်းပဲ ဖြစ်နိုင်ရင် ကျွန်တော် သူ့ကို စောင့်ရှောက်ပြီး ပံ့ပိုးပေးဦးမှာ ဘယ်လောက်ကောင်းလိုက်လဲ"
ကျန်းသုန့် : "... "
တကယ် ရည်မှန်းချက်ကြီးတာပဲ...
ရွှီလော့ယန်က ရှုပ်ထွေးနေသောအမူအရာဖြင့် သက်ပြင်းချလိုက်ပြီး
"ကျန်းကော၊ အချိန်ကျရင် ချန်အန်းရဲ့အစ်ကိုကြီးက သူ့ညီလေးကိုထားခဲ့ဖို့ ကျွန်တော်ကို သန်း 100တန်ချက်လက်မှတ် ပေးပြီး ပြောမှာလားဟင်"
ကျန်းသုန့်က ဆွံ့အသွားရသည်။သို့သော် သူ့အနေနဲ့ ရွှီလော့ယန်က စိတ်ပူနေမှန်းသိသည့်အတွက် "မပြောပါဘူး" ဟု ပြန်ဖြေလိုက်သည်။
"တကယ်လား"
"အင်း၊ သူက မင်းကို ချက်လက်မှတ် အလွတ်တစ်ခုကိုပေးပြီး မင်းစိတ်ကြိုက် နံပါတ်တွေဖြည့်ခွင့်ပေးလောက်တယ်"
"..."
သူ့ရဲ့ဝမ်းနည်းတဲ့အမူအရာကိုမြင်တော့ ကျန်းသုန့်က ရယ်မောလိုက်ပြီး
"ချီချန်ယင်းက အသက်ဆယ့်ရှစ်နှစ်ကတည်းက မိသားစုစီးပွားရေးကို အမွေဆက်ခံခဲ့ပြီးတော့၊ အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်နေခဲ့တာ... လွန်ခဲ့တဲ့နှစ်အနည်းငယ်က ထိပ်တန်းဘဏ္ဍာရေးမဂ္ဂဇင်းတစ်စောင်မှာ ထုတ်ဝေခဲ့တဲ့ အင်တာဗျူးတစ်ခုကို ငါဖတ်ဖူးတယ် အဲ့ဒါက တစ်ခုတည်းသော သူပါဝင်ခဲ့တဲ့ အင်တာဗျူးပဲ"
ရွှီလော့ယန်က ခေါင်းညိတ်ပြပြီး မျက်လုံးများဖြင့် ကျန်းသုန့်ကို အမြန်ပြောရန် အချက်ပေးတိုက်တွန်းလိုက်သည်။
"သူ့အတွက် ကမ္ဘာမှာ အရေးကြီးဆုံးက ဘာလဲဆိုတဲ့ မေးခွန်းတစ်ခုရှိတယ် သူ့အဖြေက သူ့ညီလေးတဲ့"
နောက်ဆုံးမှာ ပြန်လည်အသိဝင်လာခဲ့သည့် လုတိက "ဒါက... အဆုံးစွန်သော bro-con ကြီးမဟုတ်ဘူးလား"
ကျန်းသုန့်က လေးနက်တဲ့အမူအရာနှင့် ခေါင်းညိတ်ပြပြီး "ဒီတော့ လော့ယန်၊ မင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမယ် ချီချန်ယင်းရဲ့ မျက်လုံးထဲမှာ မင်းက သူ့မိသားစုရဲ့ အရည်ရွှမ်းတဲ့ ဂေါ်ဖီထုပ်လေးကို ခိုးသွားတဲ့ဝက်ပဲ ဖြစ်နေမှာ"
မကြာခင်မှာပင်၊ Flanders ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနား ကျင်းပတဲ့နေ့သို့ ရောက်ရှိလာလေသည်။
ရွီလော့ယန်က Stu ၏ အကန့်အသတ်ဖြင့်ထုတ်ထားသည့်အသုံးအဆောင်နှင့်၊ အဝတ်အစားတို့ကို ခေါင်းစခြေဆုံး ၀တ်ဆင်ထားသည်။ သူ့ရဲ့ အနက်ရောင် အင်္ကျီရှည်၏ နောက်ကျောတွင် ပွင့်လန်းနေသော အိုင်းရစ်ပန်းတစ်ပွင့်ကို အနက်ရောင် ချည်မျှင်ဖြင့် ချုပ်လုပ်ထားကာ၊ မီးအလင်းရောင်အောက်တွင် တဖြတ်ဖြတ်တောက်ပနေသည်။ နက်ကတိုင်ညှပ်နှင့် လက်ကြယ်သီးများကလည်း အလွန်လက်ရာမြောက်သည့် အိုင်းရစ်ပန်းပွင့်ပုံသဏ္ဍာန်ဖြစ်နေ၏။
————
ရွှီနျောင်နျောင်ရဲ့ ခံစားချက်သေးသေးလေး:
ရွှတ်၊ရွှတ်၊ရွှတ်၊ မှတ်ထား....လိမ္မော်သီးတွေက တကယ်စားလို့မကောင်းဘူး။
_
T/N-စားလို့ကောင်းပါတယ်ဟယ် ချိုချိုချဥ်ချဥ်လေး အိုက်စ်!
Translated By IQ-Team.