Chapter 263
ကျိယွီရှောင်နှင့်လင်းလော့ချင်းက ထိုအကြောင်းကို ပြောပြီးနောက်တွင် အိပ်ရာမှအတူတူ ထလိုက်ကြသည်။
သူက ဘယ်လိုလက်စားချေခဲ့သည်ကို အတိအကျမပြောခဲ့သလို လင်းလော့ချင်းကလည်း မမေးခဲ့ပေ။
ထို့နောက် ကျိယွီရှောင်က မတ်တပ်ရပ်လိုက်ပြီး သူ့ကို စိုက်ကြည့်နေသောကြောင့် လင်းလော့ချင်း ကြောင်အသွားလေသည်။
"မင်း ဘာလုပ်နေတာလဲ..."
"မင်းကို ပွေ့ချီမလို့..."
လင်းလော့ချင်းက တစ်ခဏခန့် အံ့အားသင့်သွားလေသည်။ သို့သော် ကျိယွီရှောင်က ဝှီးချဲလ်ပေါ်တွင် ထိုင်နေရသည်မှာ ကြာပြီဖြစ်သောကြောင့် ထိုကဲ့သို့သောစိတ်ဆန္ဒရှိမျိုး ရှိနေသည်မှာ သဘာ၀ကျလေသည်။
ထို့ကြောင့် လင်းလော့ချင်းက ကူရာမဲ့စွာဖြင့် ကျိယွီရှောင်က ရေချိုးခန်းထဲသို့ ပွေ့ချီသွားပေးသည်ကို လက်ခံလိုက်ရလေသည်။
သူတို့ အတူတူရေချိုးပြီးနောက် အောက်ထပ်သို့ဆင်းကာ မနက်စာနှင့်နေ့လည်စာကို ပေါင်းစားလိုက်ကြသည်။
လင်းလော့ချင်းက အိမ်တွင် အကြာကြီး မနေနိုင်သည့်အတွက် လင်းဖေး၊ ကျိလဲ့ယွီတို့နှင့် အချိန်ပိုဖြုန်းရန် စီစဉ်ထားခဲ့သော်လည်း ကျိယွီရှောင်က သူ့ကို ပြောလာလေသည်။
"မင်း အစ်ကို့ကို ကိုယ်နဲ့အတူတူသွားတွေ့ချင်လား..."
လင်းလော့ချင်းက ကျိယွီရှောင် ထိုသို့ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူက ကျိယွီလင်းနှင့်တရား၀င် မတွေ့ဆုံရသေးချေ။
နှစ်သစ်ကူးက သွားတွေ့ခဲ့ဖူးသော်လည်း ကျိယွီရှောင်၏စိတ်အခြေအနေကြောင့်သာ သွားတွေ့ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်သွားတွေ့စဉ်ကလည်း ကျိယွီရှောင်ကြောင့် သူက ကျိယွီလင်းကို ဂရုမစိုက်မိပေ။
ထို့ကြောင့် ဤကား ပထမဆုံးအကြိမ် တရား၀င်တွေ့ဆုံခြင်းဖြစ်လေသည်။
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်၏။
"တွေ့ချင်တာပေါ့..."
"ဒါဆို ခဏနေ သွားကြမယ်..."
"အွန်း..."
ထို့နောက် လင်းလော့ချင်း ဗီရိုထဲမှ အ၀တ်အစားများကို ရွေးလိုက်လေသည်။
ကျိယွီရှောင်ရဲ့အချစ်ရဆုံးအစ်ကိုနဲ့သွားတွေ့ရမှာဆိုတော့ သေချာလုပ်ဖို့လိုတယ်...
ကျိယွီရှောင် လင်းလော့ချင်းက အနက်ရောင်အ၀တ်အစားများစွာ ထုတ်ထားသည်ကို မြင်သောအခါ ပြောလိုက်သည်။
"အနက်ရောင်၀တ်ဖို့ မလိုပါဘူး...တောက်ပတာလေးတွေ ၀တ်..."
"အာ...အဲ့လို လုပ်လို့ရလို့လား..."
လင်းလော့ချင်းက ကျိယွီရှောင်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
ကျိယွီရှောင် ခေါင်းငြိမ့်လိုက်၏။
"ရတာပေါ့...မင်း အရင်ရွေးနှင့်...ငါ ရှောင်ယွီတို့နဲ့သွားပြောလိုက်ဦးမယ်...ငါ ဖေးဖေးကိုလည်း ခေါ်သွားမှာလေ...သူ့က ငါ့ကို ဒယ်ဒီလို့ခေါ်တော့ ငါ့အစ်ကိုကလည်း ရှုရှုပဲ မဟုတ်လား..."
"အွန်း..."
လင်းလော့ချင်းက ပြန်တုံ့ပြန်လိုက်သည်။
ထို့နောက် ကျိယွီရှောင်က ကျိလဲ့ယွီ၏အခန်းဆီ သွားလိုက်ပြီး ကျိလဲ့ယွီကို ထိုအကြောင်း ပြောပြလိုက်သောအခါ ကျိလဲ့ယွီကလည်း လျင်မြန်စွာ သဘောတူလိုက်လေသည်။
သူက ကျိလဲ့ယွီ၏ခေါင်းကို ပွတ်သပ်ပေးလိုက်ကာ ပါးကို နမ်းလိုက်ပြီး ဆက်ပြောလိုက်သည်။
"ဒယ်ဒီ သားကိုကိုကိုလည်း သွားပြောလိုက်ဦးမယ်...ကိုကိုလည်း လိုက်ရမှာလေ..."
ကျိလဲ့ယွီက အနည်းငယ် အံ့အားသင့်သွားလေသည်။
"ကိုကိုရော ပါမှာလား..."
"ပါတာပေါ့...သူက သားအစ်ကိုဖြစ်ပြီး ဒယ်ဒီရဲ့သားပဲလေ...သူလည်း လိုက်သင့်တာပေါ့..."
''ဟုတ်..."
ကျိလဲ့ယွီက ထိုကိစ္စအပေါ် ထင်မြင်ချက် မရှိခဲ့ချေ။
ထို့နောက် ကျိယွီရှောင်က ထွက်သွားလိုက်ပြီး ကျိယွီရှောင် ထွက်သွားသည်ကို မြင်သောအခါ ကျိလဲ့ယွီက အံဆွဲထဲမှ ဓာတ်ပုံအယ်လ်ဘမ်ကို ထုတ်လိုက်သည်။
အယ်လ်ဘမ်ထဲတွင် သူမွေးခါစမှ အသက်ငါးနှစ်အထိ ဓာတ်ပုံများရှိပြီး သူ့အမေက ထိုအပေါ်တွင် မှတ်စုများ ရေးထားလေသည်။
[ရှောင်ယွီမွေးလာပြီ...ယွီလင်းက ယောကျာ်းလေး ဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် သူတို့ကို လဲ့ယွီလို့ခေါ်မယ်လို့ပြောတယ်...'ငါးက ဘယ်လိုလုပ်ပျော်ရွှင်မှုကို သိနိုင်မှာလဲ'လို့ ပြောတော့ သူက ပြန်ဖြေတယ်...ကလေးက ဘာပဲဖြစ်ဖြစ် ပျော်ရွှင်နေဖို့ကို မျှော်လင့်တယ်တဲ့...အဲ့တော့ရှောင်ယွီ အမြဲ ပျော်ရွှင်နေပါစေနော်...]
(Le-ပျော်ရွှင်သော/Yu-ငါး)
[ဒီနေ့က ရှောင်ယွီ တစ်လပြည့်တဲ့နေ့...ရှောင်ယွီက အရမ်းချစ်ဖို့ကောင်းတာပဲ...မားမား သားကို အရမ်းချစ်တယ်... 】
[ရှောင်ယွီ ရက်၁၀၀ပြည့်ပြီ...မားမား သားလေးက ပိုပိုချောလာတာပဲ ဟားဟား...】
[ရှောင်ယွီ တစ်နှစ်ပြည့်ပြီ...ရှောင်ယွီက တက်ကြွတဲ့ငါးလေးပဲ...】
[ရှောင်ယွီ နှစ်နှစ်ပြည့်ပြီ...ယွီလင်းက ပြောတယ်...ရှောင်ယွီက သူနဲ့တူတယ်တဲ့...ရှောင်ရှောင်ကတော့သူနဲ့တူတယ်ပြောပြန်ရော...ဒါပေမဲ့ မားကတော့ သားကို သားဒယ်ဒီနဲ့တူစေချင်တယ်...သူနဲ့သာတူရင်သားက သားဒယ်ဒီလို အရမ်းချောတဲ့သူတစ်ယောက်အဖြစ် ကြီးပြင်းလာမှာပဲ...]
[ရှောင်ယွီ သုံးနှစ်ပြည့်...ဓာတ်ပုံဆရာက ဓာတ်ပုံရိုက်တော့ ရှောင်ယွီကို အရမ်းကြည့်ကောင်းတယ်တဲ့...မားကတော့ သားကို မိန်းကလေးနဲ့တူတယ်လို့ပဲ တွေးနေတာ ဟားဟား...]
[ဒီနေ့ ရှောင်ယွီက စကတ်လေး၀တ်ထားတယ်...အရမ်းလှတာပဲ...ဒါက ယွီလင်းရဲ့အကြံလေ...】
【ဒီနေ့ ရှောင်ယွီရဲ့မွေးနေ့...မူကြိုဆရာမကပြောတယ်....ကလေးတွေက ရှောင်ယွီကို အရမ်းသဘောကျကြတယ်တဲ့...ရှောင်ယွီက အရမ်းချစ်စရာကောင်းတာကို... မကြိုက်တဲ့သူ ရှိမှာ မဟုတ်ဘူး...]
ကျိလဲ့ယွီက သူ့အမေရေးခဲ့သည့် စာများကို လက်ညှိုးဖြင့် ဖွဖွပွတ်သပ်လိုက်လေသည်။
အမှန်တွင် သူက ဓာတ်ပုံအယ်လ်ဘမ်ကို မကြာခဏထုတ်မကြည့်ဖြစ်ပေ။ မကြာခဏထုတ်ကြည့်နေလျှင် မကြာခဏ၀မ်းနည်းရမည်ဖြစ်သည်။
သူက သူ့မိဘများ၏အုတ်ဂူသို့ သွားလည်ချင်သော်ငြားလည်း ကျိယွီရှောင်၏စာဖတ်ခန်းတံခါးရှေ့ရောက်တိုင်း ကျိယွီရှောင်၀မ်းနည်းသွားမည်ကို စိုးရိမ်၍ ပြန်ပြန်လှည့်လာရလေသည်။
ထို့ကြောင့် ဓာတ်ပုံများဖြင့်သာ သူ့မိဘများနှင့် စကားပြောနေရသည်။
သူက သူ့မိဘများနှင့် မတွေ့ရသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သည်။
ထို့နောက် သူက ခေါင်းငုံ့ကာ သူ့မိဘများ၏ဓာတ်ပုံကို နမ်းလိုက်လေသည်။
*****
လင်းဖေးက ကျိယွီရှောင်၏စကားကို ကြားသောအခါ သဘောတူလိုက်သည်။
"သား သူ့ကို တွေ့ရင် ရှုရှုလို့ ခေါ်လို့ရတယ်...သူဒီမှာ မရှိတာ ၀မ်းနည်းစရာပဲ...ရှိရင် ရှုရှုယွီလင်းက သားကို အရမ်းချစ်မှာ သေချာတယ်..."
"ဟုတ်ကဲ့..."
ကျိယွီရှောင် ကလေးနှစ်ယောက်ကို ပြောပြီးသွားချိန်တွင် လင်းလော့ချင်းကလည်း အ၀တ်အစားလဲပြီးသွားပြီဖြစ်သည်။ သူက တောက်ပသောအရောင်များကို ၀တ်မည့်အစား ရှပ်အင်္ကျီ အဖြူရောင်နှင့်ဂျင်းဘောင်းဘီကို ၀တ်ဆင်ထားပြီး သူ့ကြည့်ရသည်မှာ အလွန် သန့်ရှင်းသပ်ရပ်နေ၏။
ကလေးများက လူကြီးမဟုတ်သည့်အတွက် စည်းမျဉ်းများစွာကို ဂရုစိုက်စရာမလိုသောကြောင့် ပုံမှန်အချိန်၀တ်သည့်အ၀တ်များကိုသာ ၀တ်ဆင်ထားခဲ့လေသည်။
ထို့နောက် လေးယောက်သား ကားဖြင့် သုသာန်သို့ ထွက်လာခဲ့ကြသည်။
ဤကား လင်းလော့ချင်းက ကျိယွီလင်းနှင့်တတိယအကြိမ်တွေ့ဆုံခြင်းဖြစ်သည်။ သူက ခြေလှမ်းများစွာ လျှောက်ခဲ့ပြီး နောက်ဆုံးတွင် ကျိယွီရှောင်နှင့်တူသော်လည်း အနည်းငယ် ပိုသိမ်မွေ့သည့်အမျိုးသားတစ်ဦး၏အုတ်ဂူရှေ့တွင် ရပ်သွားလေသည်။
ထို့နောက် ကျိယွီရှောင်က သူ စိတ်ကူးထားအတိုင်း ပြန်မိတ်ဆက်ပေးလိုက်သည်။
"အစ်ကို ဒါက ကျွန်တော် ချစ်ရတဲ့သူ...သူ့နာမည်က လင်းလော့ချင်း...ကျွန်တော်တို့ လက်ထပ်ပြီးပြီ...မင်္ဂလာပွဲကျရင်တော့ ကျွန်တော် အစ်ကို့ကို အရက်တိုက်မယ်..."
လင်းလော့ချင်းက အနည်းငယ် ရှက်ရွံ့သွားပြီး ပြောလိုက်၏။
"မင်္ဂလာပါ အစ်ကို...ကျွန်တော်က လင်းလော့ချင်းပါ...အနာဂတ်မှာ ယွီရှောင်နဲ့ရှောင်ယွီကို သေချာဂရုစိုက်ပေးမှာပါ...ကျွန်တော် ကတိပေးပါတယ်..."
ကျိယွီရှောင်က ကျိယွီလင်းနှင့်မိတ်ဆက်ပေးပြီးနောက် လင်းလော့ချင်းနှင့်လင်းဖေးကို ဘေးသို့ဆွဲကာ နောက်ဆုတ်လိုက်ပြီး ကျိလဲ့ယွီအတွက် အချိန်သီးသန့်ပေးလိုက်လေသည်။
ကျိလဲ့ယွီက ကျိယွီလင်း၏အုတ်ဂူရှေ့တွင် ရပ်ကာ မျက်လုံးများက စိုစွတ်လာလေသည်။
"ဒယ်ဒီ..."
"မာမီ..."
လေညှင်းတစ်ရှိုက်တွင် ကျိလဲ့ယွီ၏မျက်ရည်များကလည်း ပါးပြင်ထက်သို့ ဆင်းသက်လာရသည်။
"ရှုရှု ပြန်ကောင်းသွားပြီ...အခု မတ်တပ်ရပ်ပြီး လမ်းလျှောက်နိုင်ပြီ...လက်လည်း လက်ထပ်ပြီးသွားပြီ...အားရီက သားအပေါ်အရမ်းကောင်းတယ်...ရှုရှုကိုလည်း အရမ်းချစ်တယ်...မစိုးရိမ်ပါနဲ့..."
"သားမှာ အစ်ကိုတစ်ယောက်လည်းရှိတယ်...သူက စကားသိပ်မပြောပေမဲ့ သားကိုချော့ပေးတယ်...သားလျှို့ဝှက်ချက်တွေကိုလည်း ထိန်းသိမ်းပေးတယ်...အိမ်စာတွေလည်း ကူလုပ်ပေးတယ်...သားနောက်ဆုံးစာမေးပွဲမှာ ဒုတိယတောင်ရသေး...ပထမကတော့ သားအစ်ကိုပေါ့...အားရီကပြောတယ်...သားရတဲ့ ဆုလက်မှတ်ကို နံရံပေါ် ချိတ်ထားသင့်တယ်တဲ့..."
"သား ကျောင်းပြောင်းလိုက်ပြီ မား...ပြီးတော့ ကျောင်းပြန်ဖွင့်ရင် ဒုတိယတန်းတက်တော့မှာ...သားက အတန်းထဲမှာ အငယ်ဆုံးပေမဲ့ ဉာဏ်အရမ်းကောင်းတာ...မားသာရှိရင် မိဘဆရာတွေ့ဆုံပွဲတွေသွားပြီး သားကို ဂုဏ်ယူနေရမှာ..."
ကျိလဲ့ယွီ၏မျက်ရည်များက အထိန်းအကွပ်မဲ့စွာ ကျဆင်းလာလေသည်။
"သား မားကို အရမ်းလွမ်းတယ်...ဒယ်ဒီကိုလည်း အရမ်းလွမ်းတယ်..."
သူက ကျိယွီရှောင်၀မ်းနည်းသွားမည်ကို စိုးရိမ်သောကြောင့် အချိန်အတော်ကြာအောင် မငိုခဲ့ပေ။
"သား အိမ်ပြန်ရောက်မှပဲ ဆက်ငိုတော့မယ်..."
ကျိယွီလင်း၏မျက်လုံးများက ချစ်ခြင်းမေတ္တာများနှင့် ပြည့်နှက်နေပြီး ချန်ဝေ့မျက်နှာကလည်းတောက်ပနေခဲ့လေသည်။
ကျိလဲ့ယွီက ပြုံးကာ ပြောလိုက်သည်။
"ဒါဆို သားသွားတော့မယ်...နောက်မှ ထပ်လာတွေ့မယ်နော်..."
ထို့နောက် အုတ်ဂူထက်မှဓာတ်ပုံကို ငုံ့နမ်းလိုက်ပြီး ကျိယွီရှောင်နှင့်လင်းလော့ချင်းထံ လျှောက်သွားလိုက်သည်။
လေပြေညှင်းများက ဆက်လက်တိုက်ခတ်နေဆဲဖြစ်ပြီး အနာဂတ်သည်လည်း ဆက်လက်သွားရဦးမည်ဖြစ်သည်။
လင်းလော့ချင်းက ကျိလဲ့ယွီမျက်လုံးများ နီရဲနေသည်ကို သတိပြုမိသွားပြီး ကျိလဲ့ယွီ၏ခေါင်းလေးကို ထိကာ နှစ်သိမ့်ပေးလိုက်လေသည်။
ထို့နောက် ကျိယွီရှောင်က ကျိလဲ့ယွီလက်ကို ဆွဲလိုက်ပြီး လေးယောက်သားအတူတူ နွေးထွေးစွာ အိမ်ပြန်လိုက်ကြသည်။
လင်းလော့ချင်း၏အားလပ်ရက်က အလွန်တိုတောင်းလေသည်။ မကြာမီပင် အလုပ်သို့ ပြန်သွားရတော့မည်ဖြစ်၏။
ကျိလဲ့ယွီက လင်းလော့ချင်း ပြန်လာမည့်ရက်ကို မေးလိုက်သည်။
"လ၀က်လောက်တော့ ကြာမှာပေါ့...သား နွေရာသီ အိမ်စာတွေ မပြီးခင်မှာ ပြန်လာမှာလေ..."
ကျိလဲ့ယွီ :'အဲ့ဒါဆို ဒီညအိမ်စာတွေ အကုန်ပြီးအောင်ရေးလိုက်မယ်...ဒါဆို ပါးပါးသွားစရာလိုတော့မှာ မဟုတ်ဘူး...'
ထို့စကားကို ကြားသောအခါ ကျိယွီရှောင်သည် လင်းလော့ချင်း၏ရိုက်ကူးရေးသို့ သွားမလည်ရသေးသည်ကို သတိရသွားလေသည်။
သောကြာနေ့သွားပြီး တနင်္ဂနွေနေ့ ပြန်လာလို့ရတယ်...
အဲ့တော့ စီစဉ်စရာရှိတာတွေ စီစဉ်ရဦးမယ်...
******
ကျိမူက ဗီဒီယိုအစည်းအဝေးတွင် တွန့်ဆုတ်စွာ မေးလိုက်သည်။
"ဦးလေး ဘာဖြစ်သွားတာလဲ..."
"မင်းနဲ့မဆိုင်ဘူး..."
ကျိယွီရှောင်က ကျိကျန်းဟုန်၏ကိစ္စကို ကျိမိသားစုအား မသိစေချင်ပေ။ အကြောင်းရင်းမှာ ကျိလဲ့ယွီကြောင့်ဖြစ်ပြီး ကျိလဲ့ယွီက ထိုကိစ္စများအား သိသွားမည်ကို ကြောက်ရွံ့မိလေသည်။
ကံကောင်းစွာနှင့် အဖေကျိကို အိမ်မှတစ်ဆင့်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီရှိ လူများက မသိလိုက်ကြပေ။ ကျိမိသားစု၀င် အနည်းအကျဉ်းသာ ထိုကိစ္စကို သိကြလေသည်။
ကျိယွီရှောင်က မျက်ခုံးအလယ်ကို ဖိလိုက်၏။
သူ့အဖေနဲ့ ထပ်သွားတွေ့ရဦးမယ်...
ဒီတစ်ခါတော့ လင်းလော့ချင်းကိုပါ ခေါ်သွားရမှာပေ့ါ...
"ငါပါ လိုက်ရမှာလား..."
လင်းလော့ချင်းက အံ့အားသင့်စွာ မေးလိုက်သည်။
"သေချာတာပေါ့..."
ကျိယွီရှောင် ပြောလိုက်သည်၊၊
"ဒါဆို သွားမယ်လေ..."
ထို့နောက် ကားဖြင့် ဆေးရုံသို့ အတူသွားလိုက်ပြီး ကားပေါ်မှ ဆင်းသောအခါ ကျိယွီရှောင်က ဝှီးချဲလ်ပေါ်တွင် ထိုင်လိုက်လေသည်။
လင်းလော့ချင်း :"..."
ဝှီးချဲလ်ကို အရမ်းသဘောကျနေတာလား...
ကျိကျန်းဟုန်၏မျက်နှာက မကောင်းပေ။ သူက သားဖြစ်သူ၏ပြန်ကိုက်ခြင်းကို ခံရသောကြောင့် ဒေါသထွက်နေလေသည်။
ထိုစဉ် လင်းလော့ချင်းက ကျိယွီရှောင်ကို တွန်းကာ ၀င်လာသည်ကို မြင်သောအခါ ကျိကျန်းဟုန်၏မျက်လုံးများက တောက်ပသွားသည်။
"ယွီရှောင် အဖေ့ဆီလာတာလား..."