အပိုင်း ၂၆၆
Viewers 87k

Chapter 266




ကျိယွီရှောင်က ဒရိုင်ဘာကို လင်းလော့ချင်း တည်းသည့်‌ဟိုတယ်သို့ ဦးစွာ ပို့ခိုင်းလိုက်ပြီးမှ အတွင်းရေးမှူး ဘိုကင်တင်ထားသော ဟိုတယ်သို့ ပို့ခိုင်းလိုက်လေသည်။


လင်းလော့ချင်း ကားပေါ်မှ ဆင်းလာသည်ကိုမြင်သည်နှင့် ဝူရှင်းယွမ်က ဒရိုင်ဘာကို ကားရပ်ခိုင်းလိုက်သည်။ ထို့နောက် လင်းလော့ချင်းက လက်‌ထောက်၊ သက်တော်စောင့်များနှင့်အတူ ဟိုတယ်ထဲသို့ ၀င်သွားလိုက်လေသည်။


လင်းလော့ချင်းက ရက်အနည်းငယ်ခန့် နားပြီးမှ ပြန်ရောက်လာခြင်းဖြစ်သည့်အတွက် ဒါရိုက်တာက လင်းလော့ချင်း မုဒ်မသွင်းနိုင်မှာကို စိုးရိမ်သောကြောင့် လင်းလော့ချင်း၏ဇာတ်၀င်ခန်းကို မနက်ဖြန်မနက်မှ ရိုက်ကူးရန် စီစဉ်ခဲ့သည်။


အမှန်တွင် လင်းလော့ချင်းက ယင်းကို မစိုးရိမ်ပေ။ သူက ဇာတ်ညွှန်းတစ်ခုလုံးကို မှတ်မိပြီးသားဖြစ်ပြီး မနက်ဖြန်မနက်သို့ ရောက်သောအခါ ဇာတ်ညွှန်းကို တစ်ချက် ပြန်စဉ်းစားလိုက်လေသည်။


၀မ်ကျစ်မင်က ယင်းကို မြင်သောအခါ လင်းလော့ချင်းကို သွားနှုတ်ဆက်လိုက်ပြီး မေးလိုက်သည်။


"အနားယူရတာ ဘယ်လိုလဲ...မင်းမိသားစုကိစ္စကို‌ရော ဖြေရှင်းပြီးပြီလား..."


"ဖြေရှင်းပြီးပါပြီ...ဆရာ၀မ်ရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်..."


"အဲ့လောက် ယဉ်ကျေးနေစရာ မလိုပါဘူး..."


၀မ်ကျစ်မင်က ပြုံးကာ ပြောလိုက်သည်။


"မင်း ပြန်လာပြီဆိုတော့လည်း အတူတူ လေ့ကျင့်ကြရအောင်..."


"ဟုတ်ကဲ့..."


လင်းလော့ချင်းက သဘောတူလိုက်သည်။ သူက ဇာတ်ညွှန်းကို ရိုက်ကွင်းသို့ ယူမလာမိသော်လည်း ဖူရှီ၏ဒိုင်ယာလော့များကို မှတ်မိပြီး ပြန်သွားယူစရာ မလိုပေ။


၀မ်ကျစ်မင်က လင်းလော့ချင်းတွင် ဇာတ်ညွှန်း မရှိသည်ကို မြင်ပြီး ဒိုင်ယာလော့များကိုပိုမိုအာရုံစိုက်ကာ ပြောခဲ့သော်လည်း လင်းလော့ချင်းကမူ အပြစ်ပြောစရာ မရှိအောင် ပြောနိုင်နေလေသည်။


လင်းလော့ချင်း၏အလုပ်အပေါ်ထားသည့် သဘောထားကို မကြည့်လျှင်ပင် လင်းလော့ချင်း၏သရုင်ဆောင်စွမ်းရည်က ရွယ်တူများထဲတွင် အကောင်း‌ဆုံးဖြစ်လေသည်။


အသက်အရွယ်၊ ကျော်ကြားမှု၊ စွမ်းရည်နှင့်စိတ်ထားကို ကြည့်လျှင် လင်းလော့ချင်းက အနာဂတ်တွင် ‌ပို‌‌‌ေ၀းဝေးသွားနိုင်လိမ့်မည်။


ဒါရိုက်တာလီက သူတို့နှစ်ယောက်လေ့ကျင့်နေကြသည်ကို အဝေးမှ ကြည့်နေပြီး လေ့ကျင့်၍ ပြီးသွားသည့်အခါမှသာ ရိုက်ကူးရေးစရန် ခေါ်လိုက်သည်။


လင်းလော့ချင်းက ၀မ်ကျစ်မင်နှင့်အတူ ဒါရိုက်တာလီထံသို့ လျှောက်သွားလိုက်လေသည်။


ဒါရိုက်တာလီက လိုချင်သည့်ပုံစံကို ပြောပြီးနောက် ရိုက်ကူးရေးစလိုက်သည်။ 


သူတို့က လုပ်ဖော်ကိုင်ဖက် ဖြစ်နေသည်မှာ နှစ်လခန့်ရှိပြီဖြစ်‌သောကြောင့် အချင်းချင်း၏ သရုပ်ဆောင်မှုနည်းလမ်းများကို နားလည်ကြပြီး နှစ်ကြိမ်သာ NGထိခဲ့ကာ ချောချောမွေ့‌မွေ့ ပြီးသွား၏။


"တော်တယ် ရှောင်လင်း...ငါ အနားယူလိုက်ရင်တောင်မှ ငါ့ရဲ့သရုပ်ဆောင်စွမ်းရည်တွေကို ဆုံးရှုံးမှာ မဟုတ်ဘူး..."


လင်းလော့ချင်းက ဒါရိုက်တာလီ၏အကြိုက်ကို နားလည်နေပြီး ဖြစ်သောကြောင့် အေးစက်စွာ ပြန်ဖြေလိုက်သည်။


"ဟုတ်ကဲ့..."


ဒါရိုက်တာလီ :'အိုကေ...ဖူရှီက ပြောင်းလဲသွားပြီ...အရင်လို နောက်လို့ မရတော့ဘူး...'


ဒါရိုက်တာလီ သက်ပြင်းချလိုက်သည်။


အရင်က လွယ်လွယ် လှည့်စားခံရတဲ့ လင်းလော့ချင်းကို လွမ်းလိုက်တာ...


လင်းလော့ချင်းက ဖူရှီ၏အေးစက်မှုကို ထိန်းသိမ်းထားကာ အနားယူသည့်နေရာသို့ လျှောက်သွားလိုက်သည်။


ဤနေ့က လင်းလော့ချင်း အလုပ်ပြန်လုပ်သည့် ပထမဆုံးနေ့ဖြစ်သည့်အတွက် ကလေးနှစ်ယောက်နှင့် သွားလည်လျှင် လင်းလော့ချင်းအာရုံထွေပြားသွားမည်ကို စိုးရိမ်သောကြောင့် ကျိယွီရှောင်က ကလေးနှစ်ယောက်ကိုခေါ်ကာ ကုန်တိုက်သို့သွားလိုက်သည်။


အရုပ်ကောက်စက်ရှေ့သို့ ရောက်သောအခါ ကျိယွီရှောင်က အရုပ်ကောက်စက်ထဲမှ ချစ်စရာအရုပ်လေးများကို မြင်လိုက်ရပြီး ကလေးနှစ်ယောက်ကို မေးလိုက်သည်။


"မင်းတို့ကြိုက်လား...ကြိုက်ရင် ဒယ်ဒီကောက်ပေးမယ်..."


"ကြိုက်တယ်..."


ကျိလဲ့ယွီက ပြန်ဖြေလိုက်သည်။


လင်းဖေးက ယင်းတို့ကို သိပ်မကြိုက်သော်လည်း ကျိယွီရှောင် သူတို့အတွက် ကောက်ပေးမည်ကိုငြင်းဆန်မှာ မဟုတ်ပေ။


ကလေးနှစ်‌ယောက်က လိုချင်နေသည်ကို မြင်သောအခါ ကျိယွီရှောင်က အကြွေစေ့ သွား၀ယ်လိုက်ပြီး စတင်ကောက်လိုက်သည်။


သူက ဤဂိမ်းတွင် ကစားသမားကောင်းဖြစ်ပြီး မကြာမီပင် ကလေးနှစ်ယောက်အတွက် အရုပ်တစ်ရုပ်စီ ကောက်ပေးလိုက်လေသည်။


ကျိလဲ့ယွီက အံ့ဩသွားသည်။


"ဒယ်ဒီက အရမ်း အံ့ဩစရာ ကောင်းတာပဲ..."


လင်းဖေးလည်း ထိုသို့ ခံစားရလေသည်။


သူက ကျောင်းစတိုးဆိုင်တွင် ငါးမန်းရုပ်လေးကို မကောက်နိုင်ခဲ့ပေ။ ထို့ကြောင့် အိမ်ပြန်ရောက်သောအခါ အရုပ် မည်သို့ကောက်ရမည်ကို ရှာဖွေလေ့လာခဲ့ကာ အကြိမ်များစွာ ကောက်ခဲ့ပြီးမှ နောက်ဆုံးတွင် အရုပ်လေးတစ်ရုပ်ကို ကောက်နိုင်‌ခဲ့လေသည်။


သို့သော် မမျှော်လင့်စွာနှင့် ကျိယွီရှောင်က အလွန် လျင်မြန်စွာ ကောက်နိုင်လေသည်။


ကျိယွီရှောင်က ပြုံးကာ ပြောလိုက်သည်။


"သင်ချင်လား...သင်ချင်ရင် ဒယ်ဒီသင်ပေးမယ်..."


ကျိလဲ့ယွီက ချိုမြိန်စွာ ပြောလိုက်သည်။


"မသင်ချင်ဘူး...ကိုကိုက ကောက်နိုင်တယ်...ကိုကိုက ကောက်ပြီး သားကို ပေးမှာ..."


(နောက်ဆုံးစာမေးပွဲ မဖြေမီ လင်းဖေးသည် အရုပ်ကောက်စက်မှ သိုးရုပ်လေးတစ်ယောက်ကို ကောက်နိုင်ခဲ့ပြီး ဆိုင်ရှင်ကို ပေးခဲ့လေသည်။


"ကျွန်‌တော် ကောက်ခဲ့တာ...အရင်က သဘောတူထားတဲ့အတိုင်း အစ်မကို ပြန်ပေးမယ်..."


ဆိုင်ရှင်မိန်းကလေးက တစ်ခဏခန့် ကြောင်အနေပြီး နောက်မှ ထိုသဘောတူညီချက်ကို ပြန်သတိရသွားလေသည်။


"ဒါဆို ငါ နင့်ကို ပိုက်ဆံပြန်ပေးမယ်...နင်က ငါ့ကို သိုးရုပ်လေးပေးတော့ နင့်ပိုက်ဆံတွေကိုပြန်ပေးမယ်..."


"မလိုပါဘူး...ကျွန်တော်က အဲ့ဒါကို ဝယ်ခဲ့တာပဲ..."


ထို့နောက် သိုးရုပ်လေးကို ကောင်တာပေါ် တင်လိုက်ပြီး ပြောလိုက်သည်။


"ကျေးဇူးတင်ပါတယ်..."


ထို့နောက် ကျိလဲ့ယွီကို ခေါ်ကာ လှည့်ထွက်သွားလိုက်သည်။


ကျိလဲ့ယွီက လင်းဖေးနောက် လိုက်သွားပြီး လင်းဖေးနား ကပ်ကာ ပြောလိုက်၏။


"မမကို ငါးမန်း‌ရုပ်လေးအတွက် ကျေးဇူးတင်လို့တာ အရုပ်ပေးခိုင်းတာနော်...နောက်ဆို ကိုကိုကောက်မိတဲ့အရုပ်တွေကို ဘယ်သူကိုမှ မပေးရဘူးနော်...သားကိုပဲ ပေးလို့ရမယ်...သားအတွက်ပဲ အရုပ်ကောက်ရမယ်..."


လင်းဖေး :"..."


လင်းဖေးက ကျိလဲ့ယွီကို အထင်အမြင်သေးသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။


ကျိလဲ့ယွီက ထိုမျက်လုံးမျိုးနှင့် ကျင့်သားရနေပြီဖြစ်လေသည်။


"တခြားလူတွေအတွက် မကောက်ပေးရဘူးနော်..."


လင်းဖေးက ကျိလဲ့ယွီမျက်နှာလေးကို ညှစ်လိုက်သည်။။ 


ကျိလဲ့ယွီကို အရုပ်ကောက်စက်ထဲ ထည့်ထားပြီး ပြန်ကောက်ရင် ကောင်းမလား...ပြောသာပြောတာ ကျိလဲ့ယွီကလည်း အရုပ်ကလေးနဲ့တူတာပဲ...


သူက ထိုမြင်ကွင်းကိုပြန်တွေးမိသွားပြီး ပြုံးလိုက်မိ၏။)


ကျိယွီရှောင်က ကျိလဲ့ယွီ၏စကားကို ကြားသောအခါ ပြုံးလိုက်သည်။


"မင်းကိုကိုကိုပဲ အားကိုးနေရင် တစ်နေ့ မင်းကိုကိုက မင်းကို ဂရုမစိုက်‌တော့ရင် ဘယ်လိုလုပ်မလဲ..."


ကျိလဲ့ယွီက လက်ထဲမှ အရုပ်လေးကို ပွေ့ဖက်လိုက်ပြီး မေးစေ့ကို ပင့်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။ 


"မဖြစ်နိုင်ဘူး...သားကိုကိုက သားကို အချစ်ဆုံးပဲ..."


ကျိယွီရှောင်က ရယ်‌မောလိုက်ပြီး လင်းဖေးကို ကြည့်လိုက်လေသည်။


လင်းဖေး :"..."


လင်းဖေးက ခေါင်းကို ငုံ့ထားလိုက်သည်။


ကျိယွီရှောင်မျက်နှာပေါ်ရှိ အပြုံးက ပိုမိုနက်ရှိုင်းလာလေသည်။


ထို့နောက် သူက အရုပ်ကောက်စက်ရှေ့ တစ်ဖန်ပြန်သွားလိုက်ပြီး အကြွေစေ့အချို့ ထပ်၀ယ်လိုက်ကာ အရုပ်အသစ်များကို ထပ်မံကောက်လိုက်သည်။


ထိုအခါ ကျိလဲ့ယွီက ခေါင်းရှုပ်သွားလေသည်။


"ဒယ်ဒီ ဘာလို့အရုပ်ကောက်နေသေးတာလဲ...သားတို့မှာ အရုပ်တွေ ရှိနေပြီလေ..."


"မင်းပါးပါးအတွက်လေ..."


ကျိယွီရှောင်က ပြုံးကာ ပြောလိုက်သည်။


"သူ့အတွက် အကြီးဆုံးအရုပ် ကောက်ပေးမှာ..."


"ဝိုး..."


ကျိလဲ့ယွီက စိတ်လှုပ်ရှားသွားပြီး စက်လက်တံအပေါ် အာရုံစိုက်ထားလိုက်သည်။


လင်းဖေးလည်း လင်းလော့ချင်းအတွက် အရုပ်ကောက်ပေးချင်လေသည်။ ဤနေရာတွင် အရုပ်အများကြီး ရှိပြီး လင်းလော့ချင်းကြိုက်လောက်သည့်အရုပ် ရွေးချယ်နိုင်ပေသည်။


ထိုသို့တွေးပြီးနောက် ကျားရုပ်လေးကောက်ရန် ကြည့်လိုက်သောအခါ အရုပ်‌ကောက်စက်ထဲတွင် ကျားရုပ်လေး မရှိပေ။ နဂါးလေးလည်း မရှိပေ။ ရှားစောင်းရုပ်လေးပင် မရှိချေ။ ထို့ကြောင့် သူက ခြင်္သေ့ရုပ်လေးကိုသာ ရွေးချယ်လိုက်ရလေသည်။


အင်း...ကျားနဲ့ခြင်္သေ့က နည်းနည်းနီးစပ်တယ်...


ထို့နောက် အကြွေစေ့နှစ်စေ့ ၀ယ်လိုက်ပြီး ခြင်္သေ့ရုပ်လေးကို စတင်ဖမ်းလိုက်သည်။


ကျိယွီရှောင်က စက်ထဲမှ သူကောက်ရသည့် အရုပ်ကို ယူပြီးသောအခါ လင်း‌ဖေးက အခြားအရုပ်ကောက်စက်တစ်ခုရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။


သူက လင်းဖေးထံ လျှောက်သွားလိုက်ပြီး မေးလိုက်သည်။


"‌ဖေးဖေးရော အရုပ်ကောက်ချင်လို့လား..."


လင်းဖေးက ခေါင်းညိတ်ပြလိုက်ပြီးနောက် တွေးမိသွား၏။


လင်းလော့ချင်းကိုပဲ ပေးပြီး ကျိယွီရှောင်ကို မပေးရင် မကောင်းဘူး...


ပြီးတော့ သူက ကျိယွီရှောင် ကောက်ပေးထားတဲ့အရုပ်ကို ယူထားတာ...


ကျိယွီရှောင်အတွက်လည်း တစ်ရုပ်ကောက်ပေးရမယ်...မဟုတ်ရင် ကျိယွီရှောင်က မနာလိုဖြစ်နေဦးမယ်...


ထိုသို့တွေးပြီးနောက် အကြွေစေ့အချို့ ထပ်ဝယ်လိုက်သည်။


အရုပ်ကောက်စက်များက တစ်ခုနှင့်တစ်ခု မတူညီကြသော်လည်း လုပ်ဆောင်ချက်က အတူတူပင်ဖြစ်လေသည်။ လင်းဖေးက ကြိမ်ဖန်များစွာ လေ့ကျင့်ခဲ့ပြီးဖြစ်သည့်အတွက် မကြာမီပင် ခြင်္သေ့ရုပ်လေးကို ကောက်လိုက်နိုင်လေသည်။


"ဒယ်ဒီ ရော့..."


လင်းဖေးက ‌အရုပ်လေးကို ကျိယွီရှောင်ကို ပေးလိုက်သည်။


ကျိယွီရှောင် အံ့ဩသွားသည်။


"ဒယ်ဒီအတွက်လား..."


သူက လင်းဖေး ကစားနေသည်ဟုသာ ထင်ခဲ့ခြင်းဖြစ်သည်။


လင်းဖေး ခေါင်းငြိမ့်လိုက်သည်။


ကျိယွီရှောင်က လင်းဖေးကို ပွေ့ဖက်လိုက်ပြီး မျက်နှာလေးကို နမ်းရှိုက်လိုက်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။


"ကျေးဇူးတင်ပါတယ် ဖေးဖေး...ဖေးဖေးက အရမ်း ကြင်နာတတ်တာပဲ..."


လင်းဖေး :'ကျိယွီရှောင်ရဲ့ ကျေးဇူးတင်တတ်တဲ့ပြဿနာကို ပြင်လို့မရဘူးပဲ...'


လင်းဖေး သက်ပြင်းချလိုက်သည်။


ထားလိုက်ပါတော့...


သူက မျက်လုံးတစ်ဖက်မှိတ်လိုက်ပြီး ခြင်္သေ့ရုပ်လေးကို ကျိယွီရှောင်လက်ထဲ ထည့်ပေးလိုက်သည်။


ယင်းကို မြင်သောအခါ ကျိယွီရှောင်က အော်ဟစ်ရယ်မောလုမတတ် ဖြစ်သွား၏။


ဖေး‌ဖေးက အရမ်းချစ်ဖို့ကောင်းတာပဲ...မျက်နှာလေးကို ပွတ်သပ်ပေးလိုက်ချင်တယ်...


သို့သော် သူက လင်းလော့ချင်းမဟုတ်သောကြောင့် လင်းဖေးမျက်နှာကို မပွတ်သပ်ရဲခဲ့ပေ။


ထိုအစား မျက်နှာလေးကို ထပ်မံနမ်းလိုက်လေသည်။


လင်းဖေး :"..."


လင်းဖေးက ကျိယွီရှောင်နမ်းပြီးသည်အထိ‌ စောင့်နေလိုက်ပြီး အရုပ်ကောက်စက်ရှေ့ ထပ်မံသွားလိုက်သော လင်းလော့ချင်းအတွက် အရုပ်ဆက်ကောက်လိုက်လေသည်။


နောက်ဆုံးတော့ အားလုံးမှာ တစ်ရုပ်စီ ရှိနေပြီ...


ဘယ်သူမှ မနာလိုမဖြစ်ကြတော့ဘူး...


လင်းဖေးက ကျိယွီရှောင် သူ့ကို ပေးထားသည့်အရုပ်နှင့် လင်းလော့ချင်းကို ပေးမည့်အရုပ်ကို ပွေ့ဖက်ထားကာ ကျေနပ်နေလေသည်။


သားအဖသုံးယောက် အရုပ်ကြီးအရုပ်ငယ်ပိုက်ကာ လျှောက်လာကြပြီး လမ်းတစ်လျှောက်ရှိ ကလေးအများစုက အရုပ်လိုချင်သောကြောင့် ငိုယိုသွားကြလေသည်။


လင်းလော့ချင်းက နာရီကို ကြည့်ပြီးနောက် လင်းလော့ချင်းကို သွားရှာရန် ဆုံးဖြတ်လိုက်သည်။


သူက ကလေးနှစ်ယောက်ကို ပြောလိုက်၏။


"ဒယ်ဒီတို့ ပါးပါးဆီ သွားလည်ကြမယ်...အဲ့ရောက်ရင် လျှောက်မသွားကြနဲ့...ဒယ်ဒီနား ကပ်နေနော်...တခြားလူတွေကိုလည်း သွားမနှောင့်ယှက်နဲ့..."


ကျိလဲ့ယွီက နာခံစွာ ခေါင်းငြိမ့်လိုက်၏။


"ဟုတ်ကဲ့..."


လင်းဖေးက နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်လေသည်။


ကျိယွီရှောင်က ကလေးနှစ်ယောက်အတွက် စိတ်သက်သာရာရသွားပြီး ကားမောင်းကာ လင်းလော့ချင်း၏ရိုက်ကူးရေးနေရာသို့ သွားလိုက်ကြ၏။


***

ထိုအချိန်၌ လင်းလော့ချင်းသည် ၀မ်ကျစ်မင်၊ ဟို့၀မ်ယွီတို့နှင့်အတူရိုက်သည့် ယနေ့အတွက် နောက်ဆုံးဇာတ်၀င်ခန်းပြီးဆုံးသွားပြီဖြစ်သည်။


ရိုက်ကူးရေးက အလွန်အဆင်ပြေပြီး ဒါရိုက်တာလီကလည်း စိတ်ကျနပ်စွာ အော်လိုက်သည်။


"ကဒ်..."


လင်းလော့ချင်းက စိတ်သက်သာရာရသွားပြီး သူ့မျက်နှာပေါ်ရှိ တင်းမာနေသော အာရုံကြောများကို လှုပ်ရှားလိုက်လေသည်။


၀မ်ကျစ်မင်နှင့်ဟို့မင်ယွီတို့၏ဒိုင်ယာလော့များက အလွန်ရယ်စရာကောင်းပြီး သူက မရယမိစေရန် ထိန်းချုပ်ထားရခြင်းဖြစ်သည်။


ထိုအခိုက်အတန့်တွင် လင်းဖေးအကြောင်း သူ တွေးမိလိုက်၏။


တစ်နေ့ကုန် မျက်နှာသေကြီးနဲ့ မပင်ပန်းဘူးလား မသိဘူး...


ထိုသို့တွေးပြီး‌နောက် သူက မလှမ်းမကမ်းတွင် ထိုင်နေသည့် ကျိယွီရှောင်ကို တွေ့လိုက်ရပြီး ကလေးနှစ်ယောက်ကလည်း ကျိယွီရှောင်ဘေးတွင် ထိုင်နေကြလေသည်။


ကျိလဲ့ယွီက လင်းလော့ချင်း သူ့ကို ကြည့်နေသည်ကို မြင်သည်နှင့် လက်ဝှေ့ယမ်းပြလိုက်လေသည်။


လင်းလော့ချင်းက အမြန်လျှောက်သွားလိုက်ပြီး မျက်နှာထက်တွင် အပြုံးတစ်ပွင့် ဖြစ်တည်နေခဲ့၏။


"ကလေးတွေနဲ့ လျှောက်လည်ပြီးပြီလား..."


လင်းလော့ချင်း မေးလိုက်သည်။


ကျိယွီရှောင်က ကလေးများကို ကုန်တိုက်ခေါ်သွားပြီးလျှင် သူ့ထံလာခဲ့မည်ဟု wechatမက်ဆေ့ခ်ျပို့ကာ ပြောထားပြီး လင်းလော့ချင်းကလည်း ထိုအပေါ် ထင်မြင်ချက်မရှိပေ။


ဒါပေမဲ့ နောက်ကျမှ ရောက်လာမယ်လို့ ထင်ခဲ့တာ...


"စားပြီးပြီလား..."


"မစားရသေးဘူး...မင်းလည်း မစားရသေးဘူးထင်လို့ မင်းနဲ့အတူ စားမလို့..."


ကျိယွီရှောင် ပြောလိုက်သည်။


ကျိလဲ့ယွီကလည်း ရယ်မောကာ ပြောလိုက်၏။


"ဟုတ်တယ် ပါးပါး..."


လင်းလော့ချင်း၏မျက်နှာပေါ်ရှိ အပြုံးက ပိုမိုနက်ရှိုင်းလာလေသည်။


"ရိုက်ကူးရေးက အခုမှ ပြီးသွားတာ....ငါ့ကို ခဏစောင့်ဦး...ငါ ဒါရိုက်တာကို သွားပြောလိုက်ဉီးမယ်..."


"ကောင်းပြီ..."


ကျိယွီရှောင် သဘောတူလိုက်သည်။


ထို့နောက် လင်းလော့ချင်းက ဒါရိုက်တာလီထံသို့ သွားလိုက်လေသည်။


သူ့တွင် ညဇာတ်၀င်ခန်း မရှိသည့်အတွက် ဒါရိုက်တာလီက လင်းလော့ချင်းကို ပြန်ခွင့်ပြုလိုက်သည်။


ထို့နောက် လင်းလော့ချင်း၊ ကျိယွီရှောင်နှင့်ကလေးနှစ်ယောက်က ကားပါကင်သို့ သွားလိုက်လေသည်။


ဒါရိုက်တာလီက လင်းလော့ချင်းနှင့်လင်းဖေး၏နောက်ကျောကို ကြည့်ကာ တစ်စုံတစ်ခုကို သတိရသွားလေသည်။


"ကလေးသရုပ်ဆောင် ရွေးဖို့အချိန်ရောက်ပြီမလား...အခု ရိုက်ကူးရေးက တစ်၀က်လောက်ရောက်နေပြီ...မင်း ကလေးသရုပ်ဆောင် ရွေးသင့်ပြီ...သူ အဖွဲ့ထဲရောက်ရင် ငါတို့ သူ့ကို သင်ပေးရမှာတွေက ရှိသေးတယ်...မင်း အကြိုက်ဆုံးကလေးသရုပ်ဆောင်ရှိလား..."


ဒါရိုက်တာလီ၏အမေးကြောင့် လက်ထောက်ဒါရိုက်တာက သူရွေးချယ်ထားသော ကလေးသရုပ်ဆောင်များကို ပြလိုက်သည်။


ဒါရိုက်ဘာလီက ဇီဇာကြောင်စွာ ပြောလိုက်၏။


"ချစ်စရာကောင်းပြီး နူးညံ့နေကြတယ်...ခပ်မိုက်မိုက်ကလေး မရှိဘူးလား..."


လက်ထောက်ဒါရိုက်တာက ကလေးတစ်ယောက်ပုံကို ညွှန်ပြလိုက်သည်။


"သူက မမိုက်ဘူးလား...*


"ဒီကလေးက မှုန်သုန်နေတဲ့မျက်နှာနဲ့ မိမိုက်ချင်ယောင်ဆောင်နေတာ...သဘာ၀မကျဘူး..."


"ဒါဆို ထပ်ရှာကြည့်လိုက်ဦးမယ်..."


လက်ထောက်ဒါရိုက်တာက ပြောလိုက်သည်။


ဒါရိုက်တာလီ ခေါင်းသာညိတ်ပြလိုက်၏။ ဒါရိုက်တာအနေနှင့် သရုပ်ဆောင်ရွေးချယ်မှုကို အလျင်မလိုပေ။‌ နောက်ဆုံးတွင် ကလေးသရုပ်ဆောင်၏ဇာတ်ကွက်က များစွာ မရှိသောကြောင့် သူ လိုချင်သည့်သူကို ရှာမတွေ့လျှင်ပင် သင့်လျော်မည့်သူတစ်ယောက်ကို ရွေးနိုင်ပေသည်။


တစ်ဖက်တွင် ဖူရှီလေးက Box officeအပေါ်သက်ရောက်မည် မဟုတ်သောကြောင့် ဒါရိုက်တာလီက ဖူရှီလေးအပေါ် အလွန်အလေးအနက်ထားခြင်း မဟုတ်ပေ။


"ဖူရှီက လင်းလော့ချင်းရဲ့ငယ်ဘ၀အဖြစ် သရုပ်ဆောင်ရမှာဆိုတော့ လင်းလော့ချင်းနဲ့တူတဲ့ ကလေးသရုပ်ဆောင်တွေ ရှာကြည့်လိုက်...အဲ့ဒါကို ဦးစားပေးအဖြစ် သတ်မှတ်ထား..."


"အင်း..."


လက်‌ထောက်ဒါရိုက်တာက ပြန်ဖြေလိုက်သည်။


လက်‌ထောက်ဒါရိုက်တာက ဤနှစ်ရက်အတွင်း လင်းလော့ချင်း၏ကလေးဗားရှင်းကို ရှာတွေ့နိုင်လိမ့်မည်ဟု မထင်ပေ။ သူက လင်းလော့ချင်းနှင့်တူရန်သာမက မိမိုက်ရန်လည်းလိုလေသည်။ ဖူရှီက အေးစက်ကာ မာနကြီးသည့်ကလေးတစ်ယောက်ဖြစ်၏။


သို့သော် လက်ထောက်ဒါရိုက်တာက ထိုသို့သောကလေးတစ်ယောက်ကို လက်ဆွဲပြီး ဒါရိုက်ဘာလီရှေ့ ခေါ်လာပြချင်လေသည်။


ယခုအချိန်တွင် လက်ထောက်ဒါရိုက်တာ၏ဆန္ဒကို ပြည့်စေမည့်ကလေးက ကားပါကင်တွင် ရောက်နေလေ၏။


လင်းလော့ချင်းက ကားတံခါးကို ဖွင့်လိုက်သောအခါ ကားထိုင်ခုံပေါ်တွင် အရုပ်များစွာ ရှိနေသည်။


ကျိယွီရှောင်က ပြုံးကာ ပြောလိုက်သည်။


"ဒါတွေက ငါနဲ့ဖေးဖေး ကောက်ထားတာ... "


ထို့နောက် သူကောက်ထားသည့်အရုပ်ကို လင်းလော့ချင်းလက်ထဲ ထည့်ပေးလိုက်သည်။


"ဒါက မင်းအတွက်ပဲ..."


ထို့နောက် လင်းလော့ချင်းနား နားကပ်ကာ ပြောလိုက်၏။


"မင်းက ငါ့ရဲ့ကလေးကြီးဆိုတော့ မင်းအတွက် ကောက်ပေးထားတဲ့အရုပ်တွေက ဖေးဖေးနဲ့ရှောင်ယွီထက် များတယ်..."


လင်းလော့ချင်းပြုံးလိုက်ပြီး သူ့နှလုံးသားထဲရှိ ပန်း၀တ်လွှာများက ပွင့်လန်းလာကြလေသည်။


ကျိယွီရှောင်က ချစ်စရာကောင်းပြီး နည်းနည်းကလေးဆန်တယ်...


ကျိယွီရှောင်လည်း ပြုံးလိုက်ပြီး လင်းလော့ချင်း၏ရင်ခွင်ထဲမှ အရုပ်ကို ယူလိုက်ကာ အရုပ်၏ နှုတ်ခမ်းဖြင့် လင်းလော့ချင်း၏မျက်နှာကို နမ်းလိုက်သည်။


ကျိယွီရှောင်က သူ့ကို နမ်းနေသလို ခံစားရတယ်...


လင်းလော့ချင်းက ရှက်ရွံ့သွားပြီး ချက်ချင်း ခေါင်းငုံ့လိုက်ကာ သူ့ရင်ခွင်ထဲ ပြန်ရောက်လာသည့် အရုပ်လေးကို ကြည့်ပြီး မျက်လုံးထဲမှ‌ပျော်ရွှင်မှုများက ထိန်းချုပ်မရစွာ လျှံထွက်နေလေသည်။