Chapter 269
သရုပ်ဆောင်ပိုင်းမှာ အရည်အချင်းကသက်သက် ကြိုးစားမှုကသက်သက်ဖြစ်သည်။တစ်ချို့လူတွေက အလုပ်ကြိုးစားပေမဲ့ တကယ်အရည်အချင်းမရှိကြပေ။ကြိုးကြိုးစားစားလုပ်လျှင်ပင် သက်ရောက်မှုသိပ်မရှိကြပေ။
သို့သော် လင်းဖေးက ကောင်းစွာနားမလည်ခဲ့ပေ။ သူက စာသင်ယူနေကျဖြစ်ပြီး လင်းလော့ချင်းက သူ့ကို ဥပမာတစ်ခုပေးရန်အတွက် သင်ယူမှုကို အသုံးပြုခဲ့သည်။ခက်ခဲသည့်အလုပ်မျိုးကို သူ တစ်ခါမှ မကြုံဖူးပေ။ပထမကတည်းက စာလုံးတွေ မှားမရေးလျှင် အဆင်ပြေမှာ မဟုတ်ဘူးလားဟုသာ သူခံစားရသည်။
အလွန်ရိုးရှင်းသည်။ သူက စာလုံးများကို တစ်ခါမှ မှားမရေးတတ်ပေ။
"ဒါရိုက်တာဆိုတာက ဘာလဲ"
လင်းဖေးက သိလိုစွာမေးသည်။
"ဒါကို ငါဘယ်လိုရှင်းပြရပါ့…"
လင်းလော့ချင်း ခဏလောက်စဉ်းစားလိုက်သည်။
"ဆရာက သားရဲ့လေ့လာမှုကို စီမံခန့်ခွဲပြီး သားကို ဗဟုသုတတွေ သင်ပေးသလိုပဲ ဒါရိုက်တာကလည်း အလားတူပဲ... သူက သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စွမ်းရည်တွေကို စီမံခန့်ခွဲမယ်၊ လမ်းညွှန်ပေးတယ်၊ဘယ်လို သရုပ်ဆောင်သင့်လဲပြောပြတယ်...သရုပ်ဆောင်တာကောင်းလား မကောင်းဘူးလားဆိုတာကို ပြောပြတယ်"
"ဪ"
"ဒါဆို ဖေးဖေး သား ဖူရှီအငယ်လေးနေရာကနေ သရုပ်ဆောင်ချင်သေးလား"
လင်းဖေးက ခေါင်းညိတ်လိုက်သည်။ သူ သူ့ဘာသာသူ ပိုက်ဆံမရှာဖူးသေးသဖြင့် သူ စမ်းကြည့်ချင်သည်။
"ကောင်းပြီ"
လင်းလော့ချင်း အနည်းငယ် စိုးရိမ်နေသော်လည်း ၎င်းက လင်းဖေး လိုချင်သည့်အရာဖြစ်၍ သူ မငြင်းနိုင်ပေ။
ကိစ္စမရှိဘူးဟု သူထင်သည်။မည်သို့ပင်ဖြစ်စေ လင်းဖေး၏ ပင်ကိုယ်စရိုက်က ဖူရှီနှင့် ဆင်တူ၏။သို့ပေမဲ့ သူ့မှာ ကင်မရာကို အာရုံခံမှုနှင့် နေရာယူမှု စွမ်းရည် မရှိပေ။ အဆင်မပြေပါက သူတိတ်တိတ်လေး လင်းဖေးကို အပိုသင်ခန်းစာများ သင်ပေးလိုက်မည်။လင်းဖေးက ဉာဏ်ကောင်းလွန်းသဖြင့် သေချာပေါက် သူဆက်ထိန်းထားနိုင်မည်ဖြစ်သည်။
လင်းဖေး သရုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်ကို ကျိလဲ့ယွီအံ့သြသွားတယ်။ သူတကယ်လုပ်ချင်နေတာလား...
"သရုပ်ဆောင်တတ်လို့လား"
သူက လင်းဖေးကို စိုက်ကြည့်လိုက်သည်။
လင်းဖေးက အလွန်ယုံကြည်မှုရှိနေသည်။
"ရောက်ရင် တတ်သွားမှာပေါ့"
ကျိလဲ့ယွီက သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။
"သားလည်း လုပ်ချင်တယ်"
သူကပြောပြီးသည်နှင့် လင်းလော့ချင်းအား သနားစရာကောင်းစွာဖြင့် ကြည့်လိုက်သည်။
လင်းလော့ချင်း: '...အမ်း... အဖွဲ့က တခြားကလေးသရုပ်ဆောင်တွေ မလိုဘူးထင်တယ်'
"နောက်တစ်ခါထိစောင့်လိုက်နော်"
လင်းလော့ချင်းက သူ့ကို နှစ်သိမ့်လိုစွာ ပွေ့ဖက်ပြီး ချော့လိုက်သည်။
"နောက်တစ်ခါ အခွင့်အရေးရရင် ပါးပါး သားကို လုပ်ခွင့်ပေးမှာပါ"
"ဒါပေမဲ့ သားကိုကိုနဲ့တူတူ သရုပ်ဆောင်ချင်တာလေ"
"ဒါဆို နောက်တစ်ခါ အခွင့်အရေးရရင် သားနဲ့သားကိုကိုကို တွဲသရုပ်ဆောင်ခိုင်းမယ်"
"အခုမရဘူးလားဟင်"
လင်းလော့ချင်း သက်ပြင်းချလိုက်သည်။
"ပေါင်ပေါင်း... ပါးပါးက သဘောတူချင်ပေမဲ့ ဒီဇာတ်ကားမှာ ကလေးသရုပ်ဆောင်တစ်ယောက်ပဲလိုတယ်...အဲဒီတော့ သားနဲ့ သားကိုကိူ အတူတူ တွဲသရုပ်ဆောင်လို့မရဘူးသားရဲ့"
ကျိလဲ့ယွီ နှုတ်ခမ်းစူသွားပြီး စိတ်ဆိုးနေသည့်ပုံပေါက်၏။
လင်းလော့ချင်း သူ့ခေါင်းကို ပွတ်သပ်ပြီး ကြံလိုက်သည်။
"ဒါဆိုလည်း မနက်ဖြန် ပါးပါး သားကို ကူမေးပေးတာကို စောင့်...ဇာတ်ရုပ်တစ်ခုခုရှိရင် သားကိုသရုပ်ဆောင်ခိုင်းလို့ရမလားကြည့်ကြည့်မယ်... မရှိရင် မေ့ထားလိုက်ရုံပဲရှိတယ်"
"အဲလိုဆို ပါးပါးအခက်တွေ့မှာလား"
ကျိလဲ့ယွီ သူ့ကို ဒုက္ခပေးမိမှာကို ကြောက်ပြီး ခေါင်းလေးကို အမြန်ခါလိုက်သည်။
"အဆင်ပြေပါတယ်...သားမလုပ်ရရင်လည်း ကိစ္စမရှိပါဘူး"
"ပါးပါး မမေးတော့နဲ့နော်...ကိုကို လုပ်ရရင်အဆင်ပြေပါတယ်...သား မလုပ်ချင်ပါဘူး"
ခုနလေးက သူ အနည်းငယ် ဇွတ်တရွတ်နိုင်သွားသလို ခံစားရသည်။ သူ့စိတ်ခံစားချက်ကို အမြန်ပြင်ဆင်ပြီး ပြန်ရယ်လိုက်သည်။
"အခက်တွေ့စရာမရှိပါဘူးကွာ"
လင်းလော့ချင်းက ပြုံးပြီးပြော၏။
"မေးရုံတင်မေးမှာလေ... ဘာမှမဖြစ်ပါဘူး"
"ရပါတယ်"
သူ့ကို ဒုက္ခဖြစ်စေမှာစိုး၍ ကျိလဲ့ယွီက တိုးတိုးလေးပြောလိုက်သည်။
လင်းလော့ချင်း သူ့ကိုကြည့်ကာယခုအချိန်မှာ ကျိလဲ့ယွီက သိတတ်လွန်း၍ အသည်းကွဲသွားသလို ခံစားရသည်။
သူ စကားမပြောဘဲ ကျိလဲ့ယွီကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ သူမေးပြီးနောက် ကျိလဲ့ယွီကို အဖြေပေးရန် စီစဉ်ခဲ့သည်။
လင်းဖေးက သူတို့ပြောနေသည်များကို နားထောင်၍နေခဲ့သည်။ ညမအိပ်ခင်မှာ သူက ကျိလဲ့ယွီကိုပင် အထူးတလည် ချော့မော့လိုက်သေးသည်။
"အချိန်ကျလို့ ငါငွေရှာနိုင်ရင် မင်းကို တစ်ဝက်ပေးမယ်"
ဒါကြောင့် စိတ်မဆိုးပါနဲ့...
ကျိလဲ့ယွီက သူ့မှာ ပိုက်ဆံရှိ၊ မရှိ ဂရုမစိုက်ပေ။သူက လင်းဖေးနှင့်အတူတူ သရုပ်ဆောင်ချင်ခဲ့ခြင်းသာဖြစ်၏။
သို့သော်လည်း လင်းလော့ချင်းက ဤကိစ္စကို မဆုံးဖြတ်နိုင်ဘဲ အခြားသူများကို မေးရန် လိုအပ်ကြောင်း ထင်ရှားသည်။ကျိလဲ့ယွီအနေဖြင့် သူ့ကို အရှက်မရစေချင်သဖြင့် လက်လျှော့လိုက်ရုံသာရှိသည်။
"မလိုပါဘူး"
သူက ဆိုသည်။
"ကိုယ့်အတွက်ကိုယ် သိမ်းထား...သားက ပိုက်ဆံမလိုချင်ဘူး"
"ဒါဆို ရုပ်ရှင်သွားရိုက်ချင်တာလား"
ကျိလဲ့ယွီ: "???"
"ကိုကိုက ပိုက်ဆံအတွက်နဲ့ရိုက်တာလား"
"ဟုတ်တယ်"
လင်းဖေးက သဘောထားကြီးနေပြီး အဖြေပေးဖို့ရာ တွန့်ဆုတ်မနေပေ။
ကျိလဲ့ယွီ:"……"
သူတို့မိသားစုမှာ ပိုက်ဆံမရှိလို့လား... သူကိုကိုက တကယ်ကြီး ပိုက်ဆံအတွက်နဲ့ ရိုက်တာပေါ့...
ခဏလောက် ကျိလဲ့ယွီ ဘာပြန်ပြောရမှန်းမသိဖြစ်နေ၏။
အဆုံးတွင် သူက လင်းဖေး၏လက်ကို ကိုင်ကာ ယခုလိုပဲပြောလိုက်နိုင်သည်။ "နောင်ကျရင် သား ကိုကို့ကို ပိုက်ဆံတစ်ဝက်ခွဲပေးမယ်နော်"
သူ့ကိုကိုမှာ ပိုက်ဆံမလောက်လို့ ဖြစ်မယ်...အဲဒါကြောင့် ရုပ်ရှင်သွားရိုက်ရတာ...
သခင်လေးတစ်ယောက်ဖြစ်သော ကျိလဲ့ယွီအနေဖြင့် သူက ငယ်ငယ်လေးကတည်းက အလွန်ချမ်းသာသည်ကို သူသိသည်။သူ့အဖေက ချမ်းသာပြီး သူ့ဦးလေးကလည်း ချမ်းသာသည်။ သူတို့က သူ့အတွက် ပိုက်ဆံသုံးရန်ဆန္ဒရှိကြပြီး သခင်လေးကျိလဲ့ယွီမှာ ပိုက်ဆံရှာရန် ဘယ်တုန်းကမှ မတွေးဖူးပေ။
သူ့မှာ ပိုက်ဆံတွေ အများကြီးရှိပြီး များလွန်း၍ သူ့မှာ ပိုက်ဆံဘယ်လောက်ရှိမှန်းပင်မသိပေ။အဲဒီတော့ ဘာလို့ပိုက်ဆံရှာနေရဦးမှာလဲ...
သူက ဒီလောက် ငယ်သေးတာ... သူက ကလေးပဲ ရှိသေးတာ...
သူ့ကိုကိုမှာ ပိုက်ဆံမလောက်၍ ယခုလိုအတွေးမျိူးရှိနေခြင်းဖြစ်ရမည်။ကျိလဲ့ယွီ သူက တရားမျှတသည်ဟု ခံစားရပြီး ချက်ချင်းပဲ ဆုံးဖြတ်ချက်ချလိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူ့တွင် ပိုက်ဆံအလုံအလောက်ရှိသည်။သူ သူ့ကိုကိုကို ပိုက်ဆံတစ်ဝက်ပေးသရွေ့ သူ့ကိုကိုက ပိုက်ဆံရှာရန် ရုပ်ရှင်သွားရိုက်စရာ လိုမှာမဟုတ်ပေ။
လောလောဆယ်မှာ လင်းဖေးနှင့် ရုပ်ရှင်အတူမရိုက်နိုင်သည့်အတွက် သူ့ကိုယ်သူ စိတ်မကောင်းမဖြစ်တော့ပေ။ဆင်းရဲရှာသည့်သူ့ကိုကိုအတွက်ပဲ စိတ်မကောင်းဖြစ်မိတော့သည်။
သြော် သူ့ကိုကိုက အငယ်လေးရှိသေးတာ...ဒီလို ငယ်ငယ်လေးနဲ့ ပိုက်ဆံမလောက်လို့ ရုပ်ရှင်သွားရိုက်ရရှာတယ်... သနားစရာကောင်းလိုက်တာ...
ကျိလဲ့ယွီက ရှားရှားပါးပါး လင်းဖေးအနားကိုတိုးကပ်သွားပြီး ပါးထိုးပေးကာ မေးလိုက်သည်။
"ကိုကို ဆွဲချင်လားဟင်"
လင်းဖေးက သူ့ပါးကို ဆွဲရသည်ကို တကယ်သဘောကျကြောင်း သူသတိထားမိသည်။
လင်းဖေးအား အထင်အမြင်သေးပြီး
အကူအညီမဲ့ဖြစ်စေသည့် တစ်ခုခုကို သူပြောတိုင်း လင်းဖေးက သူ့ပါးကိုဆွဲလေ့ရှိသည်။
"……"
သူ့ညီလေး ဘာဖြစ်သွားတာလဲ...
သူ့ခေါင်းသေးသေးလေးထဲမှာ ဘာတွေဖြစ်နေတာလဲ...
ဘာလို့ရုတ်တရက်ကြီး အနားကပ်လာပြီး သူ့ပါးကိုဆွဲခိုင်းတာလဲ...
သို့သော်လည်း လင်းဖေးက ရိုးသားမှုရှိရှိဖြင့် လက်ဆန့်ပြီး သူ၏နူးညံ့သော ပါးလေးကို ဆွဲလိုက်ဆဲဖြစ်လေသည်။
ကောင်းပြီ... အရင်အတိုင်းပဲ ဆွဲလို့ကောင်းနေတုန်းပဲ...
***
နောက်တစ်နေ့ မနက်စောစောတွင် လင်းလော့ချင်း လက်ထောက်ဒါရိုက်တာထံသွားပြီး လင်းဖေး အကြောင်း ပြောပြလိုက်သည်။
လင်းဖေးကလိုလားကြောင်း လက်ထောက်ဒါရိုက်တာကြားသောအခါတွင် သူက အလွန်ဝမ်းသာသွားသဖြင့် လင်းလော့ချင်းကိူ ဒါရိုက်တာလီကိုရှာရန် ဆွဲခေါ်သွားသည်။
ဒါရိုက်တာလီက မနေ့ညက လက်ထောက်ဒါရိုက်တာက လင်းဖေးအကြောင်း ပြောသည်ကို ကြားပြီး အနည်းငယ် သိချင်သွားခဲ့သည်။
"မင်းရဲ့တူလေးက ဘယ်လိုပုံစံမျိုးလဲ...ငါတစ်ချက်ကြည့်ပါရစေ"
လင်းလော့ချင်းင သူ့ဖုန်းကိုယူကာ လင်းဖေး၏ဓာတ်ပုံကိုပြသခဲ့သည်။
ဒါရိုက်တာလီ ၎င်းကိုကြည့်ပြီး တကယ်ကို အံ့သြစရာကောင်းသလို ခံစားရသည်။ ဤတူလေးသည် လင်းလော့ချင်းနှင့် တကယ်တူသည်သာမက ဖူရှီ၏ခံစားချက်အနည်းငယ်ကိုလည်း ရနေသည်။
"ကောင်းပြီ ဒါဆို သူပဲ"
"ဒါရိုက်တာလီ...သူကောင်းကောင်းသရုပ်မဆောင်နိုင်တာ ဒါမှမဟုတ် ကင်မရာကို တိတိကျကျမရှာနိုင်တာမျိုး ပုံသေအနေအထားကို မရောက်တာမျိုးဆိုရင်၊ လူတိုင်းရှေ့မှာ သူ့ကို မငေါက်ပါနဲ့... သူ အဆင်မပြေဖြစ်မှာကို ကျွန်တော်စိုးတယ်...ကျွန်တော့်ကိုပြောလို့ရပါတယ်...ကျွန်တော် သူ့ကိုသင်ပေးပါ့မယ် ရမလား"
လင်းလော့ချင်းက မေးသည်။
ဒါရိုက်တာလီက ၎င်းကိုကြားပြီး ရယ်လိုက်သည်။
"မင်း ကိုယ့်ကလေးကို ဒီလောက်သဲသဲလှုပ်လိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး...မင်းတူကိုတောင် ဒီလောက်သဲသဲလှုပ်နေရင် မင်းကိုယ်တိုင်ကလေးရလာရင် ဘယ်လိုလုပ်မလဲ"
လင်းလော့ချင်း ပြုံးလိုက်သည်။လင်းဖေးက သူ့အတွက် တူဖြစ်ဖြစ် သားဖြစ်ဖြစ် အရေးမကြီးပါချေ။လင်းဖေးဖြစ်နေသရွေ့ သူ လင်းဖေးကို သဲသဲလှုပ်အောင်ချစ်ချင်ပါ၏။
သူက ရှင်းပြလိုက်၏။
"အဓိကက သူကအရင်က သရုပ်မဆောင်ဖူးတော့ ကျွန်တော် နည်းနည်းစိတ်ပူတာပါ"
"အေးပါ"
မည်သို့ပင်ဖြစ်စေ ဤသည်က ကလေးတစ်ယောက်ဖြစ်သည်။ ဒါရိုက်တာလီက အလွန်ကြီးတင်းကြပ်နေမှာ မဟုတ်ပါချေ။
"ဖူရှီအကြီးမင်းအတွက်ကြောင့် ငါတို့ရဲ့ဖူရှီအငယ်လေးကို ငါမျက်နှာသားပေးပါ့မယ်ကွာ...ဒါပေမဲ့ လိုင်းတွေကို သေချာကျက်ထားဖို့တော့ လိုတယ်နော်... သူ့လိုင်းတွေကို အလွတ်မကျက်ရင် အချိန်အလဟသကုန်လိမ့်မယ်"
"ကောင်းပါပြီ"
လင်းလော့ချင်း လင်းဖေးအကြောင်း ပြီးသွားပြီးနောက် ကျိလဲ့ယွီအတွက် မေးလိုက်သည်။
"ဒီဇာတ်ကားမှာ ကလေးသရုပ်ဆောင်တစ်ယောက်ပဲလိုတာလား"
ဒါရိုက်တာလီ အံ့ဩသွားသည်။
"ဘာကိုဆိုလိုတာလဲ"
လင်းလော့ချင်း အနည်းငယ်ရှက်သွားသည်။
"အင်း… ကလေးတွေက အကုန်လုံးကို အတူတူလုပ်ရတာ ကြိုက်တယ်... သူ့ညီလေးက သူ့အစ်ကိုရုပ်ရှင်သွားရိုက်တော့ သူလည်း အတူတူ ရုပ်ရှင်သွားရိုက်လို့ရမလားလို့ မေးနေလို့"
"သူ့ညီလေးက ဘယ်လိုပုံစံလဲ"
လင်းလော့ချင်းက လင်းဖေး နှင့် ကျိလဲ့ယွီ တို့၏ ဓာတ်ပုံကို အမြန်ပြသလိုက်သည်။
ဒါရိုက်တာလီ ဓာတ်ပုံကိုကြည့်ကာ ပုံမှန်မဟုတ်စွာ နှုတ်ဆိတ်သွားခဲ့သည်။
အချိန်အတော်ကြာမှ နောက်ဆုံးမှာ သူပါးစပ်ဖွင့်လိုက်သည်။
"မင်းကလေးတွေအကုန်လုံးက ဒီလိုပဲ ကြည့်ကောင်းကြတာလား"
ဒါက တကယ်filterမပါ retouchလုပ်မထားတာရောဟုတ်ရဲ့လား...
သိပ္ပံနည်းမကျဘူး...
သူ ကလေးသရုပ်ဆောင်အများကြီးနဲ့ တွေ့ဖူးပေမဲ့ ဘယ်သူမှ သူတို့နှစ်ယောက်လောက် ရုပ်ရည်မလှကြဘူး...
လင်းလော့ချင်းက ပြုံးလိုက်ပြီး သူ့မျက်နှာမှာ ဂုဏ်ယူဝံ့ကြွားမှုအပြည့်နှင့်ဖြစ်၏။
"သူတို့က သာမန်ကလေးတွေထက် ပိုကြည့်ကောင်းကြတယ်"
ဒါရိုက်တာလီ:'...မင်းက အခု နည်းနည်းမှ နှိမ့်ချမနေဘူးနော်'
သို့သော်၊ ဤသည်မှာ အမှန်ပင်။ ကလေးနှစ်ယောက်စလုံး ယခုလိုပုံစံဆိုလျှင် သူတို့က သာမန်ကလေးတွေထက် ပိုကြည့်ကောင်းရုံတင် မဟုတ်ပါချေ။အများကြီး ပိုကြည့်ကောင်းလွန်းခြင်းဖြစ်သည်။
"သူက အရမ်းကြည့်ကောင်းလွန်းတယ်"
ဒါရိုက်တာလီ အမှန်အတိုင်း ပြောလိုက်သည်။
"သူ သိပ်ကြည့်မကောင်းရင် လုမင်ငယ်ငယ်က ဒါမှမဟုတ် ရှန်းဝမ်ငယ်ငယ်ကနေရာမှ ကြိုးစားကြည့်ခိုင်းလို့ရတယ်... အခု သူဒီလိုဖြစ်နေတော့ ဘယ်လောက်ကြီးလာလာ လုမင်နဲ့ ရှန်းဝမ်တို့ပုံ မပေါက်နိုင်တော့ဘူး"
လင်းလော့ချင်း ယင်းကအမှန်ပဲဟု ထင်မိသည်။ကျိလဲ့ယွီ၏အသွင်အပြင်သည် ဝမ်ကျစ်မင် နှင့် ဟို့ဝမ်ယွီတို့၏အသွင်အပြင်နှင့် ဝေးကွာလွန်းသည်။
"တကယ်လို့ သူက ကင်မရာပေါ်မှာပါချင်တယ်ဆိုရင် မဖြစ်နိုင်တာမျိုးတော့မဟုတ်ဘူး"
ဒါရိုက်တာလီက လက်တွေ့ဆန်သည်။
"ဒီကလေးက အရမ်းလှတော့ ကင်မရာပေါ်မှာပါရင် ငါတို့အတွက် အရှုံးရှိမှာမဟုတ်ဘူး...ဒါပေမဲ့ သူ့ကိုနောက်ခံအဖြစ်ပဲ အသုံးပြုလို့ရမယ်...လိုင်းမရှိသလို အဖွဲ့က သူ့ကို သရုပ်ဆောင်ခပေးမှာလည်း မဟုတ်ဘူး... ဒါက အဆင်ပြေတယ်လို့ မင်းထင်လား"
"ကျွန်တော် သူ့ကိုမေးလိုက်ပါ့မယ်"
လင်းလော့ချင်းက ပြန်ဖြေသည်။
"ကောင်းပြီ"
ဒါရိုက်တာလီက ခေါင်းညိတ်လိုက်သည်။
"အဓိကကတော့ ဒီဇာတ်ကောင်နေရာက လုံးဝမလိုအပ်ဘူး...သူက သူ့အစ်ကိုနဲ့ တွဲသရုပ်ဆောင်ချင်တယ်လို့ မင်းကပြောတယ်... သူက ကြည့်ကောင်းပြီး နောက်ခံမှာ သုံးရတာ အဆင်ပြေတယ်လို့ ငါက မြင်လို့ဒီလိုလုပ်လိုက်တာ... ဒါပေမဲ့ ဒါက မင်းကို ဂရုစိုက်တာ သက်သက်ဖြစ်ပြီး ငါ သူ့ကို ပိုက်ဆံမပေးနိုင်ဘူး...ကလေးနဲ့ စကားပြောကြည့်ပါ...သူမကြိုက်ရင်လည်း အဆင်ပြေတယ်...နောက်တစ်ခါကျ သင့်တော်တဲ့ နေရာရှိရင် ငါသူ့ကို ဆက်သွယ်ပါ့မယ်"
ဒါရိုက်တာလီက လေးလေးနက်နက် ရှင်းပြသည်။
သူနှင့် လင်းလော့ချင်းတို့သည် အချိန်အတော်ကြာ အတူတွဲရိုက်ခဲ့ကြပြီး သူ့အနေဖြင့် လင်းလော့ချင်းအပေါ်မှာ အထင်အမြင်ကောင်းရှိ၏။သူက လင်းလော့ချင်းကို အလွန်နှစ်သက်သောကြောင့် ထိုကလေးကို အလှပန်းအိုးအဖြစ်ထားခဲ့ခြင်း ဖြစ်သည်။
သေချာသည်ပင်၊ကလေး၏သရုပ်ဆောင်ချင်သည့်ဆန္ဒကို ဖျက်စီးမိမှာကိုစိုး၍ ကလေးကို အလှပန်းအိုးအဖြစ် တိုက်ရိုက်ခေါ်ရန် ရှက်နေခဲ့သည်။
ဤဇာတ်ကောင်က မလိုအပ်သဖြင့် သူ့ကို ပိုက်ဆံပေးစရာအကြောင်းမရှိ၍သာဖြစ်သည်။ မဟုတ်ရင် ဒါရိုက်တာတစ်ယောက်အနေနဲ့ သူ့အာဏာကို အလွဲသုံးစားလုပ်သလိုဖြစ်နေမှာမဟုတ်ဘူးလား...
လင်းလော့ချင်းက ၎င်းကို ဂရုမစိုက်ပါချေ။
ပိုက်ဆံက ပြဿနာကြီးကြီးမားမားမဟုတ်ပါချေ။ကျိလဲ့ယွီကိုယ်တိုင်က ငွေပြတ်လပ်မနေသလို လင်းလော့ချင်းကလည်း ပိုက်ဆံချို့တဲ့နေသည်မျိုးမဟုတ်ပေ။ကျိလဲ့ယွီ ဆန္ဒရှိသရွေ့ သူ့ကိုယ်ပိုင်ပိုက်ဆံကို ထုတ်ပြီး သရုပ်ဆောင်ခအဖြစ် ဟန်ဆောင်ပြီးပေးလိုက်မည်။
မူလကတည်းက ကျိလဲ့ယွီက ငွေရှာရန်မဟုတ်ဘဲ လင်းဖေးနှင့် ရိုးရိုးရှင်းရှင်းပဲ သရုပ်ဆောင်ချင်ခဲ့ခြင်းဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ဒါရိုက်တာလီ"
"မလိုပါဘူး"
ဒါရိုက်တာက ပြုံးပြီး ပြောလိုက်သည်။ "ဒါဆို ကလေးသရုပ်ဆောင်အတွက် စာချုပ်ကို နောက်မှ လက်မှတ်ထိုးဖို့ပို့ခိုင်းလိုက်မယ်"
"ကောင်းပါပြီ"
လင်းလော့ချင်း ကျိယွီရှောင် ကျိလဲ့ယွီ နှင့် လင်းဖေးကို ခေါ်ကာ ရောက်လာမည်ကိုစောင့်နေလိုက်သည်။ပြီးနောက် သူကကျိလဲ့ယွီကို ဤအကြောင်း ပြောပြလိုက်သည်။
သူက တောက်ပစွာ ပြုံးလိုက်သည်။ "ရှောင်ယွီ သားကိုကိုနဲ့အတူတူ သရူပ်ဆောင်လို့ရပြီ...ပျော်လား"
ကျိလဲ့ယွီ အံ့သြဝမ်းသာဖြစ်ပြီး မမေးဘဲမနေနိုင်ပေ။
"ပါးပါး တောင်းဆိုခဲ့တာလား...သားကသရုပ်မဆောင်ရလည်း ကိစ္စမရှိပါဘူး"
"ပါးပါးမတောင်းဆိုခဲ့ပါဘူး... ဒါရိုက်တာက သားကိုကိုက တစ်ယောက်ထဲဆိုတော့ အရမ်းအထီးကျန်နေမှာတဲ့...အဲ့ဒါကြောင့် သားကို သူ့ကိုအဖော်ပြုပေးစေချင်တယ်လို့ ပြောခဲ့တာ...ဒါပေမဲ့ သူက သားရဲ့ကိုကိုကို အဓိကထားပြီး ရိုက်ကူးမှာ၊သားကရိုက်ချက်အများကြီးရမှာမဟုတ်လောက်ဘူး...တစ်နည်းအားဖြင့် ပါးပါးက သားကို စက္ကန့်ပိုင်းလောက် အချိန်တိုလေးပဲ ရုပ်ရှင်ထဲမှာ မြင်ရမှာ...အဲသလိုဆိုအဆင်ပြေရဲ့လား"
"အရမ်းတိုတာပဲ"
ကျိလဲ့ယွီ အံ့သြသွားသော်လည်း သူက ရိုးရိုးရှင်းရှင်းပဲ လင်းဖေးနှင့် ရုပ်ရှင်ရိုက်ချင်သည်။ ထို့ကြောင့် သူ ခေါင်းညိတ်လိုက်ဆဲဖြစ်သည်။
"အိုကေ"
"ပြီးတော့ သားသရုပ်ဆောင်ရမဲ့သူက စကားပြောရတာကိုသဘောမကျတော့ စာကြောင်းအများကြီးမရှိဘူး...ဒါပေမဲ့ အဲလိုဆိုတော့ သားလိုင်းတွေကို အလွတ်ကျက်ဖို့ မလိုတော့ဘူးပေါ့... မကောင်းဘူးလား"
'အဲဒါ လင်းဖေး မဟုတ်ဘူးလား'
ကျိလဲ့ယွီ တွေးလိုက်သည်။
'ငါက လင်းဖေးနေရာမှာ သရုပ်ဆောင်ရမှာလား...အရမ်းကောင်းတယ်'
"ဟုတ်ကဲ့"
ကျိလဲ့ယွီက ဝမ်းသာအားရ သဘောတူလိုက်သည်။
"ဒါဆို ရုပ်ရှင်ထွက်လာလို့ ကိုယ့်ကိုကိုယ် တစ်ခါနှစ်ခါပဲမြင်ရရင် တိတ်တိတ်လေး ခိုးမငိုရဘူးနော်"
ကျိလဲ့ယွီ နှုတ်ခမ်းစူလိုက်သည်။
"သား မငိုပါဘူး"
"ရပါတယ်"
"ကိုကိုကကျ အကြိမ်တွေအများကြီး ပေါ်လာမှာလား"
"အဲဒါကို ပါးပါးမသိဘူး"
လင်းလော့ချင်း အမှန်အတိုင်း ပြောလိုက်သည်။
"ဒါပေမဲ့ သားကိုကိုက သေချာပေါက် မငိုဘူး"
လင်းဖေးက သူ့စိတ်ထဲကနေ တိတ်တိတ်လေး ပြန်ဖြေသည်။
'ဟုတ်တယ်၊ ငါက ပိုက်ဆံရှာချင်တာ... ငါပေါ်လာသည်ဖြစ်စေ မပေါ်လာသည်ဖြစ်စေ အရေးမကြီးဘူး'
၎င်းကို သူတွေးပြီးနောက် "ရှောင်ယွီက လုပ်အားခရမှာလား" ဟု မေးလိုက်သည်။
"ဒါပေါ့"
လင်းလော့ချင်းက ပြုံးပြီး ပြောလိုက်သည်။
"ရှောင်ယွီက ဒီလောက်ချစ်စရာကောင်းတာ...လုပ်အားခ ဘယ်လိုလုပ်မရဘဲနေမှာလဲ"
ကျိလဲ့ယွီ၏ မျက်လုံးများသည် ဝမ်းသာအားရ ကွေးညွှတ်သွားပြီး သိချင်စိတ်ကို မထိန်းနိုင်တော့ပေ။ "ဘယ်လောက်လဲဟင်"
"အချိန်ကျရင် သိလိမ့်မယ်"
"ကိုကိုနဲ့တူတူပဲလား"
"ဟုတ်တယ်"
လင်းလော့ချင်းက ခေါင်းညိတ်လိုက်သည်။
ကျိယွီရှောင် ၎င်းကိုမြင်ပြီး သိပ္ပံနည်းကျမဟုတ်ဟုခံစားရသည်။
အကြီးတန်း အရင်းရှင်တစ်ယောက်အနေဖြင့် မနေ့က လက်ထောက်ဒါရိုက်တာ ပြောခဲ့သည်ကို သူရှင်းရှင်းလင်းလင်း မှတ်မိနေ၏။ ကလေးသရုပ်ဆောင်တစ်ဦးသာ လိုအပ်သော်လည်း ယခုအပိုတစ်ယောက်ထပ်ထည့်ကာ လုပ်အားခပါပေးခဲ့သည်။ သူက ဤဇာတ်ကားတွင် ရင်းနှီးမြုပ်နှံထားခြင်း မရှိခဲ့သလို ရိုက်ကူးရေးအဖွဲ့ကလည်း ပရဟိတလုပ်ရန် အကြောင်းပြချက်မရှိပေ။