အပိုင်း ၂၇၅
Viewers 87k

Chapter 275




သူက လင်းဖေး၏ဒဏ်ရာဟောင်းကိုတိုက်ရိုက်သွားမစွချင်သဖြင့် ယခုလိုပဲပြောလိုက်၏။


"ဓာတ်ပုံကိုကြည့်တဲ့အခါ ဝမ်းနည်းစရာတွေ ဒါမှမဟုတ် ဆိုးရွားတဲ့အရာတွေကို တွေးကြည့်ပါ... ပြီးရင် နည်းနည်းလောက်ငို"


လင်းဖေးက သူ့နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်သည်။


"အရင်အနားယူလိုက်ဦး" 

ဒါရိုက်တာလီက သူ့ကို လင်းလော့ချင်း အနားကို ခေါ်သွားသည်။


လင်းလော့ချင်း သူ့အား ရေတစ်ဘူးပေးကာ ကုလားထိုင်ပေါ်တွင် ထိုင်ပြီး ရေအရင်သောက်ခိုင်းသည်။


ဒါရိုက်တာလီက သူ့ကိုကြည့်ကာ လင်းဖေး တကယ်မလုပ်နိုင်ရင် မျက်စဉ်းဆေးသုံးရမည်ဟု တွေးလိုက်သည်။စင်စစ်အားဖြင့် လင်းဖေးက ကလေးပဲရှိသေးသဖြင့် မျက်စဉ်းဆေးသုံးသည်က ရှက်စရာမရှိပေ။ လင်းဖေးက အငိုခန်းကလွဲ၍ အကုန်ကောင်းကောင်းသရုပ်ဆောင်တတ်နေပြီဖြစ်သည်။


ကျိလဲ့ယွိက ခေါင်းလေးစောင်းကာ လင်းလော့ချင်းနှင့်လင်းဖေးကိုကြည့်လိုက်သည်။ ထို့နောက် လင်းလော့ချင်းကို ဘာဖြစ်နေတာလဲဟု အသံတိုးတိုးဖြင့် မေးသည်။


လင်းလော့ချင်းက သူ့ကို ရိုးရိုးရှင်းရှင်း ရှင်းပြလိုက်ပြီး ကျိလဲ့ယွီ အံ့သြသွားသည်။ဒါက ဘာခက်နေလို့လဲ... ငိုရုံပဲမဟုတ်ဘူးလား...သူဆို အခုတန်းလုပ်နိုင်တယ်...


မျက်ရည်အနည်းငယ်ကို မဆိုနှင့် ၊သူက မျက်ရည်ဇလုံတစ်လုံးပြည့်အောင်ပင် ငိုနိုင်သည်။


သို့ပေမဲ့… သူစဉ်းစားကြည့်သောအခါ လင်းဖေးက တကယ်ကို မငိုခဲ့ဖူးသလိုပင်။


"မငိုတတ်ဘူးလား"

သူ လင်းဖေးကို မေးလိုက်သည်။


လင်းဖေးက သူ့ကို လှည့်ကြည့်လာသည်။


ကျိလဲ့ယွီ သူမားမားမတ်မတ်ရပ်နိုင်ပြီဟု ခံစားလိုက်ရ၏။


သူ၏မာနကြီးပြီးအရာရာစွမ်းဆောင်နိုင်သော အကုန်သိအကုန်တတ်အစ်ကိုရှေ့တွင် သူ နောက်ဆုံးတွင် မားမားမတ်မတ် ရပ်နိုင်ပြီဖြစ်သည်။


ကျိလဲ့ယွီ ချက်ချင်း မတ်မတ်ထိုင်ကာ သူ့ရင်ဘတ်လေးကို ပုတ်၍ "သား သင်ပေးမယ်"ဟု ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။



လင်းဖေး: "……"


ကျိလဲ့ယွီက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ မျက်ခုံးလေးများ ညှိုးကျသွားသည်။ဘာမှမသိလိုက်ရပါဘဲ မျက်ရည်များ ပြည့်လျှံလာကာ ကျလုကျခင်ဖြစ်သွား၏။


လင်းဖေး: "……"


"ဒါက အရမ်းကိုရိုးရှင်းတယ်" 

ကျိလဲ့ယွီက သူ့နားနားကို ကပ်လာသည်။

"ငိုချင်တယ်လို့ တွေးပြီးသာ ငိုချလိုက်"


လင်းဖေး:"……"


"ကြိုးစားကြည့်" 

ကျိလဲ့ယွိက သူ့ကိုတိုက်တွန်းလေသည်။


လင်းဖေး:"……"


လင်းဖေးက လက်တစ်ဖက်ကို မြှောက်ကာ သူပါးလေးကိုဆွဲလိုက်သည်။


ပုံစံအမျိုးမျိုးရှိသော သူ့ညီလေး တကယ်ကို ပီသပါပေသည်။သူတော်ကောင်းယောင်ဆောင်တတ်၊ ဉာဏ်များပြီး တစ်ချိန်တည်းမှာပဲ ဟန်ဆောင်ကောင်း၏။ငိုချင်သည့်အချိန်မှာလည်း ငိုနိုင်သည်။


သူက သူ့ဉာဏ်အကုန်လုံးကို ဒီနေရာမှာ အိတ်သွန်ဖာမှောက်သုံးထားတာပဲ...


ကျိလဲ့ယွီ ပါးဆွဲခံရမှုကြောင့် အနည်းငယ်နားမလည်ဖြစ်သွားသော ပုံစံဖြင့် သူ့ကို ကြည့်လိုက်သည်။ သူ့ကို ဘာလို့ ပါးဆွဲတာလဲ...


သူက အကုန်လုံးသင်ပေးထားတာကို လင်းဖေးက ဘာလို့ ကြိုးစားမကြည့်တာလဲ...ဒီလောက် ရိုးရှင်းတာကို သူဘာလို့ မသင်ယူနိုင်တာလဲ...


မဟုတ်ဘူး၊ သူ့ကိုကိုက ဒီလောက်တော့မတုံးလောက်ပါဘူးနော်...


ကျိလဲ့ယွီက ရဲရဲဝံ့ဝံ့ဖြင့် သူ့မျက်လုံးထဲတွင်အထင်အမြင်သေးမှုအနည်းငယ်ထပ်ပေါင်းထည့်လိုက်သည်။


လင်းဖေး:"???"


လင်းဖေး ဤကောင်လေးက တကယ်ကို မသိနားမလည်ဘူးဟု ခံစားရသည်။ ထို့ကြောင့် သူက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ကျိလဲ့ယွီ၏နောက်ထပ် ပါးတစ်ဖက်ကို ဆွဲလိုက်သည်။


ကျိလဲ့ယွီက ဤကဲ့သို့ ပါးဆွဲရပြီးနောက် ချက်ချင်းပင် အလိမ္မာအိမ်ပါလေးပြန်ဖြစ်သွားပြီး သူ့မျက်လုံးထဲရှိအထင်အမြင်သေးမှုများက ပျောက်ကွယ်သွားသည်။သို့သော်လည်း လင်းဖေးက အဘယ်ကြောင့် နှစ်ဖက်လုံးကို ဆွဲရသနည်းဟု သူတွေးနေမိသည်။ တစ်ဖက်နဲ့ မလုံလောက်ဘူးလား...


လင်းဖေးက သူ့ကို ပါးဆွဲရတာကို တကယ် သဘောကျတာပဲ...


လင်းဖေးက သူ့အား နာခံမှုပြန်ရှိလာသည်ကို မြင်လိုက်ရပြီးနောက် ၎င်းကလုံလောက်ပြီဟု သူ့စိတ်ထဲတွင် တွေးလိုက်သည်။


သူ လက်ကိုရုတ်ကာ ရေကို ဆက်သောက်သည်။


လင်းလော့ချင်းက ဒါရိုက်တာလီနှင့် စကားအနည်းငယ်ပြောခဲ့သည်။၎င်းနောက် သူက လင်းဖေးနှင့် စကားပြောရန် ပြန်လာခဲ့၏။


လင်းဖေးက အခုထိ နားမလည်သေးပေ။

"ဘာလို့ငိုရမှာလဲ"


"ဖူရှီက ထွက်သွားပြီး လုမင်နဲ့ ရှန်းဝမ်တို့နဲ့ ခွဲရတော့မှာမလို့"

ဟု လင်းလော့ချင်းက ရှင်းပြသည်။


"ဒါပေမဲ့ငိုရင်တောင် ခွဲရဦးမှာပဲလေ" လင်းဖေးက သူ့မျက်လုံးများကို စိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။ 

"ကြီးလာတဲ့အထိ စောင့်ပြီးမှ ပြန်လာရှာတာ ပိုကောင်းတယ်မဟုတ်ဘူးလား"


လင်းလော့ချင်း သူယခုလိုမျိုး တွေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။


"သားဆိုရင်ရော မငိုဘူးလား"


"သားက ရှုရှုနဲ့ ခွဲမှာ မဟုတ်ဘူး" 

လင်းဖေးက တည်ငြိမ်စွာပြောသည်။


လင်းလော့ချင်း သူ့စကားကြောင့် သဘောကျသွားသည်။ 

"ရှုရှုတို့ ခွဲရမယ်လို့လည်း မပြောပါဘူး...ဖူရှီနေရာမှာ သားသာဆိုရင် ဒီအချိန်မှာ မငိုဘူးလားလို့ပဲပြောခဲ့တာ"


"မငိုဘူး"


"ဒါဆို ဘာလုပ်မှာလဲ"


လင်းဖေး ထိုအချက်ကို တွေးကာ အနည်းငယ် ရှက်သွားသည်။


"ပြောပါ"

လင်းလော့ချင်းက တိုးတိုးလေးပြောသည်။


"ကျွန်တော့်ဓာတ်ပုံကို သူတို့ဆီမှာ ထားခဲ့မယ်" 

လင်းဖေး၏ အသံက တိုးဝင်သွားသည်။


ပုံ၏နောက်ကျောမှာ 'နှုတ်ဆက်ပါတယ်' ဟုရေးပြီး လင်းလော့ချင်း သူ့ကို မမေ့နိုင်အောင် လင်းလော့ချင်း၏ တံခါးအောက်မှာ တိတ်တိတ်လေး ထိုးထည့်ကာ အချင်းချင်း ပြန်တွေ့ကြမည့်အချိန်ကို စောင့်မျှော်နေမှာဖြစ်၏။


တကယ်တမ်းမှာ လင်းဖေး သူ့ကို လွမ်းနေမည်၊လက်မလွှတ်နိုင်ဘူးဆိုသည့်အကြောင်း လင်းလော့ချင်းကို အသိပေးလိုက်သည်က ပိုကောင်းပါ၏။


လင်းလော့ချင်း သူ ဤကဲ့သို့ ကိုင်တွယ်ဖြေရှင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။သူ၎င်းကိုသေသေချာချာတွေးကြည့်လိုက်သောအခါ တိုက်ရိုက်ငိုသည်ထက် ယခုလိုက ပိုချစ်စရာကောင်းသည်ဟု ခံစားရ၏။ပြီးလျှင် ဖူရှီ၏ ဇာတ်ကောင်စရိုက်နှင့်လည်း ကိုက်ညီသည်။


ထို့အပြင် သူတို့အနေဖြင့် ဖူရှီ၏ ဇာတ်ကောင်စရိုက်ကို ပုံဖော်ရန် လိုအပ်သေးသော်လည်း ဖူရှီနှင့် ဆင်တူသည့် လင်းဖေးက ဖူရှီ၏ အတွေးများနှင့် တုံ့ပြန်မှုကို သူတို့ထက် ပိုနားလည်မှာ ဖြစ်သည်။


"သားပြောတာမှန်တယ်လို့ထင်တယ်" 

လင်းလော့ချင်းက သူ့ကို လက်မထောင်ပြလိုကိသည်။ 

"ခဏစောင့်ဦးနော်... ဒါရိုက်တာလီနဲ့ သွားစကားပြောလိုက်ဦးမယ်"


"အွန်း"


လင်းလော့ချင်း အမြန်ထရပ်ပြီး ဒါရိုက်တာလီထံသွားကာ လင်းဖေး၏အတွေးများကို ပြောပြလိုက်သည်။


ဒါရိုက်တာလီက လင်းဖေးမှာ ကိုယ်ပိုင်နားလည်မှုရှိမည်ဟု မမျှော်လင့်ထားသဖြင့် အနည်းငယ် အံ့သြသွားခဲ့သည်။


"သူက အငယ်လေးရှိသေးတာကို သူ့အမြင်နဲ့သူရှိနေပြီလား"


"ဒါကအမြင်မဟုတ်ပါဘူး...ဒါက သူ့ရဲ့အတွေးသက်သက်ပါ...ဖေးဖေးက အမြဲတမ်း သာမာန်ကလေးတွေထက် ပိုတွေးတတ်တယ်...ခင်ဗျားအဲဒါကို ကိုးကားကြည့်လို့ရတယ်"


လင်းလော့ချင်းက သူ့ကိုအကြ့ပေးလိုက်သည်။

"ငိုတာက သိပ်ကိုရင်ထဲထိရှစရာကောင်းပေမဲ့ နောက်မှပြန်တွေးကြည့်တဲ့အခါ ဖေးဖေးရဲ့စကားတွေက မှန်တယ်လို့ ခံစားရတယ်...ငိုတာက အရမ်း

သာမန်ဆန်တယ်... သာမန်ကလေးတွေတောင် အဲဒီလိုဖြစ်လိမ့်မယ်...ဖူရှီရဲ့ စရိုက် ကွဲပြားမှုကို ထင်ဟပ်နိုင်ခြင်းမရှိဘူး...ဖေးဖေး ပြောတဲ့ ဇာတ်ကွက်အတိုင်း ပြောင်းလိုက်တာက ပိုကောင်းမယ်ထင်တယ်...ဒီနည်းက ပိုအမှတ်ရစရာကောင်းသလို ခံစားရပြီး ဇာတ်ကောင်တွေရဲ့ သုံးဖက်မြင်သဘာဝကို တိုးလာစေမှာပါ"


ဒါရိုက်တာလီ သူ့မေးစေ့ကို ပွတ်လိုက်သည်။ ဘယ်လိုပြောရမလဲ...လင်းလော့ချင်း၏ စကားများက မှန်နေပုံရသည်။ အထူးသဖြင့် လင်းဖေးကဲ့သို့ သူ၏အစစ်အမှန်ပုံစံအတိုင်းနီးပါး သရုပ်ဆောင်နေ့သည်ကလေးအတွက်ဖြစ်၏။သူက သူတို့ထက် ဖူရှီနှင့် ပိုနီးစပ်ပြီး ခုနစ်နှစ်ရှစ်နှစ်သားဖူရှီကို ပိုနားလည်သည်။


သူ အံ့သြသွားသည်။ အခု လင်းဖေးက အသက်ဘယ်လောက်ရှိသေးလို့လဲ...သူ့မှာ သူ့ကိုယ်ပိုင်အတွေးအမြင်တွေရှိသည့်အပြင် ၎င်းတို့ကို ရှင်းရှင်းလင်းလင်း ထုတ်ပြနိုင်ပြီး လင်းလော့ချင်းကို သူ့ကိုယ်စား သူတို့ကို ပြောပြခိုင်းနိုင်ခဲ့သည်။


"မင်းရဲ့တူလေးက သာမန်မဟုတ်ဘူးပဲ" ဒါရိုက်တာလီက စိတ်ထဲ လှိုက်လှိုက်လှဲလှဲ သက်ပြင်းချလိုက်သည်။


လင်းလော့ချင်း ပြုံးလိုက်သည်။ 

"သူက တကယ်ကို ထူးခြားတယ်"


"ကောင်းပြီ...ငါ ဇာတ်ညွှန်းရေးဆရာနဲ့ စကားပြောလိုက်မယ်...မင်း ဖေးဖေးကို စောင့်နေခိုင်းလိုက်"


"အိုကေ"

လင်းလော့ချင်းက သဘောတူသည်။


မကြာမီတွင် ဒါရိုက်တာလီ နှင့် ဇာတ်ညွှန်းရေးဆရာတို့သည် ဤဇာတ်ကွက်အတွက် အပြောင်းအလဲများနှင့် အစီအစဉ်အသစ်များ ပြုလုပ်ခဲ့သည်။


ဖူရှီက ဓာတ်ပုံကို ယခင်လို ငြိမ်သက်စွာ ကြည့်နေဆဲဖြစ်သည်။ သူ့မျက်လုံးများထဲရှိ မလိုလားမှုကို မျက်တောင်ရှည်များဖြင့် ပိတ်ဆို့ထားပြီး အလွန်အထီးကျန်နေပုံရသည်။ ဓာတ်ပုံကို ပြန်သိမ်းလိုက်သော်လည်း ခဏအကြာတွင် သူက ဓါတ်ပုံအယ်လ်ဘမ်ကိုပြန်ဖွင့်လိုက်သည်။ထိုထဲမှ ပုံတချို့ထုတ်ကာ ဘောပင်တစ်ချောင်းယူ၍ စာလုံးအနည်းငယ်ကို ရေးခဲ့သည်။


၎င်းနောက်သူက မတ်တပ်ထရပ်ပြီး လုမင်နှင့် ရှန်းဝမ်အတွက် သူ့အမေ ထုပ်ပိုးပေးထားသည့် ပစ္စည်းတွေဆီကို လျှောက်သွား၏။


ထိုထဲမှာ သူမ သူတို့အတွက် ဝယ်ပေးထားသည့် ကုတ်အင်္ကျီနှစ်ထည်ရှိသည်။ ဖူရှီက ဓာတ်ပုံများကို ကုတ်အင်္ကျီအိတ်ကပ်များထဲထည့်ကာ

၎င်းတို့ကို ဘယ်သူမှ မထိထားသကဲ့သို့ အင်္ကျီများကိုပြန်ခေါက်လိုက်သည်။


လုမင် နှင့် ရှန်းဝမ်တို့ အမြန်ချောပို့ကိုလက်ခံရရှိပြီးသည့်နောက်တွင် ၎င်းတို့နှင့်အတူ ကြီးပြင်းလာသော ၎င်းတို့၏အစ်မက ထွက်သွားပြီး သားဖြစ်သူကို နိုင်ငံရပ်ခြားသို့ ခေါ်ဆောင်သွားကြောင်း သိလိုက်ရသည်။


ဝမ်းနည်းပူဆွေးပြီး ဒေါသထွက်နေသော ရှန်းဝမ်က အိမ်ပြန်ရောက်ပြီးနောက် အင်္ကျီကိုမြင်လိုက်ကာ ကောက်ကိုင်၍ ဝတ်လိုက်သည်။


ကွက်တိဖြစ်နေဆဲပင်။သူ့အစ်မ သူ့အဝတ်အစားဆိုဒ်ကို အမြဲမှတ်မိနေခဲ့သည်။


သူ့လက်ကို အင်္ကျီအိတ်ကပ်ထဲသို့ ထိုးထည့်လိုက်ပြီးနောက် စာရွက်တစ်ရွက်ကို မတော်တဆစမ်းလိုက်မိသည်။


ထုတ်ကြည့်လိုက်ရာ ဓာတ်ပုံတစ်ပုံဖြစ်ကြောင်းတွေ့လိုက်ရသည်။ သူတို့ သုံးယောက် အချင်းချင်း သဘောထားမကွဲလွဲစဥ်က ဖူရှီအငယ်လေးနှင့် သူတို့သုံးယောက်ရိုက်ထားသည့် ဓာတ်ပုံလေးဖြစ်၏။ဖူရှီက အလယ်မှာ ရပ်နေပြီး ဖူရီက သူ့နောက်မှာ ရပ်နေသည်။ သူမက ပြုံး၍ အေးစက်စက်မျက်နှာလေးနှင့် ဖူရှီကို ပွေ့ဖက်ထားသည်။


သူနှင့် လုမင်က ဖူရီ၏ တစ်ဖက်တစ်ချက်တွင် ရပ်နေသည်။ သူတို့သည် လက်တစ်ဖက်စီဆန့်ကာ ဖူရှီအငယ်လေးအတွက် ယုန်နားရွက်တစ်စုံကို ပြုလုပ်နေကြသည်။


ထိုအချိန်တွင် သူတို့ သုံးယောက်လုံး ပျော်ရွှင်စွာ ပြုံးနေကြသည်။


သူ တိတ်တိတ်လေး ကြည့်နေခဲ့၏။ 


တစ်ဖက်မှာ လုမင်က သူ့အင်္ကျီ အောက်ကို မတော်တဆပြုတ်ကျသွားသည်။သူက ၎င်းကိုကောက်ယူလိုက်ရာတွင် သူလည်းပဲ ဓာတ်ပုံကို မတော်တဆ ရှာတွေ့ခဲ့သည်။


ဓာတ်ပုံ၏နောက်ကျောဘက်တွင်- 

[နှုတ်ဆက်ပါတယ် ကျို့ကျိို့]


ဖူရှီ၏စာဖြစ်သည်။ သူက သူတို့အား နှုတ်ဆက်နေချေသည်၊မဟုတ်လျှင်လည်း ဖြစ်နိုင်သည်က သူတို့၏ နောက်တစ်ကြိမ်ပြန်လည်ဆုံစည်းမှာကို စောင့်ဆိုင်းနေခြင်းဖြစ်ပေလိမ့်မည်။


လုမင် သူ့လက်ထဲက အင်္ကျီကို ပွေ့ဖက်လိုက်ပြီး ဓာတ်ပုံကို သူ့လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။


လင်းဖေး အဝတ်ခေါက်သည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးပြီးသွားပြီဖြစ်သဖြင့် သူက လုံးလုံးလျားလျား ပြီးသွားပြီဖြစ်သည်။


သူ၏ရိုက်ကူးမှုက အလွန်ခရီးရောက်သောကြောင့် အစကနေအဆုံး တစ်ပတ်ပင်မကြာခဲ့ပေ။


ဒါရိုက်တာလီ သူ့ကို အလွန်သဘောကျနေပြီး သူ၏ ပြီးစီးမှုကို ဂုဏ်ပြုရန် ကိတ်မုန့်ကိုပင် အထူးတလည်မှာကြားခဲ့သည်။


လင်းဖေး ကိတ်မုန့်ကို လှီးပြီး ပန်းကန်သေးသေးလေးပေါ်မှာ ဖြည်းညှင်းစွာ တင်လိုက်သည်။၎င်းကိုမြင်သောအခါ ဒါရိုက်တာလီ သူ့လက်ညှိုးကို ခရင်မ်ထဲကို တမင်နှစ်ပြီး အငိုက်ဖမ်းပြိး သူ့မျက်နှာကို သုတ်လိုက်သည်။လင်းဖေးက သူ့ကို အထင်အမြင်သေးစွာဖြင့် စိုက်ကြည့်ကာ ကိတ်မုန့်ကို သတိကပ်၍ စားလေသည်။


ဒါရိုက်တာလီ တဟားဟား ရယ်ပြီး သူ့ကိုမေး၏။

"မင်း နောက်တစ်ကြိမ် သရုပ်ဆောင်ဖို့ လာဦးမှာလား"


လင်းဖေးက ခဏ တွေးလိုက်ပြီးဆိုသည်။

"ဆောင်းရာသီနဲ့ နွေရာသီ အားလပ်ရက်တွေမှာ ဖြစ်နိုင်ပေမဲ့ လုပ်အားခတော့ ရှိရမယ်"


"မင်းက တကယ်ကို ကိုငွေခင်လေးပဲကွာ" 

ဒါရိုက်တာလီ ပြုံးပြီး ပြော၏။


လင်းဖေးက သူ၏ မူလရည်ရွယ်ချက်ကို မမေ့ခဲ့ပေ။ သူ အချိန်ပိုင်းအလုပ်လုပ်ရခြင်းမှာ လင်းလော့ချင်းကို မုန့်ဖိုးပေးရန်အတွက် ငွေရှာချင်၍ဖြစ်လေသည်။ 


အဲတော့ ပိုက်ဆံမရရင် သူဘာလို့လုပ်နေရဦမှာပဲ...


လင်းဖေး ဤအကြောင်းကို တွေးပြီး သူ့လုပ်အားခ၏ ကျန်တစ်ဝက်က ရောက်မလာသေးဘူးလားဆိုသည်ကို အနည်းငယ် သိချင်နေခဲ့သည်။


ညနေစောင်းတွင် ဟိုတယ်သို့ပြန်လာပြီးနောက် ယင်းကိစ္စနှင့်ပတ်သက်၍ မေးရန်အတွက် လင်းလော့ချင်းဆီသို့ ထပ်မံသွားခဲ့သည်။


"ရတယ်လေ" 

လင်းလော့ချင်းက ပြုံးပြုံးလေးပြောသည်။ 

"ဒီနေ့နေ့လည်တုန်းက ရတာ"


လင်းဖေး စိတ်သက်သာရာ ရသွားသည်။


"ဒါဆို ပါးပါးကို ပေးမယ်... ဖြည်းဖြည်းချင်း သုံးလို့ရတယ်" 

သူ့လေသံမှာ ဂူဏ်ယူမှုအနည်းငယ်ရှိနေ၏။


"အိုကေဗျာ" 

လင်းလော့ချင်းက လင်းဖေးကို သူ်ပေါင်ပေါ်သို့ တင်လိုက်သည်။ 

"ရက်နည်းနည်းနေရင် အဝတ်အစား၊ မုန့်နဲ့ ပါးပါးအရင်ကဝယ်ဖို့ဝန်လေးခဲ့တဲ့ တခြားပစ္စည်းတွေဝယ်ဖို့ သားပေးခဲ့တဲ့ မုန့်ဖိုးတွေကို သုံးလိုက်မယ်နော်.


"ဟုတ်ကဲ့"

လင်းဖေး၏ အသံမှာ ဘာမှမထူးခြားသော်လည်း သူ့စိတ်ထဲတွင် အနည်းငယ်ပျော်နေသည်။


လင်းလော့ချင်း ကသူ့ကို ဖက်ပြီး အသဲယားစွာ ယမ်းလိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။

"ဒါပေမဲ့ ပါးပါးကိုပဲ မုန့်ဖိုးပေးပြီး သားဒယ်ဒီကိုကျ မပေးတာက မကောင်းဘူးလားလို့"


"သူသိရင် မနာလိုထပ်ဖြစ်ရင်ဖြစ်နေမှာ... သူ့ကို နည်းနည်းလောက် ပေးလိုက်ရအောင်လေ"


လင်းဖေး ဤပြဿနာကို မမျှော်လင့်ထားပေ။


သူအမြဲအမှတ်ရနေခဲ့သည်က ဤသည်မှာ လင်းလော့ချင်း နှင့် သူ၏သဘောတူညီချက်ဖြစ်သည်ဟုသာဖြစ်၏။ကျိယွီရှောင် နှင့် ဘာမှမဆိုင်ပေ။သို့ပေမဲ့ ယခုပြန်တွေးကြည့်သောအခါ ကျိယွီရှောင်က သူ့ကိုပစ္စည်းတွေကို ဝယ်ပေးပြီး မုန့်ဖိုးလည်းပေးသည်။ သာမာန်အခြေအနေများတွင် ကလေးများသည် လူနှစ်ယောက်၊ မိဘနှစ်ပါး၏ ပြုစုစောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာကြသဖြင့် သူတို့အရွယ်ရောက်လာသောအခါ လူနှစ်ယောက်ကိုထောက်ပံ့ရသည်။ထို့သို့ဖြစ်ရာ သူလည်း သူ့အဖေနှစ်ယောက်ကို အမှန်တကယ် ထောက်ပံ့သင့်သည်။


လင်းဖေးက ခေါင်းညိတ်လိုက်သည်။ "ဒါဆို တစ်ဝက်ကို ဒယ်ဒီ့ကို ပေးလိုက်ပါ"


"ဒါဆို သားသူ့ကိုသွားပြောချေလေ"

လင်းလော့ချင်းက ပြုံး၍ပြောသည်။ "သား သူ့ကို သွားပြောရင် သူ အရမ်းပျော်သွားမှာ...သူက သားကို အရမ်းသဘောကျတာလေ... ဒီအချိန်မှာ သူရုတ်တရက် သားဆီက မုန့်ဖိုးကို ရခဲ့မယ်ဆိုရင် တစ်ညလုံး ပျော်နေလိမ့်မယ်"


"ဒါပေမဲ့ သားမှာ ပိုက်ဆံမရှိဘူးလေ" 

လင်းဖေးက ရိုးရိုးသားသားပြောသည်။


လင်းလော့ချင်းက ကတ်တစ်ကတ်ကို ထုတ်ပြီး သူ့လက်ထဲကိူ ထည့်လိုက်သည်။ 

"ဒါကို သူ့ကို သွားပေးလိုက်နော်... ဒီနေ့ပေးလိုက်တဲ့ သားရဲဲ့လုပ်အားခ ဒီထဲမှာပါတယ်"


လင်းဖေး သူ့လက်ထဲက ဘဏ်ကတ်ကို ကြည့်လိုက်ပြီး အတော်လေး ဆန်းသစ်သည်ဟု ခံစားရ၏။


သူကငယ်သေးသဖြင့် ကိုယ်ပိုင်ဘဏ်ကတ် မရှိပေ။ သို့တိုင်၊ ငွေကို ဤကတ်တွင် သိမ်းဆည်းထားပြီး လိုအပ်သည့်အခါ ထုတ်ယူနိုင်ကြောင်း သူသိသည်။


"သူဘယ်မှာလဲ" 

လင်းဖေးက လင်းလော့ချင်းကို မေးသည်။


"ရုံးခန်းထဲမှာ...အတွင်းဆုံးအခန်း" 

လင်းလော့ချင်းက သူ့ခေါင်းကို ပွတ်လိုက်သည်။


လင်းဖေးက သူ့ပေါင်ပေါ်မှ ခုန်ဆင်းကာ အပြင်သို့ ထွက်သွားသည်။


လင်းလော့ချင်း သူ့နောက်ကျောကို အပြုံးမျက်နှာ နူးညံ့မူတို့ပြည့်သောမျက်လုံးများဖြင့် ကြည့်နေခဲ့သည်။


သေချာသည်ပင်၊ သူ လင်းဖေးကိုပေးခဲ့သည့်ကတ်က လင်းဖေး၏ လုပ်အားခကတ်မဟုတ်ဘဲ သူ့ကိုယ်ပိုင်ကတ်ဖြစ်၏။


လင်းဖေး သူ၏ပထမဆုံးအချိန်ပိုင်းအလုပ်မှရရှိသောလုပ်အားခကို သူမည်သို့သုံးစွဲရန် ဆန္ဒရှိပါမည်နည်း။ အားလုံးကို လင်းဖေးအတွက် အထူးကတ်တစ်ခုထဲတွင် သိမ်းဆည်းထားမည်ဖြစ်သည်။ သူက လင်းဖေး ကြီးပြင်းလာချိန်မှာ ၎င်းကို လင်းဖေးအတွက် စီးပွားရေးရန်ပုံငွေအဖြစ် သုံးရန်စီစဥ်ထားသည်။


ကျိယွီရှောင်အား သူ၏ကြည်နူးမှုကို နားလည်ခံစားစေချင်သောကြောင့် လင်းဖေး သူ့ဒယ်ဒီဆီ မုန့်ဖိုးပို့ပေးပြီး သူ့ဒယ်ဒီကိုလည်း ပျော်အောင်လုပ်နိုင်စေရန် သူ့ကတ်တွေထဲက တစ်ကတ်ကို ထုတ်ပေးလိုက်ခြင်းဖြစ်သည်။