Chapter 277
ကျိလဲ့ယွီ.. သူ့အဝတ်အစားတွေကို အရင်သွားလဲသည်။ သူ့အဝတ်အစားတွေက ဖူရှီနှင့်မတူပေ။လင်းလော့ချင်း ၎င်းတို့ကို ကြည့်ပြီး ၎င်းတို့က တောအုပ်ဆန်သည်ဟု ခံစားရသည်။ အဝတ်အစားက ဖြူစွတ်နေပြီး ပြောင်ဖြစ်လွန်းသည်။ထောင့်များတွင်သာ ရိုးရှင်းပြီး တောက်ပသော ရောင်စုံပုံစံအချို့ ရှိခဲ့သည်။၎င်းက ကျိလဲ့ယွီ၏ လှပသော မျက်နှာနှင့် ပေါင်းစပ်လိုက်သောအခါ သူက နတ်သားလေးလိုပါပင်။
စတိုင်လစ်က သူ့အတွက် ပန်းကုံးပင် လုပ်ပြီး သူ့ခေါင်းပေါ်မှာ တင်ထားသည်။ ယခု သူက နတ်သားလေးနှင့်မတူဘဲ နတ်သူငယ်လေးနှင့်တူသည်။
"အရမ်းလှတာပဲ"
လင်းလော့ချင်းက စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။
ကျိယွီရှောင်က သူ၏ ဖုန်းကို ထုတ်လိုက်ပြီး သူ့ပေါင်ပေ့လေး၏ ဓာတ်ပုံများကို စတင်ရိုက်နေပြီဖြစ်သည်။
ဒါရိုက်တာလီက ကျိလဲ့ယွီ၏ဇာတ်ရုပ်ကို မည်သို့ထည့်ရမည်ကို စဉ်းစားထားပြီးသားဖြစ်ပြီး ဒီဇိုင်နာကို သူ့အတွက် စတိုင်နှင့် အဝတ်အစားတွေကို ဒီဇိုင်းထုတ်ခိုင်းခဲ့သည်။ အဝတ်အစားဒီဇိုင်းပုံများကို ကြည့်ပြီး ကျိလဲ့ယွီ ဝတ်သည့်အခါ ကြည့်ကောင်းပြီး တက်ကြွသည့်ပုံစံလေးရှိနေမှာပဲဟုတွေးမိသည်။
သို့သော်၊ လူကိုယ်တိုင်မြင်လိုက်သည်နှင့် ဒါရိုက်တာလီသည် သူ၏စိတ်ကူးစိတ်သန်းက လက်တွေ့အစစ်အမှန်ရှေ့တွင် ပြောရန်ပင်မထိုက်တန်ကြောင်း တွေ့ရှိလိုက်ရသည်။
ဤသည်ကို မည်သို့ လှပသည်ဟုပဲ ရိုးရိုးရှင်းရှင်း ဖော်ပြ၍ဖြစ်ပါမည်နည်း။
ဤသည်မှာ ကမ္ဘာပေါ်ကို လမ်းမှားပြီးပြုတ်ကျလာသော နတ်သူငယ်လေးသာ ဖြစ်သည်။
၎င်းသည် မသေနိုင်မျိုးဆန်လွန်း၊အရှိန်အဝါကြီးလွန်းပြီး မျက်နှာပြင်အကြီးကြီးပေါ်တွင် ပေါ်လာရန် သင့်လျော်လွန်းသည်။
ရိုက်ကူးချိန်တွင် ကျိလဲ့ယွီ မည်မျှလှပနေမည်ကို ပုံဖော်နိုင်ပြီး ထိုမြင်ကွင်းကို ၎င်းတို့၏ စခရင်ဆေ့ဗာသို့မဟုတ် ပရိုဖိုင်ပုံအဖြစ် လူမည်မျှ အသုံးပြုကြမည်ကို စိတ်ကူးကြည့်နိုင်သည်။
"ရှောင်လင်း...မင်းရဲ့တူလေးကို မင်းလိုဖြစ်ခိုင်းဖို့ မစဉ်းစားချင်ဘူးလား" ဒါရိုက်တာလီက လင်းလော့ချင်းကို မေးလေ၏။
မင်းရဲ့ကလေးနှစ်ယောက်က တစ်ယောက်ထက်တစ်ယောက် ရုပ်ရှင်ရိုက်ဖို့ ပိုသင့်တော်ကြတယ်...မင်း တစ်ယောက်တော့ စဉ်းစားသင့်တယ်ကွာ...
မဟုတ်ရင် ပရိသတ်တွေအတွက် တကယ်ကို ဆုံးရှုံးမှုတစ်ခုပဲ...
သူ့အသွင်အပြင်ကိုပဲကြည့်...
လင်းလော့ချင်း သူတို့နှစ်ယောက်ကို ရုပ်ရှင်မရိုက်ခိုင်းဘဲ တကယ်သည်းခံနိုင်တယ်လား...
ဒါက ဖြုန်းတီးလွန်းတယ်...
လင်းလော့ချင်း သူ့စကားကို နားထောင်ပြီး ပြုံးလိုက်သည်။
"အဲဒါကို လောလောဆယ် မစဉ်းစားဘဲနေရအောင်"
"ဒါဆို ဘယ်တော့မှ စဉ်းစားမှာလဲ"
"တစ်ချိန်ကျ သူ အရွယ်ရောက်လာတဲ့အထိစောင့်... အခုချိန်မှာတော့ သူက ငယ်သေးလို့ စာသင်ဖို့ လိုတယ်... သူ အရွယ်ရောက်လို့ သရုပ်ဆောင်ချင်ရင် ကျွန်တော် ကန့်ကွက်မှာ မဟုတ်ဘူး... သူမလုပ်ချင်ရင်လည်း သူမကြိုက်တဲ့အရာတစ်ခုကို လုပ်ခိုင်းစရာမလိုဘူး"
လင်းလော့ချင်းက တည်ငြိမ်စွာဖြေသည်။
ကျိလဲ့ယွီပဲဖြစ်စေ လင်းဖေးပဲဖြစ်စေ သူတို့နှစ်ယောက်လုံးက ငယ်လွန်းသည်။ ထိုကဲ့သို့သောအရွယ် ကလေးများဖြစ်က ၎င်းတို့၏ အမြင် သုံးခုကို မသတ်မှတ်ထားရသေးပေ။ သူတို့သည် အကြောင်း အရာများစွာနှင့် ဘယ်ဟာက အမှားဘယ်ဟာကအမှန်ဖြစ်သည်ကို လေ့လာရင်း စူးစမ်းလေ့လာနေကြဆဲဖြစ်သည်။ ရိုက်ကူးရေးက စာလုပ်ချိန်ကိုဖဲ့ယူရမှာဖြစ်သဖြင့် လုံးဝမစဉ်းစားထားပေ။
လင်းဖေးနှင့် ယှဉ်လျှင် ကျိလဲ့ယွီက ဖျော်ဖြေရေးနယ်ပယ်မှာ တိုးတက်ရန် ပိုမသင့်တော်သေးသည်။
သူ့စရိုက်က ပိုလွန်ကဲပြီး ကိုယ်ကျင့်တရားနှင့် တရားဥပဒေကို ဂရုမစိုက်ပေ။သူ့နှလုံးသားထဲက ပေတံကို ဖြောင့်ဖြောင့်တန်းတန်းထားနိုင်ရေးအတွက် ပိုသင်ယူရန်နှင့် ပညာသင်ရန် လိုလေသည်။
ဒါရိုက်တာလီက သူ့စကားကိုကြားသောအခါ ခေါင်းညိတ်လိုက်၏။
"မှန်တယ်... ဒါပေမဲ့ ဆောင်းရာသီနဲ့ နွေရာသီ အားလပ်ရက်တွေမှာတော့ အခွင့်အရေးရရင် သူတို့ကို ဇာတ်လမ်းတချို့ ရိုက်ခွင့်ပေးလိုက်ပါ"
"ကြည့်ကြည့်မှာပါ"
လင်းလော့ချင်းက ပြုံးပြသည်။
သင့်တော်သည့် အခွင့်အလမ်းတစ်ခုရှိပြီး လင်းဖေး သို့မဟုတ် ကျိလဲ့ယွီက ဆန္ဒရှိခဲ့မည်ဆိုလျှင် မဖြစ်နိုင်စရာအကြောင့်မရှိပါချေ။
သူတို့ စိတ်မဝင်စားတော့လျှင်မူ မလိုအပ်ပါချေ။
မည်သို့ပင်ဖြစ်စေ သူနှင့် ကျိယွီရှောင် နှစ်ယောက်လုံးက ပိုက်ဆံချို့တဲ့မနေပေ။ကလေးတွေအနေဖြင့် အလုပ်လုပ်ပြီးပိုက်ဆံရာရန် အမှန်တကယ် မလိုအပ်ပါချေ။
သူတို့ ကြိုက်၏မကြိုက်၏က ဤကိစ္စကို တိုင်းတာရန် တစ်ခုတည်းသောစံသတ်မှတ်ချက်ဖြစ်သည်။
ကျိလဲ့ယွီ ဝတ်စုံကို စမ်းဝတ်ကြည့်ပြီးနောက် ဒါရိုက်တာလီက မနက်ဖြန်မှာ သူရိုက်ရမည့် အခန်းအကြောင်း ပြောပြသည်။
ဤဇာတ်ဝင်ခန်းက ရုပ်ရှင်ပြီးခါနီးမှာဖြစ်၏။
မူရင်းဇာတ်ညွှန်းတွင် လုမင်၊ရှန်းဝမ်နှင့် ဖူရှီတို့သည် အနောက်ဘက်သို့ ခရီးထွက်ပြီးနောက် သူတို့၏ခရီးပန်းတိုင်ဖြစ်သော အနောက်မြောက်ဘက်ရှိ ရွာငယ်လေးတစ်ရွာသို့ရောက်ရှိပြီးရောက်ရှိခဲ့သည်။
ဤနေရာသည် ငယ်ငယ်က ဖူရီနှင့် ခရီးထွက်ရန် ချိန်းထားသည့်နေရာဖြစ်သည်။ ထိုအချိန်တုန်းက ဖူရီက ကျပန်းဂိမ်းတစ်ခုတွင် ဤနေရာကို မတော်တဆရွေးချယ်ခဲ့သည်။ကိုယ့်ကားကိုယ်မောင်းသွားရမည့် ခရီးစဉ်အတွက် ဘာဝယ်ရမလဲဆိုသည်ကိုပင် သဘောတူခဲ့ကြ၏။ သို့သော်လည်း နောက်ပိုင်းတွင် သူတို့သည် စိတ်ဝမ်းကွဲပြားကာ လမ်းခွဲခဲ့ကြပြီး သဘောတူညီချက်ကို ဘယ်တော့မှ မပြီးမြောက်ခဲ့ကြပေ။
ဖူရီ မသေဆုံးမီတွင် သူမအစား လုမင် နှင့် ရှန်းဝမ်တို့နှင့်အတူ ဤနေရာကို သွားသင့်သည်ဟု ဖူရှီကိုပြောခဲ့သည်။ သူမ မမြင်လိုက်ရသည့် ရှုခင်းတွေကို ကြည့်ရပြီး သူတို့အား ကိုယ့်ရှေ့မှာရှိနေသည့် လူတွေကို တန်ဖိုးထားရန်၊ ကံကြမ္မာကို တန်ဖိုးထားရန်၊ ရှက်ရမှာစိုးသည့်အတွက်ကြောင့်နှင့် သူတို့၏ဆွေမျိုးတွေ သို့မဟုတ် သူငယ်ချင်းတွေကို လွမ်းဆွတ်မနေရန် ပြောခိုင်းပြီး သူတို့ မသေခင်မှာ နောင်တရအောင်လုပ်ပေးရန် သူ့ကိုခိုင်းခဲ့သည်။
"အဲဒီကိုရောက်ရင် သစ်ပင်တွေ ရှိ၊ မရှိ ကြည့် ... ရှိရင် ငါ့အတွက် အကြီးဆုံးသစ်ပင်ကို သွားကြည့်ပါ...မရှိရင် ငါ့အတွက် သစ်ပင်တစ်ပင်စိုက်ပေးပါ"
အဝါရောင်သဲတွေနှင့် ပြည့်နေသည့် သဲကန္တာရထဲမှာ သစ်ပင်တွေက အတောက်ပဆုံးအရောင်နှင့်မျှော်လင့်ချက်တွေဖြစ်၏။ဖြစ်နိုင်လျှင် သူမသားလေး မျှော်လင့်ချက်တွေ တောက်ပပြီး အရောင်တွေပြည့်နေသည့် သစ်ပင်တစ်ပင်လို ထာဝစဉ်အသက်ရှင်နိုင်ရန် သူမမျှော်လင့်ခဲ့သည်။
ဤသည်က ဖူရှီအပေါ်ထားသည့် သူမ၏မျှော်လင့်ချက်နှင့် ဖူရှီအပေါ်မှာထားသည့် သူမ၏အချစ်ပါပင်။
သူမက နူးညံ့သော အပြုံးဖြင့် သူမသားကို ကြည့်ပြီးပြောခဲ့သည်။
"သား အနာဂတ်မှာ ရှုခင်းတွေ အများကြီးကို့ကြည့်ပြီး နေရာအများကြီး သွားပါ...ဘယ်သူနဲ့တွေ့တွေ့ ဘာပဲဖြစ်ဖြစ်၊ အမေက မင်းကို အမြဲတမ်း အရောင်အသွေးစုံတဲ့ဘဝနဲ့ နေနိုင်မယ်လို့ မျှော်လင့်တယ်...ရှောင်ရှီ နောက်ဘဝမှာလည်း အမေ သားရဲ့အမေပဲဖြစ်ချင်တယ်"
ဖူရှီက သစ်ပင်များစွာကို တစ်ပင်ပြီးတစ်ပင်ကြည့်ခဲ့ပြီး ဤနေရာရှိ အကြီးဆုံးသစ်ပင်၏တည်နေရာကို ရွာရှိလူများအား မေးမြန်းခဲ့သည်။
အဘိုးအိုတစ်ယောက်က "ရှေ့ကတောင်ပေါ်မှာ"ဟု ပြောပြီး သူတို့ကိုခေါ်သွားခဲ့သည်။
အမှန်ပင် အလွန်ကြီးမားသော သစ်ပင်ကြီးတစ်ပင်ဖြစ်ခဲသည်။ဖူရှီက လုမင် နှင့် ရှန်းဝမ် တို့နှင့်အတူ သူ့ရှေ့ရှိ ရှေးဟောင်းသစ်ပင်ကို လှမ်းကြည့်လိုက်သည်။
အဘိုးအိုက သူ့ဘေးမှာ ရပ်နေပြီး နေက အနောက်အရပ်သို့ ဝင်နေသည်။အဘိုးအိုက ဆည်ဆာနေဝင်ချိန်ကိုလည်ပြန်ကာကြည့်နေသည်။သူက တဖြည်းဖြည်း ဝင်နေသော နေကဲ့သို့ တောင်ကြီးနောက်ကွယ်ရှိ ကမ္ဘာကြီးထဲသို့ နစ်မြုပ်တော့မှာဖြစ်လေသည်။
ထိုအချိန်တွင် သူ့ဘေးမှ ဖူရှီက မျှော်လင့်ချက်အပြည့်ဖြင့် ဆက်လက်ကြီးထွားနေပေလိမ့်မည်။
မျှော်လင့်ချက်တစ်ခု၏ ပြိုလဲခြင်းနှင့် အခြားတစ်ခုမွေးဖွားခြင်း။
ဤဇာတ်ဝင်ခန်း၏အစတွင်၊ ဇာတ်ညွှန်းရေးဆရာက ဘဝသံသရာ၏မျှော်လင့်ချက်ကို ထင်ဟပ်စေရန် အဘိုးအိုတစ်ဦး၏ပုံရိပ်ကို ရွေးချယ်ခဲ့သည်။ဖူရှီ၏ဘေးတွင်ရပ်နေသော အဖိုးအိုက နေဝင်ချိန်ကို အာရုံစိုက်နေချိန်တွင် ဖူရှီက သူ့ရှေ့ရှိသစ်ပင်ကိုသာ ကြည့်နေသည်။
သူသည် မျှော်လင့်ချက်အသစ်၊ ရဲရင့်သောအနာဂတ်ဖြစ်ပေသည်။
ယခု သူ ဒါရိုက်တာလီနှင့် စကားပြောပြီးနောက် ဇာတ်ညွှန်းရေးဆရာက ကလေးအဖြစ် ပြောင်းလိုက်သည်။
အဘိုးအို၏မြေးဖြစ်သူက ရှေးဟောင်းသစ်ပင်ကိုကြည့်ရန် ခေါ်သွားခြင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူက ဖူရှီကို ဦးဆောင်ကာ ဖူရှီဘေးနားတွင်ရပ်၍ သူနှင့်အတူ သစ်ပင်ကို ကြည့်နေသည်။
ကလေးတစ်ယောက်သည် မျှော်လင့်ချက်၏ သင်္ကေတထက်ကိုပို၏။နေဝင်ချိန်နေမင်း၏ နေဝင်ဆည်းဆာအလင်းဖြင့် လွှမ်းခြုံခံထားရသော်လည်း သူ၏ အသက်ဝင်တက်ကြွမှုနှင့်ခမ်းနားတောက်ပမှုကို ဖုံးကွယ်ထား၍မရပါချေ။
သူက အားမန်ပြည့်ဝစွာကြီးထွားလာနေသဖြင့် သူ့အနောက်ရှိ နေဝင်ချိန်ကပင် မနက်ခင်း၏ အလင်းရောင်ဟု ထင်ရလောက်အောင်ပင်။
ဤဇာတ်ဝင်၏ရည်ရွယ်ချက်အရ၊ ဘဝသစ်မျှော်လင့်ချက်၏ ကွဲပြားသောအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ခံစားနိုင်သည်။
ကြော်ငြာကဏ္ဍများတွင် ပရိသတ်က ဆံပင်ဖြူ အဘိုးကြီးထက် လှပပြီး နူးညံ့သိမ်မွေ့သော ကလေးတစ်ဦးကို ကြည့်ရှုလိုကြမည်မှာ ထင်ရှားလေသည်။
ဒါရိုက်တာလီက ရင့်ကျက်သော စီးပွားရေးရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သည်။ တူညီသည့် အကျိုးသက်ရောက်မှုတွေ ရှိသည့်အတူတူ ပရိသတ်၏ အချစ်ကို ရအောင်ယူနိုင်ပြီး ငွေပိုရှာနိုင်သည့်သူကို ရွေးချယ်မှာ ဖြစ်၏။
ဇာတ်ဝင်ခန်းအခင်းအကျင်းမှာကား အပြောင်းအလဲ ကြီးကြီးမားမားမရှိပါချေ။လင်းလော့ချင်း၊ဝမ်ကျစ်မင် နှင့် ဟို့ဝမ်ယွီတို့၏ လိုင်းများသည် အနည်းငယ်မျှသာ ပြောင်းလဲသွားပြီး ကျိလဲ့ယွီတွင် လိုင်းအနည်းငယ်သာရှိသည်။ ထို့ကြောင့် သူတို့အားလုံးမှာ ကန့်ကွက်စရာမရှိပေ။သူတို့၏မိတ်ကပ်ကို စမ်းသပ်ပြီးနောက် ဤအခန်းကို ပထမဆုံးရိုက်ကူးရန် အဆင်သင့်ဖြစ်နေပေပြီ။
ဒါရိုက်တာလီက ဤအခန်းအတွက် သင့်တော်မည့်နေရာကို ရွေးထားပြီးသားဖြစ်၏။သူကသဘာဝအတိုင်း တကယ်ကြီး ရွာကို သွားမှာမဟုတ်ပါချေ။ရွာတစ်ရွာကို ရှာရလွယ်သော်လည်း ရိုက်ကူးရေးအခြေအနေများနှင့် ကိုက်ညီသော သစ်ပင်အိုများနှင့် နေဝင်ချိန်နောက်ခံကို ရှာတွေ့ရန် မလွယ်ကူပေ။
ထို့ကြောင့် ဒါရိုက်တာလီက လူကြိုက်မများသော ရှုခင်းသာနေရာကို ရွေးချယ်ခဲ့သည်။
ကျိလဲ့ယွီက ရှုခင်းသာနေရာဖြစ်သည်ကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် ပျော်ရွှင်လာသည်။
"သွားကစားကြမှာလားဟင်"
"ပါးပါးတို့က အလုပ်သွားလုပ်မှာလေ"
လင်းလော့ချင်းက ပြုံးပြုံးလေး ပြောသည်။
"ဒါပေမဲ့ သားကစားချင်ရင် ရုပ်ရှင်ရိုက်ပြီးရင် ကစားလို့ရတယ်"
"အိုကေ"
သူက သူ့ကျောင်းလွယ်အိတ်လေးကို ထုပ်ပိုးရန် ဝမ်းသာအားရ ပြေးသွားသည်။
သူ၏ စိတ်လှုပ်ရှားနေသောပုံစံကို မြင်ပြီး ကျိယွီရှောင်က ရယ်လိုက်၏။
"မင်းတို့တွေ ရွာလေးတစ်ရွာကို ရုပ်ရှင်ရိုက်ဖို့ တကယ်ရှာလိမ့်မယ်လို့ ငါထင်ခဲ့တာ"
"တကယ်တော့ ရွာငယ်လေးတစ်ရွာကို ရှာတွေနိုင်ပေမဲ့ အဓိကရှုခင်းကို ရှာမတွေ့နိုင်ဘူးလေ... ဒါရိုက်တာ လိုချင်တဲ့အတိုင်း ဇာတ်ကွက်ကို ငါတို့ ရိုက်ကူးနိုင်မှာ မဟုတ်ဘူး"
သူက ကျိယွီရှောင်ကို ကြည့်လိုက်သည်။
"ပြီးတော့ ဒါကအတော်ပဲလေ...ငါတို့ အတူတူ အပြင် ထွက်မလည်ဖူးဘူး... အခုတစ်ခေါက်တော့ သွားလို့ရပြီ"
"အိုကေ"
ကျိယွီရှောင် ပြန်ဖြေသည်။
ကျိလဲ့ယွီ နှင့် လင်းဖေး တို့သည် ၎င်းတို့၏ ကျောင်းလွယ်အိတ်ငယ်လေးများကို ထုပ်ပိုးပြီး သရေစာများနှင့် ဒိန်ချဉ်များစွာကို ဝယ်ယူကြသည်။
လင်းလော့ချင်းက သူတို့နှစ်ဦးအတွက် အဝတ်အစားထူထူအချို့ ယူလာခဲ့သည်။ နွေရာသီဖြစ်ပေမဲ့ တောင်တွေပေါ်မှာ အေးနိုင်၏။ကျိလဲ့ယွီနှင့် လင်းဖေး အအေးမိမှာ သူစိုးသည်။
သူတို့လေးယောက် တစ်ညတာ အနားယူကြသည်။ ထို့နောက် နောက်တစ်နေ့ နံနက်စောစောတွင် သူတို့သည် ရိုက်ကူးရေးအဖွဲ့၏ ကားပေါ်သို့ တက်ကြသည်။
လင်းလော့ချင်း အစက ဂရုစိုက်ရလွယ်စေရန် ကျိယွိရှောင်နှင့် ကျိလဲ့ယွီကို အတးတူထိုင်စေလိုသော်လည်း ကျိလဲ့ယွီက ဘာမပြောညာမပြောနှင့် ကျိယွီရှောင်ကို လင်းလော့ချင်းဘက်သို့ တွန်းပို့သွားခဲ့သည်။
"ဒယ်ဒီ ရှုရှုနဲ့ တူတူထိုင်"
ဟု သူက ပြောပြီး လင်းဖေးကို လှမ်းဆွဲလိုက်သည်။
"သား ကိုကိုနဲ့ထိုင်မယ်"
လင်းလော့ချင်း နှင့် ကျိယွီရှောင် တို့ ခဏလောက် ရယ်ရမလား ငိုရမလား မသိဖြစ်သွားခဲ့၏။
"မင်းသတိထားမိလား... တစ်ခုခုလုပ်တိုင်း သူက ငါတို့ကို တွဲချည်ထားချင်ပုံရတယ်"
လင်းလော့ချင်းက တိုးတိုးလေးပြောလိုက်သည်။
သေချာသည်ပင်၊ကျိယွီရှောင် သတိထားမိခဲ့သည်။သူက တမင်တကာပြောလိုက်၏။
"ဘာလို့လဲ... မင်းက ငါ့နဲ့ တွဲချည်ခံထားရတာကို မကျေနပ်ဘူးလား"
လင်းလော့ချင်း: "……"
"ငါ့ကို ဘဲခေါင်းလို့ မခေါ်တာ ကျေးဇူးတင်ပါတယ်"
ကျိယွီရှောင်က ပြုံးပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။
"ပြန်ရောက်ရင် ဘဲခေါင်းအစပ်စားဖို့ ဖိတ်လိုက်မယ်"
လင်းလော့ချင်းက ပြုံးပြီး ပြတင်းပေါက်အပြင်ဘက် ရှုခင်းကို လှည့်ကြည့်လိုက်သည်။ သူ့လက်က ကျိယွီရှောင်၏လက်ကို တိတ်တဆိတ် ဆုပ်ကိုင်ထားပြီး ၎င်းတို့၏ လက်ချောင်းများကို ယှက်ထားသည်။ သူ့မျက်နှာပေါ်ရှိ အပြုံးက ရေကဲ့သို့ နူးညံ့နေခဲ့၏။
ဤတစ်ခေါက် ရိုက်ကူးရေးနေရာက အနည်းငယ်ဝေးပြီး ထိုနေရာကို ကားမောင်းသွားလျှင် သုံးနာရီလောက်ကြာသည်။လင်းလော့ချင်း အစောကြီးထခဲ့ရပြီး အိပ်ရေးမဝခဲ့ပေ။ ကားထဲမှာ ခဏထိုင်ပြီးသည်နှင့် သူ့မျက်ခွံတွေက ခွာရခက်လာသည်ကို တဖြည်းဖြည်းခံစားမိသည်။
ခလုတ်ခချိုင့်များ ပေါများသည့် လမ်းတစ်လျှောက်တွင် သူ မထိန်းနိုင်ဘဲ မျက်လုံးတို့မှေးစင်းကာ ခေါင်းကစောင်းကျလာခဲ့ပြီး..နောက်ဆုံးတွင် သူ ကျိယွီရှောင်၏ ပခုံးကို မှီလိုက်သည်။
ကျိယွီရှောင်က သူ့ကို ငုံ့ကြည့်ရင်း ပိုသက်တောင့်သက်သာ အိပ်ပျော်အောင်
ခေါင်းကိုတည့်ပေးလိုက်သည်။
ကျိလဲ့ယွီက ပြတင်းပေါက်ကို မှီပြီး အပြင်ကို ကြည့်နေသည်။ သူ တစ်ခါမှ မမြင်ဖူးသော ရှုခင်းကို မြင်ပြီး ကျိယွီရှောင်အား ပြောပြရန် ခေါင်းကို လှည့်လိုက်ရာ ကျိယွီရှောင်က နှုတ်ခမ်းပေါ် လက်ညိုးတင်ကာ လင်းလော့ချင်းကို ညွှန်ပြသည်ကို မြင်လိုက်ရသည်။
ကျိလဲ့ယွီ ချက်ချင်းဆိုသလို သူ့ပါးစပ်လေးကို အုပ်လိုက်ပြီး ခေါင်းကို တိတ်တိတ်လေး ပြန်လှည့်လိုက်၏။
သူက လင်းဖေးကို တိုးတိုးလေးပြောလိုက်သည်။
"ရှုရှု အိပ်ပျော်နေတယ်"
လင်းဖေး လင်းလော့ချင်းကို ကြည့်လိုက်သည်။အဟုတ်ပင်၊လင်းလော့ချင်းက မျက်လုံးတွေကိုမှိတ်ထားရင်း အိပ်ပျော်နေခဲ့၏။
လင်းဖေး သူ ဤကဲ့သို့ အိပ်သည်ကို မမြင်ဖူးသဖြင့် နောက်ထပ် အနည်းငယ် လှမ်းကြည့်လိုက်သည်။ 'သူပြုတ်မကျဘူးလား' ဟု စိတ်ထဲတွင် တွေးနေမိသည်။
သူအနည်းငယ်စိုးရိမ်သွားပြီး ကျိယွီရှောင်ကိုမေးလိုက်သည်။
"သူပြုတ်ကျမှာလား"
သူ့အသံက လင်းလော့ချင်းကို အနှောက်အယှက်ဖြစ်စေမှာကို ကြောက်နေသလိုမျိုး သေးသေးလေးဖြစ်၏။
ကျိယွီရှောင်က ပြုံးပြီး လက်ဆန့်ကာ သူ့ခေါင်းကို ပွတ်ပေးရင်းပြန်ဖြေသည်။ "မဟုတ်ဘူး...ရှုရှု သူ့ကို ကာပေးထားမှာ"
လင်းဖေး စိတ်သက်သာရာ ရသွားသည်။သူက ခေါင်းကို နောက်ပြန်လှည့်ပြီး ထိုင်ခုံကို မှီနေလိုက်သည်။
သူတို့နောက်မှာထိုင်ရင်း ကျိယွီရှောင်နှင့် လင်းဖေးတို့၏ အပြန်အလှန်ဆက်ဆံရေးကို ဝမ်ကျစ်မင် မြင်လိုက်ရသည်။ ထို့နောက် ကျိယွီရှောင်၏ပခုံးပေါ်ရှိ လင်းလော့ချင်းကိုကြည့်ကာ ဂိမ်းကစားနေသည့် ဟို့ဝမ်ယွီကို လှမ်းတို့လိုက်သည်။ သူက အသံကိုနှိမ့်ကာဆိုလိုက်၏။
"မင်းထင်လား..."
ဟို့ဝမ်ယွီ: ???
ဘာကိုထင်တာလဲ...
ဝမ်ကျစ်မင်က အသံကို လျှော့လိုက်သည်။
"လော့ချင်းနဲ့ သူ့အစ်ကိုက သာမန်ညီအကိုတွေလို မရိုးရှင်းဘူး"
"သူတို့က သာမာန်ညီအကိုတွေမှ မဟုတ်တာ"
ဟို့ဝမ်ယွီ လင်းလော့ချင်းကို ကြည့်လိုက်သည်။
"လော့ချင်းက သူ့ထက်ငယ်လို့ အစ်ကိုလို့ခေါ်တာလို့ ပြောခဲ့တယ်မဟုတ်ဘူးလား"
"ဒါဆို သူတို့နှစ်ယောက်ကို အခု ကြည့်လိုက်...ကျိယွီရှောင် တကယ်ပဲ သူ့အစ်ကိုကြီးဖြစ်ချင်နေတာလား ဒါမှမဟုတ် ချစ်ရတဲ့ကိုကိုဖြစ်ချင်နေတာလား"
ဟို့ဝမ်ယွီ:!!!
ဟို့ဝမ်ယွီ ၎င်းကို လေးလေးနက်နက် ကြည့်လိုက်သည်။ ဤလူနှစ်ယောက်ကြားက ရင်းနှီးမှုအကြောင်းကို သူတွေးပြီး အမှန်တရားကို သူ ဖျက်ခနဲမြင်လိုက်ရသလိုမျိုး ချက်ချင်းခံစားလိုက်ရသည်။
"အဲဒါ...ချစ်ရတဲ့ကိုကိုဖြစ်ပုံရတယ်"
"အေး"
ဝမ်ကျစ်မင်လည်း ထိုသို့ထင်သည်။
"သူတို့နှစ်ယောက် ဖေးဖေး နဲ့ ရှောင်ယွီနဲ့ အတူရှိနေချိန်က ခံစားချက်ရောပဲ... မိသားစုလေးယောက်နဲ့တူပြီး ငါတို့အိမ်ထက် ပိုနွေးထွေးတယ်"
ဝမ်ကျစ်မင်က ခေါင်းညိတ်လိုက်သည်။
ဟုတ်တယ်၊ ဒါက မှန်တယ်...
သူလည်း ထိုကဲ့သို့ ခံစားရသည်။ သူတို့နားက ဖြတ်သွားတိုင်း သူ့ကိုယ်သူ အပြင်လူတစ်ယောက်လို ခံစားရပြီး မိသားစုလေးယောက်၏ သဟဇာတဖြစ်မှုလေး ပျက်ပြားသွားမှာစိုး၍ စကားသွားပြောရန်ပင် ရှက်နေမိသည်။
ဒါပေမဲ့…
"ရှောင်ယွီက ကျိယွီရှောင်ကို ဒယ်ဒီလို့ ခေါ်တယ်...ကျိယွီရှောင်က လက်ထပ်ပြီးသားပဲဖြစ်ရမယ် ဟုတ်တယ်မလား"
"အဲဒါက သေချာပေါက်ရယ် မဟုတ်ဘူး... ရှောင်ယွီက လော့ချင်းကို 'ရှုရှု' လို့ ခေါ်ပေမဲ့ သူတို့က သွေးသားတော်စပ်မှု မရှိဘူးလေ"
မှန်သလိုပဲ...
ဟို့ဝမ်ယွီ ရုတ်တရက် သူ့တူနှင့် တူသမက်ကို ကြည့်နေသော ဦးလေးတစ်ယောက် ဖြစ်လာသည်။ ပိုကြည့်လေ ပိုကျေနပ်လေပါပင်။
"ရပါတယ် သူက မဆိုးပါဘူး...လော့ချင်းနဲ့လိုက်တယ်"
"စကားပြောတဲ့အခါ တော်တော်ယဉ်ကျေးတယ်...မာနကြီးတာ၊ မောက်မာတာမျိုး မရှိဘူး"
ဝမ်ကျစ်မင်ကလည်း ဆိုသည်။
"အရမ်းကောင်းတယ်... ကလေးနှစ်ယောက်ကြားက ဆက်ဆံရေးကတောင် ကောင်းတယ်"
"လော့ချင်းက သူ့ကို ကြိုက်လားမကြိုက်လားပဲ မသိတာ"
"သူကြိုက်လောက်တယ်... မဟုတ်ရင် ကျိယွီရှောင်ပေါ်မှာ သူ ဘယ်လိုလုပ် ကောင်းကောင်း အိပ်နိုင်မှာလဲ"
ဝမ်ကျစ်မင်က ခေါင်းညိတ်သည်။
"ငါလည်း အဲလိုပဲထင်တယ်"
ဪ...သူ့တူလေးနဲ့တူသမက် ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ မသိဘူး...
အတူနေနေကြပြီလား...
အတူနေဖို့ အဆင်သင့်ဖြစ်ပြီလား...
သူတို့ ဘယ်တုန်းက ဆုံကြတာလဲ...
တရားဝင်ဖွင့်ပြမှာလား...
သူ့ရဲ့ကျော်ကြားမှုနဲ့ဆို သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို တရားဝင် ထုတ်ပြပြီးတဲ့
အခါကျရင် အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတဲ့ မြင်ကွင်းတစ်ခု ရှိကိုရှိလာမှာပဲ...
ဝမ်ကျစ်မင် ၎င်းကို တွေးပြီး Weibo၏ ပရိုဂရမ်မာတွေအတွက် တိတ်တဆိတ် စိတ်မကောင်းဖြစ်သွားမိသည်။
Weiboက သနားစရာကောင်းသည့်အဆင့်အထိ ပြိုလဲသွားလိမ့်မည်ဆိုသည်ကို သာမန်မျက်စိနှင်ပင် မြင်နိုင်၏။