အပိုင်း ၂၈၁
Viewers 87k

Chapter 281




“ဒါပေမယ့် သူက ငါတို့နှစ်ယောက်လုံးကို ညီတူဆက်ဆံပါတယ် …”


လင်းလော့ချင်း သူ့မေးကို မော့စေလိုက်သည်။ “ဘာလို့လဲ … မင်း မကျေနပ်ဘူးလား ..”


ကျိယွီရှောင်က လက်မောင်းဖြင့် သူ့ကို ဖက်လိုက်၏။ “ဘယ်ကသာ … ကိုယ်က ဂုဏ်ယူနေတာ …” 


လင်းလော့ချင်းက ကျိလဲ့ယွီ သူ့အား မုန့်ဖိုးပေးမည်ဟု တွေးရင်း ပျော်ရွှင်နေ၏။ 


မုန့်ဖိုးကြောင့် ပျော်နေခြင်းမဟုတ်ပဲ သူ့အပေါ် ထားရှိသော ကျိလဲ့ယွီ၏ အချစ်နှင့် ယုံကြည်မှုကြောင့်သာ ဖြစ်သည်။ 


အဆုံးသတ်တွင် သူက ကျိလဲ့ယွီနှင့် အကြာကြီး အတူတကွ ရှိခဲ့ကာ ရိုးသားစွာ အားစိုက်ထားခဲ့သည်။ ထို့ကြောင့် ကျိလဲ့ယွီ၏ နှစ်သက်မှုကို သူ မျှော်လင့်သည်မှာ သဘာဝကျ၏။ 


ကျိလဲ့ယွီအနေဖြင့် ကျိယွီရှောင်ကို ချစ်သကဲ့သို့ သူ့ကို ချစ်ရန်မလိုချေ။ နှစ်သက်ပေးရုံနှင့်ပင် တော်လှချေပြီ။


ထိုမျှော်လင့်ချက်လေးကြောင့် လင်းလော့ချင်း ရိုက်ကူးရေး၌ ပိုမိုအားတက်လာ၏။ 


ကျိလဲ့ယွီ၏ ရိုက်ကွင်းများက အဆုံးမသတ်သေးချေ။ နောက်တစ်နေ့တွင် ဒါရိုက်တာက နေမဝင်သေးသည်ကို အခွင့်ကောင်းယူလျှက် လျှို့မင်၊ ရှန်းဝမ်၊ ဖူရှီတို့နှင့်အတူ ရွာထဲသို့ဝင်၍ ဖူရီနှင့် သစ်ပင်အကြောင်း မေးသည့် ရိုက်ကွင်းကို ရိုက်လိုက်သည်။ 


ဒါရိုက်တာလီက ကျိလဲ့ယွီအား သူနှင့်လိုက်ပါလေ့လာရန် ပြော၏။ ကျိလဲ့ယွီက မျက်တောင်ခတ်လိုက်ရင်း သူ့အရှေ့ရှိ အဘိုးအိုကို ကြည့်လိုက်သည်။ အဖိုးအိုက သူ့အား ကြင်နာစွာ ပြန်ကြည့်လာ၏။


ဤကလေးမှာ အလွန်ကြည့်ကောင်းလှသည်။ အဖိုးအိုက ထိုကဲ့သို့ လှပသော ကလေးကို မမြင်ဖူးခဲ့ချေ။ သူ၏ မသိစိတ်က ကလေးအပေါ် ချစ်မိသွားကာ ကျိလဲ့ယွီအား မေးလိုက်သည်။ “ချိုချဉ်စားမလား …”


ကျိလဲ့ယွီခေါင်းယမ်းကာ သူ့အား နာခံစွာဖြင့် ဖိုးဖိုးဟု ခေါ်လိုက်၏။ 


အဖိုးအိုက ပျော်ရွှင်သွားကာ သူ့ခေါင်းလေးကို ထိလိုက်သည်။ 



ဒါရိုက်တာက ရိုက်ကူးရေးအကြောင်း အဖိုးအိုအား ပြောပြလိုက်သည်။ ရိုက်ကွင်းမှာ ရိုးရှင်းလှ၏။ သူက ပန်းခွေတစ်ခွေ ပြုလုပ်ခဲ့ပြီးနောက် မြေးဖြစ်သူ ရှောင်ရှီနှင့်အတူ ခြံဝန်းအတွင်း လမ်းလျှောက်နေသကဲ့သို့ သရုပ်ဆောင်ရမှာ ဖြစ်သည်။ ထို့နောက “အကြီးဆုံးသစ်ပင်က ဘယ်နားမှာလဲ” ဟု တစ်စုံတစ်ဦးက သူ့ကိုမေးလာလိမ့်မည်။ အဖိုးအိုက ကောင်းစွာ မကြားလိုက်သော်ငြား ရှောင်ရှီကမူ ခေါင်းမော့ကာ အော်လိုက်သည်။


 “သားသိတယ် …"


ရှန်းဝမ်တို့အုပ်စု ချက်ချင်းရောက်လာကာ တစ်စုံတစ်ဦးကို ရှာရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောလိမ့်မည်။ တစ်ဖက်လူက သူမသည် အကြီးဆုံးသစ်ပင်အောက်၌ ရှိနေမည်ဟု သဲလွန်စပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် သူတို့အား လမ်းပြစေချင်ကြောင်း ပြောမှာဖြစ်၏။ 


ရှောင်ရှီက အပြုအမူကောင်းမွန်ကာ လိမ်မာသည့်အလျောက် ကူညီပေးရန် သဘောတူလိုက်သည်။ 


သူက သူ၏ ဦးခေါင်းပေါ် ပန်းခွေလေးတင်ပေးခဲ့သည့် အဖိုးအိုအား ဂရုစိုက်ရန်မှာကြားမည်။ ထို့နောက် ကြည့်ကောင်းသော ဖူရှီအား ဦးဆောင်၍ ခေါ်သွားမှာဖြစ်သည်။ 


ကားနှင့်ကားသော့များက အဖိုးအို၏ အိမ်၌ ထားခဲ့ကြသည်။ ရွာထဲရှိ လူအားလုံးက ရှောင်ရှီကို သိကြရာ အဖိုးအိုက သူ့အတွက် မစိုးရိမ်ခဲ့ချေ။ သူက ခြံဝန်းထဲတွင်ထိုင်ရင်း သူတို့အပြန်ကို စောင့်နေပေလိမ့်မည်။ 


ဒါရိုက်တာလီက အဖိုးအိုနှင့် ကျိလဲ့ယွီအား အတူတကွ ရိုက်ကူးမှာဖြစ်၏။ ကျိလဲ့ယွီက ပြဿနာ တစ်စုံတစ်ရာမရှိပဲ သရုပ်ဆောင်ခဲ့သည်။ သူက အပြစ်ကင်းကာ ချစ်စဖွယ်ကောင်းပြီး သွက်လက်သည့် ကလေးငယ်တစ်ဦးအဖြစ် အသွင်ဆောင်လျှက်ရှိ၏။ သူခေါင်းလေးကို ပုတ်ကာ “သားသိတယ်” ဟု ပြောချိန်တွင် ဒါရိုက်တာလီ ထိုအပြုအမူလေးအား ချစ်စရာကောင်းလွန်းသည်ဟု ခံစားလိုက်ရသည်။ သူက ထိုရိုက်ကူးချက်သည် စိတ်ခံစားချက်အား မြှင့်တင်ပေးလိမ့်မည်ဟု တွေးလိုက်မိ၏။ 


ကျိလဲ့ယွီနှင့်ယှဉ်ပါက အဖိုးအိုသည် သာမန်ရွာသားတစ်ဦး ဖြစ်၏။ သူက ကင်မရာရှေ့တွင် စိုးရိမ်ပူပန်နေသည်။ 


ဒါရိုက်တာလီက အဖိုးအိုအား ခဏကြာသည်အထိ သီးသန့် သင်ကြားပေးရ၏။ ကျိလဲ့ယွီက ပျင်းလာသဖြင့် လင်းလော့ချင်းနှင့် ကျိယွီရှောင်ထံ ပြန်လာပြီး လင်းဖေးနှင့်အတူ ပုစဉ်းပျံတိုင်း ကစားနေလိုက်သည်။ 


ဒါရိုက်တာလီ လှည့်ကြည့်လိုက်ချိန်တွင် သူ့လက်ထဲရှိ ပုစဉ်းလေးအား တွေ့သွားခဲ့သည်။ သူက စပ်စုလိုက်၏။ “မင်းဒါကို ဘယ်ကရတာလဲ …”


ကျိလဲ့ယွီက ဂုဏ်ယူစွာ ပြန်ဖြေလိုက်သည်။ “သားဒယ်ဒီလုပ်ပေးတာ …” 


ဒါရိုက်တာလီက ကျိယွီရှောင်ကို ကြည့်ကာ ‘ငါမမြင်မိပါဘူး …’ ဟု တွေးလိုက်သည်။ ထိုလူ၏ အဝတ်အစားများနှင့် အသုံးအဆောင်များသည် အလွန်တန်ဖိုးကြီးပြီး သူ၏ စိတ်သဘောထားမှာလည်း ကောင်းမွန်လှသည်။ ထိုသူက ဤကဲ့သို့ အသေးအဖွဲအရာလေးကိုပင် လုပ်နိုင်၏။ 


“ဒါဆို ရိုက်ကူးနေတုန်း ဒါလေးကိုင်ထားလိုက်နော် …” ဒါရိုက်တာလီက ကျိလဲ့ယွီအား ပြောလိုက်သည်။ 


ကျိလဲ့ယွီ နာခံစွာ ခေါင်းညှိတ်လိုက်၏။ “ဟုတ်ကဲ့ …” 


သူက ကျိယွီရှောင်အား လှည့်ကြည့်ကာ သူ၏ ပုစဉ်းလေးကို မြှောက်ပြလိုက်သည်။ “သားဒါလေးနဲ့တူတူ သရုပ်ဆောင်မှာ …” 


“အိုချေ ..” ကျိယွီရှောင်က သူ့ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ 


ကျိလဲ့ယွီက ထိုအရာမှာ ကောင်းမွန်သည်ဟု ခံစားရ၏။ ယခုဆိုလျှင် သူတို့ မိသားစုလေးဦးလုံး ရုပ်ရှင်ထဲတွင် ပါဝင်ခဲ့လေပြီ။


ကင်မရာများ ပွင့်လာကြသည်။ သူက အဝတ်လဲကာ ပုစဉ်းလေးနှင့်အတူ ခြံဝန်းထဲတွင် ဆော့ကစားနေသည်။ ပုစဉ်းလေးက သူ၏ လှုပ်ရှားမှုနှင့်အတူ လိုက်ပါနေပြီး ပျံသန်းနေသကဲ့သို့ ဆက်တိုက် ရွေ့လျားနေ၏။ 


သူက ခေါင်းလေးမော့ကာ ပြောလိုက်သည်။ “သားသိတယ် …” 


ထို့နောက် သူက သူတို့အား လမ်းပြမည့်အကြောင်း အဖိုးဖြစ်သူကို ပြောလိုက်သည်။ သူ၏အဖိုးက ပန်းခွေလေးကို သူ့ခေါင်းပေါ် တင်ပေးလိုက်သည်။ သူက ပုစဉ်းလေးနှင့်အတူ လင်းလော့ချင်းတို့အုပ်စုအား ဦးဆောင်လျှက် မဝေးသောနေရာရှိ တောင်သို့ လမ်းပြခေါ်ဆောင်သွားခဲ့သည်။ 


ပုစဉ်းလေးက သူ့နံဘေးတွင် ကလေးတစ်ဦး၏ နှလုံးသားကဲ့သို့ လှပစွာ လွှဲယမ်းနေ၏။ 


ဒါရိုက်တာလီက နေမဝင်သေးသည်ကို အခွင့်ကောင်းယူ၍ ရိုက်ကူးလိုက်သည်။ သူက ညနေဆည်းဆာအောက်၌ ရိုက်ကူးရန် ထပ်မံပြင်ဆင်လိုက်၏။ 


ဤတစ်ကြိမ်၌ ကျိလဲ့ယွီသည် ယခင်ကနှင့်မတူတော့ချေ။ သူက ကိုယ်ပိုင်ဟန်ဖြင့် ပုစဉ်းလေးအား ပျော်ရွှင်စွာ ဝေ့ယမ်းနေ၏။ ပုစဉ်းလေးက သူ့နံဘေးတွင် ပျံသန်းလျှက်ရှိပြီး ဆည်းဆာနေရောင်ကမူ အပြစ်ကင်းသော အပြုံးအား ပက်ဖြန်းလျှက်ရှိသည်။ နေရောင်ခြည်က သူ့မျက်ဝန်းများတွင်းသို့ ဖြာကျလာ၏။ သူ၏ မျက်ဝန်းတစ်စုံသည် ကြယ်ပင်လယ်ကဲ့သို့ အလင်းဖြာလျှက်ရှိသည်။ နေရောင်ခြည်က သူ၏ မျက်ဝန်းများအတွင်း၌ပင် မနက်ခင်းနေခြည်ကဲ့သို့ ဖြစ်တည်လာ၏။ အနီရောင်တောက်တောက် ကောင်းကင်နှင့် အစိမ်းရောင်သစ်ပင်၊ တောင်တန်းများအား နောက်ခံထား၍ ကျိလဲ့ယွီသည် အတောက်ပဆုံးရွှေကဲ့သို့ အသွင်ဆောင်လျှက်ရှိသည်။ 


ဖူရှီက သူ့ကိုခေါ်လိုက်ချိန်တွင် သူက ပြန်လှည့်ကြည့်လိုက်သည်။ သူ့မျက်ဝန်းများ၌ မျှော်လင့်ချက်နှင့် အလင်းရောင်များ ကိန်းအောင်းနေ၏။ 


သူက ဖူရှီထံပြေးလာသည်။ အလင်းရောင်က သူ့နောက်တွင် လိုက်ပါလာပြီး သစ်တောစောင့် နတ်သားလေးနှင့် တူနေ၏။ 


သူက ဆည်းဆာရောင်ခြည် လွှမ်းနေချိန်၌ ကမ္ဘာပေါ်သို့ ရောက်ရှိလာကာ မျှော်လင့်ချက်ကို ယူဆောင်ပေးခဲ့သည်။ 


ဒါရိုက်တာလီက ထိုမြင်ကွင်းကို ရိုက်ကူးရင်း အသက်အောင့်ထားမိသည်။ အလွန်လှပသည့် အလျောက် ထိုရိုက်ကွင်းသည် သူရိုက်ဖူးသမျှထဲတွင် အလှပဆုံး ရိုက်ကွင်းအနေဖြင့်ပင် သတ်မှတ်နိုင်လေသည်။ 


သူက ထိုကဲ့သို့ ရိုက်ကွင်း၏ သက်ရောက်မှုမှာ အလွန်အံ့အားသင့်ဖွယ် ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့။ နောက်ဆုံးရိုက်ချက်သည် သူမျှော်လင့်ထားသည်ထက် များစွာ ပိုမို၍ လှပနေခဲ့သည်။ 


ဒါရိုက်တာလီက လင်းလော့ချင်းနှင့် လက်တွဲထားသည့် ကျိလဲ့ယွီကို ကြည့်လိုက်သည်။ သူက ကျိလဲ့ယွီအား ပုစဉ်းလေးကို ကိုင်၍ ကစားရန်သာ ညွှန်ကြားခဲ့ခြင်းဖြစ်၏။ သူဤကဲ့သို့ ရလဒ်ကောင်းကောင်း သရုပ်ဆောင်နိုင်မည်ဟု မျှော်လင့်မထားခဲ့ချေ။ 


‘သူက သရုပ်ဆောင်ဖြစ်ဖို့ တကယ်ပဲ သင့်လျော်တယ် …’ ဒါရိုက်တာလီ တွေးလိုက်သည်။ ‘ငါတွေ့ဖူးသမျှထဲမှာ ပါရမီအပါဆုံး ကလေးပဲ …’


ကျိလဲ့ယွီသည် ရိုက်ကူးရေးအား ကျွမ်းကျင်စွာ အပြီးသတ်လိုက်၏။ ဒါရိုက်တာလီက ဖူရှီတို့အုပ်စုနှင့်အတူ ရွာထဲတွင် လှည့်ပတ်နေသည့် ရိုက်ချက်များဖြင့် သူ့အား ဆုချလိုက်သည်။ သူက ဖူရှီတို့နှင့် အပင်တူတူစိုက်ခဲ့သေး၏။ 


သူက အလွန်ငယ်သေးကာ အပင်မှာ မည်မျှ အရေးကြီးကြောင်း မသိခဲ့။ သူက ဖူရှီအား ကတိပေးလိုက်သည်။ “သား ကိုကို့ကို ကူညီမယ် … နောက်တစ်ခါလာရင် သစ်ပင်ဆီ ကိုကို့ကို ခေါ်သွားပေးမယ် …”


ဖူရှီက ရှားရှားပါးပါး ပြုံးလိုက်၏။ သူက ကလေး၏ ဦးခေါင်းလေးကို ထိကာ တီးတိုးဆိုလိုက်သည်။


 “အိုခေ …” 


ရက်အနည်းငယ် အကြာ၌ လျှိုမင်က ရွာကိုနှုတ်ဆက်ကာ ပြန်သွားခဲ့သည်။ 


ကျိလဲ့ယွီ၏ ရိုက်ကူးရေးမှာ ပြီးဆုံးသွားပြီဖြစ်၏။ 


ရွာထဲတွင် ကိတ်ဆိုင်မရှိချေ။ ဒါရိုက်တာလီက သူအရင်က လင်းဖေးအတွက် ကိတ်ဝယ်ပေးခဲ့ကြောင်း သတိရသွား၏။ အကယ်၍ ကျိလဲ့ယွီအတွက် ကိတ်ဝယ်မပေးပါက ကလေး၏ စိတ်ထဲတွင် မတရားခံစားရမည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူက ပြုံးကာ ကျိလဲ့ယွီအား ပြောလိုက်၏။ “ပြန်ရောက်ရင် သားအတွက် ကိတ်ဝယ်ပေးမယ်နော် …”


ကျိလဲ့ယွီ ခေါင်းညှိတ်လိုက်သည်။ သူက ကိတ်မုန့်ကို ဂရုမစိုက်ချေ။ လစာကိုသာ ဂရုစိုက်၏။ 


သူက ကျိယွီရှောင်ထံသို့ စိတ်လှုပ်ရှားစွာ သွားလိုက်ပြီး ကျိယွီရှောင်၏ နားနားကပ်၍ မေးလိုက်၏။ “သားရဲ့ လစာတစ်ဝက် ရောက်ပြီလား …” 


“ရောက်ပြီ …” ကျိယွီရှောင်က သူ့မျက်နှာလေးကို ဖျစ်ညှစ်လိုက်သည်။ 


ဒါရိုက်တာလီသည် နေဝင်ချိန် ရိုက်ကူးရေး ပြီးချိန်ကတည်းက အားလုံးကို လွှဲပေးခဲ့ခြင်းဖြစ်သည်။ 


သူက ကျိလဲ့ယွီအား ပို၍နှစ်သက်ပြီး ထိုရိုက်ကွင်းကိုလည်း များစွာ နှစ်သက်၏။ 


“အကယ်လို့ တစ်ရက်မှာ ရှောင်ယွီ ရုပ်ရှင်ရိုက်ချင်လာရင် ငါ့ကို အချိန်မရွေးဆက်သွယ်နိုင်တယ် …” ဒါရိုက်တာလီက ကျိလဲ့ယွီကို ကြည့်ကာ လင်းလော့ချင်းအား ကပ်ပြောလိုက်သည်။ 


လင်းလော့ချင်းက သူ့ကိုစလိုက်၏။ “အခု လရောင်ဖြူလေးကို မေ့သွားပြီမဟုတ်လား …” 


“အချစ်ကအချစ်ပါပဲ … ငါသူတို့နှစ်ယောက်လုံးကို ချစ်နိုင်နေတုန်းပဲ …” 


လင်းလော့ချင်း ကြောင်အသွား၏။ ‘ဘယ်လိုတောင် လူယုတ်မာစကားတွေလဲ ..’


“တကယ်တော့ ရှောင်ယွီက အနုပညာလောကမှာ ဖေးဖေးထက် ပိုသင့်လျော်တယ် … “ ဒါရိုက်တာလီက အသေးစိတ် ဝေဖန်လိုက်သည်။


ထိုအရာမှာ မှန်၏။ 

လင်းလော့ချင်းက ကျိလဲ့ယွီကို ကြည့်လိုက်သည်။ သူက ကျိယွီရှောင် အနီးသို့ကပ်ကာ တစ်စုံတစ်ခုကို ပြောနေလေသည်။ သူ၏ ခန္ဓာကိုယ်လေးမှာ သေးငယ်လှပြီး နှင်းဘောလုံးလေးနှင့်တူ၏။ 


‘သူက ငယ်ပါသေးတယ်လေ … အလျင်လိုစရာ မလိုပါဘူး …’ လင်းလော့ချင်း တွေးလိုက်သည်။ 


“နောက်မှ ပြောကြတာပေါ့ …” လင်းလော့ချင်းက ဒါရိုက်တာလီအား ပြုံးပြလိုက်၏။ “အဲဒီ့လိုနေ့မျိုးရောက်လာခဲ့ရင် ကျွန်တော် သေချာပေါက် ဆက်သွယ်ပါ့မယ် …”


“အိုခေလေ …” 


ရွာအား ရိုက်ကူးပြီးသည့်နောက် ဒါရိုက်တာလီက ဝန်ထမ်းအား ပစ္စည်းကိရိယာများ သိမ်းဆည်းခိုင်းလိုက်သည်။ သူတို့က မနက်ဖြန် ပြန်မည်ဖြစ်ကြောင်းနှင့် မြို့တွင် ဆက်လက်ရိုက်ကူးမည် ဖြစ်ကြောင်း ကြေငြာလိုက်၏။ 


ထိုညက လယ်တောအိမ်၏ ပိုင်ရှင်သည် ဟင်းပွဲများစွာ ချက်ပြုတ်ပေးခဲ့သည်။ 


စားသောက်ပြီးသည့်နောက် လင်းလော့ချင်းက အိပ်ယာပေါ်တွင် ထိုင်ရင်း ပစ္စည်းသိမ်းနေခဲ့သည်။ သူက ဘာမှမကျန်မှန်း သေချာအောင် အထပ်ထပ်အခါခါ စစ်ဆေးနေ၏။ 


သူက သေချာစစ်ဆေးပြီးနောက် ကျိလဲ့ယွီ၏ ခေါင်းလေး တံခါးဝမှ ပြူထွက်လာသည်ကို တွေ့လိုက်သည်။ 


“ဘာဖြစ်လို့လဲ ..” လင်းလော့ချင်းက သူ၏ သတိကြီးသော အမူအရာလေးကြောင့် အပြုံးဖြင့် မေးလိုက်၏။ “သား ပါပါးကို ရှာနေတာလား …” 


ကျိလဲ့ယွီ ခေါင်းညှိတ်ကာ လမ်းလျှောက်ဝင်လာခဲ့သည်။ 


သူ့လက်များက နောက်တွင်ပစ်လျှက်ရှိပြီး လင်းလော့ချင်း အရှေ့သို့ လျှောက်လာ၏။ ထို့နောက် လူကြီးသံလေးဖြင့် ပြောလိုက်သည်။ “ပါပါး … သားမှာလက်ဆောင်ရှိတယ် …”


လင်းလော့ချင်းက ခန့်မှန်းလိုက်သည်။ 


သူက စိတ်လှုပ်ရှားလာကာ ထိန်းမရအောင် ပျော်လာ၏။ 


သူက မေးလိုက်သည်။ “ဘာများလဲ …” 


“မျက်လုံးမှိတ်ထား …” 


လင်းလော့ချင်းက မျက်လုံးမှိတ်လိုက်သည်။ 


“လက်ဖြန့် …” ကျိလဲ့ယွီက ချစ်စဖွယ် ပြော၏။


လင်းလော့ချင်းက လက်ဖြန့်ကာ တိတ်တဆိတ်တွေးနေသည်။ “သူက ကလေးလေးပဲ ရှိသေးတာပဲ … သူစကားပြောတိုင်း ဘာလို့ဒီလောက် ချစ်စရာကောင်းရတာပါလိမ့် …” 


ထို့နောက်ကျိလဲ့ယွီ၏ လက်ကလေးများ သူ့လက်ပေါ် ရောက်လာ၏။ သူ့လက်ပေါ်သို့ ဘဏ်ကဒ်တစ်ကဒ်ကို တင်ပေးခဲ့သည်။ 


သူက ကျိယွီရှောင်အား ထိုကိစ္စကို မေးခဲ့ခြင်းဖြစ်သည်။ သူ၏ လစာတစ်ဝက်သည် ကဒ်ထဲတွင် ရှိကြောင်း ကျိယွီရှောင်က ပြောခဲ့၏။ 


ကျိလဲ့ယွီက ဘဏ်ကဒ်ကို လင်းလော့ချင်း၏ လက်တွင်းသို့ ထည့်ပေးကာ ချစ်စဖွယ် ပြောလိုက်သည်။ “ရပြီ ….” 


လင်းလော့ချင်း မျက်လုံးဖွင့်လိုက်ချိန်၌ လက်ဖဝါးပေါ်ရှိ ဘဏ်ကဒ်ကို တွေ့လိုက်ရသည်။ အပြုံးတစ်ခုက သူ့မျက်နှာပေါ်၌ တောက်ပစွာ ပွင့်လန်းလာခဲ့သည်။ 


“ဒါကဘာလဲ …” သူက ကျိလဲ့ယွီအား စနောက်လိုက်သည်။ “ဘာလို့ ပါပါးကို ဒါပေးတာတုန်း …” 


ကျိလဲ့ယွီက ရင်ဘတ်ကလေးကို ကော့ကာ ဖြေလိုက်၏။ “ဒါက သားရဲ့လစာတစ်ဝက်ပဲ …” 


သူကထပ်ပြောလိုက်သည်။ “ပါပါး သုံးချင်တာသုံးလို့ရအောင် မုန့်ဖိုးပေးတာ …” 

သူက လူကြီးလေးလိုပင်။


လင်းလော့ချင်း မျက်နှာပေါ်ရှိ အပြုံးက ပို၍ ပီပြင်လာ၏။ ကျိလဲ့ယွီ၏ မာန်တက်နေပုံလေးကို သူက ပျော်ရွှင်စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေမိသည်။ 


သူက ကျိလဲ့ယွီ သူ့အား မုန့်ဖိုးပေးလာလိမ့်မည်ဟု တွေးမိသော်လည်း အမှန်တကယ် ပေးလာလိမ့်မည်ဟုမမျှော်လင့်ထားမိခဲ့။


ကျိလဲ့ယွီသည် လက်ဆောင်ပေးတတ်ရန် အလွန်ငယ်ရွယ်သေးသည်။ လင်းဖေးကဲ့သို့ သူအကြိုက်ဆုံး ဆူးပင်နှင့် မှတ်စုစာအုပ်ကို ပေးလေ့ရှိသည်မျိုး မဟုတ်ပဲ ကျိလဲ့ယွီ လက်ဆောင်ပေးသည်မှာ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်ဖြစ်သည်။ သူ့မွေးနေ့တုန်းကသာ ကျိလဲ့ယွီထံမှ ပန်းချီကား လက်ဆောင်ရခဲ့ခြင်းပင်။ 


၎င်းက သူ လင်းလော့ချင်းအား မနှစ်မြို့ဟု မဆိုလို။ သူက အလွန်ငယ်သေးခြင်းသာ ဖြစ်၏။ သူက ကျိယွီရှောင်အား အလွန်သဘောကျပြီး သူ၏အမွေပစ္စည်းများကို ကျိယွီရှောင်ထံ ဂရုမစိုက်ပဲ ပေးနိုင်သည်။ သို့သော် လက်ဆောင်သေးသေးလေးများ ပေးသည်ကမူ ရှားပါး၏။ 


သူ့အသက်အရွယ်တွင် သူက အသက်ပိုကြီးသော လူများထံမှ လက်ဆောင်ရသည်ကို နေသားတကျ ဖြစ်နေခဲ့သည်။ တစ်ဖက်လူအား လက်ဆောင်ပေးရမည်ဟူသည့် အသိစိတ်မျိုး မရှိချေ။ 


ထို့ကြောင့် လင်းလော့ချင်း အစက ကျိလဲ့ယွီသည် ထိုလုပ်အားခကို သူနှစ်သက်သည့် အရုပ်များနှင့် မုန့်များ ဝယ်ရာ၌ အသုံးပြုကာ ပျော်နေလိမ့်မည်ဟု ထင်ခဲ့သည်။ 


ထို့နောက် ကျိလဲ့ယွီက လင်းဖေးထံမှ သင်ယူ၍ ကျိယွီရှောင်အား လုပ်အားခတစ်ဝက်ကို ပေးခဲ့၏။ 


ကျိယွီရှောင်နှင့် လင်းလော့ချင်းသည် အံ့ဩဝမ်းသာခဲ့ရသည်။ 


သူက လင်းဖေးသည် ကျိလဲ့ယွီအပေါ် လွှမ်းမိုးမှုရှိကြောင်း ခံစားမိလာ၏။ သူက ကျိလဲ့ယွီအတွက် လမ်းပြတစ်ဦးသဖွယ်ဖြစ်နေသည်။ ကျိလဲ့ယွီက သူ့အတိုင်း လိုက်ပါလာပြီး သူ မလုပ်ဖူးသည့် အရာများကိုပင် စတင်လုပ်ကိုင်လာခဲ့သည်။ 


ထိုအရာက ကောင်းမွန်သော ကိစ္စရပ်ဖြစ်၏။ လင်းလော့ချင်း အလွန်ပျော်မိသည်။ 


လင်းလော့ချင်းက ကျိလဲ့ယွီ သူ့အပေါ် ကျိယွီရှောင်နှင့် တန်းတူ ဆက်ဆံသည့်အခါ ပို၍ပင် ပျော်ရွှင်လာမိသည်။ 


သူ့ဆန္ဒက အမှန်တကယ် ဖြစ်လာလေပြီ။


သူက ကျိလဲ့ယွီထံမှ မုန့်ဖိုးရခဲ့၏။ 


လင်းလော့ချင်း သူ့ကို ကြည့်ကာ ပြုံးလျှက်ချီမလိုက်သည်။ ထို့နောက် သူ့ပေါင်ပေါ်ထိုင်စေကာ အနမ်းပေးလိုက်၏။ 


ကျိလဲ့ယွီ၏ မျက်ဝန်းလေးများက လခြမ်းကွေးလေးသဖွယ် ကွေးညွှတ်သွားသည်။ သူက အလိုလိုက်ခံရသည့် ဆိုးနွဲ့မှုလေးဖြင့် မေးလိုက်၏။ “ပါပါး ကြိုက်လား …” 


“ကြိုက်တာပေါ့ …” လင်းလော့ချင်း မတုံ့မဆိုင်း ပြန်ဖြေလိုက်၏။ “သားပေးတာမှန်သမျှ ပါပါးကြိုက်တယ် …” 


ကျိလဲ့ယွီ အလွန်ပျော်ရွှင်သွားသည်။ သူက အဒေါ်ဖြစ်သူသည် မုန့်ဖိုးရချိန်၌ ပျော်ရွှင်သွားမည်ဖြစ်ကြောင်း သိခဲ့၏။


လင်းလော့ချင်းက သူ၏ နုနယ်သော မျက်နှာလေးကို ကြည့်ရင်း ခံစားလာရသည်။ 


အစက သူနှင့်ကျိလဲ့ယွီတို့သည် သူစိမ်းများသာ ဖြစ်၏။ သူက ဝတ္ထုထဲကကဲ့သို့ အဖြစ်အပျက်မျိုး မတွေ့ကြုံရန်သာ မျှော်လင့်ထားခဲ့သည်။ သူဤကမ္ဘာထဲသို့ ရောက်လာပြီး ကျိယွီရှောင်အား မူလကိုယ် စော်ကားပြောဆိုခဲ့ကြောင်း သိရချိန်၌ ကျိယွီရှောင်ကို အဆောတလျှင် လက်ထပ်လိုခဲ့ခြင်းပင်။ 


နောက်ပိုင်းတွင် ကျိလဲ့ယွီက  သူ့ကို ပိုမိုကပ်တွယ်လာသည်။ အနာဂတ်ဗီလိန်လေးသည် သူဂရုစိုက်သော လူများအပေါ် အလွန်ညှင်သာပြီး ရိုးသားကြောင်း လင်းလော့ချင်း တွေ့ခဲ့ရ၏။ 


သူက ကျိယွီရှောင်အား ရဲတိုက်ကို ကာကွယ်သည့် အရွယ်မရောက်သေးသော နဂါးဆိုးလေးသဖွယ် စောင့်ရှောက်ခဲ့သည်။ 


ထို့ကြောင့် ရဲတိုက် ပျက်စီးသွားပြီး အိမ်ခြေမဲ့ ဖြစ်သွားချိန်၌ သူ့ကိုယ်သူ မဖိနှိပ်တော့ပဲ သူ၏ အကျင့်စရိုက်အစစ်အမှန်ကို ထုတ်ပြခဲ့ခြင်းပင်။ 


သူ့တွင် အိမ်မရှိတော့သလို၊ ကမ္ဘာပေါ်၌ အလေးထားရမည့် အရာဟူ၍လည်း မရှိတော့။ သူက အဓိပ္ပာယ်မရှိသော ဘဝကို အချိန်မရွေး လက်လျှော့ပစ်နိုင်ရာ စိုးရိမ်စရာလည်း မရှိတော့ချေ။ 


လင်းလော့ချင်းက ကျိလဲ့ယွီ၏ နောက်ဆုံးကံကြမ္မာကို မသိခဲ့။ သို့သော် ကောင်းမည့်အရာ မဟုတ်မှန်း သူခန့်မှန်းနိုင်၏။ ဗီလိန်အများစု၏ ကံကြမ္မာများသည် အလွန်ဆိုးဝါးလှသည်ပင်။ ကျိလဲ့ယွီကဲ့သို့ မိမိကိုယ်ကိုယ် ဂရုမစိုက်သူဆိုပါက ပြောဖွယ်ပင် မရှိ။ 


ကံကောင်းစွာဖြင့် ဝတ္ထုတွင်းရှိ အကြောင်းကိစ္စများသည် အမှန်တကယ် ဖြစ်မလာခဲ့။ ၎င်းတို့က သူ့နှလုံးသားထဲရှိ စာအုပ်အတွင်းတွင်သာ ချိတ်ပိတ်ခံလိုက်ရသည်။ 


လက်ရှိကျိလဲ့ယွီသည် ရဲတိုက်အတွင်း၌ ပျော်ပျော်ရွှင်ရွှင်သာ ရှိနေ၏။ သူက ကျောင်းသွားပြီး မိသားစုနှင့်အတူ ညစာစားသည်။ သာမန် ကလေးများကဲ့သို့ ရံဖန်ရံခါ ဂိမ်းကစား၏။ 


သူက နဂါးဆိုးလေး ဖြစ်သော်ငြား သူသည် လင်းလော့ချင်းအတွက် သူ့လုပ်အား၏ အသီးအပွင့်များကို ရက်ရောစွာ ပေးအပ်ခဲ့သည်။ ထို့နောက် ချီးကျူးမှုအား စောင့်မျှော်နေခဲ့၏။ 


သူက သူသဘောကျသူများအပေါ် ဂရုစိုက်ပေလိမ့်မည်။ သူ့တွင် သာမန် ပျော်ရွှင်မှုများ ရှိ၏။ သူက သူ့ကိုယ်သူ ဂရုစိုက်ပြီး တန်ဖိုးထားသည်။ ထို့ကြောင့် သူ့ကိုယ်သူ လက်လျှော့လိုက်မည်ကို စိုးရိမ်စရာမလိုအပ်ချေ။ 


လင်းလော့ချင်းက ကျိလဲ့ယွီ၏ အပြစ်ကင်းမှု၊ ကလေးဆန်မှုများအား သူ့နှလုံးသားထဲရှိ အငြိုးတရားများကြောင့် မရှိတော့မည်ကို မလိုချင်ဆုံးဖြစ်၏။ 


သူက ကလေးနှစ်ဦး၏ ကွဲပြားသောစရိုက်ကို လက်ခံထားသည်။ လင်းဖေး၏ အေးစက်စက်နိုင်မှုဖြစ်စေ၊ ကျိလဲ့ယွီ၏ စိတ်နှစ်ခွဖြစ်စေ အရေးမကြီးချေ။


အရောင်အသွေးစုံသော ပန်းများ ပွင့်လန်းလာသကဲ့သို့ သူတို့ ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်ရန်သာ သူမျှော်လင့်မိသည်။ သူတို့တစ်ဦးနှင့်တစ်ဦး မထိခိုက်စေသရွေ့ ဘဝလမ်းကြောင်းကို နောင်တများ၊ အလိုမကျမှုများ မရှိပဲ လျှောက်လှမ်းသွားနိုင်ပေလိမ့်မည်။ 



သူက အရှေ့ရှိ နဂါးဆိုးလေးကို ကြည့်ကာ တွေးလိုက်သည်။ ‘သူလည်း ဒီလိုလုပ်နိုင်လိမ့်မယ် …’


အဆုံးသတ်တွင် သူက လင်းလော့ချင်းအား မုန့်ဖိုးပေးရန် အစပြုခဲ့၏။ သူက လင်းလော့ချင်းအရှေ့တွင် နာနာခံခံ ပြုမူလေ့ရှိပြီး ချီးမွမ်းမှုကိုလည်း သဘောကျလေ့ရှိသည်။