အပိုင်း ၂၈၈
Viewers 87k

Chapter 288




ယွီကျားယုံ :"..."


သူ့ကို နောက်နေတာလား...ကျိယွီရှောင်မှာ ဘယ်လိုလုပ် ညီလေးရှိသွားတာလဲ...


"ငါက ရှောင်လင်းလောင်ရှီးရဲ့အစ်ကိုထက် ပိုအသက်ကြီးတယ်..."


နင်းယွီ ပြောလိုက်သည်။


ယွီကျားယုံ :'အတည်ပေါက်ကြီးလား..."


မဖြစ်နိုင်တာ...


သူ ဒီနှစ် အိမ်မပြန်ဖြစ်ပေမဲ့ ကျိယွီရှောင်အကြောင်းတော့ သိနိုင်ပါသေးတယ်...လာလိမ်မနေကြနဲ့...


သို့သော်လည်း သူက ဘာမှမပြောဘဲ လင်းလော့ချင်းကိုသာ သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။


လင်းလော့ချင်းက ပြုံးလိုက်ပြီး ထိုင်ချလိုက်ကာ စာချုပ်ကို ပေးလိုက်သည်။


“စာချုပ်ကို အရင်ဖတ်ကြည့်ပါဦး…”


ထိုအခါ ယွီကျားယုံက စာချုပ်ကို ယူလိုက်ပြီး စာလုံးများကို သေချာဖတ်လိုက်ကာ လင်းလော့ချင်းနှင့်ကျိယွီရှောင်ကို မေးလိုက်သည်။


“စာချုပ်ကို လက်မှတ်ထိုးပြီးသွားရင် ရှင်းရီက အရင်းအနှီးကို ဘယ်အချိန်ပေးမှာလဲ…ရုပ်ရှင်စရိုက်လို့ရပြီလား…”


“မင်းက မေးရင်တော့ ဒီနွေရာသီနဲ့ဆောင်းရာသီ ရိုက်ဖို့ အဆင်ပြေတယ်…နှေးတာမြန်တာကတော့မင်းအပေါ် မူတည်တယ်…”


“ဒါဆို မကြာခင် စရိုက်ကြတာပေါ့…ငါ စပွန်ဆာရှာပြီးရင် အောက်တိုဘာလနဲ့နို၀င်ဘာ အဲ့နှစ်လထဲက တစ်လမှာ စရိုက်မယ်…ရှင်းရီရဲ့သရုပ်ဆောင်တွေနဲ့ ရိုက်ကူးမှာဖြစ်ပေမဲ့ Auditionအရင်ဖြေပေးဖို့ လိုတယ်…မင်းကတော့ မင်းရဲ့သရုပ်ဆောင်စွမ်းရည်ကို ငါသိပြီးသားဆိုတော့ Auditionဖြေဖို့ မလိုဘူး…အဆင်ပြေတယ်မလား…”


“အဆင်ပြေတယ်…”


ထို့နောက် ယွီကျားယုံက ဇာတ်ကား၏အခြေအနေကို ပြောပြလိုက်ပြီး လင်းလော့ချင်းကလည်း သဘောတူကာ ယွီကျားယုံကလည်း ကျေနပ်သောကြောင့် ယွီကျားယုံက စာချုပ်နှစ်စောင်ကို လက်မှတ်ထိုးလိုက်ပြီး ကျိယွီရှောင်အား ပေးလိုက်သည်။


“မင်း ထိုးဖို့ပဲကျန်တော့တယ်…”


သူက လင်းလော့ချင်းကို လက်မှတ်ထိုးခိုင်းရန် လုပ်လိုက်သော်လည်း သူဋ္ဌေးက ဤနေရာတွင်ရှိနေသောကြောင့် ကျိယွီရှောင်ကိုသာ လက်မှတ်ထိုးခိုင်းလိုက်လေသည်။


ကျိယွီရှောင်ကလည်း ထိုအခြေအနေကို လက်ခံကာ လက်မှတ်ထိုးပေးလိုက်သည်။


ယွီကျားယုံက သူတို့လက်မှတ်ထိုးထားသည့်စာချုပ်ကို ကြည့်ကာ ကျေနပ်နေပြီး ကျိယွီရှောင်ကို တစ်စောင် ပြန်ပေးလိုက်သည်။


ထို့နောက် သူက လင်းလော့ချင်းကို ကြည့်ကာပြောလိုက်၏။


“တကယ်တော့ ငါ မင်းကို တစ်ခုတောင်းဆိုစရာရှိသေးတယ်…”


“ဘာလဲ…”


“မင်း တခြားသရုပ်ဆောင်တွေကို ဒီရုပ်ရှင်အကြောင်း မပြောပြရသေးဘူးမလား…”


“မပြောရသေးဘူး…”


ယွီကျားယုံက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။


“ကောင်းတယ်…ငါ ငါ့ရဲ့အနုပညာနာမည်ကိုပြန်ပေးမလို့…ငါ့ရဲ့အရင် ရုပ်ရှင်သုံးကားရဲ့အခြေအနေကို မင်းသိပါတယ်…အဲ့ဒါကြောင့် ဒီရုပ်ရှင်က ကံကောင်းမှုတွေကို ခေါ်ဆောင်လာအောင် ငါ့နာမည်ပြောင်းမလို့…”


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။


အဆင်မပြေရင် အနုပညာနာမည်ပြောင်းကြတာ ပုံမှန်ပါပဲ…


“ဒါဆို မင်းက ဘယ်နာမည်ပြောင်းမှာလဲ…”


“ယွီချန်…ယွီကျားယုံရဲ့ယွီ၊ အောင်မြင်မှုရဲ့ချန်၊ ယွီချန်…”


လင်းလော့ချင်း :”!!!”


လင်းလော့ချင်းက ယွီကျားယုံကို အံ့အားသင့်စွာ ကြည့်နေပြီး စားပွဲခုံကို ထရိုက်မတတ်ဖြစ်နေလေသည်။


“ဒါ…ဒါဆို ဒါရိုက်တာယွီချန် အခုရိုက်မဲ့ ရုပ်ရှင်နာမည်က ဘာလဲ…”


“ကွေးယွီ့…”


လင်းလော့ချင်း :”!!!”


ယွီချန်နဲ့ 'ကွေးယွီ့’...မြတ်စွာဘုရား…ဘုရားသခင်က သူ့ဆီ ကြွလာတာလား…


ကောင်းလိုက်တာ…ယွီကျားယုံနဲ့ ရုပ်ရှင်ရိုက်ဖို့ မစောင့်နိုင်တော့ဘူး…


သူက စာချုပ်ပေါ်မှ ယွီကျားယုံ၏လက်မှတ်က ရွှေရောင်တဖိတ်ဖိတ် တောက်နေသည်ဟုပင် ထင်နေမိသည်။


ကံကောင်းလိုက်တာ…သူက ဒါရိုက်တာ ယွီချန်နဲ့ ရုပ်ရှင်သုံးကားရိုက်ရမှာတဲ့…


လင်းလော့ချင်းက ယွီကျားယုံကို ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။


“ရပါတယ်…ဒါရိုက်တာယွီ အဆင်ပြေသရွေ့ အဆင်ပြေတယ်…”


“ဒါဆို မင်း တခြားသူတွေကို ပြောပြရင် ငါ့ရဲ့ အခုနာမည်ကိုပဲ ပြောပြလိုက်…”


“အိုကေ…”


အို…နာမည်ကြီးလာမဲ့ ဒါရိုက်တာယွီချန်ကို သူ ကောင်းကောင်းဆက်ဆံရမယ်…


ထို့နောက် လင်းလော့ချင်းက ယွီကျားယုံကို ကူရာမဲ့စွာ ပြန်ကြည့်လိုက်သည်။


စာအုပ်ထဲတွင် အမျိုးသမီးဇာတ်ဆောင်က ရှစ်ကျန်း၏ရုပ်ရှင်ကို အတူတူကြည့်ရန် လင်းဖေး၏ခုံအောက်တွင် ရုပ်ရှင်လက်မှတ် ထည့်ထားခဲ့သော်လည်း လင်းဖေးက ရောက်မလာသောကြောင့် သူတစ်ယောက်တည်းသာ ကြည့်လိုက်ရလေသည်။


ထို့နောက် ၀မ်းနည်းစွာ ထွက်လာစဉ် အမျိုးသားဇာတ်ဆောင်နှင့် ရုပ်ရှင်ရုံ၀င်ပေါက်ရှိ ပိုစတာများနားတွင် တွေ့ခဲ့ပြီး အမျိုးသားဇာတ်‌ဆောင်က အမျိုးသမီးဇာတ်ဆောင်နှင့်အတူ ရှစ်ကျန်း၏ရုပ်ရှင်ကို ပြန်ကြည့်ခဲ့သည်။


ရုပ်ရှင်ကြည့်ပြီးနောက် နှစ်ယောက်သား စကားစမြည်ပြောကြစဉ် အမျိုးသမီးဇာတ်ဆောင်ကအမျိုးသားဇာတ်ဆောင်က ‘ဘယ်အနုပညာရှင်ကို ကြိုက်သလဲ'ဟု မေးလိုက်ရာ အမျိုးသားဇာတ်ဆောင်က ယွီချန်ကို ကြိုက်သည်ဟု ဖြေလာလေသည်။


ထိုအချိန်တွင် ယွီကျားယုံက နာမည်ကြီးဒါရိုက်တာ ဖြစ်နေပေပြီ။


ဒါရိုက်တာယွီချန်၏ဘ၀အတွေ့အကြုံက ဒဏ္ဍာရီဆန်ပြီး ‌ရုပ်ရည်က ချောမောသောကြောင့် မိန်း‌ကလေးပရိသတ်တော်တော်များများက သူ့ကိုကြိုက်နှစ်သက်ကြလေသည်။


သို့သော် ပရိသတ်အများစုက ဒါရိုက်တာယွီချန်၏မျက်နှာကို သဘောကျကြခြင်းဖြစ်ပြီး အမျိုးသားဇာတ်ဆောင်ကမူ ဒါရိုက်တာယွီချန်၏အရည်အချင်းကို သဘောကျခြင်းဖြစ်လေသည်။


ဒါရိုက်တာယွီချန်က လူမသိသူမသိသည့်အချိန်ရှိခဲ့ပြီး မည်သူကမှ သူ့ကို မျက်နှာသာမပေးခဲ့ကြသလို မည်သူကမှ သူ့အပေါ် ရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့ကြပေ။ သူက ဖျော်ဖြေရေးလောကကို လက်လျော့တော့မည်ဖြစ်သော်လည်း အားတင်းကာ သရုပ်ဆောင်မရှိသည့်အတွက် ကိုယ်တိုင်သရုပ်ဆောင်ခဲ့ပြီး ကိုယ်တိုင် ဇာတ်ကားတွင် ရင်းနှီးမြှုပ်နှံခဲ့ကာ 'ကွေးယွီ့'ဇာတ်ကားကို ရိုက်ကူးခဲ့လေသည်။


ဇာတ်ကားရိုက်အပြီးတွင် သူက ဖျော်ဖြေရေးလောကမှ အနားယူရန် စီစဉ်ထားခဲ့သော်လည်း 'ကွေးယွီ့’က သူ့ကို ချက်ချင်းနာမည်ကြီးလာစေခဲ့လေသည်။


'ကွေးယွီ့’က ‌နိုင်ငံခြားရုပ်ရှင်ပွဲတော်တွင် ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ အမျိုးသားဇာတ်ဆောင် ဆန်ခါတင်ဆုစာရင်းများတွင် ပါ၀င်ခဲ့ပြီး သူကလည်း ထိုဆုသုံးခုအတွက် တစ်ယောက်တည်းပါ၀င်ခဲ့ကာ အကောင်းဆုံးဒါရိုက်တာဆုနှင့်အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့လေသည်။


သူ နိုင်ငံခြားမှ ပြန်ရောက်လာသည့်အခါ မရေမတွက်နိုင်သော အမျိုးသားပရိသတ်များနှင့်အမျိုးသမီးပရိသတ်များကို ရရှိခဲ့ပြီး ဒါရိုက်တာအချို့ကလည်း သူတို့ရုပ်ရှင်တွင် ပါ၀င်ရန် ဖိတ်ခေါ်လာခဲ့လေသည်။


သို့သော် ဒါရိုက်တာယွီချန်က ငြင်းဆိုခဲ့သည်။ သူက ဒါရိုက်တာတစ်ဦးဖြစ်ပြီး ရွေးချယ်စရာ မရှိသောကြောင့်သာ 'ကွေးယွီ့’တွင် ပါ၀င်သရုပ်ဆောင်ခဲ့ရခြင်း ဖြစ်လေသည်။ 


နာမည်ကြီးလာပြီးနောက် သူ့ကို ရင်းနှီးမြှုပ်နှံမည့်သူများ၊ သူ့ရုပ်ရှင်တွင် ပါ၀င်ချင်သည့်သူများများပြားလာခဲ့လေသည်။


ဒါရိုက်တာယွီချန်က ရုပ်ရှင်ထပ်မရိုက်ခဲ့ပေ။ ထို့အပြင် သူက စာပေရုပ်ရှင်များကိုသာ ရိုက်ကူးပြီး နှစ်နှစ်သုံးနှစ်လျှင် တစ်ကားသာ ရိုက်ကူးသော်လည်း ရိုက်သမျှဇာတ်ကားတိုင်းက ပြည်တွင်းပြည်ပဆုများ ရရှိခဲ့လေသည်။


နောက်ပိုင်း သူ အသက်ကြီးလာသောအခါ စီးပွားဖြစ်ရုပ်ရှင်တစ်ကားကို ရိုက်ကူးကြည့်ခဲ့သော်လည်း သူ့ပရိသတ်များက မကြိုက်ခဲ့ကြပေ။


သို့သော် ထိုဇာတ်ကားက ထိုနှစ်၏box officeအများဆုံးဆု ရခဲ့လေသည်။


ဒါရိုက်တာယွီချန်က အသက်မငယ်တော့သော်လည်း ရုပ်ရှင်များအပေါ် ထားသည့်စိတ်က ဖြူစင်နေဆဲဖြစ်ကာ လူများ၏နှလုံးသားကို ထိမိစေမည့် ပိုကောင်းမွန်သည့်ရုပ်ရှင်များကို ရိုက်ကူးရန် အမြဲ စူးစမ်းရှာဖွေနေခဲ့လေသည်။


လင်းလော့ချင်းက စာအုပ်ထဲရှိ ဒါရိုက်တာယွီချန်ကို လေးစားသဘောကျခဲ့သည်။ သရုပ်‌ဆောင်တစ်ယောက်အနေနှင့် သူက ဒါရိုက်တာယွီချန်နှင့်တွေ့ဆုံချင်မိခဲ့လေသည်။


အခု သူက ဒါရိုက်တာယွီချန်နဲ့ ရုပ်ရှင်ရိုက်ရတော့မယ်တဲ့လား…


လင်းလော့ချင်းက ယွီကျားယုံကို ကြည့်လိုက်သည်။


စာအုပ်ထဲမှာ ယွီကျားယုံက 'ကွေးယွီ့'နဲ့‌အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုရသွားတာလေ…အခု သူက အဓိကအမျိုးသားဇာတ်ဆောင်နေရာမှာ သရုပ်ဆောင်လိုက်‌တော့ယွီကျားယုံရဲ့ဆုကို လုယူလိုက်သလို မဖြစ်သွားဘူးလား…


“ဒါရိုက်တာယွီ ငါ မင်းကို မေးစရာရှိတယ်…”


ယွီကျားယုံက ထိုင်ခုံနောက်ကို မှီကာ ပြောလိုက်သည်။


“မေးလေ…”


“မင်း သရုပ်မဆောင်ချင်ဘူးလား…မင်းက ငါ့ထက် အဓိကအမျိုးသားဇာတ်ဆောင်နဲ့ ပိုသင့်တော်တယ်…”


ယွီကျားယုံ :”???”


“မင်း ဘာပြောချင်တာလဲ…မင်းနဲ့အခုမှ စာချုပ်ချုပ်ပြီးခါစ ရှိသေးတာနော်…အခု မင်းကအဓိကဇာတ်ဆောင်နေရာမှာ သရုပ်မဆောင်ချင်တော့ဘူးလား…မင်း ငါ့ကို လျော်ကြေးအများကြီး ပေးရမှာနော်…”


“သရုပ်မဆောင်ချင်တာ မဟုတ်ပါဘူး…ဇာတ်ညွှန်းရေးဆရာအနေနဲ့ မင်းက ဒီဇာတ်ကောင်ကို ပိုနားလည်မှာပဲလေ…”


“ငါက ဒါရိုက်တာ…သရုပ်ဆောင်မဟုတ်ဘူး…အဲ့တော့ ရိုးရိုးသားသားပြော…စကားကို လှည့်မပြောနဲ့…”


လင်းလော့ချင်း :”...”


သူက ဘယ်လိုလုပ် အမှန်အတိုင်းပြောပြနိုင်မှာလဲ…ယွီကျားယုံရဲ့ဆုကို မလုချင်တာကြောင့်လို့ ပြောရမှာလား…


သူ ၀င်ပါလိုက်လို့ ရုပ်ရှင်က မအောင်မြင်တော့ရင် ယွီကျားယုံကို လျော်ကြေးပြန်ပေးနိုင်‌တော့မှာတောင် မဟုတ်ဘူး…


ပြီးတော့ ယွီကျားယုံက ဒီရုပ်ရှင်ဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရမှာလေ…


သူက စားသောက်ပြီးသည့်တိုင် ထိုကိစ္စကို စိတ်ပူနေဆဲဖြစ်၏။


သူက ယွီကျားယုံကို ‌ဖြောင်းဖြလိုက်သည်။


“မင်းက ရုပ်ချောတာပဲကို…သရုပ်ဆောင်လိုက်ရင်လည်း အဆင်ပြေတာပဲ..”


“မင်းက ယဲ့ယွီကို သရုပ်မဆောင်ချင်လို့လား…”


“မဟုတ်ပါဘူး…မင်းက ယဲ့ယွီနဲ့ အရမ်းကိုက်ညီတယ်ထင်လို့ပါ…သူက ‌ရုပ်ချောသလို မင်းကလည်းရုပ်ချောတယ်လေ…”


'မင်း အဓိကအမျိုးသားဇာတ်ဆောင် မဖြစ်ချင်ဘူးလို့သာ ပြောလိုက်ပါတော့လား…'


“မဖြစ်နိုင်ဘူး…ထပ်မပြောနဲ့တော့…”


လင်းလော့ချင်း :”...”


အစီအစဉ်တစ်ခု ‌ကျဆုံးသွားမှ နောက်အစီအစဉ် စရမှာပေါ့…


သူက နောက်တစ်နေ့နေလည်တွင် ယွီကျားယုံထံ ဖုန်းခေါ်လိုက်သည်။


“ဒါရိုက်တာယွီ ငါ ညက အိမ်မက်မက်တယ်…အိမ်မက်ထဲမှာ မင်းက ယဲ့ယွီဇာတ်ကောင်ကိုသရုပ်ဆောင်ပြီး 'ကွေးယွီ့’နဲ့ အကောင်းဆုံးဒါရိုက်တာဆုရော၊ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ပါ ရခဲ့တယ်တဲ့…”


ယွီကျားယုံ :’အိမ်မက်ကောင်းပဲ…’


“ဒါပေမဲ့ မင်း အခုနိုးလာပြီမလား…လက်တွေ့ကို ရင်ဆိုင်လိုက်တော့…”


“ဒါပေမဲ့ မင်းသာ သရုပ်ဆောင်လိုက်ရင် ငါတို့ ဆုနှစ်ဆုတောင် ရမှာ…”


ယွီကျားယုံ :”...”


“ငါတို့ ဘုရားသခင်ရဲ့စိတ်ဆန္ဒကို လိုက်နာသင့်တယ်မလား…”


ယွီကျားယုံ :”ငါ့အတွက်တော့ ဒါက မင်းရဲ့စိတ်ဆန္ဒလို့ပဲ ထင်တယ်…”


သုံးရက်မြောက်နေ့တွင် လင်းလော့ချင်းက ဆက်လက်ဖြောင်းဖြနေဆဲဖြစ်လေသည်။


“ဒါရိုက်တာယွီ…အမှန်အတိုင်း ပြောရရင် ငါ့ရဲ့သရုပ်ဆောင်စွမ်းရည်က ကောင်းတယ်လို့မထင်ဘူး…ငါ သရုပ်ဆောင်လိုက်လို့ ယဲ့ယွီဇာတ်ကောင်ပျက်စီးသွားမှာကို ကြောက်မိတယ်…”


“ပိုယုံကြည်မှုရှိပါ…”


ယွီကျားယုံက အကြံပေးလိုက်သည်။


“လူတွေက ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသင့်တယ်…မင်းသာ ကြောက်နေရင် နေ့တိုင်း မှန်ရှေ့မှာ ရပ်ပြီး သရုပ်‌‌ဆောင်လေ့ကျင့်နေလေ…”


လင်းလော့ချင်း :”...”


လေးရက်မြောက်နေ့…


“အမှန်အတိုင်းပြောရရင် ငါက အယူသည်းတဲ့သူ…မင်းနဲ့စာချုပ်မချုပ်ခင် ဗေဒင်ဆရာဆီ သွားမေးကြည့်‌‌တော့ ‌ဗေဒင်ဆရာက ဒီဇာတ်ကားဆုရမရက မင်းအပေါ် မူတည်နေတာတဲ့…ငါက ဒီဇာတ်ကားကို ရိုက်မိပြီး မင်းရဲ့ကံကြမ္မာကို ဖျက်စီးမိသွားရင် ဘယ်လိုလုပ်မလဲ…အရင်က ‌မတွေးမိခဲ့ပေမဲ့ ယဲ့ယွီကို မင်းသာ သရုပ်ဆောင်လိုက်ရင် ဆုတောင် ရသွားမှာ…”


ယွီကျားယုံက အနည်းငယ် စိတ်ရှုပ်ထွေးသွားလေသည်။


“မစ္စတာလင်း ငါတို့က ရုပ်ရှင်တောင် မကြိုက်ရသေးဘူး…ဆုအတွက်‌တောင် ကြိုတွေးနေပြီလား…မင်းက ငါ့ကို အထင်ကြီးလွန်းတယ်…ဆုမရရင် ဘယ်လိုလုပ်မလဲ…”


“မဟုတ်ဘူး…မင်း ကျိန်းသေပေါက် ဆုရလိမ့်မယ်…”


မရရင် သူက ယွီကျားယုံရဲ့ဘ၀ကို ဖျက်စီးမိသွားတာ မဟုတ်ဘူးလား…


ယွီကျားယုံက ထိုအဆင့်ထိ မတွေးဖူးပေ။


သူ့အတွက်မူ ရုပ်ရှင်က လူကြိုက်များပြီး ပြည်တွင်းပြည်ပဆုပေးပွဲများတွင် လျာထားစာရင်းထဲ ၀င်နိုင်ရန်သာ မျှော်လင့်လေသည်။ သူက လက်တွေ့ဆန်ပြီး မျှော်လင့်ချက်ကြီးကြီးမားမား မထားပေ။


သို့သော် လင်းလော့ချင်းက သူ့၏ဆုများကို လုယူမိသွားမှာကို စိုးရိမ်နေသလို သူကလည်း လင်းလော့ချင်း နောင်တရသွားမှာကို ကြောက်နေမိသည်။