Chapter 310
ကြယ်ပွင့်တွေက ရယ်ရယ်မောမောပျော်ပျော်ရွှင်ရွှင်ရှိကြပြီး ဖန်တွေကလည်း ပျော်ပျော်ပါးပါးကြည့်ကြသည်။လျှိုယာမင် နှင့် စွန်းလျန့်တို့က ကြယ်ပွင့်များအတွက် လက်ဆောင်ငယ်လေးများ ပြင်ဆင်ထားကြပြီး ရာသီနှစ်ခု၏ ဂုဏ်သတင်းက အလွန်ကောင်းမွန်သည်။
လင်းလော့ချင်းကို စိုးရိမ်စေသည့် တစ်ခုတည်းသော အရာမှာ ယခုရာသီတွင် အစီအစဉ်၏ ထုတ်လုပ်ရေးအဖွဲ့မှ ရိုက်ကူးရေးကို တိုက်ရိုက်ထုတ်လွှင့်မှုအဖြစ် ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အချိန်နှင့်တပြေးညီ ပရိသတ်နှင့် အပြန်အလှန် အဆက်အဆံပြုပြီး ပရိသတ် စွဲမြဲမှုကို မြှင့်တင်ကာ ပိုမိုကောင်းမွန်သော ရလဒ်များ ဖန်တီးရမည်ဟု ဆိုလိုသည်။
တိုက်ရိုက်ထုတ်လွှင့်မှုက ပရိသတ်အတွက် ကောင်းနိုင်ပေမဲ့ ကြယ်ပွင့်တွေအတွက်က သိပ်မကောင်းပါချေ။အမှန်တွင် ကြယ်ပွင့်တိုင်းက အမည်းစက်များမရှိဘဲ အချိန်တိုင်း မှန်ကန်စွာ ပြုမူနေထိုင်နိုင်ကြောင်း အာမခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ယခုရာသီအတွက် ဧည့်သည်များကို ဖိတ်ခေါ်ရန်မှာ ယခင်ရာသီထက် ပိုမိုခက်ခဲလေသည်။ ယင်းကြောင့် ရိုက်ကူးရေးမှာပါရန် တရားဝင်ကြေငြာထားသော ဧည့်သည်အနည်းငယ်သည် လူကြိုက်များမှုနည်းပါးပြီး ရှိုးပရိသတ်များ အနည်းငယ်မကျေမနပ်ကြလေသည်။
ဒါရိုက်တာက ဝူရှင်းယွမ်ကို နောက်တစ်ကြိမ် ဆက်သွယ်လာသည်က ယင်းကြောင့် ဖြစ်နိုင်သည်။ လူကြိုက်များမှုနှင့် ပရိုဂရမ်၏အကျိုးသက်ရောက်မှုကို မြှင့်တင်ရန်အတွက် မြင့်မားသောလစာနှင့် ရိုက်ကူးရေးအချိန်ကို လွတ်လွတ်လပ်လပ်ရွေးချယ်မှုစသော နောက်ထပ်အခြေအနေများကို ပေးခဲ့သည်။ယင်းက ယခုအချိန်မှာ လူပြောများရေပန်းစားနေသောလင်းလော့ချင်းကို အစီအစဉ်တွင် ပါဝင်ပြီး သူတို့အား စိတ်အားထက်သန်မှု လှိုင်းလုံးများ သယ်ဆောင်လာစေရန် ကူညီပေးလိမ့်မည်ဟုမျှော်လင့်ခြင်းကြောင့်ဖြစ်သည်။
လင်းလော့ချင်း အင်တာနက်ပေါ်ရှိ မှတ်ချက်များနှင့် ဝူရှင်းယွမ် ပေးပို့သည့် စာရွက်စာတမ်းများကို ဖတ်ခဲ့သည်။ ကျယ်ကျယ်ပြန့်ပြန့် ခွဲခြမ်းစိတ်ဖြာပြီးနောက်တွင် ပါရန်က မဖြစ်နိုင်သည်မဟုတ်ကြောင်း သူခံစားခဲ့ရသည်။
ယေဘုယျဂုဏ်သတင်းကကောင်းသည့်အပြင် အိမ်ရှင်များက ကောင်းမွန်သောကိုယ်ရည်ကိုယ်သွေးများရှိပြီး လူများကို အရှက်ရစေမည်မဟုတ်ပေ။ ထို့အပြင် သူက အပိုင်းနှစ်ပိုင်းသာ ရိုက်ကူးရမည်ဖြစ်ပြီး ကြီးကြီးမားမား မဟုတ်ပေ။
တစ်ခုတည်းသောမေးခွန်းက ကျိယွီရှောင် ဆန္ဒရှိ၊ မရှိဆိုသည်ပါပင်။
လင်းလော့ချင်း ဖုန်းကို ကောက်ကိုင်ပြီး တွေးလိုက်သည်။ နောက်ဆုံးမှာ သူ ကျိယွီရှောင်ကို မခေါ်ဖြစ်ခဲ့ပေ။
ပြန်ရောက်သည့်အခါမှ မေးလိုက်မည်။ မည်သို့ပင်ဆိုစေကာမူ မကြာမီ သူပြန်တော့မှာဖြစ်သည်။ကျိယွီရှောင်၏အမူအရာကို အနီးကပ်မြင်ရပြီး သူတကယ်လုပ်ချင်လား သို့မဟုတ် လင်းလော့ချင်း ပျော်ရွှင်စေရန်အတွက်နှင့် လက်ခံခြင်းလားဟူ၍ ဆုံးဖြတ်နိုင်သည်။
ကျိယွီရှောင်က အတော်လေး အလုပ်ရှုပ်နေသည်။သူ ကျိယွီရှောင်ကို အခက်မတွေ့စေချင်ပေ။ကျိယွီရှောင် မတော်မတရား အလုပ်များနေသည်ဆိုလျှင် ထိုကိစ္စကို မေ့ထားလိုက်မည်။
ဆယ်ရက်ဆက်တိုက် အဓိကဖန်တီးသူများ၏ ကြိုးစားအားထုတ်မှုဖြင့် 'အနောက်အရပ်သို့ခရီး' ၏ ရုံတင်ငွေက ရပ်တန့်မသွားဘဲ ဆက်လက်မြင့်တက်လာခဲ့သည်။
ဒါရိုက်တာလီ၏ ကနဦးခန့်မှန်းချက်ထက် များစွာမြင့်မားသည်။ ထုတ်လုပ်သူက ဒါရိုက်တာလီကို 'အနောက်အရပ်သို့ခရီး၂' ကို ဖန်တီးစေချင်သော်လည်း ဒါရိုက်တာလီက သဘောမတူပေ။
ဇာတ်ကားကောင်းတစ်ကားသည် နောက်ဆက်တွဲတစ်ခုရှိရန် မလိုအပ်ပေ။ တစ်ခါတစ်ရံတွင် ယင်းက ဘရန်းကို ပျက်စီးစေသည်။ဒါရိုက်တာလီ သူ့ကိုယ်ပိုင်ဘရန်းကို မပျက်စီးစေချင်သလို ဇာတ်ညွှန်းမပါဘဲ နောက်ဆက်တွဲကို ဘယ်တော့မှ စဉ်းစားမှာမဟုတ်ပါချေ။
သူက အဓိက ဖန်တီးသူတွေကို ဆုချပြီး သူတို့ကို ကျေးဇူးတင်စကားဆို၏။
"အကုန်လုံး ပင်ပန်းသွားကြပြီ... အခု ပြန်သွားပြီး ကောင်းကောင်းအနားယူလို့ရပါပြီ"
လင်းလော့ချင်း မပြန်ခင်မှာ ဒါရိုက်တာလီက သူ့ကိုပြော၏။
"တစ်ခုခုဆိုရင် မင်းငါ့ကိုပြောလို့ရတယ်...ငါက ရုပ်ရှင်လုပ်ငန်းနဲ့ ရင်းနှီးတယ်...ဘယ်ဒါရိုက်တာရဲ့ ဇာတ်ကားမှာ သရုပ်ဆောင်ချင်လဲ ငါ့ကို ကြိုပြောထား... နားလည်လား"
လင်းလော့ချင်းက သဘာဝကျကျ နားလည်သည်။ တစ်ဖက်လူက သူ့ကိုကူညီချင်နေမှန်း ထင်ရှားသည်။ ဒါရိုက်တာလီ၏ကြင်နာမှုကို သူ အလေးအနက်လက်ခံခဲ့သည်။ "ဟုတ်ကဲ့...နားလည်ပါတယ်"
“နားလည်ရုံနဲ့ မလုံလောက်ဘူး...နောက်တစ်ခါကျ ငါ မင်းကို လာရှာမယ်၊ မင်းလာရမယ်...နားလည်လား"
ဒါရိုက်တာ လီက ပြုံးပြုံးကြီး ပြောသည်။
လင်းလော့ချင်းလည်း ပြုံးသည်။ "ကျွန်တော်နားလည်ပါတယ်... ဒါရိုက်တာလီ ခင်ဗျားရဲ့ရုပ်ရှင်ကို ကျွန်တော် မလာဘဲနေလို့ရပါ့မလား...ခင်ဗျား ကျွန်တော့်ကိုခေါ်ရင် မပြောနဲ့...ကျွန်တော့်ကိုမခေါ်ရင်တောင် တိတ်တိတ်လေး လာပြီး လူရွေးပွဲဖြေမှာ"
ဒါရိုက်တာလီက အရွယ်ရောက်ပြီးသား ကလေးတစ်ယောက်ကို စနောက်သလိုမျိုး ရယ်မောကာ သူ့ခေါင်းကို ပွတ်သည်။
"သွား...ပြန်သွားပြီး ကောင်းကောင်းအနားယူ"
"ဟုတ်ကဲ့... ဘိုင့်ဘိုင် ဒါရိုက်တာလီ"
လင်းလော့ချင်း သူ့လက်ကို ဝှေ့ယမ်းကာ ကားထဲသို့ဝင်ကာ လေဆိပ်ဆီသို့ အပြေးသွားခဲ့သည်။
ကျိယွီရှောင်က သူယနေ့ပြန်လာမည်ဆိုသည်ကိုသိပြီး သူ့ကိုကြိုရန် ကိုယ်တိုင်ကားမောင်းလာခဲ့သည်။
ကလေးနှစ်ယောက်ကို မခေါ်ခဲ့ပေ။သူကိုယ်တိုင်နှင့်လင်းလော့ချင်းကို နှစ်ယောက်တည်း အနည်းငယ်ပေးချင်သည်။
လင်းလော့ချင်း ကားထဲသို့ဝင်ပြီး ထိုင်ချလိုက်သည်နှင့် ကျိယွီရှောင် တောက်ပစွာ ပြုံးနေသည်ကို တွေ့လိုက်ရသည်။
"အရမ်းပျော်နေတယ်ပေါ့...ကောင်းတာတစ်ခုခုရှိလို့လား"
လင်းလော့ချင်း သူ့ထိုင်ခုံခါးပတ်ကို ချိတ်ရင်း သူ့ကို မေးလိုက်သည်။
ကျိယွီရှောင်က သူ့လက်ကို စတီယာရင်ပေါ်တင်ပြီး ရွှင်လန်းစွာ ပြုံးလိုက်သည်။
"မင်းကိုတွေ့ရတာ ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား"
"ကျစ်...ငါတို့ရဲ့ ကောင်ချောလေးကျိက အခုတလော ငါ့ကို အရမ်းလွမ်းနေပုံပဲ"
"ငါက မင်းရဲ့တစ်ထောင်ပုံပုံတစ်ပုံလောက်တောင်မချောပါဘူး"
ကျိယွီရှောင်က တမင်တကာ ပြောလိုက်သည်။
လင်းလော့ချင်းက ရယ်လိုက်သည်။ ကောင်းပြီ...ဒီလူက သူ့ကို အခွင့်ကောင်းယူဖို့ မမေ့ဘူး...
သူ ထိုင်ခုံကို မှီပြီး ကျိယွီရှောင်ကို ရသစုံရှိုးအကြောင်း အခုပြောပြရလား သို့မဟုတ် သူတို့ပြန်ရောက်သည်အထိ စောင့်ရမလားဆိုပြီး ချီတုံချတုံဖြစ်နေသည်။
ကျိယွီရှောင် ကားကို စက်နှိုးလိုက်သည်။လင်းလော့ချင်းက တစ်ခုခုကို တွေးနေသလိုမျိုး ခေါင်းငုံ့နေသည်ကို မြင်ပြီးမေးလိုက်သည်။
"ဘာတွေတွေးနေတာလဲ"
"မေးခွန်းလေးတစ်ခု စဉ်းစားနေတာ"
လင်းလော့ချင်း သူ့ကို မော့ကြည့်ပြီး မေးရန် ဆုံးဖြတ်လိုက်သည်။
"အခုတလော အလုပ်များနေလား"
"အဆင်ပြေပါတယ်"
ကျိယွီရှောင်က ပြန်ဖြေသည်။
"နောက်လကော"
"နောက်လလည်း အဆင်ပြေပါတယ်... ဘာဖြစ်လို့လဲ"
"အပိုင်းတချို့ ရိုက်ကူးဖို့ ငါကို ဖိတ်ခေါ်ချင်တဲ့ ရသစုံရှိုးရှိတယ်...ပရိုဂရမ်အဖွဲ့ကလည်း သူငယ်ချင်းတစ်ယောက် ခေါ်လာလို့ရတယ်ဆိုတော့ မင်းမှာအချိန်ရှိမရှိသိချင်လို့"
ကျိယွီရှောင် အံ့သြသွားသည်။
"ငါ့ကိုခေါ်သွားချင်တာလား... ဒါပေမဲ့ ငါက ကြယ်ပွင့်တစ်ယောက်မဟုတ်ဘူးလေ"
"ကြယ်ပွင့်ဖြစ်စရာမလိုဘူး"
"ဒါက မင်းကို ထိခိုက်စေမှာလား"
"မဟုတ်ဘူး"
လင်းလော့ချင်း အံ့ဩသွားသည်။ "ဒါက ငါ့အပေါ် ဘယ်လိုလုပ် သက်ရောက်မှုရှိနိုင်မှာလဲ"
"ဥပမာ၊ တခြားသူတွေက မင်းကို ဘာလို့ အနုပညာအသိုင်းအဝိုင်းထဲက သူငယ်ချင်းကို မခေါ်လာတာလဲလို့ မေးမယ်...အနုပညာအသိုင်းအဝိုင်းထဲမှာ သူငယ်ချင်းမရှိလို့လားဘာလားဆိုပြီး"
လင်းလော့ချင်း: '...မင်းက တော်တော်လေး စဉ်းစားတတ်တာပဲ...antiဖန်တွေပြောတာကိုများ မင်းလိုက်ကြည့်နေသလား'
"စိတ်မပူပါနဲ့...ကျန်းကောက ငါ့ကို
ဟိုတလောကမှ ကျေးဇူးအများကြီးတင်ထားတာဆိုတော့ သူတို့ ငါ့ကို သွားပုတ်လေလွင့်ပြောလို့မရပါဘူး"
သူ ယခုလိုပြောပြီးချိန်မှာ ကျိယွီရှောင်က တစ်ခုခုကို သတိရသွားပြီး နှာမှုတ်လိုက်သည်၏
"မှန်တယ်...မင်းရဲ့ကျန်းကောက အပြော အရမ်းကောင်းတယ်...မင်းရောက်လာတာကြောင့် သူ့ရဲ့ဆောင်းရာသီက စောစောကုန်ဆုံးသွားတယ်လေးဘာလေးနဲ့ ...ကျစ်ကျစ် သူစကားပြောအရမ်းကောင်းမှန်း ငါဘာလို့ မသိခဲ့တာပါလိမ့်...ဒီလောက် စကားပြောကောင်းရင် ဘာလို့ စာရေးမစားတာလဲ...ဘာလို့ ဒီမှာသရုပ်ဆောင်လုပ်နေတာလဲ... သူသရုပ်ဆောင်တာကို ရပ်ပြီး ဇာတ်ညွှန်းရေးသင့်တယ်လို့ ငါထင်တယ်...ရှင်းရီမှာ ဇာတ်ညွှန်းရေးဆရာမရှိသေးတာနဲ့ကွက်တိပဲ"
လင်းလော့ချင်း ရယ်ရမလား ငိုရမလား မသိပေ။
"ဘာတွေဖြစ်နေတာလဲ... သူက ငါ့ကို ကျေးဇူးတင်ချင်ရုံလေ... မင်းက ဘာလို့ဒီလောက်စိတ်ဆိုးနေတာလဲ"
ကျိယွီရှောင်က အေးစက်စွာ နှာမှုတ်လိုက်သည်။
"လူသိရှင်ကြား၊ လူအများရှေ့မှာ ဒီလိုလက်ခံစကားပြောဆိုဖို့ သူ့မှာ တကယ်ကို သတ္တိရှိတာပဲ"
၎င်းကိုတွေးပြီး ကျိယွီရှောင်၏ သွားတွေ ယားယံလာသည်။
ဤလက်ခံမိန့်ခွန်းကြောင့် ရှစ်ကျန်း နှင့် လင်းလော့ချင်းမှာ CPဖန်များရှိလာသည်။
'စင်ပေါ်တက်ပြီး ချစ်ခြင်းမေတ္တာကို ကြေငြာခြင်း'ဆိုတာကဘာလဲ...'ကျန်းကောက ဘာလို့ဒီလောက်ရိုဆန်ရတာလဲ 'ဆိုတာကရောဘာလဲ... 'တစ်ယာက်ကဆောင်းရာသီ ကုန်ဆုံးသွားတယ်လို့ပြောတယ်၊ တစ်ယောက်က မင်းကိုယ်တိုင်က နွေလို့ ပြောတယ်... ဒါက အချစ် အသွားအပြန်ရှိတဲ့အချစ်ပဲ'ကရော...ပြီးတော့ ဒီလိုဟာလည်းရှိသေးတယ် ' အောက်ခြေမှာ တစ်ယောက်နဲ့တစ်ယောက် သိခဲ့ကြတယ် ထိပ်ဆုံးမှာဆုံကြတယ်'တဲ့... သူတို့ ဘယ်လိုများ တွေးနိုင်ကြတာလဲ...
ဖန်တွေက သူတို့အတွက် CP နာမည်ကောင်းကောင်းလေးပင် ရွေးပေးကြသည်။ဘာကဗျာဆန်တဲ့ခံစားချက် (ရှစ်ချင်း)လဲ...သူတို့က စိတ်ကူးယဉ်လွန်းနေပြီ...
အဲဒါက မြင်တဲ့လူတွေကို တကယ်ကို ဒေါသထွက်စေတယ်...
ကျိယွီရှောင် ဤ CPဖန်များ ၏ စကားကို တွေးတောမိသည့်အခိုက်တွင်၊ သူ့ အင်္ကျီလက်များကို လှန်တင်ပြီး သုံးရက်သုံးည တိုက်ခိုက်ရန် မစောင့်နိုင်တော့ပေ။
ဟိုဟာလည်းအတု ဒီဟာလည်းအတု၊အကုန်လုံးအတုတွေချည်းပဲ...
သူနဲ့လင်းလော့ချင်းကပဲအစစ်...
ဘာ လင်းလော့ချင်းနဲ့ ရှစ်ကျန်းလဲ...ဘာ လင်းလော့ချင်းနဲ့ ချင်ဝူလဲ...ဘာလင်းလော့ချင်းနဲ့စုထုံလဲ... အကုန်လုံး အတုတွေ...
"မင်းက ရသစုံရှိုးကို သွားချင်တယ် ဟုတ်"
ကျိယွီရှောင်က ပြုံးလိုက်သည်။
"ငါသွားမယ်...မင်းကိုမထိခိုက်စေရင် ငါသွားမှာပေါ့"
သူသွားတာနဲ့ CP ဖန်တွေက ဘယ်သူက လင်းလော့ချင်းရဲ့တရားဝင်ပါတနာလဲဆိုတာ သိလာကြလိမ့်မယ်...
ရှစ်ကျန်းဖြစ်ဖြစ် ချင်ဝူဖြစ်ဖြစ် အကုန်လုံး ဘေးကိုဒိုး...
လင်းလော့ချင်း:"……"
"ဘာလို့ မင်းမှာ အခုအချိန်မှာ မကောင်းတဲ့ရည်ရွယ်ချက်နည်းနည်းရှိနေသလို ခံစားရပါလိမ့်"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ကျိယွီရှောင်က အပြစ်ကင်းသည့်ဟန်ဖြင့်ရှိနေသည်။
"မင်းယောက်ျားက အဲဒီလိုလူလား"
ကျိယွီရှောင်က သူ့ကို စိုက်ကြည့်ကာ ဆိုသည်။
"မင်းယောကျ်ားက အရမ်းကြင်နာတတ်တာပါနော်"
လင်းလော့ချင်း: "……"
ယခုလိုပြောသည့်အခါ သူ့ယောကျ်ားက သိပ်ကြင်နာတတ်ပုံမပေါ်ဘူးဟု သူအမြဲခံစားရသည်။
"ဒါဆို အချိန်ကျလာတဲ့အခါ သတိထားရမယ်"
လင်းလော့ချင်း သူ့ကို ပြောလ်ုက်သည်။
"ဘာကို သတိထားရမှာ"
ကျိယွီရှောင်က သူ့ကို မေးသည်။
"မင်းရဲ့စကားတွေကို သတိထား"
လင်းလော့ချင်းက အကူအညီမဲ့စွာ ရှင်းပြသည်။
"အရင်ဆုံး 'ယောကျာ်း' ဆိုတဲ့ စကားလုံးကို မင်းကို ပြောခွင့်မပြုဘူး... ဒါက တိုက်ရိုက်ထုတ်လွှင့်မှု"
ကျိယွီရှောင် အနည်းငယ်ထူးဆန်းသည်ကို တွေ့လိုက်ရသည်။
"တိုက်ရိုက်ထုတ်လွင့်မှုလား...ရသစုံရှိုးအကုန်လုံးက မှတ်တမ်းတင်ထားတာ မဟုတ်ဘူးလား"
"ဒီတစ်ခါက တိုက်ရိုက်ထုတ်လွှင့်မှု...ဘာလို့လဲ... မင်းကြောက်နေပြီလား"
"အိုး... ငါကကြောက်ရမှာလား"
ကျိယွီရှောင်က မခိုးမခန့်ပြောလိုက်သည်။
"တိုက်ရိုက်ထုတ်လွှင့်မှုဆိုလည်း တိုက်ရိုက်ထုတ်လွှင့်ပါစေပေါ့...ငါလည်း အဲဒီCPဖန်တွေကို တကယ့်အစစ်အမှန်ကဘာလဲဆိုတာ ရှင်းရှင်းလင်းလင်းမြင်အောင်ပြလိုက်မယ်"
"ဘာ CPဖန်တွေလဲ"
လင်းလော့ချင်း သံသယစိတ်ဖြင့် မေးလိုက်သည်။
ကျိယွီရှောင်က ပြုံးလိုက်သည်။
"ငါတို့ရဲ့ CP ဖန်တွေပေါ့"
"ဒါဆို မင်းက သူတို့ကို တကယ့်အစစ်အမှန်ကို ရှင်းရှင်းလင်းလင်း မြင်စေချင်တာလား"
ကျိယွီရှောင်က အလွန်စစ်မှန်စွာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်...သူတို့ အမှန်ကိုရှင်းရှင်းလင်းလင်းမြင်မှ စိတ်အားထက်သန်မှု(ကျိချင်း)က ထာဝရတည်ရှိမှာ"
လင်းလော့ချင်း: "……"
"မင်း အခု ဘယ်လိုပုံစံဖြစ်နေလဲ သိလား"
ကျိယွီရှောင် ဝန်ခံရန် ငြင်းဆိုခဲ့သည်။ "သေချာပေါက် မသိဘူး... ငါသိတာက ငါတို့ကသာ အစစ်အမှန်၊ လက်မှတ်ရထားတဲ့ အစစ်အမှန်ဆိုတာပဲ သိတယ်"
လင်းလော့ချင်း:"……"
"ဒါကို အဲဒီအခါကျ ပြောခွင့် မပြုဘူး"
"ငါသိပါတယ်"
ကျိယွီရှောင်က ပြုံးပြီး နေကာမျက်မှန်ကို သူ့နှာတံပေါ်တင်လိုက်သည်။
လာစမ်းပါ ကဗျာဆန်တဲ့ခံစားချက်CP... နှစ်လမ်းသွားအချစ်ဆိုတာ ဘာလဲ ကြည့်ရအောင်...
သေအောင်ကြွားပြမယ်ကွ...
ကျိယွီရှောင်က သဘောတူခဲ့ပြီးနောက် လင်းလော့ချင်း "တောက်ပသောတနင်္ဂနွေ" ကို ရိုက်ကူးရန် ဆန္ဒရှိကြောင်း ဝူရှင်းယွမ်အား အကြောင်းပြန်ခဲ့သည်။
[ဒါဆို မင်းဘယ်သူနဲ့သွားမှာလဲ]
ဝူရှင်းယွမ်က သူ့ကို မေးသည်။
လင်းလော့ချင်း သူ့ဘေးနားရှိလူကို တိတ်တဆိတ် စိုက်ကြည့်ကာ တမင်တကာပြောလိုက်သည်။
[ဘယ်သူလို့ထင်လဲ]
ဝူရှင်းယွမ် ခဏစဉ်းစားပြီးဖြေလိုက်သည်။
[ရှစ်ကျန်း]
လင်းလော့ချင်း: [မဟုတ်ဘူး]
ဝူရှင်းယွမ်: [ချင်ဝူ?]
လင်းလော့ချင်း: [မဟုတ်ဘူး]
ဝူရှင်းယွမ်: [စုထုံများလား...အဲဒါရှူံးတယ်နော်...စုထုံရဲ့ စျေးနှုန်းက မင်းနဲ့အတူတူပဲ...သူသာ ဆွေမျိုးမိတ်ဆွေအနေနဲ့သွားရင် ငါတို့ ပိုက်ဆံအများကြီးမရဘူး]
လင်းလော့ချင်း: [ကျွန်တော်က အဲဒီလောက် ဥာဏ်နည်းတဲ့သူလို့ ထင်လား]
ဝူရှင်းယွမ်: [ဒါဆို ဘယ်သူဖြစ်နိုင်မလဲ]
သူက ဖုန်းကိုကိုင်ပြီး သံသယဖြစ်စွာပြောလိုက်သည်။
[ငါတော့မဟုတ်ပါဘူးနော်]
လင်းလော့ချင်း ရယ်လိုက်ပြီး သူ့အေးဂျင့်က စိတ်ကူးနိုင်စွမ်းတကယ်ကောင်းဘူးဟုခံစားရသည်။
လင်းလော့ချင်း: [ခင်ဗျားရဲ့ဘော့စ် ဥက္ကဋ္ဌကျိယွီရှောင်~]
ဝူရှင်းယွမ်: ! !
ဝူရှင်းယွမ် ထိတ်လန့်သွားလွန်း၍ ဖုန်းလွတ်ကျလုနီးပါးပင်။
[သူ သဘောတူလား?]
လင်းလော့ချင်း: [အမ်းးး~]
ဝူရှင်းယွမ်: ......
ဘုရားရေ.... သူတို့ရဲ့သူဌေးကတကယ်ကြီး ရသစုံရှိုးထဲမှာပါတော့မှာပေါ့...
ဒါက တကယ်ကို မတွေ့ရတာ ကြာပြီ...
သူဌေးကတော်က မျှော်မှန်းထားသည့်အတိုင်း မျက်နှာကြီးပါပေတယ်...
ဝူရှင်းယွမ်: [အချိန်ကောင်းလေးဖြစ်ပါစေ!]
လင်းလော့ချင်း: [ပေးတဲ့ဆုနဲ့ပြည့်ပါစေ~]
သူပြန်ဖြေပြီးနောက် ကျိယွီရှောင်ကို ထပ်မံကြည့်လိုက်သည်။ကျိယွီရှောင်ရှိုးထဲမှာပါသည်က မည်သို့မည်ပုံဖြစ်မည်ကို သူမသိပေ။၎င်းသည် ကျိယွီရှောင်၏ ဖျော်ဖြေရေးနယ်ပယ်ထဲက ပထမဆုံးရှိုးဖြစ်သောကြောင့် ၎င်းကို စောင့်မျှော်နေမိသည်။
လင်းလော့ချင်း တစ်ခုခုကို တွေးမိပြီး ဝူရှင်းယွမ်ကို နောက်ထပ် WeChat မက်ဆေ့ချ် ပေးပို့ခဲ့သည်။
[မှတ်ချက်တွေကို ထိန်းချုပ်ဖို့ သတိရပါ... တစ်စုံတစ်ယောက်က သူ့ကို ဆူရင်ဆဲရင် တန်းရေတပ်ငှားလိုက်... သူ့ကို ဆူဆဲတဲ့သူတွေကို အသာစီးမရစေနဲ့]
ဝူရှင်းယွမ်: [စိတ်မပူပါနဲ့]
ပြောစရာမလိုအောင်ပင်၊သူ ထိုသို့လုပ်မှာဖြစ်သည်။မဟုတ်လျှင် ကျိယွီရှောင်က အဆူအဆဲခံရပြီး စိတ်တိုနေလိမ့်မည်။ထိုအချိန်မှာ ဝန်ထမ်းတွေဖြစ်သည့် သူတို့က မည်သို့ပျော်နိုင်ပါမည်နည်း။
ဒါပေမဲ့ အဲဒါက သူဌေးမျက်နှာပေါ်မှာမူတည်တယ်...သူ ဆောင့်ကြွားဆောင့်ကြွား မလုပ်သရွေ့ သူ့ကို ဘယ်သူမှ ဆူမှာဆဲမှာ မဟုတ်ဘူး မလား...
စင်စစ်အားဖြင့် သူက ချောမောလွန်းလှသည်။ကြယ်ပွင့်တစ်အုပ်ထဲပစ်ထည့်လိုက်လျှင်ပင် တလက်လက်တောက်ပနေဦးမှာဖြစ်သည်။
ဝူရှင်းယွမ် သူ့ကိုယ်သူ လက်ရှိ အင်တာနက်သုံးစွဲသူတွေကို ကောင်းကောင်းသိပြီးသားဟု ခံစားရသည်။သူက ချောမောသည့်ယောက်ျားဖြစ်နေသရွေ့ သူ၏ချောမောသည့်မျက်နှာကြောင့် သူ့ကို သုံးမှတ်ပေးမှာ ဖြစ်သည်။ကျန်သည့် ခုနစ်မှတ်ကမူ အသင်းဖော်တွေကို ဆွဲမချသရွေ့ရသည်။မဟုတ်လျှင် သူတို့ သူ့ကိုတစ်မှတ်မှပေးမှာမဟုတ်ပေ။
ဒါပေမဲ့ ကျိယွီရှောင်က လင်းလော့ချင်းကို ဘယ်လိုလုပ်ဆွဲချမှာတဲ့လဲ... နောက်နေတာလား...
ဝူရှင်းယွမ် ဤကိစ္စနှင့် ပတ်သက်၍ သူတို့၏ ဥက္ကဋ္ဌကျိအပေါ် အလွန်ယုံကြည်မှု ရှိနေသော်လည်း ယုံကြည်မှုက ယုံကြည်မှုဖြစ်ပြီး ရေတပ်အဖွဲ့က ထိန်းချုပ်မရသော တစ်စုံတစ်ရာ ဖြစ်လာပါက ပြင်ဆင်ထားရမည်ဖြစ်သည်။
ရက်အနည်းငယ်အတွင်း "တောက်ပသောတနင်္ဂနွေ" က လင်းလော့ချင်းကိုတရားဝင်ကြေငြာခဲ့သည်။
တောက်ပသောတနင်္ဂနွေV : [ဧည့်သည်အသစ်တစ်ယောက် မင်လျန့်အိမ်ကိုလာမယ်.... သူက ဘယ်သူလဲဆိုတာ ခန့်မှန်းကြည့်]
ပူးတွဲပါပုံသည် ပုံတူပုံရိပ်မည်းတစ်ခုဖြစ်သည်။
မျက်လုံးစူးရှသော အင်တာနက်အသုံးပြုသူများက ၎င်းကို ချက်ချင်းမှတ်မိခဲ့သည်။
[ဒါက ဖူရှီရဲ့ ပုံမဟုတ်ဘူးလား...လင်းလော့ချင်းလား]]
[ဖာ့ခ် လင်းလော့ချင်းက ရသစုံရှိုးမှာ ပါတော့မှာလား...အရင်က ရသစုံရှိုးတွေ မတက်ဖူးဘူး မဟုတ်လား
[အားအားအား... ဒါက တကယ်ကို ဖူရှီရဲ့ ပုံနဲ့တူတယ်... အဲဒါလင်းလော့ချင်း...လင်းလော့ချင်းပဲ ဖြစ်ရမယ်]
[ဒါပေမဲ့ "တောက်ပသောတနင်္ဂနွေ"ရဲ့ ဒီရာသီဧည့်သည်အရေအတွက်က သိပ်မများဘူးလေ...လင်းလော့ချင်းက အခုအချိန်မှာ ထိပ်တန်းအဆင့်ဖြစ်နေတာ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ]
[လင်းလော့ချင်းက ထိပ်တန်းဖြစ်နေပြီပေါ့ ? ? တကယ်လား?]
[လင်းလော့ချင်း ထိပ်တန်းအဆင့်မဟုတ်သေးဘူးမလား ? ?အတည်ပြောနေတာလား?]
[ဝက်ဝက်ကွဲအောင်မြင်တဲ့ တီဗီစီးရီးနှစ်ခုနဲ့ ရုပ်ရှင်ကားတစ်ကား...ဒါက ထိပ်တန်းမဟုတ်ရင် တခြားဘယ်သူက ထိပ်တန်းလဲ]
[လင်းလော့ချင်းဖန်တွေက လေတိုက်ရာမှာ တကယ်တော်တယ်...အဲလိုပေါက်တာက လင်းလော့ချင်းနဲ့ ဆိုင်လို့လား]
[အာ ကိစ္စမရှိဘူးနော် ချစ်လေး...လင်းလော့ချင်း လမ်းပေါ်ထွက်ရတာ အဆင်ပြေရဲ့လား ...ချစ်လေး ကိုယ့်လူကိုယ်ပဲ အာရုံစိုက်ထားဖို့ အကြံပြုပါရစေ]
[ဒါဆို ငါတစ်ယောက်ထဲကပဲ တကယ်သာလင်းလော့ချင်းဆိုရင် လင်းလော့ချင်း ဘယ်ဆွေမျိုး ဒါမှမဟုတ် သူငယ်ချင်းကို ခေါ်လာမလဲဆိုတာကိုဂရုစိုက်နေတာလား]
[အားအားအားအား ကျန်းကော! ! ! ကျန်းကောပဲဖြစ်ရမယ်! ကဗျာဆန်တဲ့စိတ်ခံစားချက်က အစစ်ကြီး!]