Chapter 328
ယွီကျားယုံထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိချိန်တွင် လင်းလော့ချင်းက 'ကွေးယွီ့' ဆန်ခါတင်စာရင်းဝင်ခြင်း ရှိ၊ မရှိ စစ်ဆေးတော့မည်ပြုနေခြင်း ဖြစ်သည်။
"လော့ချင်း...ရွှေဖီးနစ်အတွက် ဆန်ခါတင်စာရင်း ထွက်လာပြီ"
ယွီကျားယုံ၏ အသံက တုန်သွားသည်။
"အခြေအနေ ဘယ်လိုလဲ...ကျွန်တော်တို့ပါလား"
လင်းလော့ချင်းက စိုးရိမ်တကြီး မေးသည်။
"ဟမ်…အင်း"
ယွီကျားယုံက ကြောင်တောင်တောင် ခေါင်းညိတ်လိုက်သည်။
"ဘာဆုတွေလဲ"
လင်းလော့ချင်းက စိတ်ဝင်တစား မေးသည်။
"အကောင်းဆုံးဒါရိုက်တာနဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုလား"
"အဲဒါက…"
ယွီကျားယုံက တုံ့ဆိုင်းသွားသည်။
လင်းလော့ချင်းက သူ့ကို တိုက်တွန်းသည်။
"ဘယ်ဟာလဲ... မြန်မြန်ပြောပါဗျ"
"မင်းရဲ့အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု"
လင်းလော့ချင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ ကံကောင်းထောက်မစွာနှင့်ပဲ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုကို လောလောဆယ်အတွက် ထိန်းထားနိုင်ပြီဖြစ်သည်။
"အခြားတစ်ခုခုရှိသေးလား"
"ပြီးတော့ ငါ့ရဲ့ အကောင်းဆုံး ဒါရိုက်တာဆု"
လင်းလော့ချင်း ယခုအချိန်တွင် ပို၍ပင် သက်တောင့်သက်သာရှိသွားသည်။ သူက ကုလားထိုင်ကို မှီပြီး ကိုယ်ကိုဖြေ လျှော့လိုက်သည်။
ကောင်းလိုက်တာ...ယွီကျားယုံရဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို သူ့ကြောင့် မဆုံးရှုံးခဲ့ဘူး...
"ဒါ့အပြင် ရှစ်ကျန်းက အကောင်းဆုံး ဇာတ်ပို့မင်းသားဆု"
လင်းလော့ချင်း: '??? ဟမ်?'
နောက်တစ်ခု ဘယ်လိုလုပ် ရှိနေတာလဲ...
အကောင်းဆုံး ဇာတ်ပို့မင်းသားလား ...
၎င်းနောက် သူပြန်စဉ်းစားလိုက်ငည်။ ဟုတ်သည်၊ရှစ်ကျန်းက အနာဂတ် ၏အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုရှင်ဖြစ်၏။အကောင်းဆုံး ဇာတ်ပို့ဆု ဆန်ခါတင်စာရင်းဝင်သည်က သူ့အတွက် ပုံမှန်ပါပင်။
"ရှောင်နင်းနဲ့ ငါ့အတွက် အကောင်းဆုံးဇာတ်ညွှန်းဆု"
လင်းလော့ချင်း: '.... ဒါကရော...'
ဒါက ဝတ္ထုထဲမှာ ပါလို့လား...
"နောက်ဆုံးအနေနဲ့ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု"
လင်းလော့ချင်း:'ဘုရားရေ...အများကြီးဆန်ခါတင်စာရင်းဝင်သွားတာပဲ'
"အရမ်းမိုက်တယ် ဒါရိုက်တာယွီ..."
လင်းလော့ချင်းက ချီးကျူးသည်။
ထိုအခါမှ ယွီကျားယွီ နောက်ဆုံးတွင် အသိစိတ်ပြန်ဝင်လာပြီး သူ၏ ယခင်ပုံစံအတိုင်း ပြန်ရောက်သွားခဲ့သည်။
"ဟားဟားဟားဟား"
နောက်ဆုံးမှာ သူ မရယ်ဘဲမနေနိုင်တော့ပေ။
"ငါက အရမ်းတော်တယ်...ငါ တကယ် ဆန်ခါတင်စာရင်း အများကြီးဝင်ခဲ့တာပဲ... ရွှေဖီးနစ်က ရွှေဖီးနစ် ဖြစ်ထိုက်ပါပေမယ်...ဒိုင်တွေမှာ အမြင်ရှိတယ်"
လင်းလော့ချင်းက ရယ်လိုက်သည်။
ယွီကျားယုံက ကရားရေလွှတ်သလိုတတွတ်တွတ်ပြောသည်။
"နောက်လမှာ ကော်ဇောနီလျှောက်ဖို့ နိုင်ငံခြားကို အတူတူ ခရီးထွက်ကြမယ်...အဲဒီအချိန်မှာ ငါ့အတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်းပါးတွေရေးဖို့ သတင်းထောက် ၂၀၀ ကို ဖိတ်ကြားရမယ်...ယွီကျားယုံ– ဉာဏ်ကြီးရှင် ဒါရိုက်တာတစ်ယောက်မွေးဖွားလာမှုဆိုပြီးရေးကြလိမ့်မယ်..."
ဤအခိုက်အတန့်တွင် သူသည် သူ၏ကိုယ်ပိုင်သင်္ချိုင်းစာအကြောင်းပင် တွေးတောနေမိသည်—ဤသည်က ကြီးမြတ်သော ဉာဏ်ကြီးရှင် ဒါရိုက်တာတစ်ဦးဖြစ်သည် ဘလာ ဘလာ...
လင်းလော့ချင်း သူ၏ ရွှင်မြူးသောပုံစံနှင့် ပူးပေါင်းလုပ်ဆောင်မှုကြောင့် သဘောတကျရယ်မိသွားသည်။ "ကောင်းပြီ...အချိန်ကျတာနဲ့ ကျွန်တော် ဝူရှင်းယွမ်ကို ကြိုပြင်ခိုင်းထားလိုက်မယ် ...သူက hot search 20 ခုကို ဝယ်ပြီး ရှုထောင့်အမျိုးမျိုးကနေ ခင်ဗျားကို ချီးကျူးလိမ့်မယ်"
"မလိုပါဘူး"
ယွီကျားယုံက ယခုအချိန်တွင် နှိမ့်ချလာပြန်သည်။
"အရမ်းများလွန်းတယ်... နှစ်ခုဆို လုံလောက်ပြီ ...မဟုတ်ရင် တခြားသူတွေ စိတ်တိုလိမ့်မယ်..."
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ကျွန်တော်တို့ဒါရိုက်တာယွီက ဒီလောက် ချောမောပြီး အရည်အချင်းရှိတာ... လူတိုင်းက ခင်ဗျားကိုမြင်ပြီးရင် ခင်ဗျားက ပိုပြီးပြီးပြည့်စုံတယ်လို့ ထင်ကြလိမ့်မယ်... ဘယ်သူက စိတ်တိုမှာလဲ"
ငလူး...
သူ လင်းလော့ချင်းကို ပိုသဘောကျလာပြီ...
လူအများကြီထဲမှာ သူက စကားပြော အကောင်းဆုံးပဲ...
"ငါ့ကို လာမမြှောက်နဲ့... ဒီက မြှောက်ပေးရင် မိုးပေါ်ထိတက်တာ"
"အမှန်အတိုင်းပြောတဲ့ဟာကို ဘယ်လိုလုပ်မြှောက်ပေးတာဖြစ်မှာလဲ"
လင်းလော့ချင်းက ပြုံးပြုံးလေး ပြောသည်။
ယွီကျားယုံ ချက်ချင်းပင် ရယ်မိလိုက်ပြန်ပြီး လုံးလုံးလျားလျား ပျော်သွားသည်။
သူ လင်းလော့ချင်း နှင့် ခဏကြာ စကားပြောခဲ့သည်။ ထို့နောက် သူ ဖုန်းကို မချချင်ချချင် ချလိုက်ပြီး နင်းယွီနှင့် ရှစ်ကျန်း တို့ထံ သွားရောက်ကာ ဆန်ခါတင်စာရင်းဝင်ခြင်းအကြောင်း ပြောပြသည်။
ရှစ်ကျန်းသည် သူ ပေါ့ပေါ့ပါးပါး ရိုက်ကူးခဲ့သည့် ဇာတ်ကားတစ်ကားမှာ အကောင်းဆုံးဇာတ်ပို့ဆု ဆန်ကာတင်စာရင်းမှာ ထပ်မံပါဝင်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။ပြီးလျှင် ဤသည်က ရွှေဖီးနစ်မှာလည်း ဖြစ်သေးသည်။
အံ့သြဝမ်းသာစွာဖြင့် သူဖုန်းချလိုက်ပြီးနောက် အကောင်းဆုံး ဇာတ်ပို့ဆုရရန် ကံပါလာသည်ဟု သူထင်သည်။
သိပ်မကြာခင်မှာပဲ ဖိုရမ်ထဲက တစ်ယောက်ယောက်က ဤနှစ် ရွှေဖီးနစ် ဆန်ခါတင်စာရင်းကို အာရုံစိုက်ခဲ့ပြီး လင်းလော့ချင်းနှင့်ရှစ်ကျန်းတို့ကို သူတို့ကြားထဲမှာ တွေ့ရသောအခါ အံ့သြသွား၏။
[လင်းလော့ချင်း နဲ့ ရှစ်ကျန်းက အတူတူ တွဲရိုက်ခဲ့တာလား]
[ဖာ့ခ် ငါက ကန်းနေတာလား... ဒီဆန်ခါတင်စာရင်းမှာ လင်းလော့ချင်းက အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့တယ်ပေါ့]
[အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု? ဘာရုပ်ရှင်လဲ? ဝမ်ကျစ်မင် နဲ့ ဟို့ဝမ်ယွီက အနောက်အရပ်သို့ခရီးအတွက် ပိုသင့်တော်တယ် မဟုတ်ဘူးလား]
[ဒါက 'အနောက်အရပ်သို့ခရီး' မဟုတ်ဘူး... 'ကွေးယွီ့' လို့ခေါ်တဲ့ ဇာတ်ကား... အဲဒါကို ငါ မကြားဖူးပေမဲ့ ရှစ်ကျန်းလည်း ဆန်ခါတင်စာရင်းမှာ ပါတယ်... သူတို့ နှစ်ယောက် တစ်ကားထဲ ရိုက်ထားတာလား]
[ဟားဟားဟား ရှစ်ကျန်းက ဒီတစ်ကြိမ်မှာလည်း အကောင်းဆုံး ဇာတ်ပို့မင်းသား ဖြစ်လာပြန်တယ်...ရွှေလော်ရယ်တုန်းကလည်း အကောင်းဆုံး ဇာတ်ပို့မင်းသားပဲ]
[လင်းလော့ချင်းက ဒီဇာတ်ကားကို ဘယ်တုန်းက ရိုက်ကူးခဲ့တာလဲ... ဘာလို့ ငါ ဘာမှမသိလိုက်တာလဲ]
[သူ့ဖန်တွေရဲ့ စကားကို ကြည့်လိုက်ရင် မနှစ်က အောက်တိုဘာလကနေ ဇန်နဝါရီလအထိ ရိုက်ကူးခဲ့ပုံရတယ်... ရိုက်ကူးရေးက ခပ်လျှိုလျှိုဆိုတော့ လူသိပ်မသိဘူး]
[ဟုတ်တယ်... 'ကွေးယွီ့' ကို 'အနောက်အရပ်သို့ခရီး' ရိုက်ကူးပြီး သိပ်မကြာခင်မှာပဲ ရိုက်ကူးခဲ့တာ... 'ကွေးယွီ့'က သိပ်မကြော်ငြာထားဘူး... ဖန်တွေကလွဲရင် လူသိပ်မသိဘူး]
[ဘုရားရေ ဒီအဖွဲ့က တော်တော်လေးမိုက်တယ်...ဒါရိုက်တာလည်း ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး ရုပ်ရှင်ဆုပေါင်းများစွာအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့တယ်]
[ဒီဒါရိုက်တာကို တစ်ခါမှ မကြားဖူးဘူးလားလို့]
[ဒီဒါရိုက်တာက တကယ်ကို ဘာမှန်းမသိရဘူး... အဲဒါကြောင့် အဲဒီအချိန်တုန်းက ဖန်တွေက ဒီဇာတ်ကားအတွက် စိတ်ပူနေကြတာ... မထင်မှတ်ပဲ၊ သူက ဒီလို တော်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်နေတယ်]
[ဒါရိုက်တာအသစ်ပေါ့...လင်းလော့ချင်းက တော်တော်ရဲတယ်]
[ဇာတ်ညွှန်းက ကောင်းမယ်ထင်တယ်... မဟုတ်ရင် အဲဲဒီအချိန်တုန်းက လင်းလော့ချင်းက အရမ်းရေပန်းစားနေတာ... လူမသိသူမသိ ဒါရိုက်တာတစ်ယောက်ရဲ့ ရုပ်ရှင်ကို ရိုက်ကူးစရာ မလိုအပ်ဘူး]
[ဟုတ်တယ် သူက အဲဒီအချိန်က ဒါရိုက်တာလီနဲ့ ပူးပေါင်းခဲ့တယ်]
[ဇာတ်ညွှန်းက အရမ်းကောင်းရမယ် ...မဟုတ်ရင် ရွှေဖီးနစ်အတွက် ဆန်ခါတင်စာရင်းဝင်မှာ မဟုတ်ဘူး... ဒါက ရွှေဖီးနစ်နော်]
[သေအောင်ရယ်ရတယ်... ဘလက်ခ်ဖန်တွေက အဲဒီအချိန်တုန်းက ထပြဿနာရှာတယ်လေ... ဒီဇာတ်ကားက အသိသာကြီးကို ရုပ်ရှင်အသိုင်းအဝိုင်းရဲ့ ငြင်းပယ်မှုကို ခံရပြီး သူရဲ့ အရင်းအမြစ်တွေ့ အဆင့်နှိမ့်ချခံရတယ်ဆိုပြီးပြောကြတယ်... သူတို့က ကျိုးကြောင်းဆီလျော်တဲ့ အထောက်အထားတွေနဲ့ ခွဲခြမ်းစိတ်ဖြာမှုအများကြီးတောင် လုပ်ခဲ့ကြတယ်...တကယ်တမ်းကျတော့ ဒါရိုက်တာက ရွှေဖီးနစ်ကိုတောင် မှန်းထားတာ တွေ့ရတယ်... ဟားဟားဟား အရမ်းရှက်ဖို့ကောင်းတယ်]
[ပြောရဦးမယ်...အဲဒီအချိန်တုန်းက လင်းလော့ချင်းက စာပေရုပ်ရှင်တစ်ကားကို ရိုက်ကူးနေတယ်လို့ငါထင်ခဲ့တာ... စာပေရုပ်ရှင်တော်တော်များများရဲ့ဒါရိုက်တာတွေက ဒီလိုတွေလေ...သူတို့က ဆုတွေဆီကို တိုက်ရိုက်သွားကြတယ်...အဲတော့ ရုံတင်ငွေက အရမ်းကြီးမမြင့်ဘူးလို့ ထင်ရပေမဲ့ အနုပညာအောင်မြင်မှုတွေ အတော်လေးမြင့်တယ်]
[ဒါက သိသာပါတယ်... ပထမဦးဆုံးနိုင်ငံခြားရုပ်ရှင်ပွဲတော်သို့ အရင်တင်သွင်းပြီး ဆုရရှိပြီးမှ ရုံတင်မှာ... ဆုမရခဲ့ရင်တောင် အခု ဆန်ခါတင်စာရင်းထဲပါသွားပြီလေ... အချိန်တန်ရင် ကြေငြာဖို့ ပိုလွယ်လာလိမ့်မယ်]
[ငါ အရမ်းအားကျမိတယ်...သူက နာမည်ကြီး လက်ရာတွေကို လက်နှစ်ဖက်လုံးနဲ့ ဖမ်းဆုပ်ထားတာ... ဒီနောက်ပိုင်း လင်းလော့ချင်း အရမ်းမိုက်တာကို ဘယ်သူက မမြင်လို့လဲ]
[သူ့ဖန်ဖြစ်ရတာ အရမ်းမိုက်မှာပဲ... သူတို့ ဘာလိုချင်လဲ အကုန်ရတယ်... ဝူးဝူးဝူး အရမ်းမိုက်တာပဲ]
[နိုး]
အရေးဟဲ့အကြောင်းဟဲ့ဆိုလျှင် ခုန်ထွက်ပြီး ရေအေးလောင်းသောသူတွေက အမြဲရှိနေသည်။
[မဟုတ်ဘူး မဟုတ်ဘူး... ဒါက အရမ်းကြီးကြွားလုံးထုတ်နေတာ မဟုတ်ဘူးလား...မသိတဲ့သူတွေဆို လင်းလော့ချင်း အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုကို ရသွားပြီ ထင်ကုန်ကြလိမ့်မယ်]
[ဆန်ခါတင်စာရင်းဝင်တဲ့သူတွေက အများအကြီးရှိတယ်...အဲဒီထဲက တချို့ကပဲ ဆုတွေရကြတာ...လင်းလော့ချင်းရဲ့ဖန်တွေက လင်းလော့ချင်း ဆုရမှာလို့ တကယ်ထင်နေတာတော့မဟုတ်ပါဘူးနော်]
[ဟားဟားဟား...ဖန်တွေရဲ့ နှလုံးသားတွေက ကောင်းကင်ထက်ကို ပိုမြင့်တယ်...သူတို့ကောကောက ထိုက်တန်တယ်လို့ ထင်နေတာလား]
လင်းလော့ချင်း၏ ဖန်များက ချက်ချင်းပင် တန်ပြန်တိုက်ခိုက်ခဲ့ကြသည်။
[ဆန်ခါတင်စာရင်းဝင်တာက အသိအမှတ်ပြုခံရဖို့ မထိုက်တန်ဘူးလား...ရွှေဖီးနစ်ကတောင် သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို လက်ခံတယ်...နင်တို့က အသိအမှတ်မပြုရင် နင်တို့က တကယ်မထိုက်တန်ဘူးပဲ]
[လင်းလော့ချင်းက ကျိန်းသေပေါက်ဆုရမယ်လို့ရယ် မထင်ပေမဲ့ ဆန်ခါတင်စာရင်းဝင်တာက အရမ်းကောင်းတယ်လေ... အဲဒါကို ငါတို့ ကြွားလို့ မရဘူးလား]
[ဟားဟားဟား...သူတို့တွေ စိတ်ပူကြပြန်ပြီ၊ ထပ်ပြီး စိုးရိမ်နေကြပြန်ပြီ... အချဉ်နံ့တွေတလှိုင်လှိုင်ထွက်နေပြီ!]
[ထားလိုက်ပါ...အမည်းရောင်ဖန်တွေနဲ့ ငြင်းခုံမနေပါနဲ့...ဒီလောက်ကြာအောင် မည်းမှောင်နေမှတော့ သူများ ရေပန်းစား၊အလုပ်ကောင်းကောင်းရ၊ရုံတင်ငွေရ၊ ဆုအတွက် ဆန်ကာတင်စာရင်းဝင်တာကိုတော့ သေချာပေါက် ဒေါသထွက်မှာပေါ့]
[ဟားဟားဟား အမည်းရောင်တွေက ဒေါသထွက်နေကြတာ...နင်က အမှန်တရားကိုပြောနေတာပဲကျယ်မေ့ရေ]
မကြာခင်မှာပဲ လင်းလော့ချင်း၏ဖန်တွေက သူ၏ အမည်းရောင်တွေကို မြေပြင်ပေါ် ဖိချလိုက်သည်။
ဖန်တွေက လင်းလော့ချင်းဆီ စိတ်ရင်းမှန်နှင့် သီးသန့်မက်ဆေ့ချ်တွေ ပေးပို့ခဲ့ကြသည်။
[ကောကော...ကောကောက အရမ်းတော်နေပြီးသားပါ... ဆုတွေ ရလား ၊ မရဘူးလားဆိုတာက အရေးမကြီးပါဘူး...ကောကော နင်က အကောင်းဆုံးပဲ]
ကျိယွီရှောင်လည်း ထိုသို့ထင်သည်။ လက်ထပ်ပြီးစက သူ လင်းလော့ချင်းကို "ရှင်းရီမှာ အကောင်းဆုံးဇာတ်ဆောင်ဆုရှင်ရှိခဲ့ရင် မင်းကရှင်းရီရဲ့ ပထမဆုံးအကောင်းဆုံးဇာတ်ဆောင်ဆုရှင်ဖြစ်မှာပဲ"ဟုစနောက်ကာ ပြောခဲ့သည်။သို့သော်လည်း
ယခုအချိန်တွင် လင်းလော့ချင်းက အကောင်းဆုံးဇာတ်ဆောင်ဆုရရန် ခြေတစ်လှမ်းသာ ဝေးတော့သဖြင့် သူ လင်းလော့ချင်းကိူ ဖိအားများစွာမရစေချင်ပေ။
"ဆုတွေရဖို့က အရမ်းအရေးကြီးတယ်လို့ ကိုယ် သူတို့ရှေ့မှာပြောဖူးတယ်... တစ်ခါတစ်ရံမှာ မင်းက ထူးချွန်ရင်တောင် ဆုမရတာမျိုးရှိတယ်...ဒါပေမဲ့ တစ်ခါတစ်ရံမှာလည်း နာမည်ကြီး ဒါရိုက်တာတွေနဲ့ နာမည်ကြီးသရုပ်ဆောင်တွေ အနားယူနေကြချိန်နဲ့ တိုက်ဆိုင်တာမျိုးရှိတယ်... နည်းနည်းလေးပိုကောင်းတာနဲ့ ဆုတွေရနိုင်တယ်...ကံက ဆုတစ်ခုရရှိဖို့ အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာ မင်းတွေ့နိုင်တယ်... အားလုံးက ခွန်အားပေါ်မှာ မူတည်မနေဘူး"
လင်းလော့ချင်းက ခေါင်းညိတ်လိုက်သည်။
ရုပ်ရှင်နှင့် ရုပ်မြင်သံကြားလောကမှာ ဆုရန် ကံက အလွန်အရေးပါသည်ဆိုခြင်းကအမှန်တရားဖြစ်သည်။ အချိန်မှန် ၊ နေရာမှန်နှင့် လူမှန် ရှိရန် အလွန် အရေးကြီးသည်။
ထိုသို့ဆိုလျှင်ပင် သူ ဆုရချင်နေဆဲ ဖြစ်၏။
ဤဆုက သူတစ်ယောက်တည်းနှင့်သာ သက်ဆိုင်နေသည်ဆိုလျှင် ဤကိစ္စကို ဆင်ခြင်တုံတရားဖြင့် ကြည့်နိုင်ပြီး ရရ မရရ ဟုတွေးနိုင်ပေသည်။
သူ့အသက်အရွယ်မှာ သူ၏ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားအတွက် ရွှေဖီးနစ်မှာ ဆန်ကခါတင်စာရင်းဝင်ခဲ့သည်က ဂုဏ်ယူစရာဖြစ်နေပြီဖြစ်သည်။ဆုမရခဲ့လျှင်ပင် အနာဂတ်မှာ ရုပ်ရှင်လောကမှာ ပိုမိုကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိရန် လုံလောက်လေသည်။
သို့သော် ၎င်းသည် ယွီကျားယုံနှင့် သက်ဆိုင်နေသည်။ သူက တစ်ဖက်လူ၏ လူထုအသဲစွဲကြယ်ပွင့်ဖြစ်မည့်လမ်းကြောင်းကို မပျက်စီးစေလိုသောကြောင့် ဤဆုရရေးအတွက် ပုံမှန်မဟုတ်စွာ အလွန်အမင်း ဇွဲသန်နေခဲ့သည်။
သူလုပ်နိုင်သည့်နေရာကနေ တတ်နိုင်သလောက် ကြိုးစားပြီး လုပ်ခဲ့ပြီးပြီဖြစ်၏။ယခုချိန်မှာ သူပိုကောင်အောင်လုပ်ပေးနိုင်သည်က ဘာမှမရှိပေ။သူ့အနေဖြင့် နောက်ဆုံးရလဒ်ကို တိတ်တဆိတ် စောင့်ဆိုင်းနေရုံသာတတ်နိုင်သည်။
လင်းလော့ချင်း စောင့်ပြီးရင်း စောင့်ဆိုင်းနေချိန်တွင် တည်ငြိမ်သော ခံစားချက်မျိုး မရှိခဲ့ပေ။ယင်းက ဇွန်လတွင် ဆန်ကာတင်စာရင်းကြေညာသည်မှစ၍ လာမည့် ဇူလိုင်လရှိဆုပေးပွဲအထိဖြစ်လေသည်။
ဤအတောအတွင်း ရွှေဖီးနစ်အကြောင်း မတွေးလျှင်အဆင်ပြေသည်။သို့ပေမဲ့ ထိုအကြောင်းကို တွေးမိသည်အခါ စိတ်မလှုပ်ရှားဘဲမနေနိုင်ပေ။
နောက်ဆုံးတွင်၊ ရွှေဖီးနစ်ဆုပေးပွဲအကြိုတွင် လင်းလော့ချင်း သူ၏ပစ္စည်းများကို ထုပ်ပိုးကာ ယွီကျားယုံ၊ ရှစ်ကျန်းနှင့် နင်းယွီ တို့နှင့်အတူ နိုင်ငံခြားသို့ ထွက်ခဲ့သည်။
မသွားခင် ကျိယွီရှောင်က သူ့ကို အားပေးသည်။
"ကျားယို့... ဒီတစ်ခေါက် မင်းသေချာပေါက် ဆုရယူနိုင်မယ်လို့ ကိုယ် ယုံကြည်တယ်... မရရင်တောင် မင်းက ကိုယ့်နှလုံးသားထဲမှာ ထာဝရအကောင်းဆုံးဇာတ်ဆောင်မင်းသားလေးပဲ"
လင်းလော့ချင်းက "အွန်း"ဟုဆိုကာ ပြုံးလျက် သူ့ကို ဖက်လိုက်သည်။ကျိယွီရှောင်၏ရင်ဘက်ကိုမှီကာ ကျိယွီရှောင် ပေးသော အားအင်များကို ခံစားနေလိုက်သည်။
ကျိယွီရှောင်က သူ့ကို လေဆိပ်ကို လိုက်ပို့ပေးပြီးနောက် ထွက်ခွာသွားသည့် လင်းလော့ချင်း၏ကျောပြင်ကိုကြည့်ကာ နှလုံးသားထဲတွင် တိတ်တဆိတ် ဆုံးဖြတ်ချက်တစ်ခုချလိုက်မိသည်။
***
လင်းလော့ချင်း ဤကမ္ဘာသို့ရောက်ကတည်းက နိုင်ငံခြားသို့ မရောက်သေးပေ။ ရုတ်တရတ် နိုင်ငံခြားထသွားရသဖြင့် သူ အနည်းငယ် သိချင်စိတ်မဖြစ်ဘဲမနေနိုင်ပေ။
ရှစ်ကျန်း နှင့် နင်းယွီ တို့အတွက်လည်း ပထမဆုံးအကြိမ် နိုင်ငံခြားသို့ သွားခြင်းဖြစ်သည်။ သူတို့မျက်လုံးထဲတွင် အသစ်အဆန်းဖြစ်မှု အနည်းငယ်ရှိနေသည်။
၎င်းကိုမြင်သောအခါ ယွီကျားယုံက သူတို့ကို နေ့လယ်တစ်ပိုင်းလုံး လည်ပတ်ရန်ခေါ်သွားသည်။ည ၁၀ နာရီကျော်မှသာ လူစုခွဲခဲ့ကြသည်။
လင်းလော့ချင်း ဝိုင်အနည်းငယ်သောက်ထားသည်။ ဝိုင်က အသီးမှည့်အမျိုးအစားအချို့ကဲ့သို့ပင် အလွန်ချိုသော်လည်း အရက်ပါဝင်မှု မနည်းပေ။
သူကုတင်ပေါ်တွင် လှဲ၍ မျက်နှာကျက်ကို ကြည့်နေရင်းကျိယွီရှောင်ကို ပြန်တွေ့နေရသလိုမျိုး ရီဝေဝေ တွေးလိုက်မိသည်။
ကျိယွီရှောင် အခု ဘာလုပ်နေလဲမသိ...
သူ့အကြောင်းတွေးနေတာများလား...
သူ ကျိယွီရှောင်ကို တကယ်လွမ်းတယ်...
သူ သူ့မျက်လုံးများရှေ့တွင် ကျိယွီရှောင် အရိပ်အယောင်ကို ဝေဝါးဝါး ခံစားလိုက်ရသည်။လက်ဆန့်ပြီးဖမ်းလိုက်ပေမဲ့ ဖမ်း၍ မရပေ။
လင်းလော့ချင်း သူ့ကို ရှောင်မပြေးရန် ပြောပေမဲ့ တစ်ဖက်လူက သူ့လက်ချောင်းတွေကို ဖြတ်ပြီး သူ့နှလုံးသားထဲကနေ ထွက်ပြေးသွား၏။
လင်းလော့ချင်း စိုးရိမ်တကြီး လိုက်ဖမ်းနေခဲ့သည်။သူ ဖမ်းနေစဥ်မှာ ဖုန်းမြည်သံကြားလိုက်ရ၏။
သူက သူ့ဆီက ရှောင်ပုန်းနေသည့် ကျိယွီရှောင်ကို ဖမ်းရန် အလုပ်ရှုပ်နေသဖြင့် ဖုန်းမကိုင်လိုက်ပေ။
ခဏကြာသောအခါ သူ့ဖုန်းက ထပ်မြည်လာသည်။
လင်းလော့ချင်း သူ့ဆီမှာ အဖမ်းခံရန် ငြင်းဆန်ဆဲဖြစ်သော ကျိယွီရှောင်ကို မကျေမနပ်နှာမှုတ်လိုက်ပြီး မင်းကို လျစ်လျူပစ်မယ်ဟု စိတ်ထဲကနေ ပြောလိုက်သည်။
သူ လှည့်ကာ ဖုန်းပြန်ဖြေလိုက်သည်။သူ့အသံက ကပ်နေသည်။
"ဟဲလို"
"ပြန်ရောက်ပြီလား"
ကျိယွီရှောင်က သူ့ကို မေးသည်။
"အင်း"
ရင်းနှီးနေသောအသံကိုကြားရသောအခါ လင်းလော့ချင်း "ကျိယွီရှောင်" ဟု ခေါ်လိုက်သည်။
"ဘာဖြစ်လို့လဲ"
ကျိယွီရှောင်က တက်တက်ကြွကြွ မေးလိုက်သည်။
"ပျောက်သွားပြီ"
လင်းလော့ချင်းက အသံတိုးတိုးဖြင့် ပြောသည်။
သူ့ရှေ့က ကျိယွီရှောင်က မရှိတော့ပေ။
အသိသာကြီးကို ခုနက အဲဒီနေရာမှာ ရှိနေသေးတဲ့ဟာ... သူဘာလို့ရုတ်တရက်ပျောက်သွားတာလဲ...
လင်းလော့ချင်း အနည်းငယ် ဝမ်းနည်းသွားသည်။ ထို့နောက် ကျိယွီရှောင်၏ အသံကို ထပ်မံကြားလိုက်ရသည်။
"ဘာပျောက်သွားတာလဲ"
သူ သူ့လက်ထဲက ဖုန်းကို မှင်တက်စွာ ကြည့်နေမိသည်။ဆိုတော့ ကျိယွီရှောင်က ဖုန်းထဲကိုပြေးဝင်သွားတာကိုး...
လင်းလော့ချင်း ဖုန်းကို ကောက်ကိုင်လိုက်ပြီး ပြုံးပြုံးလေး ပြောလိုက်သည်။
"ငါ မင်းကို ဖမ်းမိပြီ"
ကျိယွီရှောင် သူ၏ အမြီးအမောက်မတည့်သော စကားတွေကို ကြားပြီး သူ့ကိုမေးလိုက်၏။
"မင်း သောက်ထားတာလား"
"ဟုတ်တယ်"
လင်းလော့ချင်းက သူ့ကို ပြန်ဖြေသည်။ "ချိုပြီး အရမ်းအရသာရှိတယ်"
ကျိယွီရှောင် သူ့နဖူးကို လက်တစ်ဖက်နှင့်ဖိလိုက်ပြီး ဒီလူက တကယ်မူးနေတာပဲဟု စိတ်ထဲမှာ တွေးလိုက်သည်။
"ဒါဆို စောစောအိပ်ပြီး ကောင်းကောင်းအနားယူ"
"ဟုတ်ကဲ့"
လင်းလော့ချင်း၏ အသံက အလွန်နာခံမှုရှိနေသည်။
သူက ယခုလိုပြောပေမဲ့ ဖုန်းမချပေ။
ကျိယွီရှောင် သူ့ကို မတိုက်တွန်းဘဲ ဤအခိုက်အတန့်၏ တိတ်ဆိတ်မှုကို တိတ်တိတ်လေးပဲ ခံစားနေလိုက်သည်။
အချိန်အတော်ကြာပြီးနောက်တွင် လင်းလော့ချင်းက "ပျောက်သွားပြီ" ဟု စိတ်မချမ်းသာစွာဖြင့် ပြောသည်ကို သူကြားလိုက်ရသည်။
"ထပ်ပျောက်သွားပြန်ပြီ"
"ဒီတစ်ခါ ဘယ်ရောက်သွားတာလဲလို့ ကျိယွီရှောင်"
ကျိယွီရှောင်က ပြုံးလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူဖုန်းမချခဲ့မိပေ။
"ကိုယ် ဒီမှာရှိနေတုန်းပဲလေ"
သူက ပြန်ဖြေ၏။
လင်းလော့ချင်း သူ့အသံကိုကြားပြီး ပြန်ပျော်သွားသည်။
သူက အိပ်ယာပေါ်တွင် လဲလျောင်းနေပြီး ကျိယွီရှောင်ကို ကိုင်ထားသလိုမျိုး သူ့ဖုန်းကို ကိုင်ထားသည်။ သူစိတ်တွေ လုံးဝ ရှုပ်ထွေးနေ၏။
သူက ပြောသည်။
"ငါ မင်းကို အရမ်းလွမ်းတယ်"
ကျိယွီရှောင်က ပြောသည်။
"ကိုယ်လည်း မင်းကို အရမ်းလွမ်းတယ်"
"ဘာလို့ငါ့ကိုလွမ်းတာလဲ"
လင်းလော့ချင်းက မျက်လုံးမှိတ်ထားရင်း မေးလိုက်သည်။
"ဒါဆို မင်းကရော ကိုယ့်ကို ဘာလို့လွမ်းတာလဲ"
ကျိယွီရှောင်က သူ့ကို ပြန်မေးသည်။
"ငါမင်းကိုသဘောကျလို့ပေါ့"
လင်းလော့ချင်းက ပြန်ဖြေရန် တွန့်ဆုတ်မနေပေ။
ဤသို့ပြောပြီးသောအခါ သူက ရယ်လိုက်လေ၏။ ထို့နောက် ဖုန်းကို မြှောက်ကာ "ငါ မင်းကို သဘောကျတယ်" ဟု အော်လေသည်။
ကျိယွီရှောင်၏ နှလုံးသားထဲမှာ ပန်းတွေ တဒုန်းဒုန်း ပွင့်နေကာ လက ရေထဲသို့ ပြုတ်ကျပြီး လှိုင်းငယ်လေးများ ဖြစ်ပေါ်လာသလိုခံစားရသည်။
"မင်းကိုယ့်ကိုအရမ်းသဘောကျတာပဲလား"
ကျိယွီရှောင်က တမင်တကာပြောလိုက်သည်။
လင်းလော့ချင်းက "အွန်း"ဟု ဆိုသည်။သူ့အသံက နူးညံ့တိုးဖွနေပြီး သူ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း လျှို့ဝှက်ထာ
းသော လျှို့ဝှက်ချက်လေးကို ထုတ်ပြောလိုက်သည့်နှယ်ပင်။
"အရင်က ငါမင်းကို အဲလောက် မကြိုက်ပေမဲ့ အကြိမ်တစ်ထောင် လိမ်ပြောရင် အမှန်တရားဖြစ်လာတယ်...ငါ မင်းကို သဘောကျပြီး မင်းကို ချစ်တယ်လို့ အမြဲပြောခဲ့တယ်...ငါ အကြိမ်တစ်ထောင်ပြောခဲ့တယ် ပြီးတော့... ငါမင်းကို တိတ်တိတ်လေး တကယ် ချစ်မိသွားပုံရတယ် ဟိုး ဟိုး ဟိုး အရင်ကတည်းက..."