အပိုင်း ၃၃၀
Viewers 87k

Chapter 330




ယခုအခါ ယွီကျားယုံက စင်မြင့်ပေါ်မှ သူ့ကို လူသိရှင်ကြား ကျေးဇူးတင်ကြောင်းပြောကာ သူက ပရိတ်သတ်ထဲတွင် မျက်ရည်ကျကာ ထိုင်နေခဲ့သည်။ သူတို့က အမြဲတမ်း အခင်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အရိုးသားဆုံး ရင်ဖွင့်ဖော်တွေပင်။


ယွီကျားယုံ ဆုရသည့်သတင်းဟာ မကြာခင်မှာပဲ တရုတ်နိုင်ငံမှာ ပျံ့နှံ့သွားခဲ့သည်။ လူမသိသူမသိလူငယ် ဒါရိုက်တာတစ်ဦးက ယခုနှစ် ရွှေ၏ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့သည်။ အင်တာနက်သုံးစွဲသူများသည် သူ့အကြောင်း သိချင်စိတ်အပြည့်ရှိခဲ့ကြပြီး မကြာမီတွင် 'ယွီချန်' နှင့် 'ယွီချန် ရွှေဖီးနစ်ရဲ့အကောင်းဆုံးဒါရနုက်တာဆုကိုရ' တို့သည် ခေတ်စားနေသောရှာဖွေမှုစာရင်းထဲမှာပါဝင်လာခဲ့သည်။


ယင်းနောက်ကကပ်လိုက်လာသည်က [ယွီချန်က လင်းလော့ချင်းကို ကျေးဇူးတင်]ဖြစ်လေသည်။ 


အင်တာနက်သုံးစွဲသူတွေက ရင်းနှီးနေသောခေါင်းစဥ်ကို မြင်ပြီး စိတ်လှုပ်ရှားစွာ သက်ပြင်းချကြသည်။ 

[မဖြစ်နိုင်တာ...လင်းလော့ချင်းကို ထပ်ပြီး ကျေးဇူးတင်နေတာလား]


[ဒီတစ်ခါမှာတော့ တစ်စုံတစ်ယောက်က တစ်ခုခုအတွက် လင်းလော့ချင်းကို ထပ်ပြီးကျေးဇူးတင်နေပြန်တယ်...လင်းလော့ချင်းက ဘယ်လိုဗောဓိသတ္ထ(ဘုရားလောင်း)အမျိုးအစားလဲ...လူပေါင်းများစွာကို သူဘယ်လိုလုပ် ကူညီခဲ့တာလဲ]


[ဟားဟားဟား ငါ မားကတ်တင်းအကောင့်ရဲ့ စာကို ဖတ်ပြီးပြီ..လင်းလော့ချင်းက ဒါရိုက်တာယွီ စိတ်ဓာတ်ပြိုလဲချိန်မှာ ကူညီခဲ့ပုံရတယ်]


[ဘုရားရေ...လင်းလော့ချင်းကတော့ လင်းလော့ချင်းပဲ...ရုပ်ချောမောပြီး ကြင်နာတတ်တယ်]


[လင်းလော့ချင်းက ကုသိုလ်ကောင်းမှု တွေ ဘယ်လောက်လုပ်ခဲ့လည်းမသိ... တရုတ်ပြည်ကို ရွှေ့တာထက် ဘာမှ မပိုဘူး]


[ဒါက ဖျော်ဖြေရေးနယ်ပယ်မှာ ဒီလို ကိုယ်ရည်ကိုယ်သွေးကို ပထမဆုံးမြင်ဖူးတာပဲ... သေအောင် ရယ်နေရတယ်]


[ဒါဟာ ကိုယ်ရည်ကိုယ်သွေးပုံဖော်တာမဟုတ်ဘူး...သူက တစ်ဖက်လူကို အများကြီး ကူညီပေးတဲ့အတွက်ကြောင့်မို့လို့ ဆုပေးပွဲလို အရေးကြီးတဲ့ အခါသမယမှာ လူတော်တော်များများက သူ့ကို လူသိရှင်ကြား ကျေးဇူးတင်ကြောင်း ပြောကြတာဖြစ်မယ်]


[ဟုတ်တယ်... ဒါရိုက်တာယွီကလည်း ပြောတယ်လေ...လင်းလော့ချင်းက သူ့ကို နောက်ဆုံးမျှော်လင့်ချက် ပေးခဲ့တယ်ဆိုပြီး]


[ဒါရိုက်တာယွီက အမျိုးသားဇာတ်ဆောင်ကို ရှာနေပေမဲ့ လူတော်တော်များများက ပါဝင်ဖို့ ဆန္ဒမရှိကြဘူးနေမယ်...သူလက်လျော့တော့မဲ့အချိန်မှာ လင်းလော့ချင်းက သဘောတူလိုက်တယ်...လင်းလော့ချင်းက လူကြိုက်များတာကြောင့် ရင်းနှီးမြုပ်နှံသူတချို့က သူ့ကို မျက်နှာပေးပြီး ဒီရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံခဲ့ကြတယ်...ဒါကြောင့် ဒီဇာတ်ကားကို ရိုက်ကူးနိုင်ခဲ့တာဖြစ်တဲ့အတွက် ဒါရိုက်တာယွီ သူ့ကို အရမ်းကျေးဇူးတင်နေတာ]


[ရိုးရိုးသားသားပြောရရင် နာမည်ကြီးနေချိန်မှာ သုံးကြိမ်တိတိရလဒ်နတ္ထိဖြစ်နေတဲ့ ဒါရိုက်တာနဲ့ ရုပ်ရှင်တစ်ကားကို ရိုက်ကူးတာက လင်းလော့ချင်းကို လိုအပ်နေချိန်မှာ ကူညီပေးတာလို့ မှတ်ယူနိုင်ပါတယ်။]


[တကယ်တော့ ငါ ဒါရိုက်တာယွီချန်အကြောင်းကို သွားရှာကြည့်ခဲ့တယ်... သူ့မှာ ရုပ်ရှင်နှစ်ကားပဲရှိတာ... အဲဒါတွေကို တစ်ခါမှ မကြားဖူးဘူး... တစ်ခုက တစ်ခါမှ မထုတ်ဖူးသလို နောက်တစ်ခုကလည်း ရုံတင်ရလဒ်တွေ မရှိဘူး...လင်းလော့ချင်းလို နာမည်ကြီးကြယ်ပွင့်တွေမပြောနဲ့ တတိယတန်းစားသရုပ်ဆောင်တွေတောင်မှ ဒီဒါရိုက်တာမျိုးကို ခေါင်းထဲမထည့်ဘူး]


[အထူးသဖြင့် အဲဒီအချိန်တုန်းက သူက ဒါရိုက်တာလီတို့ ဝမ်ကျစ်မင်တို့နဲ့ ပူးပေါင်းပြီးခါစလေ]


[အင်း... ဒီဇာတ်ကားအတွက် အမည်းရောင်ဖန်တွေက သူ့ကို ဖိုရမ်ပို့စ်တစ်ခုလုံးမှာ ဝေဖန်ခဲ့ကြသေးတယ်]


[သြော် ဒါရိုက်တာယွီ သူ့ကို အရမ်းကျေးဇူးတင်နေတာ အံ့သြစရာတော့ မဟုတ်ဘူးပဲ...လင်လော့ချင်းကို တကယ်ကို အချိန်မီအကူအညီပေးခဲ့တာ...သူအရမ်းကောင်းတဲ့လူပဲဖြစ်မယ်]


[သူကအမြင်လည်း ကောင်းတယ်...ချင်ကျဲပဲဖြစ်ဖြစ် ကျန်းကောပဲဖြစ်ဖြစ် ဒါရိုက်တာယွီပဲဖြစ်ဖြစ်၊ သူတို့အားလုံးက သူတို့ရဲ့ဂုဏ်သရေတွေကို ရယူနိုင်ခဲ့ကြတယ်]


[ဒီဇာတ်ကားရိုက်တုန်းကရှစ်ကျန်း ကို သူနဲ့အတူ ခေါ်သွားဖို့ မမေ့ခဲ့ဘူး... တကယ်ပါ… အာ.. တော်တော်လေး ရင်ထဲထိမိတယ်]


[ဒါ့အပြင် ချင်ဝူ...ငါရှာကြည့်လိုက်တော့ ချင်ဝူက ဒီဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်းကို ဆိုထားတယ်... သူက ဆန် ခါတင် စာရင်းမဝင်ပေမဲ့ လင်းလော့ချင်းက တကယ့်ကိုကောင်းတဲ့သူ...အခြေခံအားဖြင့် သူက သူရဲ့ တီဗီဒရာမာတွေနဲ့ ရုပ်ရှင်တွေအတွက် ချင်ဝူကို ဇာတ်ဝင်သီချင်းဆိုရအောင် ကူညီပေးတတ်တယ်... သူကိုယ်တိုင်က အရမ်းနာမည်ကြီးပြီး လူကြိုက်များတဲ့ ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်တယ်...ချင်ဝူက သူ(မ)ရဲ့ကျော်ကြားမှုကို သဘာဝအတိုင်း ထိန်းသိမ်းထားနိုင်လိမ့်မယ်]


[အရင်က ဒရာမာကြည့်တုန်းက ဖန်ဖြစ်မလာခဲ့သလို ကျိယွီရှောင် နဲ့ သူ့ရဲ့ CP အကြောင်းလူပြောများတုန်းကလည်း ဖန်ဖြစ်မလာခဲ့ဘူး...အခုတော့ မရတော့ဘူး... သူလိုလူနဲ့တွေ့နိုင်ဖို့ ငါတကယ်မျှော်လင့်ပါတယ်...ဒါက အရမ်းနွေးထွေးလွန်းတယ်...လင်းလော့ချင်းကြောင့် သူ့ရဲ့ဆောင်းရာသီ ကုန်ဆုံးသွားတယ်လို့ ရှစ်ကျန်းကပြောတာ အံ့သြစရာမဟုတ်ဘူး...သူက တကယ်ကို နွေးထွေးလွန်းတယ်]


[ငါရောပဲ ငါက သူ့အမာခံဖန်မဟုတ်ပေမဲ့ ဒီလုပ်ရပ်တွေကြောင့် သူ့ကို သဘောကျတယ်]


[လူကောင်းတွေက ကောင်းသောအကျိုးပေးရတယ်... သူက ဒါရိုက်တာယွီကို ကူညီခဲ့တော့ အခု ရွှေဖီးနစ်အတွက် ဆန်ခါစာရင်းတင်ဝင်ခဲ့တယ်...လုပ်စမ်းပါ အကောင်းဆုံးဇာတ်ဆောင်ဆုကို ပြန်ယူလာရင် အကောင်းဆုံးပဲ]


[ဟားဟားဟား...မဖြစ်နိုင်ဘူးဆိုတာ ငါသိပေမဲ့ ငါလည်း လင်းလော့ချင်း အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုကိုရတာ မြင်ချင်တယ်]


[လော့ချင်း မြန်မြန်တာဝန်ယူပါ!]


မျှော်လင့်ချက်မြင့်မြင့်ထားသော လင်းလော့ချင်းတစ်ယောက် ရွှေဖီးနစ် ဆုပေးပွဲအခမ်းအနားတွင် စိတ်လှုပ်ရှားစွာ ထိုင်နေခဲ့သည်။


ယွီကျားယုံ၏ အကောင်းဆုံး ဒါရိုက်တာဆုပြီးနောက် ဆုများစွာ ပေးအပ်ခဲ့သည်။ 'ကွေးယွီ့' က ဆုငါးဆုအတွက် ဆန်ခါတင်စာရင်းဝင်သော်လည်း အကောင်းဆုံးဇာတ်ညွှန်းဆုနှင့် အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု မရရှိခဲ့ပေ။ယွီကျားယုံ၏ အကောင်းဆုံး ဒါရိုက်တာဆုအပြင် ရှစ်ကျန်း၏ အကောင်းဆုံး ဇာတ်ပို့မင်းသားနှင့် လင်းလော့ချင်း၏ အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆုလည်း ရှိသေးသည်။


ရှစ်ကျန်းက ယခုတစ်ကြိမ် ဆန်ခါတင်စာရင်းဝင်ခြင်းနှင့်ပတ်သက်၍ အလွန်ကောင်းမွန်သော သဘောထားရှိသည်။ သူယခင်က အကြာကြီးလူမသိသူမသိဘဝမှာရှိနေခဲ့သည်။ယခု သူ ရှင်းရီနှင့် တစ်နှစ်ခွဲကြာ လက်မှတ်ရေးထိုးခဲ့ခါရှိသေး အကောင်းဆုံးဇာတ်ပို့မင်းသားဆုအတွက် ဆန်ခါတင်စာရင်းဝင်ကာ ရွှေလော်ရယ်အတွက် အကောင်းဆုံးလူသစ်ဆုကို ရရှိခဲ့သည်။ သူ၏ အရှိန်အဟုန်နှင့် တိုးတက်လာမှုက သူ၏အနာဂတ်ရုပ်ရှင်လမ်းကြောင်း လျှော့မတွက်သင့်ဘူးဟု ဆုံးဖြတ်နိုင်စေ၏။ 


ထို့ကြောင့် ရှစ်ကျန်း သူ ဤဆုကို ရမရ ဆိုသည်ကို သိပ်ဂရုမစိုက်ပါချေ။ 


ထို့အပြင် သူက ယခင်ကဆုပေးပွဲလည်း တက်ခဲ့ဖူးထားသည်။သူက ယခင်အခေါက်ထက် အနည်းငယ် တည်ငြိမ်နေပြီး လုပ်ငန်းစဥ်ကို ပိုနားလည်နိုင်သည်။


ရှန်းကျန့်မှာ ဇာတ်ဝင်ခန်းများစွာ မရှိပေ။ သူသရုပ်ဆောင်သည်က အလွန်ကောင်းပေမဲ့ ဇာတ်ဝင်ခန်းများများမပြနိုင်လျှင် အရည်အချင်းကိုများများမပြနိုင်ပေ။သူသည်ကိုမလာခင်မှာ ဆုရရန် တကယ်ပြင်ဆင်မထားပေ။


သူ ဆုရမရနှင့် ယှဉ်လျှင် လင်းလော့ချင်း ဆုရမရကို သူက ပိုစိုးရိမ်ခဲ့သည်။


ယဲ့ယွီမှာ ဇာတ်ဝင်ခန်းတွေ အများကြီးရှိခဲ့ပြီး လင်းလော့ချင်း၏ သရုပ်ဆောင်ချက်က အလွန်ကောင်းသည်။ဇာတ်ဝင်ခန်းများစွာအတွက် သူသည် မဝေးသောနေရာတွင် ရပ်ကာ ကြည့်နေခဲ့သည်။ သူ့ရှေ့တွင် ရပ်နေသောလူသည် သူနှင့်ရင်းနှီးသော လင်းလော့ချင်းမဟုတ်ဘဲ အတွေးမရှိသော ယဲ့ယွီဖြစ်သည်ဟု ခံစားရသည်။


လင်းလော့ချင်း အနှီတစ်ခုတည်းသောဆန်ခါတင်စာရင်းဝင်သည့်ဆုကို ရနိုင်လိမ့်မည်ဟု သူမျှော်လင့်သည်။


လင်းလော့ချင်းက သူ၏ ဆောင်းရာသီကို အဆုံးသတ်ခဲ့ပြီး မျှော်လင့်ချက်နှင့် နွေးထွေးမှုများစွာကို ပေးခဲ့သည်။လင်းလော့ချင်း မရှိလျှင် သူသည်ကနေ့ ဆုပေးပွဲအခမ်းအနားမှာ ထိုင်ပြီး ဆန်ခါတင်စာရင်းဝင်သွင်းခြင်း၏ ဂုဏ်ကျက်သရေကို ခံစားခွင့်ရမှာ မဟုတ်ပါချေ။


သူ ဆုမရခဲ့လျှင်လည်း ကိစ္စမရှိပေ၊သို့ပေမဲ့ လင်းလော့ချင်းကမူ ဆုရသင့်သည်။


သူက ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ပြီး ဤဆုကို ဆွတ်ခူးရန် ထိုက်တန်လေသည်။


ကွန်ပြူတာရှေ့မှာ ရွှေဖီးနစ်ဆုပေးပွဲ အခမ်းအနား သတင်းအချက်အလက်များကို အသည်းအသန် လှန်လှောကြည့်နေသော ချင်ဝူလည်း ထိုကဲ့သို့ တွေးလိုက်မိသည်။


သူမ တိတ်တိတ်လေး ဆုတောင်းလိုက်သည်။ 

'ရှောင်လင်းလောင်ရှီး ဆုရကိုရပါစေ... ပွဲစီစဉ်သူတွေကို တောင်းဆိုပါတယ်'


သူမပင်လျှင် ကိုယ့်နယ်ပယ်မှာ ဆု ရခဲ့သည်။လင်းလော့ချင်းဆိုလျှင် ပို၍ထိုက်တန်သည်မဟုတ်ပါလော။


သူမကို အသီးလာပို့ရန် ဝင်လာသော ချင်ရန်တစ်ယောက် ချင်ဝူက မျက်မှောင်ကြုတ်ကာ စိုးရိမ်နေပုံရသည်ကို တွေ့လိုက်ရသည်။


ချင်ဝူက မျက်တောင်ခတ်ပြီး ခေါင်းလေးစောင်းကာ မေးလိုက်၏။ 

"ကျဲကျဲ... မင်းတစ်ခုခုဖြစ်လို့လား"


"မဟုတ်ပါဘူး"

 ချင်ဝူက လှည့်ကြည့်လိုက်ပြီး သစ်သီးပန်းကန်ကို ယူလိုက်သည်။ 

"ငါအရင်က နင့်ကို ပြောဖူးတဲ့ လော့ချင်းကောလေ... သူ ဆုပေးပွဲသွားတာ ဆုရနိုင်မလား မသိဘူး...ငါ နည်းနည်း စိတ်လှုပ်ရှားနေတာ"


"လုံးဝသေချာတယ်"

ချင်ရန်က ပြုံးလိုက်သည်။ 

"သူက အရမ်းတော်တယ်လို့ ကျဲကျဲပဲပြောတာမဟုတ်ဘူးလား...ဒါဆိုရင်သေချာပေါက်ဖြစ်နိုင်တာပေါ့"


"ငါလည်း အဲလိုပဲမျှော်လင့်ပါတယ်"


ချင်ဝူ သူမ၏ ခေါင်းလေးကို ပွတ်ပြီး အပြင်ထွက်ပြီး TVကြည့်နေရန်ပြောလိုက်သည်။ထို့နောက် သူမက ရွှေဖီးနစ် ဆုပေးပွဲ၏ အချက်အလက်များကို ဆက်လက်ကြည့်ရှုခဲ့သည်။


လင်းလော့ချင်း ခဏလောက် စောင့်ဆိုင်းနေခဲ့ပြီးနောက် အကောင်းဆုံး ဇာတ်ပို့မင်းသားဆုရှင်ကို ကြေညာသည်အားကြားလိုက်ရသည်။


သူ အသက်ရှူအောင့်ထားမိလိုက်သည်။သို့ရာတွင်ဆုပေးပွဲတင်ဆက်သူမှ ကြေငြာသောအမည်မှာ ရှစ်ကျန်းမဟုတ်သဖြင့် သူစိတ်ပျက်သွားရသည်။


လင်းလော့ချင်း ရှစ်ကျန်းကို မနေနိုင်ဘဲ ကြည့်လိုက်မိသည်။ရှစ်ကျန်းက တည်ငြိမ်စွာ ပြုံးလိုက်သည်။ထို့နောက် လင်းလော့ချင်း၏ အကြည့်ကို ခံစားလိုက်ရသလိုမျိုး သူ့ကိုပြန်ကြည့်လာသည်။သူ့မျက်လုံးထဲရှိ အပြုံးက ပိုပို နက်ရှိုင်းလာပြီး သူ့ပုံစံက လက်ခံနိုင်ဟန်ရှိပုံရကာ နူးညံ့၍နေသည်။


ဤရလဒ်ကြောင့် သူအံ့သြပုံမပေါ်ချေ။လင်းလော့ချင်း တွေးလိုက်၏။

'ဟုတ်ပါတယ်လေ...ရှန်းကျန့်ရဲ့ ဇာတ်ကောင်က တခြားလူတွေကို အနိုင်ယူပြီး ဒီဆုကို ရယူဖို့ မလုံလောက်ဘူး'


၎င်းကိုသူခံစားနိုင်ပြီး ရှစ်ကျန်းလည်း သဘာဝအတိုင်း ခံစားနိုင်သည်။


ယွီကျားယုံက လက်ခုပ်တီးပြီးနောက် မူလက ရှစ်ကျန်းကို နှစ်သိမ့်ပေးပြီး နောက်တစ်ကြိမ်တွင် ရှစ်ကျန်းကို ဇာတ်လိုက်နေရာမှာ သရုပ်ဆောင်ခိုင်းပြီး ဆုရအောင် ကြိုးစားပေးမည်ဟု ပြောချင်ခဲ့သည်။ ထို့နောက် လင်းလော့ချင်း၏ အကောင်းဆုံးဇာတ်ဆောင်မင်းသားကို မည်သို့မည်ပုံဖြစ်သွားသည်ကို မကြေညာရသေးကြောင်း သူအလျင်အမြန် တွေးလိုက်မိသည်။ အကယ်၍ လင်းလော့ချင်း ဆုရခဲ့လျှင်မည်သို့ဖြစ်မည်နည်း။နောက်တစ်ကြိမ်တွင် လင်းလော့ချင်းကိုပဲ ဆက်လက်သွားရှာပြီး အကောင်းဆုံးဇာတ်ဆောင်ဆုအတွက် ယှဉ်ပြိုင်ခိုင်းရမှာဖြစ်သည်။


လင်းလော့ချင်းမပါဘဲ ဤဒါရိုက်တာဆုကို သူလုံးဝဆွတ်ခူးနိုင်မည်မဟုတ်ပေ။သူကလည်း လင်းလော့ချင်းကိူ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုကို ရအောင်ကူညီပေးရမည် မဟုတ်ပါလော။


မဟုတ်လျှင် မတရားလွန်းရာကျလွန်းလိမ့်မည်။


ထို့ကြောင့် ယွီကျားယုံ ထိုအချိန်တွင် အောင့်ထားပြီး ရှစ်ကျန်းကို နှစ်သိမ့်ရန် အလျင်စလိုမလုပ်ခဲ့ပေ။


လင်းလော့ချင်း၏အခြေအနေကို အရင်ကြည့်ရမည်။ အမှန်တွင် သူ လင်းလော့ချင်းကို တကယ်ပိုပြီးနှစ်သက်သည်။


နောက်ဆုံးမှာ တခြားဆုတွေ ပေးအပ်ပြီး၍ အရေးကြီးဆုံးဆုနှစ်ခုဖြစ်သည့် အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုနှင့် အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆု နှစ်ခုက သူတို့ကို စောင့်မျှော်နေသူတွေဆီ ရောက်လာခဲ့သည်။


အစီအစဉ်တင်ဆက်သူက စကားလုံးချိုချိုတွေပြောပြီး အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုကို ပေးအပ်ချီးမြှင့်သည်။ထို့နောက် အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုကိုပေးရန်ပြင်ဆင်သည်။


လင်းလော့ချင်း သူ့လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားမိသည်။ယွီကျားယုံ ၊ ရှစ်ကျန်း၊ နင်းယွီ၊ ချင်ဝူ၊ကျိယွီရှောင် နှင့် ယခုချိန်အချိန်မှာ သတင်းပေ့ချ်ကို ချက်ချင်းပြန်ပြန်ဆွဲကာ refreshလုပ်နေသော လင်းလော့ချင်း၏ဖန်များသည် ချက်ချင်း ရင်တထိတ်ထိတ်ဖြစ်လာကြသည်။


ဆုပေးသူက စာအိတ်ကို ဖြည်းညှင်းစွာဖွင့်သည်။ထို့နော်က် အတွင်းထဲက နာမည်ကို ကြည့်ပြီး အော်လိုက်သည်။

"ဒီနှစ်ရဲ့ ရွှေဖီးနစ် အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆုရှင်ကတော့—"


လင်းလော့ချင်း ဤအခိုက်အတန့်တွင် ရုတ်တရက် မိန်းမောသွားခဲ့သည်။ သူ့နားထဲတွင် တိတ်ဆိတ်နေ၏။ စိတ်လှုပ်ရှားသံများနှင့်ဆူညံသံများက သူ့နှင့် အဝေးကြီးမှာရှိနေသလိုပင်။ အတိတ်က သူ့မျက်စိရှေ့တွင် ရုပ်စုံမှန်ပြောင်း တစ်ခုလို ဖြတ်သန်းသွားသည်။


သူ အိမ်၌ ဆိုဖာပေါ်တွင်ထိုင်ကာ တီဗီကြည့်နေသည်။


သူ သူ့ဆွေမျိုးအိမ်၏ အိပ်ခန်းထဲတွင် ပုန်းနေပြီး သူ့ဆွေမျိုးများကလည်း သူတို့ကပဲ နောင်တွင် သူ့ကို စောင့်ရှောက်ပေးကြမှာ ဖြစ်ကြောင်းပြောနေသည်ကို ကြားနေရသည်။


တံခါးဝမှာ ရပ်နေရင်း အဒေါ် မိသားစုတွေ စည်းစည်းလုံးလုံးပျော်ပျော်ရွှင်ရွှင်ရှိနေသည်ကိုကြည့်ပြီး သူ ဖြတ်သွားရမလား မသွားရမလား တွေးနေခဲ့သည်။


သူတစ်ယောက်တည်း အိမ်ပြောင်းနေခဲ့ကာ အိမ်က ဟာလာဟင်းလင်းဖြစ်ပြီး တိတ်ဆိတ်နေသည်။


ထို့ကြောင့် တီဗွီကို ကျယ်ကျယ်ဖွင့်ပြီး တီဗီပေါ်က လူတွေနှင့်လိုက်ရယ်နေခဲ့သည်။ရယ်ပြီးသွားပြီးနောက် အခန်းက ပို၍ပင် တိတ်ဆိတ်သွားသည်။


ဆိုဖာပေါ်တွင် လှဲလျောင်းကာ မျက်နှာကျက်ကို စိုက်ကြည့်နေသည်။ တီဗီသံက သူ့ကို တစ်နေ့ပြီးတစ်နေ့ တစ်နှစ်ပြီးတစ်နှစ် အဖော်ပြုပေးနေသည်။


နောက်ဆုံးမှာ သူ သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့သည်။


သူ ရိုက်ကူးရေးအဖွဲ့တစ်ခုပြီးတစ်ခု ပြောင်းရွှေ့ခဲ့သည်။ အစပိုင်းတွင်၊ ၎င်းသည် သူ့ပတ်ဝန်းကျင်ရှိ အရာများကို ပိုမိုအသက်ဝင်စေရန်သာဖြစ်သည်။ တီဗီက သူ့အနားမှာ အမြဲအဖော်ပြုပေးနေသလို ခံစားရသည့်အတွက် တခြားသူတွေနှင့်လည်း အဖော်ရချင်ခဲ့သည်။ နောက်ပိုင်းမှာသူ ဖြည်းဖြည်းချင်း သရုပ်ဆောင်ရသည်ကို ရင်ဖဲအသည်းထဲကနေသဘောကျလာသည်။


ကလေးသရုပ်ဆောင်များက အမြဲတက်ကြွပြီး နာမည်ကြီးကြယ်ပွင့်တစ်ယောက် မမျှော်လင့်ဘဲ နူးညံ့သိမ်မွေ့နေတတ်သည်။ နှစ်ရှည်လများကျော်ကြားခဲ့သည့် သရုပ်ဆောင်တစ်ယောက်က သူ၏အရည်အချင်းကို ပို၍ပင် မြတ်နိုးပြီး အဖွဲ့လိုက် သရုပ်ဆောင်သည့်အချိန်မှာပင် သူ၏ဇာတ်ကောင်အခန်းကဏ္ဍကို အလေးအနက် ထားတတ်သည်။ စိတ်ထားကောင်းသည့် ထုတ်လုပ်သူတွေက သူ့ထမင်းဘူးမှာ ဟင်းတစ်ခွက် ပိုထည့်ပေးလိမ့်မည်။


သေချာသည်ပင်၊ မကောင်းသည့်လူတွေနှင့် မကောင်းသည့်အရာတွေလည်း ရှိပေမဲ့ လင်းလော့ချင်း ၎င်းတို့ကို မေ့သွားသည်မှာ ကြာပြီဖြစ်၏။


တစ်ခါက အိမ်မှာထိုင်ပြီး သူအကြိုက်ဆုံး မင်းသား ဆုတစ်ခုအတွက် ဆန်ခါတင်စာရင်းဝင်သည်ကို ကြည့်ခဲ့ရသည်ကို သတိရမိသည်။ မင်းသားကြီးသည် ကြယ်ရောင်လွှမ်းခြုံကာ နူးညံ့သိမ်မွေ့စွာ ဩဇာပြည့်လျှမ်းစွာ ကော်ဇောနီပေါ်၌ လမ်းလျှောက်ခဲ့သည်။သူက စင်မြင့်ပေါ်တွင် မတ်တပ်ရပ်ရင်း တည်ငြိမ်ပြေပြစ်သော အမူအရာဖြင့် "လူသားတွေရဲ့ အကြီးမြတ်ဆုံးသော ဉာဏ်ပညာက စောင့်မျှော်ခြင်းပါပဲ" ဟု ဆိုသည်။


လင်းလော့ချင်း ဤစာကြောင်းကို သိသည်။ သူက ဤစာကြောင်းကဲ့သို့ စောင့်ဆိုင်းခြင်းနှင့် မျှော်လင့်ခြင်းအပြည့်ရှိခဲ့သည်။သူသည် ရိုက်ကူးရေးအဖွဲ့တိုင်းတွင် နေ့ရက်တိုင်းကို တက်ကြွစွာ ကုန်ဆုံးရန် ကြိုးစားခဲ့သည်။


ဇာတ်ရုပ်တစ်ခုပြီးတစ်ခုတွက် ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူတစ်ယောက်ပြီးတစ်ယောက်နှင့် တွေ့ဆုံကာ ဇာတ်ကားတစ်ကားပြီးတစ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။သူက ဘာမှမသိသည့်သရုပ်ဆောင်တစ်ဦးအဖြစ်မှ ရိုက်ကွင်းမှာ အခြားသူများကို ညွှန်ကြား လမ်းပြပေးနိုင်သည့် သရုပ်ဆောင်အဖြစ်သို့ ကူးပြောင်းလာခဲ့သည်။


သူ မိုးသောက်ချိန်ကိုဖြတ်ကျော်ခဲ့ဖူသည်။နေ၀င်ဆည်းဆာချိန်ကိုလည်း ဖြတ်ကျော်ခဲ့ဖူးသည်။ လူ့လောကလူ့ဘဝမှာ ကြုံရဆုံရသည့်ကံကြမ္မာအပြောင်းအလဲအဖုံဖုံကိုဖြတ်ကျော်ခဲ့ကာ ယခု ဤနေရာ၌ထိုင်၍ သူ့ရှေ့က စင်မြင့်ကိုကြည့်ပြီး ဆုပေးသူ၏အသံကို နားထဲထင် နားထောင်နေခဲ့သည်။


ဆုကြေညာသူကဆိုသည်။

"လင်းလော့ချင်း..."


စကားလုံးများက ကျယ်လောင်ပြီးရှင်းလင်းသည်။


ကျယ်လောင်သော လက်ခုပ်သံများက ခန်းမအတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။လင်းလော့ချင်း နောက်ဆုံးတွင် မိန်းမောနေရာမှ အသိပြန်ဝင်လာသည်။


ယွီကျားယုံက သူ့ကို စိတ်လှုပ်ရှားစွာ ပွေ့ဖက်လိုက်သည်။လင်းလော့ချင်း နောက်ဆုံးတွင် လက်တွေ့လောကထဲပြန်ရောက်လာပုံရသည်။သူက ယွီကျားယုံ၏ ကျောကို ပုတ်ပြီး မတ်တပ်ထရပ်လိုက်၏။


လက်ခုပ်သံများကြားမှ စင်မြင့်ပေါ်သို့ လျှောက်သွားကာ အခမ်းအနားတင်ဆက်သူထံမှ ဆုကို လက်ခံရယူခဲ့သည်။


စင်မြင့်အောက်မှာ လူများပြည့်ကျပ်နေသဖြင့် ပင်လယ်ကြီးတစ်ခုဖြစ်နေသည်။


လင်းလော့ချင်း စင်မြင့်ပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး 'ဒါက ဒီထောင့်ကနေ မြင်ရတဲ့ပုံစံကိုး' ဟု စိတ်ထဲကနေ ပြောလိုက်သည်။


ဘယ်နှစ်နှစ်ရှိပြီလဲ...


နှစ်ပေါင်းများစွာကြာအောင် သူ ပရိတ်သတ်ထဲမှာ ထိုင်ရန်ပင် အရည်အချင်း မရှိခဲ့ပေ။ယခု သူ စင်ပေါ်မှာ ရပ်နေသည်။


ချက်ချင်းပင် သူ သူအကြိုက်ဆုံးမင်းသားထံမှ ထိုစာကြောင်းကို ပြန်သတိရမိသည်။ အနာဂတ်က မည်သည့်နေရာတွင် ရှိနေသည်ကို တစ်စုံတစ်ယောက်မှ မသိသောကြောင့် စောင့်ဆိုင်းခြင်းနှင့် မျှော်လင့်ခြင်းက ပို၍စွဲမက်ဖွယ်ကောင်းလာသည်။


ရှေ့သို့ ခြေတစ်လှမ်းတိုးကာ မိုက်ခရိုဖုန်းရှေ့ လှမ်း၍ သူ့ကို စိုက်ကြည့်နေသော ပရိသတ်ကို ကြည့်လိုက်သည်။


သူက ပြုံးပြီး ကြိုပြီး သူရေးခဲ့သည့် လက်ခံမိန့်ခွန်းကို ရွတ်လိုက်သည်။သို့ပေမဲ့ အဆုံးမှာ သူက နောက်ထပ်စာပိုဒ်တစ်ခုကို ထပ်ထည့်လိုက်သည်။


 "တစ်ခါတုန်းက ကျွန်တော်အကြိုက်ဆုံးမင်းသားက ဆုရခဲ့ပြီး 'Count of Monte Cristo'ထဲက ကျော်ကြားတဲ့ စာကြောင်းတစ်ကြောင်းကို ကိုးကားပြီးပြောခဲ့တယ် 'လူသားတွေရဲ့ အကြီးမြတ်ဆုံးဉာဏ်ပညာက စောင့်မျှော်ခြင်းပါပဲ' တဲ့...မင်းက နောက်ထပ် ဆုတရတဲ့သူတစ်ယောက်ဖြစ်လာမလာဆိုတာ မင်းဘယ်တော့မှ မသိနိုင်ဘူး... အခွင့်အရေးတိုင်းကို မြတ်နိုးပြီး ဇာတ်ရုပ်တိုင်းကို ကောင်းကောင်းသရုပ်ဆောင်သင့်တယ် ..ဒီလိုနည်းနဲ့မှသာ မင်းအပိုင်ဖြစ်တဲ့မင်းရဲ့နေ့ကိုရောက်တဲ့အထိ မျှော်လင့်ချက်အပြည့်နဲ့ စေင့်နိုင်မှာပါ"


"ဒီနေ့ကို ကျွန်တော်စောင့်နေခဲ့တယ်...လူတိုင်း သူတို့ရဲ့ အနာဂတ်ကို စောင့်မျှော်နေနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်"


ပရိသတ်ဆီက လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။


လင်းလော့ချင်းက ပြုံးပြီး စင်ပေါ်မှ လှည့်ထွက်လာခဲ့သည်။