Ch-34
Viewers 8k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း


အခန်း (၃၄)


အိမ်ဘေး၌ နေထိုင်သူအသစ်ရောက်လာသဖြင့် ဟွမ်ရင်းရင်း ပျော်ရွှင်နေရုံသာမက သူမ၏ခင်ပွန်းဖြစ်သူ ကျန်းချန်ပေလည်း ပျော်ရွှင်နေလျက်။ သူ့မှာ ဝါသနာများများစားစားမရှိဘဲ နာမည်ကောင်းရှိရုံသာ၊ သူက ကြွားဝါရတာကို နှစ်သက်သလို လူအများ မနာလိုဖြစ်အောင်လုပ်တတ်လေသည်။ 


သူက ဇနီးကောင်းတစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့ရပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားခဲ့ရ၏။ သူမက ပညာတတ်သလို ကြင်နာတတ်ပြီး ကလေးတွေကို ပြုစုစောင့်ရှောက်နိုင်ကာ အိမ်မှုကိစ္စအားလုံး နိုင်နင်း၍ ဟင်းကောင်းကောင်း ချက်တတ်ပြီး သူ့ကိုလည်း သက်တောင့်သက်သာရှိအောင် ပြုစုတတ်လေသည်။ 


အခြားမိသားစုမှ ယောကျ်ားတွေဆို သူ့လို သက်တောင့်သက်သာရှိတဲ့ဘဝမျိုးကို ဘယ်လိုလုပ်ပြီး နေနိုင်မှာလဲ? 


ပညာတတ်ပြီး လှပသော အိမ်ထောင်သည်အမျိုးသမီးတို့မှာ ဇီဇာကြောင်တတ်ကြပြီး အိမ်မှုကိစ္စမလုပ်ချင်ကြသလို သူတို့ရဲ့ ခင်ပွန်းသည်ကိုလည်း မပြုစုချင်ကြပေ။ 


ပညာမတတ်၊ တောဆန်ပြီး ရုပ်ရည်သိပ်ကြည့်မကောင်းသော အိမ်ထောင်ရှင်တွေကတော့ အလုပ်ကြိုးစားကြပေမယ့် စုံတွဲတွေက အမြဲတစေ စကားများရန်ဖြစ်လေ့ရှိကြလေသည်။ 


သူ့ဇနီးသည်နဲ့ ပတ်သက်ပြီး ပြောရရင် အရာရာတိုင်းက ကောင်းနေရောပဲ။ 


ဘယ်ယောက်ျားကများ သူ့ကို မနာလိုမဖြစ်ဘဲ နေနိုင်မလဲကွာ? 


ထို့ကြောင့် သူက မိတ်ဆွေသူငယ်ချင်းအသစ်ဖွဲ့ကာ ထိုသူကို မနာလိုဖြစ်အောင် သူ ဘယ်လောက်ပျော်နေရတဲ့အကြောင်းကို လျှို့ဝှက်စွာ ထုတ်ဖော်ပြောပြရတော့မှာပေါ့။ 


*** 


ချင်းရို့သည် လေဝင်လေထွက်ကောင်းစေရန်အတွက် အခန်းတိုင်း၏ ပြတင်းပေါက်များကို ဖွင့်လိုက်၏။ အိမ်ပြောင်းမလာခင်မှာ သန့်ရှင်းရေးအတွက် တာဝန်ရှိဝန်ထမ်းများဟာ အိမ်ကို သန့်ရှင်းရေးဝင်ပြီးသားဖြစ်၍ သန့်ရှင်းစရာမလိုတော့ပေ။ 


ချင်းရို့ နောက်တစ်ကြိမ် သန့်ရှင်းရေးလုပ်ဖို့ ထပ်မလိုတော့ဘူးလို့ ခံစားမိလိုက်သည်။ 


အိမ်အပြင်ဘက်တွင် ၇၀ စတုရန်းမီတာမှ ၈၀ စတုရန်းမီတာခန့် ကျယ်ဝန်းသော ခြံကြီးတစ်ခြံရှိလေသည်။ မူလက ပန်းပင်များ၊ ဖရဲသီးနှင့် အသီးအနှံများကို စိုက်ပျိုးထားခဲ့ပေမယ့်လည်း ပျက်စီးပြိုလဲသွားခဲ့တာကြာလေပြီ။ 


လမ်းဘေးတွင် ရှည်မျောမျော အုန်းပင်သုံးပင်သာရှိတော့သည်။ ချင်းရို့ မော့ကြည့်လိုက်သည့်အခါ ၂၀မီတာမှ ၃၀မီတာခန့် အရှည်ရှိလေ၏။ အနီးကပ်ကြည့်လိုက်ပါလျှင် အောက်ဘက်နားတွင် စိမ်းမြမြအလုံးသေးသေးကြီးကြီးတစ်ချို့ကို တွေ့နိုင်ပေသည်။ 


လူတွေက ဒီလောက်မြင့်တဲ့ အုန်းပင်ကနေ အုန်းသီးတွေကို ဘယ်လိုခူးကြတာလဲနော်? အုန်းသီးခူးဖို့ သစ်ပင်တက်ရတာ ခက်ခဲမလား? 


လောလောဆယ်တွင် အုန်းသီးမခူးနိုင်သေး၍ ချင်းရို့ အိမ်ထဲ ပြန်ဝင်သွားတော့သည်။ နှစ်ထပ်အိမ်လေးက မဆိုးပါချေ၊ ခန်းမက အလယ်ခေါင်မှာရှိပြီး မီးဖိုချောင်က ဘယ်ဘက်ရှိ ရေချိုးခန်းနှင့် ချိတ်ဆက်ထားကာ ညာဘက်တွင် အခန်းနှစ်ခန်းရှိလေသည်။ 


ပထမထပ်မှာ စိုထိုင်းနေသဖြင့် တွားသွားသတ္တဝါတွေ ဝင်လာရန် လွယ်ကူသောကြောင့် လူနေဖို့ မသင့်တော်ချေ။ ချင်းရို့ တံခါးဘောင်ကို ဂရုတစိုက် စစ်ဆေးကြည့်ရှုလိုက်ပြီး မုန်တိုင်းတိုက်သည့်အခါ အိမ်ထဲသို့ ရေမစိမ့်ဝင်စေရန်အလို့ငှာ အဝင်အထွက်တံခါးခုံကို ဘိလပ်မြေဖြင့် မြှင့်ထားသင့်တယ်လို့ တွေးမိလိုက်၏။ 


ပိုးကောင်တွေအကြောင်းဆိုရပါလျှင် ချင်းရို့ ကြက်မွေးတာကို မြန်နိုင်သမျှ မြန်မြန် ဦးစားပေးလုပ်သင့်တယ်လို့ ခံစားရပေသည်။ အိမ်ထဲသို့ ခိုးဝင်လာနိုင်သည့် ပိုးကောင်တွေ၊ ကင်းခြေများတွေကို ကာကွယ်ရန်အလို့ငှာ ကြက်များကို မွေးမြူရမည်။ 


မြွေကဲ့သို့ သတ္တဝါတွေကိုလည်း သတိပြုရပေမည်။ ချင်းရို့ ကွမ်ချန်မှာတုန်းက မြွေပြေးဆေးနည်းနည်း ဝယ်လာခဲ့၍ ခြံဝင်းပတ်ပတ်လည်မှာ ဖြူးလိုက်လေ၏။ ဤခေတ်ကာလ၏ ကြွက်နဲ့ ပိုးဟပ်တွေက ဘယ်လောက်ကြီးမလဲဆိုတာကို သူမ မသိသဖြင့် သူမစိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးသားပင်။ 


ဒုတိယထပ်သို့ ရောက်သည့်အခါ ဒုတိယထပ်တွင် အခန်းသုံးခန်းနှင့် ၁၀စတုရန်းမီတာအကျယ် လှေကားထစ်ငယ်လေးတစ်ခုရှိ၏။ ချင်းရို့ ထိုလှေကားထစ်လေးကို အလွန်နှစ်သက်သော်လည်း တိုင်ဖွန်း၊ မိုးသက်မုန်တိုင်းတို့ကြောင့် လှေကားထစ်ပေါ်မှာ ရေစုပုံခြင်းမဖြစ်လာစေရန်အတွက် ထိုလှေကားထစ်ငယ်လေးကို ပိုမိုခိုင်ခံစေရန် လိုအပ်တယ်လို့ သူမ ခံစားခဲ့ရလျက်။ 


ချင်းရို့စိတ်ထဲတွင် မရေမတွက်နိုင်သော အစီအစဥ်များစွာရှိနေခဲ့သလို လုပ်ချင်၊ ဖြစ်ချင်တဲ့ ဆန္ဒအပြည့်ရှိနေလျက်။ 


သူမ ဟင်းသီးဟင်းရွက်လည်း စိုက်ချင်တယ်! 


ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရုံသာမက လှလှပပလေး စိုက်ပျိုးရမယ်။ 


ရေနွေးကျိုပြီးနောက် ချင်းရို့က ကလေးတွေကို ရေချိုးပေးလိုက်ပြီး ကလေးနှစ်ယောက်ဟာ အခန်းထဲတွင် ပျော်မြူးစွာ ပြေးလွှားနေကြစဥ် ချင်းရို့ကတော့ အိပ်ရာအသစ်စက်စက်ပေါ်တွင် လဲလျောင်းနေကာ မလှုပ်ချင်တော့ပေ။ 


သူမ အရမ်းပင်ပန်းနေပါပြီ။ သူမရဲ့ ရည်မှန်းချက်တွေအတွက်တော့ နောက်နေ့ စောင့်လိုက်ပါတော့။ 


ထိုအချိန်တွင် လုယန် ပြန်ရောက်လာခဲ့၏။ သူက အခုလေးတင် သတင်းသွားပို့ခဲ့၍ မိတ်ဆွေသူငယ်ချင်းဟောင်းများက သူ့ကို ဝိုင်းဖွဲ့လာကြကာ စကားပြောနေခဲ့ကြသည်။ လုယန် တခြားသူတွေနဲ့ စကားပြောဖို့ မလိုလားခဲ့ချေ။ သူက စစ်တပ်တွင် နှစ်အတော်ကြာနေခဲ့ပြီး အခုတော့ မိသားစုရှိလာလေပြီ။ 


သူ့အိမ်မှာ သူ့ဇနီးလေးရှိနေပြီကို ဒီကောင်တွေနဲ့ အချိန်မဖြုန်းချင်စိတ်မရှိပါဘူးကွာ။ 


သူ့ဇနီးလေးရှိတဲ့အိမ်ကို ပြန်ချင်နေပြီလေ။ 


လုယန် အပေါ်ထပ်သို့ တက်လာကာ တံခါးကိုဖွင့်လိုက်ချိန်မှာ ကုတင်ဘေးတွင် ထိုင်နေသော ချင်းရို့ကို တွေ့လိုက်ရသည်။ အခုလေးတင် သူမ ခေါင်းလျှော်ထား၍ ရှည်လျား၊ ပျော့ပျောင်းတဲ့ အနက်ရောင် ဆံနွယ်လေးတွေက ပုခုံးပေါ်ကျနေကာ သူမရဲ့ မျက်နှာသေးသေးလေးကို ပိုပြီးနူးညံ့သိမ်မွေ့သွားစေလေသည်။ သူမရဲ့ မျက်လုံးတွေက ကြီးမားလှပပြီး သူ့ဆီ ခေါင်းလှည့်ကြည့်လာသည့်အခါ နွေဦးရေကန်ထဲ နစ်မြှုပ်သွားရသလိုပင်။ 


လုယန် မထိန်းနိုင်တော့ဘဲ ချောင်းဆိုးချင်လာခဲ့ရာ သူ့နှာခေါင်းကို ထိလိုက်၏။ ပြတင်းပေါက်အပြင်ဘက်မှ ပင်လယ်လေညင်းများ တိုးဝှေ့တိုက်ခတ်လာသည့်အခါ သူ့မျက်ခုံးတွေကို နူးညံ့သွားစေ၍ ဤအခိုက်အတန့် လေထုမှာ သိမ်မွေ့နေသည့်အလား။ သူ တစ်ခုခုပြောခါနီးတွင် သူ့အနောက်က အော်ဟစ်သံတစ်ခုထွက်လာလေသည်။ 


ရှောင်ဖန့်လေး အော်ဟစ်လာလျက် "ဝိုး ကျင်းရိရေ အုန်းသီးတွေပဲ!" 


နှစ်သက်စရာကောင်းတဲ့လေထုမှာ အားလုံး ပျောက်ရှသွားလျက်... 


လုယန် တိတ်တဆိတ် အံကြိတ်ကာ အနှီကလေးစုတ်နှစ်ယောက်ကို ပင်လယ်ထဲသို့ ပစ်ချချင်စိတ်ပေါ်လာလေပြီ။  


ချင်းရို့ သူ့အား မေးလာခဲ့၏။ "ရှင် အုန်းသီးတွေ ယူလာတာလား?" 


"အင်း ကိုယ် အုန်းသီးနည်းနည်း ယူလာခဲ့တာ" 


ဒီနားတစ်ဝိုက်မှာ အုန်းသီးတွေ အများကြီးမရှိတော့ပေမယ့် ပင်လယ်ကမ်းစပ်တွင် အုန်းပင်အများကြီးရှိသလို အုန်းပင်တစ်ပင်ဆို တစ်နှစ်လျှင် အုန်းသီးအလုံး ၁၀၀ ရနိုင်လေသည်။ 


လုယန် ပြန်လာသည့် လမ်းတစ်လျှောက် အုန်းသီးတစ်အိတ်ကို ဆွဲလာခဲ့၏။ အခုလေးတင် အုန်းသီးခူးလာပေးတဲ့ သူငယ်ချင်းတစ်ယောက်က ပေးခဲ့သည်ပင်။ 


အုန်းသီးသုံးလုံးကို ခွဲလိုက်ကာ ဝါးပြွန်ထည့်လိုက်သည်နှင့် ကလေးနှစ်ယောက်မှာ ပျော်ပျော်ကြီး အုန်းသီးကို ပွေ့ပိုက်ကာဖြင့် အုန်းရည်သောက်နေကြစဥ် လုယန်က ချင်းရို့အား အုန်းသီးတစ်လုံး ကမ်းပေးလိုက်သည်။ 


ချင်းရို့လည်း အုန်းသီးကို ယူလိုက်ပြီး တစ်ငုံသောက်ကြည့်လိုက်၏။ အုန်းရည်မှာ ထူးထူးခြားခြား ချိုမြနေကာ အနံ့လည်း မွှေးပျံ့နေလျက် အချဥ်ဓာတ်စိုးစင်းမျှရှိမနေခဲ့၍ သူမ မထိန်းနိုင်တော့ဘဲ အငုံပေါင်းများစွာ သောက်လိုက်လေသည်။ 


ချိုမြမြအုန်းရည်မှာ ဗိုက်ထဲ ရောက်သွားသည့်အခါ လန်းဆန်းသွားရသလို ရေငတ်ပြေသွားရလျက်။ 


"အရမ်းချိုတာပဲ!" 


ချင်းရို့က အုန်းရည်ကို တစ်ခါမှ မသောက်ဖူးတာ မဟုတ်ပေမယ့် ဒီလောက် လတ်ဆတ်ပြီး ချိုတဲ့ အုန်းရည်မျိုးကိုတော့ မသောက်ခဲ့ဖူးပေ။ အတိတ်တုန်းက သူမ အပျော်ခရီးထွက်ချိန်၌ အုန်းသီး တစ်လုံး၊ နှစ်လုံးသာ ဝယ်ခဲ့သော်လည်း ခရီးသွားဈေးကွက်ရှိ အုန်းရည်အရသာမှာ ကံတရားအပေါ်တွင် လုံးလုံးမူတည်နေသည့်အလား။ 


လတ်လတ်ဆတ်ဆတ်အုန်းရည်တွေက အလွန်အရသာရှိပြီး ခူးထားတာကြာပြီဖြစ်တဲ့ အုန်းရည်တွေကတော့ ချဉ်လွန်းသဖြင့် အုန်းရည်အရသာမှာ ပိုမိုဆိုးရွားသွားတတ်လေသည်။ 


"ချိုလား?" လုယန် အရင်က အုန်းရည်မသောက်ခဲ့ဖူးပေ။ သူမပြောတာကိုကြားတော့ သူ သိချင်လာသဖြင့် အနားတိုးကပ်လိုက်ပြီး ပိုက်ကို ကိုက်လျက် သာမန်ကာလျှံကာ တစ်ငုံမြည်းကြည်လိုက်၏။ 


သူ့လှုပ်ရှားမှုများဟာ ထူးထူးခြားခြား သဘာဝကျနေကာ အုန်းသီး ကိုင်ထားဆဲ ချင်းရို့ကတော့ ကြက်သေသေသွားရလျက်။ 


သွယ်ဝိုက်အနမ်းလား? 


သူမ သူ့ရဲ့ချောမောတဲ့ မျက်နှာဘေးဖက်ကို ကြည့်ပြီး ထိတ်လန့်သွားရ၏။ ဤရှုထောင့်မှ ကြည့်လျှင် သူ့နှာခေါင်းမှာ ပိုမိုဖြောင့်စင်းလာကာ ချင်းရို့က သူ့ရဲ့ နှာတံရိုးမြင့်မြင့်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်လျက်။ 


"တကယ်ကောင်းသားပဲ"


Thanks for reading!