Ch-40
Viewers 8k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း


အခန်း (၄၀)


အနှီကလေးနှစ်ယောက်ဟာလည်း စိတ်ဝင်စားစရာကောင်းလှသည်၊ တစ်ယောက်က လူတွေအပေါ် တုံ့ပြန်ရတာကို မကြိုက်၊ နောက်တစ်ယောက်ကတော့ ဆိုရှယ်ကောင်းလေ၏။ 


သူတို့နှစ်ယောက်ကို အတူတူထားလိုက်သည့်အခါ ချင်းရို့မှာ အလွန်စိတ်သက်သာရာရသွားရလျက်။ ချန်ကျင်းရိက သူလိုချင်သလို မကြားသလိုမျိုး နေလို့မရတော့ဘူးလေ။ 


နှစ်ယောက်သား ရန်မဖြစ်ဖူးကြပါချေ။ ချန်ကျင်းရိ၏စရိုက်မှာ ဒေါသထွက်လွယ်ကာ တခြားသူတွေနှင့် ရန်ဖြစ်တတ်သူမျိုးမဟုတ်ပေ။ နှလုံးသားအကြီးကြီးရှိတဲ့ ရှမင်ရှီးကတော့ အထူးသဖြင့် သူ့ကိုယ်သူ ရှင်းပြပြောဆိုနိုင်သလို တွန့်တိုတတ်သူမဟုတ်ဘဲ ပျော်တတ်တဲ့ စိတ်နေစိတ်ထားရှိလေ၏။ 


လူတစ်ယောက်က မုန့်ညက်ကို လှိမ့်နေကာ နောက်တစ်ယောက်က ဖက်ထုပ်လုပ်နေကြလျက်။ အနှီစုံတွဲဟာ ဖက်ထုပ်လုပ်ရာတွင် အရမ်းမြန်ဆန်ကြ၍ ခဏအတွင်းမှာပဲ ရာနှင့်ချီဖက်ထုပ်ကြီးတွေ ရလာခဲ့ပြီ။ 


ချင်းရို့ သူမရှေ့ရှိ ရွှေတုံးတွေနှင့်တူသော ဖက်ထုပ်ကြီးများကို ကြည့်လိုက်ပြီး ဖက်ထုပ်ပြုလုပ်ခြင်းဟာ အမှန်တကယ်ပင် ဒုက္ခမများသည့် အလုပ်ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားရသည်။ 


သူမ ကန်တုံဟင်းလျာတွေနှင့် အနည်းငယ် ကျင့်သားမရသေး။ 


လူတိုင်းက လာလို့ရသလို အတူတူပါဝင်လုပ်ဆောင်နိုင်ကြ၍ အရမ်းသက်ဝင်လှုပ်ရှားလှပေသည်။ ချင်းရို့က အရင်က ဘယ်သူနဲ့မှ ဖက်ထုပ်အတူတူမလုပ်ဖူးခဲ့ပေ၊ သူမ"မိသားစု"ရော၊ သူမပတ်ဝန်းကျင်ရှိလူများနဲ့ရော ပြောနေစရာတောင်မလိုပင်။ 


ဆယ်နှစ်ကျော် တစ်ကိုယ်တည်းနေထိုင်ခဲ့သော ချင်းရို့အတွက်မူ မိသားစုဝင်အများကြီးရှိခြင်းဟာလည်း ပထမဆုံးအကြိမ်ပင်။ ဒီလိုမျိုး အတူတူဖက်ထုပ်လုပ်ရခြင်းရဲ့ အငွေ့အသက်ကို သူမ နှစ်သက်လေ၏။ 


"ရှင် ဖက်ထုပ်ကို ရေနဲ့ပဲ တိုက်ရိုက်ပြုတ်တော့မလို့လား?"  


"ဟုတ်တယ်" 


"ဒီဖက်ထုပ်အစာတွေက ကျက်ပါ့မလား? ကျွန်မတို့ ဖက်ထုပ်အစာတွေကို အရင်ဆုံး ပြုတ်သင့်တယ်နော်။ မဟုတ်ရင် ဖက်ထုပ်မုန့်ညက်က ပြဲသွားနိုင်ပြီးတော့ အစာတွေကလည်း မကျက်ဘဲနေလိမ့်မယ်။" 


"ရေအေးထပ်ထည့်လိုက်" 


"အိုး" 


အချိန်တစ်ဝက်လောက်မှာ ရေအေးထပ်ထည့်ရတာပေါ့လေ။ 


ချင်းရို့လည်း သူ ဖက်ထုပ်ချက်နေတာကို ဘေးနားမှာ ကြည့်နေလိုက်ကာ ဖက်ထုပ်ပြုတ်သည်က တအားရိုးရှင်းနေသည်ကို တွေ့ရှိလိုက်ရ၏။ ရေအေးထပ်ထည့်လိုက်ရုံပဲ၊ ပြီးတော့ အဖုံးဖွင့်ထားရမယ်ပေါ့။ ဘယ်လိုဖြစ်ဖြစ် သူမက အရင်က တစ်ခါမှ ဖက်ထုပ်မလုပ်ဖူးတာကို။ 


မဟုတ်ပါဘူး၊ သူမ အဖွဲ့လှုပ်ရှားမှုတွေမှာ ဖက်ထုပ်ချက်ဖူးသားပါပဲ။ ဒါပေမယ့် သူတို့ရဲ့လက်ရာက တကယ်မကောင်းပါဘူး။  


လုယန် ဖက်ထုပ်ပြုတ်ပြီးသည့်အခါ ဖက်ရွက်တွေက လုံးဝမကွဲထွက်သွားကြချေ။ 


ဟုတ်တာပေါ့၊ ဒါကတော့ သူမကြောင့်လည်းပါတာပေါ့နော်။ တကယ်တော့ ဖက်ထုပ်တွေ ထုပ်ပေးခဲ့တဲ့သူက သူမပဲလေ! ချင်းရို့က မုန့်ညက် ဘယ်လိုလှိမ့်ရသလဲဆိုတာကို မသိသော်ငြား သူမထုပ်ထားတဲ့ ဖက်ထုပ်တွေကတော့ အလွန်လှပလေရာ ၄င်းတို့မှာ ရွှေတုံးအရွယ် ဖက်ထုပ်ဝဝကြီးတွေပင်။ 


စုစုပေါင်းလေးအိုး ပြုတ်ထားခဲ့ပြီး လုယန်က အကြီးဆုံးတစ်အိုးကို စား၍ ချင်းရို့ကမူ အိုးသေးတစ်အိုး၊ ကလေးနှစ်ယောက်သည်လည်း အိုးသေးတစ်အိုးစီ စားကြလေသည်။ 


ကျန်နေသေးတဲ့ ဖက်ထုပ်တွေကို ချင်းရို့က ရေခဲသေတ္တာထဲတွင် သိမ်းထားလိုက်၏။ 


ချင်းရို့ ပြည်ကြီးငါးအစာသွပ်ဖက်ထုပ်ကြီးတစ်ခု စားကြည့်လိုက်တော့ အရသာမဆိုးကြောင်း တွေ့ရှိသွားရသည်။ ဖက်ထုပ်အလွှာမှာ ဝါးလို့ကောင်းသလို ကြက်ဥတွေကလည်း မွှေးပျံ့နေသောကြောင့် အရသာရှိလွန်း၍ လျှာမှာ ပျော်မြူးစွာ ကခုန်သွားတော့မည့်အလား။ 


သူမ နောက်ဖက်ထုပ်တစ်မျိုးကို တိုက်ရိုက်ယူလိုက်၏။ 


ဆော့စ်မပါလည်း အရသာရှိလှ၏။ ချင်းရို့က ဖက်ထုပ်အသားကို ကိုက်စားလိုက်ရင် အရသာရှိလှတဲ့အရည်လေးတွေ ထွက်ကျလာသည်ကို သဘောကျလျက်။ ငါးရဲ့အရသာမှာ စွပ်ပြုတ်ထဲ ပျော်ဝင်သွားပြီးဖြစ်၍ လတ်ဆတ်ကာ စားလို့ကောင်းလှသည်။ 


ဖက်ထုပ် စားရတာလည်း မဆိုးဘူးပဲ။ မနက်ခင်းမှာ စားရင် ပိုကောင်းသွားမှာ။ 


သူမ မနက်ဖြန်မနက်အတွက် ရေခဲသေတ္တာထဲမှာ အေးခဲဖက်ထုပ်တွေကို သိမ်းဆည်းထားရမယ်! 


နေ့ခင်းဘက် ခဏလောက် အနားယူပြီးနောက် ခြံထဲမှာ ထီးနှစ်ချောင်း ထားလိုက်သည်။ စစ်တပ်သုံးထီးမှာ အလွန်ကြီးမားလေရာ ထီးတစ်လက်က လူလေးယောက်ကို ဖုံးကာပေးထားနိုင်၏။ ထီးနှစ်လက်ဆို စင်အသေးစားနဲ့ ညီမျှနေလေပြီ။ 


ချုံကျိုးကျွန်း၌ ရာသီဥတုပူပေမယ့် နေရောင်ကို ပိတ်ကာထားနေသရွေ့ ခန္ဓာကိုယ်ကို တိုက်ခတ်လာတဲ့ ပင်လယ်လေညင်းလေးမှာ သဘာဝပန်ကာလိုပါပဲ။ အရမ်းသက်တောင့်သက်သာရှိကာ စိတ်အနှောင့်အယှက်ဖြစ်သလို မခံစားရချေ။ 


လုယန်က ထီးအောက်တွင် ချင်းရို့တောင်းဆိုထားခဲ့တဲ့ သစ်သားခွက်ပြုလုပ်နေစဥ် ချင်းရို့က စက်ဘီးစီးကာ ဟင်းသီးဟင်းရွက်မျိုးစေ့တွေကို သွားဝယ်လိုက်ပြီးမှ အစ်မယန် ညွှန်ပေးထားသော နေရာဆီသို့ အရွယ်ရောက်ပြီးသားကြက်မတစ်ကောင်နှင့် ကြက်ပေါက် ခုနစ်ကောင်၊ ရှစ်ကောင် သွားဝယ်လိုက်သည်။ 


ချင်းရို့က ခြံဝင်းထဲမှာ ၄င်းတို့ပတ်ပတ်လည် ဝါးတွေနဲ့ကာထားလိုက်ပြီး အရိပ်အာဝါသရစေရန်အတွက် ဝါးတဲသေးသေးလေးကိုသာ ရိုးရိုးရှင်းရှင်း ပြုလုပ်ထားလိုက်၏။ သူမရဲ့ လက်ရာမှာ ကောင်းမွန်လှပြီး သူမမှာ OCDနည်းနည်းရှိသည့်အပြင် သူမက မူကြိုဆရာမလည်း ဖြစ်ခဲ့ဖူးတာမို့ တစ်နေကုန် ပတ်ဝန်းကျင်အလှအပဖန်တီးဖို့ စဥ်းစားနေတတ်သည်။ သူမသဘောကျတဲ့ ဥယျာဥ်ခြံလေးအဖြစ်ပြောင်းလဲပစ်ဖို့ မစောင့်နိုင်တော့ချေ။ 

(OCD = Obsessive Compulsive Disorder - အစွဲအလမ်းလွန်တဲ့ရောဂါ)


သူမရဲ့ OCDကို အတင်းဖိအားပေး ဖုံးဖိထားရလို့ သူမ မကျေမနပ်ဖြစ်နေဆဲ။ အနှီဝါးတွေကလည်း ကြည့်မကောင်းတော့ပြန်ဘူး။ 


ကံကောင်းထောက်မစွာဖြင့် ချုံကျိုးကျွန်းတွင် သစ်သားပြတ်လပ်ခြင်းမရှိ၍ ချင်းရို့က ဒီဇိုင်းဆွဲပြပြီး သစ်သားခွက်တွေကို လုပ်ပေးနေတဲ့ လုယန်ကို သူမအတွက် သစ်သားခြံစည်းရိုး ကူလုပ်ပေးဖို့ တောင်းဆိုလိုက်၏။ 


သစ်သားခြံစည်းရိုးမှာ မရှုပ်ထွေးပါချေ။ ဒေါင်လိုက်ခြံစည်းရိုးနှင့် အလျားလိုက်ခြံစည်းရိုးနှစ်ခုတို့မှာ မရေမတွက်နိုင်သော "井" စာလုံးများနှင့်တူလေ၏။ သစ်သားခြံစည်းရိုးငယ်လေးဟာ ကြက်တွေကလွဲပြီး တခြားဘယ်အရာကိုမှ မပိတ်ဆို့ထားနိုင်ပေ။ 


ချင်းရို့: "အနာဂတ်မှာ ကျွန်မတို့အိမ်အပြင်ဘက်မှာလည်း သစ်သားခြံစည်းရိုး လုပ်ကြမယ်လေနော်။" 


ပတ်ဝန်းကျင်ဖန်တီးမှုတွေကို ဘယ်လိုလုပ်ပြီး မလှမပဖြစ်အောင် ထားနိုင်မလဲနော်! ရုပ်ဆိုးလွန်းရင် အိမ်မှာရှိတဲ့ ချစ်စရာကလေးလေးတွေရဲ့ အလှရသခံစားတတ်တဲ့အမြင်ကို ထိခိုက်စေပါလိမ့်မယ်။ 


ကံကောင်းစွာပင် စစ်တပ်မှာ ကြီးပျင်းလာခဲ့တဲ့ လုယန်မှာလည်း OCDနည်းနည်းရှိနေ၍သာ။ သူက ပျဉ်ပြားပေါ်မှာ သေသေသပ်သပ် သံထုလိုက်ပြီး သစ်သားမြောင်းတွေကလည်း အလွန်လှပလေသည်။ 


လုယန်: "... " သူ အနာဂတ်မှာ လက်သမားအတတ်ကို သင်ယူထားရမှာလား? 


လုယန်သည် သူ့ဇနီးလေးရဲ့ လက်သမားလက်ရာလည်း ကောင်းမွန်ကြောင်း တွေ့ရှိခဲ့သည်။ နှစ်ယောက်သား အတူတူ သစ်သားခြံစည်းရိုး ပြုလုပ်နေကြရာ တစ်ယောက်က သံတွေ ကမ်းပေးနေရင်း နောက်တစ်ယောက်က တူနဲ့ရိုက်နေပြီး ကလေးနှစ်ယောက်လည်း ခြံထဲမှာ ကြက်တွေနဲ့ ဆော့ကစားနေကြလျက်။ 


မနေ့က သူတို့စားခဲ့သည့် အုန်းသီးအခွံကို ခွဲလိုက်ကာ အတွင်းထဲရှိ အုန်းသီးအသားဖြူဖြူလေးကို အခြောက်ခံဖို့ ခြံထဲမှာ ဖြန့်ထားလိုက်သည်။ အခြောက်ခံပြီးနောက် ၄င်းတို့ကို မြေသြဇာအဖြစ် အသုံးပြုနိုင်သလို ကြက်တွေကို အစာကျွေးနိုင်သည်။ 


ဟုတ်ပါတယ်၊ ကြက်တွေကို အုန်းသီး အများကြီး မကျွေးသင့်ပေ၊ ဘာကြောင့်ဆို အဆီတိုးလာလို့ပါပဲ။ 


သူတို့စုံတွဲမှာ ခြံစည်းရိုးငယ်လေးကို ပြီးစီးသွားသည့်အခါ ချင်းရို့က လုယန်အား ခြံထဲက မြေကွက်အသေးလေးတစ်ကွက်ကို ကူညီမြေဆွခိုင်းလိုက်သည်။ သူမလည်း အပေါ်ထပ်၌ ထားရန်အတွက် သစ်သားခွက်ကြီးကြီး၊ သေးသေးတွေကို မြေကြီးဖြည့်ကာ အောက်ဘက်မှာ အုန်းခွံ့ထားပြီး ဟင်းသီးဟင်းရွက်မျိုးစေ့များ မျိုးကြဲဖို့ ပြင်ဆင်တော့သည်။ 


သူမ ဆလတ်၊ ကြက်သွန်မြိတ်၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ဂျင်း နှင့် ကြက်သွန်ဖြူတို့ကို ဝရံတာတွင် အရင်ဆုံး စိုက်ပျိုးဖို့ စီစဥ်ထားလေ၏။ 


၎င်းတို့ကို ဝရံတာမှာ စိုက်ပျိုးရန် ပိုမိုသင့်လျော်သည့်အပြင် အတော်လေးရိုးရှင်းလှသည်။ ၎င်းတို့ဟာ အိမ်သုံးအမယ်များဖြစ်၍ ချင်းရို့က သူတို့ကို ဘယ်လိုစိုက်ပျိုးရမလဲဆိုတာ သိပေသည်။ 


အကယ်၍ ဒုတိယထပ်က ဝရံတာမှာ စိုက်ပျိုးခဲ့ရင် မိုးသည်း၊ လေကြမ်းသည့်အခါ အိမ်ထဲမှာ ရှင်သန်နိုင်သေးတာပေါ့။ ချင်းရို့က ဂရုတစိုက်တွေးတောခဲ့ခြင်းပင်။ 


လုယန် ပေါက်တူးကို ယူကာ သူ့အရှေ့ကမြေကြီးကို ကြည့်ရင်း ထိတ်လန့်နေမိလျက်။ 


သူက ခြံစည်းရိုးလည်း လုပ်ခဲ့ရပြီး အခု မြေဆွပေးနေရပြန်ပြီ။ စစ်တပ်အရာရှိတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုအရာတွေ လုပ်နိုင်မှာလဲ? 


- ဒါတွေက မိသားစုရှိလာတဲ့အခါ ကြုံလာရမယ့်ပြဿနာတွေလား? 


Thanks for reading!