၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အခန်း (၅၆)
လုယန်ရဲ့ပုံစံမှာ ပြောင်းလဲသွားတာ သေချာနေလေ၏။ အရင်က သူတို့ ကျောင်းတက်တုန်းကဆို သူတို့က နေ့ရောညပါ အတူတူရှိခဲ့ကြတာပဲလေ။ ရဲဘော်ရှောင်လု ဘယ်လောက်ကြမ်းတမ်းသလဲဆိုတာ သူသိတာပေါ့။
-အိမ်ထောင်သည်တွေက ကွဲပြားသွားတာပဲကွာ။
ချစ်စိတ်ပြင်းပြနေတဲ့ ရနံ့လေးပဲဟ။
လုယန်က သူ့ကိုမြင်သည်နဲ့ စိတ်အားထက်သန်စွာဖြင့် "လောင်ဝမ်!"
လုယန်က သူ့ကို အရမ်းသတိရနေခဲ့ပါသည်။ လောင်ဝမ်ကို ရဲဘော်လောင်မာနှင့် နှိုင်းယှဥ်ကြည့်ပြီးနောက် လောဝမ်နဲ့ နေရတာ ပိုပျော်ဖို့ကောင်းမှန်း သိသွားရပြီမို့ ဒီကောင့်ကို အင်မတန် သတိရနေမိခဲ့သည်ပင်။ ကျောင်းတက်တုန်းကဆို နေ့တိုင်း ဒီလူက မိန်းမယူမယ့်အကြောင်း၊ ချိန်းတွေ့မယ့်အကြောင်းတွေချည်း ပြောနေတတ်တယ်လေ။
အခုဆို သူ့မှာ လောင်ဝမ့်ကို ပြောပြချင်တဲ့ စကားတွေ အများကြီးရှိနေပါသည်။
တစ်ဖက်လူက အရမ်းစိတ်အားထက်သန်လွန်းနေတာကြောင့် ဝမ်ယွမ်ကျန်းမှာ နှလုံးခုန်သံမြန်သွားရလျက် "..."
ဘာလဲဟ! ဒီကောင်က သူ့ကို ကြွားချင်လွန်းလို့ လိုက်ရှာနေတာပဲဖြစ်ရမယ်။
ဝမ်ယွမ်ကျန်းလည်း သူ့ကို စိတ်ရှုပ်စွာ စိုက်ကြည့်လိုက်ရင်း "မင်းရဲ့ဒီလိုပုံစံက... ဂုဏ်သရေရှိတဲ့ပုံစံက ဘယ်ရောက်သွားရတာလဲကွာ"
လုယန်က စိတ်ကောင်းဝင်နေသဖြင့် သူပြောလိုက်တာကို ဂရုမစိုက်ပါချေ။ သူက ဝမ်ယွမ်ကျန်း ပုခုံးပေါ်ကို လက်တင်လိုက်ပြီး "လောင်ဝမ်... မင်းက အတော်လေးအမြော်အမြင်ရှိတာပဲကွာ ငါ့ကောင်ရ... ပြီးခဲ့တဲ့နှစ်တွေတုန်းက ကျောင်းမှာ ငါက တကယ်ပဲ အလံတင်ပေးခဲ့ရတယ်လေ။ ပြီးတော့ အခု ကျောင်းအုပ်ကြီးရဲ့ ရုံးခန်းထဲက ကြော်ငြာသင်ပုန်းပေါ်မှာ ငါ့ဓာတ်ပုံက ကျောင်းရဲ့ မျက်နှာဖုံးအဖြစ် ရှိနေတယ်ဆိုပဲကွ"
အနှီလူဟာ စကားပြောစက်ကို ဖွင့်လိုက်သည့်အလား မရပ်တန့်နိုင်တော့ဘဲ "လောင်ဝမ် ငါမင်းကိုပြောပါဦးမယ်၊ အဲ့ဒီမိသားစုက..."
"ငါ့မိန်းမက ဖက်ထုပ်လုပ်နည်းကို မသိသလို ဘေးအိမ်က ကျန်းထွမ်ရဲ့ ဇနီးလည်း မသိဘူးဆိုပဲ..."
"အနာဂတ်မှာ မင်းမိသားစုအိမ်ပြောင်းလာရင် မင်း သေချာပေါက် မှတ်ထားရမယ်..."
"ငါ့မိန်းမက ခြံထဲမှာ ပန်းစင်တစ်ခု ဆောက်ချင်တယ်တဲ့..."
ဝမ်ယွမ်ကျန်း: "…"
သူတို့မတွေ့ရတာလည်း အဲ့လောက်မကြာသေးပဲနဲ့ ဘာလို့များ ရဲဘော်လုယန်က ဒီလောက်စကားတွေများနေတာတုန်းဟ?
လုယန်က ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲလို့ သူတော့ သံသယရှိနေပါပြီ။
ဒါပေမယ့် ဒီကောင်မျက်နှာမှာတော့ "စစ်မှန်ရိုးသားတယ်"ဆိုတဲ့ စကားလုံးက ရေးထားသလိုမျိုးပင်။ သူက သူ့မိန်းမအကြောင်း ဆက်ပြောနေဆဲ။
"ငါ့အိမ်ကို သွားကြမယ်လေ" လုယန်က အများကြီးပြောပြီးသည်နှင့် နောက်ဆုံးတွင်မူ စိတ်သက်သာရာရသွားလေပြီ။
လုယန် စကားပြောပြီးသွားသည့်အခါ သက်ပြင်းချလိုက်ရင်း "လောင်ဝမ်ရေ မင်းနဲ့အခန်းအတူတူသုံးခဲ့ရတဲ့ နေ့ရက်တွေဆီ တကယ်ပဲ ပြန်သွားချင်လိုက်တာကွာ"
ဝမ်ယွမ်ကျန်း: "မင်း ဒီလိုစကားမျိုး ပြောနိုင်တယ်လားကွ?"
"ဘာလို့မပြောနိုင်ရမှာလဲကွာ? ငါ တကယ်ပဲ လွမ်းနေမိတာ..."
ဝမ်ယွမ်ကျန်း: "…"
သူပြန်လာတုန်းက သူ့ဆုံးဖြတ်ချက်ကို ပြန်တွေးမိသွားသည့်အချိန်တွင် ဝမ်ယွမ်ကျန်းက ပထမတော့ အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရပေမယ့် အခုတော့ လုံးလုံးပျောက်ကွယ်သွားပါပြီနော်။
လောင်ဝမ်က သူ့ကိုယ်သူ တွေးနေမိလျက် - သူကတော့ လူသားမဟုတ်ပေမယ့်လည်း လောင်လုကတော့ ခွေးကောင်ပဲဟေ့!
***
ဝမ်ယွမ်ကျန်း အခြားတစ်ယောက်ရဲ့ အိမ်မှာ ဧည့်သည်သွားလုပ်သည်မို့ လက်ဆောင်တစ်ချို့ ယူသွားလေ၏။ သူ လက်ချည်းသက်သက်သွားလို့မရဘူးလေ။
ပြီးတော့ ဒီကျွန်းမှာကလည်း တခြားပစ္စည်းတွေကို မဝယ်နိုင်သည့်အတွက် သူဝယ်လာခဲ့သော ကျီကျိုးကျွန်းရဲ့ အထူးထုတ်ကုန်ဖြစ်တဲ့ ဝိုင်တစ်ပုလင်းအပြင် အေးခဲထားတဲ့ ပင်လယ်ငါးတွေနဲ့ ကျွန်းမှ အခုလေးတင် ခူးလာခဲ့တဲ့ သရက်သီးကြီးတွေကို ယူသွားခဲ့လေသည်။
ပြောစရာမလိုအောင်ပင် အသီးတွေက တကယ်ချိုပါသည်။ ဝမ်ယွမ်ကျန်း ယခင်က ဒီအသီးတွေကို တစ်ခါမှ မစားဖူးသေးပေမယ့် အခုတော့ သူ စွဲလမ်းနေမိပြီ။
လုယန်က သူ့လက်ထဲမှ အိတ်ကြီးကို ယူလိုက်ပြီး ယဥ်ကျေးစွာပြောလာခဲ့သည်။ "မင်း ရောက်လာပြီပဲ။ ဘာလို့ ဒါတွေ ယူလာတာတုန်းကွာ? ငါတို့က သူငယ်ချင်းတွေပဲလေ၊ ယဥ်ကျေးနေစရာမလိုပါဘူးကွာ!"
"ငါ မင်းနဲ့ မရင်းနှီးပါဘူးနော်"
"လောင်ဝမ် မင်းက တကယ်ပဲ နှလုံးသားမဲ့လိုက်တာ"
…
လုယန်က သူနှင့်အတူ ခြံထဲဝင်လာခဲ့သည်။ သုံးရက်ကြာသွားပြီးနောက် ခြံဝင်းဟာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီ။ သူ့မိန်းမ စိုက်ပျိုးထားပြီးဖြစ်တဲ့ အစိမ်းရောင်ပျိုးပင်အနည်းငယ်ကို တွေ့လိုက်ရ၏။ လုယန်က အိမ်ထဲက မီးရောင်ကို ကြည့်မိရင်း နွေးထွေးလိုက်တာလို့ သူ့ဘာသူ တွေးနေမိလျက်။
"ဒါတွေက ငါ့မိန်းမစိုက်ထားတာတွေလေ"
ဝမ်ယွမ်ကျန်း ရယ်မောလိုက်လေ၏။ ဒါက ပြောစရာတောင်မလိုဘူးလေ။ သူ့မိန်းမစိုက်ထားတယ်ဆိုတာကို ဘယ်သူက မသိလို့တုန်း။ သူမ မဟုတ်ရင် စိုက်ပျိုးမယ့်သူ ဘယ်သူရှိသေးလို့လဲဟ?
ဝမ်ယွမ်ကျန်း အနီးကပ်ကြည့်လိုက်တော့မှပဲ - အိုး မဟုတ်သေးဘူးကွ! ဒါတွေက သူ့မွေးရပ်မြေမှာ မြင်ဖူးတဲ့ အဝါရောင်ငရုတ်သီးပျိုးပင် မဟုတ်ဘူးလား? သူလည်း အဲ့ဒီအရသာကို နည်းနည်းမြည်းကြည့်ဖူးတယ်လေ... ဒါပေမဲ့ အရသာက......
ထိုအရသာကို ပြန်တွေးမိရင်း ဝမ်ယွမ်ကျန်းမှာ အသက်ပြင်းပြင်းရှူလိုက်မိ၏။
- အဲ့ဒီလောက် စပ်တဲ့ ငရုတ်သီးမျိုး သူ တစ်ခါမှမစားခဲ့ဖူးဘူး!!!
ဝမ်ယွမ်ကျန်းသည် ကလေးဘဝမှ အရွယ်ရောက်သည်အထိ ငရုတ်သီးကို စားခဲ့သူဖြစ်၍ ငရုတ်သီးသုပ်ကို စားပြီးတာတောင်မှ မျက်နှာအရောင်မပြောင်းသူ ဖြစ်ပေမယ့် ဒီအဝါရောင်ငရုတ်သီးကိုတော့ သူအရှုံးပေးခဲ့ရပါသည်။
တစ်ခါတုန်းက ဝမ်ယွမ်ကျန်းသည် အရသာ ပေါ့နေသလို ခံစားရ၍ ငရုတ်သီးနည်းနည်း ထည့်ချင်ခဲ့ရာ သူ့မိတ်ဆွေက ပြုံးပြပြီး ငရုတ်ဆော့စ်ကို ထုတ်ပေးကာ ဒီအဝါရောင်ငရုတ်သီးက အရမ်းစပ်တယ်လို့ ပြောခဲ့ပေမယ့် သူမယုံဘဲ စွပ်ပြုတ်ထဲ ထည့်လိုက်သည်။
ဘယ်လောက်များစပ်နိုင်မှာမို့လဲဟေ့?
ချုံကျိုးကျွန်းမှ ဒီမိတ်ဆွေဟာ သူ့ကို အထင်သေးတယ်လို့ ထင်မိသွားတာကြောင့် အလုပ်ကြီးကြီး စားလိုက်မိ၏။
အဲ့ဒီအရသာက သူ့ကို ကောင်းကင်ဆီ တက်သွားစေလုနီးပါးပဲကွာ။
သူ့မျက်နှာမှာ အပြုံးဆက်ထိန်းထားကာ "ငါတကယ် မထင်ထားဘူး-- ဟစ်--"
"တကယ်! အရမ်း! စပ်တာပဲကွ!"
ဒီကောင်က သူ့မိန်းမနဲ့အတူ ပြောင်းရွှေ့လာတာ ရက်နည်းနည်းပဲရှိသေးတာကို... ခြံထဲမှာ သူ့မိန်းမ ပထမဆုံးစိုက်ပျိုးတဲ့အပင်က ငရုတ်ပင်တွေဟ.... တကယ့်ကိုပဲ ဒေါသကြီးတဲ့မိန်းကလေးလို့ ခေါ်ထိုက်ပါတယ်ကွာ....
Thanks for reading!