၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အခန်း (၆၇)
ကျန်းမိသားစု ရန်ဖြစ်ပြီး နောက်တစ်နေ့၌ လုယန် ခြံထဲကို ပြန်ရောက်သည့်နေ့ဖြစ်နေခဲ့သည်။ သူ ပြန်ရောက်တာနဲ့ ရေချိုး အဝတ်အစားလဲကာ ခြံထဲမှာ ညစ်ပတ်နေတဲ့ အဝတ်တွေကို လျှော်လိုက်၏။
ထိုအချိန်တွင် ဘေးအိမ်က ကျန်းချန်ပေ့လည်း ပေါ်လာကာ ခြံထဲမှာ အဝတ်လျှော်နေရသည်။
ကျန်းချန်ပေ့ရဲ့ မျက်နှာမှာ ဝက်အသည်းအရောင်ဖြစ်လုနီးနီး ခါးသီးနေကာ သူ့မှာ အရှက်တကွဲဖြစ်နေရပြီး ဝန်လေးနေပုံပေါ်နေခဲ့လျက်။ ရန်သူဆီက ညှဉ်းပန်းနှိပ်စက်ခံနေရသည့်နှယ် ညစ်ပတ်နေတဲ့ အဝတ်ပုံကို ကြည့်နေခဲ့သည်။
ညှဉ်းပန်းနှိပ်စက်မှုမှာ ဆက်လက်ဖြစ်ပွားနေဆဲ။ အာဏာပါးကွက်သားမှာ ဘေးအိမ်မှ ရဲဘော်အသစ်ရှောင်လုပင်။
မနေ့က ကျန်းချန်ပေ့ဟာ သူ့ဇနီးနဲ့ စကားများပြီးနောက် ကွာရှင်းလုနီးပါးဖြစ်သွားရလျက်။ သူတို့ကွာရှင်းလိုက်လို့မရဘူးလေ… သူတို့လို စံပြစုံတွဲက အဲ့လိုလုပ်ခဲ့ရင် မိသားစုခြံဝင်းတစ်ခုလုံးမှာ ဟာသဖြစ်သွားမှာပေါ့။
ကျန်းချန်ပေ့က သူ့ဇနီးကို စိတ်ရှည်သည်းခံဖို့ သွေးဆောင်ခဲ့ပါသေးသည်။
ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ အရေးကြီးဆုံးပဲလေ!!
မနေ့က လူတွေအပျော်ကြည့်ဖို့ ရောက်လာကြတဲ့အခါ ကျန်းချန်ပေ့က သူ့ဇနီးသည်နှင့် ရန်မဖြစ်ရဲတော့ဘဲ သူတို့နှစ်ယောက်က ရန်ဖြစ်ရတဲ့ ခံစားချက်ကို တွေ့ကြုံခံစားချင်လို့ အပျော်ကစားနေကြတာဖြစ်တယ်လို့ ဆိုခဲ့ပေသည်။
အိမ်မှာ ဒီလိုဇနီးမယားကောင်းတစ်ယောက်ရှိတဲ့အခါ သူက ဘယ်လိုများရန်ဖြစ်နိုင်မှာလဲ?
ရှက်စရာကောင်းလိုက်တာကွာ!
အရင်တုန်းက နွားသားရေကို အများကြီးမှုတ်ထုတ်ထားပြီးပြီလေ၊ (ကြွားဝါတယ်လို့ပြောတာပါ) တကယ်လို့များ ကောင်းကင်က ကျလာခဲ့ရင် ကျန်းချန်ပေ့က သူ့မျက်နှာကို ဘယ်နားသွားထားရမတုန်း။ မဖြစ်ဘူး၊ လူတွေကို သူ့ကို ဟာသအဖြစ် မြင်ခွင့်ပေးလို့မရဘူး။ ဒီတော့ အရှက်ကွဲမှုကိုသာ ကြိတ်မှိတ်သည်းခံရတော့မှာပေါ့။
ဝက်အသည်းလို ရောင်ရမ်းနေတဲ့ ကျန်းချန်ပေ့ဟာ ဘေးအိမ်မှ လုယန်ကို တွေ့လိုက်ရတဲ့အခါ သူ အလွန်အမင်း မနာလိုဖြစ်ရ၍ အသက်ပြင်းပြင်းရှုလိုက်ရ၏။ သူ့ဇနီးက လုယန်အရှေ့မှာ အဝတ်ညစ်တွေကို လျှော်ခိုင်းထားတာဖြစ်သည်။
ချီးပဲ၊ ဒီမိန်းမတွေက တကယ့်ကိုပဲ စိတ်ရှုပ်ဖို့ကောင်းလိုက်တာကွာ။
ကျန်းချန်ပေ့ စိတ်ထဲမှာ ကျိန်ဆဲလိုက်၏။
သူမက သူ့ကို အဝတ်လျှော်ခိုင်းရင် သူအ၀တ်လျှော်ရုံပဲပေါ့။ ဒါပေမယ့်လို့ ဘေးအိမ်က ရဲဘော်လုရဲ့ အရှေ့မှာမှ သူက ဘာလို့ အဝတ်လျှော်ရမှာလဲ?!
- သူ့ရှေ့မှာ အဝတ်တွေလျှော်နေရင် ငါ့မျက်နှာက ဘာဖြစ်သွားမလဲကွာ?!
ကျန်းချန်ပေ့ဟာ သူ့လက်ထဲက အဝတ်တွေကို သူ့ရန်သူ လုယန်ဖြစ်နေသည့်နှယ် ထုရိုက်နေလျက်။ အကြိမ်အနည်းငယ် ထုရိုက်ပြီးတဲ့နောက်တွင် ရန်သူက သူ့အိမ်တံခါးဝသို့ ရောက်လာပုံရတယ်ဆိုတာကို သိလိုက်ရတော့သည်။
ဒီကောင်က ဘာလုပ်ချင်တာလဲကွ?
ကျန်းချန်ပေ့က လုယန်ဟာ သူ့ကိုရယ်ဖို့ ရောက်လာတာပဲလို့ တွေးနေရင်း သူ့မျက်နှာမှာ ဒေါသကြောင့် မှုန်ကုပ်ကုပ်ဖြစ်လာလေပြီ။
- ချီးကို လျှော်နေရတယ်!
သို့သော် သူ အဝတ်တွေကို မလျှော်ဘဲ မနေဝံ့ပါချေ။ သူမလုပ်နေလိုက်ရင် သူ့ဇနီးက သူ့ကို ပြဿနာရှာပြီး မောင်းထုတ်ပစ်လိမ့်မှာ။
ပထမတစ်ခုက အဆင်ပြေပေမယ့်လို့ ဒုတိယတစ်ခုဆိုရင်တော့ တကယ့်ကို ဟာသဖြစ်သွားရတော့မှာလေ။
မိသားစုခြံဝင်းထဲမှာ သူ ရယ်စရာမဖြစ်ချင်ပါဘူး။
"မစ္စတာကျန်း!" လုယန်က ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။
သူဘယ်သူနဲ့တွေ့သလဲဆိုတာ ကြည့်ပါဦး၊ သူ့ဇနီးအကြောင်းကို ပြောရတာကြိုက်တဲ့ မစ္စတာကျန်းပဲ!
လောင်မာအရှေ့မှာ နှစ်ရက်ကြာ ထုတ်ပြောလို့မရခဲ့တဲ့ လုယန်ဟာ နောက်ဆုံးတွင်မူ အဖွဲ့အစည်းတစ်ခုကို တွေ့ရှိသွားရပြီ။ အဖွဲ့အစည်းက ပေးအပ်ထားတဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းကို သူတန်ဖိုးထားရမယ်။
လုယန်က ကျန်းမိသားစုခြံဝင်းထဲ ဝင်သွားလိုက်၏။
ကျန်းချန်ပေ့က အရပ်မြင့်မြင့်နဲ့ ချောမောတဲ့ လူတစ်ယောက်က သူ့ဆီ လျှောက်လာတာကို ကြည့်နေခဲ့ပြီး သူ့စိတ်ထဲမှာတော့ ပထမအဆင့် အချက်ပေးသံတစ်ခု ပေါ်လာလေပြီ - ရန်သူလာနေပြီဟ၊ နတ်ဆိုးက သူ့နယ်မြေထဲ ဝင်လာပြီ!
ဒီလူက သူ့ကို ဒုက္ခပေးဖို့အတွက် သူ့အိမ်ကို လာချင်နေတာပဲ။
ဒီလောင်ဇီ အေးအေးဆေးဆေးလေး အဝတ်လျှော်နေတာကိုပဲ ကြည့်နေလို့မရဘူးလားကွာ။
"မင်းလည်း အဝတ်လျှော်နေတာလား?" လုယန်က အခုမှ အိမ်ပြန်ရောက်တာဖြစ်လို့ မနေ့ညက ဘာဖြစ်သွားမှန်း မသိတာကြောင့် သာမန်ကာလျှံကာ မေးလိုက်လေသည်။
ကျန်းချန်ပေ့က ရှက်ရွံ့စွာဖြင့် "အင်း!"
ဟမ့် မင်းရဲ့ကျေးဇူးတွေကြောင့်ပဲလေ!
ဒီကောင်က လောင်ဇီအရှေ့မှာ သူ့ရဲ့ အစွမ်းအစတွေကို ပြဖို့အတွက် ရောက်လာတာပဲ။
"မရီးရော ဘယ်မှာလဲ?"
ကျန်းချန်ပေ့: "..." မင်း ဘယ်အိုးကိုများ ဖွင့်လိုက်တာလဲဟေ!
"အပေါ်ထပ်မှာလေ"
ကြီးကြပ်တဲ့လူက အပေါ်ထပ်မှာလေ။
"အိမ်မှာကိုး" လုယန် ပြန်တုံ့ပြန်လိုက်ရင်း ကျန်းချန်ပေ့ရဲ့ မျက်နှာက သိပ်မကောင်းတာကို သတိထားမိလိုက်၏။ သူ့ဇနီးအကြောင်းပြောနေတဲ့အခါ အရင်တခါလောက် မပျော်နေတော့တာကို တွေ့လိုက်ရသည်။ တစ်ခုခုဖြစ်သွားတယ်လို့ ခန့်မှန်းမိနိုင်သည်။
သူ့ဇနီးက အပေါ်ထပ်မှာ ရှိနေတယ်လို့ ပြောလိုက်တော့ လုယန်လည်း ဟွမ်ရှင်းရင်က ဒုတိယထပ်မှာ ရပ်နေတာကို တွေ့လိုက်ရ၏။ ကျန်းချန်ပေ့က သူ့ဇနီးရှေ့မှာ စကားပြောရတာ ရှက်တတ်တာလား?
"လုယန် မင်းဇနီးက ဘယ်တော့အလုပ်ရှာမှာလဲ?" ငါ့ဇနီးရှေ့မှာ နေ့တိုင်း လက်ဖက်ရည်သောက်မနေနဲ့တော့ကွာ။ မြန်မြန်ထပြီး အလုပ်သွားတော့!
သူမက သူ့ဇနီးကို ဒုက္ခပေးနေသလို သူ့ကိုလည်း ဒုက္ခပေးနေတာပဲကွာ။
"သူမက သတင်းကြေညာသူဖြစ်ချင်တာလေ"
ကျန်းချန်ပေ့ စကားကိုကြားတော့ လုယန်က သူ့အတွေးတွေ မှန်တယ်ဆိုတာ သိလိုက်ရ၏။ ကျန်းချန်ပေ့က သူတို့ဇနီးတွေအကြောင်း ပြောရတာကို သဘောကျတဲ့သူပဲ။
သူ့ရဲ့အကောင်းဆုံးမိတ်ဆွေပဲကွာ!
"သူမ စာမေးပွဲကို မြန်မြန်အောင်ပါစေကွာ!"
Thanks for reading!