Chapter 5
Viewers 2k

 🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 5

ပထမကန်တင်းမှ အပြောင်းအလဲများ



စွေ့ချီချောင်း ဟင်းပွဲနှစ်ပွဲ စမ်းစားကြည့်ပြီးသောအခါ မျက်နှာအမူအရာပြောင်းလဲသွားရ၏ ။

" ဝါး ... ဆိုးရွားလိုက်တာ..."


ဟင်းပွဲတွင်ပါ၀င်သော ပါ၀င်ပစ္စည်းအများစုကို သူ မသိပေ။ သို့သော်လည်း သူ၏နားလည်မှုကြောင့် ဟင်းပွဲအရသာမှတစ်ဆင့် ချက်ပြုတ်သူ၏ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်၏။ ချက်ပြုတ်မှုပုံစံမှာ အစီအစဥ်မကျရုံသာမက ပါ၀င်ပစ္စည်းများ၏ အရသာလိုက်ဖက်မှုကိုလည်း ထည့်သွင်းစဥ်းစားထားခြင်းမရှိပေ ။ 


ဟင်းခတ်အမွှေးအကြိုက်များကလည်း တစ်ခုနှင့်တစ်ခုအစပ်အဟပ်မတည့်ချေ။ သူက ပိုင်ရှင်သူဌေးတစ်ဦးဖြစ်သော်လည်း အောက်ခြေအတွင်းပိုင်း၌ သူ မသိသေးသည့်ကိစ္စများစွာ ရှိပုံရသည်။ ယခုအချိန်ထိ အခြေခံပြဿနာများကို မဖြေရှင်းရသေးပေ။ 


စွေ့ချီချောင်းမှာ သဘာ၀အားဖြင့် အပင်များနှင့် နီးနီးကပ်ကပ်နေထိုင်လေ့ရှိသောကြောင့် သူတို့၏စရိုက်များကိုအစိတ်အပိုင်းတစ်ခုချင်းစီ နက်နက်ရှိုင်းရှိုင်းနားလည်၏ ။ ထို့ကြောင့် ဟင်းသီးဟင်းရွက်ပင်တို့၏ အဆုံးသတ်အတွက် ပို၍ပင်စိတ်မကောင်းဖြစ်နေရသည် ။ 


“ ဒီတိုင်းဆိုရင် မဖြစ်တော့ဘူး …” 

စွေ့ချီချောင်း ညည်းညူလိုက်မိသည်။ 


ဘယ်လိုလုပ်ပြီး ငါ့ဆိုင်ကစားဖိုမှူးရဲ့လက်ရာက ဒီလောက်ထိ ဆိုး၀ါးနေရတာလဲ ...


ဤကဲ့သို့ ဆိုး၀ါးသောအရသာရှိသည့် ဟင်းများအား ကျောင်းသားမည်မျှ နေ့တိုင်းစားသောက်နေရကြောင်းသူ မသိချေ။ သူတို့ အလွန်နာကျင်စွာဖြင့် နေ့တိုင်းသည်းခံ စားနေရလောက်သည်။ နောက်ဆုံး၌ နှစ်ဆယ့်တစ်ရာစုသို့ရောက်နေပြီဖြစ်သော်လည်း ကျောင်းသားများမှာ သနားစရာကောင်းနေကြဆဲပင်။ 


စွေ့ချီချောင်း သူ့အချိန်စာရင်းကို တစ်ချက်စစ်ဆေးလိုက်ပြီးနောက် ငရုတ်ပင်များကို စစ်ဆေးရန်နှင့် အခြားသောအပင်မျိုးများ ထပ်မံရှာဖွေရန်သာမက ဟင်းပွဲများကို တစ်ပွဲချင်းစီပြင်ဆင်ရန်အတွက်ပါ အချိန်ဖယ်ထုတ်နိုင်ခဲ့သည် ။ 


ပထမဆုံးအနေဖြင့် ပါ၀င်ပစ္စည်းများနှင့် ဟင်းချက်ရာတွင်အသုံးပြုသည့်နည်းလမ်းများကို စစ်ဆေးရန်လိုအပ်သည်။ ထို့နောက် သူ၏နားလည်နိုင်စွမ်းအရ ထိုအရာများကိုအသုံးပြု၍ ၀န်ထမ်းများအတွက် အကောင်းဆုံးနှင့် အသင့်လျော်ဆုံး ချက်ပြုတ်မှုပုံစံကိုရှာဖွေကာ အရည်အသွေးကိုမြှင့်တင်ရမည်ဖြစ်သည်။


အိုးကြီးများဖြင့် တစ်ကြိမ်တည်း ချက်ပြုတ်ထားရသော ဟင်းလျာများတွင် ရှုပ်ထွေးသောနည်းလမ်းများကိုအသုံးပြရန်မလိုပေ။ အချက်အလက်များကို ပိုမိုစုဆောင်းလာနိုင်သရွေ့ အသင့်တော်ဆုံးနည်းလမ်းကို ရှာဖွေလာနိုင်မည်ဖြစ်ကာ မပြည့်စုံမှုများကို ဖြည့်တင်းလာနိုင်ပြီး ဟင်းပွဲများ၏ အရသာလည်း တိုးတက်လာမည်ပင်။


စွေ့ချီချောင်းက ဟင်းပွဲ၏အနှစ်သာရကို နားလည်သဘောပေါက်စေရန်အတွက် အနည်းငယ်ထပ်စားလိုက်သည်။ ရှောင်ပိုင်မှာမူ အနားတွင်လှည့်ပတ်၍ စွေ့ချီချောင်းစားသောက်နေပုံအား ကြည့်နေပြီးနောက် သူ့လက်ကိုကြောင်လက်ဖ၀ါးလေးဖြင့် လာပုတ်၏။


" ရှောင်ပိုင်လေး ဗိုက်ဆာနေပြီလား..."

ထိုအခါမှသာ ရှောင်ပိုင်ကို အစာမကျွေးရသေးကြောင်း စွေ့ချီချောင်းသတိရသွားလေသည်။ အမဲသားကို ကြက်ဥအနှစ်နှင့်ရောကာ ညစာပြင်ပေးပြီးနောက် အစာမကျွေးမီလေ့ကျင့်ပေးရန်လည်းမမေ့ခဲ့ပေ။ ကြောင်လေးမှာအလွန် အသက်မကြီးသေးသောကြောင့် တစ်နေ့တစ်ခါလေ့ကျင့်ပေးရုံနှင့် လုံလောက်၏။


အလွန်အကျွံသင်ကြားပေးခြင်းက ကြောင်၏မှတ်မိနိုင်စွမ်းကို ရှုပ်ထွေးသွားစေနိုင်သောကြောင့် တစ်ခုကိုအသေအချာမှတ်မိသောအခါမှသာ နောက်တစ်မျိုးကို သင်ကြားပေးသင့်ပေ၏။ ဤအဆင့်တွင် စိတ်ရှည်စွာလေ့ကျင့်သင်ကြားပေးမှုက အရေးပါ၏ ။ 


စွေ့ချီချောင်းက လက်ဖြန့်ပြီးနောက် ပြောလိုက်သည်။

 “ လက်ဆွဲနှုတ်ဆက်ရအောင်...”


ရှောင်ပိုင်မှာ သူ၏လက်ကို စွေ့ချီချောင်း၏ လက်ပေါ်တွင်တင်၍ နှုတ်ဆက်ရန် တွန်းအားပေးခံလိုက်ရလေသည် ။ ရှောင်ပိုင်၏လက်သည်းများမှာ အလွန်မထက်ရှနေသည့်အပြင် လက်ဖ၀ါးလေးမှာလည်း စွေ့ချီချောင်း၏ လက်ကဲ့သို့မဟုတ်ဘဲ ရေညှစ်ချ၍ရလောက်သည်အထိနူးညံ့လှ၏။

(T/N: E- translater ကရောစကားပုံရဲ့အဓိပ္ပာယ်ကိုမသိဘူးလို့ပြောပေမဲ့ ... အရမ်းနူးညံ့တဲ့အရာတွေကိုဆိုရင်လေ ရေညှစ်ချလို့ရတယ်လို့ပြောတတ်ကြတာမလို့ ကိုယ်ကတော့ဒီလိုပဲသုံးလိုက်တယ်နော် )


ဤကဲ့သို့ နူးနူးညံ့ညံ့ကြောင်လေးမှာ နောင်တစ်ချိန်၌ သိုးများနှင့်တန်းတူ ပြေးလွှားနိုင်ရုံသာမက ထိန်းကျောင်းသူပင် ဖြစ်လာနိုင်သည်အထိ ဥာဏ်ကောင်းပြီး ခွန်အားကြီးမားသော ကြောင်တစ်ကောင်ဖြစ်လာလိမ့်မည်ဟု မည်သူထင်မည်နည်း ...


စွေ့ချီချောင်းက အမဲသားအတုံးလေးများကို ဆုအဖြစ်အသုံးပြု၍ အကြိမ်ရေအနည်းငယ် ထပ်မံသင်ကြားပေးလိုက်သည်။ ရှောင်ပိုင်မှာ လက်ဆွဲနှုတ်ဆက်လျှင် အသားစားရလိမ့်မည်ဖြစ်ကြောင်း နားလည်သွား၏။ စွေ့ချီချောင်းက စိတ်ထဲမှမှတ်ချက်ပေးလိုက်သည် ။

တုံ့ပြန်မှုနည်းနည်းနှေးတယ် ... ပုံမှန်ဆိုရင် ငါးခါလောက်သင်ရုံနဲ့တတ်သွားရမှာ ဒီသိုးထိန်းကြောင်ကပဲ ဥာဏ်မကောင်းတာများလား...


ရှောင်ပိုင်မှာ စွေ့ချီချောင်းအား အူတူတူဖြင့်ကြည့်နေလေ၏။ စွေ့ချီချောင်းမှာ ရှောင်ပိုင်၏ခေါင်းအား သတိလက်လွတ်ဖြင့် ရိုက်လိုက်မိသည်အား သူ့ကိုယ်သူသတိမထားမိသေးပေ။ ရှောင်ပိုင်က အနည်းငယ်သင်ယူမှုနှေးကွေးသော်ငြား ကန်တင်းမှပေးလိုက်ခြင်းဖြစ်သဖြင့် အခြားသူအား ပေးလိုက်ခြင်းမျိုးလည်းခွင့်မပြုနိုင်ပေ။ သူက ဖွံ့ဖြိုးဆဲကာလအတွင်း ရှိနေမျိုးခြင်းဖြစ်နိုင်သောကြောင့် နောက်တစ်နေ့မှသာ ဆက်လက်သင်ကြားပေးရန်ဆုံးဖြတ်လိုက်သည် ။


…… 


နှစ်ရက်ကြာသောအခါ စွေ့ချီချောင်းက ဟင်းပွဲနှစ်ပွဲကိုမြည်းစမ်း၍ တိကျသောချက်ပြုတ်နည်းကို အချိန်ယူလေ့လာခဲ့သည်။ ကန်တင်းတွင်ရောင်းချသည့် ဟင်းပွဲအများစု၏ အခြေခံပါ၀င်ပစ္စည်းများမှာ အာလူးပြုတ်နှင့်ကြက်ဥနှပ်တို့ဖြစ်၏ ။


“ ကျောင်းသားတွေ ကောင်းကောင်းစားသောက်နိုင်ဖို့ ခင်ဗျားဘယ်အချက်တွေကို အခြေခံပြီးချက်ပြုတ်လဲ...” 

စွေ့ချီချောင်းက စားဖိုမှုးကိုမေးခွန်းထုတ်လိုက်သည်။


 “ အင်း ... ပါ၀င်ပစ္စည်းတွေရဲ့အရည်အသွေးလား... တာ၀န်သိစိတ်လား ... စေတနာနဲ့လား...“


စွေ့ချီချောင်းက ချိန်စက်နှင့် လျှပ်စစ်နာရီကိုထုတ်ယူလိုက်ပြီးနောက် ပြောလာသည်။

" အဖြေက တိကျတဲ့ချက်ပြုတ်နည်းပဲ..."


၎င်းမှာ စားသောက်ကုန်များနှင့် အပင်များအပေါ်လေးစားမှုထားခြင်းတစ်မျိုးပင်။ တိကျသောပါ၀င်ပစ္စည်းပေါင်းစပ်ခြင်းနှင့် ချက်ပြုတ်ခြင်းနည်းပညာတို့ မရှိပါက အသုံးပြုသောပါ၀င်ပစ္စည်းများအား အလဟဿသုံးလိုက်ကဲ့သို့ဖြစ်သွားလိမ့်မည်။ တရုတ်ဟင်းလျာများ ချက်ပြုတ်ရာတွင် 'တိကျသောအချိုးအစား' မှာ လျှို့၀ှက်ဆန်းကြယ်ခက်ခဲရုံသာမက စားဖိုမှုး၏အတွေ့အကြုံသည်လည်း များစွာအရေးကြီး၏။


စွေ့ချီချောင်းက သင့်လျော်သော နည်းစနစ်ကိုအသုံးပြု၍ တိကျသောပမာဏနှင့် ချက်ပြုတ်ရန်နည်းလမ်းကို ရှာဖွေရန် ကြိုးစားလေသည်။ အခြားတစ်နည်းဖြင့် ပြောရမည်ဆိုလျှင် ကိုယ်တိုင်က ဘာမှမလေ့လာဘဲ ၀န်ထမ်းများအားပုဂ္ဂိုလ်ရေးအရ စွပ်စွဲပြောဆို၍မဖြစ်ပေ။


ကန်တင်းစားဖိုမှူးသည်ပင် ဟင်းချက်ရာတွင်အသုံးပြုလိုက်သောဟင်းခတ်အမွှေးအကြိုင်ပမာဏကိုသတိပြုမိမည်မဟုတ်သော်လည်း စွေ့ချီချောင်းကမူ ဟင်းနှစ်ပွဲကိုမြည်းစမ်းကြည့်ပြီးနောက် ပမာဏအတိအကျကို စတင်တွက်ချက်နေပြီဖြစ်သည်။ ကန်တင်း၌ ဟင်းချက်ရာတွင်အသုံးပြုသည့် ဟင်းအိုးကြီးအား အပူပေးရန်ကြာချိန်နှင့် ပါ၀င်ပစ္စည်းများ၏ ပမာဏအချိုးအစားတို့ကို တွက်ချက်ကြည့်မည်ဆိုပါက တိကျသောအလေးချိန်ကိုရရှိမည်ဖြစ်သည်။


သို့သော်လည်း ဤနည်းလမ်းက ယခင်ကထက်ကုန်ကျစရိတ် ပိုမိုများပြားလာနိုင်ရုံသာမက ပျမ်းမျှကုန်ကျစရိတ်ကိုလည်း ပိုမိုတိုးလာစေလိမ့်မည်။ စွေ့ချီချောင်း၏ အတွေးထဲတွင်မူ ကျောင်းသားများကိုဒုက္ခခံစေခိုင်းခြင်းထက် ပိုက်ဆံအကုန်ခံ၍ ပါ၀င်ပစ္စည်းများပိုမိုအသုံးပြုလိုက်ခြင်းကသာ ပို၍ကောင်းကြောင်းတွေးနေလေ၏။


ဘာလို့ လုပ်လို့မရရမှာလဲ ...


တရား၀င်ကျောင်းဖွင့်ရက်စတင်လိုက်သည်နှင့် C တက္ကသိုလ်သို့ ကျောင်းသားများပြန်ရောက်လာပြီဖြစ်သည်။ 


မိမိတို့၏အိမ်များမှ အိမ်ချက်ဟင်းများယူဆောင်လာခြင်းက စားသောက်မှုကုန်ကျစရိတ်ကို သက်သာစေသည်မှန်သော်လည်း ကန်တင်းကိုသွားနေကြရဆဲပင် ။ 


မုန့်ချန်တွင် ရွေးချယ်စရာမရှိချေ။ သူ့မိသားစုအခြေအနေမှာ သာမန်သာဖြစ်သောကြောင့် အနည်းငယ်ခက်ခဲပြီး ပညာသင်ဆုဖြင့် ကျောင်းတက်နေရခြင်းဖြစ်သည် ။ အပို၀င်ငွေရရန် အပြင်တွင်ကျူရှင်သင်ကာ အသုံးစရိတ်ကာမိစေရန် ဆောင်ရွက်နေရသည့်အပြင် ပိုလျှံသောပိုက်ဆံအနည်းငယ်အား သူ၏ညီမလေးထံသို့ပြန်ပို့ပေးနေရသေး၏။ 


“ မင်းတို့တကယ်ကြီး ငါ့ကိုစွန့်ပစ်ကြတော့မလို့လား... ” 

မုန့်ချန်က သူ၏အခန်းဖော်များကို ညည်းတွားရင်းမေးလိုက်သည်။


“ မင်းငါတို့နဲ့အတူတူ လင်းပေါင်ဆိုင်မှာလိုက်စားပါလား ...ကျောင်းစစဖွင့်တဲ့ရက်တွေဆိုရင် ကျောင်းသားကဒ်ပြရုံနဲ့ စျေးလျှော့ပေးတယ်လေ... ငါတို့အတူတူသွားကြမှာပဲ ကိစ္စမရှိလောက်ပါဘူး... "

သူ၏အခန်းဖော်များက ထူးမခြားနားလေသံဖြင့် ပြောလိုက်သည်။


“ အဲဒါက သူများတကာရဲ့အိမ်တံခါး၀မှာ သွားအိပ်စောင့်နေရသလိုပဲနော်... ထမင်းလေးတစ်နပ်အတွက်နဲ့ အလကားသပ်သပ်ပိုက်ဆံအများကြီးအကုန်ခံမလို့လား..."


“ အဲလောက်လည်း မဟုတ်ပါဘူးကွာ...”

မုန့်ချန် ရှက်မနေတော့ချေ။ ပုံမှန်အားဖြင့် သူ့သူငယ်ချင်းများကသာ သူ့အား၀ိုင်း၀န်းဂရုစိုက်ပေးလေ့ရှိသောကြောင့် ၎င်းကိုအခွင့်ကောင်းမယူချင်ပပေ။ 


လူတိုင်းအချင်းချင်း ပြန်ကြည့်မိကြသည်။ ကျောင်းတက်ကာလ၏ ပထမဆုံးထမင်းတစ်နပ်အတွက် မုန့်ချန်ကိုစွန့်ဖယ်ထားသလိုဖြစ်နေသောကြောင့် သူတို့ အားနာသွားကြ၏။


မုန့်ချန်က နေ့လည်စာထမင်းဘူးကိုယူ၍ ကန်တင်းသို့ထသွားတော့မည်အချိန်မှာပင် အခြားသူတစ်ဦးက သူ့ပုခုံးကိုပုတ်လာသည် ။ 


“ ငါတို့ဆွေးနွေးပြီးသွားပြီ...လင်းပေါင်မှာ မစားတော့ဘူး ... မင်းနဲ့ပဲအတူတူ ထမင်းလိုက်စားမယ်...”


 “ ရပါတယ် ... မလိုပါဘူးကွာ ငါနောက်နေတာ ... ကျောင်းပိတ်ထားတဲ့ရက်တုန်းကမင်းတို့အဲ့ဆိုင်မှာပဲစားနေကျမဟုတ်လား...”


“ ဘာတွေဟာသလုပ်နေတာလဲ ... လင်းပေါင်ဆိုင်မှာစျေးလျှော့ပေးတာက နှစ်ပတ်ဆက်တိုက်ရှိနေမှာဆိုပေမဲ့ မင်းရဲ့ထူးခြားတဲ့ထမင်းကြော်လေးကိုတော့ နေ့တိုင်းစားနိုင်မှာမဟုတ်ဘူးလေကွာ...”


“ ငါကတော့ မင်းနဲ့ပဲအတူတူလိုက်စားမှာ ... ဟားဟားဟား...”

လူတိုင်း ရယ်မောလိုက်ကြသည် ။ 


မုန့်ချန်မှာ သူငယ်ချင်းများအကြား နွေးထွေးသောဆက်ဆံရေး၏ခိုင်မာမှုကို ခံစားလိုက်ရလေသည်။ သူတို့ဘာသာသွားစားနိုင်သော်လည်း သူ့အားအဖော်ပြုပေးရန် လိုက်လာကြ၏ ။


 “ ငါနဲ့အတူတူ လိုက်စားခိုင်းရမှာ အားတော့နာပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ငါအကြံပြုစာပို့ထားတယ် ... တစ်ခုခုတော့ပြောင်းလဲသွားလောက်မှာပါ... အဲ့ဆိုင်က သူဌေးအသစ်ပြောင်းသွားပြီလေ... နောက်ဆုံးတစ်ခေါက် ငါစားခဲ့ရတဲ့ အရမ်းအရသာရှိတဲ့ထမင်းကြော်က ဟင်းအကျန်လေးတွေနဲ့ကြော်ပေးခဲ့တာ...”


မုန့်ချန်၏စကားကို ကြားသောအခါ လူတိုင်းမမေးဘဲမနေနိုင်တော့ချေ။


“ မင်း တကယ်ကြီး မျက်လုံးအပြူးသားနဲ့ပေါက်ကရစကားတွေပြောနေတာပဲ ... လောင်၀မ်၊ လောင်လီတို့နဲ့တင် မလုံလောက်သေးဘူးလားကွာ ... ငါကြားတာတော့ သူတို့ ကန်တင်း၁က ဟင်း‌တွေကိုစားပြီး အစာအဆိပ်သင့်မလိုတောင်ဖြစ်သွားကြတာဆိုပဲ...”


“ သူတို့ရဲ့လက်ရာတွေက ဆိုး၀ါးလွန်းတယ် ငါမင်းပြောတာကိုမယုံဘူး ... ကန်တင်းမှာ အရသာရှိတဲ့ဟင်းတစ်ခုခုရတယ်ဆိုတာထက် ကောင်းကင်ကြီးပြိုကျလာတယ်ဆိုတာကိုပဲ ပိုယုံလိုက်ဦးမယ် .... ဆိုးလွန်းတဲ့ဟင်းတွေဆိုတာ ကန်တင်းရဲ့အမှတ်အသားပဲ...”


မုန့်ချန်မှာ အလွန်ကောင်းသော ကြက်ခြေထောက်ကျော်လေးတစ်ပွဲစားခဲ့ကြောင်း ပြောမိရုံဖြင့် လူလိမ်တစ်ယောက်ဟု မှားယွင်းစွာ စွပ်စွဲခံနေရလေသည် ။ 


သို့သော်လည်း သူ့ကိုချည်း တစ်ဖက်သတ် အပြစ်တင်နေကြခြင်းတော့မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော်ကျောင်းသားများက ကန်တင်းမှ ထိုဆိုင်၏အစားအသောက်များနှင့်ပက်သက်၍ လှောင်ပြောင်ပြောဆိုနေခဲ့ကြသည်မှာ နှစ်ပေါင်းများစွာကတည်းကဖြစ်၏ ။


သူတို့လေးယောက်မှာ ကန်တင်း ၁ ထဲသို့ ဦးတည်လာကြလေသည် ။ ပထမကန်တင်း နှင့် စတုတ္ထကန်တင်းတို့က CU( တက္ကသိုလ်C )၏ ကိုယ်စားပြုအတွက် ယှဉ်ပြိုင်နေကြသော်လည်း သူတို့အားလုံးက အမှောင်ဟင်းလျာများကိုသာ ရောင်းချကြသဖြင့် မည်သူက အနိုင်ရသည်ဖြစ်စေ သူတို့အတွက် အရေးမကြီးချေ။


တံခါး၀မှ၀င်လာလိုက်သည်နှင့် ကျောင်းသားလေးယောက်မှာ အံ့သြစွာမေးလာကြသည် ။ 

 “ ဒီနေရာက ဘယ်လိုလုပ်ပြီး ဒီလောက်ထိပြောင်းလဲသွားရတာလဲ ... ဒါတွေကရော ဘာအပင်တွေလဲ ... ”


" ကန်တင်းက တကယ်ကြီး သူတို့ကိုယ်တိုင် အပင်တွေစိုက်နေတာလား... သူတို့ ကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင် ဟင်းချက်တာမှာပဲ အာရုံစိုက်တာ ပိုမကောင်းဘူးလား..."


“ ငရုတ်စေ့တွေပါလား...” 


ငရုတ်ပင်ပေါက်လေးများအား မြင်သောအခါ မုန့်ချန်မှာနောက်တစ်ကြိမ် အတွေးများသွားရပြန်၏ ။


“ အဲ့နေ့က ငါစားခဲ့တဲ့ထမင်းကြော်ထဲမှာပါတဲ့ ငရုတ်သီးကအရမ်းမွှေး အရမ်းစပ်ပြီး အရမ်းအရသာရှိတာပဲ ...”


“ မင်းအခုထိ ပြောလို့မပြီးနိုင်သေးဘူးလားကွာ…”


ကန်တင်းအတွင်းသို့ ခြေလှမ်းလိုက်သည်နှင့် လေးယောက်လုံးဆွံ့အသွားရသည်။ ကန်တင်းတစ်လျှောက်ရှိနံရံမှမှန်များမှာ ပြင်သစ်စတိုင်လ် ရှည်လျားသောဒီဇိုင်းပုံရှိပြီးထိုထဲမှ ဘယ်ဘက်အစွန်ရှိပြတင်းပေါက်မှန်မှာ အခြားသောမှန်များထက် ပိုမိုရှည်လျားသည် ။


“ ဒါဘယ်လိုဟင်းမျိုးလဲ...” 


သူတို့တစ်အုပ်စုမှာ မှန်ပြတင်းကိုကျော်၍ ဟင်းလျာများတည်ခင်းပြသထားသော ဟင်းဗန်းများအတွင်းသို့ကြည့်မိလိုက်ကြသည်။ အကန့်နှစ်ခုထဲတွင် အာလူးဟင်းနှင့်ကြက်ဥအနှစ်ဟင်းတို့ကို ထည့်ထား၏။ ‌၎င်းက သူတို့တွေ့မြင်ဖူးသည့် သာမန်ဟင်းလျာများကဲ့သို့ ဖြစ်သော်လည်း ရောစပ်ချက်ပြုတ်ထားပုံမှာ အံ့သြစရာပင်။ အသားချောင်းအချို့ကိုကြော်ထားကာ ဟင်းအနှစ်နှင့်လည်း ဆမ်းထားသေး၏။


တန်းစီစောင့်ဆိုင်းသည့်နေရာတွင် ကျောင်းသားအချို့ရှိနေပြီး သူတို့ကိုတွေ့သောအခါ လက်ဝှေ့ယမ်းကာ နှုတ်ဆက်လာကြ၏ ။


 “ အတန်းဖော် ဒါကတန်းစီရမဲ့နေရာပဲ ... အခုလေးတင် ငါ့သူငယ်ချင်းနဲ့ ဟင်းနှစ်ပွဲလုံးစားကြည့်ခဲ့ပြီးပြီ... ငါထင်တာတော့ သူတို့နောက်ထပ်စားဖိုမှူးတစ်ယောက်ကို ငှားထားတယ်ထင်တယ်... တကယ်အရသာရှိတာကွ…”


တကယ်လား ... ညာနေတာလား ...


မုန့်ချန်သည်ပင် ထိုသူတို့စကားမှာ လိမ်ညာနေသည်ဟုသံသယဖြစ်နေ၏။ ကန်တင်းကိုလာသည့် ကျောင်းသားတိုင်း ဆိုးရွားသောအရသာရှိသည့်ဟင်းများအကြောင်းကိုသာ ပြောဆိုကြပြီး အရသာအလွန်ရှိသည့် အကြောင်းပြောသည်မှာ ဤသည်ကပထမဆုံးပင် ။


ဒါက ကျောင်းသားအသစ်တွေကို ဆွဲဆောင်နိုင်ဖို့ လိမ်နေတာများလား ...


သူတို့ကန်တင်းကဟင်းတွေအကြောင်း မသိကြဘူးလား...


ထိုအချိန်တွင်ပင် တစ်စုံတစ်ယောက်က မှန်နားသို့ကပ်၍ ၀န်ထမ်းတစ်ဦးအားမေးနေသည်ကို ကြားလိုက်ရသည် ။ 

“ အန်တီ ... ဟင်းနှစ်ပွဲရဲ့အရသာက ဘာလို့မတူတာလဲ...”


အန်တီကြီးကပြုံး၍ ပြောလာသည်။

 “ ဟင်းပွဲတွေကို ပိုပြီးအရသာကောင်းအောင်ပြင်ပေးဖို့ ငါတို့သူဌေးက အကြံပေးစာတစ်စောင်ကို လက်ခံရခဲ့တယ်လေ... ဒီဟင်းနှစ်မျိုးက ပထမဆုံးပြောင်းလိုက်တဲ့ဟာတွေပဲ..."


ကြားလိုက်ရသောလူတိုင်းမှာ သူတို့၏နားကိုပင်မယုံနိုင်ဖြစ်သွားရ၏ ။


ဆိုင်ပိုင်ရှင်သူဌေးက ရုတ်တရက်ကြီးပြုပြင်ပြောင်းလဲဖို့ ဥာဏ်အလင်းပေါက်သွားတာလား ...


သူရေးပို့ခဲ့တဲ့အကြံပေးစာက တကယ်ကြီး အလုပ်ဖြစ်သွားတယ်ပေါ့...


မုန့်ချန်မှာ အံ့အားသင့်နေလျက်သားနှင့်ပင် လူတန်း၏နောက်ဆုံးတွင် သူ့သူငယ်ချင်းများနှင့်အတူ တန်းစီလိုက်တော့သည် ။


……


၎င်းက သာမန်ဟင်းလေးတစ်ပွဲဖြစ်ပြီး ဆိုင်တိုင်းတွင်ရရှိနိုင်သော်လည်း မုန့်ချန်နှင့်သူ့သူငယ်ချင်းများကမူ စိတ်လှုပ်ရှားစွာဖြင့် ထမင်းပန်းကန်လေးကိုင်ကာ ထိုင်စောင့်နေကြလေသည်။ သူတို့မတိုင်မီက သတင်းကြား၍လာသောသူများစွာရှိသောကြောင့် သူတို့က တန်းစီရာတွင် နောက်ဆုံးဖြစ်နေ၏။


သူတို့ထမင်းပန်းကန်ထဲသို့ ဟင်းထည့်ပေးနေသည့်တစ်လျှောက်လုံး ယခင်ဟင်းပွဲနှင့် မည်သည့်အရာကွာခြားသွားကြောင်း အသေအချာစိုက်ကြည့်မိနေကြ၏။ ယခင်ကကဲ့သို့ အာလူးအတုံးလိုက်အတစ်လိုက်ကြီး မဟုတ်တော့သည့်အပြင် အကြော်မှုန့်ကပ်ကာ ကြော်ထားသေးသည် ။


တူဖြင့်ညှပ်ကိုင်လိုက်သည့်အခါ ရွှေအိုရောင်ဟင်းအနှစ်နှင့်လိုက်ဖက်စွာ အာလူးချောင်းသည်လည်း နူးညံ့လှ၏ ။ ထမင်းပေါ်သို့ဟင်းအနှစ်ဆမ်းလိုက်သောအခါ အလွန်မျက်စိပသာဒရှိလှသည့်အပြင် သွားရည်ယိုလာသည်အထိဆွဲဆောင်မှုရှိလှသည် ။


အာလူးချောင်းများကိုမစားမိီ ဟင်းအနှစ်နှင့်ထမင်းနယ်စားကြည့်သောအခါ တူကိုပင်ကိုက်စားချင်စိတ်ပေါ်ပေါက်လာသည်အထိ အရသာရှိလှ၏။ ဟင်းအနှစ်၏ လေးပင်သောအရသာမှာ ပါးစပ်တစ်ခုလုံးပျံ့နှံ့သွားပြီး နှုတ်ခမ်းထောင့်မှသွားရည်များ စီးကျလာလုနီးနီးပင်။ အာလူးမှာလည်းကြွပ်ဆတ်မနေဘဲ နူးညံ့လှသည် ။


အသီးအရွက်နှင့်ရောကြောထားသော ကြက်ဥကြော်၏အရသာသည်လည်း အပြစ်ပြောစရာမရှိချေ။ ကြက်ဥကြော်က အနည်းငယ်အေးနေပြီဖြစ်သည့်တိုင် စိမ်းစိုသောအသီးအရွက်များနှင့် ရွှေရောင်ကြက်ဥအနှစ်သားမှာ လတ်ဆတ်နူးညံ့လှသည်။ ကြက်ဥမွှေကြော်ထဲတွင် အသီအရွက်အပိုင်းအသေးလေးများ ပါ၀င်နေသည့်ပုံမှာ တစ်မျိုးတစ်ဖုံ အနုပညာလက်ရာမြောက်နေသည့်အပြင် အရသာအားလည်း ပိုမိုသက်၀င်သွားစေသည် ။ 


များများစားစား ဝေဖန်အပြစ်တင်စရာမရှိသည့်အပြင် နူးညံ့သည့်အသားများကိုလည်း ကြက်ဥကြော်ပေါ်တွင် တင်ထားသေး၏။ အချိန်ကြာကြာ၀ါးစရာမလိုဘဲ အစာအိမ်အတွင်းသို့ရောက်သွားသောအခါ ဟင်းလျာများ၏ ပူနွေးမှုကြောင့် စိတ်ကျေနပ်စွာဖြင့် ပင့်သက်ရှိုက်မိလိုက်ကြသည်။


မုန့်ချန်သည်လည်း စိတ်ကျေနပ်စွာပင့်သက်ရှိုက်လိုက်မိသည့်အပြင် ဟင်းအနှစ်၏အရသာက သူ့လျှာဖျားတွင်စွဲကျန်ရစ်နေ၏ ။ 


" ဒီဟင်းပွဲကို ချက်တဲ့သူရဲ့လက်ရာက ဘာလို့ဒီလောက်ထိ ကောင်းနေရတာလဲကွာ ... စားသောက်ဆိုင်ကြီးတွေမှာ ရောင်းတဲ့အရသာအတိုင်းပဲ ... ကန်တင်းမှာနေ့တိုင်း၀ယ်စားလို့ရရင်ကောင်းမယ် ..." 


မုန့်ချန်က ၀မ်းသာအားရဖြင့် ပြောလာသည်။

“ ဒီဆိုင်က တကယ်ကြီးအရသာရှိတာလို့ ငါမင်းတို့ကိုမပြောခဲ့ဘူးလားကွ ...”


ထိုနေ့က သူစားခဲ့သော ကြက်ခြေထောက်ထမင်းကြော်၏ အရသာကိုမမှီသော်ငြား သူ့ကျောင်းသားဘ၀၏ညနေခင်းဆည်းဆာလေးကို နောက်တစ်ကြိမ်မြင်လိုက်ရသလိုခံစားသွားရ၏။ အခြားသူများအတွက်မူ ဤကဲ့သို့ဟင်းလျာမျိုးကန်တင်းတွင်ပေါ်ပေါက်လာခြင်းကပင် ပျော်လွန်း၍ငိုချမိမတတ်ဖြစ်သွားစေသည် ။ 


တစ်ချိန်တည်းမှာပင် ကန်တင်းC၏ဖိုရမ်တွင် ပိုစ့်တစ်ခုတက်လာလေ၏ ။


ခေါင်းစဥ်မှာ ... ပထမကန်တင်းက ဟင်းပွဲအသစ်က သောက်ရမ်းအရသာရှိတယ် ... မြန်မြန်လာပြီးစားလိုက်ကြတော့ ...


အကြောင်းအရာ : အားလူးအနှစ်ဟင်းနဲ့ကြက်ဥအနှစ်ကြော် ... အရမ်း ... အရမ်းအရသာရှိ 


ပထမဆုံးကောမန့် : ငါ့အထင်တော့ လိမ်နေတာပဲဖြစ်ရမယ် ...


ဒုတိယမြောက်ကောမန့် : ဒီဟင်းပွဲကို အသစ်လို့ သတ်မှတ်လို့ရပါ့မလား ... ဒီလိုဟင်းမျိုးပေါ်လာတာ နှစ်ရှစ်ရာကျော်တောင် ရှိပြီလေ ... ဒီနေ့အာလူး နောက်နေ့ဆို သူတို့ခရမ်းချဥ်သီးတွေကိုများ အရည်ညှစ်ပြီးချက်ကြမလားမသိဘူး...


3ခုမြောက်ကောမန့် : ငါဒီနေ့ အဲ့ဆိုင်မှာသွားစားခဲ့တာ ဟင်းနှစ်ပွဲရဲ့အရသာက တကယ်ကြီးအရသာရှိတာ ... စားဖိုမှူးအသစ် ပြောင်းလိုက်တာဖြစ်ရမယ် ... အားလုံးသွားစားကြည့်ကြဖို့ အကြံပေးချင်ပါတယ် ...


4ခုမြောက်ကောမန့် : စားဖိုမှူးပြောင်းလိုက်လို့ ဒီလိုဟင်းမျိုးကို စားရတာဆိုရင် အနာဂတ်မှာလည်း အဲ့ဒီစားဖိုမှူးပဲဆက်ပြီးချက်ပြုတ်ပါစေ ...


5ခုမြောက်ကောမန့် : တကယ်ကြီး ဟင်းပွဲတွေကို ပြောင်းပစ်လိုက်တာလား... အရင်တုန်းက ဟင်းပွဲတွေကမှ လူစားလို့ရဦးမယ် ... ပြောင်းလိုက်မှ အရသာမကောင်းတော့ရင် ဘယ်လိုလုပ်မလဲ...


6ခုမြောက်ကောမန့် : အရင်ကဆို ကန်တင်း၄က ဟင်းတွေကို အရသာဆိုးလွန်းလို့ ငါမစားနိုင်ခဲ့ဘူး... ကံကောင်းတာလားတော့မသိဘူး ဒီနေ့သွားစားတော့ သောက်အရမ်းအရသာရှိတယ်... အတည်ကြီးအရသာရှိတာနော် ...


7ခုမြောက်ကောမန့် : ၀ိုး... အတန်းဖော်တွေက အရမ်းကံကောင်းတာပဲ... ကျောင်းစစတက်ချင်းမှာပဲ သူတို့ဟင်းတွေကိုပြင်ထားတဲ့နေ့မှာ ကန်တင်းမှာ ထမင်းသွားစားမိကြတယ်...


……


50ခုမြောက်ကောမန့် : မင်းကမကောင်းဆိုး၀ါးလား... ပိုစ့်တင်ပြီး ကျောင်းသားသစ်လေးတွေကို လိမ်ဖို့ကြိုးစားနေတာပဲ...



🌱🌱🌱