Ch-76
Viewers 25k

ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်


အခန်း (၇၆)


"အခု ကျွန်တော်က တစ်ယောက်တည်း မဟုတ်တော့ပါဘူးနော်၊ ကျွန်တော့်ကို အဖော်ပြုပေးဖို့ ထွမ်ထွမ်ရှိနေပြီလေ" ရွှီချင်း ပြန်ခံပြောလိုက်၏။ 


အကယ်၍ အရင်ကဆို လီချန်ဖုန်း ဒီလိုမျိုးပြောခဲ့မယ်ဆိုရင် သူပြန်ခံပြောနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် အခုတော့ မတူတော့ဘူးလေ၊ သူ့မှာ ချစ်စရာကောင်းတဲ့ ကလေးလေးရှိနေပြီဟာ။ 


လီချန်ဖုန်း အရှိုက်ထိသွားရပြီ။ ရွှီချင်းက ထွမ်ထွမ်ကို အိပ်ပျော်အောင် ချော့သိပ်ပြီးသည်နဲ့ သူ ချက်ချင်း ရွှီချင်းကို ခုန်အုပ်လိုက်ကာ စားသုံးပစ်တော့သည်။ ထိုအချိန်အတွင်းမှာ သူက ရွှီချင်းကို လွှတ်ပေးဖို့ သဘောမတူခင် သူမှားပါတယ်လို့ အကြိမ်ပေါင်းများစွာ အတင်းအကျပ် ပြောခိုင်းလိုက်ပါသေးသည်။ 


*** 


ပထမလ၏ ရှစ်ရက်မြောက်နေ့ဟာ လီချန်ဖုန်း၏မွေးနေ့ပင်။ လူနှစ်ယောက်အတွက် မွေးနေ့ကျင်းပဖို့ရာ ကြီးကြီးကျယ်ကျယ်လုပ်စရာမလိုဘဲ လတ်ဆတ်ပြီး အရသာရှိတဲ့ ဟင်းလျာအနည်းငယ်နဲ့ အဆင်ပြေပြီလို့ ယူဆလို့ရပေသည်။ 


ရွှီချင်းက ဟော့ပေါ့စားချင်လာခဲ့သည်။ ဒီလိုချမ်းအေးတဲ့နေ့မျိုးမှာ ဟော့ပေါ့မစားရလို့ မဖြစ်ဘူးလေနော်။ ထို့ကြောင့် ရွေးထားတဲ့ ဟင်းသီးဟင်းရွက်များနှင့် အသားများကို အတူတူချက်ပြုတ်လိုက်ရာ အသားလွှာတွေကို ပြုတ်လိုက်တာနဲ့ အနည်းငယ်ဆင်တူသော်ငြား ရွှီချင်းနှင့် လီချန်ဖုန်းတို့၏ စားချင်စိတ်နဲ့ အလွန်သင့်လျော်နေခဲ့သည်မို့ ပန်းကန်တွေအားလုံးကို သန့်ရှင်းအောင် အပြောင်လျက်လုနီးပါးဖြစ်သွားသဖြင့် ဆေးကြောဖို့တောင် အများကြီး လွယ်ကူသွားခဲ့လေသည်။ 

(Me: တော်ပါသေးရဲ့ ပန်းကန်တွေပါ ဝါးမစားလိုက်လို့ 😆) 


နေ့လည်စာစားကာ ခဏလောက်အနားယူပြီးနောက် ရွှီချင်းက အဒေါ်ရှဲ့အိမ်ဘက်သို့ သွားလည်ချင်ခဲ့သည်။ နေ့တိုင်း အိမ်မှာပဲနေရတာ ပြဿနာမဟုတ်သော်လည်း တစ်ခါတစ်လေ အပြင်ထွက်တာလည်း ကောင်းသည်လေ။ 


မထင်မှတ်စွာပင် သူတို့နှစ်ယောက် ရယ်ရယ်မောမောစကားပြောရင်း အပြင်ထွက်ဖို့ ခြံတံခါးကိုဖွင့်လိုက်သည့်အခါ ခြံတံခါး၌ လီလောင်တက တံခါးခေါက်တော့မှာကို တွေ့လိုက်ရသည်။ 


"အစ်ကိုကြီး?" 


ရွှီချင်းနှင့် လီချန်ဖုန်းတို့လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ရင်း - ကြည့်ရတာ သူတို့နှစ်ယောက် အပြင်ထွက်လို့မရတော့တဲ့ပုံပဲကွာ။ 


လီလောင်တက လီချန်ဖုန်းကို ဖျောင်းဖြရန်အတွက် ရောက်လာခဲ့ခြင်းသာ။ မူလက လီမိသားစုသည် လီချန်ဖုန်းက လီလောင်စန်းကို စိတ်ဆိုးသွား၍ နှစ်သစ်ကူးနှုတ်ဆက်ဂါဝရပြုဖို့ မလာတော့ကြောင်း ပြောသွားရုံလေးလို့ပဲ ထင်ခဲ့သည်ပင်။ 


လီမိသားစုဟာ ရက်အတော်ကြာစောင့်ဆိုင်းပြီးနောက် လီချန်ဖုန်းနှင့် ရွှီချင်းတို့ တကယ်ပဲ မလာဘူးလို့ ဘယ်သူသိမလဲနော်။ 


အမေလီက ထွမ်ထွမ်အကြောင်းကို တွေးမိနေရင်း အိမ်တွင် သူ့မျက်နှာကြီးက မည်းမှောင်နေလျက်။ သူက အဖေလီဟာ အသက်အရမ်းကြီးနေပြီဖြစ်လို့ သူ့သားသမီးတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုတောင် မသိဘူးလို့ ပြစ်တင်ပြောဆိုနေခဲ့ပါသေးသည်။ 


ထုံးစံအတိုင်း အဖေလီလည်း လီချန်ဖုန်းကို ချော့မော့ဖို့ မျက်နှာမပျက်ချင်သည့်အပြင် လီလောင်စန်းကိုလည်း တောင်းပန်စကားပြောခိုင်းဖို့ဆိုတာ ထည့်ပြောမနေပါနဲ့တော့။ 


ဖြစ်ချင်တော့ လီရှောင်းအာက မကြာမီ လက်ထပ်တော့မည်ဖြစ်သောကြောင့် အဖေလီက လီလောင်တကို ကြားခံစေ့စပ်သူအဖြစ် လီချန်ဖုန်းတို့ဆီ စေလွှတ်ခဲ့ခြင်းပင်။ 


"ဝင်လာပါ အကိုကြီး၊ လက်ဖက်ရည်ပူပူလေးသောက်ပါဦး" 


ရွှီချင်းက လက်ဖက်ရည်ပူပူတစ်ခွက်ကို ထည့်ပေးကာ လီလောင်တဆီ ကမ်းပေးလိုက်ပြီးမှ လီချန်ဖုန်းဘေးမှာ ထွမ်ထွမ်လေးကို ချီထားရင်း ထိုင်လိုက်သည်။ 


လီလောင်တက နံရံဆီမှ အပူတွေစိမ့်ထွက်လာတာကိုခံစားမိပြီး ရိုးရိုးလေးချီးကျူးလိုက်ကာ "ဒီဟာက တကယ်ကောင်းတာပဲကွ" 


လီမိသားစုအိမ်တွင် ထိုကဲ့သို့သော အပူပေးစနစ်မရှိပါချေ။ အမေလီက ၄င်းကိုလုပ်ဖို့အတွက် ငွေအကုန်မခံချင်ခဲ့၍သာ၊ မဟုတ်ပါက လီချန်ဖုန်းနှင့် ရွှီချင်းတို့က ၎င်းတို့အား ဘယ်လိုထည့်ရမလဲဆိုတာကို ပြောပြပြီးကတည်းက သူတို့လုပ်ပြီးတာအချိန်ကြာလှပေါ့။ 


"ဘာများလဲလို့ဗျာ၊ အိမ်မှာ ကိုယ့်ဘာကိုယ် တစ်ခုထည့်လိုက်လေ ဒုက္ခမများပါဘူး။ ပြီးသွားရင် ဘယ်သူမှမပျော်ဘဲနေမှာမဟုတ်ဘူး" လီချန်ဖုန်း သူ့ရင်ဘတ်နားမှာ လက်တွေကိုပိုက်ထားရင်း အနည်းငယ် ပျင်းရိစွာထိုင်နေလျက် ပြောလိုက်လေ၏။  


လီလောင်တ ရှက်ရွံ့စွာဖြင့် သူ့နဖူးကိုထိလိုက်ကာ "မင်းရဲ့ တတိယညီအကြောင်းကို မင်းမသိဘူးလားကွာ။ သူက ပညာတတ်ဖြစ်တော့ ကျန်တဲ့သူတွေထက် အမြဲတမ်းပိုတွေးတောတတ်တယ်လေ" လီလောင်စန်းက သူ့ကျူရှင်ကြေးကို မြင့်လိုက်တာက နည်းနည်းများလွန်းနေတာကို သူလည်း ခံစားမိပါသည်။ 


လီချန်ဖုန်း သူ့ခေါင်းကိုယမ်းလိုက်ပြီး "ကျွန်တော် အတွေးမမှားပါဘူးဗျာ။ ဒါပေမဲ့ သူပြောတာက အဓိပ္ပာယ်ရှိတယ်ဆိုတာကိုတော့ ကျွန်တော်ငြင်းလို့မရဘူး။ ကျွန်တော်က ရွှီမိသားစုထဲ လက်ထပ်ဝင်လိုက်ပြီမို့ တကယ်ပဲ လီမိသားစုရဲ့ တစ်စိတ်တစ်ပိုင်းမဟုတ်တော့ဘူးလေ။ တကယ်လို့ ကျွန်တော်ရဲ့မိသားစုဘက်ကို ကူညီပေးဖို့ပဲ ဆက်တွေးနေမယ်ဆိုရင် ကျွန်တော့်ဇနီးက ဘာမှမပြောရင်တောင်မှ အပြင်လူတွေရဲ့ အမြင်မှာတော့ မ​ကောင်းဘူးပေါ့။ အစကတော့ ကျွန်တော်လည်း မစဥ်းစားမိခဲ့ပေမယ့် ကံကောင်းစွာနဲ့ တတိယညီက သတိပေးလိုက်လို့ပေါ့ဗျာ။ အချိန်မနှောင်းမီ သတိပေးခဲ့တဲ့အတွက် သူ့ကို ကျေးဇူးတင်ရမယ်!" 


ထို့နောက် လီချန်ဖုန်းသည် စကားတစ်ခွန်းမှမဆိုသေးဘဲ အသေးလေးကိုချီထားရင်း သူ့ဘေးမှာထိုင်နေတဲ့ရွှီချင်းဆီကို လှည့်ကာ "ဇနီးလေး ကိုယ်ပြောတာ မှန်တယ်ဟုတ်?" 


ရွှီချင်းက သူ့မျက်လုံးတွေ လှိမ့်ပစ်ချင်စိတ်ကို သည်းခံလိုက်ပြီး အပြုံးလေးနှင့် "မှန်ပါ့ဗျာ၊ အပြင်လူတွေက ကျွန်တော်တို့မိသားစုရဲ့ အခြေအနေကို နားမလည်ကြဘူးလေ၊ အဲ့ဒါ ကျွန်တော်တို့က လီမိသားစုကိစ္စတွေမှာ မိသားစုအမွေအတွက် ဝင်စွက်ဖက်သလိုမျိုး သူတို့ပြောနေကြသလို ကျွန်တော်တို့ကို မျက်လုံးဖြူဝံပုလွေတို့ ဘာတို့ညာတို့ခေါ်နေကြတော့ သိပ်မကောင်းဘူးပေါ့နော်။ တတိယညီရဲ့ သတိပေးချက်ကြောင့်သာမဟုတ်ရင် ကျွန်တော်တို့လည်း ဘာတွေဖြစ်နေမှန်း၊ လူတွေက ကျွန်တော်တို့ကို ဒီလိုပုံစံပြောဆိုနေကြမှန်း မသိဘဲနဲ့ ဆူပူပြောဆိုခံနေရလိမ့်မှာ" 


လီချန်ဖုန်းနှင့် ရွှီချင်းတို့က တိုက်ပွဲတွင် အလှည့်အပြောင်းလုပ်ခဲ့သဖြင့် အလွန်ရိုးသားသောစိတ်ထားရှိသည့် လီလောင်တမှာ ဒီနှစ်ယောက်ပြောတာဟာ မှန်ကန်တယ်လို့ ပို၍ပို၍ ခံစားလာရပြီး တတိယညီပြောဆိုခဲ့တာတွေလည်း အမှားအယွင်းမရှိဘူးလို့ ထင်မြင်လာခဲ့ပြီ။ 


လီလောင်တလည်း နှစ်ဖက်စလုံးမှန်နေတာပဲလို့ တွေးလိုက်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ လီလောင်တက သူ့ကို ညွှန်ကြားထားတဲ့အတိုင်း လုပ်ပြီးသွားပြီမို့ သူ့တာဝန်ပြီးသွားပြီလို့ထင်ကာ လက်ဖက်ရည်ပူပူလေး နည်းနည်းသောက်ပြီး အိမ်ပြန်သွားပါတော့သည်။ 


ရွှီချင်းနှင့် လီချန်ဖုန်းတို့ အပြင်ထွက်ရန် စိတ်မပါတော့သဖြင့် "ဒါနဲ့ ကျွန်တော်လုပ်တဲ့ ဟင်းရွက်ချဉ်တွေကိုလည်း ဆိုင်မှာတင်ရောင်းနိုင်တာပဲနော်" 


ရွှီချင်းက သူတို့နှစ်ယောက် စားမကုန်နိုင်သေးတဲ့ ဟင်းရွက်ချဉ် ဘူးကြီးကြီးအများအပြားကို သတိရလိုက်ကာ ထိုအရာအတွက် ကုန်ကျစရိတ်လည်း လုံးဝမရှိလို့ ပြောနိုင်သဖြင့် ထိုအရောင်းအ၀ယ်မှာ လုံးဝကို အမြတ်ချည်းသက်သက်ဖြစ်လိမ့်မည်ပင်! 


"ကိုယ်ကတော့ မင်းသဘောပါပဲကွာ၊ ဒါပေမယ့် ကိုယ်တို့ အဲဒါကိုရောင်းဖို့ အဲ့ဒီဘူးတွေကိုပဲ သုံးမှာလား?" လီချန်ဖုန်းက ဟင်းရွက်ချဉ်တွေကို ဘူးသေးသေးလေးထဲ ထည့်ရောင်းပါက မတန်ဘူးလို့ ခံစားမိ၍သာ။ 


"အဲ့ဒါကပြဿနာမရှိပါဘူး၊ ခင်ဗျားက သစ်သားစည်သေးသေးလေးတွေ လုပ်ပေးလေ၊ သူတို့အပေါ်မှာ အပေါက်သေးသေးလေးနှစ်ခုကို ဖောက်ထားပြီးတော့ ကြိုးပါးပါးလေး ထည့်လိုက်ရင် လက်ကိုင်အဖြစ် သုံးလို့ရပြီ!" 


ရွှီချင်းရဲ့ စကားကို နားထောင်ရင်း လီချန်ဖုန်း ချက်ချင်း ချီးကျူးခဲ့ပေသည် - သူ့ဇနီးလေးက သိပ်စမတ်ကြတာပဲကွာ မဟုတ်ဘူးလား?! "ကိုယ့်ဇနီးလေးက အမေးဇင်းပါပဲကွာ!" 


ဘယ်လိုတောင် အပြောချိုတဲ့လူလဲဟေ့! ရွှီချင်းက လီချန်ဖုန်းကို ထပ်ပြီးတော့ မျက်နှာသာမပေးချင်တော့ပါဘူးနော်! 


ဟင်းရွက်ချဥ်အကြောင်းပြောရင်းနဲ့ လီချန်ဖုန်းလည်း တို့ဟူးချဉ်ကို ရုတ်တရက် တွေးလိုက်မိရာ "စကားမစပ် တို့ဟူးချဉ်လည်း ရောင်းလို့ရတာပဲ!" 


ရွှီချင်း မျက်လုံးများ အရောင်တောက်ပလာကာ သူ့ပေါင်သူရိုက်၍ "အဟုတ်ပဲဗျာ၊ အဲ့ဒါက ဟင်းရွက်ချဥ်ထက်တောင် ပိုကောင်းသေးတာကို! ပြီးတော့ သန့်ရှင်းတဲ့ အရွက်လေးတွေနဲ့ ထုပ်ပိုးလိုက်ရုံပဲ! ဟုတ်ပြီ အတူတူရောင်းလိုက်ကြတာပေါ့!" 


လင်ခင်ပွန်းနှစ်ယောက် ပျော်ပျော်ကြီး စကားစမြည်ပြောနေကြသော်လည်း အိမ်ပြန်ရောက်သွားတဲ့ လီလောင်တကတော့ ချွေးတွေရွှဲနစ်နေကာ ဆူပူကြိမ်းမောင်းခံနေရသည်။ 


"မင်း ဒီအတိုင်းပြန်လာတာလား?! သူတို့ကို နှစ်သစ်ကူးနှုတ်ဆက်ဖို့ လာမလား မလာဘူးလားလို့ မမေးခဲ့ဘူးလား? သူတို့က ဒီအဖေအိုကြီး အမေအိုကြီးတို့ကို ဂရုစိုက်ကြသေးရဲ့လားကွ?! မင်းကရော ဘာလို့ဒီတိုင်းပြန်လာတာတုန်း? ငါ့ကိုပြောစမ်း!"  


အဖေလီက သူ့အရှေ့က သစ်သားငါးခေါင်းကြောင့် ဒေါသထွက်ရ၍ သေတော့မလိုပင်! ဒီလိုအရူးကောင်ကို ဘယ်လိုများမွေးထားမိတာလဲကွာ! 


လီလောင်တ စကားတစ်ခွန်း​မှမပြောဘဲ ခေါင်းငုံ့ထားကာ တော်တော်လေး စိတ်မသက်မသာသလို ခံစားနေရ၏။  


ဒုတိယညီက တံခါးမှထွက်ပြီး အိမ်ထောင်ကျပြီးသွားခဲ့ပြီလေ။ သူက သူတို့ရဲ့ မိသားစုကို ထောက်ပံ့ဖို့ အဆိုပြုခဲ့သည်မှာ တခြားသူတွေ သူတို့အကြောင်း မကောင်းပြောမှာကို စိုးရိမ်ရုံတင်မက သားသမီးဝတ်ကြောင့်လည်း ပါတာပေါ့။ အခုဆို သူတို့လည်း တံတွေးခွက်မှာ နစ်လုနီးနီးဖြစ်နေပြီကို... သူ အဲ့ဒီကို ပြန်သွားရဦးမှာလား? 


"ဒုတိယညီ မရှိရင်လည်း ကျွန်တော်နဲ့ တတိယညီက အဖေတို့နှစ်ယောက်လုံးကို မထောက်ပံ့နိုင်လို့လားဗျာ?" လီလောင်တ အသံတိုးတိုးဖြင့် ပြောလိုက်၏။ 


"ဘာ?!" 


အဖေလီက ဒါဟာ သူ့ရဲ့ ရိုးသားတဲ့သားအကြီးဆုံး ပြောလိုက်သည့်စကားဖြစ်တယ်လို့ မယုံကြည်နိုင်ဘဲ "မင်းထပ်ပြောလိုက်စမ်း!" 


"သားကြီးရေ မင်းဘယ်လိုပြောလိုက်တာလဲ? မင်းအဖေဆီမှာ မင်းရဲ့အမှားကို မြန်မြန်ဝန်ခံလိုက်လေ" အမေလီက အခြေအနေဟာ မူမမှန်တော့တာကို သတိထားမိလိုက်၍ သူ့သားကြီးကို အမှားဝန်ခံဖို့ ချက်ချင်းပြောလိုက်လေသည်။  


သို့သော်လည်း ဒီနေ့တော့ လီလောင်တက ဆုံးဖြတ်ချက်ချပြီးသားဖြစ်သည့်အလား။ "ကျွန်တော်ပြောတာက တတိယညီနဲ့ ကျွန်တော်ကလည်း အဖေတို့ကို ထောက်ပံ့ပေးနိုင်ပါတယ်လို့၊ ဒုတိယညီအကြောင်း စိတ်မပူပါနဲ့တော့၊ သူလည်း မလွယ်ရှာပါဘူး" 


"မင်း လူယုတ်မာ… မင်း… မင်း…" အဖေလီက ဒေါသတကြီးဖြင့် လီလောင်တကို ရိုက်နှက်ရန် တစ်ခုခုကိုရှာနေခဲ့ပေမယ့် ပင်မခန်းထဲတွင် ခွေးခြေခုံကလွှဲပြီး ဘာမှမရှိပါချေ။ ဒေါသထွက်နေတဲ့အဖေလီဟာ ခုံကိုကောက်ကိုင်ပြီး လီလောင်တဆီ ပစ်ထည့်လိုက်တော့သည်။ "ခွေးမသား အရူးကောင် ငါ မင်းကို သတ်မယ်!" 


"ဘုရားရေ ခင်ဗျား ဘာလုပ်နေတာတုန်း! သားကြီး မင်းအခန်းထဲပြန်သွားတော့!" အမေလီက ဤအခြေအနေကို မြင်လိုက်သည်နှင့် အခန်းထဲကထွက်သွားဖို့ လီလောင်တထံ ချက်ချင်းအော်ပြောလိုက်၏။ 


လီလောင်တကတော့ သူ့ခေါင်းကို ထိလုနီးပါးဖြစ်သွားသော ခွေးခြေခုံကိုကြည့်နေရင်း စိတ်ထိခိုက်သွားသလို ခံစားလိုက်ရပြီး လှည့်ထွက်သွားပါတော့သည်။ 


လီလောင်တရဲ့ဇနီးနှင့် ကလေးနှစ်ယောက်က အခန်းထဲမှာရှိနေကြကာ လီလောင်တအခန်းထဲ ဝင်လာတာကို သူတို့တွေ့လိုက်ရသည်နှင့် သူ့အနားချက်ချင်းဝိုင်းလာကြပြီး ဇနီးသည်က သူ့ယောကျ်ားရဲ့ မျက်နှာကို ထိလိုက်ရင်း "အိမ်ထောင်ဦးစီး"လို့ တိုးတိုးလေးခေါ်လာခဲ့၏။ 


လီလောင်တလည်း သူ့ဇနီးနဲ့ ကလေးနှစ်ယောက်ကို သူ့ရင်ခွင်ထဲမှာ ပွေ့ဖက်ထားရင်း အချိန်အတော်ကြာပြီးနောက် သက်ပြင်းချလိုက်ပါတော့သည်။ 


*** 


မီးပုံးပွဲတော်ကို လူနာပြက္ခဒိန် ပထမလ၏ ၁၅ရက်နေ့တွင် ကျင်းပကြပေသည်။ ၄င်းသည်လည်း နှစ်သစ်ကူးနေ့ပင် - ဆိုလိုသည်မှာ ပထမလရဲ့ နေ့ရက်တွေက ယနေ့တွင် ကုန်ဆုံးတော့မည်ဖြစ်ပေ၏။ 


ဒီနေ့ပြီးတဲ့နောက် လယ်သမားများလည်း ရိတ်သိမ်းမှုအသစ်အတွက် လယ်ကွင်းမှာ အလုပ်များကြတော့မည်ဖြစ်သည်။ ပြီးခဲ့တဲ့ မိုးခေါင်မှုဟာ သူတို့ကို သတိလက်လွတ်ဖြစ်သွားစေခဲ့သောကြောင့် ဒီတစ်ခါတော့ သူတို့ တတ်နိုင်သမျှမြန်မြန် လယ်စိုက်ဖို့ ဆုံးဖြတ်လိုက်ကြ၏။ အကယ်၍ မတော်တဆတစ်စုံတစ်ရာဖြစ်ခဲ့ပါက ခြိမ်းခြောက်မှု ကြီးကြီးမားမားဖြစ်လာမှာ မဟုတ်တော့ဘူးပေါ့။ 


မီးပုံးပွဲတော်ကျင်းပခြင်းဟာ တရုတ်နိုင်ငံတွင် ထုံးစံတစ်ခုဖြစ်သော်လည်း ဤမင်းဆက်မှာတော့ လူတွေက အသားလုံးများကို စားလိုက်ရုံသာ။  


အဆင်ပြေတဲ့မိသားစုဆိုရင် အသားလုံးတွေရှိလိမ့်မယ်။ ဆင်းရဲတဲ့မိသားစုဆိုရင်တော့  ဟင်းသီးဟင်းရွက် အသားလုံးတွေ စားရပါလိမ့်မယ်။ ကျန်းမာရေးမကောင်းတဲ့လူတချို့ကတော့ ဆေးတွေကိုပဲ စားနိုင်တာပေါ့လေ! 


ရွှီချင်းက အသားတွေ အရွက်တွေနှင့် ရောနှောကာ အသီးအရွက်တွေနှင့် အသားလုံးတစ်အိုး ချက်ပြုတ်လိုက်ပါ၏။ တို့ဟူးချဉ်နှင့် ထမင်းတို့နှင့်အတူ တွဲစားလိုက်ပါက ပထမလ၏ ဆယ့်ငါးရက်မြောက်နေ့တွင် စားပွဲကောင်းကောင်းတစ်ခုလို့ သတ်မှတ်နိုင်သည်။ 


"ခင်ဗျားဘာလုပ်နေတာလဲ?!" ရွှီချင်းက တူတစ်စုံယူဖို့ နောက်လှည့်လိုက်ချိန်တွင် လီချန်ဖုန်းက အသားလုံးများကို နုတ်နုတ်စင်းလျက် ထွမ်ထွမ်ကိုကျွေးဖို့ လုပ်နေတာကို မြင်လိုက်ရလေသည်။ 


လီချန်ဖုန်းက ရွှီချင်းကို အပြစ်ရှိသလို ကြည့်လိုက်ပြီးမှ "ဒါက အသားနည်းနည်းလေးပဲလေ၊ ဒီပထမလရဲ့ နောက်ဆုံးနေ့မှာ ကိုယ်က ထွမ်ထွမ်ကို ကောင်းတာလေးတစ်ခုခု စားစေချင်လို့ပါကွာ" 


ရွှီချင်း ထိုင်လိုက်ပြီး လီချန်ဖုန်းရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို နားမထောင်တော့ဘဲ "ခင်ဗျား မနေ့ကရော၊ မနေ့တစ်နေ့တုန်းကရော အဲ့လိုပဲ ပြောခဲ့တာ!" 


လီချန်ဖုန်း သူ့နှာခေါင်းကို ထိလိုက်ပြီး ထွမ်ထွမ်လေး ပါးစပ်ထဲသို့ ကျွေးမယ့်အသားတွေကို ပြန်နောက်ဆုတ်လိုက်ရ၏။  


ထွမ်ထွမ်လေးရယ်... ပါးပါးက မင်းကို မကျွေးချင်တာ မဟုတ်ပါဘူးနော်... အဲ့ဒါက မင်းအားမားက မကျွေးချင်တာနော်! 


ရွှီချင်းက လီချန်ဖုန်း နားမထောင်မည်ကို စိုးရိမ်မိ၍ "ခင်ဗျားမသိလို့၊ သူတို့ကလေးတွေကို ဘယ်လိုကျွေးရမှန်းမသိဘဲ အသားတွေ အများကြီးကျွေးလိုက်လို့ ကလေးတွေကို အန္တရာယ်ဖြစ်စေခဲ့တဲ့ လူတွေအများကြီးရှိခဲ့တယ်" 


လီချန်ဖုန်းသည် အသားလုံးများကို အရသာရှိရှိ စားနေရင်း ရွှီချင်းပြောနေတာကို ကြားတော့ မေးလိုက်လေ၏။ "အဲ့ဒါက ဘယ်သူလုပ်တာတုန်း? ဘယ်ရွာကလဲ? ကိုယ်လည်း သူတို့ဆီကနေ သာဓကယူရမှာပေါ့!" 


ရွှီချင်း ထိုစကားကြောင့် အံ့အားသင့်သွားရကာ ဤကိစ္စတွေက သူ့အရင်ကမ္ဘာမှာ ဖြစ်ပျက်ခဲ့တာတွေလေ။ ဘယ်ရွာသားက ဒီလိုလုပ်သလား၊ မလုပ်ဘူးလားဆိုတာကို သူဘယ်လိုသိနိုင်မှာလဲ! !  


ရွှီချင်း ရုတ်တရက် မပျော်တော့ပေ။ "ဒါဆို ခင်ဗျားက နောင်မှာ ဒီလိုထပ်လုပ်မယ်လို့ ပြောနေတာပေါ့လေ!?" 


လီချန်ဖုန်း အလျင်စလို ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး၊ မဟုတ်ပါဘူးကွာ၊ ထွမ်ထွမ် သွားတွေမပေါက်မချင်း ကိုယ် သူ့ကို အများကြီး မကျွေးတော့ဘူး!" သူ နည်းနည်းပဲ ကျွေးတော့မယ်လေ။ 


"ဒီလိုဖြစ်သင့်တာပေါ့" ရွှီချင်း ကျေနပ်စွာ ခေါင်းညိတ်လာ၏။ 


"စားကြမယ်လေ၊ ဒါနဲ့ မနက်ဖြန် လယ်ထဲ မသွားနဲ့ဦးနော်၊ နှင်းတွေအားလုံး အရည်မပျော်သေးတော့ အန္တရာယ်ရှိနိုင်သလို ခင်ဗျားခန္ဓာကိုယ်ကိုလည်း ထိခိုက်နိုင်တယ်နော်" 


သူလည်း ဘာကြောင့်မှန်းမသိပါချေ၊ ဤကမ္ဘာ၏ ဆောင်းရာသီဟာ သူ့အရင်ဘဝကထက် ပိုကြာနေပုံရသည်။ ၁၅ရက်မြောက်နေ့တောင် ရောက်နေပြီကို၊ နှင်းထပ်မကျတော့သော်ငြား မြေပြင်မှာတော့ နှင်းတွေဖုံးနေဆဲ။ 


"ကောင်းပါပြီဗျာ၊ ဒါဆို အရင်ဆုံး မျိုးစေ့တွေဝယ်ဖို့ ကိုယ်မြို့ထဲသွားလိုက်မယ်လေ။ အပြန်လမ်းမှာ သကြားလုံးတွေနဲ့ ဆားနည်းနည်း ဝင်ဝယ်လာခဲ့မယ်" 


မိသားစုလုပ်ငန်းက တကယ့်ကို ကောင်းမွန်နေပါသည်။ အခုဆို သူတို့ဆိုင်မှာ သကြားလုံးတွေရှိတယ်ဆိုတာ ကလေးတွေအားလုံး သိသွားကြပြီဖြစ်၍ အဆင်ပြေတဲ့ မိသားစုက ကလေးတွေဆိုရင် သကြားလုံးတွေ ဝယ်ခိုင်းဖို့ သူတို့အိမ်က လူကြီးတွေကိုပါ ဆွဲခေါ်လာခဲ့ကြသည်။  

ညစာစားပြီးနောက် ရွှီချင်းက လီချန်ဖုန်းအတွက် ဖိနပ်တစ်ရံကို စတင်ပြုလုပ်ပေးနေခဲ့သည်။ နွေဦးပေါက်ခါနီးပြီဖြစ်၍ သူ့ရဲ့ဟန်းမိတ်ဖိနပ်ကို ဝတ်ဆင်ရန် အကောင်းဆုံးအချိန်အခါပင်။  


လီချန်ဖုန်းက သူ့ဘေးမှာထိုင်ရင်း လီရှောင်းအာအတွက် မင်္ဂလာလက်ဆောင်တွေထဲက တစ်ခုဖြစ်သည့် သစ်သားအရုပ်ကို ထွင်းထုပေးနေလေသည်။ 


ထွမ်ထွမ်ကတော့ ဘေးတစ်ဖက်၌ ပျော်မြူးစွာ တလှုပ်လှုပ်ဖြစ်နေလျက်။ ရွှီချင်းနှင့် လီချန်ဖုန်းတို့က စကားမပြောကြသော်ငြား တစ်ခန်းလုံးက နွေးထွေးမှုအပြည့်ရှိနေကာ လုံးဝခြောက်ကပ်နေပုံမပေါ်ပါချေ။ 


ဖေဖော်ဝါရီလ ၂ရက်နေ့တွင်မူ နဂါးခေါင်း အပေါ်သို့မြှောက်သွားသည်မို့ - ရာသီဥတုမှာ ပိုနွေးထွေးလာသလို ကောင်းကင်လည်း စတင်ကြည်လင်လာပြီး နှင်းမကျတော့ပေ။ 


ဒီလိုကောင်းတဲ့နေ့မျိုးမှာ လီရှောင်းအာ လက်ထပ်သွားခဲ့ချေပြီ။ 


Thanks for reading! 


ဘာသာပြန်သူကတော့လေ ရွှီချင်းလေးနဲ့ ချန်ဖုန်းတို့ဆက်ဆံပြောဆိုပုံလေးကိုကြည့်ရင်း တော်တော်ကြည်နူးမိတယ်ရယ်။ 😍😍