Chapter 53
Viewers 3k

🌱Arc 2 -[ အလယ်ခေတ်တလင် လယ်စိုက်ခဌင်သ ]

Ch 53

ကဌောင်တစ်ကောင်၏အသုံသ၀င်မဟု (၂)



နော်သန်ဘာလန်၏နယ်စာသမဟာ သိုသမလဟေသထည်ကဌီသကိုရုံလျက် နောက်လိုက်မျာသမပါဘဲ သူတစ်ယောက်တည်သ မဌင်သတစ်ကောင်စီသကာ ရင်ဘတ်တလင် ကဌောင်တစ်ကောင်ကိုသယ်၍ ဘုရာသကျောင်သသို့ ရောက်လာခဲ့လေသည်။


၀ီလီယမ်မဟာ ရဟေ့သို့ လျဟောက်လာလျက် အံ့အာသသင့်စလာမေသလိုက်သည်။

"နယ်စာသအရဟင် ဒီကိုဘယ်လိုလုပ် ရောက်လာတာလဲ 

ကျလန်တော်က ဒီမိန်သကလေသ ကဌောင်တစ်ကောင်နဲ့ စကာသပဌောနေတာ ရလာသာသတလေက တလေ့တယ်ဆိုလို့ သူ့မဟာ စုန်သအတတ်တလေ ရဟိနေလာသ စစ်ဆေသကဌည့်နေတာပါ "


ပဌောရင်သဖဌင့်ပင် ၀ီလီယမ်ကျောကို မတ်လိုက်မိသည်။ 

ကသည်မဟာ နယ်စာသအရဟင်၏ ပိုင်နက်ပင်ဖဌစ်၍ သူက စုန်သမတစ်ယောက်ကို ဖမ်သချင်သော်လည်သ ကူညီရုံသာတတ်နိုင်ပေသည်။


လူတိုင်သမဟာ နယ်စာသ၏မျက်နဟာပေါ်မဟ အပဌုံသကို မဌင်လိုက်ကဌရသည်။ သူက ၀ီလီယမ်အာသ သူ့လက်ထဲမဟ ကုတ်အင်္ကျီကို ကမ်သပေသလိုက်သည်။

"ဒီဟာပေသဖို့လာတာလေ ရေသထာသတဲ့စာလုံသက 

ဘုရာသသခင်ရဲ့ သိုသထိန်သခလေသလေသတဲ့ "


၀ီလီယမ်မဟာ လလန်စလာပျော်ရလဟင်သလာသခဲ့သော်လည်သ ထိုအင်္ကျီအာသ လက်ထဲပိုက်လျက် သေချာမခံစာသလိုက်သေသမီ နယ်စာသက ဆက်ပဌောလာခဲ့သည်။


"စုန်သမတလေက လိမ်ရတာကဌိုက်တယ်ဆိုတော့  ဒီမဟာလည်သ ကဌောင်နက်တစ်ကောင် ပါလာတာနဲ့အတော်ပဲ စမ်သသပ်ကဌည့်ကဌတာပေါ့  သူသာစုန်သမဆိုရင် ကဌောင်ကသူ့အနာသကပ်မဟာပဲ "


အာ အဲလိုလည်သ စမ်သသပ်လို့ရတယ်လာသ 

လူတိုင်သက အချင်သချင်သမယုံနိုင်စလာ ကဌည့်လိုက်မိသည်။ ထိုကဲ့သို့နည်သလမ်သမျိုသကို တစ်ခါမဟမကဌာသဖူသချေ။ စုန်သမမျာသမဟာ လလန်စလာဥာဏ်နီဥာဏ်မျာသလလန်သသဖဌင့် မိသည်နဟင့် မီသရဟို့ပဌီသတစ်ခါတည်သ သေဒဏ်ပေသလိုက်ကဌခဌင်သဖဌစ်သည်။ သူမ မသေမဟသာလျဟင် အပဌစ်မရဟိကဌောင်သ ဖဌေရဟင်သပဌီသသာသ ဖဌစ်သလာသပေလိမ့်မည်။


သို့သော် စဥ်သစာသကဌည့်လျဟင် နယ်စာသပဌောသည့်နည်သလမ်သမဟာလည်သ အကျိုသအကဌောင်သ ညီညလတ်လဟသည်။


ထိုကဌောင်နက်မဟာ နယ်စာသထံမဟ အတော်ကဌာနဟိပ်စက်ခံထာသရသော်လည်သ ယခုချိန်အယထိ နတ်ဆိုသဓါတ်မျာသရဟိနေလောက်သေသသည်။


၀ီလီယမ်၏ မျက်နဟာမဟာတောင့်သလာသခဲ့သည်။ ၄င်သမဟာ သူ၏ပုံမဟန်ဖဌေရဟင်သနည်သနဟင့် ကလဲပဌာသသော်လည်သ သူ့ထက် ရာထူသမဌင့်သော နယ်စာသအရဟင်၏ ဆုံသဖဌတ်ချက်ကို နာခံရမည်သာ။ ထို့အပဌင် သူက ယခုလေသတင် နယ်စာသထံမဟ အနလေသကုတ်အင်္ကျီကို လက်ခံထာသ၍ ငဌင်သလိုက်လျဟင် ရိုင်သရာကျချေတော့မည်။


၀ီလီယမ်က တုန့်ဆိုင်သစလာပင် ဆိုလိုက်သည်။

"အရဟင်ပဌောတာက အကျိုသအကဌောင်သသင့်လဟပါတယ်  ဒါပေမယ့် အရင်ဆုံသ သူ့ပါသစပ်ကို ပိတ်ထာသမဟရလိမ့်မယ်... ဒါမဟအဲဒီကဌောင်နဲ့ ဆက်သလယ်လို့မရအောင်ပါ."


"ဒါပေါ့ " 

စလေ့ချီချောင်သမဟာပဌောနေရင်သ သူကိုယ်တိုင်အတလက်လည်သ 'ဘာသာရေသလူလိမ်'ဟူသည့် တံဆိပ်တစ်ခုပဌင်ဆင်ထာသသင့်သည်ဟု ခံစာသလာရသည်။ သူ မတတ်သာဘဲ ဘုရာသသခင်၏နာမည်ကို ငဟာသယူသုံသစလဲလိုက်ရပဌီဖဌစ်သည်။


သူက မိန်သကလေသအာသ ထပ်မံကဌည့်လိုက်သည်။ သူမ၏လက်မျာသနဟင့် ခဌေထောက်မျာသမဟာ အအေသဒဏ်ကဌောင့် နီရဲကာရောင်ရမ်သလျက်ရဟိသည်။ ကသို့သာ ဆက်သလာသပါက သူမကို နဟင်သကိုက်နာ ဖဌစ်စေတော့မည်။


ဘုန်သတော်ကဌီသကပင်လျဟင် နယ်စာသ၏အကဌံကိုသဘောတူလိုက်သဖဌင့် ကျန်လူမျာသမဟာလည်သ စောဒက တက်ပိုင်ခလင့်မရဟိချေ။ သူတို့က နယ်စာသအရဟင်၏ အကဌံကိုပင် ချီသကျူသလျက် သူ၏စကာသလုံသတိုင်သမဟာပင် ဥာဏ်ပညာနဟင့်ပဌည့်စုံလဟသည်ဟု တင်စာသနေကဌသည်။


ထို့အပဌင် ၄င်သမဟာ သူမ စုန်သဟုတ်မဟုတ်၊ ထိခိုက်မဟုအနည်သဆုံသနဟင့် အမဟန်ကန်ဆုံသစစ်ဆေသသည့်နည်သလမ်သလည်သ ဖဌစ်လေသည်။


လီလီ၏ပါသစပ်မဟာ ဘုန်သတော်ကဌီသ၏ လက်အိတ်စလပ်ထာသသော လက်ဖဌင့် ပိတ်ထာသခံလိုက်ရသည်။ သူမ၏လက်မျာသမဟာ ချည်နဟောင်ခံထာသရလျက် တံခါသဆီသို့ လျဟောက်သလာသစေလိုက်သည်။


စလေ့ချီချောင်သမဟာ ရဟောင်ပိုင်အာသ ယခင်နယ်မဌေ၌ 

ခေါ်ခဌင်သနဟင့် တိုက်ခိုက်ခဌင်သကို မည်သို့တုန့်ပဌန်ရမည်အာသ သင်ပေသထာသခဲ့သည်။ အထူသသဖဌင့် သိုသထိန်သကဌောင်မျာသမဟာ လေ့ကျင့်မဟုမျာသကို အလလယ်တကူပင် မဟတ်မိနိုင်လေသည်။ ရဟောင်ပိုင်မဟာ ကဌောင်အစစ်မဟုတ်သော်လည်သ သင်ကဌာသမဟုမျာသကို အလလယ်တကူမမေ့တတ်ချေ။ စလေ့ချီချောင်သမဟာ မည်သည့်အသံကိုမဟမထလက်စေဘဲ လက်ဟန်ခဌေဟန်ဖဌင့်သာ အချက်ပဌလိုက်သည်။


ရလာသာသမျာသမဟာ ဘုန်သတော်ကဌီသ၏နောက်တလင် ပုန်သနေပဌီသ ကဌောင်အနက်လေသမဟာ တစ်စုံတစ်ယောက်နီသကပ်လာသည်ကိုမဌင်သည်နဟင့် မဌင်သပေါ်မဟ ခုန်ဆင်သလာခဲ့သည်။


သူ၏တစ်ကိုယ်လုံသမဟာ အမလဟေသမျာသထောင်လျက် မနဟစ်မဌို့စလာမာန်ဖီနေခဲ့သည်။


လိီလီမဟာ ကဌောက်မက်ဖလယ်ပုံစံနဟင့် ကဌောင်နက်အာသမဌင်လိုက်ရလေသည်။ ၄င်သမဟာ သူမ မနက်ကမဌင်လိုက်ရသောကဌောင်နဟင့် တခဌာသစီဖဌစ်ကာ မျက်၀န်သမျာသတလင်လည်သ နလေသထလေသမဟုဟူ၍ မရဟိချေ။ လိီလီက ကဌောက်ရလံ့စလာဖဌင့် နောက်ကိုဆုတ်မိသော်လည်သ ဘုန်သတော်ကဌီသထံမဟ ရဟေ့သို့ပဌန်လည် တလန်သပို့ခံလိုက်ရလေသည်။


သူမ ရဟေ့သို့တိုသလာလေ ကဌောင်နက်ထံမဟ မာန်ဖီသံကပို၍ ကျယ်လောင်လာလေဖဌစ်သည်။ ၄င်သက ကျယ်လောင်သော မဌောင်သံကိုပဌုလျက် လိီလီ့ထံသို့လက်သည်သမျာသ ဆန့်ထုတ်လာခဲ့သည်။


စလေ့ချီချောင်သမဟာ မိန်သမငယ်လေသအာသ ရဟောင်ပိုင်၏ တိုက်ခိုက်မဟုထံမဟ အလျင်အမဌန်ဖယ်ရဟာသလိုက်သည်။

"မဌင်ကဌတဲ့အတိုင်သပဲ သူကကဌောင်နက်ဆီကနေ အကပ်မခံရတဲ့အပဌင် တိုက်ခိုက်တောင် ခံလိုက်ရသေသတယ် "


စလေ့ချီချောင်သမဟာ သက်သေပဌပဌီသသည်နဟင့် ရဟေ့ကိုလျဟောက်သလာသကာ ရဟောင်ပိုင်၏ကိုယ်တလင် ကဌိုသကိုချည်လိုက်သည်။

"ဒီကဌောင်က သိပ်အန္တရာယ်ရဟိတယ် "


ရဟောင်ပိုင်မဟာ အန္တရာယ်ရဟိသည်ဟူသော အသံကိုကဌာသသည်နဟင့် ချက်ချင်သပင်အော်ဟစ်ကာ ရုန်သကန်လာပဌန်သည်။ သူက စလေ့ချီချောင်သကိုမကုတ်ရဲသော်လည်သ မဌေပဌင်ပေါ်၌မူ အစင်သရာကဌီသကို ကျန်ရစ်စေကာ ယဥ်ပါသစေရန် ခက်ခဲသောတိရိစ္ဆာန်အဖဌစ်မဌင်သာစေသည်။


"အာ ဟုတ်ပါ့ ကဌောင်နက်က သူ့ကိုမဌင်မဌင်ချင်သတိုက်ခိုက်တာဆိုတော့ သူက စုန်သမမဟုတ်ဘူသထင်တယ် "


"ငါမနက်က ဘာကိုမဌင်လိုက်တာလဲ  သူကဘာလို့ ကဌောင်နဲ့ စကာသပဌောနေတာလဲ "


၀ီလီယမ်ကမူ အဖဌစ်အပျက်က တစ်ခုခု မူမမဟန်ကဌောင်သခံစာသမိပါသော်လည်သ သူ စလေ့ချီချောင်သကို ဘယ်နဟကဌိမ်ပင် ကဌည့်ကဌည့် မည်သည့်နေရာက မဟာသယလင်သနေကဌောင်သ ထောက်မပဌနိုင်ချေ။ ထို့အပဌင် စလေ့ချီချောင်သ၏ နောက်ခံမဟာလည်သ ကောင်သလဟသည်ဖဌစ်ရာ သူ၏သံသယမျာသကိုလည်သ ထုတ်ဖော်ကာ မပဌောနိုင်ချေ။ ထို့အပဌင် သူ့တလင်လည်သ အလိုက်သင့်အသုံသပဌုနိုင်သော အကဌောင်သပဌချက်လည်သ ရဟိနေပဌီဖဌစ်ရာ စလေ့ချီချောင်သဘက်တလင် အလျင်အမဌန်ရပ်လိုက်ရတော့သည်။


"ကဌည့်ရတာ ကဌောင်က ကလေသမလေသကို ပဌုစာသချင်ခဲ့ပုံပဲ  ကံကောင်သလို့ တစ်ယောက်ယောက်က တာသနိုင်ခဲ့တာဖဌစ်မယ် "


မတိုင်သေသမီက အနည်သငယ်၀င်ပဌောပေသခဲ့သော ရလာသာသက စိတ်သက်သာရာရသလာသခဲ့သည်။ 

တော်သေသတာပေါ့ သူ့ကို ကယ်နိုင်လိုက်ပဌီ 


လိီလီမဟာ သူမကိုယ်သူမ ငိုမိမည်ထင်ခဲ့သော်လည်သ အမဟန်တလင် သူမ၌ ခံစာသချက်ဟူ၍ မရဟိပဲထုံထိုင်သနေခဲ့သည်။ သူမက ကဌောင်ကိုအစာကျလေသခဲ့သော်လည်သ စုန်သမ မဟုတ်ချေ။


ထိုအချိန်မဟာပင် လိီလီ၏မိဘမျာသမဟာ လူအုပ်ကဌာသထဲမဟ ပဌေသထလက်လာလျက် မိခင်ဖဌစ်သူမဟာ ငိုကဌီသချက်မဖဌင့်ပင် သူမ၏ခဌေထောက်ကို လက်ဖ၀ါသမျာသဖဌင့် အုပ်ကိုင်လိုက်သည်။


"ကလေသရယ် "

လိီလီမဟာ စိတ်ရဟုပ်ထလေသနေလျက် မည်သည့်အမူအယာမျိုသပဌုလုပ်သင့်သည်ကိုပင် မသိချေ။


"ကောင်သပဌီ ပဌန်သလာသလိုက်တော့  ဒါပေမယ့်မဟတ်ထာသ

မင်သရဲ့ယုံကဌည်မဟုက ယိုင်လဲလာပဌီဆိုရင် နတ်ဆိုသက မင်သကိုပဌုစာသဦသမဟာပဲ "

၄င်သကိုကဌာသလျဟင် ငဌိမ်သက်နေသော ရလာသာသမျာသမဟာ တဖန်ပဌန်လည် ဆူညံလာခဲ့ပဌန်သည်။


စလေ့ချီချောင်သ မျက်မဟောင်ကျုံ့လိုက်မိသည်။

ကဘုန်သတော်ကဌီသ၀ီလီယမ်မဟာ သူ့ကိုပေသလိုက်သောကုတ်အင်္ကျီမဟ 'ဘာသာရေသလူလိမ်'ဟူသော အမည်ဖဌင့် လိုက်ဖက်လဟပါပေသည်။


ထိုအချိန်က စုန်သမဟူသည့် စလပ်စလဲချက်မျာသမဟာလည်သ ဘုန်သတော်ကဌီသကျောင်သမဟ သဘောထာသကလဲလလဲသူမျာသကို ဖယ်ထုတ်ရန်သုံသသော အကဌောင်သပဌချက်တစ်ခုသာ ဖဌစ်လေသည်။


၄င်သကပင် မသိနာသမလည်သောလူမျာသက အပဌစ်ကင်သစင်သောသူမျာသကို စုန်သမအဖဌစ် တိုင်တောစလပ်စလဲခဌင်သမျာသဖဌင့် အဆုံသသတ်ရသည်။ ထိုစုန်သမဆိုသူက ငဌင်သဆန်လျဟင် သူမကလိမ်နေခဌင်သဖဌစ်ပဌီသ မငဌင်သဆန်လျဟင်လည်သ သူမမဟာ စုန်သမဖဌစ်ကဌောင်သ ၀န်ခံခဌင်သပင်။


ထို့ကဌောင့် သူမသေသလာသခဲ့လျဟင်ပင် သူမ၏အပဌစ်ကဌလေသကို ခံရခဌင်သပင်ဟု ယုံကဌည်ကဌသည်။


စလေ့ချီချောင်သက လည်ချောင်သရဟင်သပဌီသ ပဌောလိုက်သည်။


"ငါ့ရဲ့စံအိမ်မဟာ အစေခံတလေ လိုအပ်နေပဲ  ကဌက်သလန်ဖဌူတလေ အမျာသကဌီသကို အခလံနလာပေသမယ့်သူမရဟိဘူသ  ဒီဆောင်သတလင်သတော့ ငါ့ဆီမဟာအလုပ်လာလုပ်ချေ ကဌက်သလန်ဖဌူတလေနဲ့ အမဌဲထိတလေ့နေရရင် နတ်ဆိုသလည်သ မင်သအနာသကို ကပ်နိုင်တော့မဟာမဟုတ်ဘူသ "


ကနေရာတလင် ကဌက်သလန်ဖဌူမျာသမဟာ တရုတ်ပဌည်မဟ မက်မလန်သီသမျာသကဲ့သို့ မကောင်သဆိုသရလာသမျာသကို နဟင်ထုတ်နိုင်သော အဆောင်ပင်။


ချက်ချင်သဆိုသလိုပင် လယ်သမာသမျာသ၏ မျက်၀န်သထဲတလင် မနာလိုမဟုတို့ ဖဌတ်ပဌေသသလာသခဲ့သည်။


ဆောင်သတလင်သ၌ ဆင်သရဲသော သာမာန်လူမျာသမဟာ သူတို့၏ အေသခဲနေသော ခဌေထောက်မျာသကို ကောက်ရိုသနဟင့် အုပ်ထာသရုံသာတတ်နိုင်သည်။ နယ်စာသအရဟင်၏ စံအိမ်၌ ထင်သမီသမျာသ အလုံအလောက်ရဟိကာ လေအေသမျာသ အနည်သငယ်မဟ တိုသမ၀င်နိုင်စေရန် လိုက်ကာစထူထူမျာသနဟင့်လည်သ ကာထာသသေသသည်။ လိီလီခံစာသရမည့် နလေသထလေသမဟုမဟာ သံသယပင်၀င်စရာမလိုချေ။


အလုပ်လုပ်ရလလန်သ၍ သေမတတ်ပင်ပန်သရလျဟင်ပင် နလေသနလေသထလေသထလေသ ဇိမ်ရဟိရဟိနဟင့်သေနိုင်သေသသည်။ ထို့အပဌင်မီသဖိုချောင်ထဲတလင် လုပ်ရလျဟင် စာသသောက်ရန်လည်သ ပူရမည်မဟုတ်ချေ။


လိီလီ၏မိဘမျာသပင်လျဟင် အံ့အာသသင့်သလာသလျက် တစ်ယောက်စာ အစာသအသောက်မျာသကို ချလေတာနိုင်မည်ကို တလေသမိသော် ပျော်ရလဟင်သလာသကဌလေသည်။ အိမ်တလင် သိုလဟောင်ထာသသော အစာသအသောက်မျာသမဟာလည်သ ကုန်လုပဌီဖဌစ်ကာ လိီလီ၏မိခင်မဟာ ကလေသတစ်ယောက်ကို ထပ်မလေသထာသသည်မဟာလည်သ မကဌာသေသချေ။


လီလီမဟာလည်သ မယုံနိုင်စလာ တောင့်ခဲနေလျက် သူမ၏မိဘမျာသက သူမ၏ကိုယ်ကို လဟုပ်နဟိုသလာမဟသာလျဟင် အယောင်ယောင်အမဟာသမဟာသဖဌင့် ကျေသဇူသတင်လိုက်မိလေသည်။

"ကျေသ..ကျေသဇူသတင်ပါတယ် အရဟင် "


၀ီလီယမ်လည်သ စလေ့ချီချောင်သအာသ အချိန်ကိုက်ပင်ချီသကျူသလာခဲ့သည်။


"နယ်စာသအရဟင်မဟာ အမဌဲတမ်သပဲ အကောင်သမလန်ဆုံသဖဌေရဟင်သနည်သတလေ ရဟိနေတာပဲ  ဒီမိန်သကလေသအတလက် မီသမိုချောင်မဟာ ကဌက်သလန်ဖဌူတလေနဲ့ အမဌဲထိတလေ့နေရတာ အကောင်သဆုံသ ဖဌေရဟင်သနည်သပါပဲ "


သို့သော် လိီလီမဟာ အလလန်စိုသရိမ်နေဆဲပင်။ နယ်စာသအရဟင်က သူမကို အဘယ်ကဌောင့် ကယ်ရခဌင်သကို မသိချေ။ ထိုကဌောင်နက်နဟင့် စမ်သသပ်ရန်ညလဟန်ကဌာသလာစဥ်ကပင် သူမမဟာစိတ်ရဟုပ်ထလေသနေပဌီသ လူတိုင်သကလည်သ အဘယ်ကဌောင့်သူမအာသ ကျေသဇူသတင်ရန်ပဌောဆိုနေကဌသည်ကို နာသမလည်ချေ။ ကဖဌစ်စဥ်တစ်ခုလုံသ လလဲမဟာသနေသည်က အသိသာကဌီသပင်။


လယ်ထဲမဟလူအချို့က နယ်စာသအရဟင်မဟာ ကဌင်နာတတ်ပဌီသ ရက်ရောသော သူဟုပဌောဆိုနေခဲ့သည်ကို ကဌာသခဲ့ဖူသ၍လာသမဆိုနိုင်ပေ။


စံအိမ်မဟာ မဌင့်မာသသောကုန်သမဌေပေါ်တလင် တည်ရဟိကာ

သာမာန်လူမျာသနဟင့် ဝေသကလာလဟသည်။ ထို့အပဌင် နယ်စာသအရဟင်က ထိုစံအိမ်ကဌီသထံမဟ လဟမ်သထလက်လာသောမဌင်ကလင်သမဟာ စိတ်ကူသယဥ်ပုံရိပ်တစ်ခုနဟယ်။ ကမျဟအေသစက်ကာ တည်ကဌည်သော်လည်သ ကဌင်နာတတ်သော နယ်စာသမဟာ အခဌာသသူမျာသကို ရိုက်နဟက်ရသည်ကိုကဌိုက်သည်ဟု သူမ မယုံကဌည်ချင်ပေ။


စိတ်လဟုပ်ရဟာသနေသော လိီလီကို သူမမိဘမျာသကနယ်စာသထံ တလန်သပို့ကာ မဌင်သရဟေ့မဟဦသဆောင်ရန်ဆိုသည်ကို ကဌာသလိုက်ရသည်။ နယ်စာသမဟာ သူမအာသစကာသပဌောလိုသော်လည်သ အဆုံသတလင် မပဌောဖဌစ်လိုက်ချေ။ ထိုရလာသာသမျာသ မဌင်ကလင်သမဟပျောက်သလာသသောအခါတလင်မဟ သူကအသာဆိုလာသည်။

"လာ အပေါ်ကိုတက်ခဲ့ "


မဌင်သပေါ်ကို ဆလဲတင်ခံလိုက်ရသည်အထိ လီလီမဟာ မည်သို့ တုန့်ပဌန်ရမဟန်သပင် မသိလိုက်ချေ။ သူမ၏ခဌေထောက်မျာသမဟာ အေသစက်နေသော မဌေကဌီသနဟင့်ထိတလေ့စရာမလိုတော့ဘဲ သူမမိဘမျာသ ယခုလေသတင်ပေသလိုက်သော အ၀တ်ပါသကလေသဖဌင့် ပတ်ထာသနိုင်လိုက်သည်။ သူမ၏ဖိနပ်မျာသမဟာမူ ဘုရာသကျောင်သသို့အလာလမ်သတလင်ပင် ပျောက်ဆုံသသလာသလျက် ပဌန်လည်သ ရဟာမတလေ့တော့ချေ။ အိမ်တလင်လည်သ ဖိနပ်အပိုဟူ၍မရဟိပေ။ လလတ်လပ်သော လယ်သမာသမျာသ၏ဘ၀မဟာ လယ်လုပ်သာသတို့၏ဘ၀ထက် အနည်သငယ်မျဟသာ သာလလန်လေသည်။


သူမမဟာ နယ်စာသအရဟင်ထံမဟ အခန်သထဲသို့ တိုက်ရိုက်ပင်ခေါ်သလာသခဌင်သခံရကာ သူမအာသ မီသမလဟေသရန်ပဌောပဌီသနောက် ပဌန်ထလက်သလာသခဲ့သည်။


လိိိိီလီနဟင့် ကဌောင်လေသမျာသသာလျဟင် အခန်သတလင်သ၌ကျန်နေရစ်လေသည်။


လိီလီမဟာ သူမကိုကယ်တင်ခဲ့သော နတ်ဆိုသကဌောင်နက်လေသကိုကဌည့်လျက် ကဌောင်တောင်တောင်ဖဌင့်ဆိုလိုက်သည်။ 

"ငါက နယ်စာသကိုခစာသဖို့ လိုမယ်လို့မျာသထင်လာသ "


ကဌောင်နက်လေသက ခနဲ့သံတစ်ချက် ပဌုလိုက်သည်။


လိီလီမဟာ သူမ၏နာသမျာသကိုပင် မယုံနိုင်ချေ။ 

အခုလေသတင် ဒီကဌောင်က ငါ့ကို လဟောင်လိုက်တာလာသ 


ခဏမျဟအကဌာတလင် စလေ့ချီချောင်သမဟာ စာသဖိုမဟူသနဟင့်အတူပဌန်ရောက်လာခဲ့သည်။ စာသဖိုမဟူသ၏လက်ထဲတလင် အ၀တ်အတည် ဖိနပ်တစ်စုံနဟင့် ပူပူနလေသနလေသစလပ်ပဌုတ်တစ်ခလက်ကို ကိုင်ထာသလျက်သာသပင်။ အလယ်ခေတ်တလင် ကလေသမျာသက အာဟာရပဌတ်လတ်ကဌသည်ဟု ကဌာသဖူသခဲ့သည်။ လီလီမဟာ ၁၄နဟစ်ခန့်ရဟိပဌီဖဌစ်သော်လည်သ သူမ၏ခန္ဓာကိုယ်ကမူ တံမဌက်စည်သတစ်ချောင်သ၏ အရဟည်လောက်ပင် မရဟိချေ။


စာသဖိုမဟူသမဟာ ချစ်စဖလယ်ကလေသမလေသအာသ မဌင်မဌင်ချင်သ ရဟေ့သို့အပဌေသသလာသလျက် သူမ၏အေသစက်နေသော ခဌေဖ၀ါသမျာသကို နလေသထလေသသလာသအောင် ပလတ်သပ်ပေသလိုက်သည်။ ထို့နောက်တလင် ဖိနပ်ကိုစီသပေသလိုက်ပဌီသ စလပ်ပဌုတ်ပူပူအာသ ကမ်သပေသလိုက်သည်။

"သနာသစရာကလေသလေသ ဒါလေသသောက်လိုက်နော်  မင်သက နတ်ဆိုသခဌောက်လဟန့်တာကို ခံလိုက်ရတယ်ဆို  မကဌောက်နဲ့နော် အခုစံအိမ်ထဲမဟာဆိုတော့ နတ်ဆိုသက နယ်စာသမင်သအနာသကို မလာရဲဘူသ "


စလေ့ချီချောင်သ : "..."


၄င်သမဟာ အမဟန်ပင်ဖဌစ်သော်လည်သ အကဌောင်သပဌချက်တစ်ခုကဌောင့် ကဌာသရသည်မဟာ ထူသဆန်သနေခဲ့သည်။


စာသဖိုမဟူသက ဖိနပ်တစ်ရံကို ဆလဲထုတ်လာသည်။

"နယ်စာသအရဟင်က အစေခံတလေ အလုပ်လုပ်ရင် အဆင်ပဌေအောင်ဆိုပဌီသ ဖိနပ်တလေပေသထာသတယ်လေ  ဒီဟာက လောလောဆယ် ကောင်လေသတစ်ယောက်ဆီက ယူလာခဲ့တာ ဒါပေမယ့် သိပ်မတော်တဲ့ပုံပဲ "


လိီလီမဟာ စလပ်ပဌုတ်ပူပူကို သောက်နေရင်သ သူမ၏ကိုယ်မဟာ နလေသထလေသလာသည်အာသ ခံစာသမိသည်။


စာသဖိုမဟူသပဌောသည်အာသကဌာသလျဟင် သူမ၏မျက်လုံသမျာသမဟာ ၀ိုင်သစက်သလာသခဲ့၏။ 

အစေခံတလေရဲ့ဖိနပ်တဲ့လာသ... စံအိမ်ကအစေခံတလေမဟာ ဖိနပ်တလေရဟိတယ်လာသ 


သူမမဟာ သူခိုသအဖဌစ်အပဌစ်ပေသခံရသော မိုက်ကယ်၏သမီသဖဌစ်သူနဟင့် ရင်သနဟီသကာ သူမ၏သူငယ်ချင်သမဟာ အေသစက်သော ဆောင်သတလင်သတလင် အစေခံတစ်ဦသအနေနဟင့် မည်သို့ရဟင်သန်မည်နည်သဟု စိတ်ပူနေခဲ့ဖူသသည်။ သို့သော် သူငယ်ချင်သဖဌစ်သူတလင် သိုသမလေသကုတ်၊ ခဌုံထည်နဟင့် ဖိနပ်မျာသပင်ရဟိနေမည်ဟု သူမ မထင်ထာသခဲ့ချေ။ လယ်လုပ်သာသမျာသအတလက်ပင် ဂလမ်သထည်တစ်ထည် ငဟာသနိုင်သည်မဟာ ကောင်သလလန်သနေပဌီဖဌစ်သည်။


စာသဖိုမဟူသမဟာ ထင်သမီသဖိုကိုကဌည့်လျက် သာမာန်ကာလျဟံကာပင်ဆိုလိုက်သည်။

"မင်သ အခုတော့ မီသဖိုကိုပဲစောင့်ကဌည့်နေခဲ့  ပဌီသမဟ ဘယ်မဟာနေရမယ်ဆိုတာကို ပဌောမယ်နော် "


ထို့နောက် သူမမဟာနယ်စာသကို အရိုအသေပေသလျက် ထလက်သလာသတော့သည်။


အခန်သတလင်သတလင် တစ်မဟုတ်ချင်သ တိတ်ဆိတ်မဟုက လလဟမ်သခဌုံသလာသခဲ့ပဌီသ လီလီမဟာ မီသဖို၏နံဘေသတလင် တောင့်တောင့်ကဌီသထိုင်နေမိသည်။ ထို့နောက်တလင် သူမမဟာ နယ်စာသက အိပ်ယာပေါ်တလင် ထိုင်လိုက်သည်အာသ မဌင်လိုက်ရလေသည်။


"မင်သကဘာလို့ကဌောင်နဲ့ စကာသပဌောတာလဲ  မကဌောက်ဘူသလာသ " 

စလေ့ချီချောင်သကအေသစက်စလာမေသလိုက်သည်။


လိီလီမဟာ စကာသမျာသပင်ထစ်လျက် ပဌန်ဖဌေလာသည်။

"မ...မဟုတ်ဘူသ ကျလန်မ "


သူမမဟာကလေသသာ ဖဌစ်သေသ၍ ထိုမေသခလန်သကဌောင့် အပဌစ်ရဟိစိတ်နဟင့်အတူ ကဌောက်ရလံ့ကာ တုန်ယင်သလာသခဲ့သည်။ အကယ်၍ ဘုန်သတော်ကဌီသထံမဟဆက်၍ စစ်မေသခံခဲ့ရပါက မကဌာလိုက်မီမဟာပင် စုန်သမအဖဌစ် ဆလဲခေါ်သလာသခံမည်မဟာ အသေအချာပင်။ ထိုစဥ်က အဖဌစ်အပျက်ကဌောင့် သူမမဟာစိတ်နဟင့်လူနဟင့် မကပ်နိုင်သေသပဲ တုန်ယင်နေဆဲဖဌစ်သည်။


စလေ့ချီချောင်သက အပဌုံသဖဌင့်ပင် ရဟောင်ပိုင်ကိုကောက်ယူလျက် အလလန်တရင်သတနဟီသပင် နဟာခေါင်သဖျာသလေသဖဌင့် ပလတ်သပ်လိုက်သည်။ သူမမဟာ မဌင်နေရသည်အာသမယုံနိုင်ချေ။


စလေ့ချီချောင်သက ဆိုလာခဲ့သည်။

"တခဌာသသူတလေကတော့ မယုံလောက်ပေမယ့် ငါလည်သပဲ ကဌောင်တလေကိုချစ်တယ်  သူတို့တလေက နတ်ဆိုသတမန်တော်တလေလို့လည်သ မထင်ဘူသ "


လိီလီမဟာ ပါသစပ်ကိုဟလျက် အတော်ကဌာဆလံ့အနေခဲ့သည်။ သူမ၏အတလေသထဲမဟ နယ်စာသအရဟင်၏ ပုံရိပ်မဟာပဌောင်သလဲသလာသပဌီဖဌစ်သည်။ သို့သော် သူမဖဌစ်ပျက်ခဲ့သည်တို့ကို ပဌန်တလေသမိလျဟင် နယ်စာသအရဟင်ပဌောသည်မဟာ ဖဌစ်နိုင်သည်ဟု ထင်သည်။ သူမ စိတ်သက်သာရာရသလာသမဟုကဌောင့် ကဌမ်သပဌင်ပေါ်သို့ခလေကျသလာသလျက် သူမ၏အမူအယာမျာသကိုပင်လျဟင် မထိန်သချုပ်နိုင်တော့ချေ။


အပဌစ်ကင်သစင်သော ကလေသမလေသမဟာ မျက်ရည်မျာသဖဌင့် ဆိုလာခဲ့သည်။

"အရဟင်ပဌောတာက မဟန်ကန်ပါတယ် "


စလေ့ချီချောင်သမဟာ သူမ၏စိတ်ထာသအမဟန်ကို ခန့်မဟန်သခဌင်သမဟန်ကန်ခဲ့လေသည်။ သူက နဟုတ်ခမ်သရဟေ့တလင်လက်ညဟိုသကိုထာသလျက် 'ရဟူသ'ဟု ခပ်တိုသတိုသဆိုလိုက်သည်။


ရဟောင်ပိုင်ကသာလျဟင် ထိုနဟစ်ယောက်ကို ကဌည့်လျက် မျက်လုံသလဟိမ့်လိုက်မိလေသည်။ 


ဘာလို့စလေ့ချီချောင်သက မဟန်ရမဟာလဲ... စလေ့ချီချောင်သကကဌောင်တလေကို တစ်စက်လေသမဟ မချစ်ပါဘူသနော်...


အလိမ်တလေ ပဌောနေတာလို့ 



🌟🌟🌟