Chapter 1
Viewers 8k

🧝Chapter- 1 




ရောင်နီလင်းချိန်တွင် ကြက်တွန်သံသဲ့သဲ့က အပြိုင်အဆိုင် ထွက်ပေါ်လာ၏။ 


ခေတ်မီမြို့ကြီးများတွင် ကြားပင်မကြားဖူးခဲ့သော အတိုင်းအတာများဖြင့် မြောင်ဟယ်တစ်ယောက် အချိန်ကို တိုင်းတာနေရသည်။ လက်ရှိအချိန်၌ မြေအောက်ရထားစီး၍ အလုပ်သွားရန် မလိုတော့သည့် အလျောက် မဖြစ်မနေ အိပ်ရာမှထရန် မလိုအပ်တော့ပါချေ။ 


ခန္ဓာကိုယ်၏ ပုံမှန်နာရီကြောင့် ဖြစ်ပေလိမ့်မည်။ မြောင်ဟယ်က အိပ်ရာပေါ်တွင် လိမ့်လိုက်ပြီးနောက် မျက်လုံးများကို ပွတ်သပ်ကာ အိပ်ရာမှ ထလိုက်၏။ နွေဦးရာသီဖြစ်သည့် အတွက် ဇိမ်ကျသော အိပ်ရာနှင့် ထွေးပွေ့ထားသော်လည်း အိမ်ထဲသို့ ဝင်ရောက်လာသည့် အအေးဓာတ်ကို ခံစားနေမိဆဲ ဖြစ်၏။ မြောင်ဟယ်က အိပ်ရာမှထကာ အနည်းငယ် လှုပ်ရှားလိုက်ပြီးနောက် အနောက်ခန်းမှ မြေသားမီးဖိုအား မီးမွှေးကာ မျက်နှာသစ်ရန် ပြင်လိုက်သည်။ 


သူက ရေခဲတမျှ အေးစက်နေသော ရေဖြင့် မျက်နှာမသစ်လိုချေ။ ထို့ကြောင့် သစ်သားချောင်း အချို့ကိုထည့်ရင်း မီးမွှေးကာ ခေတ္တစောင့်ဆိုင်းလိုက်သည်။ အဆိုပါ ကျင့်သားရနေသည့် အပြုအမူကို ကြည့်ခြင်းဖြင့် မြောင်ဟယ်က ဖူးဖူးမှုတ်ခံ၍ မွေးဖွားလာခဲ့သည့် ကလေးငယ်တစ်ဦး မဟုတ်ကြောင်း မှတ်ယူနိုင်၏။ သို့သော် သူအသုံးပြုနေသည့် မြေသားမီးဖိုသည် တောရွာအတွင်းရှိ လယ်တဲတွင် မရှိမဖြစ် အရေးပါသည့် အခြေခံပစ္စည်းတစ်ခုသာ ဖြစ်၏။ 


အိမ်ကို ဘယ်လိုလုပ် ပြင်ရပါ့မလဲ … 


ကောက်ရိုးများဖြင့် မိုးထားသည့် အိမ်ခေါင်မိုးက‌ လေဒဏ်မိုးဒဏ်ကို တောင့်ခံနိုင်သော်လည်း မြေကြီးနံ့က အမြဲလိုလို အိမ်ထဲတွင် ပျံ့လွင့်နေတတ်သည်။ အရှေ့ဘက်ရှိ သစ်သားပြတင်းပေါက်သည် အိမ်၏ တစ်ခုတည်းသော အလင်းရောင် ရနိုင်သည့်နေရာ ဖြစ်သည်။ အိမ်ခန်း ဖွဲ့စည်းထားပုံမှာ အလွန်ရိုးရှင်း၏။ အဓိကအခန်းအပြင် နောက်ထပ် အခန်းနှစ်ခန်းသာ ပါရှိသည်။ အိမ်မကြီးတွင် ထမင်းစားခန်းနှင့် ဧည့်ခန်းအဖြစ် ထပ်မံခွဲထား၏။ ထမင်းစားခန်းဘက်တွင် စားပွဲနှင့် ကုလားထိုင်များချထားပြီး ပြတင်းပေါက်နံဘေးတွင်မူ ပစ္စည်းအတိုအစများ ထည့်ထားသည့် ဘီရိုပုကလေးများ ရှိနေသည်။ အခန်း၏ အရှေဘက်တွင် သစ်သားကုတင်တစ်လုံး၊ သစ်သား သေတ္တာတစ်လုံးနှင့် ဘီရိုတစ်လုံး ရှိ၏။ အနောက်ဘက်အခန်းတွင် မီးဖိုတစ်လုံးနှင့် ရာသီစာများ၊ တိုလီမုစများ ထားရှိသည်။ 


မြေသားမီးဖိုကိုမူ ရွှံ့များဖြင့်သာ ပြုလုပ်ထားပြီး အုတ်ခဲတစ်လုံးမှ မပါရှိချေ။ အခန်းတွင်းရှိ နည်းပညာမှာ လွန်ခဲ့သည့် နှစ်ပေါင်းရာချီက အခန်းပုံစံကို လှစ်ဟပြနေ၏။


 ထိုအချက်မှာ အလွန်မှန်ကန်ပေသည်။ မြောင်ဟယ် နိုးထလာသည့် ခန္ဓာကိုယ်သည် ဖျင်ကြမ်းဘောင်းဘီရှည်ကို ခါး၌ပတ်ကာ ဝတ်ဆင်ထားပြီး အဝတ်ခေါင်းစည်းဖြင့် ဆံပင်ကို စည်းနှောင်ထား၏။ ရှေးယခင်က ဝတ်စားဆင်ယင်ပုံသာ ဖြစ်သည်။ မြောင်ဟယ်က ကားမတော်တဆမှုကြောင့် ဤအချိန်ကာလသို့ ရောက်ရှိလာခဲ့ခြင်းပင်။ သို့သော် ထိတ်လန့်စရာကောင်းသည်မှာ သူ၏ လိင်အမျိုးအစား ပြောင်းလဲသွားခြင်း ဖြစ်၏။


"ကောဟယ် … နိုးပြီလား … ဒုတိယအဒေါ်အတွက် တံခါးလာဖွင့်ပေးဦး … "


တွေ့လား … ဒါပဲလေ … ဒီမှာရှိတဲ့ လူအားလုံးက သူ့ကို ကောလို့ပဲခေါ်ကြတယ် … 


ဤကမ္ဘာတွင် ယောက်ျားနှင့် မိန်းမအပြင် နောက်ထပ် လိင်တစ်မျိုးရှိသေးသည်။ 


ဒီခန္ဓာကိုယ်က ပုံမှန်ယောက်ျားတစ်ယောက်ထက် ပိုသွယ်လျတဲ့အပြင် အမျိုးသမီးတွေလိုမျိုး ကိုယ်ဝန်ဆောင်နိုင်ပြီး ကလေးပါ မွေးပေးနိုင်တယ်တဲ့လေ … 


သို့သော် သန္ဓေအောင်နိုင်စွမ်းက အမျိုးသမီးများကဲ့သို့ မကောင်းမွန်သလို အမျိုးသားများကဲ့သို့လည်း ခွန်အား သန်မာခြင်းမရှိချေ။ အမျိုးသားတစ်ဦးအနေဖြင့် ဆိုလျှင်လည်း အမျိုးသမီးများအား ကိုယ်ဝန်ရအောင် လုပ်နိုင်စွမ်း နည်းပါးလှသည်။ ၎င်းက ဤအချိန်ကာလတွင် မမျှော်လင့်ထားသည့် လိင်အမျိုးအစား ဖြစ်၏။ သို့သော် ကောင်းကွက်တစ်ခုမှာ ကော၏ လိင်အမျိုးအစားက အသက်ရှင်ရန် နည်းလမ်းရှိနေဆဲဖြစ်သည်။ ကောများက အမျိုးသားများထက် ပိုမိုကြည့်ကောင်းသလို အမျိုးသမီးများထက်ပင် ပိုမိုလှပကြ၏။ ကျန်းမာရေးမကောင်းသည့် အမျိုးသားအချို့ဆိုလျှင် ကောများကို အိပ်ဖော်အဖြစ် ငှားရမ်းကြလေ့ရှိသည်။ 


"ဒီမှာလူရှိလား … ပြန်ဖြေစမ်း … "


တံခါးဝရှိ အော်သံကြောင့် မြောင်ဟယ်က မျက်နှာကိုသုတ်ကာ ခြံထဲဆင်း၍ တံခါးဖွင့်လိုက်သည်။ တံခါးဝတွင် ခပ်ဝဝ အန်တီကြီးတစ်ဦးက ဈေးခြင်းတောင်းကို ကိုင်ကာ မျက်နှာရှစ်ခေါက်ချိုးဖြင့် မတ်တပ်ရပ်နေ၏။ မြောင်ဟယ်တံခါးလာဖွင့်သည်နှင့် သူမက စတင်ငေါက်ငမ်းတော့သည်။


"မင်းနားကန်းနေလား … ခေါ်နေတာကြားရင်လည်း ပြန်ဖြေလေ … နောက်ပြီးတော့ တံခါးနောက်ကနေ ဘာသံမှလည်း မကြားရပါလား … တစ်ယောက်ယောက် ပုန်းနေပြီး ထွက်ပြေးသွားတာလား … အဒေါ်မင်းကို ပြောလိုက်မယ် … ဆင်းရဲတဲ့လူတွေအကြောင်း တွေးတောင်မတွေးနဲ့ … သာ့လန်ကိုပဲ ကြည့်ပြီး အေးအေးချမ်းချမ်းနေစမ်းပါ … မဟုတ်ရင် အဒေါ်တို့ရဲ့ ရန်မိသားစုကြီးက မင်းကို သက်ညှာမှာမဟုတ်ဘူး …” 


မြောင်ဟယ်က နှုတ်ခမ်းအသာကိုက်လိုက်သည်။


"ပြီးတော့ ရွာထဲက ဘယ်သူများမင်းလို ကောင်းကောင်းနေရလို့လဲ … သူက ဒဏ်ရာရခဲ့တယ်ဆိုပေမယ့် မင်းကို ပိုက်ဆံပေးထားတယ်လေ … လယ်ထဲတောင် မဆင်းခိုင်းဘူး … သာ့လန် တောင်ပေါ်သွားနေတဲ့အချိန် မင်းက အဒေါ့်ဆီက အစားအစာ အဆင်သင့်ယူစားနေရုံပဲလေ … အခုက ဘယ်လိုတောင် ဆိုးဝါးတဲ့နေ့ရက်တွေလဲ … တစ်စက်မှကို သက်တောင့်သက်သာ နေရတယ်မရှိဘူး … မင်းက အသိတရားလေးနဲ့ ဆင်ဆင်ခြင်ခြင် နေတတ်ဖို့ပဲလိုတာ … လူတွေဘာလုပ်လုပ် မိုးကောင်းကင်က အမြဲတမ်းစောင့်ကြည့်နေတယ်နော် … အဒေါ်တော့ မင်းအစားကြောက်လိုက်တာ … "


သူမက မြည်တွန်တောက်တီးနေရင်း ပန်ကိတ်မာမာ နှစ်ခုကို ထုတ်ကာ မြောင်ဟယ့်လက်တွင်းသို့ ထိုးထည့်ပေးလိုက်သည်။ မြောင်ဟယ်က တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ဘာမှ မပြောလိုက်မိချေ။ မြောင်ဟယ် တုံ့ပြန်စကားဆိုချင်သည်ကို တွေ့လိုက်ရသည့်အခါ အဒေါ်ကြီး၏ အမူအရာက ပိုမိုမှောင်မဲလာသည်။ သူမ စကားများက ပို၍ပြင်းထန်လာ၏။


"ဘာလဲ … ကျွန်တော် ဘာမှားလို့လဲလို့ ပြောဦးမလို့လား … မင်းနားမထောင်ချင်မှန်း သိပေမယ့် အဒေါ်ကတော့ ပြောရမှ ဖြစ်မယ် … နောက်တစ်ခါ မင်းထပ်ပြီး ထွက်ပြေးမယ်ဆိုရင် သာ့လန်က ကာကွယ်ပေးရင်တောင် ငါ့အဒေါ်ကတော့ မင်းခြေထောက်တွေကို သေချာပေါက်ကုပေးလိမ့်မယ်မထင်ဘူး …” 


ထိုသို့ပြောပြီးနောက် အဒေါ်ကြီးက နှာမှုတ်ကာ စိတ်ဆိုးမာန်ဆိုး ထွက်သွားသည်။ မြောင်ဟယ်က နှာခေါင်းကို ပွတ်လိုက်ရင်း တံခါးပိတ်လိုက်၏။ သူ့မျက်နှာက အကူအညီမဲ့ဟန် ပေါ်နေသည်။ သူက ဤကဲ့သို့ တိုက်ပွဲအား တစ်နေ့သုံးကြိမ်ခန့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ပိုင်ရှင်က ပြဿနာ တော်တော်များများ ရှာခဲ့ပုံပေါ်၏။ နိုးထလာပြီးနောက်ပိုင်း အရင်လူ၏ မှတ်ဉာဏ်များကို မြောင်ဟယ် လက်ခံရရှိခဲ့သည်။ 


ထိုသူက ရွာရှိလူများ လက်ညှိုးထိုးစေမည့် ကိစ္စအနည်းငယ်ကို ပြုလုပ်ခဲ့၏။ သူ၏ ဂုဏ်သတင်းမှာ အလွန်ဆိုးဝါးနေသည်။ 


အမှန်စင်စစ် မြောင်ဟယ်က လက်မထပ်ခင်အထိ အလွန်ရိုးသားသော လူငယ်လေးသာဖြစ်၏။ ရန်မိသားစုဝင်အား အတင်းအကျပ် လက်ထပ်ခဲ့ရသည့်နောက် သူက လူတစ်ဦးနှင့် ဆက်ရှုပ်နေခဲ့သည်။ ဤသို့ဖြင့် မုန်တိုင်းထန်သော ညတစ်ည၌ မြောင်ဟယ်က မြို့သို့သွား၍ ထိုသူအား ရှာဖွေရန် ကြိုးစားခဲ့၏။ ထို့နောက် ရေမြောင်းအတွင်း ပြုတ်ကျသွားကာ ခြေထောက်ကျိုးသွားခဲ့ပြီး ဘယ်ကိုမှ မပြေးနိုင်တော့ပဲ မိုးရွာထဲတွင် တစ်ညလုံးနေခဲ့ရသည်။ ထို့နောက် အကြီးအကျယ်အဖျားတက်ကာ သေဆုံးသွားခဲ့ခြင်းပင်။ ဤသို့ဖြင့် လက်ရှိမြောင်ဟယ်က ဤခန္ဓာကိုယ်အတွင်း နိုးထလာခဲ့ခြင်း ဖြစ်၏။ 


မြောင်ဟယ် အကြောင်းစုံ သိရသည့်နောက် သူအနည်းငယ် ရှက်သွားခဲ့သည်။ လက်ရှိအချိန်သည် မည်သည့် မင်းဆက်နှင့်မှ ကိုက်ညီခြင်းမရှိသော်လည်း ရှေးယခင်က အယူအဆများသာ ကြီးစိုးနေကြောင်း မြောင်ဟယ် သတိပြုလိုက်မိ၏။ အခြေအနေကောင်းမွန်သူများက ကိုယ်လုပ်တော်များ ယူခွင့်ရှိသော်လည်း လူအများစုကမူ ဇနီးသည်တစ်ဦးကိုသာ လက်ထပ်ယူကြ၏။ သို့သော် အမြင့်တက်ရန် ကြိုးစားလိုကြသူများကမူ ကိုယ်လုပ်တော် ဖြစ်ရေးအတွက် အသည်းအသန် ကြိုးစားလေ့ရှိကြသည်။ 


ဒီရွာ၌ ရွာသားတစ်ဦးနှင့် လက်ထပ်ထားသည့် စည်းကမ်းမလိုက်နာသော ကောတစ်ဦးရှိနေသည်။ ၎င်းက အနမ်းဆိုသောစကားကို ပြောရမည်ကိုပင် ရှက်ရွံ့တတ်ကြသည့် အခြားရွာများ ကောများနှင့်ယှဉ်လျှင် မြောင်ကျားရွာအတွက် အရှက်ရဖွယ်ဖြစ်၏။ ရွာသားများကပင် သူ့အား ပြောဆိုနေကြရာ မြောင်ဟယ် လက်ထပ်ထားသည့် ရန်မိသားစုဝင်များ ဆိုပါက ပြောဖွယ်မရှိချေ။


ရန်မိသားစုက မြောင်မိသားစုရွာတွင် အပြင်လူများသာဖြစ်၏။ သူတို့က လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်ကမှ ရောက်လာခဲ့ခြင်းဖြစ်သည်။ သူတို့က ဤနေရာတွင် အခြေချခဲ့ကြခြင်းဖြစ်၏။ စောစောက မြောင်ဟယ်အား ပြောဆိုသွားသည့် အဒေါ်သည် ဒုတိယအဒေါ်ဖြစ်သည်။ မြောင်ဟယ် ထွက်ပြေးခြင်း ကျရှုံးပြီး ပြန်လည်အဖမ်းခံရကတည်းက ရန်သာ့လန် အိမ်တွင်မရှိသည့်အခါ အန်တီရန်က ထိုသို့လာရောက် ပြောဆိုလေ့ရှိသည်။ သို့သော် မြောင်ဟယ် သူမအား စိတ်ဆိုးခြင်းမရှိချေ။ သူက ခေတ်သစ်မှာကတည်းက စိတ်သဘောထား နူးညံ့သူတစ်ဦး ဖြစ်သည်။ ငယ်စဉ်ကတည်းက မိဘများ သေဆုံးသွားသဖြင့် အဘိုးအဘွားများနှင့် ကြီးပြင်းခဲ့ရခြင်းကြောင့် ဖြစ်နိုင်သည်။ 


ဤသို့ဖြင့် ရက်အနည်းငယ်ကြာပြီးနောက် သူက ဤသံသရာထဲတွင် ပိတ်မိနေတော့သည်။ သူ့တွင် ရန်သာ့လန်ဟု အမည်ရသော ခင်ပွန်းသည်တစ်ဦး ရှိသည်။ မူလကိုယ် အပြင်းအထန် ဖျားနာနေသဖြင့် ရန်သာ့လန်က မြို့သို့သွားကာ ဆေးသွားဝယ်ခြင်းဖြစ်၏။ လက်ရှိမြောင်ဟယ်အတွက်မူ ရန်သာ့လန်က သူစိမ်းသာဖြစ်သည်။


 သူ ထွက်ပြေးသင့်လား … 


သူက ဒုတိယအဒေါ်၏ စကားများကို ပြန်လည်ကြားယောင်လာသည်။ မူလကိုယ်က တစ်ခါထွက်ပြေးပြီးချေပြီ။ သူ၏ ဂုဏ်သိက္ခာက မြောင်းထဲရောက်နေ၏။ 


ထိုသို့တွေးလိုက်မိချိန်တွင် ရန်မိသားစုအား အနည်းငယ်ပင် သနားလာမိသည်။ အဆုံးသတ်တွင် အဒေါ်ရန်ပြောသည်က မှန်ကန်ပေသည်။ ရန်သာ့လန်က မူလကိုယ် မြောင်ဟယ်အတွက် စိတ်မကောင်းဖြစ်မည် မဟုတ်ပေ။ သို့ရာတွင် မူလကိုယ်၏ ဂုဏ်သိက္ခာမှာ အဖတ်ဆယ်မရတော့သော်လည်း သူက မြောင်ဟယ်အတွက် ဆေးသွားဝယ်ပေးနေဆဲဖြစ်၏။ ထိုသူ၏ အကျင့်စရိုက်များကို ထည့်မတွက်လျှင်ပင် သူက တာဝန်ယူတတ်သော အမျိုးသားတစ်ဦးဖြစ်ကြောင်း သိသာလေသည်။


ထို့အပြင် မြောင်ဟယ်၏ ခန္ဓာကိုယ်မှာလည်း ဝေးဝေးလံလံသို့ မသွားနိုင်ချေ။ လက်ရှိ ခန္ဓာကိုယ်က ကလေးတစ်ဦးကဲ့သို့ ပိန်ပါးပြီး သေးကွေးလှသည်။ ကိုယ့်ကိုယ်ကိုယ်ပင် နိုင်နိုင်နင်းနင်းမရှိသလို ခြေထောက်ဒဏ်ရာမှာလည်း မပျောက်သေးချေ။ သူပြေးချင်လျှင်ပင် မည်မျှပြေးနိုင်မည်နည်း။ ထို့အပြင် သူသာ ထပ်မံထွက်ပြေးပါက ဒုတိယအဒေါ်ပြောသည့်အတိုင်း သူ့ခြေထောက်များ ကျိုးပေလိမ့်မည်။ ယခင်က ပြောခဲ့သည့်အတိုင်း ရွာခံများက မူလကိုယ်အား မနှစ်မြို့ကြချေ။ ထို့ကြောင့် ရန်မိသားစုသာ စစ်ဆေးတွေ့ရှိသွားပါက မြောင်ဟယ် သေသည်အထိ ရိုက်နှက်ခံရပေလိမ့်မည်။ 


ရက်အတန်ကြာ အတွေးများနေပြီးနောက် မြောင်ဟယ်က ထွက်ပြေးရန် အကြံအစည်ကို လက်လျှော့လိုက်ရသည်။ သို့သော် သူ မပြေးပါက ပြဿနာမှာ ရန်သာ့လန် ပြန်လာတော့မှာဖြစ်၏။ မြောင်ဟယ်က အရင်ဘဝတွင်လည်း ဂေးဖြစ်သော်ငြား လက်ရှိအခြေအနေကို ချက်ချင်း လက်မခံနိုင်ချေ။ 


သို့သော် မူလခန္ဓာကိုယ်က သူ၏ အချစ်ဦးဖြစ်သူ ပိုင်ရွှယ်ကွမ်း အပေါ်တွင် လေးနက်သော ခံစားချက်များ ရှိနေခဲ့ရာ ချက်ချင်း အမူအရာပြောင်းလိုက်ပါက သံသယ ဝင်စရာဖြစ်သွားလိမ့်မည်။ သူ့တွင် ဝိဉာဉ်ပြောင်းနေမှန်း သတိပြုမိသွားပါက စုန်းမများ၊ တာအိုဘုန်းကြီးများကို ခေါ်၍ အသက်ရှင်လျက် မီးရှို့မှာပင် စိုးရ၏။ သို့သော် သူ မပြောင်းလဲပါက ရန်မိသားစုတွင် အေးအေးချမ်းချမ်းနေရန် မဖြစ်နိုင်ချေ။ 


လက်ထပ်ပြီး အမျိုးသားတစ်ဦးအနေဖြင့် အခြားလူအား စိတ်ဝင်စားမိပါက မိမိအိမ်ထောင်ဖက်ထံမှ ကွာရှင်းခွင့်တောင်းခံရနိုင်၏။ သာမန်လူများအတွက် အဆိုပါ ဖြစ်ရပ်သည် မာနထိခိုက်စရာဖြစ်သည်။ 


ဒီတော့ ခဏလောက် ဒီအတိုင်းစောင့်ရအောင် … အရင်လူကို သဘောကျနေတဲ့ အမူအရာကို ဖြည်းဖြည်းချင်း ခွာချရင်း ရန်သာ့လန်ရဲ့ရင်ထဲက မခံချင်စိတ်ကို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးကြတာပေါ့ … ကြည့်ရတာ တစ်ဆင့်ချင်း သွားရမယ့်ပုံပဲ .. 


မြောင်ဟယ်က ရန်သာ့လန် မည်ကဲ့သို့ လူစားမျိုးဖြစ်ကြောင်း မသိချေ။ အဆိုပါ တာဝန်သိတတ်သူသည် သူ့အပေါ် ဒေါသဖောက်ခွဲခြင်းမပြုရန်သာ မျှော်လင့်လိုက်၏။ 


သူလိုချင်တာက စစ်ပွဲတွေမရှိပဲ အားလုံးအေးချမ်းနေတဲ့ နေရာမျိုးလေ … လခွမ်း … 


မြောင်ဟယ်က မျက်မှောင်ကြုတ်ရင်း မီးဖိုထံပြန်သွားလိုက်သည်။ ထိုအချိန်တွင် ရေက ပွက်ပွက်ဆူနေလေပြီ။ သူက ရေခဲရေနှင့် ရောလိုက်ရင်း မျက်နှာသစ်လိုက်၏။ ထို့နောက် ကျန်နေသော ရေနွေးကို ပန်းကန်လုံးအတွင်း လောင်းထည့်ရင်း စားပွဲပေါ်သို့ တင်ထားလိုက်သည်။


 ဒုတိယအဒေါ်ထံမှ ပန်ကိတ်များအား ရေနွေးထဲသို့ မစိမ်ဘဲ မြောင်ဟယ် မစားနိုင်ချေ။ ပန်ကိတ်စားရန် ပြင်နေစဉ် ခြံတံခါးအပြင်ဘက်မှ အသံထွက်ပေါ်လာ၏။ တစ်စုံတစ်ယောက် အိမ်သို့ ရောက်လာပုံရသည်။ တံခါးဖွင့်ပေးရန် ခွင့်မတောင်းဘဲ အိမ်တွင်းသို့ ဝင်လာသည့် အသံကိုနားထောင်ရင်

း မြောင်ဟယ်၏ ခန္ဓာကိုယ်လေး တုန်သွားရ၏။ 


ရန်သာ့လန် အိမ်သို့ ပြန်ရောက်လာလေပြီ။