Ch-81
Viewers 8k

အခန်း ၈၁


ယနေ့ ရာသီဥတုသာယာနေပြီး လှိုင်းတွေငြိမ်နေသလို ပင်လယ်ရှုခင်းမှာ ထူးထူးခြားခြား သာယာလှပနေလျက်။ ​​ကောင်းကင်ပြာပြာနှင့် နက်ပြာရောင်ရေတွေဟာလည်း အောက်မှာ ကူးခတ်နေတဲ့ ငါးတွေကို မြင်နေရသည်အထိ ကြည်လင်လွန်းလှပေသည်။ 


ပင်လယ်ရေမျက်နှာပြင်အထက်တွင် တိမ်စိုင်ဖြူဖြူတွေဟာ အစုလိုက်အပြုံလိုက် အထပ်အထပ်ဖြစ်နေရာ ထိပ်တစ်ဝိုက်တွင် ရွှေရောင်အလင်းတန်းတွေ ဖြာထွက်နေသလို လှိုင်းလုံးကြီးတွေဟာလည်း ငွေရောင်အလင်းတန်းအလား တောက်ပနေလျက်။ 


သူ့အရှေ့က ရှုမျှော်ခင်းမှာ လှပနေသော်ငြား ပင်လယ်ထဲမှာ အချိန်အကြာကြီးနေရသူတွေအဖို့တော့ ဒီလိုလှပတဲ့ရှုမျှော်ခင်းတွေကိုလည်း ငြီးငွေ့လာပေလိမ့်မည်။ 


ယခုအချိန်တွင် အလှပဆုံးရှုခင်းမှာ ပင်လယ်ရေမျက်နှာပြင်ပေါ်၌ လွင့်မျောနေတဲ့ ကျွန်းတစ်ကျွန်းဖြစ်ကောင်းဖြစ်နိုင်သလို အဝေးမှ ကမ်းခြေကို လှမ်း​မြင်နေရတဲ့ မြင်ကွင်းလည်း ဖြစ်နိုင်ပေသည်။ 


သင်္ဘောကမ်းကပ်ခါနီးအချိန်တွင် မည်သူမျှ စိတ်အေးအေးမထားနိုင်တော့၊ မည်သူမျှ စကားမပြောကြတော့ဘဲ သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကို တိတ်တဆိတ် တွေးတောနေကြလေပြီ။ 


လုယန် စစ်သင်္ဘောပေါ်မှ ဆင်းလာတဲ့အခါ အဝေးရှိ လူအုပ်ကြီးထဲမှ အထင်ပေါ်ဆုံးနှင့် အလှပဆုံး အမျိုးသမီးကို တွေ့လိုက်ရ၏။ သူမဟာ သွယ်လျလျခါးကောက်ကြောင်းကို ဖော်ပြထားတဲ့ အညိုရောင်ခါးပတ်နဲ့ အပြာရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားသည်။ 


သူမက သူ့ထံသို့ စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်းပြနေချိန်တွင် ပင်လယ်လေညင်းလေး တိုက်ခတ်သွားသဖြင့် သူမရဲ့ ဆံနွယ်ရှည်လေးတွေလည်း လွင့်မျောသွားရလျက်။ 


ထိုအမျိုးသမီးလေးက ပြုံးနေချိန်မှာ အထူးတလည် လှပသည်ပင်။ သူမရဲ့ ချစ်စရာကောင်းတဲ့ မြေခွေးမျက်လုံးတွေဟာ လခြမ်းသဏ္ဍာန်ဖြစ်သွားသလို လေတိုက်၍ လွင့်နေတဲ့ ဆံနွယ်ရှည်လေးတွေဟာ သူမရဲ့ နဖူးမှာ အသက်ဝင်နေတဲ့ လှိုင်းလုံးတွေကဲ့သို့ ဝေ့ဝဲနေလျက်။ သူမရဲ့ မျက်လုံးတွေဟာလည်း ပင်လယ်ရေမျက်နှာပြင်ထက်မှ ကြယ်တွေအလား လင်းလက်တောက်ပနေလျက်။ 


"လုယန်!!!!" 


… 


ပတ်ဝန်းကျင်၌ ပြန်လည်ဆုံဆည်းရတဲ့ ဝမ်းသာပျော်ရွှင်သံတွေ၊ ဆိပ်ခံဆီမှ မူးဝေခြင်းအကြောင်း ညည်းတွားသံတွေ၊ ကမ်းစပ်မှ လှိုင်းပုတ်သံတွေ စသဖြင့် အသံပေါင်းစုံဖြင့် လွန်စွာဆူညံနေခဲ့သည်... သူကိုယ်၌လည်း သူမအသံလေးကို ကြားရုံလေးသာ။ 


သူမကို မြင်လိုက်ရတဲ့ အခိုက်အတန့်တွင် သူ့စိတ်ထဲမှာ တစ်စုံတစ်ရာ ပေါက်ကွဲသွားရကာ သူ့မျက်လုံးတွေမှ ကြယ်လေးတွေ လင်းလက်သွားရသလိုပင်။ 


- ဒါဟာ ယမ်းမှုန့်ဂိုဒေါင်ထဲမှာ ထိုင်နေတဲ့ မြေခွေးမလေးပဲ။ 


အထူးသဖြင့် သူ့ကို ဖောက်ခွဲပစ်ဖို့ လာခဲ့တာပဲကွာ။ 


"ဇနီးလေး..." 


လုယန်က သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ လူအုပ်အတွင်းမှ လှပတဲ့မြေခွေးမလေးဆီ သွားပါတော့သည်။ 


နောက်ဆုံးတွင်မူ သူက သူ့ရဲ့ လွမ်းဆွတ်နေခဲ့ရတဲ့သူကို သူ့ရင်ခွင်ထဲမှာ ဖက်ထားနိုင်ခဲ့ပြီ။ 


"လုယန်" 


ဤအခိုက်အတန့်တွင် ချင်းရို့က စကားတစ်ခွန်းမှမပြောနိုင်လောက်အောင် စိတ်လှုပ်ရှားလွန်းနေခဲ့၏။ ရက်ပေါင်းများစွာ ခွဲခွာခဲ့ရပြီးနောက် သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားချင်ရုံသာ၊ ချင်းရို့ သူ့ရင်ခွင်ထဲ ရောက်သွားချိန်မှာတော့ သူမရဲ့ နှလုံးသားလေးဟာ ခုန်ပေါက်နေမိလျက်။ 


နောက်ဆုံးတော့ သူမ သူ့ရင်ခွင်ထဲ ပြန်ရှိနေနိုင်ပြီပဲ။ 


"လုယန် ကျွန်မ ရှင့်ကို အရမ်းလွမ်းနေခဲ့တာ" 


နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် စိတ်လှုပ်ရှားစွာ ပွေ့ဖက်နေကြကာ သူတို့ရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုနေကြ၏။ ဤဆိပ်ကမ်းတွင် သူတို့ကိုယ်တိုင်မှလွှဲပြီး တခြားသူတွေကို မမြင်နိုင်တော့ပေ။ 


ဘေးက အဖွဲ့ခေါင်းဆောင်ဖြစ်သူ ချန်ဖန်ဖေးက သူ့မိန်းမရဲ့ တံတောင်ဆစ်ကို တွန်းလျက် လူငယ်စုံတွဲကို ကြည့်ခိုင်းလိုက်ပြီး ရယ်ကာမောကာဖြင့် အရွှန်းဖောက်ပါတော့သည်။ "ကြည့်ဦး၊ သူတို့ကိုကြည့်လိုက်ဦး၊ တစ်ချက်ကြည့်လိုက်တာနဲ့ ကြင်စဦးမောင်နှံတွေမှန်း သိနိုင်တယ်ကွာ" 


"နောက်နှစ်နည်းနည်းကြာရင် ငါတို့လိုမျိုး အိမ်ထောင်သည်ဟောင်းတွေ ဖြစ်လာလိမ့်မှာပဲ"  


"ရှင် ဘယ်လိုဖြစ်ပြီး ဒီလောက်ခွတီးခွကျနိုင်နေရတာတုန်း?" 


သူ့မိန်းမက ပြုံးကာ သူ့အား သရော်လိုက်ရင်း "ငယ်ရွယ်တဲ့ လူငယ်စုံတွဲတွေက ဆက်ဆံရေးကောင်းကြတယ်" 


"သူတို့ခွဲရတာ သည်းမခံနိုင်ဘူးလေ" 


… 


ချင်းရို့က သူမအာရုံပြန်ရလာကာ ပတ်ဝန်းကျင်ရှိလူတွေရဲ့ စနောက်ရယ်မောသံတွေကြောင့် ရှက်သွေးဖြာသွားရ၏။ မည်သို့ပင်ဆိုစေကာမူ သူမကတော့ သူ့ကို လွှတ်ပေးဖို့ တွန့်ဆုတ်နေပြီး မျက်နှာနီနီလေးနဲ့ လုယန်ရဲ့ ရင်ခွင်ထဲသို့ တိုးဝင်ကာ သူ့ရင်ဘတ်ထဲက နှလုံးခုန်သံကို နားထောင်နေခဲ့သည်။ 


ပတ်ဝန်းကျင်မှာ အပြင်လူတွေသာ ရှိမနေခဲ့ရင် လုယန်က ရှက်သွေးဖြန်းနေတဲ့ မြေခွေးမလေးကို သူ့ရင်ခွင်ထဲမှာပဲ ထားထားရင်း အိမ်ပြန်ချင်ခဲ့သည်ပင်။ 


နှစ်ယောက်သား အချိန်အတော်ကြာ စေးကပ်ကပ်သကြားလုံးလို နေခဲ့ပြီးနောက် နောက်ဆုံးမှာတော့ လက်ချောင်းတွေ ရောယှက်ထားကာ လက်ချင်းတွဲပြီး အိမ်ပြန်ခဲ့ကြလေသည်။  


သူတို့ ကြင်စဦးကာလဖြစ်နေချိန်မှာပဲ တစ်လခွဲကျော်၊ နှစ်လနီးပါးခွဲနေခဲ့ရခြင်းပင်။ လုယန်က သူ့ဇနီးလေး ဘေးမှာပဲ တစ်ချိန်လုံးတွယ်ကပ်နေဖို့ မစောင့်နိုင်တော့၊ သူတို့ လမ်းလျှောက်နေစဥ်မှာပဲ သူ သူမကို ပွေ့ဖက်ထားချင်သလို နမ်းချင်နေပြီဖြစ်သည်။ 


"လုယန်…" 


သူ့ဇနီးလေးရဲ့ အသံက အရမ်းကောင်းတာပဲ၊ သူ့ဇနီးလေးက ဘယ်လိုလုပ်ပြီး ဒီလိုချိုချိုသာသာလေး ပြောနိုင်ရတာလဲကွာ။ 


အရင်တုန်းကတော့ လုယန်ဟာ သူ့နာမည်ကို ကောင်းတယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေမယ့် သူမရဲ့ ပါးစပ်က သူ့နာမည်ခေါ်တာကို ကြားလိုက်ရတိုင်း သူ့နှလုံးသားလေး တုန်ခါသွားရသလို သူ့ကို ကြည်နူးပျော်ရွှင်စေခဲ့သည်။ 


"သွားရအောင်..." ချင်းရို့ ကူကယ်ရာမဲ့စွာ ပြုံးလိုက်ရင်း "မြန်မြန်ပြန်ကြမယ်လေ" 


နှစ်ယောက်သား ခြံသို့ ရောက်သည်အထိ စကားစမြည်ပြောနေခဲ့ကြသည်။ ဘေးအိမ်က မစ္စတာကျန်းဟာ ပန်းပင်တွေ စိုက်ပျိုးနေဆဲ၊ သူတို့နှစ်ယောက် ပြန်လာတာကို မြင်တော့ သူက လုယန်ကို တကယ်ပဲ စကားပြောဆိုချင်ခဲ့သည်ပင် - သူက သူ့မိန်းမကို ကူညီပြီး ဟင်းသီးဟင်းရွက်တွေ၊ ပန်းပင်တွေ စိုက်ပျိုးပေးခဲ့ကြောင်း အစပြုကာ ရှင်းပြပြောဆိုပြီး ကြွားလုံးထုတ်ချင်နေခဲ့တာလေ... 


ရလဒ်အနေနဲ့ သူ့ကိုမြင်တဲ့အခါတိုင်း သူ့ကို နှုတ်ဆက်နေကျဖြစ်တဲ့၊ သူနဲ့စကားစမြည်ပြောချင်နေခဲ့တဲ့ ထိုလူဟာ သူ့ကို လစ်လျူရှုသွားခဲ့ပြီး ပြန်တောင်လှည့်မကြည့်ဘဲ အိမ်ထဲဝင်သွားတော့သည်။ 


လုယန်သည် ယခုအချိန်တွင် စေးကပ်ကပ်သကြားလုံးသာ ဖြစ်နေခဲ့ပြီး သူ့မိန်းမအနားသာ ကပ်နေချင်သည်ပင်။ 


မစ္စတာကျန်း၊ မစ္စတာစွင်း၊ မစ္စတာချင်းတွေဘာတွေ... သူ ဘယ်သူ့ကိုမှ မမှတ်မိတော့ဘူး။ 


ကျန်းချန်ပေ့: "…" 


- ငါ ဘာလို့ ခြံထဲမှာ အလုပ်လုပ်နေတာလဲလို့ မင်း မမေးချင်ဘူးလားကွ။ 


ကျန်းချန်ပေ့ သူ့လက်ထဲမှ ပစ္စည်းတွေကို စိတ်ပျက်လက်ပျက်ဖြင့် ပစ်ချလိုက်ပြီး သူ့မိန်းမနဲ့ စကားပြောဖို့ အပေါ်ထပ်တက်သွားလိုက်၏။ "ဟိုဘက်အိမ်က လောင်လုပြန်လာတုန်းက ငါ့ကို စကားတောင်မပြောဘူးကွာ၊ သူက ခြံထဲမှာ ငါလုပ်နေတာတွေကို ဘာလို့ဂရုမစိုက်ရတာလဲ... သူ ဘာလို့ အဲလိုဖြစ်နေရတာလဲ..? 


"သူနဲ့ ရှောင်ချာကျင်းတို့က အကြာကြီးခွဲနေရပြီးမှ ပြန်ဆုံကြတဲ့ လင်မယားတွေလေ၊ ရှင့်ကို ဘယ်သူက ဂရုစိုက်နေမှာတုန်း။ ရှင့်ကိုယ်ရှင် အထင်ကြီးလွန်းနေတာပဲ" 


ကျန်းချန်ပေ့: "... မနက်ဖြန် ငါ သူနဲ့ စကားပြောဖို့ အစပြုကြည့်ဦးမယ်" 


ဒါတွေက သူ့သဘောနဲ့သူလုပ်တာပဲကွ! ဒါဟာ ဘဝရဲ့ပျော်ရွှင်မှုအတွက်ပဲ! ခြံထဲမှာ သူက အတင်းအကြပ် ခိုင်းစေခံရတာ မဟုတ်ဘူး။ ဒါက ယောကျ်ားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာပဲ! 


*** 


"ကိုယ့်ဇနီးလေးကို သတင်းပို့ပါတယ်၊ ကိုယ် အရင်ရေသွားချိုးတော့မယ်" 


"သွား... သွားလေ..." 


"ကိုယ့်ကို နမ်းပါဦးကွာ..." 


ချင်းရို့ သူ့အား ဘယ်ဘက်ပါးရော ညာဘက်ပါးပါ နမ်းလိုက်သည့်အပြင် နှုတ်ခမ်းနဲ့ မေးစေ့ပေါ်မှာပါ နမ်းလိုက်ပြီး "သွား... သွားတော့..." 


"မလောက်သေးဘူး၊ ထပ်နမ်းပါဦးကွာ" 


ချင်းရို့လည်း ရွေးချယ်စရာမရှိတော့ဘဲ သူ့မျက်နှာကို ပွေ့ဖက်နမ်းလိုက်ရပြန်၏။ ဒီလူဟာ ခဏလေး ထွက်သွားခဲ့ရတာကို၊ သူက မူကြိုမသွားချင်တဲ့ ကလေးလေးထက် ပိုဆိုးနေတာပဲနော်။ 


အနမ်းပေးပြီးနောက် ဝက်ဝံကလေးကြီးဟာ မလှုပ်ရှားသေးဘဲ အဆရာင်တောက်နေတဲ့ မျက်လုံးတစ်စုံဖြင့် သူမကို ငုံ့ကာ စိုက်ကြည့်နေလျက်။ ချင်းရို့လည်း သိသဖြင့် ခြေဖျားထောက်ကာ သူ့မျက်နှာကို နှစ်ကြိမ်ထပ်နမ်းလိုက်ပြီးမှ နှုတ်ခမ်းဆီသို့ အာရုံစိုက်နမ်းလိုက်တော့သည်။ 


လုယန်က သူမကို အပြုံးလေးနဲ့ ကြည့်နေရင်း ဂုဏ်ယူစွာ ပြောလာခဲ့သည်။ "ဒီတစ်ကြိမ်က မင်းကိုယ်တိုင် အစပြုနမ်းတာပဲ၊ ကိုယ် မင်းကို နမ်းဖို့ပြောတာမဟုတ်ဘူးနော်" 


"ရေသွားချိုးလေ" ချင်းရို့ အပြုံးလေးနဲ့ သူ့ခေါင်းကို ပွတ်သပ်လိုက်လေသည်။ 


T/N: နှစ်ယောက်သား လူလွတ်တွေမို့ထင်တယ်၊ ချစ်သွားကြတာ ဒုံးပျံလိုမြန်နေရောပဲ။ ဟိ ဟိ အလွမ်းသယ်နေကြတာ တပိုင်းစာလောက်ရှိရော့မယ်။ အချိုတွေဇွတ်ကျွေးနေတာပဲကွယ်။ 


Thanks for reading!