Chapter 46
Viewers 6k

🧝Chapter 46




ရက်အနည်းငယ်ကြာသောအခါ၊

အလုပ်ရုံမှ တို့ဟူးတစ်ပုံးသယ်လာသည့် မြောင်လျန်က ချွေးတွေကို သုတ်လိုက်ပြီး ဆိုင်ရှင်ကထုတ်ပေးသည့်ပြေစာကို သူ့အဝတ်အစားထဲကို သေချာထည့်လိုက်သည်။


လကုန်တွင် အဆိုပါပြေစာများကို အခြေခံ၍ ငွေရေတွက်ရန် အလုပ်ရုံမှ လူများကို စားသောက်ဆိုင်သို့ စေလွှတ်မည်ဖြစ်သည်။ များသောအားဖြင့် မြောင်ယွမ်က ဤနေရာသို့ ရောက်ရှိလာပြီး ရံဖန်ရံခါ ၎င်းတာဝန်ကို ချွင်းကောအာထံ လွှဲပေးတတ်သည်။ ယောက်ျားသားတစ်ဖွဲ့က လက်မခံနိုင်ကြပေ။ဘာလို့ ကောတစ်ယောက်ကို ပိုက်ဆံသိမ်းခိုင်းရမှာလဲ...သို့ပေမဲ့ ဘယ်လိုနည်းနှင့်ပဲဖြစ်ဖြစ် မြောင်ယွမ်က ချွင်းကောအာက သူတို့တွေထက် အက္ခရာစာလုံးတွေကို ပိုမှတ်မိပြီး အမှားလုပ်မိမှာမဟုတ်ဟု  ပြောလေသည်။


မြောင်လျန်ကလည်း မင်ချွင်းကို အတော်လေး အာရုံစိုက်​နေခဲ့သည်။ ပုံမှန်အားဖြင့် သူသည် အနေအေးပြီး စကားနည်းသော ကောတစ်ဦးဖြစ်သည်မှာ ထင်ရှားသော်လည်း မြောင်လျန်က သူ့ကို ပြိုင်ဘက်အဖြစ် အလိုလိုမြင်သည်။မင်ချွင်းက စာ​ရေးစာဖတ်တတ်ပြီး အလုပ်ရုံမှ ငွေကို တွက်ချက်ရာတွင် ကူညီပေးနိုင်ရုံသာမက တိုဟူးအလုပ်ရုံရှိ အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အနုစိတ်ဆုံး အလုပ်ဖြစ်သည့် ပဲနို့ရည်ကို တိုဟူး​နှောင်းများအဖြစ် ခဲခြင်းအတွက်လည်း တာဝန်ယူထားသည်။


မြောင်ယွမ်၏ဝမ်းကွဲ မြောင်ကွမ်း သည်ပင် အလုပ်ရုံ၏ အဓိကနှင့် မနီးစပ်ပါချေ။ထက်မြက်သည့် ဒုတိယဦးလေး မြောင်ကျွယ်က ချွင်းကောအာလို အပြင်လူကို အနှီလျှို့ဝှက်ချက်ကို ဘာကြောင့် ပေးချင်ရသည်လဲ မြောင်လျန် နားမလည်ပေ။သို့သော် ဤကိစ္စနှင့် ပတ်သက်၍ မြောင်ကျွယ်ရှေ့မှာ  မည်သူမျှ ပါးစပ်မဟရဲကြပေ။အနားလေးသီလိုက်သည်နှင့် မြောင်ကျွယ်က တစ်ခုခုဖော်ထုတ်ချင်နေသည်လား၊ တူးထုတ်ချင်နေသည်လားဟူ၍ သံသယဖြစ်လိမ့်မည်။


သူများတွေ ဘာပဲထင်ထင် ဤတစ်ခေါက် သူ အကူအညီပေးနိုင်နိင် မနိုင်နိုင်လက်ရှိမှာ အဆုံးအဖြတ်ပေးပြီးသွားလောက်ပြီဖြစ်သည်။


ပြေစာရရှိပြီးနောက် မြောင်လျန်က ဆိုင်ရှင်ကျန်း နှင့် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောသလိုဆိုလိုက်၏။

"ဆိုင်ရှင်ကြီး...ယန်ရွှေစားသောက်ဆိူင်မှာ ဘယ်လိုအခြေအနေရှိလဲ... ကျွန်တော်တို့ရဲ့ အလုပ်ရုံက အသစ်ထွက်ထားတဲ့ တိုဟူးက သူတို့ကိုအများကြီး ခေါင်းကိုက်နေစေပြီဖြစ်ရမယ်"


ဆိုင်ရှင်ကျန်းက ပေးပို့မှု မှတ်တမ်းစာအုပ်မှာ မှတ်တမ်းတင်ရန် အလုပ်များနေသည်။ထိုအသံကိုကြားသောအခါ မျက်လွှာပင် ပင့်ကြည့်မလာပေ။

"ဆိုင်ရှင်က ခေါင်းကိုက်မကိုက်တော့ မသိဘူး...ဒါပေမဲ့ သူတို့မှာလည်း ဟင်းပွဲအသစ်တွေ ရှိတယ်...အဲဒါတွေက မင်းတို့ရွာရဲ့ တိုဟူးအရေခွံထက်တော့ မ​လျော့ဘူး"


ကိတ်မုန့်ကို အဖိုးတန် ရေခဲတုံးတွေနဲ့ အေးခဲထားသေးတယ်လို့ ငါ ကြားတယ်...ဒီအဆင့်မှာ ဘယ်သူက ယှဥ်နိုင်မှာလဲ... စစ်ပွဲမဟုတ်တဲ့ ရာဇ၀တ်မှုပဲ...မျက်မွှေးတဆုံးပဲကြည့်တတ်တဲ့ ဒီတောဇနပုဒ်ကလူတွေက အမြဲ အသစ်အဆန်းတစ်ခုခုဆိုရင် အံဩဘနန်း​ဖြစ်နေကြတယ်...


မြောင်လျန် မထိန်းနိုင်ဘဲ တိတ်တိတ်လေး ဝမ်းသာသွားသည်။

"ဟင်းအသစ်​တွေလား...သူတို့မှာ ဟင်းသစ်တွေ ထပ်ရှိပြန်ပြီလား...အရင်ဟင်းပွဲတွေက တစ်ခုခု ဖြစ်နေလို့လား... အဲဒါကြောင့် ဟင်းအသစ်တွေကို အပေါ်မှာ တင်ထားကြတာလား"


"ဘာဖြစ်ရမှာလဲ...  မင်းတို့ပေးတဲ့ တိုဟူး​နှောင်းနဲ့ တို့ဟူးအရေခွံကိုပဲ တွေးကြည့်စမ်း... ငါတို့ရဲ့ စားသောက်ဆိုင်က ပြန်ဖြည့်တင်းရလို့လား... မဟုတ်ဘူး နည်းတယ်၊ လုံးလုံးကျသွားတာ... ဟေ့ မင်း သူများအတွက် စိတ်ပူဖို့ အချိန်ရှိသေးရင် ဘာလို့ အလုပ်ရုံအတွက် စိတ်မပူတာလဲ"


တစ်ဖက်လူ၏ ကဲ့ရဲ့ခြင်းကို ခံရမှုကြောင့် မြောင်လျန် မျက်နှာ အနည်းငယ် ပူသွားသော်လည်း စိုးရိမ်မှုကပိုကဲနေသည်။

"ဒါပေမဲ့ ကျွန်တော် အရင်က သိထားတာက....."



ထိုအချိန်တွင် ဆိုင်ရှင်ကျန်းက စာအုပ်ကို ချလိုက်ပြီး သူ့ကို ကြည့်လာသော်လည်း လေသံက ပိုဆိုးလာသည်။ 


"မင်းအရင်က ဘာသိခဲ့တာလဲ...ယန်ရွှေလက်ဖက်ရည်ဆိုင်ရဲ့ ဟင်းပွဲတွေက ဘယ်ကလာလဲ မင်းသိတယ်ဆို​ပြီးပြောမှာလား...ငါ ပြောမယ် ဟိုအရင်က လူတော်တော်များများက သတင်းလာ​ပေးကြပေမဲ့ စားသောက်ဆိုင်က မမှန်တာတွေအများကြီးလက်ခံရရှိခဲ့တယ်...မင်းသတင်းပေးချင်လား...ရတယ် နောက်မှ မမှန်ရင် စျေးရဲ့ ဆယ်ဆ ပေးရမယ်... ဒါက ပိုင်ရှင်ရဲ့ စည်းမျဉ်းသစ်ပဲ"


ဆယ် ဆယ်ဆ ...မြောင်လျန်၏မျက်နှာက အေးခဲသွားသည်။သူ့မိသားစုက ဘယ်လိုလုပ် တတ်နိုင်မှာလဲ...


ဆိုင်ရှင်ကျန်း ၎င်းကိုမြင်သောအခါ သူ့ကို အခွင့်အရေးသမားနောက်တစ်ယောက်ဟု ထင်ပြီး လှောင်ပြောင်လေသည်။


"ဒါဆို ပါးစပ်ပိတ်​ပြီး ကိုယ့်အလုပ်ကိုယ် တိတ်တိတ်လေး လုပ်... အမြဲတမ်း ကောင်းကင်ကို ခြေတစ်လှမ်းထဲနဲ့ ရောက်ချင်နေပြီး ကိုယ့်မှာ ဒီလို ကံကြမ္မာ ရှိမရှိကျ မမြင်ဘူး...အလကား အချိန်ကုန်အောင်လာလုပ်နေတယ်"


ထိုနေ့တွင် မောင်းထုတ်ခံရလုနီးပါးဖြစ်သော မြောင်လျန်တစ်ယောက် ရှက်စိတ်နှင့် ဒေါသစိတ်များဖြစ်ကာ သုန်မှုန်နေသည်။


ဒါပေမဲ့ ဘယ်သူ့ကို အပြစ်တင်နိုင်မှာလဲ...ဒီခန့်မှန်းချက်က သူ့ကိုယ်ပိုင် ခန့်မှန်းချက်လေ...


ဒီစိတ်ကူးအတွက် သူ့မိသားစုက မြေဝယ်ဖို့ ပိုက်ဆံဘယ်လောက်ကုန်သွားပြီလဲ...ဒုတိယအဒေါ် မိသားစုဆီကတောင် နှင်ထုတ်ခံခဲ့ရတယ်...


ရွာကလူတွေက သူတို့မိသားစုကို ရန်သာ့လန်ရဲ့အိမ်ပျက်ကို ငမ်းငမ်းတက်လိုချင်နေတဲ့အတွက် ရယ်နေကြတုန်းပဲ...


အခု အကုန်လုံး အလကားဖြစ်သွားပြီလား...ဒါကို ဘယ်လိုလုပ်လက်ခံနိုင်မှာလဲ...


မဟုတ်ဘူး ခဏလေး...


သူအရင်က ဒီလိုအကြံအစည်မျိုး တစ်ခါမှမရှိဖူးဘူး...အကုန်လုံး မြောင်မင်းရဲ့အ​မေကြောင့် မဟုတ်ဘူးလား...


ဟုတ်တယ် ဒါတွေအားလုံးက သူမအပြစ်ပဲ...


သူ သူမကိုလွဲမှားယုံကြည်အောင်လို့

သူမကိုယ်သူမ ဖုံကွယ်လိမ်ညာခဲ့တာ...ဒါကြောင့် သူ့မိသားစုက ဒီလိုဖြစ်သွားရတာ...


မြောင်မင်းကလည်း ဒါကိုသိပေမဲ့ သူ့အမေနောက်မှာ ပုန်းနေတယ်...


ဘာမှမလုပ်ဘဲ အကျိုးအမြတ်အလကားရဖို့ စောင့်နေတာလား...



***


ရက်ပေါင်း 20 ကျော် ဆက်တိုက် မိုးမရွာဘဲ အပူက လူတွေကို သေလုနီးပါး ဖြစ်​စေသော နွေလယ်ခေါင်ဖြစ်သဖြင့် အိမ်သစ်၏ တိုးတက်မှုက မြန်ဆန်လာ​လေသည်။ မူလ တည်ဆောက်မှု နှစ်လတာ ကာလသည် အမှန်တကယ်ပင် ခြောက်ရက် ခုနစ်ရက်ခန့် စောပြီး ပြီးစီးခဲ့သည်။


ထိုညနေတွင် ရန်သာ့လန် နှင့် မြောင်ဟယ်တို့ စမ်းချောင်းထဲမှာ ရေချိုးပြီး ပြန်ရောက်ရောက်ချင်း အဒေါ်ရန်ထံမှ ဝမ်းသာစရာသတင်းကို ကြားလိုက်ရသည်။


"ဆရာလီက မင်းတို့အိမ် အဆင်သင့်ဖြစ်ပြီ မနက်ဖြန်ရွှေ့လို့ရပြီဆိုပြီး လူလွှတ်ပြောခိုင်းလိုက်တယ်"


နောက်တစ်နေ့တွင်၊ မြောင်ဟယ်  သာ့ပိုင်ကို ပွေ့ပြီး ရန်သာ့လန်၊ ဒုတိယအဒေါ်ရန်​နှင့် ဝမ်းကွဲနှစ်ယောက်တို့နှင့်အတူ အိမ်သစ်သို့ ရောက်ရှိလာသည်။


လွန်ခဲ့သောရက်အနည်းငယ်က အိမ်အသစ်၏အသွင်အပြင်သည် အမှန်တကယ်တိုးတက်ကောင်းမွန်လာခဲ့သည်။ စိမ်းပြာရောင် အုတ်ခဲများနှင့် အမည်းရောင်အုတ်ကြွပ်များဖြင့် အရောင်အဆင်းက ရိုးရှင်းပြီး အမြင်အေးသည်။ယင်းကိုအနက်ရောင် သစ်သားမှထွင်းထားသည့်ပန်းပြတင်းများ တပ်ဆင်ထားသည်။ချိတ်ခေါင်း၊နှင့် တံခါးဘောင်ပေါ်ရှိ ကျောက်ထွင်းလက်ရာများကို အသေးစိတ်နှင့် အလှဆင်ထားသည်။ ပတ်ဝန်းကျင်သစ်ပင်များဘက်တွင်လည်း သစ်ပင်များပို၍ထူထပ်ကာ စိမ်းလန်းစိုပြေပြီး သဟဇာတရှိသော လေထုလည်း ရှိလေသည်။ယင်းက လူတို့၏ စိတ်မြန်လက်မြန်ဖြစ်မှုကို များစွာဖယ်ရှားပေးလေသည်။


လီမင်က လူများရောက်လာသည်ကိုမြင်သောအခါ၊ ဤအိမ်သစ်တွင် သူကြိုးစားခဲ့သမျှကို ဂုဏ်ယူစွာ မိတ်ဆက်ပေးခဲ့သည်။မြောင်ဟယ် နှင့် အပြင်းအထန် ဆွေးနွေးပြီးနောက် ဇောက်ချကြိုးပမ်းထားခဲ့သည်များလည်း အပါအဝင်ပင်။


ဥပမာအားဖြင့်၊ ခန်းမများနှင့် အဆောင်များအတွက် အပူပေးကျင်းများနှင့် အခိုးထုတ်မြောင်းများသုံးထားသည်။မီးသွေးမီး​မွှေးထားရွေ့ ခြေဖဝါး သို့မဟုတ် ကုတင်အောက်ခြေက ပူနွေးလာမှာ သေချာ​လေသည်။ ပြတင်းပေါက်များသည် ပုံမှန်ထက် ပိုကြီးပြီး လေဝင်လေထွက်နှင့် အလင်းရောင် နှစ်မျိုးလုံးကို ထည့်သွင်းစဉ်းစားသည်။ အိပ်ခန်းအပြင်ကို မီးဖိုခန်းနှင့် ပင်မအခန်းကလည်း ယခု လင်းချင်းနေသည်။ဆောင်းရာသီအတွက် နှစ်ထပ်ပြတင်းပေါက်များလည်း ရှိသော်လည်း ပုံမှန်အတိုင်း လေယိုစိမ့်ခြင်းကနေ ပုန်းရှောင်ရန်မလိုပေ။


ဗဟိုခန်း(1)က အိမ်ရှိ အခြားကြမ်းပြင်များကဲ့သို့ အပြာရောင်အုတ်များဖြင့် ဖုံးအုပ်ထားသည်။ အိမ်ထဲကို ဝင်လိုက်သည်နှင့် ဖုန်မှုန့်တွေ ပြန့်ကျဲ​နေ၍ ဒုက္ခရောက်သည်မျိုးရှိတော့မှာ မဟုတ်ပေ။ 


ခေတ်မီဂျပန်အခန်း၏အသွင်အပြင်နှင့်ဆင်တူသည့် ပင်မအခန်းတွင် ဒူး​လောက်အမြင့်သစ်သားကြမ်းခင်းလည်းရှိသည်။ယင်းကို အိမ်မှာ ဖိနပ်စီးရန် မလိုအပ်သည့်မျက်မှောက်ခေတ်ကိုလွမ်းနေသည့် မြောင်ဟယ်က အထူးတလည် တောင်းဆိုထားခြင်းဖြစ်သည်။


ဖြစ်ချင်သည့်အခါ ရေစိုခံဆေးဖြင့် ခြယ်ထားသော အရောင်ဖျော့ဖျော့ သစ်သားကြမ်းပြင်ကလည်း အိမ်ထဲမှာ နက်ပြာရောင်ဖျော့ဖျော့လေး တောက်​နေပေသည်။ နေရောင်ခြည်က သစ်သားကြမ်းပြင်​ပေါ်ကို ကျရောက်နေသည့်အခါ ရောင်ပြန်ဟပ်မှု၏ အကျိုးသက်ရောက်မှုက ပိုကောင်း​လေသည်။ ထို့ကြောင့် မြောင်ဟယ် မှာယူထားသော ပရိဘောဂများကလည်း လိုက်ဖက်​နေသည်။ နံရံပေါ်တွင် ဗီရိုအနိမ့်တစ်လုံးနှင့် အလယ်တွင် စားပွဲနိမ့်တစ်ခုရှိသည်။ ဧည့်သည်ရှစ်ယောက်ကိုးယောက်လောက်ကို ဧည့်ခံရန် ပြဿနာမရှိပေ။



မီးဖိုခန်းတွင် သိုလှောင်ရန်ဗီဒိုများနှင့်လက်သမားသုံးခုံရှည်များများစွာ တပ်ဆင်ထားပြီး မီးဖိုအရေအတွက်ကိုလည်း သုံးခုအထိ တိုးမြှင့်ထားသည်။ ယင်လုံအိမ်သာကမူ ပိုထူးခြား၏။မြောင်ဟယ် biogas digester(2)မရနိုင်သည့်အတွက် စိတ်မကောင်းစရာဖြစ်သော်လည်း သန့်ရှင်းမှု၊အဆင်ပြေသောရေအသုံးပြုမှု နှင့်ရိုးရှင်းသောသန့်ရှင်းရေးအသေးစိတ်အချက်အလက်များအတွက်  အရည်အချင်းပြည့်မီသလောက်ဖြစ်သည်။


အိမ်သာက ပင်မအဆောက်အဦးအပြင်ဘက် အခြားထောင့်တွင် တည်ရှိသည်။ တံခါးလေးကိုဖွင့်ပြီး အပြင်ထွက်ရုံဖြစ်သည်။အပေါ်ထပ်မှာ တံစက်မြိတ်တစ်ခုရှိပြီး ခြေထောက်အောက်မှာ အစိမ်းရောင် အုတ်ကြမ်းခင်းတွေ ရှိနေသဖြင့် မိုးကြောက်စရာမလိုပေ။လမ်းဘေးတစ်ဖက်တစ်ချက်မှာသာ မြက်မွှေးပင်တွေ စိုက်ထားလျှင် လူတွေ နေ့စဥ် အဖြစ်အပျက်တွေကနေ ထွက်ပြေးချင်မှာမဟုတ်တော့ပေ။


ရေချိုးခန်းအသစ်လည်း ရှိသည်။ ရေချိုးကန်ကို တိုက်ရိုက်တည်ဆောက်သည်လောက် ဇိမ်မကျပေမဲ့ အတွင်းက ရေနုတ်မြောင်းနှင့် လေဝင်လေထွက်ကိုမူ သေချာစဉ်းစားထား၏။ ရေတွင်းတူးရန် နေရာကိုလည်း သီးသန့်ထားသည်။ ဤနေရာအနီးတွင် ဖြတ်သွားသော မြစ်တစ်စင်းရှိပြီး ရေတွင်းတူးပါက ရေထွက်ရှိရန် အခွင့်အလမ်း အလွန်မြင့်မားသည်။


အပြင်မှာ စိုက်ထားသည့် သစ်ပင်တွေကိုပင် လီမင်က ကျကျနန စီစဥ်ထားသည်က ပြောစရာပင်မလိုချေ။၎င်းတို့က ဗဟိုခန်းကို နေကွယ်မထားဘဲ နေ့ခင်းဘက်တွင် အိမ်ကို နေကွယ် ထား​ပေးနိုင်သည်။ယခုလို အ​သေးစိတ်စီစဥ်ထားမှုမျိုးက နွေရာသီမှာ အိမ်ထဲကို ဝင်လိုက်သည်နှင့်  အေးမြမှုကို အရိပ်အမြွက် ခံစားရစေသည်။


အိမ်အသစ်ကိုမြင်ပြီး ဒုတိယအ​ဒေါ်ရန်​လည်း အလွန်ပျော်သွားသည်။ရန်မိသားစု၏ အိမ်ဟောင်းကလည်း အပြာရောင်အုတ်​ကြွပ်မိုးအိမ် ဖြစ်၏။ရန်မိသားစု၏  မျိုးဆက်ဟောင်းများသည် အမဲလိုက်ရာတွင် ကံကောင်းစွာဖြင့် ကြီးမားသော မတော်တဆမှုများနှင့် မကြုံခဲ့ရခဲ့ပေ။ ငွေအနည်းငယ်စုဆောင်းပြီးနောက် ရွာတွင် အပြာရောင်အုတ်​ကြွပ်မိုးအိမ်အနည်းငယ်ကို ဆောက်လုပ်ခဲ့ကြသည်။


ရန်သာ့လန်က ဘာတစ်ခွန်းမှမပြောဘဲ အဒေါ်ရန်ကို ဤအခန်းထဲမှာ နေခိုင်းပြီးနောက် သူမက ရန်သာ့လန်ကို အမြဲအကြွေးတင်နေသလို ခံစားရ​လေသည်။ယခု သူတို့ ပိုကောင်းသည့်နေရာမှာနေနေရသဖြင့် သူမရင်နာနေခြင်းမျိုးမရှိတော့ပေ။


"ဒီမှာ အရမ်းကောင်းတယ်...ငါ အရင်က မ​တွေးဖူးတဲ့ဟာ​တွေလည်းအများ​ကြီးပဲ...ပိုကောင်းတယ်... သာ့တုန် မင်းရိုက်ထားတဲ့ဟာတွေ မြန်မြန် မင်းညီနဲ့ ရွှေ့လိုက်... ပြီးတော့ ပြီးခဲ့တဲ့ရက်တွေက ငါချုပ်ထားတဲ့ ကူရှင်အပျော့တွေလည်းယူခဲ့...ဒီ​နေ့ ငါ အိမ်ကိုပြင်ဆင်လိုက်မယ်...ဒါမှ ညဘက်​​နေဖို့ အိမ်​အသစ်​ရ​မှာ"


ရန်သာ့တုန်၏ မျက်လုံးတွေက တောက်ပနေပြီး ၎င်းကိုကြားလိုက်သည့်အခါ ရင်မခုန်ဘဲမနေနိုင်ပေ။

"ဒီအိမ်ကိုကြည့်ပြီးတာနဲ့ ​​ကောက ဘာလို့ ထူးဆန်းတဲ့ ပရိဘောဂတွေကို ရိုက်ခိုင်းတာလဲဆိုတာ နောက်ဆုံးတော့ သိလိုက်ရတယ်...ဒီလိုကိုး ဒီလိုကိုး...ဟားဟား ကောင်းလိုက်တာ... အမေရေ ကျွန်တော် အခု​ရွှေ့တော့မယ်... ညီလေးမြန်မြန်လာ"


ဆယ်ကျော်သက်အရွယ် ရန်သာ့ချွမ်းက မကြာသေးမီက သူ့အစ်ကိုထံမှ သစ်သားလုပ်ငန်းကို သင်ယူခဲ့သည်။ မည်သို့ပင်ဆိုစေ၊ရန်သာ့တုန် ၏လုပ်ငန်းသည် ပိုမိုအလုပ်များသထက် အလုပ်များလာကာ သူ့ကိုကူညီပေးရန် ညီအစ်ကိုများစွာရှိနေခြင်းက  ပိုမိုစိတ်ချရပြီး ပိုမိုလွယ်ကူလာစေသည်။


လီမင်လည်း စပ်စုချင်လာသည်။ 

"ဒါဆို အထူးပရိဘောဂတွေရှိတာလား... ဒီပရိဘောဂကို မင်းအိမ်မှာ ဘယ်လိုထားရမလဲလို့ ငါတွေးနေတာ... လာလာ မင်းတို့တွေ သူတို့နဲ့ လိုက်သွားကြမယ်...အိမ်ကိုမြန်မြန်လက်စသတ်...တ​ခြား ဘာလုပ်လို့ရမလဲ ငါကြည့်ရအောင်"


ထို့ကြောင့် ပရိဘောဂအားလုံးသည် အိမ်ထဲသို့ ရွှေ့လာကြသည်။


တစ်ခုပြီးတစ်ခု တပ်ဆင်ပြီးနောက်၊ အိမ်က နက်ပြာရောင် ကူရှင်အနည်းငယ်ဖြင့် ပိုကြီးလာဟန်ရှိပြီး ပိုသက်တောင့်သက်သာရှိလာလေသည်။


လီမင်က ၎င်းကိုကြည့်ကာခေါင်းတညိတ်ညိတ်လုပ်သည်။ 


"တကယ်လိုက်တယ်... လက်ရာကလည်းကောင်းတယ်၊​သေသပ်တယ်၊ဂရုတစိုက်ရှိတယ်၊ သိပ်ပြီးမကြီးကျယ်ဘူး... ဒီက သာ့တုန်ရှုန်းတိ တစ်ယောက်နဲ့တစ်ယောက် လိပ်စာလဲရအောင်... နောက်နောင် လာချင်တဲ့ ဧည့်သည်တွေလည်း ရှိလိမ့်မယ်...ဟယ်​ကောအာက ဒီအိမ်ရဲ့ပုံတွေအကုန်ဆွဲပြီးပြီ...ပရိဘောဂတွေအတွက် သေချာပေါက် မင်းကိုလာရှာမယ်"


ရန်သာ့တုန် ၎င်းကိုကြားသောအခါ အင်မတန်ပျော်သွားသည်။ဒုတိယအ​ဒေါ်ရန်မှာလည်း ရယ်ပြီး  ထပ်ခါထပ်ခါ ကျေးဇူးတင်နေခဲ့သည်။ 


ရန်သာ့တုန်က နောက်မှတွေးမိပြီးပြောလိုက်သည်။

"ငါမေ့လုနီးပါးပဲ... လှုပ်​ကုလားထိုင် နှစ်​ခုကျန်​​သေးတယ်​... ဒီဟာကို ဟယ်​ကောအာက ပြောထားတာ"


ထုံးစံအတိုင်း၊ ထိုနေ့တွင် ရန်သာ့တုန် လှုပ်ကုလားထိုင်အတွက် နောက်ထပ် ​အော်ဒါသုံးခုကို ရခဲ့သည်။


အိမ်ဆောက်ရတာ ပင်ပန်းလွန်းတယ်...အိမ်ပြန်ရောက်တာနဲ့ ကုလားထိုင်ပေါ် ထိုင်ပြီး  လှုပ်ရတာ ပျော်စရာတစ်မျိုး ဖြစ်ရမယ်...


လီမင် ဤအရာကို မြင်သည်နှင့် ချက်ချင်း သူဒါကိုဝယ်ရမည်ဟု သိလိုက်သည်။ တစ်ခုက သေချာပေါက် မလုံလောက်ပါ​ချေ။ သူဌေးတစ်ယောက်အနေနှင့် သူ့မှာ အထူးကတ်တစ်ခုရှိရမည်။ တခြားအလုပ်အဖွဲ့တွေမှာ နည်းနည်းရှိပေမဲ့ ကိုယ့်မှာတစ်ခုပဲရှိတယ်ဆိုရင်တော့ ရယ်ရမှာပေါ့မဟုတ်ဘူးလား...


နေ့ခင်းဘက်တွင် မြောင်ဟယ် သူ၏လက်စွမ်းကို ပြသခဲ့ပြီး ခရမ်းချဉ်သီးနှင့် ကြက်ဥမွှေကြော်၊ အသားနှင့် ခရမ်းခေါင်းသီးနှပ်၊တန့်ရှန်းနှင့် ကြက်စွပ်ပြုတ်၊ မုန်လာဥနီပန်ကိတ်စသည့် ဟင်းပွဲကြီးများကို ချက်ပြုတ်ခဲ့သည်။အဒေါ်ရန်တို့ ဇနီးမောင်နှံလည်း လာကူသည်။ လူတိုင်းသည် အိမ်သစ်တွင် တက်ကြွနေပြီး လီမင်တို့တ​တွေနှင့်အတူစားရသည့် နောက်ဆုံးထမင်းတစ်နပ်ကိုစားကြသည်။


အလုပ်အဖွဲ့ထဲက ကိုဖက်တီးက ထမင်းစားရင်း ဝမ်းနည်းနေပြီး အနာဂတ်မှာ ဒီလက်ရာကို မစားရရင် ကိုယ်အလေးချိန်ကျမှာ သေချာတယ်ဟု ဆို​နေလေသည်။


လူတိုင်းက ဝမ်းနည်းနေကြပေမဲ့ သူ့အတွက်လည်း ဝမ်းသာ​နေ​ကြသည်။ကိုဖက်တီးက တကယ်ဝလွန်းသဖြင့် ဝိတ်လျှော့ရန်လိုသည်ပင်။


ပြီးလျှင် ကမ္ဘာပေါ်မှာ ထာဝရတည်ရှိသည့်စားသောက်ပွဲဆိုသည်က မရှိပါချေ။


လွန်ခဲ့သည့် နှစ်လအတွင်း သူတို့ သံယောဇဥ်တချို့ ထိန်းသိမ်းထားနိုင်ခဲ့သည်။​မြောင်ဟယ်က လီမင်၏ မြို့ လိပ်စာကိုတောင်းပြီး သစ်ပင်ပေါ်ရှိ အသီးအနှံများ စား၍ရသည့်အချိန်ရောက်လျှင် တစ်ဘူးကို သေချာ​ပေါက်ပို့ပေးမည်ဟု ပြောခဲ့သည်။လီမင်ကလည်း အ​ရေထူသဖြင့် ငြင်းရန် ငြင်းဆန်ခဲ့သည်။ သူဆောက်ထားသည့်အိမ်ကို လာကြည့်ချင်သည့်ဧည့်သည်တွေရှိလျှင် ခေါ်လာမည်ဟုလည်း သူကပြော၏။


နှုတ်ဆက်ပြီးနောက် အလုပ်အဖွဲ့၏ လှည်းအချို့သည် နောက်ဆုံးတွင် လမ်းပေါ်ရောက်ရှိပြီး ထွက်ခွာသွားခဲ့သည်။အ​ဒေါ်ရန်နှင့် သူမသားနှစ်ယောက်က ကျန်သည့်ပစ္စည်းများကို တစ်ခုပြီးတစ်ခု ကူရွှေ့ပြောင်းပေးပြီးနောက် အိမ်ပြောင်းခြင်းက ပြီးသွားသည်။


ခြံဝင်းတံခါးအသစ်ကို ပိတ်လိုက်သောအခါ အိမ်က ရုတ်တရက် တိတ်ဆိတ်သွားလေသည်။


ညနေလေက အေးစိမ့်စိမ့်။ အဝေးက ပုစဉ်းရင်ကွဲတွေ၏ တေးဆိုသံတွေကတစီစီ။


မြောင်ဟယ် သက်ပြင်းတစ်ချက်ချကာ ပင်ပန်းနွမ်းနယ်မှု ပြင်းပြင်းကို ခံစားလိုက်ရသည်။


သည်ကနေ့ စကားအနည်းငယ်ပဲပြောခဲ့သည့် ရန်သာ့လန်က ​​မြောင်ဟယ်၏နဖူးကိုထိပြီးဆိုသည်။

"မင်းရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်"



မြောင်ဟယ် ထိုလူ၏လက်ကို ကိုင်လိုက်ပြီး ပြုံးလိုက်၏။


"ဒါပေါ့...ဒါ ကျွန်တော်တို့အိမ်ပဲလေ"