Chapter 93
Viewers 8k

🧝Chapter 93



လုပ်ငန်းပြီးသည့်အခါ မြောင်ဟယ်နှင့်ရန်သာ့လန်တို့သည်သူတို့၏ ကလေးနှစ်ယောက်ကို ဆု​မြို့မှာရှိသည့် နေရာအမျိုးမျိုးမှာ စားသောက်ရန် ခေါ်သွားကြသည်။ 


အဝတ်အစားအသစ်တွေ ထပ်ဝယ်ပြီးနောက် အိမ်ပြန်စိုက်၍ရသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးမျိုးစေ့တွေ ရှိမရှိ သိရန်အတွက် ဆေးဆိုင်ကြီးတွေ၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဆိုင်တွေကို သွားကြည့်ရန်လည်း မမေ့ပေ။ရိတ်သိမ်းမှုမှာအတော်လေးကောင်းသည်။ မြို့တော်နှင့် နီးသဖြင့် ဓလေ့ထုံးတမ်းပြင်ပမှ အချို့သော အရာများကို ဤနေရာတွင် ရံဖန်ရံခါ ရှာတွေ့နိုင်သည်၊ ဥပမာ- အစိမ်းရောင် စပျစ်သီး၊ ပန်းသီး၊ ချယ်ရီသီးနှင့် သခွားမွှေးသီးနှင့်အလွန်တူသော ပိုက်သခွားမွှေးသီးများ။


"ကျွန်​တော်တို့ စိုက်ဖို့ အသီးအနှံတွေ အများကြီးတွေ့တယ်... အဲဒါကို တွေးကြည့်ရင် တောင်တွေက မလုံလောက်ဘူး" 


မြောင်ဟယ်က ပြုံးပြုံးလေး ပြောလိုက်သည့်အခါ ရန်သာ့လန်က ရှားရှားပါးပါး လေးလေးနက်နက် တုံ့ပြန်နေပြီး ရှေ့တည့်တည့်ကိုပဲကြည့်​နေသည်။


"ဘာဖြစ်လို့လဲ"

မြောင်ဟယ် စိတ်ရှုပ်ထွေးသွားပြီး ခေါင်းလေးစောင်းကာ မေးလိုက်သည်။


သူက လမ်းပေါ်ရှိ လူများကြားထဲကို တည့်တည့်ကြည့်နေပြီး လမ်းဘေးရှိ ဘုန်းကြီးအိုတစ်ပါးရှိရာနေရာကိုဖြစ်ပုံရလေသည်။


ဘုန်းကြီးအိုတစ်ပါးက ဟောင်းနွမ်းစုတ်​ပြဲနေသော သင်္ကန်းကို ဝတ်ထားပြီး သပိတ်ဝိုင်းဝိုင်းကို ကိုင်ဆောင်ကာ လမ်းသွားလမ်းလာများဆီမှ ဆွမ်းခံနေသကဲ့သို့ တစ်စုံတစ်ခုကို ရွတ်ဆိုနေလေသည်။


ရန်သာ့လန်က နှုတ်ဆိတ်နေပြီးမှဆိုလာသည်။

"ကိုယ့်ရဲ့ကံကြမ္မာကို ဟောကိန်းထုတ်ခဲ့တဲ့ဆရာတော်"


မြောင်ဟယ် ခဏလောက်မှင်တက်သွားပြီးနောက် တုန်ယင်ကာသွားသည်။


စင်စစ်အားဖြင့် အနှီဆရာ​တော်၏ဟောကိန်းတွေက ရန်သာ့လန် ကို နှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့သည်။ ယခင်က ဆိုလျှင်ရန်သာ့လန်က အလွန်မျိုသိပ်တတ်ပြီး အကြောင်းမဲ့ စိုးရိမ်ပူပန်မှုတွေနှင့် ဝန်ထုပ်ဝန်ပိုးတွေကို တိတ်တိတ်လေး ထမ်းထားခဲ့သည်။ယင်းကအနှီဆရာ​တော်၏ကျေးဇူးတချို့တဝက်ပါသည်ဟု ဆိုနိုင်သည်။တောင်းဆိုသူက ရန်သာ့လန်၏အမေဖြစ်ပေမဲ့ မြောင်ဟယ် ထိုလူကို သဘောမကျဆဲဖြစ်လေသည်။


မြောင်ဟယ် အနည်းငယ် မျက်မှောင်ကြုတ်ကာ ရန်သာ့လန်ကို ဆွဲပြီး ထွက်သွားချင်ခဲ့သည်။ "လျစ်လျူရှုလိုက်...မမှန်ဘူး"    


ရန်သာ့လန်က တုံ့ဆိုင်းနေသလိုမျိူး မြောင်ဟယ်ကို ပြန်ကြည့်လာသော်လည်း "တာ့တာ့" "တာ့တာ့" ဟူသောအသံကို ကြားလိုက်ရသည်။


 ရန်သာ့လန်၏လက်ထဲက မန်ထိုနှင့်ဝေါ်ထိုက သူတို့အဖေ၏ စိတ်နေစိတ်ထားက ပုံမှန်နှင့်မတူသည်ကို သတိပြုမိပုံရ​​သောကြောင့် သူ့​လက်ထဲက သကြားလုံးလေးကို အမြန်ဆွဲယူပြီး အဖေဖြစ်သူကိူ မျှ​ဝေချင်နေခြင်းဖြစ်လေသည်။မျက်လုံးဝိုင်းဝိုင်းကြီးများက မသိနားမလည်မှုများနှင့် စိုးရိမ်ပူပန်နေမှုများ​ရောယှက်​နေကြသည်။


ရန်သာ့လန် အနည်းငယ်တန့်သွားပြီး တစ်ယောက်ချင်းစီကို နမ်းလိုက်သည်။


မန်ထိုနှင့်ဝေါ်ထိုက ပျော်ရွှင်စွာ ခစ်ခစ်ရယ်ပြီး ရန်သာ့လန်လည်း မရယ်ဘဲမ​နေနိုင်။


သူ သူ့ကိုယ်သူ ယုံကြည်သင့်ပြီး ဟောကိန်းများမှားကြောင်း သက်သေပြရန် ဆရာ​တော်ထံသွားရန် မလိုအပ်ပါချေ။


သူ့စိတ်ထဲက တုံ့ဆိုင်းနေမှုများကို ဘေးဖယ်ထားရင်း ရန်သာ့လန် မြောင်ဟယ်ကို နွေးထွေးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။


"အင်း သွားကြရအောင်"


"ကောင်းပြီ"


မြောင်ဟယ်တို့မိသားစုက ရုပ်ရည်ချောမောပြီး ဝတ်ကောင်းစားလှတွေဝတ်ထားသည့်အတွက် လမ်းဘေးမှာ အချိန်အနည်းငယ်ကြာအောင်နေမည်ဆိုလျှင် တခြားသူတွေ၏ အာရုံစိုက်ခြင်းကို ခံရမှာပါပင်။ဤကဲ့သို့ ခဏခဏ အကြည့်ခံရခြင်းမှ နောက်ဆုံးတွင် အာရုံစိုက်မှုများပိုဆွဲဆောင်မိသွားသည်။


မြောင်ဟယ်တို့မိသားစု လှည့်၍ ခြေလှမ်းအနည်းငယ်လှမ်းလိုက်စဉ် ရုတ်တရက် အသံခပ်အက်အက်တစ်သံကို ကြားလိုက်ရသည်။


"အမိတာဘ ...ဒီကဒကာ​လေးရန် ကျေးဇူးပြုပြီးနေပါဦး...ဆရာတော်တို့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အမှတ်မထင် တွေ့ခဲ့ဖူးပါတယ်"


ရန်သာ့လန်က ရပ်ပြီး လှည့်ကြည့်လိုက်သည်။ 

"မတွေ့ရတာ ကြာပြီ ဆရာတော်"


ဆရာသခင်က လမ်းကိုဖြတ်ပြီး သူ့နောက် လိုက်လာ​ခြင်းဖြစ်သည်။


ဆရာတော်က ခေါင်းငုံ့ပြီး မြတ်စွာဘုရား၏ နာမတော်ကို တစ်ဖန်ရွတ်ဆိုနေ​ပြန်သည်ကို မြင်သောအခါ မြောင်ဟယ်အမြန်ပြောလိုက်၏။

"ဒီနေ့ ဆရာတော်ကို မနှောင့်ယှက်​တော့ပါဘူး ...အရှင်ဘုရား တပည့်​တော်​တို့မှာ လုပ်စရာတွေရှိလို့"


ဆရာတော်၏ မျက်ခုံးရှည်ရှည်အောက်က မျက်လုံးတွေက မြောင်ဟယ်ကိုကြည့်လာပြီး၊၎င်းနောက် အသံ​ပြာ​ပြာဖြင့်ပြုံးရယ်လိုက်လေသည်။


"ဒီကကောအာ... စိတ်ပူစရာ မလိုပါဘူး...ဒကာလေးရန်ကို တောင်းပန်ဖို့ ဒီကိုလာခဲ့တာပါ"


"အမိတာဘ ဒကာလေးရန်...ဆရာတော်

ဒကာလေးအပေါ်မှာ အမှားလုပ်မိတာကို ဝန်ခံရမယ်... ဟိုတုန်းက ကံကြမ္မာကနေ စိတ်ဆန္ဒကြောင့် လွတ်မြောက်လိမ့်မယ်လို့ မထင်ခဲ့မိဘူး...အခု ဒကာလေးရန်က ကျုပ်ကို သင်ခန်းစာတစ်ခုပေးခဲ့တာပဲ... ဒီအကျိုးအကြောင်းကို လက်ခံပြီး ကျုပ်ဒီမှာစောင့်နေတာ...ဒကာလေးရန်ကိုကျေးဇူးတင်စကားပြောဖို့ပါ"


"ဆန္ဒ..."

ရန်သာ့လန် တန့်သွားသည်။


ဆရာတော်က ညင်သာစွာ ပြုံးကာမိန့်သည်။ 

"ဒကာလေးရဲ့ စိတ်နှလုံးထဲမှာ နားလည်ပါတယ်"

ထိုသို့မိန့်ကြားပြီးနောက် မြတ်စွာဘုရား၏ နာမတော်ကို ရွတ်ဆိုကာ လှည့်ပြီး ကြည်ညိုဖွယ်ကောင်းစွာ ထွက်ခွာသွားခဲ့သည်။


စကားအနည်းငယ်၊ အစ သို့မဟုတ် အဆုံးတို့မရှိ။


သို့သော် ရန်သာ့လန် ရထားလုံးမတော်တဆမှုကို ရုတ်တရက် သတိရသွားသည်။


သူ့ကံကြမ္မာ ပြောင်းလဲခြင်းက ထိုအချိန်မှ စတင်သည်။


ထိုအချိန်တွင် သူသာ သူ့ကံကြမ္မာကို လက်ခံ​ပြီး​နေပါက၊ သူ၏စိတ်ဝိညာဉ်ကို ပြောင်းလဲခဲ့သော မြောင်ဟယ်ပင်လျှင် ဒဏ်ရာအပြင်းအထန်ရလိမ့်မည်။


. . . အဲလိုသာဆို သူတို့ အတူတူပဲ ရှိနေဦးမှာလား 


ကံကောင်းထောက်မစွာ သူက ထိုးထွင်းမြင်နိုင်ခဲ့သည်။


သူ အထွန့်မတက်လိုပါချေ။သူက ချစ်ခြင်းမေတ္တာကို လိုချင်ပြီး ထိုသို့လုပ်ချင်သည့်ဆန္ဒရှိနေခဲ့သည်။


သူ လှည့်ကာ စိုးရိမ်တကြီးကြည့်နေသော သူ့​ကောလေးကို နှုတ်ဆက်လိုက်သည်။


သူတို့ လမ်းဘေး၌ရှိနေသည်ကိုလျစ်လျူရှုကာ ရန်သာ့လန် ခေါင်းငုံ့ပြီး တစ်ဖက်လူကို နမ်းလိုက်​သောကြောင့် လမ်းသွားလမ်းလာတွေဆီက မှတ်ချက်ပေးသံတွေထွက်လာပြီး ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။


​​မြောင်ဟယ် ချက်ချင်းပင် မျက်နှာနီမြန်းသွားသည်။

"ဘာလုပ်နေတာလဲ လမ်းဘေးမှာ"


"အဆင်ပြေပါတယ်...အိမ်ပြန်ကြရအောင်"

စိတ်အေးသက်သာရှိပြီး နားလည်မှုတွေ ကျေးဇူးတင်မှုတွေနှင့်။


ဖိစီး​နေခဲ့​သောဝန်အလေးချိန်၏ နောက်ဆုံးခြေရာက လေနှင့်အတူ ပျောက်ကွယ်သွား​လေသည်။


***


ဆုမြို့ခရီးစဉ်အတွက် ပိုက်ဆံအများကြီးကုန်ပေမဲ့ သူတို့ ပြန်လာချိန်မှာ ဇီးသီးဝိုင်တစ်ဝက်ကရောင်းထွက်သွားသည်။မြောင်ဟယ်တို့မိသားစု၏ အမြတ်ဝေစုက တေးငါးရာကျော်လေသည်။သေချာသည်ပင်၊ ဝိုင်ချက်ခြင်းလုပ်ငန်းဟာ ရှေးခေတ်ကတည်းက အလွန်အမြတ်အစွန်းရသည့် လုပ်ငန်းတစ်ခုဖြစ်ခဲ့ပြီး၊ ဆိုလိုသည်က မနှစ်က ဇီးသီးအသုတ်ဟာ သူတို့ကို ​​တေးတစ်ထောင်လောက်ရစေခဲ့သည်။


ထို့ကြောင့်၊ ဇီးသီးရိတ်သိမ်းရာသီတွင်၊ မြောင်ဟယ်တို့မိသားစုသည် အသီးများကို ဂရုတစိုက်ကောက်ယူပြီး ဆုမြို့သို့ ပို့လိုက်ကြသည်။


ဖန့်ကုန်းကုန်း ပြောခဲ့သည့် ကိတ်မုန့်အမှာစာနှင့်ပတ်သက်၍ တစ်စုံတစ်ဦးက နောက်မှ တရားဝင်လာမည်ဖြစ်သည်။မြောင်ဟယ်တို့တတွေက လက်ရာကို လက်ဖက်ရည်ဆိုင်သို့ လွှဲပြောင်းပေးလိုက်ပြီး ကုန်ကြမ်းများကို ထောက်ပံ့ပေးရန် သူ့မိသားစုတွင် တာဝန်ရှိ​လေသည်။ဤနည်းဖြင့် အရည်အသွေးကအတိအကျတူမှာဖြစ်သည်။လက်ဖက်ရည်ဆိုင်ကို လမ်းပြကူညီပေးလျှင် ဘာမှမမှားဟု မြောင်ဟယ် ယုံကြည်သည်။


ဤအစီအစဥ်များကို ယခုလေးတင်ပြုလုပ်ထားသော်လည်း ယခုနှစ်အစပိုင်းမှစတင်၍ ပျံ့နှံ့နေသည့် မိုးလေဝသသတင်းဆိုးက တိုးတက်မလာသေး​ပေ။ နွေဦးရာသီတွင် မိုးသိပ်မရွာဘဲ ယခုနှစ်အစတွင် နှင်းကျနည်းသဖြင့် လာမည့်နှစ်တွင် မိုးခေါင်ရေရှားနိုင်ဖွယ်ရှိသည်။


ယခုအချိန်သည် ဆောင်းဂျုံ ရိတ်သိမ်းချိန်နှင့် စပါးစိုက်ရာသီ မရောက်မီကာလဖြစ်သည်။ရေပြတ်လပ်မှုကြောင့် ရွာသူရွာသားများ အထိတ်တလန့်ဖြစ်ခဲ့ရသည်။ ကံအားလျော်စွာ၊ ချောင်းထဲကရေက နည်းလာပေမဲ့ ခမ်းမသွားသေး​ပေ။အလုပ်ပိုကြိုးစားသူတွေက အဝေးကနေရေသယ်ပြီး လယ်ကွင်းတွေမှာ ရေသွင်း၍ပင် ထိန်းထားနိုင်ကြဆဲဖြစ်သည်။


ဤနည်းဖြင့် ဆောင်းဂျုံရိတ်သိမ်းချိန် ဇွန်လအထိ သူတို့ခံခဲ့သည်။


မျှော်မှန်းထားသည့်အတိုင်း ယခုရာသီတွင် အထွက်နှုန်းမှာ ယခင်နှစ်များ၏ 30% သာရှိသည်။မြောင်ဟယ်တို့ မိသားစုမှ ငှားရမ်းထားသော ဂျုံမြေပမာဏသည် ယခင်နှစ်များနှင့် တူညီပြီး သိသိသာသာ ကောင်းမွန်သည်ဟု ဆိုနိုင်သည်။ရှီရန်အဆင့်​မြှင့်ပြီးနောက် ပိုမိုကောင်းမွန်သောမျိုးကွဲများသည် အရသာကောင်းရုံသာမက မိုးခေါင်ခြင်းကိုလည်း ခံနိုင်ရည်ရှိ၍ဖြစ်မည်။


ဤကွာခြားချက်ကို ရွာရှိလူအချို့က သတိပြုမိသော်လည်း အစပိုင်းတွင် သူတို့ငှားထားသောမြေက ချောင်းနှင့်နီးသည်ကိုပဲအားကျခဲ့ကြသည်။ဆည်ရေရရှိရန် ပိုမိုလွယ်ကူသောကြောင့် ၎င်းတို့က ထိုသို့ကောင်းကောင်းရိတ်သိမ်းနိုင်ခြင်းဖြစ်မည်ဟုသူတို့ထင်ခဲ့သည်။​မြောင်ဟယ်နှင့်ရန်သာ့လန်က များများစားစားမငြင်းမခဲ့ပါချေ။ အရည်အသွေးမြင့် မျိုးစေ့များကို လူအများသိအောင်ကြော်ငြာလိုပါက ၎င်းတို့ကို ဖြည်းညှင်းစွာ စိုက်ပျိုးရမည်ဖြစ်သည်။နှစ်ပေါင်းများစွာ ရလဒ်များက လူအများကိုဆွဲဆောင်နိုင်ပေလိမ့်မည်။


သို့ပေမဲ့ ဆောင်းဂျုံကလွတ်သွားသောအခါ စိုက်ထားသည့်စပါးတွေကို စိတ်ပူရန်ကျန်​​သေးသည်။


ရွာကလူတွေက မိုးပိုရွာရန် နေ့တိုင်း ဘုရားမှာဆုတောင်းကြသည်။


မြောင်ဟယ်တို့မိသားစုအခြေအနေအရ ရှီရန်ရှိသောကြောင့် စွမ်းအင်က ရေမလုံလောက်မှုအခြေအနေများကို သက်သာစေနိုင်ပုံရပြီး တောင်ပေါ်ရှိ သီးပင်စားပင်များနှင့် ဥယျာဉ်အတွင်းရှိ ဟင်းသီးဟင်းရွက်များမှာ ရေဓာတ်ပြည့်နေသေးသည်။ .


ကံမကောင်းစွာပဲ၊ ဇူလိုင်လထဲရောက်လာသည်နှင့်အမျှ ရာသီဥတုက အရင်နေ့တွေထက် ပိုပူလာပြီး နေ့လယ်ပိုင်း မိုးကြိုးမုန်တိုင်းပင် မတိုက်ဘဲ နေသာသည့်နေ့ဖြစ်နေတုန်းပါပင်။


ရက်ပေါင်းများစွာ အဆက်မပြတ် တောက်လျှောက်​နေသာနေပြီးနောက် သီးနှံအားလုံး ခြောက်ကပ်ကာ ညှိုးနွမ်းသွားကာ ချောင်းများနှင့် မြစ်များရှိ ရေပမာဏသည် ယခင်အဆင့်၏ ငါးပုံတစ်ပုံအထိ ကျဆင်းသွားခဲ့သည်။


လူတိုင်းက ၎င်းကိုတွေ့သည့်အခါ ဝမ်းနည်းသည့်မျက်နှာနှင့် သက်ပြင်းချကြသည်။ ယခုနွေရာသီတွင် ခြောက်သွေ့သော ရာသီဥတုကြောင့် မီးလောင်မှု ငါးကြိမ် ခြောက်ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။


ပူပြင်းသောရာသီဥတုနှင့် အတူ ရွာသူရွာသားတွေ၏ မျက်နှာတွေက ပိုပို တင်းမာလာသည်။


တစ်နေ့တွင် အဒေါ်ရန်က မြောင်ဟယ်တို့​အိမ်သို့ အလည်လာသောအခါ သတင်းကို စိုးရိမ်စွာ ပြောပြခဲ့သည်။


"တောင်ဘက်အခြေအနေက ပိုဆိုးတယ်လို့ ကြားတယ်... တောင်ရဲ့တောင်ဘက်ခြမ်းက လင်းကျားရွာကိုသိလား... စပါးခင်းတွေ အကုန်လောင်ပြီး သေကုန်ပြီလို့ပြောပြီး စားစရာသောက်စရာ တောင်းရမ်းစားသောက်ဖို့ ထွက်ပြေးတဲ့သူတွေ ရှိတယ်... အခု လင်းကျားရွာက ရေတွင်းထဲက ရေကိုတောင် ထပ်မငင်ချင်ကြ​တော့ဘူး...အားလားလား ဒီနှစ်အစတုန်းကလို ငါတို့ရွာက ဒီအခြေအနေက လွတ်နိုင်ပါ့မလား မသိဘူး"


သူမက ယခုလိုပြောသည့်အခါ မြောင်ဟယ် တိုက်တိုက်ဆိုင်ဆိုင် ပင်မအခန်း၏ ပြတင်းပေါက်ကနေအပြင်ကို ကြည့်လိုက်မိသည်။


အိမ်နောက်ဖေးက စိမ်းလန်းစိုပြေနေသေးသည်။ရှီရန်၏ စွမ်းအားဖြင့် ကာကွယ်ထား၍ သူတို့မိသားစုက လုံးဝသက်ရောက်ခံရခြင်း မရှိပေ။သို့ပေမဲ့ အပြင်က အခြေအနေကို မြင်ပြီး ရန်သာ့လန်က သံသယစိတ်မဖြစ်အောင် လက်ဖက်ရည်ဆိုင်ကို ပို့ပေးသည့် ဟင်းသီးဟင်းရွက်အမယ်တွေကို လျော့ချလိုက်ပြီဆိုသည်ကိုလည်း သူသိသည်။


မြောင်ဟယ်ကို ကာကွယ်​ခြင်းနှင့်ပတ်သက်လာလျှင် ရန်သာ့လန်က မြောင်ဟယ် ကိုယ်တိုင်ထက် ပိုတွေးပေးတတ်လေသည်။