Chapter 149
Viewers 12k

🌱Arc 4 - [ကျင့်ကြံရေးလောကတွင် လယ်စိုက်ခြင်း ]


Ch 149

မဟုတ်ဘူး... ဒါက လယ်စိုက်တာပဲ (၁)



သူတို့က "စပါးစိုက်ခြင်း"ကို ယခင်က တစ်ကြိမ်မှ မကြားဖူးပေ။ ထို့အပြင် ၄င်းက သေမျိုးများ သေမျိုးကမ္ဘာတွင် ပြုလုပ်ကြသည့် စိုက်ပျိုးရေးအလုပ်နှင့် ဆင်တူဟန် ပေါက်နေပေသည်။ 

ဒါပေမဲ့ အဲ့ဒါက ဒီလူအိုကြီးဆီက သင်ရမယ်ဆိုရင် အစွမ်းထက်တဲ့ အတတ်ပညာတစ်ခု ဖြစ်ရမယ် မဟုတ်လား...


တစ်ခုခုမှားနေသည်ဟု ခံစားနေရသည့် တစ်ဦးတည်းသောလူက အမတယွင်မုန့်ဖြစ်သည်။ သို့သော် သူက မှန်သည်လား အပြည့်အဝ မသေချာပေ။ 


အနည်းငယ်ကြာပြီးနောက် စွေ့ချီချောင်းက အိတ်ဆောင်အရွယ်လှိုဏ်ဂူထဲသို့ ဝင်ရောက်ကာ မြူနှင်းဝေလငါးကို ခေါ်လာပေသည်။ သူက သိက္ခာတော်ရချီဟုန်ကို လူတိုင်းနှင့် မိတ်ဆက်ပေးလိုက်သည်။ 

"အစ်ကိုချီဟုန်... အပြင်က ကျွန်တော်တို့အတွက် လျှောက်သွားဖို့ နည်းနည်း အန္တရာယ်များလွန်းနေလို့ ကျွန်တော်တို့က ဂျူနီယာတွေကို ခိုလှုံဖို့ ခေါ်လာတာပါ..."


ဂျူနီယာတွေလား... ဟုတ်ပြီ... သူပြောတာ မမှားတဲ့ပုံပါပဲ... 


သူတို့က ၄င်းကို ပိုဂရုတစိုက်တွေးလိုက်သည့်အခါ သိက္ခာတော်ရချီဟုန်၏ အမည်မှာ ရင်းနှီးသည်ဟု သဘောပေါက်သွားကာ ၄င်းမှာ ကျင့်ကြံခြင်းလောကတွင် နာမည်ကျော်သည့် အကြီးအကဲတစ်ယောက်၏ အမည်ဖြစ်သည်ကို သတိရသွားလေသည်။ သူက အမတထန်ဝေ့နှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း နာမည်ကျော်ကြားကာ လေးစားထိုက်နေဆဲ ဖြစ်သည်။ ကံမကောင်းစွာဖြင့် သူက လွန်ခဲ့သည့် နှစ်များက ကျဆုံးသွားခြင်းဖြစ်သည်။ 

ဒါပေမဲ့ သူတို့က သူ့ရဲ့ အကြွင်းအကျန်ဝိညာဉ်နဲ့  ဒီနေရာမှာ အဆက်အသွယ်လာရမယ်လို့ ဘယ်သူက ထင်မှာလဲ... ဒါက ဆန်းကြယ်တွေ့ဆုံမှုတစ်ခု တကယ်ကြီး ရှိနေတယ်ဆိုတာ သက်သေပြတာပဲ... 


သိက္ခာတော်ရချီဟုန်က စွေ့ချီချောင်း၏ စကားများကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။ 

"မင်းက ဘာကို ဆိုလိုတာလဲ... သူတို့ကို ငါနဲ့ လယ်စိုက်ဖို့ ဒီထဲကို ပို့လိုက်တာ မဟုတ်ဘူးလား... ပြောင်းဖူးနဲ့ ကန်စွန်းဥတွေက ခူးပြီးသွားပြီလေ... အခုဆို နောက်ထပ်သီးနှံစိုက်ဖို့ အချိန်ရောက်ပြီ..."


လူတိုင်း - "..."


ဘာကြီး... ဘာတွေ ဖြစ်နေတာလဲ... 

သိက္ခာတော်ရချီဟုန်က စကားထပ်ပြောလာလေလေ လူတိုင်းက စိတ်ရှုပ်လာလေလေ ဖြစ်ပေသည်။ 

သူက ဘာလို့ ပြောင်းဖူးတွေ ကန်စွန်းဥတွေကို ပြောလာတာလဲ... အဲ့ဒါက ဘယ်လို ကျင့်ကြံခြင်းအတတ်လဲ...


အမတယွင်မုန့်က သေမျိုးကမ္ဘာရှိ မြို့တစ်ခုအတွင်း၌ ယခင်က တွေးနေခဲ့သည်မှာ ရုတ်တရက် သူ့စိတ်ထဲတွင် ပေါ်လာလေသည်။ ရှစ်ရှု့က အိတ်ဆောင်အရွယ် လှိုဏ်ဂူမှ အစားအသောက်များစွာကို ထုတ်လာခဲ့စဉ်ကဖြစ်သည်။ ထိုအချိန်က သူထိုသို့လုပ်သည်မှာ ထူးဆန်းသည်ဟု တွေးခြ့မိရာ ရှစ်ရှု့အား ဤအစားအသောက်များကို မည်သည့်နေရာမှ ရသည်ကို မေးခဲ့ပေသည်။ စွေ့ချီချောင်းက ၄င်းမှာ အိတ်ဆောင်အရွယ် လှိုဏ်ဂူထဲတွင် စိုက်ထားသည်ဟု ပြန်ဖြေသော်လည်း အမတယွင်မုန့်က ထိုအချိန်က မယုံခဲ့ပေ။ သူက စွေ့ချီချောင်းကိုပင် ဆိုလိုက်၏။ 

"ဆရာတူဦးလေးက ဘိုးဘေးရှစ်ရှု့ကို နေ့တိုင်း အလုပ်အကျွေးပြုရတဲ့အပြင် တစ်နေ့ ထမင်းသုံးနပ် ချက်ပေးပြီး ကိုယ့်ဘာသာ စာဖတ်ပြီး ကျင့်ကြံနေတာ... အစားအသောက်စိုက်ဖို့ ဘယ်မှာ အချိန်ရှိလို့လဲ..."


ယခုတွင် သိက္ခာတော်ရချီဟုန်ကို ကြည့်ကာ အဖြေရသွားလေသည်။ သူက တစ်ကိုယ်တည်း တွေးလိုက်လေသည်။ 

"အဲ့ဒါက လယ်တောက်လျှောက်စိုက်ပေးမဲ့ အဘိုးအိုကြီးလား..."


စွေ့ချီချောင်းက ရယ်မောကာ ပြန်ဖြေလိုက်သည်။ 

"ကောင်းပြီ... ခင်ဗျား သတိပေးတာ မှန်တယ်... တကယ်တော့ သူတို့ကို ဒီမှာ အလကားနေခွင့်ပေးလို့ မရဘူးလေ..."


လူတိုင်း - "..."


သူတို့က ဤ ယွီလင်းဂိုဏ်း၏ ၁၃ခုမြောက် မျိုးဆက် အကြီးအကဲအစ်ကိုလေးက စကားပြောသည်ကို လုံးဝ မကြားဖူးပေ။ ထို့အပြင် သူက ပထမဆုံးအကြိမ် ပါးစပ်ဖွင့်လိုက်သောအခါ ကြောက်စရာကောင်းသည့် စကားက ထွက်လာပေသည်။ 


စွန်းဖုယန်က ကြောင်အကာ ဆိုလိုက်သည်။ 

"ဒါက... ဆရာတူဦးလေး... ဒါက အိတ်ဆောင်အရွယ်လှိုဏ်ဂူမဟုတ်ဘူးလား... သိက္ခာတော်ရချီဟုန်က လယ်စိုက်ဖို့ တာဝန်ယူထားတာလား... သူက ကျွန်တော်တို့ကို စပါးတွေ ရိတ်ရသလိုမျိုး ဘယ်လိုလယ်စိုက်ရမလဲ သင်ပေးမယ်လို့ ပြောလိုက်တာလား..."


စွေ့ချီချောင်းက နောက်မှ ဝင်လာ၍ သိက္ခာတော်ရ ချီဟုန် ပြောလိုက်သည့် ပထမဆုံးအပိုင်းကို မကြားသေးပေ။ သူက လူအိုကြီးကို အတည်ပြုသည့်အနေဖြင့် ကြည့်လိုက်သည်။ 


သိက္ခာတော်ရချီဟုန်မှာ မရှက်ရွံ့ဘဲ ယခင်က ပြောခဲ့သည်ကို ထပ်ပြောလိုက်သည်။ 

"ဟုတ်တယ်... ငါ သူတို့ကို စပါးစိုက်ဖို့ ပြောနေတာ... ငါ့ရဲ့ ကျင့်ကြံခြင်းအရည်အချင်းက အတော်လေး ကောင်းပေမဲ့ တခြားလူအိုကြီးတွေနဲ့ ယှဉ်ရင် အမြင့်ဆုံးလို့ ငါမထင်ဘူး... တကယ်ဆို ငါ့ရဲ့ ကျင့်ကြံခြင်းအရည်အချင်းနဲ့ဆို တပည့်တွေအများကြီး လက်ခံဖို့ လုံလောက်တယ်လို့ ငါပြောမှာ…”


လူတိုင်း - ...ခဏလေး... ကျေးဇူးပြုပြီး ရှင်းပြပါဦး... ခင်ဗျားရဲ့ ကျင့်ကြံဆင့်က နှိုင်းယှဉ်ရရင် အမြင့်ဆုံး မဟုတ်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ... နှိုင်းယှဉ်စရာ လူဘယ်နှယောက် ရှိလို့လဲ...


စွေ့ချီချောင်းက အခြားကျင့်ကြံသူများ၏ ခံစားချက်များကို အာရုံမစိုက်ဘဲ ဆိုလိုက်သည်။ 

"လူတိုင်းပဲ... ကျွန်တော် အမတထန်ဝေ့ကို မေးတော့ သူက ဘာဖြစ်တာလဲ စုံစမ်းလိုက်မယ်လို့ ပြောတယ်.... ဒါပေမဲ့ ကျွန်တော်တို့ မြူနှင်းနယ်မြေက ထွက်မသွားနိုင်ခင် အချိန်နည်းနည်းယူရလောက်တယ်ဆိုတော့ အားလုံးပဲ ဒီမှာခဏ နေရလောက်တယ်... ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီလယ်ကွင်းတွေထဲမှာ အပင်အသစ်တွေ စိုက်ရမဲ့အချိန်ပဲ... ကျေးဇူးပြုပြီး ကူညီပေးပါဦး..."

သူက သူတို့အား အကူအညီတောင်းခြင်းနှင့် ပတ်သတ်၍ ဘာမှမမှားသကဲ့သို့ အလွန် မှန်ကန်နေပုံဖြင့် ပြောလိုက်ပေသည်။ မည်သို့ပင်ဆိုစေ သူတို့က အိတ်ဆောင်အရွယ်လှိုဏ်ဂူထဲတွင် ပုန်းနေရန် သူ့ခွင့်ပြုချက်ကို ရရှိခဲ့ပေသည်။ ၄င်းက သူတို့၏ အားစိုက်ထုတ်မှု အချို့ရှိမှာသာလျှင် မှန်ကန်ပေသည်။ 


သီးနှံများကြားတွင် လှည့်ပတ်ခြင်းတစ်ခုရှိပြီး ယခင်က ရိတ်သိမ်းမှုမှာ ပြောင်းဖူးနှင့် ကန်စွန်းဥများဖြစ်ရာ ဤတစ်ကြိမ်တွင် ပဲဖြစ်ပေမည်။ 


လူတိုင်း - "..."


သူပြောသည်က ကျိုးကြောင်းဆီလျော်သော်လည်း...


သူတို့က ဘာလို့ ဒီအခြေအနေက အရမ်းဖရိုဖရဲနိုင်တယ်ဆိုတဲ့ ခံစားချက်တစ်ခု ရှိနေတာလဲ... 


"ဒါပေမဲ့.... အဲ့ဒါတွေစိုက်ပြီး ဘာလုပ်မှာလဲ... ယွီလင်းဂိုဏ်းတစ်ခုလုံးက ဒီလောက် အစားအသောက်တွေအများကြီး မကုန်ဘူးမလား..."

ယွီယန်ဝင်ပေါက်မှ ကျင့်ကြံသူတစ်ဦးက ဆက်တိုက်မေးလာပေသည်။ 


စွေ့ချီချောင်းက မဖြေနိုင်မီမှာပင် အမတယွင်မုန့်က ရုတ်တရက် ရေရွတ်လိုက်သည်။ 

"ကမ္ဘာပေါ်က နေရာတိုင်းမှာ ဖြစ်နေတဲ့ ကပ်ဆိုးတွေ ရှိတယ်..."


အမတယွင်မုန့်က ဉာဏ်အလင်းပွင့်သွားပုံရသည်။ သူတို့အများစုကမူ  လွန်ခဲ့သည့် နှစ်ရာချီတွင် ကျင့်ကြံခဲ့၍ သူတို့မိသားစုများနှင့် မိတ်ဆွေများက သေဆုံးသွားသည်မှာ ကြာပြီဖြစ်သည်။ သို့သော် ဆရာတူဦးလေး(စွေ့ချီချောင်း)အတွက်မူ ဂိုဏ်းထဲဝင်သည်မှာ တစ်နှစ်ပင် မရှိသေးပေ။  သူက သေမျိုးလောကအတွက် ခံစားချက်များ နက်နက် ရှိုင်းရှိုင်း ဖြစ်နေဆဲဖြစ်သည်။


ဖြစ်နိုင်သည်မှာ ဆရာတူဦးလေး၏ အတွေ့အကြုံများကြောင့် သူက သဘာဝဘေးအန္တရာယ်၏ သားကောင်များကိုသနား၍ ယွီလင်းဂိုဏ်း၏ လိုတရမြေကွက်များနှင့် အိတ်ဆောင်အရွယ်လှိုဏ်ဂူများအတွင်းရှိ အဆုံးအစမရှိသည့် မြေဩဇာကောင်းသည့် မြေကို မြင်သောအခါ သူ့ စိတ်ဝင်စားမှုက တိုးတက်လာပြီး သူတို့က သေမျိုးများကို အစားအသောက်ထောက်ပံ့ပေးရန် လိုလာခဲ့လျှင် ပေးနိုင်ရန် ၄င်းတို့ထဲတွင် အပင်များစိုက်လိုက်ခြင်း ဖြစ်နိုင်ပေသည်။ 


သူက လွန်ခဲ့တဲ့ရက်တွေက ရောက်ခဲ့တဲ့မြို့မှာ ကပ်ဘေး ဖြေဖျောက်မှုအတွက် အစားအသောက်တွေကို ထောက်ပံ့ပေးဖို့ပဲ ရည်ရွယ်ရင် တစ်ခါတည်းနဲ့ အဲ့လောက် အစားအသောက်တွေအများကြီးကို ဘယ်လိုလုပ်ပြီး ထုတ်လာနိုင်မှာလဲ... 

သူက ယခင်အချိန်များကပင် ပြင်ဆင်ခြင်းများကို ပြုလုပ်နေရပေမည်။ 


အခြားသူများက အမတယွင်မုန့်၏ စကားများကို ကြားသည်နှင့် စွေ့ချီချောင်း၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်းနားလည်ပေသည်။ 


ရိုးရိုးသားသားဆိုရလျှင် စွေ့ချီချောင်းက အဘယ့်ကြောင့် လယ်စိုက်နေသည်မှာ သူတို့အတွက် အရေးမပါလှပေ။ သူတို့၏ အဓိကပူပန်မှုမှာ သူတို့က မည်သို့ပင်ဆိုစေ သူ့ကို အာခံနိုင်မည်မဟုတ်ခြင်းပင်။ သူတို့ရှိနေသည့် အိတ်ဆောင်အရွယ်လှိုဏ်ဂူကို စွေ့ချီချောင်း ပိုင်ဆိုင်ပေသည်။ သူတို့အားလုံးက အမတထန်ဝေ့မှာ ၄င်းကို စွေ့ချီချောင်းထံမှ ထုတ်လာသည်ကို မြင်ဖူးပြီးဖြစ်ကာ ဤသည်မှာ စွေ့ချီချောင်းက သူ့၏ စိတ်ဝိညာဉ် လက်နက်မှ ပစ်လွှတ်လိုက်သည့် အစွမ်းထက်သည့် ပစ်ချက်ကို ထည့်ပင်မတွက်ထားပေ။ 

မူလက လူတိုင်းမှာ အပြင်တွင် ဘာဖြစ်နေသည်ကို စိုးရိမ်နေကြပေသည်။ နှင်းတောင်ပြိုခြင်းနှင့် ငလျင်များက သူတို့ကို ရှေးဟောင်းဒဏ္ဍာရီတစ်ခုကို သတိရစေသည်။ ယခုတွင် စွေ့ချီချောင်းက အမတထန်ဝေ့မှာ ၄င်းကို တာဝန်ယူမည်ဟု ပြောကာ သူတို့၏ စိုးရိမ်မှုကို ဖြေဖျောက်ပေးလိုက်သည်။ သို့ဖြစ်၍ သူတို့က စိတ်အေးလက်အေး လယ်စိုက်နိုင်သည်မှာ သဘာဝ ဘေးအန္တရာယ်တစ်ခုက လုံးဝ မဖြစ်ခဲ့သလိုပင်။ 


သိက္ခာတော်ရချီဟုန်က လူတိုင်းကို သူ့အတန်းတက်ရန် ဆင့်ခေါ်လိုက်သည်။ သူ လူများစွာကို မြင်ခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပြီး ၄င်းမှာ သူ့လက်အောက်တွင် မရေမတွက်နိုင်သည့် တပည့်များ ရှိခဲ့စဉ်က ယခင်နေ့ရက်များကဲ့သို့ပင်။ သူ့တာအိုကို ရှင်းပြရန် ထိပ်ဆုံးတွင် ထိုင်ခဲ့စဉ် သူ့အောက်မှ လူတိုင်းက သူ့၏ မိန့်ခွန်းကို နားထောင်နေစဉ်တွင် ယစ်မူးနေသော အမူအရာတစ်ခုစီ ရှိကြသည်။ 


သို့သော် ယခုတွင် သူ့အောက်မှ လူတိုင်းက မစင်စားမိသကဲ့သို့ အမူအရာတစ်ခု ရှိနေပေသည်။ 


"အရင်ဆုံး မျိုးစေ့ကောင်းကောင်း ရှိဖို့က အရေးကြီးတယ်..."

သိက္ခာတော်ရချီဟုန်က သူ့လက်ထဲတွင် ပုံစံပျက်နေသော မျိုးစေ့အချို့ကို ကိုင်ပြီး လူအုပ်ကို ပြလိုက်သည်။ 

"ဒါတွေကို ကြည့်လိုက်... ဒါတွေက ပိုးမွှားတွေကြောင့် ပျက်စီးနေပြီး သုံးမရတော့တာ အသိသာကြီး..."


ထို့နောက် သူက ပြီးပြည့်စုံသော အခြေအနေရှိ မျိုးစေ့များကို ပြလိုက်ကာ ပြောလိုက်သည်။ 

"ဒါတွေက မင်းတို့ စိုက်ချင်တဲ့ဟာတွေပဲ... ပြည့်ဖြိုး သန့်ရှင်းပြီး အညစ်အကြေးမရှိဘူး... ဘယ်လောက်လှလဲ ကြည့်ပါဦး..."


သင်ခန်းစာပြီးနောက် ကျင့်ကြံသူများက သူတို့ကိုယ်သူတို့ မျိုးစေ့များ ခွဲခြားရေးတွင် နစ်မြှုပ်ထားလိုက်သည်။ သူတို့က ငြိမ်သက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ထံမှ ဖိအားပေးခံရကာ ရှားပါးဖြစ်တည်မှုအဆင့် ဆရာသမားတစ်ဦးထံမှ ပဲစိုက်ရန် သင်ကြားခံရသည်က သူတို့အတွက် ဤမျှ ပြဿနာကြီး မဟုတ်ပေ။ 


မည်သို့ပင်ဆိုစေ သူတို့က အလွန်လျင်မြန်စွာ စိုက်ပျိုးလိုက်သည်။ လိုအပ်သည့် ဗဟုသုတများကို နားလည်ပြီးနောက် ကျင့်ကြံသူများက သူတို့၏ အရည်အချင်းကို စတင်ပြလာပေသည်။ သူတို့ထဲမှ တစ်ဦးက အစေ့များအားလုံးကို မရန် လေတစ်ဝှေ့ကို ဆင့်ခေါ်လိုက်ပြီး သူတို့၏ စံနှုန်းနှင့် မကိုက်ညီသည့်တစ်ခုကို ခွဲခြားရာတွင် ၄င်းတို့ကို ဓားတစ်ချက်ချက်တည်းဖြင့် ဖုန့်မှုန့်အဖြစ်သို့ ပြောင်းလိုက်ပေသည်။ 


အောင်မြင်သည့် မျိုးစေ့များက မြေပြင်ပေါ်တွင် ခပ်ကျဲကျဲ ပြန့်ကျဲသွားသည်။ ထို့နောက် သိက္ခာတော်ချီဟုန်၏ အရည်အချင်းကို ပြသရန် အချိန်ရောက်လာပေသည်။ သူက အစေ့ ၁၀စေ့ဆီသို့ နက်နဲယန်၏ မီးအစစ်အမှန်ကို ထုတ်လွှတ်လိုက်သည်။ အခြားသူများက သူမန္တန်ရွတ်သည်ကို ကြည့်ကာ စွဲလနမးလုနီးပါးဖြစ်နေ၏။ သူက နေရာအကျယ်ကြီးကို ဖုံးအုပ်ရန် မီးကို မည်မျှပင် တိတိကျကျ ထိန်းချုပ်နိုင်သည်မှာ အမှန်ပင် ရှောင်လွှဲ၍ မရနိုင်ပေ။ 


နောက်ဆုံးတွင် မျိုးစေ့များက ပြီးပြည့်စုံသည့် အခြေအနေသို့ ရောက်သွားသည်။ အပူချိန်က မျို့စေ့၏ အပေါ်ယံလွှာကို မဖျက်ပစ်ဘဲ ရေပါဝင်မှုက လုံလောက်ပေသည်။ သိက္ခာတော်ရချီဟုန်က မီးထုတ်ခြင်းကို ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြုံးလိုက်သည်။ 

"ကောင်းတယ်... မျိုးစေ့တွေ အေးသွားရင် ငါတို့ ထပ်ပြီး ကောက်ကြမယ်..."

သူက ၄င်းမှာ ကျောက်တုံးတစ်တုံးကို ကောက်ယူခြင်းသကဲ့သို့ ဆိုလိုက်သည်။ ကျင့်ကြံသူများက ဤသည်မှာ ကျွမ်းကျင်သူတစ်ဦး ပြုမူသင့်သည့်အရာဟု တွေးကာ သူ့အား ချီးကျူးလိုက်ကြသည်။ 


ဤတစ်ကြိမ်တွင် သူတို့က အစေ့များကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်နေစဉ်တွင် ပြန်ပေါ်လာသည့် စွေ့ချီချောင်းကိုကြည့်ရန် လှည့်လိုက်သည်။ သူတို့က သူ့ပခုံးပေါ်တွင် လုံးဝန်းသည့် စိတ်ဝိညာဉ် လက်နက်တစ်ခုကို တွေ့ကာ အံ့ဩတကြီး စိုက်ကြည့်ပြီး ၄င်းက မည်သည့်အရာဆိုသည်ကို အဖြေရှာရန် ကြိုးစားလိုက်သည်။ ၄င်းက သူရေခဲမြစ်ကို ပစ်လိုက်သည့် လက်နက်နှင့် တူသော်လည်း ပုံသဏ္ဍာန်က အနည်းငယ် ကွဲပြားဟန် ရပေသည်။ 


လက်နက်၏အမြီးက အနည်းငယ် ပိုကြီးဟန်ရသည်။ 

ဒီလက်နက်က အရင်လက်နက်ထက်ပိုပြီး အစွမ်းထက်လောက်မှာပေါ့....


သူတို့က ထိုလက်နက်ကို မည်သို့ သွန်းလုပ်ထားသည်အား တွေးတောနေစဉ်မှာပင် စွေ့ချီချောင်းက သူ့ခန္ဓာကိုယ်ကို လှည့်ကာ ပြောင်းဝကို သူတို့ထံသို့ ချိန်လိုက်သည်။ 


ကျင့်ကြံသူများအားလုံးက အထိတ်တလန့် ရှောင်လိုက်ကြသည်။ 


"ဆရာတူဦးလေးစွေ့... ဘာလုပ်တာလဲ..."


"ဂ-ဂရုစိုက်ပါ..."


"ကျွန်တော်တို့ အပျင်းကြီးမနေပါဘူး...."


ကျင့်ကြံသူများအားလုံးမှာ လေ့လာသည့် အရည်အချင်း ကောင်းမွန်ပြီး သူတို့၏ ပြဿနာကို မည်မျှ မြန်မြန်နားလည်နိုင်သည်မှာ သက်သေပင်ဖြစ်သည်။ စွေ့ချီချောင်းက ဤပစ္စည်းကို သယ်ဆောင်ကာ ခလုတ်ကို ဖိထားသရွေ့ ၄င်းက အစွမ်းထက် စိတ်ဝိညာဉ်စွမ်းအင်များ စတင် ပစ်လွှတ်လာမည် ဖြစ်သည်။ 


စွေ့ချီချောင်းက သူတို့ကို ထူးဆန်းစွာကြည့်ကာ နို့ဘူးကို ထိပ်သို့ ချိန်လိုက်ပြီး ခလုတ်ကို ဆွဲလိုက်ပေသည်။ ၄င်းထံမှ နို့ရည်များက ထွက်လာလေသည်။ ဤသည်က နွားနှင့် သိုးနို့များဖြင့် ပြုလုပ်ထားပြီး ထူးကဲရေဖြင့် ရောကာ သူပြင်ဆင်ထားခြင်းဖြစ်သည်။ 


ကျင့်ကြံသူများ - "...."


စွေ့ချီချောင်းမှာ သူတို့က အဘယ့်ကြောင့် မတူညီသည့် ပစ္စည်းနှစ်ခုကို တစ်ခုတည်းဟု တွေးနေသည်ကို မသိပေ။ တစ်ခုမှာ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ဖြည့်ထားပြီး နောက်တစ်ခုက နို့ထုတ်ပေးလေသည်။ တစ်ခုချင်းစီ၏ ပစ္စည်းများနှင့် အသေးစိတ်များကလည်း ခြားနာကာ ရှေ့တစ်ခုက ပို၍ ရှုပ်ထွေးပေသည်။ 


သူတို့က ပြန်လာကာ နေရခက်စွာ ဆိုလိုက်သည်။ 

"ကြည့်ရတာ မြူနှင်းဝေလငါးလေးက ဒီနို့ကို သောက်နေတာထင်တယ်...."


"ဟုတ်တယ်..."

စွေ့ချီချောင်းက နို့ဘူးကို အကြိမ်များစွာ ဖြည့်ကာ မြူနှင်းဝေလငါးအား ဗိုက်ပြည့်သည်အထိ နို့ကီလိုရာချီ ကျွေးလိုက်ပေသည်။ ရုပ်ပိုင်းဆိုင်ရာ ပါရမီမပါသည့် စွေ့ချီချောင်းအတွက်မူ အဆုံး၌ သူ့ပခုံးများက အလွန်နာကျင်နေသည်ဟု ခံစားရပေသည်။ မြူနှင်းဝေလငါးကလေးက နို့သောက်ပြီးသည့်အခါ စွေ့ချီချောင်းကို ရင်းနှီးစွာ ပွတ်သပ်လေလိုက်သည်။ 


သူက ကလေးကို အစာကျွေးပြီးနောက် သူ့ကိုယ်သူ အစာကျွေးလိုက်သည်။ သူက လယ်ကွင်းများဆီသို့ သွားလိုက်ကာ ဟင်းသီးဟင်းရွက် အချို့ကို ထုတ်ပြီး မီးဖိုအတွက် နေရာတစ်ခု လုပ်လိုက်သည်။ ကပ်ဘေးမစမီကမူ သူက ဂိုဏ်းမှ လဝက်ခန့်သာ ထွက်ခွာရမည်ဟု တွေးခဲ့ပေသည်။ သို့ဖြစ်၍ အစားအသောက် အခြောက်များနှင့် အသားခြောက်များကိုသာ ယူလာပြီး မည်သည့် ဟင်းချက်ပစ္စည်းမှ ပါမလာချေ။ ကံကောင်းစွာဖြင့် ကျင့်ကြံသူများစွာ ရှိနေပြီး သူက ယွင်မုန့် သို့မဟုတ် ချီဟုန်ကို ခေါ်ကာ မီးဖိုတစ်ခု ပြုလုပ်ခိုင်းလိုက်သည်။ ထင်းအတွက်မူ သူတို့ပတ်ဝန်းကျင်တွင် သုံး၍ရသည်များ ရှိပေသည်။ 


ချီဟုန်က စွေ့ချီချောင်း ပန်းကန်များ ဆေးနေစဉ်တွင် မီးမွှေးလိုက်သည်။ သူ့တွင် ပါဝင်ပစ္စည်းအချို့နှင့် ဟင်းခတ်အမွှေးအကြိုင်များ ကျန်နေဆဲဖြစ်ကာ ဒယ်အိုးတစ်ခုထဲသို့ ဆီလောင်းချလိုက်ပြီး ဝက်ပေါင်ခြောက် ကြော်နှင့် ကြက်သွန်မြိတ်များ ထည့်ရန် ပူလာသည်အထိ စောင့်လိုက်သည်။ 


ကြက်သွန်မြိတ်များကို လွန်ခဲ့သည့် ၁၀မိနစ်ခန့်ကမှ ခူးထားခြင်းဖြစ်ပြီး ဆေးကြောကာ ခပ်သေးသေးလှီးထား၏။ ၄င်းတို့က ဖွံ့ထွားကာ မြစိမ်းရောင်သန်းနေပြီး အလွန်စားချင်စရာ ကောင်းပေသည်။ အသုံးပြုထားသော ဝက်ပေါင်ခြောက်များက အဆီတစ်ထပ် အသားတစ်ထပ်နှင့် ဖြစ်သည်။ အသားကို လှီးပြီးနောက် အဆီပါသည့်အပိုင်းက အလင်းထဲတွင် တောက်ပနေသည်။ ထို့နောက် စွေ့ချီချောင်းက ငရုတ်သီးခြောက်များကို လှီးလိုက်ပြီး ဟင်းထဲသို့ ထည့်ကြော်လိုက်သည်။ ခဏအတွင်းတွင် မွှေးပျံ့လှသော ရနံ့တစ်ခုက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွား၏။ 


စွေ့ချီချောင်းက ချက်ပြုတ်နေစဉ်၌ ဆိုလိုက်သည်။ 

" အစ်ကိုချီဟုန်... ကျွန်တော့်ကို ထမင်းကူချက်ပေးပါဦး..."


လူတိုင်း - "...."


သိက္ခာတော်ရချီဟုန်က ဆိုလိုက်သည်။ 

"ဘယ်လိုချက်ရမလဲ ငါမသိဘူး..."


ဤသည်ကိုကြားရာ လူတိုင်းက စိတ်အေးသွားလေသည်။ 

ငလူး... နတ်ဆိုးကျင့်ကြံသူ သိက္ခာတော်ရချီဟုန်က လယ်စိုက်တတ်နေတာတောင် တကယ်ကို ဆန်းကြယ်နေပြီ... သူက ထမင်းဘယ်လိုချက်ရမလဲဆိုတာပါ သိရင်.....


ထို့နောက် သိက္ခာတော်ရချီဟုန်က တည်ငြိမ်စွာ ဆိုလိုက်သည်။ 

"ငါစဥ်းစားကြည့်လိုက်တော့ အဲ့ဒါက မီးကို ထိန်းချုပ်တာပဲ မဟုတ်လား... လုပ်ရခက်တာတော့ မဟုတ်ပါဘူး..."

သူက ဤသို့ဆိုပြီးနောက် ထမင်းစချက်လေသည်။ 


လူတိုင်း - "...."


စွေ့ချီချောင်းက ကြက်သွန်မြိတ်နှင့် ဝက်ပေါင်ခြောက် ကြော်ပြီးသွားကာ တရုတ်ဂေါ်ဖီထုပ်ဟင်းရည်လည်း ချက်ပြီးသွားလေသည်။ ချီဟုန်၏ ထမင်းက တစ်ချိန်တည်းတွင် ကျက်သွား၏။ ၄င်းက ပြီးပြည့်စုံပုံရပြီး နူးညံ့ကာ ပျော့ပြောင်းပြီး အလွန်လည်း စေးမနေချေ။ 


"ကျေးဇူးတင်ပါတယ် အစ်ကိုချီဟုန်..."

စွေ့ချီချောင်းက ထမင်းကိုကြည့်ကာ စိတ်ကျေနပ်စွာ ဆိုလိုက်သည်။ 


သူက အစားအစာများကို သစ်သားစားပွဲအသေးလေးတစ်ခုပေါ်တွင် တင်ကာ စတင်ပြီး စားလိုက်သည်။ ဝက်ပေါင်ခြောက်ထက် ကြက်သွန်မြိတ်က ပိုများနေသော်လည်း အရသာရှိပေသည်။ ဝက်ပေါင်ခြောက်၏ အဆီ၊ ကြက်သွန်မြိတ်၏ လတ်ဆတ်မှုနှင့် ငရုတ်သီးခြောက်များ၏ အစပ်အနည်းငယ်ကြောင့် ဟင်းပွဲ၏ အရသာက မအီနေပေ။ ချိုကာ ကြွတ်ရနေပြီး အနံ့တစ်ခုက သူ့ပါးစပ်ထဲတွင် ပျံ့နှံ့လာသည်။ 


စွေ့ချီချောင်းက အနည်းငယ်စားပြီးနောက် ရုတ်တရက် ထူးဆန်းသော ခံစားချက်တစ်ခု ရပေသည်။ သူ မော့ကြည့်လိုက်ရာ လူတိုင်းက သူ့ကို စိုက်ကြည့်နေပေသည်။ 

"ဘာလို့လဲ..."


သူတို့က ဘယ်လိုလုပ်ပြီး CUကျောင်းသားတွေနဲ့ တူနေတာလဲ...


ကျင့်ကြံသူများက စားသောက်ရန်မလိုပေ။ ယွီလင်းဂိုဏ်း၏ အဆင့်မြင့်ကျင့်ကြံသူများက အစားအသောက်စားလျှင်ပင် အလွန်ထူးခြားသည့် ကိတ်များ၊ လက်ဖက်ရည်များနှင့် အသီးများသာ စားကြပေသည်။ 


"....."

အမှန်တကယ်တွင် စွေ့ချီချောင်းမှလွဲ၍ ဤနေရာရှိလူတိုင်းက အစားရှောင်ကြပေသည်။ သို့သော် သူတို့က ဟင်းပွဲအနံ့ရသောအခါ အလွန်စားချင်စိတ်ပြင်းပြနေသည်မှာ အဘယ့်ကြောင့်ဟူသည်ကို မသိတော့ချေ။ သူတို့က သူတို့ကိုယ်သူတို့ စတင်ကာတွေးတောလိုက်ပေသည်။ 

ငါတို့က အလုပ်တွေ အကုန်ကူထားတာတောင် ဆရာတူဦးလေးစွေ့ကဘာလို့ ထမင်းတစ်နပ်လောက် မကျွေးရတာလဲ...


ငါတို့က အစားစားစရာမလိုဘူးဆိုတာ အမှန်ဖြစ်ရင်တောင် သူ သူတို့ကို လုံးဝ မမေးဖို့ စဉ်းစားထားတာလား... သူ ယဉ်ကျေးမှုအရတော့ မေးသင့်ပါတယ်... 


သူတို့ကိုယ်တိုင်က သူတို့၏ တောင်းဆိုမှုကို ထုတ်ပြောရလျှင်လည်း အနည်းငယ် ရှက်စရာ ကောင်းလှပေသည်။



🌳🌳🌳