Volume 1 : ဆေးပညာဌာန
Chapter 14 (နှလုံးသွေးကြောဆိုင်ရာလူနာဆောင် ၀၉)
မနေ့ညက လူတိုင်းဟာ ညအချိန် သည်းထိတ်ရင်ဖိုတိုက်ပွဲကို တွေ့ကြုံခဲ့ရပြီး အားလုံးက ယွဲ့ရှင်းဝမ်၏ ညွှန်ကြားမှုကြောင့် လွတ်မြောက်ခဲ့ကြသည်။ ယနေ့ညသည် ဒုတိယညပိုင်းစာမေးပွဲဖြစ်ပြီး ကျောင်းသားများသည် မနေ့ညကကဲ့သို့ ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ သိသိသာသာပင် ငြိမ်သက်နေပြီး စင်္ကြံတွင် ထိတ်လန့်တကြားအော်သံများ မရှိပေ။ ဆက်သွယ်ရေးအင်ဂျင်နီယာ၏ 5G အချက်ပြတာဝါတိုင်၏အကူအညီဖြင့် ကျောင်းသားများအားလုံး ညာဘက်အောက်ထောင့်ရှိ သူနာပြုဌာနသို့ ချက်ချင်းပြေးကြသည်။
လူ 10 ယောက်ရောက်လာသောအခါ ရူပဗေဒဌာနမှ လျှိုယွီဖန်းက အသံအောအောနဲ့ ပြောသည်။
"အားလုံး မျက်လုံးမှိတ်ထားကြ"
လူတိုင်း မျက်လုံးမှိတ်လိုက်သောအခါတွင် သူသည် အလင်းလုံးကို အလျင်အမြန်ထုတ်ပြီး အလင်းရောင်စွမ်းအင်ကို ထိန်းချုပ်ကာ သူနာပြုဌာနဘေးရှိ မီတာဘောက်ဧရိယာကို လင်းသွားစေခဲ့သည်။ ရူပဗေဒဌာနမှဖြစ်သော ကျုံ့ယွီဟန်သည်လည်း သူ့အင်္ကျီလက်ကို အလျင်အမြန် ခေါက်တင်ကာ လျှပ်စစ်ပတ်လမ်းကို စတင်ချိတ်ဆက်ခဲ့သည်။
—— ဒါတွေအားလုံးသည် မနေ့ညက စာမေးပွဲခန်းကအတိုင်းဖြစ်ပြီး ကျောင်းသားများက အလွန်ကျွမ်းကျင်သည်။
ယွဲ့ရှင်းဝမ်သည် လုံးဝစိတ်မလျှော့ရဲပေ။ သူသည် ငယ်စဉ်ကတည်းက စာမေးပွဲကို ဖြေဆိုခဲ့ရာတွင် စာရွက်ပေါ်၌ တူညီသောမေးခွန်းများကို တစ်ခါမျှ မကြုံခဲ့ဖူးပေ။ ဒီညရှိ မကောင်းဆိုးရွားများသည် မနေ့ကအတိုင်း အတိအကျတူနေတယ်ဆိုလျှင် ကျောင်းသားများက ဤအဆင့်ကိုကျော်ရန် မလွယ်လွန်းနေဘူးလား။ စာကြည့်တိုက်သည် မနေ့ညက ဖြစ်စဉ်အတိုင်း လူတိုင်းကို ပြန်လုပ်ခွင့်ပေးရန် ဤမျှစေတနာကောင်းရှိပါ့မလား။
လျှိုရှောင်းရှောင်းက အသံတိုးတိုးဖြင့် မေးလိုက်သည်။
"ရှင်းဝမ် အချိန်ဆွဲဖို့ ငါစာသင်ပေးရဦးမလား"
ယွဲ့ရှင်းဝမ်က သူမဆီ လှမ်းလာသည်။
"အင်း… ငါမင်းကို ကာထားပေးမယ်… မီတာဘောက်ကို ပြင်ပြီးသွားရင် လူနာဆောင်ထဲ ဘာတွေဖြစ်နေလဲ အရင်ကြည့်ကြတာပေါ့…"
သူတို့နှစ်ယောက်က ဘယ်ဘက်အောက်ထောင့်သို့ ရောက်လာပြီး ယွဲ့ရှင်းဝမ်က ‘စီနီယာအစ်ကိုလျှို’ဟု ခေါ်လိုက်ကာ လျှိုကျောက်ချင်းက သူ၏ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားသည်။
"ငါနားလည်ပြီ… ညာဘက်ကို ငါ့ဆီအပ်ထားလိုက်"
လူတိုင်းသည် ယခင်က တစ်ကြိမ် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တိကျသေချာသော နားလည်မှုတစ်ခု ရှိနှင့်ပြီးသားဖြစ်သည်။
5G အချက်ပြတာဝါတိုင် ပျောက်ကွယ်သွားသည့်အခိုက်တွင် နှစ်ဖက်စလုံးရှိ စင်္ကြံများမှ ခြေသံများ ရှုပ်ထွေးလာသည်။ လျှိုရှောင်းရှောင်းသည် စင်္ကြံလမ်းအတိုင်း သင်ခန်းစာမှတ်စုများကို ချက်ချင်းဖတ်သည်။ သင်ခန်းစာမှတ်စုများကို သူမဖတ်ပြီးသည်နှင့် မကောင်းဆိုးရွားများက ရပ်တန့်ကာ စာကို စတင်နားထောင်ကြသည်။
15 စက္ကန့်ကြာပြီးနောက် လျှိုရှောင်းရှောင်းက သင်ခန်းစာမှတ်စုများကို ဖတ်၍ပြီးသွားပြီး ကျုံ့ယွီဟန်ကလည်း မီတာဘောက်ကို ပြင်၍ပြီးသွားသည်။ နှလုံးသွေးကြောဆိုင်ရာလူနာဆောင်တစ်ခုလုံးရှိ မီးများ တစ်ပြိုင်တည်းပွင့်လာပြီး ယွဲ့ရှင်းဝမ်သည် စင်္ကြံရှိ အခြေအနေကို နောက်ဆုံးတွင် မြင်လိုက်ရသည်——
မကောင်းဆိုးရွားအများအပြားက သူနှင့် လျှိုရှောင်းရှောင်းတို့ကို လိုက်ဖမ်းနေကြသည်။ ဤမကောင်းဆိုးရွားများ၏လက်နှင့်ခြေတို့သည် အဖြူရောင်အရိုးများသာ ရှိနေကြပြီး သူတို့၏ကိုယ်ခန္ဓာကတော့ ကောင်းမွန်နေသေးသည်။ သူတို့၏ မျက်လုံးများသည် ပင်းပေါင်ဘောလုံးများကဲ့သို့ ကြီးမားပြီး သွေးမရှိဘဲ ဖောင်းကားနေသည်။
ဤမကောင်းဆိုးရွားတွေက မနေ့ညကနဲ့ တူတူပဲလား။ စာမေးပွဲမေးခွန်းတွေက တကယ်ကို တစ်ထပ်တည်းပဲလား။
ယွဲ့ရှင်းဝမ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
"မြန်မြန်ဆုတ်ကြ"
သူက လျှိုရှောင်းရှောင်းကို ကာကွယ်ပေးပြီး သူနာပြုဌာနဆီ အမြန်ပြန်ဆုတ်လိုက်ပြီး စီနီယာအစ်ကိုလျှိုကျောက်ချင်းကလည်း ပြန်ဆုတ်ခဲ့သည်။ ပထဝီဝင်ဌာနမှ ချင်လုသည် ကမ္ဘာလုံးကို ကျွမ်းကျင်စွာ ထုတ်ယူပြီး မေးသည်။
"အရင်ကအတိုင်းပဲ ကျောက်ထုလွှာကို ရွေ့လျားရမှာလား"
ယွဲ့ရှင်းဝမ်က ပြန်ဖြေသည်။
"သူတို့ကိုရှောင်ပြီး ဘယ်ဘက်အပေါ်ထောင့်ကို အရင်သွားလိုက်…"
ချင်လုက ခေါင်းငြိမ့်လိုက်ပြီး သူမလက်ချောင်းကို ကမ္ဘာလုံးပေါ် အမြန်ရွှေ့လိုက်သည်။
ကျောက်ထုလွှာများသည် အနေအထားများပြောင်းသွားပြီး လူတိုင်းက ဘယ်ဘက်အပေါ်ထောင့်ရှိ နားနေခန်းဧရိယာတွင် ချက်ချင်းပေါ်လာသည်။ ကျုံ့ယွီဟန်က ရှုံ့မဲ့နေသောမျက်နှာဖြင့် ဆဲသည်။
"လခွမ်းလိုမှပဲ… မနေ့ညကစာမေးပွဲအတိုင်း ငါတို့ ပြန်လုပ်ရပြန်ပြီ… ငါတို့ကို ဒီလိုကစားနေရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းနေလား"
ခယ်ရှောင်ပင်းက ရှောင်ထူကို ခေါ်ပြီး ယွဲ့ရှင်းဝမ်ကို ကြည့်သည်။
"ဒါက မနေ့ကအတိုင်းပဲဆိုရင် ရှောင်ထူကို မကောင်းဆိုးရွားတွေကို ဆွဲဆောင်ခိုင်းပြီး ရူပဗေဒကျောင်းသားက မျက်လုံးတွေကန်းအောင် အလင်းလုံးကို ပစ်ပြီးတော့ အားလုံးက မကောင်းဆိုးရွားတွေရဲ့အနောက်ကို ကျောက်ထုလွှာလှုပ်ရှားမှုနဲ့ တယ်လီပို့မှာမလား"
မနေ့ညက ယွဲ့ရှင်းဝမ်သည် ဤအတိုင်း ညွှန်ကြားချက်ပေးခဲ့သည်။ နောက်ဆုံးတွင် ကျောင်းသား 10 ယောက်မှာ ဒဏ်ရာများကင်းစင်ပြီး မကောင်းဆိုးရွားများအားလုံး သေသွားခဲ့သည်။ ဤဖြစ်စဉ်ကို လူတိုင်းက အတော်လေး ရင်းနှီးပြီးသားမို့ ဒီနေ့ည စာမေးပွဲခန်းတွင် ကျောင်းသားများက လုံးဝစိတ်မပူကြပေ။
ယွဲ့ရှင်းဝမ်၏အမူအရာမှာ ထူးထူးခြားခြားလေးနက်သည်။ သူသည် နားစွင့်ကာ စင်္ကြံမှ ထွက်လာသော ရှုပ်ပွနေသောခြေသံများကို ဂရုတစိုက် နားထောင်နေသည်။ စက္ကန့်အနည်းငယ်ကြာအောင် နားထောင်ပြီးနောက် သူ့လေသံကို ရုတ်တရက်ပြောင်းလိုက်သည်။
"ငါတို့ အရင်လုပ်ရိုးလုပ်စဉ်အတိုင်း ပြန်လုပ်လို့မရဘူး… ဒါက မရိုးရှင်းဘူး… ငါ ဆယ်နှစ်ကျော်လောက် စာမေးပွဲဖြေခဲ့တာ တူညီတဲ့စာရွက်ပေါ်မှာ တူညီတဲ့မေးခွန်းကို တစ်ခါမှ မတွေ့ဖူးဘူး…"
လူတိုင်းက အဲဒါကို သေသေချာချာ တွေးကြည့်တော့ ရုတ်တရက် သူတို့၏ကျောများ တောင့်ခဲလာသည်။ မနေ့ညကလို မကောင်းဆိုးရွားများ၏ရုပ်သွင်ကို မြင်လိုက်ရတော့ လူတိုင်းက သတိပေါ့လျော့လုနီးပါးဖြစ်ခဲ့သည်။ သို့သော် စာကြည့်တိုက်သည် သူတို့အား တူညီသောပြဿနာကို နှစ်ကြိမ်ဆက်တိုက် မည်သို့ပြုလုပ်နိုင်မည်နည်း။
တစ်ခုခုတော့ မှားနေရမည်။
ယွဲ့ရှင်းဝမ်က ခေါင်းငုံ့ကာ စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ကို အမြန်ချလိုက်သည်။
"အားလုံး ပထမလူနာဆောင်မှာ အရင်ပုန်းကြရအောင်…"
ကျောင်းသားများက ယွဲ့ရှင်းဝမ်၏ ညွှန်ကြားချက်ကို သံသယမရှိဘဲ လိုက်နာကြသည်။ ယွဲ့ရှင်းဝမ်က လူနာဆောင်ထဲသို့ နောက်ဆုံးလျှောက်သွားခဲ့သော်လည်း တံခါးမပိတ်ခဲ့ပေ။
လျှိုရှောင်းရှောင်းက အသံတိုးတိုးနဲ့ မေးသည်။
"တံခါးမပိတ်ဘူးလား"
"ဒီတံခါးက မကောင်းဆိုးရွားတွေအတွက် စာရွက်တစ်ရွက်လိုပဲ… တံခါးပိတ်ထားရင်တောင် အလွယ်တကူ ချိုးဖျက်လို့ရတယ်…" ယွဲ့ရှင်းဝမ်က အေးဆေးတည်ငြိမ်စွာ ပြောသည်။ "ငါတို့တွေ အန္တရာယ်ရှိပြီဆိုရင် ချက်ချင်း ကျောက်ထုလွှာလှုပ်ရှားမှုနဲ့ နေရာပြောင်းလိုက်မယ်… ငါဒီမှာရပ်ပြီး မကောင်းဆိုးရွားတွေကို သေသေချာချာကြည့်ချင်လို့…"
သူ့စကားကိုကြားတော့ လျှိုကျောက်ချင်းက ယွဲ့ရှင်းဝမ်၏ဘေးနားသို့ ရောက်လာသည်။ နှစ်ယောက်သား လူနာဆောင်တံခါးတွင်ရပ်ကာ အပြင်ကို ကြည့်ကြသည်။
ယွဲ့ရှင်းဝမ်က ပြောသည်။
"ရှောင်ခယ်၊ မင်းရဲ့ရှောင်ထူကို မကောင်းဆိုးရွားတွေကို ဆွဲဆောင်ဖို့ စင်္ကြံမှာ စက်ဝိုင်းပုံစံ လှည့်ပတ်ခိုင်းလိုက်…"
ခယ်ရှောင်ပင်းသည် ရှောင်ထူကို လွတ်လိုက်ပြီး ရင်းနှီးပြီးသား ကလေးသီချင်းက နှလုံးသွေးကြောဆိုင်ရာလူနာဆောင်တွင် မြည်လာသည်။
"ကျားနှစ်ကောင်၊ ကျားနှစ်ကောင်၊ မြန်မြန်ပြေး…"
ရှောင်ထူ၏ ခေါင်းပေါ်တွင် အပြာရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး သူ့ခြေထောက်အောက်ရှိ ဘီးများက လျင်မြန်စွာ လိမ့်သွားကာ သူနာပြုဌာနရှိ မကောင်းဆိုးရွားများအားလုံးကို မျက်စိတစ်မှိတ်အတွင်း ဆွဲဆောင်သွားခဲ့သည်။ ရှောင်ထူ၏နောက်သို့ လိုက်နေသည့် မကောင်းဆိုးရွားအုပ်စုသည် ရှည်လျားသော အတန်းလိုက်ကြီး ပေါ်လာသဖြင့် မြင်ကွင်းက အလွန်အံ့မခန်းလှသည်။
ရှောင်ထူ၏သီဆိုမှု၏ ဆွဲဆောင်မှုရှိသော အကျိုးသက်ရောက်မှုကြောင့် လူနာဆောင်တံခါးဝမှ ဖြတ်သွားသောအခါ မကောင်းဆိုးရွားများသည် လူတိုင်းကို မတိုက်ခိုက်ဘဲ ရှောင်ထူ၏နောက်သို့ ဆက်လက်ပြေးသွားသဖြင့် စင်္ကြံတစ်လျှောက် ဉာဏ်ရည်မြင့်စက်ရုပ်ရှောင်ထူ၏ ထူးဆန်းသောမြင်ကွင်းကို လူတိုင်း မြင်လိုက်ရသည်။
ရှောင်ထူ၏ခြေထောက်တွင် ဘီးများရှိပြီး သူလိမ့်သွားသည့်အရှိန်က အလွန်မြန်သည်။ ယနေ့ညတွင် လူတိုင်းသည် မီတာဘောက်ကို ဉီးစွာပြုပြင်ပြီး မကောင်းဆိုးရွားများကို မတိုက်ခိုက်သောကြောင့် စင်္ကြံတွင် အလောင်းများကဲ့သို့ အတားအဆီးမရှိပေ။ ရှောင်ထူသည် သီချင်းဆိုကာ စင်္ကြံတွင် ကွေ့ပတ်သွားနေပြီး မကောင်းဆိုးရွားအုပ်စုက သူ့နောက်သို့ လိုက်လာနေသော်လည်း မဖမ်းမိနိုင်ခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်ထူသည် မကောင်းဆိုးရွားအုပ်စုကိုခေါ်ကာ လူနာဆောင်ထဲတွင် အချိန်အတော်ကြာ လျှောက်သွားခဲ့သည်။ ယွဲ့ရှင်းဝမ်က ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာ လူတိုင်းမသိကြပေ။ မကောင်းဆိုးရွားတွေကို လျှောက်သွားခိုင်းနေတာ ဘာကြောင့်နည်း။
ကျုံ့ယွီဟန်က သူ့ကို ခပ်ပြတ်ပြတ်မေးလိုက်သည်။
"ရှင်းဝမ်… ဒီလိုလုပ်ရတဲ့ မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ… သူတို့တွေကို မတိုက်ခိုက်ဘူးလား"
"ကျွန်တော် ရေတွက်နေတာ…" ယွဲ့ရှင်းဝမ်က တည်ငြိမ်စွာ ပြန်ဖြေသည်။
အားလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း မြန်မြန်နားလည်သွားကြသည်။
"မကောင်းဆိုးရွားတွေရဲ့ အရေအတွက်က ပြောင်းသွားလို့လား"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။
"မနေ့ညက အယောက် 20 ရှိတယ်… ဒီညမှာ 25 ယောက်ရှိလာပြီး—— နောက်ထပ် 5 ယောက်တိုးလာတယ်…"
အစကတည်းက တစ်ခုခုမှားနေပြီလို့ သူခံစားရသည်။ ခြေလှမ်းတွေက မနေ့ညကထက် အများကြီးပိုရှုပ်ထွေးလာပြီး မကောင်းဆိုးရွားအရေအတွက် တိုးလာခြင်းဖြစ်သည်။
လူတိုင်း: "…"
ယွဲ့ရှင်းဝမ်၏သတိထားမှုကြောင့်သာ မဟုတ်လျှင် "ရေတွက်ခြင်း" ကဲ့သို့ စစ်ဆေးမှုမျိုးကို မည်သူမျှ တွေးလိမ့်မည်မဟုတ်ပေ။
ဤရွံရှာဖွယ်ကောင်းသော မကောင်းဆိုးရွားများကိုမြင်လျှင် သူတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ သူတို့အားလုံးကို အမြန်သတ်ပစ်ရန်ဖြစ်သည်။ မနေ့ညက ယွဲ့ရှင်းဝမ်နဲ့ လျှိုကျောက်ချင်းတို့သည် နောက်ဆုံးအဆင့်မှာ မကောင်းဆိုးရွားတွေကို ရှင်းပစ်ရင်း ရေတွက်ခဲ့ကြသည်။ ယနေ့ညတွင် သူသည် ရှောင်ထူအား မကောင်းဆိုးရွားများကို ဆွဲဆောင်ရန် လွတ်လိုက်ပြီး နံပါတ်များကို ထပ်မံရေတွက်ကာ ညဘက်စာမေးပွဲနှစ်ခု၏ ခြားနားချက်ကို ရှာဖွေရန် ကြိုးစားခဲ့သည်။
ယွဲ့ရှင်းဝမ်၏ သတိရှိမှုက မမှားပေ။ မနေ့ညကထက် ဒီညမှာ နောက်ထပ် မကောင်းဆိုးရွား 5 ယောက် တိုးလာသည်။
ခယ်ရှောင်ပင်းက မနေနိုင်ဘဲ ပြောသည်။
"ဒီနေ့ လူနာဆောင်ထဲမှာ လူ 5 ယောက် သေဆုံးပြီး ညဘက်မှာ နောက်ထပ် မကောင်းဆိုးရွား 5 ယောက် တိုးလာတယ်… ဒါက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး… ဆက်စပ်မှုရှိလား"
ရှောင်ထူ၏ သီချင်းဆိုတာက ပြီးတော့မှာကို မြင်လိုက်ရတော့ ယွဲ့ရှင်းဝမ်က လျင်မြန်စွာပြောသည်။
"အခု ခွဲခြမ်းစိတ်ဖြာဖို့ အချိန်မရှိဘူး… သူတို့ကို အရင်ဖြေရှင်းရအောင်… တိုးလာတဲ့ 5 ယောက်ကို အာရုံစိုက်ထားကြ… သူတို့က အခြားသူတွေထက် ပိုသန်မာပုံရတယ်… ဒီတော့ဂရုစိုက်ကြ"
သူက သူ့နောက်မှ ဖြူဖျော့နေသော ချင်လုကို ကြည့်လိုက်သည်။
"နေရာပြောင်းဖို့ အဆင်သင့်ပြင်ထား…"
ချင်လုသည် အားလုံးကို ညာဘက်အောက်ထောင့်ရှိ သူနာပြုဌာနသို့ ရွှေ့ပြောင်းရန် ကျောက်ထုလွှာလှုပ်ရှားမှုကို ချက်ချင်းအသုံးပြုခဲ့သည်။ ဤအခိုက်အတန့်တွင် စင်္ကြံ၌ သီချင်းဆိုသံ ရပ်တန့်သွားပြီး မကောင်းဆိုးရွားများသည် ထိန်းချုပ်ခံရခြင်းမရှိတော့ဘဲ သူတို့နောက်သို့ ဟိန်းဟောက်ကာ လိုက်ဖမ်းကြသည်။
ရှေ့ကပြေးနေသည့် မကောင်းဆိုးရွား 5 ယောက်က အခြားမကောင်းဆိုးရွားများထက် ပိုမြန်သည်။ သူတို့သည် သွက်လက်ပြီး လိုက်လျောညီထွေရှိကာ သူတို့၏လက်များက အရိုးများနှင့်ပြည့်နေပြီး လူတိုင်း၏ရင်ဘတ်ကို တိုက်ရိုက်တိုက်ခိုက်သည်။ ယွဲ့ရှင်းဝမ်က ကမန်းကတန်း ရှောင်ထွက်သွားပြီး ချွန်ထက်သော လက်အရိုးက သူ့နောက်ဘက်ရှိ နံရံကို အပေါက်ကြီးတစ်ပေါက်ဖြစ်အောင် ထိုးလိုက်သည်။ အကယ်၍ သူသည် လုံလောက်သော တုံ့ပြန်မှုမရှိပါက သူ့ရင်ဘတ်မှာ ပေါက်ထွက်သွားနိုင်သည်။
အရေအတွက်များလာသည်နှင့်အမျှ စွမ်းဆောင်ရည်များ အားကောင်းလာသည်။
မနေ့က သူတို့၏ အရိုးတွေဟာ သစ်သားတံခါးတွေကိုပဲ ပျက်စီးစေခဲ့ပေမဲ့ ဒီနေ့မှာတော့ ကွန်ကရစ်နံရံကိုပါ ဖောက်နိုင်ခဲ့သည်။ နံရံမှာကျန်ခဲ့သည့်အပေါက်ကိုကြည့်ရင်း လူတိုင်းက ဦးရေပြားတွေ ထုံသွားသလို ခံစားလိုက်ရသည်။ ကံကောင်းစွာပဲ ယွဲ့ရှင်းဝမ်က ဒါကို စောင့်ကြည့်နေခဲ့လို့သာ မဟုတ်ရင် သူတို့တွေ အမြန်တိုက်ခိုက်ပါက အားလုံး အသတ်ခံရနိုင်သည်။
ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူကာ သူ့စိတ်ခံစားချက်တွေကို အမြန်ပြင်ဆင်ပြီး ပြောသည်။
"ရူပဗေဒဌာနက အလင်းလုံးကို လွတ်လိုက်တော့"
ရူပဗေဒဌာနမှ ကျောင်းသားသည် ဒါကိုကြားသောအခါ မကောင်းဆိုးရွားအုပ်စုထဲကို အလင်းလုံး ချက်ချင်း ပစ်ချလိုက်သည်။
တစ်ခဏချင်းမှာပဲ ပြိုးပြိုးပြက်ပြက်ဖြစ်နေသည့် အဖြူရောင်အလင်းတန်းများက ပေါက်ကွဲမှုတစ်ခုလို ပျံ့နှံ့သွားပြီး မကောင်းဆိုးရွားများ၏မျက်လုံးတွေကို ချက်ချင်းကန်းသွားအောင် လှုံ့ဆော်ခဲ့ကာ လူနာဆောင်၏တံခါးများဖြင့် ဝင်တိုက်ကုန်ကြသည်။ အရှေ့မှာ ပြေးနေသည့် မကောင်းဆိုးရွား 5 ယောက်က မျက်စိကန်းနေလျှင်တောင် ကျောင်းသားများကို အနံ့ခံနိုင်ပြီး သူတို့၏လက်သည်းများဖြင့် ကုတ်ခြစ်ရန် ပြေးတက်သွားကြသည်။
မကောင်းဆိုးရွားများက မမြင်ရသောကြောင့် သူတို့၏တိုက်ခိုက်မှုများကို ကျောင်းသားများက ရှောင်နိုင်ကြသည်။ သူနာပြု၏စားပွဲသည် သူတို့အတွက် ကျိုးလွယ်သော ပလတ်စတစ်များကဲ့သို့ သူနာပြုဌာနတစ်ခုလုံးကို 5 စက္ကန့်အတွင်း တစ်စစီဖျက်ဆီးခဲ့ကြသည်။
ယွဲ့ရှင်းဝမ်က အော်လိုက်သည်။
"မေ့ဆေးဘာသာရပ်က ကျောင်းသူ… သူတို့ကို မြန်မြန် ထိန်းချုပ်လိုက်"
မေ့ဆေးဘာသာရပ်မှ ကျောင်းသူသည် ဖြူဖျော့နေပြီး ဒါကို ကြားသောအခါ သူမသည် lidocaine ကို ချက်ချင်း ထုတ်ပြီး ဆေးထိုးအပ်ဖြင့် ပစ်လိုက်သည်။ မကောင်းဆိုးရွားများက မည်မျှပင် အစွမ်းထက်စေကာမူ မေ့ဆေး၏ အာနိသင်က ချက်ချင်း အကျိုးသက်ရောက်ပြီး ထိန်းချုပ်၍ရသည်။ ကံမကောင်းစွာပဲ သူမ၏မေ့ဆေးများမှာ အကန့်အသတ်ရှိတာကြောင့် ကျောင်းသူက တုန်ယင်စွာ ပြောသည်။
"ကျွန်မ သုံးယောက်ပဲ ထိန်းနိုင်တယ်"
မျက်စိတစ်မှိတ်အတွင်းပဲ ရှေ့ကိုပြေးလာနေသည့် ထိပ်တန်းမကောင်းဆိုးရွား 3 ယောက်ကို မေ့ဆေးနဲ့ လဲချလိုက်သည်။
အလွန်ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအားရှိသည့် ထိပ်တန်း မကောင်းဆိုးရွား 2 ယောက် ရှိပါသေးသည်။ ကျုံ့ယွီဟန်က အရှိန်ပြင်းပြင်းဖြင့် သံလိုက်ကို လွင့်ပစ်လိုက်ပြီး N ဝင်ရိုးစွန်းကို မကောင်းဆိုးရွားများနဲ့ ဝေးသည့်နံရံသို့ ပစ်လိုက်ကာ S ဝင်ရိုးစွန်းကို မကောင်းဆိုးရွား 2 ယောက်၏ နောက်သို့ ပစ်လိုက်သည်။ မကောင်းဆိုးရွား 2 ယောက်သည် ကြီးမားသောသံလိုက်ဆွဲငင်အားကြောင့် မီတာများစွာအကွာရှိ နံရံဆီသို့ ဆွဲခံသွားရသည်။ သူတို့သည် သံလိုက်ဆွဲငင်အားကြောင့် ခဏတာမလွတ်မြောက်နိုင်ဘဲ အဝေးတွင် အသည်းအသန်ရုန်းကန်နေရသည်။
ကျောင်းသားများသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး နှလုံးခုန်သံများ ပြင်းထန်လာကာ လူတိုင်းသည် သူတို့၏ နှလုံးခုန်နှုန်းကို ထိန်းညှိရန် အသက်ပြင်းပြင်းရှူလိုက်ကြသည်။
ယွဲ့ရှင်းဝမ်က အော်လိုက်သည်။
"ကျောက်ထုလွှာ လှုပ်ရှားမှု"
ချင်လုက ကျောက်ထုလွှာများကို ရွှေ့ပြောင်းရန် နောက်ထပ်အခွင့်အရေးတစ်ကြိမ်သာ ကျန်တော့ပြီး ဒါကိုကြားသည်နှင့် သူမသည် ချက်ချင်း ကမ္ဘာလုံးကို ဆင့်ခေါ်ကာ အားလုံးကို အပေါ်က ဆရာဝန်ရုံးခန်းဆီ တယ်လီပို့လိုက်ပြီး မကောင်းဆိုးဝါးအုပ်စုနောက်သို့ ရောက်သွားသည်။
ထိပ်တန်း မကောင်းဆိုးရွား 5 ယောက်ကို ထိန်းချုပ်ထားပြီး ကျန်မကောင်းဆိုးရွား 20 က အုပ်လိုက်ကြီး လူတိုင်းဆီသို့ ပြေးလာကြသည်——
ယွဲ့ရှင်းဝမ်က သူ့အဘိဓာန်ကိုဖွင့်ပြီး စွမ်းရည်ကို အသုံးပြုခဲ့သည်။
"ခုနစ်အပေါ် ရှစ်အောက်"
ဤအဖွဲ့လိုက်ထိန်းချုပ်မှုစွမ်းရည်သည် အနီးကပ်တိုက်ပွဲများတွင် အလွန်အသုံးဝင်သည်။ အရိုးစု မကောင်းဆိုးရွား 7 ယောက်က တစ်ချိန်တည်း လေထဲသို့ ပျံတက်သွားပြီး 8 ယောက်က ကြမ်းပြင်ပေါ်တွင် ချော်လဲသွားသလိုမျိုး လဲလျောင်းနေကာ ကျန် 5 ယောက်ကို သူတို့၏ခန္ဓာကိုယ်များဖြင့် ပိတ်ဆို့ထားတာကို တွေ့လိုက်ရသည်။
ယွဲ့ရှင်းဝမ်က လျှိုကျောက်ချင်းကို ကြည့်ကာ ပြောသည်။
"စီနီယာအစ်ကို အချိန်ရှိတုန်း သူတို့ကို မြန်မြန်ရှင်းရမယ်"
ဤမကောင်းဆိုးရွားများ၏ တိုက်ခိုက်ရေးစွမ်းအားက မနေ့ကနဲ့ အတူတူပဲဖြစ်ပြီး အဘိဓာန်နဲ့ ခေါင်းကို ရိုက်လိုက်ခြင်းဖြင့် သူတို့ကို သတ်ပစ်နိုင်သည်။ သူတို့တွေ ထိန်းချုပ်ခံထားရသည့် အခြေအနေအောက်တွင် ယွဲ့ရှင်းဝမ်က သူတို့ကို တစ်ယောက်ချင်းစီ ရိုက်သည်။ လျှိုကျောက်ချင်းကလည်း သူ၏ခွဲစိတ်ဓားဖြင့် သတ်ပစ်ပြီး သူ၏ဓားပေါက်နှုန်း တိကျမှုက သိသိသာသာ တိုးတက်လာသည်။ လူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုမကောင်းဆိုးရွားများကို တစ်မိနစ်အတွင်း ရှင်းပစ်ခဲ့သည်။
ယွဲ့ရှင်းဝမ်က အော်ခဲ့သည်။
"စွမ်းရည်အသုံးပြုလို့မရတော့တဲ့ ကျောင်းသားတွေက ဆရာဝန်ရုံးခန်းထဲမှာ ပုန်းနေကြ"
ထိန်းချုပ်မှုစွမ်းရည်များ အသုံးပြုပြီးသွားသော ကျောင်းသူများသည် ဆရာဝန်ရုံးခန်းသို့ ပြေးဝင်သွားကာ မှန်တံခါးမှတစ်ဆင့် အပြင်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။
သံလိုက်၏ထိန်းချုပ်ခြင်းအကျိုးသက်ရောက်မှုက ပြီးသွားကာ နံရံပေါ်တွင် ဆွဲငင်ခံထားရသော ထိပ်တန်းမကောင်းဆိုးရွား 2 ယောက်က သူတို့တွေ ပျံဝဲနေသကဲ့သို့ ပါးစပ်မှ စူးရှစွာဟိန်းဟောက်ကာ သူတို့၏လက်အရိုးများကို ဝှေ့ယမ်းပြီး လူအုပ်ဆီ ချက်ချင်းပြေးလာကြသည်။ မကောင်းဆိုးဝါးများက ကျောင်းသားအများအပြားဆီသို့ သွားနေတာကို တွေ့သောအခါ ယွဲ့ရှင်းဝမ်က အလျင်အမြန် အော်သည်။
"ဆာလဖျူရစ်အက်စစ်ကို သုံးလိုက်"
ဓာတုဗေဒဌာနမှ ကျောင်းသားသည် သူ့လက်ကို လျင်မြန်စွာ မြှောက်လိုက်ရာ အကြည်ရောင် ဆာလဖျူရစ်အက်စစ်သည် မိုးသည်းထန်စွာ ရွာနေသကဲ့သို့ မကောင်းဆိုးရွား 2 ယောက်ပေါ် ပတ်ဖြန်းသွားသည်။ အသွေးအသားတွေ အရည်ပျော်သွားသည့်အသံက မကောင်းဆိုးရွားတွေ အော်ဟစ်သံနှင့် ရောနှောနေသည်။
မေ့ဆေးပေးထားသည့် ထိပ်တန်းမကောင်းဆိုးရွား 3 ယောက်လည်း နိုးလာကာ ယွဲ့ရှင်းဝမ်သည် အဘိဓာန်ဖြင့် ခေါင်းကို ရိုက်လိုက်သော်လည်း မကောင်းဆိုးရွား၏ခန္ဓာကိုယ်က အနည်းငယ်သာ ခါယမ်းသွားသည်။ ယွဲ့ရှင်းဝမ်၏လေးလံသော အဘိဓာန်က မကောင်းဆိုးရွားများကို ရိုက်သတ်ရန် ကျရှုံးခဲ့သည်။
မကောင်းဆိုးရွားများက ယွဲ့ရှင်းဝမ်၏မျက်နှာကို ဖမ်းတော့မည်ကို မြင်လိုက်ရသဖြင့် ယွဲ့ရှင်းဝမ်သည် အမြန်နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ အဘိဓာန်ကိုဖွင့်လိုက်သည်။
"လေးစားမှုဖြင့် ဝပ်တွားခြင်း"
ယွဲ့ရှင်းဝမ်၏ရှေ့တွင် မကောင်းဆိုးရွားတစ်ကောင် လဲကျသွားပြီး လျှိုကျောက်ချင်းက မကောင်းဆိုးရွား၏နှလုံးကို အလျင်အမြန် ဓားဖြင့်ထိုးလိုက်ရာ မကောင်းဆိုးရွားသည် နှစ်ကြိမ်မျှလှုပ်လာပြီး မလှုပ်ရှားနိုင်တော့ပေ။
လျှိုကျောက်ချင်းက မကောင်းဆိုးရွား၏ အားနည်းချက်ကို သတိပြုမိသွားကာ အလျင်အမြန် အော်ခဲ့သည်။
"မကောင်းဆိုးရွားရဲ့အားနည်းချက်က နှလုံးမှာ သူတို့ခေါင်းကိုရိုက်ရင် အလုပ်မဖြစ်ဘူး"
တစ်ဖက်တွင် မကောင်းဆိုးရွား 2 ယောက်သည် အပြင်းအထန် ပြေးလာကာ သူတို့သွားလေရာ နံရံများကို သူတို့၏ ကြောက်မက်ဖွယ် တိုက်ခိုက်နိုင်စွမ်းဖြင့် ဖျက်ဆီးလိုက်ရာ ကျယ်လောင်သော “ဘမ်း ဘမ်း”အသံများ ထွက်ပေါ်လာသည်။
မကောင်းဆိုးရွား၏ ချွန်ထက်သောလက်သည်းများက ဆာလဖျူရစ်အက်စစ်ကုန်သွားသည့် ဓာတုဗေဒကျောင်းသားဆီ ရောက်သွားသည်။
ကျောင်းသား၏ မျက်နှာကဖြူဖျော့နေပြီး တစ်ကိုယ်လုံးက တောင့်တင်းနေသည်။ လျှိုကျောက်ချင်းက ဒါကိုမြင်တော့ သူ၏ခွဲစိတ်ဓားကို ဆင့်ခေါ်ပြီး မကောင်းဆိုးရွား၏နှလုံးကို ပြင်းထန်စွာ ထိုးလိုက်သည်——
ခွဲစိတ်ဓားသည် နှလုံးကို ဖောက်ဝင်သွားသဖြင့် မကောင်းဆိုးရွား၏ မျက်လုံးများက လှည့်သွားကာ မြေပြင်ပေါ်သို့ ဘမ်းခနဲ လဲကျသွားသည်။
ထိုဓာတုဗေဒကျောင်းသားက သူ့အသိစိတ်များ ပြန်ဝင်လာသောအခါ အကျပ်အတည်းကနေ လွတ်မြောက်သွားပြီဆိုတာ သိလိုက်ရသည်။ သူ ခေါင်းလှည့်ကြည့်လိုက်တော့ လျှိုကျောက်ချင်း၏ လက်ထဲက ဓားကနေ သွေးများ စီးကျနေတာကို တွေ့လိုက်ရသည်။ ကျောင်းသားက မျက်ရည်ဝိုင်းကာ ကျေးဇူးတင်စွာဆိုသည်။
"ကျေး—ကျေးဇူးပါ…"
လျှိုကျောက်ချင်းက ပေါ့ပါးစွာ ပြုံးပြသည်။
"ရပါတယ်… ငါ့မျက်စိရှေ့မှာ အတန်းဖော်တစ်ယောက်သေတာကို ငါမမြင်ချင်ဘူး…"
ဒါကမှန်ပေမဲ့ သေရေးရှင်ရေးအခြေအနေမှာ လူဘယ်နှစ်ယောက်ကများ အခြားလူတွေကို ကယ်တင်ဖို့ စေတနာရှိမည်နည်း။
ထောင့်မှာပုန်းနေသည့် ခယ်ရှောင်ပင်းကို လိုက်ဖမ်းရန် ကြိုးစားနေသော မကောင်းဆိုးရွားတစ်ကောင် ကျန်နေခဲ့သည်။ မကောင်းဆိုးရွား၏လက်သည်းများက ခယ်ရှောင်ပင်းနှင့် 10 စင်တီမီတာသာ ကွာဝေးပြီး ခယ်ရှောင်ပင်း၏ခေါင်းကို ဖမ်းမိတော့မည်ဖြစ်၍ သူက ကွန်ပျူတာကို ဆင့်ခေါ်ပြီး သူ၏ခေါင်းကို ကာလိုက်သည်။ ထို့နောက် သူက လှည့်၍ လျှိုကျောက်ချင်းဆီသို့ ဒုန်းဆိုင်းပြေးကာ အော်လေသည်။
"စီနီယာအစ်ကို ကယ်ပါဦး"
လျှိုကျောက်ချင်းက အော်လိုက်သည်။
"ထိုင်ချလိုက်"
ခယ်ရှောင်ပင်း ထိုင်ချလိုက်သည်နှင့် ခွဲစိတ်ဓားသည် သူ့ခေါင်းထက်ကနေ ဝှီးခနဲ ပျံသွားကာ မကောင်းဆိုးရွား၏နှလုံးမှာ သွားစိုက်သည်။
သူ့နောက်က မကောင်းဆိုးရွား မြေပြင်ပေါ်သို့ လဲကျသံကိုကြားတော့ ခယ်ရှောင်ပင်းသည် ထိုနေရာတွင် ထိုင်ချလိုက်ပြီး အနည်းငယ် တုန်ယင်သောအသံဖြင့် ပြောသည်။
"ကျေး—ကျေးဇူးပါ…"
လျှိုကျောက်ချင်းက ခွဲစိတ်ဓားကို ပြန်သိမ်းကာ ပြောသည်။
"ရပါတယ်… မင်းရဲ့ ‘ကယ်ပါဦး’ဆိုတဲ့ အော်သံက အတော်လေး အချိန်ကိုက်သွားတယ်…"
ခယ်ရှောင်ပင်းသည် ပျက်စီးနေသော ကွန်ပျူတာကို ဖက်ပြီး မျက်ရည်မကျဘဲ ငိုချင်လာသည်။ ကံကောင်းထောက်မစွာ သူ့ကွန်ပျူတာမှာလည်း အလိုအလျောက် ပြုပြင်ပေးသည့် လုပ်ဆောင်ချက်ပါရှိပြီး သေရေးရှင်ရေးအခိုက်အတန့်တွင် သူ့အတွက် အကာအကွယ်အဖြစ် အသုံးပြုခဲ့သည်။ မဟုတ်လျှင် အခုလေးတင် သူ၏ဦးခေါင်းက ကွဲသွားလိမ့်မည်။
သူ့ဘေးတွင် မောပန်းနွမ်းနယ်နေသော ယွဲ့ရှင်းဝမ်သည် နံရံကို မှီကာ ဖြူဖျော့ဖျော့မျက်နှာနှင့် အသက်ကိုမရမကရှူနေသည်။ ပြင်းထန်သော နှလုံးခုန်သံကြောင့် သူခဏတာ မူးဝေသွားသည်။ သေရတော့မည်ဟု သူတကယ်ခံစားရတာ ဒါပထမဆုံးအကြိမ်ပဲဖြစ်သည်။ သူ့နှလုံးက ထိုးအောင့်လာပြီး နောက်ကျောတစ်ခုလုံး နာကျင်လာသည်။
ရုံးခန်းထဲက မိန်းကလေးတော်တော်များများက ယွဲ့ရှင်းဝမ်ဆီကို အမြန်သွားပြီး စိတ်လှုပ်ရှားစွာ မေးကြသည်။
"အားလုံးအဆင်ပြေရဲ့လား"
"ဒဏ်ရာရတဲ့သူရှိလား"
"ရှင်းဝမ်၊ နင်အဆင်ပြေရဲ့လား"
ယွဲ့ရှင်းဝမ်သည် မျက်လုံးများကိုမှိတ်ထားပြီး အသက်ရှုနှုန်းကို ချိန်ညှိလိုက်သည်။ အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် ငြိမ်သက်သွားပြီး ဖြည်းညှင်းစွာ သူမတ်တတ်ရပ်လိုက်သည်။
သူ့မျက်နှာမှာ သွေးစက်အနည်းငယ်ရှိနေပြီး ဆံပင်အနည်းငယ် ရှုပ်ပွနေကာ နှုတ်ခမ်းများ ဖြူဖျော့ပြီး သွေးမရှိသော်လည်း သူ့မျက်လုံးများက အမြဲကြည်လင်ပြီး ငြိမ်သက်နေပါသည်။ မြေပြင်ပေါ်က ရှုပ်ထွေးနေသည့် အရာများကို ပြန်ကြည့်လိုက်ပြီး သူစကားပြောသောအခါ သူ့အသံက အနည်းငယ် ပြာနေသည်။
"ညပိုင်းစာမေးပွဲနဲ့ နေ့ဘက်စာမေးပွဲက ကမ္ဘာနှစ်ခုလုံးဝကွဲနေတယ်ဆိုတာ ဒီညရဲ့အတွေ့အကြုံကနေ သက်သေပြဖို့ လုံလောက်တယ်…"
"ထိပ်တန်းမကောင်းဆိုးရွား 5 ယောက်စလုံးက နှလုံးအားနည်းတယ်… ဒီနေ့ လူနာဆောင်မှာ သေဆုံးသွားတဲ့ လူနာတွေ ဖြစ်ရမယ်… ညဘက်စာမေးပွဲက နေ့ဘက်ဖြစ်ရပ်တွေရဲ့ အချက်အလက်တွေကို ထပ်လောင်းဖြည့်သွင်းတာ ဖြစ်မယ်… ငါကောက်ချက်ချတာ မှန်မယ်ဆိုရင် ငါတို့တွေ နှလုံးသွေးကြောဆိုင်ရာလူနာဆောင်ကို မရောက်လာခင် လူနာ 20 ကျော်လောက် သေဆုံးသွားပြီးပြီ…"
သူသည် ဝိဇ္ဇာဘာသာရပ်တစ်ဦးဖြစ်ပြီး အမှန်တကယ်တော့ အချက်အလက်များကို အာရုံခံနိုင်သူမဟုတ်ဘဲ သူ့မှာ သင်္ချာဌာနက သူငယ်ချင်းကောင်းတစ်ယောက်ရှိသည်။ အချိန်အတော်ကြား ပေါင်းသင်းပြီးနောက် သူသည် တစ်ဖက်လူ၏ လွှမ်းမိုးမှုကို အမြဲခံရပြီး မကောင်းဆိုးရွားအရေအတွက်ကို မသိစိတ်ကနေ ရေတွက်နေခဲ့သည်။
မနေ့ညက ပထမဆုံးတိုက်ပွဲမှာ မကောင်းဆိုးရွား 20 ကို တမင်တကာ ရေတွက်ခဲ့သည်။ ထိုအချိန်တွင် စာမေးပွဲဖြေဆိုသူ 10 နှင့် မကောင်းဆိုးရွား 20 ရှိတာကြောင့် အချိုးကျခွဲဝေပေးထားသည်ဟု သူထင်ခဲ့သည်။ ယနေ့ညတွင် မကောင်းဆိုးရွားအရေအတွက်ကို အမြန်ဆုံးရေတွက်ခဲ့ပြီး မကောင်းဆိုးရွားအရေအတွက်က 25 ယောက်ဖြစ်သွားကာ ထပ်ပေါင်းလာသည့် 5 ယောက်က အထူးသန်မာသည်။
တိုက်ဆိုင်မှုပဲလား…
ထိုကဲ့သို့ သိသာသည့် တိုက်ဆိုင်မှုမျိုးက မဖြစ်နိုင်ပေ။ ဒါက သဲလွန်စပဲဆိုတာ သိသာပါသည်။
နေ့ခင်းဘက် လူနာဆောင်ထဲမှာ သေဆုံးသွားသည့် လူနာများဟာ ညပိုင်းစာမေးပွဲခန်းထဲမှာ မကောင်းဆိုးရွားများ ဖြစ်သွားကြသည်။ စာမေးပွဲဖြေသူများ သတ်၍ပြီးသောအခါ ညတိုင်း ပြန်လည်ဆန်းသစ်မည်ဖြစ်သည်။ သူတို့သည် လူသတ်သမား၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး နှလုံးသွေးကြောဆိုင်ရာလူနာဆောင်ထဲတွင် နစ်နာသူများအဖြစ် ပြောင်းလဲကာ ညပိုင်းစာမေးပွဲခန်း၌ စာမေးပွဲဖြေဆိုသူများကို လိုက်ဖမ်းကာ သတ်ဖြတ်ခဲ့ကြောင်း နားလည်နိုင်သည်။
ပထမနေ့တွင် အယောက် 20 နှင့် ဒုတိယနေ့တွင် 25 ယောက် ရှိသည်။ သေသူများ ဆက်ရှိနေပါက ညပိုင်းစာမေးပွဲခန်း၏ အခက်အခဲမှာ ပို၍ခက်ခဲလာလိမ့်မည်။
ယခုစာမေးပွဲသည် လူသတ်သမားကို အမြန်ဆုံးရှာဖွေပြီး လူသတ်သမားကို ပြစ်မှုကျူးလွန်ခြင်းမှ မတားဆီးပါက အခက်အခဲများ တဖြည်းဖြည်း တိုးမြင့်လာလိမ့်မည်။ မဟုတ်ပါက ပဉ္စမနေ့ ညပိုင်းစာမေးပွဲခန်းတွင် လူသတ်သမားသည် တစ်ပြိုင်နက်တည်း လူအများကြီးသတ်ပါက မကောင်းဆိုးရွားအရေအတွက်သည် တိုးလာပြီး သူတို့အတွက် ရင်ဆိုင်ရန် ခက်ခဲစေသည်။
ယွဲ့ရှင်းဝမ်သည် အသက်ပြင်းပြင်းရှူရင်း သူ့ဘေးက အတန်းဖော်များကို ကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။
"နှလုံးသွေးကြောဆိုင်ရာလူနာဆောင်ရဲ့ လူသတ်သမားက ပြစ်မှုတစ်ကြိမ်ထက်မက ကျူးလွန်ခဲ့ပေမဲ့ ဒီနေရာမှာ အချိန်အကြာကြီး ပုန်းအောင်းနေခဲ့တယ်… ဒီလိုဆိုရင် သံသယရှိသူတွေရဲ့ နယ်ပယ်ကို ပိုကျဉ်းသွားစေနိုင်တယ်…"
#TK