Chapter 16
Viewers 4k

Volume 1: ဆေးပညာဌာန


Chapter 16 (နှလုံးသွေးကြောဆိုင်ရာလူနာဆောင် ၁၁)


ယခုအပိုမေးခွန်းအတွက် ရွေးချယ်စရာများကို ဆုံးဖြတ်ပြီးသောအခါ အကောင်းဆုံးအဖြေကိုရှာဖွေရန် နောက်တစ်ဆင့်မှာ "ဖယ်ထုတ်ခြင်းနည်းလမ်း" ကို အသုံးပြုရန်ဖြစ်သည်။


ယွဲ့ရှင်းဝမ်သည် လက်ပ်တော့ထဲတွင်ရှိသော သေဆုံးသူ အယောက် 20 ကို တစ်ချက်ကြည့်ပြီး ခယ်ရှောင်ပင်းအား ပြောသည်။

"သေဆုံးတဲ့အချိန်အတိုင်း လူတွေကို ပြန်လည်စုဖွဲ့လိုက်… လူနာစုစုပေါင်း သေဆုံးမှု ဘယ်နှစ်ခါရှိပြီလဲ"


ခယ်ရှောင်ပင်းက ပြန်ဖြေသည်။

"စုစုပေါင်းလေးကြိမ်ရှိသွားပြီ… ဇွန်လ 1 ရက်မှ 3 ရက်အထိ လူ 5 ဦး သေဆုံးခဲ့ပြီး ဩဂုတ်လ 10 ရက်မှ 13 ရက်အတွင်း လူ 7 ဦး သေဆုံးပြီးတော့ အောက်တိုဘာလ 15 ရက်မှ 20ရက်အထိ လူ 8 ဦး‌ သေဆုံးခဲ့တယ်… ငါတို့ဆေးရုံတင်ထားရတဲ့အချိန်က ဒီဇင်ဘာလ 24 ရက်ဖြစ်ပြီး နှစ်ရက်အတွင်း နောက်ထပ် 8 ယောက် သေဆုံးခဲ့တယ်…"


ယွဲ့ရှင်းဝမ်သည် သေဆုံးမှုလေးခေါက်ကို အသေအချာကြည့်ရှုပြီး ဆက်လက်ပြောသည်။

"သေဆုံးမှုလေးခါအတွင်း နှလုံးသွေးကြောဆိုင်ရာလူနာဆောင်မှာ ကျန်ရစ်ခဲ့တဲ့ လူနာတွေ၊ ဆရာဝန်‌တွေနဲ့ သူနာပြုတွေအားလုံးကို စုဆောင်းပြီး လူထပ်နေတဲ့ အမြင့်ဆုံးစာရင်းကို ရှာဖွေပါ…"


ခယ်ရှောင်ပင်းသည် နာမည်ဖြင့် စီထားခြင်းဖြစ်ပြီး ဇယားများကို နှိုင်းယှဉ်ခြင်းရန် အဖြေမှာ အလွန်ရှင်းလင်းပါသည်။


ခယ်ရှောင်ပင်းသည် စာရွက်တစ်ရွက်ပေါ်မှာ ဆုံးဖြတ်ထားသည့် ရွေးချယ်စရာငါးခုကို ချရေးပြီး ခွဲခြမ်းစိတ်ဖြာခဲ့သည်။ 

"ပထမ၊ ကုတင်နံပါတ် 20 က ပြီးခဲ့တဲ့ ပြစ်မှုတွေမှာ သူရှိနေခဲ့တာမဟုတ်ဘူး… ဒါက သူ့ရဲ့ပထမဆုံး ဆေးရုံတက်တာပဲ… သူက ပြစ်မှုတွေနဲ့ ကိုက်ညီခြင်းမရှိတာကြောင့် ဖယ်ထုတ်လို့ရတယ်…"


ယွဲ့ရှင်းဝမ်က ‘ရွေးချယ်စရာ A’ခြစ်ပြီး ဆက်လက် ခွဲခြမ်းစိတ်ဖြာခဲ့သည်။

"ဒုတိယ၊ ကုတင်နံပါတ် 21၊ အသက် 56 နှစ်ရှိပြီဖြစ်တဲ့ ရွှီတဖန်က တစ်ချိန်က ဆေးဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့ဖူးတယ်… ဇွန်လ 1 ရက်နဲ့ ဩဂုတ်လ 10 ရက်က ပြစ်မှုတွေမှာ ရှိခဲ့ပေမဲ့ အောက်တိုဘာ 15 ရက်မှာ ဆေးရုံတင်ထားခြင်းမရှိဘူး… ဆိုလိုတာက လူနာတွေသေဆုံးမှု လေးခါမှာ သူက တစ်ကြိမ်မရှိခဲ့တဲ့အတွက် လူသတ်သမားမဟုတ်ဘူး… အဓိကသက်သေပဲ…"


"တတိယ၊ တာဝန်ခံဒေါက်တာရှောင်းဝမ်က ဒီနှစ်မှာ ခေါင်းဆောင် resident ဖြစ်လာတယ်… သူက နေ့တိုင်းလိုလို နှလုံးသွေးကြောဆိုင်ရာလူနာဆောင်မှာ ရှိနေတတ်တယ်… လက်ရှိမှာ သူ့ကို ဖယ်ထုတ်လို့မရသေးဘူး… ဆိုင်းငံ့ထားလိုက်…"


"စတုတ္ထ၊ အသက် 30 အရွယ် resident ဒေါက်တာမာပင်းက အချိန်မမှန်ဘဲ ညဆိုင်းဝင်တတ်တယ်… ဇွန်လ 1 ရက်နဲ့ ဩဂုတ်လ 10 တွေမှာ အခင်းဖြစ်ပွားရာနေရာမှာ မရှိတဲ့အတွက် ပြစ်မှုကျူးလွန်တဲ့ အခြေအနေနဲ့ ကိုက်ညီမှုမရှိဘူး…"


သူတို့သုံးယောက်သည် နောက်ဆုံးရွေးချယ်မှုအပေါ် သူတို့၏အမြင်ကို သတ်မှတ်ခဲ့ကြသည်။


ရွေးချယ်စရာ E၊ အချက်အလက်များ ခွဲခြမ်းစိတ်ဖြာပြီးနောက် ငုပ်လျှိုးနေသောလူနာကို သူတို့ရှာဖေတွေ့ရှိခဲ့သည်။


ယွဲ့ရှင်းဝမ်သည် နာမည်ကိုကြည့်ပြီး မျက်လုံးက အနည်းငယ်ကျဉ်းမြောင်းသွားသည်။

"နောက်ဆုံး သံသယရှိသူ၊ ကျူယွမ်ပေါ်၊ အသက် 55 နှစ်အရွယ် အမျိုးသား၊ ဆေးဝါးစက်ရုံက အငြိမ်းစားဝန်ထမ်းဖြစ်တယ်… ဇွန်လ 1 ရက်၊ ဩဂုတ်လ 10 ရက်၊ အောက်တိုဘာလ 15 ရက်၊ ဒီဇင်ဘာလ 24 ရက်မှာ အုပ်စုလိုက် လူနာတွေသေတိုင်း နှလုံးသွေးကြောဆိုင်ရာလူနာဆောင်မှာ သူရှိနေခဲ့တယ်… ပထမအခင်းဖြစ်ပွားတဲ့အခါ ကုတင်နံပါတ် 11 မှာ ‌နေထိုင်ခဲ့ပြီး သေဆုံးသွားတဲ့ ကုတင်နံပါတ် 10 က အဘွားအိုနဲ့ အနီးဆုံးမှာရှိနေခဲ့တယ်… သူက လူသတ်သမား ဖြစ်နိုင်ခြေ အမြင့်ဆုံးအခြေအနေမှာရှိတယ်…"


ယွဲ့ရှင်းဝမ်သည် စာရွက်ပေါ်ရှိ ကျန်ရှိသောရွေးချယ်စရာများကို ကြည့်ကာ နာမည်နှစ်ခုကို ဘောပင်ဖြင့် ဝိုင်းပြီး ပြောသည်။

"ရှောင်းဝမ်နဲ့ ကျူယွမ်ပေါ်၊ လူသတ်သမားက ဒီလူနှစ်ယောက်ထဲမှာ ရှိတယ်…"


အချက်အလက်များကို နှိုင်းယှဉ်ခွဲခြမ်းစိတ်ဖြာပြီးနောက် မူလကရှုပ်ထွေးသော အခြေအနေသည် နောက်ဆုံးတွင် ရှင်းလင်းလာပြီး အဖြေက နှစ်ခုထဲကတစ်ခုရွေးချယ်မှု ဖြစ်လာခဲ့သည်။


နေ့ခင်းဘက်တွင် ယွဲ့ရှင်းဝမ်သည် လူနာဆောင်များဆီသို့ လမ်းလျှောက်ဟန်ဆောင်ကာ အတန်းဖော်များထံ ရေးထားသော မှတ်စုများကို ပေးလိုက်သည်။


အဘိဓာန်မှ စုတ်ဖြဲထားသော စက္ကူဖြူပေါ်တွင် အနက်ရောင်ဘောပင်ဖြင့် စာကြောင်းအနည်းငယ်ရေးထားပြီး လက်ရေးက တရကြမ်းပြေးလွှားနေ၏။

"အတန်းဖော်တို့ အရင်က အသတ်ခံရသူ အယောက် 20 စလုံးကို တွေ့ရှိသွားပါပြီ… လူသတ်မှုတွေက ဇွန်လ 1 ရက်၊ ဩဂုတ်လ 10 ရက်၊ အောက်တိုဘာလ 15၊ ဒီဇင်ဘာလ 24 ရက်တွေမှာ အကြိမ်များစွာ ဖြစ်ပွားခဲ့ပါတယ်… အမှုအချက်အလက်တွေရဲ့ နှိုင်းယှဉ်ချက်အရ လက်ရှိ လူနာကုတင်နံပါတ် 20၊ 21 နဲ့ ဒေါက်တာမာပင်းတို့ရဲ့ သံသယကင်းရှင်းသွားပါပြီ… သူတို့က အခင်းဖြစ်ပွားတဲ့အချိန်အတွင်း အခင်းဖြစ်ပွားရာနေရာမှာ အကြိမ်များစွာ မတွေ့ခဲ့ရတာကြောင့်ပဲဖြစ်ပါတယ်… ဒေါက်တာရှောင်းဝမ်ကိုတော့ သံသယရှိသူအဖြစ် သတ်မှတ်ထားဆဲဖြစ်ပြီး သံသယရှိသူအသစ်ဖြစ်တဲ့ VIP-1 က ကျူယွမ်ပေါ်အပါအဝင် လူသတ်သမားဟာ သူတို့နှစ်ယောက်ထဲက တစ်ယောက်ဖြစ်နိုင်တာကြောင့် ပြစ်မှုကျူးလွန်ရတဲ့အကြောင်းရင်ကို စတင်စုံစမ်းနေပါပြီ…"


စာရွက်ရရှိခဲ့သော ကျောင်းသားများအားလုံးက သက်ပြင်းချလိုက်ကြသည်—— စာမေးပွဲကာလအတွင်း သူတို့တွေ လုံးဝမလုပ်ဆောင်နိုင်သည့် အပိုမေးခွန်းကို ကြုံတွေ့နေရသည်ဟု ခံစားရပြီး ရလဒ်အနေဖြင့် ထိပ်တန်းကျောင်းသားက လူတိုင်းအတွက် အဖြေစာရွက်မှာ ကိုယ်တိုင်ရေးပေးခဲ့သည်။


နေ့လယ်ခင်းတွင် ယွဲ့ရှင်းဝမ်သည် ကျောင်းသားများအား စုံစမ်းစစ်ဆေးရေးတာဝန်များကို ပေးအပ်ခဲ့သည်။ မိန်းကလေးတော်တော်များများက လူနာဆောင်အတွင်းရှိ အခြားလူနာများနှင့် စကားပြောရန် ကြိုးစားကြပြီး ဆရာဝန်ရှောင်းဝမ်၏ အခြေအနေအကြောင်း မေးမြန်းကြသည်။ 


လျှိုရှောင်းရှောင်းသည် အရပ် 155 စင်တီမီတာနဲ့ သေးသွယ်ပြီး ချစ်စရာကောင်းကာ အထူးချိုသာသော ပါးစပ်ရှိသည်။ ယွဲ့ရှင်းဝမ်မှ ပေးသောစာရင်းအရ သုံးကြိမ် ဆေးရုံတက်ခဲ့ရသော အဘွားအိုတစ်ဦးကို သူမတွေ့ခဲ့ပြီး ဒေါက်တာရှောင်း၏ အခြေအနေအကြောင်း ဟန်ဆောင်ပြောဆိုခဲ့သည်။ 


တစ်ချိန်တည်းမှာပင် ယွဲ့ရှင်းဝမ်သည် ကုတင်နံပါတ် 21 မှ အဓိကသက်သေ ရွှီတဖန်ကို စုံစမ်းစစ်ဆေးနေသည်။


အစပိုင်းမှာတော့ ထိုလူကို လူသတ်သမားလို့ သံသယရှိခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ထိုလူသည် လူသတ်မှုဖြစ်စဉ်လေးခုတွင် သုံးကြိမ်တိုင်တိုင် ရှိနေခဲ့သည့် အဓိကသက်သေတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရသည်။ အဘိုးကြီးရွှီသည် စိတ်အားထက်သန်နေပုံရပြီး ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့က သူ့လူနာ‌ဆောင်ထဲသို့သွားပြီး စကားစမြည်ပြောကြသည်။


ယွဲ့ရှင်းဝမ်က ယဉ်ယဉ်ကျေးကျေးဆိုသည်။

"ဦးလေး၊ ခင်ဗျားက နှလုံးခွဲစိတ်ပြီးပြီမလား… ဒေါက်တာက ကျွန်တော်တို့ကို ခွဲစိတ်ဖို့ပြောပြီး ကျွန်တော်တို့ နည်းနည်းကြောက်နေလို့ ခွဲစိတ်ခဲ့တဲ့ အတွေ့အကြုံအကြောင်း မေးချင်လို့ပါ…"


ရွှီတဖန်က ဟက်ဟက်ပက်ပက် ပြုံးရယ်သည်။

"ခွဲစိတ်တာက ဘာကြောက်စရာရှိလို့လဲ… ကြားဖြတ်ခွဲစိတ်တာက ရင်ဘတ်ကို ခွဲစိတ်တာနဲ့မတူဘူး… အဲဒါက ပေါင်ရဲ့သွေးကြောထဲမှာ သေးငယ်တဲ့ခွဲစိတ်မှုတစ်ခုဖြစ်ပြီး stent ကို ပေါင်ရဲ့သွေးကြောကနေ နှလုံးဆီ ထိုးသွင်းလိုက်တာ…"


လျှိုကျောက်ချင်းက ချက်ချင်းမေးသည်။

"ဦးလေး ဘယ်တုန်းက ခွဲစိတ်ခဲ့တာလဲ"


ရွှီတဖန်က ပြန်ဖြေသည်။

"ဇွန်လ 3 ရက်က…"


ယွဲ့ရှင်းစိတ်က သိချင်ဟန်ဆောင်လိုက်သည်။

"ဦးလေး အဲဒီအချိန် ဆေးရုံတက်တုန်းက လူနာဆောင်ထဲမှာ တစ်ယောက်ယောက် သေသွားသေးလဲ… လွန်ခဲ့တဲ့ နှစ်ရက်လောက်က လူနာတော်တော်များများ ဆက်တိုက်သေဆုံးနေကြတယ်… ဒီနေ့ အပြင်ထွက်တဲ့အခါလည်း သူနာပြုတစ်ယောက်က အဝတ်ဖြူအုပ်ထားတဲ့ ဆေးရုံကုတင်ကို တွန်းထုတ်သွားတာ တွေ့လိုက်တယ်…"


ရွှီတဖန်က သက်ပြင်းချသည်။

"ရုတ်တရက် နှလုံးဖောက်ပြီး သေဆုံးတာက တော်တော်အဖြစ်များတယ်… ငါ အကြိမ်အနည်းငယ် ဆေးရုံတက်ခဲ့ရတော့ လူနာဆောင်ထဲမှာ သေဆုံးသွားတဲ့သူတွေနဲ့ ကြုံတွေ့ခဲ့ရတယ်… ဒီနေ့ ငါ့ဘေးက ကုတင်နံပါတ် 19 လည်း မရှိတော့ဘူး… မနက်က မင်းတို့မြင်လိုက်တာ အဲဒီလူဖြစ်လိမ့်မယ်…"


ယွဲ့ရှင်းဝမ်က မေးသည်။

"ဒီမနက် အစောကြီး စင်္ကြံမှာ ဆူညံသံကြားလား"


ရွှီတဖန်က မပြောခင် ခဏလောက် သေသေချာချာ စဉ်းစားသည်။

"ငါ အတော်လေး အိပ်ပျော်နေတာ… ‌ဒါပေမဲ့… ဒေါက်တာတစ်ယောက်က ဘေးကုတင်ကို ဆေးပြောင်းပေးဖို့ လာခဲ့တယ်လို့ ငါခပ်ရေးရေးလေး ခံစားရတယ်… နောက်တော့ ဘေးကုတင်ရဲ့ ECG မော်နီတာရဲ့ သတိပေးချက်က ရုတ်တရက် မြည်လာပြီး ဆရာဝန်တွေနဲ့ သူနာပြုတွေက ကယ်ဆယ်ဖို့ လူနာဆောင်ထဲကို အပြေးအလွှားဝင်လာကြတယ်… မတော်တဆမှုဖြစ်ခဲ့တာက ကုတင်နံပါတ် 19 ပဲဆိုတာ အဲအခါမှ ငါသိလိုက်ရတယ်…"


"ဒေါက်တာရှောင်းက ကယ်ဆယ်ရေးမှာ တာဝန်ရှိတာလား"


"အင်း… အချိန်တိုင်း ဒေါက်တာရှောင်းနဲ့ တာဝန်ကျသူနာပြုက ကယ်ဆယ်ဖို့ အတူတူလုပ်ကြတာ… မနေ့ညက သူတို့တွေ နာရီဝက်လောက် ကယ်တင်ခဲ့ပေမဲ့ မကယ်နိုင်ခဲ့ဘူး… ဟင်း… ကုတင်နံပါတ် 19 က လူနာက တကယ်ကံမကောင်းတာပဲ… သူက အသက် 55 နှစ်ပဲ‌ရှိသေးပြီး ငါနဲ့ အသက်အတူတူပဲ…"


နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ လူနာဆောင်ထဲမှ မထွက်ခွာမီ ဦးလေးရွှီနှင့် စကားစမြည်ပြောခဲ့သည်။


ဦးလေးရွှီ၏ ယခင်ဆေးရုံတက်တုန်းက အတွေ့အကြုံများကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ယခုတစ်ကြိမ်တွင် လူသတ်သမားသည် သူ့ဘေးကုတင်ကလူနာကို သတ်ပစ်ခဲ့သည်။ မနက်အစောကြီးမှာ လူသတ်သမား၏ လုပ်ကိုင်ပုံနည်းလမ်းဟာ လူနာဆီသို့ ဆေးထိုးသွင်းနေတာဖြစ်ကြောင်း သက်သေပြခဲ့သည့် ဘေးကုတင်မှာ ဆေးပြောင်းရန် တစ်စုံတစ်ယောက်ရောက်လာတာကို သူသတိထားမိသည်။ သို့သော်လည်း လူသတ်သမားသည် အထူးသတိထားခဲ့ပြီး လူနာများ သံသယမဖြစ်စေရန် လူနာဆောင်ထဲသို့ ဝင်လိုက်ထွက်လိုက်လုပ်ဖို့ ဆေးဘက်ဆိုင်ရာဝန်ထမ်းအဖြစ် ဟန်ဆောင်ခဲ့သည်။ 


လျှိုရှောင်းရှောင်းက စင်္ကြံတွင် သူတို့ကို စောင့်နေသည်။ ယွဲ့ရှင်းဝမ်ကိုမြင်ပြီးနောက် သူမ ချက်ချင်း ရှေ့သို့ တိုးလာပြီး တိုးတိုးပြောသည်။

"ရှင်းဝမ်… ငါတို့တွေ လူခွဲပြီး လူနာဆောင်ထဲက အဘွားအိုတချို့ကို မေးကြည့်တော့ အားလုံး ဒေါက်တာရှောင်းအကြောင်း ကောင်းကောင်းမွန်မွန် ပြောကြတယ်… အဲဒီမှာ ဒေါက်တာရှောင်း ကယ်တင်ခဲ့ဖူးတဲ့ အဘွားအိုတစ်ယောက်ရှိတယ်… နောက်ပြီးတော့ ဒေါက်တာရှောင်းက အလုပ်များတာကြောင့် ချစ်သူတောင်မရှာဘူးလို့ ပြောကြတယ်… လူနာဆောင်ထဲမှာ အဘွားအိုတစ်ယောက်က သူ့ကို စိတ်အားထက်သန်စွာ မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးပေမဲ့ သူက အရမ်းအလုပ်များနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းခဲ့တယ်…" 


ချစ်သူမရှာနိုင်လောက်အောင် အလုပ်များနေတာလား…


ယွဲ့ရှင်းဝမ်သည် သူ့မေးစေ့ကိုထိပြီး အတွေးနယ်ထဲ ဝင်သွားသည်။


လွန်ခဲ့သော ခြောက်လအတွင်း ဒေါက်တာရှောင်းသည် နေ့တိုင်း လူနာဆောင်ထဲတွင် ရှိနေခဲ့ပြီး ပြစ်မှုကျူးလွန်ရန် အချိန်နှင့် အခြေအနေများက ကိုက်ညီပါသည်။


သူသည် လူမှုရေးချို့ယွင်းသူ သို့မဟုတ် စိတ်ရောဂါရှိသူဟု ဆိုပါစို့။ ဆေးပညာကို နှစ်အတော်ကြာလေ့လာပြီးနောက် သူသင်ယူခဲ့သော အသိပညာနဲ့ သူ့လူနာ‌တွေကို သတ်ပစ်ခဲ့ပြီး‌ မကောင်းစိတ်ဝင်လာပြီးနောက် စိတ်လှုပ်ရှားမှုနဲ့ ပြီးမြောက်အောင်မြင်မှုကို ရှာဖွေရန် လူနာတချို့ကို သတ်ပစ်ခဲ့သည်…


ဒါဆို သူဘာလို့ လူသတ်တာတွေကို အစုလိုက် သတ်နေရတာလဲ…


သူသည် လူနာဆောင်ထဲတွင် အချိန်အတော်ကြာနေခဲ့ပြီး တစ်နှစ်လျှင် 365 ရက်ရှိတာကြောင့် အချိန်မရွေး သတ်နိုင်သည်။ရက်အနည်းငယ်အတွင်း လူများစွာကို သတ်ရန် အာရုံစိုက်စရာ မလိုအပ်ပေ။


ရက်အတော်ကြာ ဆက်တိုက် လူနာ အများအပြား သေဆုံးခဲ့သည်။ ဒေါက်တာရှောင်းက သူတို့ကို ကယ်တင်ခဲ့ရပြီး ကိစ္စရပ်များကို ဆွေးနွေးရန်၊ အကျဉ်းချုပ်ချရေးရန်၊ သေဆုံးမှုဆိုင်ရာ ဆွေးနွေးမှုရလဒ်များကို အထက်လူကြီးထံ တင်ပြရမည်ဖြစ်သည်။ သူကိုယ်တိုင်က အလွန်အလုပ်များနေလိမ့်မည်။ 


လူနာကို နှလုံးဖောက်စေဖို့အတွက် ဆေးကို ထိုးသွင်းရင်း လူနာကို ကယ်ဆယ်ဖို့ ဒေါက်တာရှောင်းက ပြန်ပြေးလာရပြီး တစ်ညတည်းမှာ လူနာအများအပြားကို ကယ်တင်ခဲ့ပေမဲ့ ကယ်တင်ရန် ကျရှုံးခဲ့တာကြောင့် သေဆုံးမှု အစီရင်ခံစာကို ရေးရလိမ့်မည်... သူကိုယ်သူ ပြဿနာရှာဖို့ အလွန်အားနေတာလား။


သူ့အနေနဲ့ဆိုလျှင် ရက်အနည်းငယ်မှ လူတစ်ယောက်ကို သတ်ဖြတ်တာက ပြစ်မှုကျူးလွန်ရန် ပိုသင့်လျော်သည့် နည်းလမ်းမဟုတ်ပါလား။


ထို့အပြင် ရှောင်းဝမ်သည် နှလုံးဖောက်ခြင်းမှ ကယ်တင်နိုင်ခဲ့သည့် လူနာဆောင်ထဲတွင် အဘွားအိုတစ်ဦးလည်း ရှိသည်။ ဒေါက်တာရှောင်းသည် တကယ်လူသတ်သမားဆိုလျှင် လူတွေကို ကယ်တင်ရင်းနဲ့ ဘာကြောင့် လူသတ်ရသနည်း။ ဒါက တကယ်ကို ကွဲလွဲနေပြီး အဓိပ္ပါယ်မရှိပေ။


နှိုင်းယှဥ်ပြောရလျှင် ကျူယွမ်ပေါ်က ပို၍ သံသယဖြစ်ဖွယ်ရှိသည်။


ယွဲ့ရှင်းဝမ်သည် ခဏမျှ နှုတ်ဆိတ်နေပြီး လျှိုကျောက်ချင်းအား တိုးတိုးလေးပြောသည်။

"စီနီယာအစ်ကို… အဲဒီကျူယွမ်ပေါ်ကို ကျွန်တော်တို့ကိုယ်တိုင် စစ်ဆေးကြည့်ရမယ်ထင်တယ်…"


လျှိုကျောက်ချင်းက လေးနက်စွာ မေးသည်။

"မင်းက သူ့လူနာဆောင်ထဲကို ခိုးဝင်ချင်တာလား"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြီး လျှိုရှောင်းရှောင်းကို လှည့်ကြည့်လိုက်သည်။

"မင်း ချင်လုကို ခေါ်ပေးလို့ရလား… ငါ သူမအကူအညီလိုလို့…"


လျှိုရှောင်းရှောင်းက ပထဝီဝင်ဌာနမှ ချင်လုကို အမြန်ခေါ်လာခဲ့သည်။ ယွဲ့ရှင်းဝမ်က သူတို့သုံးယောက်အား သူ့ဆီကပ်လာရန် အမူအရာပြကာ တိုးတိုးပြောသည်။

"ကျူယွမ်ပေါ်က ညစာစားပြီးသွားပြီ… ကုတင်ဆီမသွားခင် အပြင်ထွက်ပြီး ထမင်းဘူးကို လွှင့်ပစ်လိမ့်မယ်… သူအပြင်ထွက်နေတုန်း စီနီယာအစ်ကိုက သူ့ကို အချိန်ဆွဲထားဖို့ နည်းလမ်းရှာပြီး ချင်လုနဲ့ ကျွန်တော်က လူနာဆောင်ထဲမှာ သဲလွန်စသွားရှာမယ်… သူပြန်လာပြီဆိုရင် စီနီယာအစ်ကိုက ကျွန်တော်တို့ကို အချက်ပြလိုက်…"


နှစ်ယောက်စလုံးက သူတို့နားလည်ကြောင်း ပြောကြသည်။


ည 7 နာရီတွင် လူနာဆောင်အတွင်းရှိ လူနာများအားလုံး ညစာစားကြသည်။


ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့က သူနာပြုဌာနအနီးတွင် လမ်းလျှောက်ဟန်ဆောင်ကာ ချင်လုနှင့် လျှိုရှောင်းရှောင်းတို့က သူတို့ဘေးရှိ ထိုင်ခုံတွင် ထိုင်နေကြသည်။ လူနာဆောင်ထဲက နှလုံးသွေးကြောဆိုင်ရာရောဂါ လက်ကမ်းစာစောင်ကို တွေ့ရှိပြီး သေချာကြည့်နေသည်။


အချိန်အတော်ကြာအောင် စောင့်ပြီးနောက် VIP လူနာဆောင်၏တံခါးက ရုတ်တရက်ပွင့်လာသည်။


လူလေးယောက်၏ အာရုံကြောများက ချက်ချင်းပင် တင်းမာလာသည်။


အဘိုးအိုတစ်ယောက်သည် သူ့ဘယ်ဘက်လက်မှာ ထမင်းဘူးကိုကိုင်ပြီး အမှိုက်ပုံးတွင် လွှင့်ပစ်ရန် လှည့်ထွက်သွားသည်။ ယွဲ့ရှင်းဝမ်က လက်ဟန်ခြေဟန်ပြပြီး အဘိုးအိုထွက်သွားသောအခါ သူနှင့် ချင်လုတို့က လူနာဆောင်ထဲကို အမြန်ဝင်သွားသည်။

 

လူနာဆောင် VIP-1 က ဘယ်ဘက်အောက်ထောင့်တွင် တည်ရှိပြီး တံခါးမှာ မှန်ပြတင်းပေါက်ရှိသည်။ အများအားဖြင့် သီးသန့်ခန်းကို ထိန်းသိမ်းရန် ကန့်လန့်ကာကို ဆွဲထားနိုင်သော်လည်း ကန့်လန့်ကာကို ဖွင့်ထားသ၍ သူနာပြုဌာန၏ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။


လူနာဆောင်သည် အလွန်ကျယ်ဝန်းပြီး နူးညံ့သောဆိုဖာတစ်လုံးနှင့် နံရံပေါ်တွင် LCD TV တစ်ခုပါရှိသည်။


ယွဲ့ရှင်းဝမ်သည် လူနာဆောင်ထဲတွင် မိသားစုဝင်များအတွက် ခေါက်ကုတင်၊ သစ်သီးခြင်းတောင်းနှင့် ပန်းများ လာပို့ခြင်းမရှိတာကို သတိပြုမိသည်။ လူနာဆောင်တစ်ခုလုံး သန့်ရှင်းနေပြီး ကုတင်ပေါ်ရှိ စောင်များပင် သပ်ရပ်နေသည်။ ဤအဘိုးအိုကျူသည် စွဲလမ်းစိတ်လွန်ကဲမှုရောဂါ(OCD/Obsessive-compulsive disorder) အတိုင်းအတာတစ်ခုအထိ ရှိနေပုံရသည်။ 


ယွဲ့ရှင်းဝမ်သည် သူနေ့စဉ်လိုအပ်ရာများကို သိမ်းဆည်းထားသည့် လူနာ၏ဗီရိုကို အာရုံစိုက်လိုက်သည်။ သူဖွင့်လိုက်ပြီး မြန်မြန်ဆန်ဆန် ရှာကြည့်သည်။ ဆေးရုံမတက်ခင်မှာ အဘိုးကြီးကျူဝတ်ထားသည့် အနက်ရောင်ဝတ်စုံကို ချိတ်ဆွဲထားသည်။ ယွဲ့ရှင်းဝမ်သည် သူ့ဝတ်စုံ၏ အိတ်ကပ်ထဲကို ရှာကြည့်ပြီး ပိုက်ဆံအိတ်ကို ဆွဲထုတ်လိုက်သည်။


ပိုက်ဆံအိတ်ထဲမှာ ဓာတ်ပုံတစ်ပုံရှိနေသည်။


ဓာတ်ပုံသည် လူလေးဦး၏ မိသားစုပုံဖြစ်ပြီး ရှေ့တွင် နှစ်ယောက်ထိုင်နေကာ နောက်တွင် ‌နှစ်ယောက်ရပ်နေသည်။


ဆံပင်ဖြူဖြူနဲ့ ရှေ့မှာ ထိုင်နေသည့် အဘိုးကြီးက ကျူယွမ်ပေါ်ဆိုတာ ယွဲ့ရှင်းဝမ် ချက်ချင်း သတိပြုမိပြီး အဘွားအိုက သူ့ကို ညင်သာစွာ ပွေ့ဖက်ထားပုံအရ သူ့ဇနီးဖြစ်နိုင်သည်။ သူတို့နောက်မှာ ရပ်နေသည့် ဆံပင်စည်းထားသော ချောမောလှပသည့်မိန်းကလေးဟာ ပြုံးလိုက်သောအခါ မျက်နှာမှာ ချစ်စရာကောင်းသော ပါးချိုင့်နှစ်ဖက်ပါရှိသည်။ နောက်ထပ် လူငယ်တစ်ယောက်မှာ——


တကယ်တော့ ဒေါက်တာရှောင်းဝမ်ဖြစ်သည်။


ယွဲ့ရှင်းဝမ်၏ ဦးရေပြားက ခဏတာ ထုံကျင်သွားပြီး ဓာတ်ပုံကို သူ့အိတ်ကပ်ထဲသို့ အမြန်ထည့်ကာ ကျူယွမ်ပေါ်၏ဝတ်စုံကို ချိတ်ဆွဲလိုက်ပြီး သူ့ဗီရိုအောက်တွင် ဆက်လက်ရှာဖွေခဲ့သည်။ ထို့နောက် ယွဲ့ရှင်းဝမ်သည် အောက်ခြေအလွှာပေါ်တွင် အုပ်ထားသော ကုတ်အင်္ကျီအဖြူရောင်အသစ်ကို တွေ့ရှိခဲ့သည်။


ချင်လုက အံ့အားသင့်သွားပြီး တိုးတိုးလေးပြောသည်။

"သူက ကုတ်အင်္ကျီအဖြူကို ဝတ်ပြီး လူနာဆောင်ထဲ ဝင်ထွက်သွားလာနိုင်ဖို့ ဆရာဝန်တစ်ယောက်လို ဟန်ဆောင်နေတာလား"


ယွဲ့ရှင်းဝမ်၏မျက်နှာက လေးနက်နေသည်။

"ရေချိုးခန်းထဲ သွားကြည့်ရအောင်…"


ချင်လုက သန့်ရှင်းသပ်ရပ်သော ရေချိုးခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ ယွဲ့ရှင်းဝမ်သည် အိမ်သာတစ်ဝိုက်ရှိ သဲလွန်စများကို ဂရုတစိုက်ရှာဖွေခဲ့သည်။ ရုတ်တရက် ချင်လုက ပြောသည်။

"ရှင်းဝမ် ဒီကိုကြည့်လိုက်"


သူသည် ချင်လု၏အကြည့်နောက်ကို လိုက်ကာ အနီးကပ်ကြည့်လိုက်ပြီး အမှိုက်ပုံးထောင့်ဘေးမှာ အပ်တစ်ချောင်းကို တွေ့ခဲ့သည်။


ချင်လုက တစ်ရှူးအနည်းငယ်ကို ဆုတ်ဖြဲကာ အပ်ကို ဂရုတစိုက်ကောက်ယူပြီး ယွဲ့ရှင်းဝမ်က ပြသခဲ့သည်။


ဒါက တစ်ခါသုံး ဆေးထိုးအပ်၏ အပ်ချောင်းဖြစ်သည်။


လူနာများ၏ ဆေးထိုးအပ်များအားလုံးကို သူနာပြုများက ဆေးဘက်ဆိုင်ရာအမှိုက်ပုံးထဲသို့ စွန့်ပစ်ပြီး လူနာဆောင်၏ အိမ်သာတွင် ပေါ်လာသော ဆေးထိုးအပ်များသည် အဘိုးကြီးကျူက ဆေးရုံသို့ သီးသန့်ယူဆောင်လာခဲ့ခြင်းမှာ ထင်ရှားသည်။ ရေချိုးခန်းထဲမှာ လူသတ်ရန် သူ့ပစ္စည်းများကို ခွဲထုတ်သောအခါ အမှိုက်ပုံးထောင့်နားသို့ အပ်အသစ်စက်စက်က မတော်တဆပြုတ်ကျပြီး ချင်လုနဲ့ ယွဲ့ရှင်းဝမ်တို့က တွေ့ရှိခဲ့သည်။ 


ဤအခိုက်အတန့်တွင် အပြင်ဘက်မှ စကားသံ ရုတ်တရက် ထွက်ပေါ်လာသည်။

"မင်္ဂလာပါ ဦးလေး၊ ခင်ဗျားအရင်က ခွဲစိတ်မှု တစ်ခုခုလုပ်ဖူးသလားလို့ ကျွန်တော်မေးချင်လို့ပါ… ဟင်း… ဦးလေး ကျွန်တော့်ကို လျစ်လျူမရှုပါနဲ့… ကျွန်တော်က ဘေးအခန်းက လူနာပါ… ဦးလေး"


လျှိုကျောက်ချင်း၏အသံက အလွန်ကျယ်လောင်ပြီး ခြေသံများနှင့်အတူ ကျူယွမ်ပေါ်က ပြန်လာသည်။


ယွဲ့ရှင်းဝမ်က ရေချိုးခန်းတံခါးကို သူ့လက်ဖြင့် ချက်ချင်းပိတ်လိုက်သည်။


‘ကျွီ’ဟု အသံကြားလိုက်ရုံနဲ့ လူနာဆောင်တံခါးက ညင်သာစွာ ပွင့်လာပြီး ကျူယွမ်ပေါ်၏ခြေသံများက နီးကပ်လာကာ ရေချိုးခန်းဘက်ကို လျှောက်လာသည်။ ချင်လုက သူမ၏ကမ္ဘာလုံးကို အမြန်ထုတ်လိုက်သည်။

"ကျောက်ထုလွှာလှုပ်ရှားမှု"


သူတို့နှစ်ယောက် တည်ရှိနေသည့် အိမ်သာခန်းကနေ ချင်လုက ယခင်နေရာသို့ ချက်ချင်းပြောင်းခဲ့သည်။ လူနာဆောင်၏ဘယ်ဘက်အပေါ်ထောင့်ရှိ နားနေခန်းနေရာတွင် ရုတ်တရက် ပေါ်လာပြီး လျှိုရှောင်းရှောင်းက သူတို့ကို စောင့်နေခဲ့သည်။ 


သူတို့နှစ်ဦး ဘေးကင်းလုံခြုံစွာ လူနာဆောင်ထဲကနေ ထွက်လာတာကို မြင်လိုက်ရတော့ လျှိုရှောင်းရှောင်းက သက်ပြင်းတစ်ချက်ချကာ ရှေ့ကို တိုးလာခဲ့သည်။

"နင်တို့အဆင်ပြေရဲ့လား"


"ငါတို့ အဆင်ပြေပါတယ်…" ယွဲ့ရှင်းဝမ်က ဓာတ်ပုံကို လျှိုရှောင်းရှောင်းအား ပေးကာ ပြောလိုက်သည်။ "ဒီမိန်းကလေးက ရှောင်းဝမ်ရဲ့ ချစ်သူဖြစ်လိမ့်မယ်…"


လျှိုရှောင်းရှောင်းက ဓာတ်ပုံကိုကြည့်ပြီး ပြောသည်။

"သူတို့က ချစ်သူတွေတင်မဟုတ်ဘူး… သူတို့နှစ်ယောက်စလုံးရဲ့လက်တွေမှာ တူညီတဲ့လက်စွပ်တွေ ရှိကြတယ်… ဒီတော့ သူတို့က စေ့စပ်ထားပြီးလောက်ပြီ"


ယွဲ့ရှင်းဝမ်သည် ‌လျှိုရှောင်းရှောင်း၏လက်ချောင်း ညွှန်ပြရာသို့ ကြည့်လိုက်ရာ အရှေ့က လူနှစ်ယောက်၏ အနေအထားရှိ ကြားထဲတွင် အနောက်မှ လူငယ်နှစ်ဦး၏ လက်ချောင်းများမှ ရောင်ပြန်ဟပ်နေသော တစ်စုံတစ်ခုရှိပြီး ထိုအရာက စေ့စပ်လက်စွပ်များဖြစ်သည်။


လျှိုရှောင်းရှောင်းက ရုတ်တရက် သဘောပေါက်သွားသည်။

"ဒေါက်တာရှောင်းက ချစ်သူမရှာတာ အံ့ဩစရာမရှိပါဘူး… သူက ဒီစေ့စပ်ထားတဲ့သူကို အရမ်းကြိုက်လို့ သူမကို မေ့လို့မရခဲ့တာ… ဒါကြောင့် အခြားသူတွေက သူ့ကို မိန်းကလေးတွေနဲ့ မိတ်ဆက်ပေးတဲ့အခါ အလုပ်များနေလို့ဆိုတဲ့ အကြောင်းပြချက်တွေသုံးပြီး ငြင်းပယ်ခဲ့တာပေါ့"


နောက်ဆုံးတော့ သဲလွန်စတွေ အားလုံးက ချိတ်ဆက်နေသည်။


ယွဲ့ရှင်းဝမ်သည် မိန်းကလေးနှစ်ဦးအား ညာဘက်အပေါ်ထောင့်ရှိ လူနာဆောင်သို့ခေါ်ဆောင်သွားပြီး ဓာတ်ပုံအား ခယ်ရှောင်ပင်းကို ပေးခဲ့သည်။

"နောက်ပိုင်း အသေးစိတ်အချက်အလက်တွေကို စုံစမ်းပြီး ကျူလို့ မျိုးရိုးအမည်ရှိတဲ့ မိန်းကလေးတစ်ဦးက လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း နှလုံးရောဂါနဲ့ သေဆုံးသွားခြင်းရှိ၊မရှိကို စစ်ဆေးကြည့်လိုက်…"


ခယ်ရှောင်ပင်းသည် ဓာတ်ပုံကိုမြင်သောအခါ ထိတ်လန့်သွားပြီး စကားလုံးများကို ရှာဖွေရန် ကွန်ပျူတာကို အမြန်ဖွင့်လိုက်သည်။ “ကျူချန်ရွှယ်”အမည်ရှိ အသက် 25 နှစ်အရွယ် မိန်းကလေးတစ်ဦးသည် လွန်ခဲ့သည့်တစ်နှစ်က မနက် 1 နာရီတွင် နှလုံးဖောက်ပြီး သေဆုံးသွားကြောင်း တွေ့ရှိရန် အချိန်အနည်းငယ်ကြာခဲ့သည်။ ကျူချန်ရွှယ်၏ “မိသားစု”စာရင်းတွင် ဖခင်အမည်မှာ ကျူယွမ်ပေါ်ဖြစ်ပြီး မိခင်အမည်မှာ ရွှယ်ဟွာနင်ဖြစ်သည်။ ရွှယ်ဟွာနင်ကို ဆက်လက်ရှာဖွေရင်း လွန်ခဲ့သည့်တစ်နှစ်ခန့်က အသက် 50 အရွယ် အမေအိုကြီးသည် နှလုံးရောဂါဖြင့် သေဆုံးခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး သေဆုံးချိန်မှာလည်း မနက်စောစောပိုင်းဖြစ်သည်။ 

 

လေးယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။


ယွဲ့ရှင်းဝမ်သည် ဓာတ်ပုံကို တစ်ချက်ကြည့်ပြီး သက်ပြင်းချလိုက်သည်။

"လူသတ်သမားရဲ့ လူသတ်ရတဲ့ရည်ရွယ်ချက်ကို ငါတို့ရှာတွေ့ပြီ…"


ဓာတ်ပုံထဲတွင် ကျူယွမ်ပေါ်သည် နူးညံ့သိမ်မွေ့ပြီး ချစ်စဖွယ်အပြုံးတစ်ခုရှိသည်။ သူ့သမီးသည် ငယ်ရွယ်ပြီး အရည်အချင်းရှိသော ဆရာဝန်တစ်ဦးနှင့် စေ့စပ်ခဲ့သည်။ သို့သော် အချိန်ကောင်းများက ကြာရှည်မခံပေ။ သူ၏အချစ်ဆုံးဇနီးနဲ့ တစ်ဦးတည်းသောသမီးတို့က တစ်ယောက်ပြီး တစ်ယောက် နှလုံးရောဂါနဲ့ ဆုံးပါးသွားခဲ့သည်။ ကျူယွမ်ပေါ်၏ စိတ်က တဖြည်းဖြည်း ပျက်စီးလာပြီး လူနာဆောင်ရှိ ကုသမှုခံနိုင်သော နှလုံးရောဂါသည်များကို စတင်သတ်ပစ်တော့သည်။ 


ရှောင်းဝမ်က သူ့သမီးနဲ့ စေ့စပ်ထားသူဖြစ်သည်။ ဤ‌ဆက်ဆံရေးဖြင့် သူသည် နှလုံးသွေးကြောဆိုင်ရာလူနာဆောင်တွင် အလွယ်တကူနေထိုင်နိုင်ခဲ့သည်။


ရှောင်းဝမ်သည် သူ့ချစ်သူသေဆုံးမှုအတွက် အပြစ်မကင်းသလို ခံစားနေရသောကြောင့် “‌ယောက္ခထီး”ကို ဆေးရုံတင်ရန် ဘယ်သောအခါမှ ငြင်းဆန်ခြင်းမရှိပေ။ အဘိုးကြီးကျူ ဆေးရုံတက်ချင်သည့်အခါတိုင်း ရှောင်းဝမ်က သူ့အတွက် အခန်းပြင်ပေးပြီး သူ့ကိုယ်တိုင် ဂရုစိုက်ပေးကာ ဒီတစ်ခါမှာလည်း VIP လူနာဆောင်ကို တိုက်ရိုက်တက်ခိုင်းခဲ့သည်။ ဒေါက်တာရှောင်းသည် သူ့ဇနီးနှင့် သမီးဖြစ်သူ သေဆုံးမှုကြောင့် ဤအဘိုးကြီးက သွေး‌ဆာနေသော လူသတ်သမားဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားနိုင်လောက်ပေ။


သူက အခင်းဖြစ်ပွားချိန် လေး‌ခါစလုံးတွင် ရှိနေသူဖြစ်သည်။


သူက ပထမဆုံးသေဆုံးသူနှင့် အနီးစပ်ဆုံးဖြစ်သည်။


သူ၏ဇနီးနှင့်သမီး နှစ်ဦးစလုံး နှလုံးရောဂါဖြင့် သေဆုံးခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်။


သူကိုယ်တိုင်က နှလုံးရောဂါသည်တစ်ယောက်ဖြစ်ပြီး ဆေးဝါးစက်ရုံမှာ အလုပ်လုပ်ခဲ့တာကြောင့် နှလုံးရောဂါသည်တွေကို အမြန်ဘယ်လိုသတ်ရမလဲဆိုတာ သူသိနိုင်သည်။ 


သူ၏လူနာဆောင်က ရေချိုးခန်းထဲတွင် ဆေးထိုးအပ်ကို ရှာတွေ့ပြီး သူ၏ဗီရိုထဲတွင် အသစ်စက်စက် ကုတ်အင်္ကျီအဖြူတစ်ထည်ကို တွေ့ရှိခဲ့သည်။


လူနာဆောင်ရှိ တာဝန်ခံဒေါက်တာရှောင်းဝမ်နှင့် သူ၏ထူးခြားသောဆက်ဆံရေးကို ထိုဓာတ်ပုံက အရိပ်အမြွတ်ပေးနေသည်။


ငြင်းပယ်၍မရသော သက်သေရှိနေသည်။ 


နှလုံးသွေးကြောဆိုင်ရာလူနာဆောင်တွင် ပုန်းအောင်းနေသော လူသတ်သမားက လျှိုဝှက်ဆန်းကြယ်‌သောလူနာ—— VIP လူနာဆောင်မှ ကျူယွမ်ပေါ်ဖြစ်သည်။


#TK