Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်
Chapter 18 (သုတေသနအဖွဲ့ ၀၁)
ယွဲ့ရှင်းဝမ်သည် ဓာတ်လှေကားထဲသို့ လျှောက်သွားပြီး ယနေ့ဓာတ်လှေကားက သူပထမဆုံးတက်တုန်းကနဲ့ မတူပေ။ စာကြည့်တိုက်ရှိ နောက်ထပ်လုပ်ဆောင်ချက်များကို သော့ဖွင့်ခြင်းဖြင့် ဓာတ်လှေကားအတွင်း ခလုတ်များနှင့် သက်ဆိုင်ရာအထပ်တံဆိပ်များ ပေါ်လာသည်——
2ထပ်: သင်္ချာဌာန
1ထပ်: ဆေးပညာဌာန
-1ထပ်: စာကြည့်တိုက်ဒေတာဘေ့စ်
-2ထပ်: သုတေသနအဖွဲ့စင်တာ
-3ထပ်: ကျောင်းသားအိပ်ဆောင်
-4ထပ်: ကျောင်းသားကန်တင်း
-5ထပ်: ဈေးဝယ်ပလာဇာ
မြေအောက်အထပ်များသည် လုပ်ငန်းဆောင်တာများအားလုံးကို လုပ်ဆောင်နိုင်သောနေရာများဖြစ်ပြီး အပေါ်ထပ်များသည် တက္ကသိုလ်ရှိ ဌာနများဖြစ်သည်။
ယွဲ့ရှင်းဝမ်သည် ဆေးပညာဌာနတွင် မသင်မနေရသင်တန်းများကို ပြီးမြောက်ပြီး ဒုတိယထပ်ရှိ သင်္ချာဌာနကို သော့ဖွင့်လိုက်သည်။ တတိယထပ်ရှိ ဌာနအသစ်ကို မဖွင့်ခင် သင်္ချာဌာနတွင် မသင်မနေရသင်တန်းများကို ပြီးမြောက်အောင် လုပ်ဆောင်ရလိမ့်မည်။ စာကြည့်တိုက်တွင် အထပ်မည်မျှနှင့် သင်တန်းမည်မျှရှိသည်ကို သူမသိရသေးပေ။
မြေအောက်ထပ်ကို ဖွင့်ခြင်းသည် ယွဲ့ရှင်းဝမ်ကို ထင်ယောင်ထင်မှားဖြစ်စေခဲ့သည်—— တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များမှ ကျောင်းသားအများအပြားကို "ဝင်ခွင့်" ပေးကာ ကျောင်းသားများကို အဆောက်အဦးတစ်ခုတွင် ကန့်သတ်ထားသည့် ထူးဆန်းသော "စာကြည့်တိုက်တက္ကသိုလ်" သို့ သူရောက်လာပုံရသည်။ အဆောက်အဦးထဲမှာ ကျောင်းသားတွေကို ထူးခြားသော စွမ်းရည်တွေ ပေးထားပြီး သူတို့၏ ဘာသာရပ်များနဲ့ မသက်ဆိုင်သော သင်တန်းတွေကို တက်ခိုင်းကာ ကျသွားလျှင် အသက်အန္တရာယ်ရှိနိုင်သည်။
ပြီးနောက် သူက စာကြည့်တိုက်ကို ရောက်လာသည့် ကျောင်းသားအသစ်ပဲဖြစ်သည်။
ဓာတ်လှေကားသည့် ‘ဒင်း’ဆိုပြီး အနုတ်ဒုတိယထပ်သို့ ရောက်ရှိပြီးနောက် ရင်းနှီးသော စက်အသံက သူ့နားထဲမှာ မြည်လာသည်။
"အနုတ်ဒုတိယထပ်၊ သုတေသနအဖွဲ့စင်တာမှ ကြိုဆိုပါတယ်…"
ဓာတ်လှေကားတံခါးပွင့်လာပြီး ယွဲ့ရှင်းဝမ် အမြန်ထွက်လာခဲ့သည်။
သုတေသနအဖွဲ့စင်တာသည် မြန်နှုန်းမြင့်ရထားဘူတာရုံတစ်ခု၏ စောင့်ဆိုင်းခန်းမအရွယ်အစားနီးပါးဖြစ်သည်။ မီးလုံးများသည် အပေါ်မှ တောက်ပသော အလင်းရောင်ဖြာထွက်နေပြီး ကြမ်းပြင်ကို သန့်ရှင်းသော ကြွေပြားများဖြင့် ဖုံးအုပ်ထားသည်။ ခန်းမအလယ်တွင် ရှစ်မီတာကျော်ကျယ်သော LCD ဖန်သားပြင်ကြီးနှစ်ခုရှိပြီး အနီရောင်နှင့် အပြာရောင် စကားလုံးများဖြင့် အချက်အလက်များကို ရွေ့လျားနေသော လိုင်းများရှိသည်။
အကွာအဝေးက ဝေးလွန်းသဖြင့် ယွဲ့ရှင်းဝမ်သည် အချက်အလက်၏ သီးခြားအကြောင်းအရာကို မမြင်နိုင်ပေ။
စကားလုံးများ၏ အမြန်နှုန်းက အွန်လိုင်းဂိမ်းများရှိ “World Chat Channel”ကို သတိရသွားစေခဲ့သည်။
ဖန်သားပြင်၏ ဘယ်ဘက်နှင့် ညာဘက်ခြမ်းများတွင် အနားယူရန် ထိုင်ခုံများကို သပ်ရပ်စွာ စီထားသည်။ ထိုင်ခုံတစ်ခုစီ၏ရှေ့တွင် တက်ဘလက်တစ်ခုစီရှိသည်။ ထိုအချိန်တွင် သုတေသနအဖွဲ့စင်တာမှာ ထိုင်ခုံ 80 ကျော်ရှိပြီး ကျောင်းသားများနှင့် ပြည့်နှက်နေကာ ကြီးမားသော LCD ဖန်သားပြင်နှစ်ခုအောက်တွင် ကျောင်းသားအများအပြား ရပ်နေပါသည်။ ဒီမြင်ကွင်းက နွေဦးပွဲတော်တွင် လူစည်ကားနေသော ရထားဘူတာရုံနဲ့ တူသည်။
ဒီလောက်လူများစွာက စာကြည့်တိုက်ထဲသို့ ဆွဲသွင်းခံရလိမ့်မည်ဟု သူမယုံနိုင်ခဲ့ပေ။ ယွဲ့ရှင်းဝမ်၏အမြင်အရ သုတေသနအဖွဲ့စင်တာတွင် ကျောင်းသားထောင်ပေါင်းများစွာ ရှိသည်။
လူတွေ အများကြီးရှိနေတာကြောင့် ကျန်းဖျင်စစ်ကို သူဘယ်လိုရှာရမည်နည်း။
ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ကာ သူ့မျက်လုံးများဖြင့် လျင်မြန်စွာ လှည့်ပတ်ကြည့်သော်လည်း ရင်းနှီးသောပုံစံကို ရှာမတွေ့ခဲ့ပေ။
LCD ဖန်သားပြင်က လူများဖြင့် ပြည့်ကျပ်နေသည်။ ကျန်းဖျင်စစ်သည် ထိုသို့သော ဆူညံသည့်အခြေအနေများကို မုန်းတီးပြီး လူများနှင့် အနီးကပ် ထိတွေ့ဆက်ဆံခြင်းကို မကြိုက်ပေ။ သူသည် ဖန်သားပြင်အောက်ရှိ လူအုပ်ထဲ၌ သေချာပေါက် ရှိနေမှာမဟုတ်ပေ။ သူသည် အနားယူရန် တစ်နေရာရာတွင် ထိုင်နေတာက အလားအလာပိုများသည်။ သို့သော် ထိုင်ခုံများစွာရှိနေတာကြောင့် ကျန်းဖျင်စစ်က ဘယ်မှာထိုင်နေမည်နည်း။
Private message ကနေ ပို့လျှင် အမှတ် 10 မှတ် ကုန်မည်ဖြစ်တာကြောင့် ယွဲ့ရှင်းဝမ်သည် ခဏလောက်စဉ်းစားခဲ့ပြီး အမှတ်များကို ဖြုန်းတီးမနေတော့ဘဲ သူ့ဘာသာသူ ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။
အရင်တုန်းက ကျန်းဖျင်စစ်သည် self-study လေ့လာဖို့အတွက် စာကြည့်တိုက်သွားရန် သူ့အားမေးစဉ် မကြာခဏဆိုသလို 6 ထပ်မြောက်က ပုံမှန်နေရာကိုသာ သွားလေ့ရှိသည်။
ဟွာအန်းတက္ကသိုလ်စာကြည့်တိုက်၏ 6 ထပ်မြောက် ထောင့်တွင် နေရာတစ်ခုရှိသည်။ ပတ်ဝန်းကျင်က နေရာကျယ်ပြီး တည်နေရာက အတော်လေးတိတ်ဆိတ်သည်။ ထိုနေရာတွင် ကျောင်းသားများ လမ်းလျှောက်နေတာမျိုး မရှိတာကြောင့် အနှောင့်အယှက်ကင်းသည်။ ကျန်းဖျင်စစ်က ထိုနေရာကို အလွန်သဘောကျသည်။ နေရာယူရန် စောစောသွားသည့်အချိန်တိုင်း ယွဲ့ရှင်းဝမ်သည် 6 ထပ်မြောက်၏ ထောင့်ရှိ ထိုင်ခုံ 15 သို့ တိုက်ရိုက်သွား၍ သူ့ကို အမြဲတွေ့နိုင်သည်။
6-15 သည် သူတို့တွေအချင်းချင်း ပြောစရာမလိုသော နားလည်မှုတစ်ခုဖြစ်သည်။
ယွဲ့ရှင်းဝမ်သည် ထိုင်ခုံနေရာကို တစ်ချက်ကြည့်လိုက်ရာ ထိုင်ခုံတန်းတစ်ခုစီတွင် ပုံသေနံပါတ်တစ်ခုရှိတာကို တွေ့လိုက်ရသည်။ 6 တန်းမြောက်ကို သူဖြည်းညင်းစွာ လျှောက်သွားကာ ဤနေရာ၌ ထိုင်ခုံများကို နံပါတ် 50 ကနေ ပြောင်းပြန်စီစဉ်ထားသည်။ ယွဲ့ရှင်းဝမ်သည် နံပါတ် 15 ထိုင်ခုံကို ရှာရန် တောက်လျှောက်သွားခဲ့သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် နံပါတ် 6-15 ထိုင်ခုံတွင် ရင်းနှီးသောကျောင်းသားတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရသည်။
ထိုကျောင်းသား၏ အကြည့်များက ဂရုစိုက်ခြင်းမရှိဘဲ မတ်မတ်ထိုင်နေပြီး သူ့ပတ်ဝန်းကျင်တွင် အေးစက်သောလေများ ကာရံထားသကဲ့သို့ သူဘေးနားရှိ ထိုင်ခုံနှစ်ခုမှာ ဘယ်သူမှ ထိုင်မနေပေ။
သူက အနက်ရောင် ဘောင်းဘီရှည်ကို မီးခိုးရောင်ဖျော့ဖျော့ ရှပ်အင်္ကျီလက်ရှည်နဲ့ တွဲဝတ်ထားပြီး သားရေဖိနပ်များကို စီးထားသည်။ အထက်တန်းမှာ ကျောင်းသားများသည် ကျောင်းဝတ်စုံကို ဝတ်ရန်လိုအပ်ပြီး တက္ကသိုလ်တက်ကတည်းက ကျန်းဖျင်စစ်၏ ဝတ်စားဆင်ယင်မှုပုံစံမှာ ဒီလိုဖြစ်လာ၏။ သူ၏ဒီလိုဝတ်စားဆင်ယင်မှုကြောင့် ယွဲ့ရှင်းဝမ်လည်း သူ့ကိုစနောက်ခဲ့ဖူးသည်။
"ငါမင်းနဲ့ self-study လုပ်ဖို့ သွားတဲ့အခါအတိုင်း မင်းရဲ့အဝတ်အစားတွေက အရမ်းလေးနက်လွန်းတယ်… ခေါင်းဆောင်တစ်ယောက်နဲ့ တွေ့ဆုံရသလို ခံစားရတယ်…"
သို့သော်လည်း ကျန်းဖျင်စစ်၏ ရုပ်ရည်က သမားရိုးကျဝတ်ဆင်ရန် အလွန်လိုက်ဖက်ပြီး သူသည် ရှပ်အင်္ကျီဖြင့် အမှန်တကယ် ကြည့်ကောင်းပါသည်။ သူ၏အသွင်အပြင်က ဂန္တဝင်ဆွဲဆောင်မှုတစ်မျိုးရှိပြီး နှာတံရှည်ရှည်၊ ဖြောင့်စင်းသောမျက်နှာအသွင်အပြင်၊ သွယ်လျသောမျက်ခုံးများ၊ ကွဲပြားမျက်ခွံတစ်ထပ်၊ အဖြူအမည်းရှိသော အေးစက်စက်မျက်လုံးတစ်စုံတို့ကြောင့် လူအများက သူ့ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ အထင်ကြီးလောက်ပြီး ဒီလူက ရင်းနှီးဖို့ ခက်ခဲတာကိုလည်း တွေ့ရှိလိမ့်မည်။
တစ်စုံတစ်ခုကို တွေးနေသလိုမျိုး တစ်ယောက်တည်း ထိုင်ကာ မျက်မှောင်ကြုတ်နေသည်။ အနားတွင်ဖြတ်သွားသော ကျောင်းသားအများအပြားရှိပြီး သူ့ကို အကြိမ်အနည်းငယ် လှည့်ကြည့်နေကြသော်လည်း ထိုအကြည့်တွေကို သူဂရုမစိုက်ပေ။
ယွဲ့ရှင်းဝမ်သည် လျင်မြန်စွာ လျှောက်သွားကာ သူ့ရှေ့တွင် ရပ်လိုက်ပြီး နူးညံ့စွာ ခေါ်လိုက်သည်။
"ဖျင်စစ်…"
ရင်းနှီးသောအသံကိုကြားတော့ ကျန်းဖျင်စစ်သည် ရုတ်တရက် ခေါင်းမော့လာပြီး ယွဲ့ရှင်းဝမ်၏အကြည့်ကို ဆုံပြီးနောက် ချက်ချင်းထရပ်လိုက်သည်။ သူ ဘာမှမပြောခင်မှာဘဲ ယွဲ့ရှင်းဝမ်က လက်မောင်းများကို ဆန့်တန်းကာ ကျန်းဖျင်စစ်ကို တင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။
ရုတ်တရက် သူ့လက်နှစ်ဖက်ဖြင့် ထိမိသွားသော ကျန်းဖျင်စစ်၏နောက်ကျောက အနည်းငယ် တောင့်သွားခဲ့သည်။ သူက စက္ကန့်အနည်းငယ်မျှ နှုတ်ဆိတ်နေခဲ့ပြီးနောက် သူ့လက်မောင်းများကို ယွဲ့ရှင်းဝမ်၏ပခုံးတစ်ဝိုက်ဆီ ညင်သာစွာ ရစ်ပတ်လိုက်ပြီး မေးသည်။
"ရှင်းဝမ်… မင်းအဆင်ပြေရဲ့လား"
အသံတိုးတိုးဖြင့် ကြည်နူးစရာကောင်းသော အသံက ယွဲ့ရှင်းဝမ်၏နားထဲတွင် ထွက်ပေါ်လာပြီး သူ့မျက်လုံးများက အနည်းငယ်မျက်ရည်ဝိုင်းလာကာ သူက သက်ပြင်းချပြီး ပြောသည်။
"ဒီစာကြည့်တိုက်မှာ မင်းကိုတွေ့ရတာ ပျော်ရမလား ဝမ်းနည်းရမလား ငါမသိတော့ဘူး…"
ဤထူးဆန်းသောစာကြည့်တိုက်တွင် စာမေးပွဲများက သေရေးရှင်ရေး ရုန်းကန်မှုများအဖြစ် ပြောင်းလဲနေသည်။
သူတို့သည် သာမန်တက္ကသိုလ်ကျောင်းသားများသာဖြစ်သော်လည်း သူတို့သည် အရူးမျောက်များ၏ လိုက်ဖမ်းခြင်းကို ခံရပြီး လူသားများကို အရှင်လတ်လတ်စားနေသော ပြောင်းလဲသွားသည့် သုတေသီများကို တွေ့ခဲ့ကြရသည်။ ပြီးနောက် နှလုံးရောဂါလည်းရပြီး ညပိုင်းတွင် စိတ်လှုပ်ရှားဖွယ် တိုက်ပွဲကိုလည်း ကြုံရသည်။
ဒီလိုကြောက်စရာကောင်းသောနေရာမျိုးမှာ ယွဲ့ရှင်းဝမ် ခဏလေးတောင် မနေချင်ပေ။
စာကြည့်တိုက်ထဲဝင်ရောက်ကတည်းက သူ့စိတ်တွေကို တင်းထားပြီး သူလုံးဝစိတ်မလျော့ရဲပေ။ အဘယ်ကြောင့်ဆိုသော် သူခြေလှမ်းမှားသွားလျှင် သူ့အသက်က ကြိုးတန်းပေါ်ရောက်သွားနိုင်သည်။ ယခုအခါ သူနှစ်ပေါင်းများစွာ သိလာခဲ့သည့် သူ၏အချစ်ဆုံးသူငယ်ချင်းကို တွေ့လိုက်ရတော့ ယွဲ့ရှင်း၏တင်းမာသော ခံစားချက်များက ထွက်ပေါက်တစ်ခုကို ရုတ်တရက် တွေ့ရှိသွားခဲ့သည်။
သူတို့သည် အချင်းချင်း နားလည်ကြပြီး သူတို့၏ခံစားချက်များကို တစ်ယောက်နဲ့တစ်ယောက်ရှေ့တွင် ဖုံးကွယ်ထားစရာ မလိုအပ်ပေ။
ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်၏ ပခုံးကို ဖွဖွလေးပုတ်ရင်း ရှားရှားပါးပါး နူးညံ့သောအသံဖြင့် ပြောသည်။
"ငါမင်းကို ဒီလိုနေရာ မလာခိုင်းစေချင်ဘူး… ဒါပေမဲ့ ကိစ္စတွေက ဖြစ်ပြီးနေပြီ… တစ်ယောက်တည်း စာမေးပွဲအောင်တာထက် အတူတူ စာမေးပွဲဖြေတာက ငါတို့နှစ်ယောက်အတွက် ပိုကောင်းပါတယ်…"
သူက ခဏရပ်ကာ တိုးတိုးပြောသည်။
"စိတ်မပူပါနဲ့… မင်းမှာ ငါရှိပါသေးတယ်…"
ယွဲ့ရှင်းဝမ်၏ရင်ထဲနွေးထွေးသွားပြီး တစ်ဖက်လူကိုလွတ်ကာ ပြုံးပြသည်။
"အင်း… ငါတို့တွေ ဒီရောက်နေပြီဆိုတော့ ငါတို့တွေ သတ္တိရှိရှိတဲ့ စာမေးပွဲတွေကို ဆက်ဖြေရမယ်… ဒီတစ်ခေါက် ငါတို့နှစ်ယောက်အတူတူ စာမေးပွဲဖြေပြီး မေးခွန်းတွေရဲ့အဖြေက ဘာလဲဆိုတာကို အချင်းချင်း ဆွေးနွေးလို့ရတယ်…"
သူက ကျန်းဖျင်စစ်ကို လေးနက်သောအမူအရာဖြင့် ကြည့်ပြီး ဆက်ပြောသည်။
"မင်းနဲ့သာဆိုရင် ငါတို့တွေ သေချာပေါက် ချောချောမွေ့မွေ့နဲ့ ဘွဲ့ရပြီး အတူတူ ထွက်သွားနိုင်မှာ…"
ယွဲ့ရှင်းဝမ်၏ ယုံကြည်ချက်ရှိသော အသွင်အပြင်ကိုမြင်တော့ ကျန်းဖျင်စစ်က ခေါင်းငြိမ့်ပြသည်။
"ထိုင်ပြီး စကားပြောရအောင်…"
နှစ်ယောက်သား ဘေးချင်းကပ်ထိုင်လိုက်ကြပြီး ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကိုပြန်ကြည့်ကာ မေးသည်။
"ငါ မင်းကို စာပို့ပြီးတော့ ဆေးပညာဌာနရဲ့ “နှလုံးသွေးကြောဆိုင်ရာလူနာဆောင်”သင်တန်းကို တက်ခဲ့ရတယ်… အဲဒီကနေထွက်ဖို့ 5 ရက်ကြာခဲ့တာ… မင်းငါ့ကို ဒီမှာ 5 ရက်လောက် စောင့်နေတာတော့ မဟုတ်ဘူးမလား"
ကျန်းဖျင်စစ်က ပြန်ဖြေသည်။
"သင်တန်းစာမေးပွဲရဲ့အချိန်က စာကြည့်တိုက်ရဲ့အချိန်နဲ့ မတူဘူး… မင်းရဲ့စာကို ရရှိပြီးတော့ မင်းကို စောင့်ဖို့ ဒီရောက်လာခဲ့ပြီး 2 နာရီပဲ စောင့်ခဲ့ရတာ…"
ယွဲ့ရှင်းဝမ်က အနည်းငယ် အံ့အားသင့်သွားသည်။
"ဒါဆို ငါက ဆေးရုံမှာ 5 ရက်နေခဲ့ရပေမဲ့ မင်းက စာကြည့်တိုက်မှာ 2 နာရီလောက်ပဲ နေခဲ့ရတာလို့ ဆိုလိုတာလား"
"အင်း…" ကျန်းဖျင်စစ်က ရှင်းပြသည်။ "စာကြည့်တိုက်အချိန်နဲ့ သင်တန်းအချိန်က မကိုက်ညီဘူး… စာမေးပွဲအစကနေ စာမေးပွဲပြီးတဲ့အထိ စာကြည့်တိုက်အချိန်ကို 2 နာရီအဖြစ်ပဲ တွက်ချက်ပြီး သင်တန်းအတွင်းက အချိန်ကိုတော့ သီခြားတွက်ချက်တယ်ဆိုတာကို ကျောင်းသားတော်တော်များများက အတည်ပြုပြီးပြီ…"
ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ကာ စဉ်းစားသည်။
ခဏအကြာတွင် သူက မှန်းဆသောထင်မြင်ချက်တစ်ခုကို ရုတ်တရက် ပြောလာသည်။
"သင်တန်းအချိန်နဲ့ စာကြည့်တိုက်အချိန်ကို သီခြားတွက်ချက်ထားတာဆိုတော့ လက်တွေ့မှာလည်း အချိန်ကာလက ဒီနေရာနဲ့ ကွာခြားနေမှာလား… ဒီနေရာက ထွက်သွားပြီးရင် နောက်ဆုံးစာမေးပွဲအတွက် ငါ့ရဲ့စာတမ်းကို အပြီးသတ်လို့ရသေးတာပေါ့"
ကျန်းဖျင်စစ်က ထောက်ခံသည်။
"မင်းပြောတာ ဖြစ်နိုင်ခြေရှိတယ်…"
ဒါက ကိုယ့်ကိုကိုယ် စိတ်သက်သာရာရစေသော်ငြားလည်း ဤဖြစ်နိုင်ခြေသည် ယွဲ့ရှင်းဝမ်၏ စိတ်ခံစားချက်ကို ပို၍ပေါ့ပါးသွားစေသည်—— လက်တွေ့မှာ သူသည် အချိန်အကြာကြီး ပျောက်ဆုံးမသွားဘဲ သူ စာကြည့်တိုက်ကနေ ထွက်သွားနိုင်သ၍ အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားမည်လား။
သူ့အတွေးတွေကို ပြန်ရုတ်သိမ်းပြီး ထိုင်ခုံရှေ့က တက်ဘလက်ကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးသည်။
"ဒီတက်ဘလက်က ဘာလုပ်ဖို့လဲ"
ကျန်းဖျင်စစ်က သူ့အတွက် ပါဝါခလုတ်ကို လှမ်းနှိပ်ပေးပြီး ရှင်းပြသည်။
"သုတေသနအဖွဲ့စင်တာမှာရှိတဲ့ တက်ဘလက်က တက္ကသိုလ်ကွန်ရက်ကို ချိတ်ဆက်နိုင်ပြီး ကျောင်းသားတွေရဲ့ လူသစ်စုဆောင်းခြင်းအချက်အလက်တွေကို ငါတို့ကြည့်လို့ရတယ်… မင်းလာတုန်းက အဲဒီကြီးမားတဲ့ ဖန်သားပြင်နှစ်ခုကို မြင်ခဲ့တယ်မလား"
ယွဲ့ရှင်းဝမ်သည် တက်ဘလက်ပေါ်ရှိ အနီရောင်နှင့် အပြာရောင်စကားလုံးများကို ကြည့်ပြီး လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။
"ဒီတက်ဘလက်ပေါ်က အချက်အလက်တွေက ဖန်သားပြင်အကြီးကြီးနဲ့ တစ်ထပ်တည်းလား… ငါတို့က တက်ဘလက်ထဲမှာ စာရေးပြီး အဲဒီဖန်သားပြင်အကြီးကြီးအပေါ် ပို့နိုင်တာဆိုတော့ အွန်လိုင်းဂိမ်းတွေထဲက chat လို့ပဲ…"
"အင်း… ဒီအနုတ်ဒုတိယထပ်ရဲ့ တက်ဘလက်က သုတေသနအဖွဲ့ရဲ့ လူသစ်စုဆောင်းရေးအချက်အလက်တွေကိုသာ ပို့စ်တင်နိုင်ပြီး အခြား chat အကြောင်းအရာတွေဆိုရင် ဖျက်ချခံရလိမ့်မယ်…"
ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်ကို သုတေသနအဖွဲ့၏ မိတ်ဆက်ကို ဖွင့်ရန် ကူညီပေးခဲ့ပြီး ပြောသည်။
"သုတေသနအဖွဲ့ရဲ့ သက်ဆိုင်ရာစည်းမျဉ်းတွေကို အရင်ဆုံး မင်းဖတ်ကြည့်လိုက်…"
ယွဲ့ရှင်းဝမ်သည် တက်ဘလက်ပေါ်တွင် ပေါ်လာသည့် သုတေသနအဖွဲ့၏ မိတ်ဆက်ကို ဂရုတစိုက်ဖတ်ရှုခဲ့သည်——
[သုတေသနအဖွဲ့သည် ပုံသေအဖွဲ့နှင့် ဆင်တူသည်။ သုတေသနအဖွဲ့ကို ဝင်ပြီးနောက် ကျောင်းသားများသည် စာကြည့်တိုက်စနစ်၏ ကြုံရာကျပန်း လူစုပေးခြင်းကြောင့် လူကွဲသွားခြင်းမရှိဘဲ အဖွဲ့ဝင်များနှင့်အတူ တူညီသောသင်တန်း၏ စာမေးပွဲခန်းသို့ ဝင်ရောက်နိုင်သည်။]
[အဖွဲ့ဝင်များသည် အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ပြီး သင်တန်းတစ်ခုကို ရှင်းလင်းရန် အတူတကွ လုပ်ဆောင်နိုင်ကာ အမှတ်များကို အပြန်အလှန် အခမဲ့လဲလှယ်ပေးနိုင်ပါသည်။ စာကြည့်တိုက်သည် တူညီသောအထပ်တွင် သင်တန်းတက်နေသော ကျောင်းသားများကိုသာ အဖွဲ့ဖွဲ့ခွင့်ပြုထားပြီး တူညီသောအထပ်တွင်မရှိသည့် ကျောင်းသားများက အဖွဲ့ဖွဲ့၍မရပါ။]
[အဖွဲ့ဝင်များအားလုံးသည် တစ်ချိန်တည်းတွင် ရှိနေမှသာလျှင် မသင်မနေရသင်တန်းများကို စတင်နိုင်မည်ဖြစ်ပြီး စိတ်ကြိုက်သင်တန်းမှာတော့ ကန့်သတ်ချက်မရှိပါ။ နောက်ဆုံးအဆင့် သုတေသနအဖွဲ့ကို တိုးချဲ့ပြီးနောက် အဖွဲ့ဝင်များသည် သူတို့၏ကျွမ်းကျင်မှုနယ်ပယ်အလိုက် credit များကို ပို၍လွယ်ကူစွာရရှိရန် စိတ်ကြိုက်သင်တန်းများကို လူခွဲပြီးသွားနိုင်သည်။]
[အဖွဲ့ခေါင်းဆောင်က အဖွဲ့ဝင်များကို ထုတ်ပယ်ရန် အခွင့်အာဏာရှိပြီး အဖွဲ့ဝင်များက သူတို့ကိုယ်တိုင် ထွက်သွားရန် လုပ်ဆောင်နိုင်သည်။ စာမေးပွဲအတွင်း သေဆုံးသွားသော အဖွဲ့ဝင်များသည် သုတေသနအဖွဲ့မှ အလိုအလျောက် ထုတ်ပယ်ရမည်။]
[သုတေသနအဖွဲ့တစ်ခုတည်ထောင်ရန် သတ်မှတ်ချက်များမှာ – 1. ပထမထပ်ရှိ ဆေးပညာဌာန၏ မသင်မနေရသင်တန်းနှစ်ခုကို အောင်မြင်ရမည်။ 2. အဖွဲ့ခေါင်းဆောင်က အမှတ် 1,000 ပေးရမည်၊ ဒါမှမဟုတ် အဖွဲ့ဝင်များက အတူတူ အမှတ် 1,000 ပေးရမည်။]
[ဂျူနီယာသုတေသနအဖွဲ့၏ အများဆုံးအဖွဲ့ဝင်ဦးရေမှာ 4 ဦးဖြစ်သည်။ တတိယထပ်သို့ရောက်ရှိပြီးနောက် သင်သည် သုတေသနအဖွဲ့ကို အဆင့်မြင့်တင်နိုင်ပြီး အဖွဲ့ဝင်အရေအတွက်ကို တိုးမြင့်နိုင်သည်။]
[စာကြည့်တိုက်တွင် ကျူတာဆရာများ၏ ပုံစံသုံးမျိုးရှိသည်။ သုတေသနအဖွဲ့တစ်ခုတည်ထောင်သောအခါ သင်သည် သင်နှစ်သက်သော ကျူတာဆရာကို ရွေးချယ်နိုင်သည်။
အဖွဲ့ A. ပါမောက္ခချင်း၊ သုတေသနအဖွဲ့၏ အဖွဲ့ဝင်များအားလုံး၏ အရှိန်နှုန်း တိုးလာကာ စွမ်းရည်၏ သတ်မှတ်ချိန်ကို လျှော့ချပေးသည်။
အဖွဲ့ B. ပါမောက္ခလျှို၊ သုတေသနအဖွဲ့၏ အဖွဲ့ဝင်များအားလုံး၏ ရုပ်ပိုင်းဆိုင်ရာခံနိုင်ရည် အပိုရရှိပြီး သေမင်းဒိုင်းရရှိကာ စာမေးပွဲတစ်ခုတွင် တစ်ကြိမ်အသုံးပြုနိုင်သည်။
အဖွဲ့ C. ပါမောက္ခကျူး၊ သုတေသနအဖွဲ့သည် အပိုအမှတ်များရလိမ့်မည်။ စာမေးပွဲတစ်ခုပြီးနောက် စုစုပေါင်းအမှတ်များကို 1.5 ဆဖြင့် မြှောက်သွားမည်။]
ယွဲ့ရှင်းဝမ်သည် သုတေသနအဖွဲ့၏ သက်ဆိုင်ရာ ညွှန်ကြားချက်တွေကို မြန်မြန်ဖတ်ပြီး ပြောသည်။
"ငါတို့တွေ စာမေးပွဲခန်းထဲကို အတူတူဝင်ချင်ရင် သုတေသနအဖွဲ့ကို တည်ထောင်ရမယ်… သုတေသနအဖွဲ့ ဖွဲ့ဖို့အတွက် ငါတို့မှာ အမှတ် 1,000 ရှိရမယ်… ငါက သင်တန်းနှစ်ခုပဲ တက်ခဲ့တာဆိုတော့ credit 6 မှတ်နဲ့ ငါ့လက်ထဲမှာ အမှတ် 700 ပဲရှိတယ်… မင်းကကော"
"Credit 12 မှတ်နဲ့ အမှတ် 1400…" ကျန်းဖျင်စစ်က ပြောသည်။ "ငါကမင်းထက် ရက်အနည်းငယ်စောပြီး စာကြည့်တိုက်ထဲကို ဝင်ခဲ့တာဆိုတော့ ဆေးပညာဌာနရဲ့ စိတ်ကြိုက်သင်တန်း နှစ်ခုကိုလည်း ပြီးသွားပြီ…"
"မင်းက စိတ်ကြိုက်သင်တန်းတွေလည်း တက်ခဲ့တာလား… မင်းအမှတ်တွေက ငါ့ထက် ပိုများနေတာ မဆန်းပါဘူး…" ယွဲ့ရှင်းဝမ်က သေသေချာချာ တွက်ချက်ခဲ့သည်။ "ဒီလိုဆိုရင် သုတေသနအဖွဲ့ကို တည်ထောင်ဖို့ ငါအရင်ဆုံး အမှတ် 400 ပေးပြီး မင်းက အမှတ် 600 ပေးလိုက်… ငါ့ရဲ့စွမ်းရည်စာအုပ်ကို အဆင့်မြင့်ဖို့အတွက် အမှတ် 300 ကို ချန်ထားချင်သေးလို့… ရတယ်မလား"
"ကောင်းပြီ… အိပ်ဆောင်ခကိုလည်း ငါပေးလိုက်မယ်…"
"အိပ်ဆောင်ခလား" ယွဲ့ရှင်းဝမ်က အံ့ဩသွားသည်။ "အိပ်ဆောင်မှာ နေထိုင်ဖို့ အမှတ်တွေ လိုအပ်သေးတာလား"
"အင်း… ဒီစာကြည့်တိုက်မှာ အစားအသောက်၊ နေထိုင်တာ၊ ဈေးဝယ်ထွက်တာတွေအတွက် အမှတ်တွေကို အသုံးပြုရတယ်…" ကျန်းဖျင်စစ်သည် ဤစည်းမျဉ်းကို အနည်းငယ် မကျေမနပ်ဖြစ်နေသည်မှာ ထင်ရှားသည်။ သူက ခဏရပ်လိုက်ပြီး ယွဲ့ရှင်းဝမ်ကိုကြည့်ကာ ပြောလိုက်သည်။
"အိပ်ဆောင်အတွက် ငါတို့တွေ နှစ်ယောက်ခန်းယူကြမလား"
"နှစ်ယောက်ခန်းအတွက် အိပ်ဆောင်ခက အရမ်းဈေးကြီးမှာမဟုတ်ဘူးလား" ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ကာ အကြံပြုသည်။ "အဲဒါက အရမ်းဈေးကြီးရင် လေးယောက်ခန်းလို ဈေးသက်သာတဲ့ အခန်းကို အရင်ရှာလိုက်ပါလား"
"နှစ်ယောက်ခန်းအတွက် အိပ်ဆောင်ခကို ငါတွေ့ဖူးတယ်… အမှတ် 400 ပဲ… ငါ့အမှတ်က လုံလောက်ပါတယ်…" ကျန်းဖျင်စစ်က ပေါ့ပါးစွာ ဆိုသည်။ "ငါ သူစိမ်းတွေနဲ့ နေရတာ မကြိုက်ဘူး…"
ယွဲ့ရှင်းဝမ်က ခဏစဉ်းစားပြီးနောက် ရွှင်မြူးစွာ ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီလေ… ဒါဆို ငါတို့တွေ နှစ်ယောက်ခန်းယူကြတာပေါ့…"
ကျန်းဖျင်စစ်သည် ဆူညံသံကို အမုန်းဆုံးဖြစ်ပြီး အိပ်ဆောင်ထဲတွင် လူများလွန်းပါက ကောင်းကောင်းအနားယူနိုင်မည်မဟုတ်ကြောင်း သူသိသည်။ အိပ်ဆောင်ခကို ကျန်းဖျင်စစ်မှ ဦးစွာပေးဆောင်မည်ဖြစ်ပြီး သူအမှတ်များရရှိပြီးနောက် အစားအသောက်နှင့် နေထိုင်စရိတ်များကို ပြန်လည်ပေးဆောင်မည်ဖြစ်သည်။ သူတို့နှစ်ယောက်ဟာ နှစ်အတော်ကြာအောင် သူငယ်ချင်းဖြစ်ခဲ့ကြတာကြောင့် ယွဲ့ရှင်းဝမ်က ယဉ်ယဉ်ကျေးကျေး ပြောမနေတော့ဘဲ တိုက်ရိုက်မေးလိုက်သည်။
"နောက်ထပ်က ငါတို့တွေ အိပ်ဆောင်ကို အရင်သွားမှာလား ဒါမှမဟုတ် သုတေသနအဖွဲ့ကို အရင်ဖွဲ့မှာလား"
ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်၏ ဖျော့တော့တော့ မျက်ကွင်းညိုညိုများကို သတိပြုမိသောကြောင့် မတ်တတ်ရပ်ကာ ပြောလာသည်။
"အနားယူဖို့ အိပ်ဆောင်ကို အရင်သွားအောင်… သုတေသနအဖွဲ့ဖွဲ့ဖို့က အလျင်မလိုပါဘူး… နောက်မှ ငါတို့ ဆွေးနွေးလို့ရတယ်…"
ယွဲ့ရှင်းဝမ်ကလည်း မတ်တတ်ရပ်ပြီး ပြောသည်။
"ကောင်းပြီ… ငါလည်းအနားယူချင်နေတာ… နှလုံးသွေးကြောဆိုင်ရာလူနာဆောင်က အရမ်းနှိပ်စက်တာပဲ… ပြီးခဲ့တဲ့ ရက်အနည်းငယ်က ငါကောင်းကောင်းမအိပ်ရဘူး…"
နှစ်ယောက်သား ဓာတ်လှေကား ဝင်ပေါက်ဆီသို့ လျှောက်သွားကြသည်။ ခန်းမတစ်ခုလုံးကို ဓာတ်လှေကား ရာနဲ့ချီပြီး ဝန်းရံထားပါသည်။ ဓာတ်လှေကားတံခါးများကို မရေမတွက်နိုင်သော ကျောင်းသားများက အဖွင့်အပိတ်လုပ်ပြီး ဝင်ထွက်နေသည့်မြင်ကွင်းက အတော်လေး ခမ်းနားလှသည်။
ကျန်းဖျင်စစ်က အောက်ခလုတ်ကို နှိပ်လိုက်သည်။
သူတို့ရှေ့မှ ဓာတ်လှေကားသည် လျင်မြန်စွာရောက်လာပြီး တံခါးက “ဒင်း”အသံဖြင့် ပွင့်သွားကာ နှစ်ယောက်သားသည် ဓာတ်လှေကားထဲသို့ ဘေးချင်းကပ်လျှောက်သွားပြီး အနုတ်တတိယထပ်ကို ဆင်းသွားသည်။
ဓာတ်လှေကားက ကျောင်းသားအိပ်ဆောင်ဧရိယာကို အမြန်ခေါ်သွားသည်။
ယွဲ့ရှင်းဝမ်သည် ဓာတ်လှေကားမှ ထွက်လာပြီး စာကြည့်တိုက်၏ ကျောင်းသားအိပ်ဆောင်ဧရိယာ တည်ဆောက်ပုံက အလွန်ရှုပ်ထွေးကြောင်း တွေ့ရှိခဲ့သည်။ သူ့ရှေ့တွင် စင်္ကြံ 8 ခုရှိပြီး ကြီးမားသော ဝင်္ကပါကဲ့သို့ မတူညီသောလမ်းကြောင်းဆီသို့ ဦးတည်နေသည်။
စင်္ကြံများကို A မှ H ထိ စာလုံး 8 လုံးဖြင့် အမှတ်အသားပြုထားသည်။ “ကျောင်းသားအိပ်ဆောင်၏စည်းကမ်းများ”ဟု ရေးထားသည့် အလယ်ခန်းမတွင် LCD ဖန်သားပြင်ကြီးတစ်ခု တပ်ဆင်ထားသည်။ ၎င်း၏ဘေးတွင် “အိပ်ဆောင်ဧရိယာ၏ ကိုယ်တိုင်ဝန်ဆောင်မှုစင်တာ”ဆိုင်းဘုတ်ပါရှိပြီး ကိုယ်တိုင်ဝန်ဆောင်မှုတက်ဘလက်များ အတန်းကို ထားရှိထားသည်။
ကျန်းဖျင်စစ်သည် တက်ဘလက်တစ်လုံးဆီသို့ ယွဲ့ရှင်းဝမ်ကို ခေါ်ဆောင်သွားသည်။
သူသည် တက်ဘလက်ပေါ်ရှိ လက်ဗွေရာနေရာကို လက်ချောင်းတင်လိုက်ရာ ဖန်သားပြင်ပေါ်တွင် ချစ်စရာ ကလေးလေးတစ်ယောက် ပေါ်လာသည်။
"မင်္ဂလာပါ ငါက အိပ်ဆောင်မန်နေဂျာ ရုန်ရုန်ပါ… ဟွာအန်းတက္ကသိုလ်ရဲ့ သင်္ချာဌာနမှ ကျောင်းသားကျန်းဖျင်စစ်ကို အိပ်ဆောင်ဧရိယာကနေ ကြိုဆိုပါတယ်… ဉာဏ်ရည်မြင့်စနစ်က သင်ဟာ အိပ်ဆောင်မှာ နေထိုင်ရန် စာရင်းမသွင်းရသေးကြောင်း ရှာဖွေတွေ့ရှိထားပါတယ်… ကျောင်းသားအိပ်ဆောင်အတွက် စာရင်းသွင်းချင်ပါသလား"
#TK