Chapter 45
Viewers 5k

Volume 3 : သင်္ချာဌာန


Chapter 45 (သေခြင်းကုဒ် ၀၄)


တစ္ဆေသတို့သမီးခုနစ်ယောက်သည် သူတို့၏မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးများရှိနေသည်။ သူတို့လက်ထဲတွင်ရှိသော အနီရောင်ချည်မျှင်သည် လူတိုင်းဆီသို့ ပျံတက်သွားပြီး သူတို့၏ ဦးခေါင်းထက်တွင် လရောင်က ဖုံးအုပ်နေကာ ယွဲ့ရှင်းဝမ်က လျင်မြန်စွာ အော်လိုက်သည်။

"အားလုံး ချင်လုရဲ့အနားကို လျင်မြန်စွာလာကြ!"


လူတိုင်းက ချင်လုအနားမှာ ဝိုင်းလာကြပြီး ချင်လုက ကမ္ဘာလုံးကို သူမလက်ချောင်းဖြင့် နှစ်ကြိမ် မြန်ဆန်စွာ ထိလိုက်ပြီးနောက် ကျောက်ထုလွှာလှုပ်ရှားမှုက ချက်ချင်း တောက်အုပ်ထဲသို့ ရွေ့လျားသွားကာ တစ္ဆေအုပ်စုကို အဝေးမှာ ထားခဲ့သည်။


ကောင်းရှောင်ရှင်းက တုန်လှုပ်ခြောက်ခြားစွာဖြင့် ဆက်မေးသည်။

"လော့ကျားကျားတို့ကရော?"


ယွဲ့ရှင်းဝမ်: "မင်းတို့အန္တရာယ်ကြုံရင်း အပြင်ထွက်ပြီး အခန်းနံပါတ် 4 မှာရှိတဲ့ ချင်လုရဲ့ တံခါးဆီ ပြေးဖို့ ငါပြောထားပြီးသားပဲ… ဒါပေမယ့် သူမက လှေကားကနေ ပြေးဆင်းသွားတယ်… သူမကို တစ္ဆေက တားလိုက်တာ ဖြစ်နိုင်တယ်…"


ခုနက တည်းခိုခန်းထဲကနေ ကျယ်လောင်သောအော်သံကိုတွေးရင်း ကောင်းရှောင်ရှင်း၏ခန္ဓာကိုယ်က တုန်ရီသွားကာ သူမဘေးနားရှိ သူမချစ်သူကို လျင်မြန်စွာကြည့်လိုက်သည်။

"သုတေသနအဖွဲ့ chat channel ထဲမှာ နင်သူတို့ကို message ပို့ကြည့်လိုက်!"


ကောင်းရုန်ချန်က လေးနက်သောမျက်နှာဖြင့် သုတေသနအဖွဲ့ chat channel ထဲတွင် လျင်မြန်စွာ စာရိုက်ခဲ့သည်။

"လုခိုင်၊ လော့ကျားကျား၊ တောအုပ်ထဲကိုလာခဲ့!"


သို့သော် တုံ့ပြန်မှု လုံးဝမရှိခဲ့ပေ။


ကောင်းရုန်ချန်၏မျက်နှာက ဖြူဖျော့နေသည်။

"ငါ့ညီဝမ်းကွဲက ပုံမှန်အားဖြင့် စိတ်နှေးနေသူဖြစ်တယ်… ငါတို့ ညစာစားဖို့ ချိန်ထားတိုင်း အမြဲနောက်ကျမှရောက်တယ်… နည်းတောင်နည်းသေးတယ်!"

ကောင်းရှောင်ရှင်းက သူမ၏နှုတ်ခမ်းကိုကိုက်ကာ ဘာမှမပြောပေ။


ယွဲ့ရှင်းဝမ်က ချင်လု၏နားထဲသို့ စကားလုံးတချို့ကို တိုးတိုးလေးပြောလိုက်သည်။


တစ္ဆေသတို့သမီးအုပ်စုက သူတို့နောက်ကို အလျင်အမြန်လိုက်လာသည်။ သူတို့၏ခန္ဓာကိုယ်များက အနီရောင်ပုံရိပ်များကဲ့သို့ လေထဲတွင် လွင့်ပျံ့နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ လူတိုင်းကို ဝိုင်းရံကြပြန်သည်။ ချင်လုက ကျောက်ထုလွှာလှုပ်ရှားမှုကို တစ်ဖန်စတင်ခဲ့သည်။

"နေရာပြောင်းစမ်း!"


သူမ၏ကျောက်ထုလွှာလှုပ်ရှားမှုကို အဆင့်မြင့်ပြီးနောက် ၎င်းကို ခြောက်ကြိမ်အသုံးပြုနိုင်သည်။ အသုံးပြုမှုက ကမ္ဘာပေါ်ရှိ အဓိကကျောက်ထုလွှာခြောက်ခုကို ကိုယ်စားပြုပြီး လက်ရှိမြင်ကွင်းတွင် အမှတ် 6 ခုကို သတ်မှတ်ရန်နှင့် မည်သည့်အမှတ်ကိုမဆို ပြောင်းလဲနိုင်သည်။ ယွဲ့ရှင်းဝမ်က တစ္ဆေဝိညာဉ်များ၏တိုက်ခိုက်မှုကနေ လွတ်မြောက်ရန် သူမအား လူအားလုံးကို တည်းခိုခန်းဆီ ပြန်သွားခိုင်းပြီး အခြားစုံတွဲက ဘာဖြစ်သွားသလဲကို ကြည့်ရှုရန် တည်းခိုခန်းတွင် ရပ်ခိုင်းခဲ့သည်။


ယွဲ့ရှင်းဝမ်သည် အတန်းဖော်နှစ်ယောက်၏ သေရေးရှင်ရေးကို လျစ်လျူရှုထားလောက်အောင် သွေးမအေးပေ။ သူတို့တွေ သေသွားတယ်ဆိုရင်တောင် အလောင်းတွေကို သူကြည့်ရမည်။


မျက်စိတစ်မှိတ်အတွင်းမှာပင် အားလုံးက တည်းခိုခန်းရှေ့သို့ ပြန်ပြောင်းသွားကြသည်။


ကောင်းရှောင်ရှန်းက ထိတ်လန့်သွားသည်။

"ပထဝီဝင်ဌာနက အရမ်းအစွမ်းထက်တာပဲလား?"


ချင်လုက သူမကိုကြည့်ကာ မှုန်ကုပ်ကုပ်မျက်နှာဖြင့် ပြောသည်။

"နင်တို့ကို ငါ့အခန်းအရှေ့မှာ စုခိုင်းတာက ငါကနင်တို့ကို နေရာပြောင်းပြီး လွတ်မြောက်အောင် လုပ်ပေးနိုင်လို့ပဲ… နင်တို့သူငယ်ချင်းမှ ငါ့ကိုမယုံတာ… ငါ သူမကို ခေါ်လိုက်ပေမယ့် သူမက အရူးလို့ အောက်ပြေးဆင်းသွားတယ်…"


ကောင်းရှောင်ရှင်း၏မျက်နှာက ရှက်သွားသည်။

"သူ–သူမက အတော်လေး သံသယကြီးတဲ့လူပဲ…"


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို တစ်ချက်ကြည့်လိုက်ပြီး အချင်းချင်း နားလည်လိုက်သည်။ နှစ်ယောက်သား တည်းခိုခန်း၏ညာဘက်ရှိ စင်္ကြံဆီသို့ အမြန်ရောက်လာကြသည်။ ကျန်းဖျင်စစ်သည် သူ၏ညာလက်ကို အနည်းငယ်မြှောက်လိုက်ပြီး ယွဲ့ရှင်းဝမ်အား ဒုတိယထပ်ရှိ ပြတင်းပေါက်ဆီသို့ တန်းတန်းမတ်မတ် ပို့ပေးလိုက်သည်။


ယွဲ့ရှင်းဝမ်သည် ပြတင်းပေါက်ကို တွန်းဖွင့်လိုက်ပြီး အခန်းထဲသို့ လှိမ့်ဝင်သွားကာ ကျန်းဖျင်စစ်က သူ့နောက်ကနေ အခန်းထဲသို့ ဝင်လာသည်။


အခန်းထဲရှိ ဖယောင်းတိုင်များက လေတိုက်၍ ငြိမ်းသွားပြီး လရောင်ကြောင့် ယောင်္ကျားလေးတစ်ယောက်က မျက်စိမှိတ်လျက် ကြမ်းပြင်ပေါ်လဲကျနေပြီး သူ၏ရွှေရောင်မျက်မှန်ကလည်း ဘေးနားတွင် ပြုတ်ကျလျက် ကွဲနေပြီး မိန်းကလေးကိုတော့ မတွေ့ရပေ။


ယွဲ့ရှင်းဝမ်က ယောင်္ကျားလေး၏ခန္ဓာကိုယ်ကို လှုပ်ခါကာ အော်လိုက်သည်။

"ထစမ်း!"


ယောင်္ကျားလေးက မှိန်းခနဲနိုးလာပြီး ယွဲ့ရှင်းဝမ်က မေးလိုက်သည်။

"လော့ကျားကျား ဘယ်မှာလဲ?"


ကောင်လေးက ကြောင်တောင်တောင် ကြည့်နေသည်။

"ကျားကျားလား?"

ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို သူသဘောပေါက်သွားပြီး ကမန်းကတန်းထကာ အပြင်ကိုအမြန်ထွက်သွားသည်။ ကျန်းဖျင်စစ်က အေးစက်စက်မျက်နှာဖြင့် သူ့ကိုတားလိုက်သည်။

"ပြဿနာဖြစ်အောင်မလုပ်နဲ့… မင်းအရင်ဆင်းလိုက်…"

ထိုသို့ပြောပြီးနောက် ကျန်းဖျင်စစ်က သူ၏ဂုတ်ကအင်္ကျီစကိုကိုင်ကာ ပြတင်းပေါက်ကနေ တိုက်ရိုက်ပစ်ချလိုက်ပြီး မြေပြင်ပေါ်ဆင်းသက်နိုင်စေရန် coordinate system ကို အသုံးပြုခဲ့သည်။


ယွဲ့ရှင်းဝမ်က တံခါးကနေ အမြန်ထွက်ပြီး သူ၏ခြေလှမ်းများကို လှေကားဆီသို့ ဦးတည်လိုက်သည်——


လှေကားအောက်ခြေတွင် အဖြူရောင်ဝတ်စုံဝတ်ထားသော မိန်းကလေးတစ်ဦးသည် ကျောက်ပြားပေါ်တွင် လဲလျောင်းနေပြီး မျက်လုံးတွေက ထိတ်လန့်ကာ ပြူးကျယ်နေပြီးတော့ ဆံပင်တွေက ရှုပ်ပွနေပြီး သူမ၏ခေါင်းအနားတွင် သွေးအိုင်များရှိနေသည်။ သူမက ဟန်ချက်ပျက်ပြီး လှေကားမှချော်ကျတာ၊ ဒါမှမဟုတ် သူမထိတ်လန့်တကြားဖြစ်နေစဉ် တစ္ဆေသတို့သမီး၏ တွန်းချတာ၊ ခံရတာကြောင့် သူမ၏ဦးခေါင်းမှာ ကျောက်ပြားဖြင့် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။


ယွဲ့ရှင်းဝမ်က သူ၏မျက်လုံးများကို မှိတ်လိုက်သည်။


ဒါဟာ သူ့ရှေ့မှာ အတန်းဖော်တစ်ယောက် သေသွားတာကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ မိန်းကလေး၏ မျက်နှာပေါ်ရှိ ကြောက်လန့်နေသော အမူအရာနှင့် သူမအနားရှိ သွေးအိုင်များက သူ့ရင်ကို တင်းကျပ်စေခဲ့သည်။


ကျန်းဖျင်စစ်က သူ့လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး ပြောလာသည်။

"သွားကြစို့…"


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်၏နောက်သို့လိုက်ကာ ပြတင်းပေါက်မှ ခုန်ဆင်းလိုက်သည်။


အောက်ထပ်တွင် ချင်လုက ကမ္ဘာလုံးဖြင့် သူတို့ကို စောင့်နေသည်။ တစ္ဆေသတို့သမီးတွေက လျှပ်စီးကဲ့သို့ လျင်မြန်စွာ လွင့်ပျံသွားကာ သူတို့ကို ဝိုင်းရံထားပြန်သည်။ ချင်လုက ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့ကို မြင်တော့ ချက်ချင်းပင် ကမ္ဘာပေါ်သို့ သူမလက်ချောင်းဖြင့် နှစ်ကြိမ်ထိလိုက်သည်။

"နေရာပြောင်းစမ်း!"


အားလုံးသည် တစ္ဆေအမျိုးသမီးတွေ ဝိုင်းရံထားသောနေရာမှ ရွေ့သွားရန် ခုနက တောအုပ်ထဲသို့ ရောက်သွားကြသည်။


မကြာသေးမီကမှ ကယ်တင်ခံရသော လုခိုင်က တုန်ရီသောလက်ဖြင့် နှာခေါင်းပေါ်သို့ သူ၏မျက်မှန်အကွဲကိုတင်ကာ ခြောက်သွေ့သောလေသံဖြင့် မေးသည်။

"ငါ့ချစ်သူ လော့ကျားကျားက ဘယ်မှာလဲ?"


ယွဲ့ရှင်းဝမ်က အသံအောအောဖြင့် ပြောလာသည်။

"ပြုတ်ကျပြီး သေသွားပြီ…"


လူတိုင်း: "…"


အတန်းဖော် သေဆုံးသည့်သတင်းကို ကြားသောအခါ အားလုံး၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။


ချင်လုက သူမနှုတ်ခမ်းကိုက်လိုက်သည်။

"သူမ ငါ့ဘက်ကို ပြေးလာသင့်တာ… ငါသာ သူမကို အချိန်မီ ဆွဲထားနိုင်ရင်…"


"သေပြီ?" လုခိုင်က အော်လေသည်။ 

"မဖြစ်နိုင်ဘူး! မင်းငါ့ကို လာနောက်နေတာလား? ငါပြန်သွားကြည့်မယ်!"


သူ၏အော်သံကြောင့် ယွဲ့ရှင်းဝမ်၏နားများ အူသွားသည်။


ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ကာ သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။

"မင်းအော်သံက အရမ်းကျယ်လွန်းတယ်… အန္တရာယ်ကြုံလာတဲ့အခါ ကိုယ့်ချစ်သူကို ဘယ်လိုကာကွယ်ရမလဲဆိုတာ မင်းမသိဘူးလား? မင်းပြန်သွားကြည့်ချင်တာလား? သွားလေ… ဘယ်သူမှ မင်းကိုမတားဘူး…"


လုခိုင်က ကျန်းဖျင်စစ်ကို အပြင်းအထန် စိုက်ကြည့်နေသော်လည်း တစ်ဖက်လူ၏ စူးရှသောမျက်လုံးများကြောင့် သူ့ကျောရိုး အေးစက်သွားသည်။


ကျန်းဖျင်စစ်၏ ခြိမ်းခြောက်ခြင်း၊ တင်းမာပြီး အေးစက်သောအသံကို ယွဲ့ရှင်းဝမ် ပထမဆုံးအကြိမ် ကြားဖူးတာဖြစ်သည်။ သူက တစ်ဖက်လူကို အရှိန်အဟုန်ဖြင့် ချက်ချင်း ဖိနှိပ်လိုက်သည်။ လုခိုင်က အံ့အားသင့်သွားပြီး သူ့အစ်ကိုဝမ်းကွဲ၏ အနောက်တွင် ဖြူဖျော့နေသောမျက်နှာဖြင့် တိတ်တဆိတ် ရပ်နေသည်။


ကျန်းဖျင်စစ်၏နှုတ်ခမ်းထောင့်ကနေ အေးစက်စက်အပြုံး ထွက်ပေါ်လာသည်။

"ကြည့်လိုက်… မင်း သူမကို သိပ်ကြိုက်ပုံလည်း မပေါ်ပါဘူး…"


လုခိုင်: "…"


မင်းသာ လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် တစ်ဖက်လူကို ကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားလိမ့်မယ်။


ကောင်းရုန်ချန်က သူ့ညီကို ကြည့်ကာ အကြောင်းအရာကို ပြောင်းလိုက်သည်။

"အဲဒီတစ္ဆေအမျိုးသမီးတွေက ငါတို့အနောက်ကို လိုက်လာမှာမလား? ငါတို့ ဘာလုပ်သင့်သလဲ?"


ယွဲ့ရှင်းဝမ်: "တစ္ဆေတွေက ပုံရိပ်တွေပဲ… ငါတို့တွေ သူတို့ခန္ဓာကိုယ်ကို ထိလို့မရဘူး… ဒါကြောင့် ငါတို့တွေ သူတို့ကို သတ်လို့မရဘူး… အခုလေးတင် စီနီယာအစ်ကိုလျှိုရဲ့ ခွဲစိတ်ဓားနဲ့ ငါ့အဘိဓာန်ကလည်း သူတို့ကို ထိသွားရင် သူတို့ခန္ဓာကိုယ် တိုက်ရိုက်ဖောက်သွားတယ်… တိုက်ခိုက်တာက သူတို့အပေါ် အသုံးမဝင်ဘူး…"

သူက သူ့ဘေးနားရှိ အတန်းဖော်များကိုကြည့်ကာ 

"ငါ စမ်းသပ်မှုတစ်ခုလုပ်ချင်တယ်… အားလုံးပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်…"


ချင်မြောင်က ရိုးရှင်းစွာ ပြောလာသည်။

"ပြောလိုက်…"


ယွဲ့ရှင်းဝမ်: "တစ္ဆေအမျိုးသမီးတွေ ရောက်လာတာကို စောင့်ဦး… ရှောင်ခယ်က သူတို့ဆွဲဆောင်ဖို့ ရှောင်ထူကို ထုတ်ပြီး တစ္ဆေတွေအပေါ် ဘယ်စွမ်းရည်တွေ ထိရောက်သလဲဆိုတာ သိနိုင်ဖို့ အားလုံးက ထိန်းချုပ်ခြင်းစွမ်းရည်တချို့ကို အသုံးပြုဖို့ကြိုးစားကြည့်ကြ…"


လူတိုင်းက ခေါင်းညိတ်လိုက်သည်။


စကားဆုံးသည်နှင့် တစ်ပြိုင်နက် အနီရောင်တစ္ဆေအမျိုးသမီးအုပ်စုသည် လျှပ်စီးကဲ့သို့ ပျံကာ ဝိုင်းရံထားကြသည်။


ခယ်ရှောင်ပင်းက ရှောင်ထူကို အမြန်ခေါ်ပြီး သီချင်းဆိုခိုင်းကာ တောနက်ထဲတွင် အမြန်လျှောက်သွားခိုင်းလိုက်သည်။ တစ္ဆေအမျိုးသမီးများသည် ရှောင်ထူ၏သီဆိုမှုကြောင့် အမှန်တကယ်ပင် ဆွဲဆောင်ခံခဲ့ရပြီး ရှောင်ထူနှင့်အတူ လိုက်ပါသွားခဲ့သည်။


ရှောင်ထူ၏သီဆိုမှုက ခဏတာမျှသာ ကြာရှည်နိုင်ပြီး သီချင်းဆိုမှုပြီးဆုံးပြီးနောက်တွင် တစ္ဆေအမျိုးသမီးတွေက အသိပြန်ဝင်လာသည်။ တစ္ဆေအမျိုးသမီးများ၏ လက်ထဲကနေ အနီရောင်ချည်မျှင်က ရုတ်တရက် ထွက်ပေါ်လာသည်။ ချည်မျှင်က လူတိုင်၏လည်ပင်းတွင် ရစ်ပတ်တော့မည်ကို မြင်လိုက်ရသဖြင့် ချင်မြောင်က သူမညာဘက်လက်ကို ရုတ်တရက် မြှောက်လိုက်သည်။

"စစ်တပ်အာဏာကို ဖြတ်ချဖို့ ဝိုင်ခွက်တွေကိုသုံးမယ်!"


တစ္ဆေအမျိုးသမီးများအားလုံး၏ လက်ထဲက အနီရောင်ချည်မျှင်အားလုံးသည် ချက်ချင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သမိုင်းဌာနမှ ဒီလက်နက်သိမ်းခြင်းစွမ်းရည်က အဖွဲ့လိုက်တိုက်ခိုက်မှုများအတွက် တကယ်ကို ကောင်းမွန်သည်။ 


ယွဲ့ရှင်းဝမ်က လျင်မြန်စွာ ပြောလာသည်။

"ပြေးတော့!"


အားလုံးက တောအုပ်၏အပြင်ဘက်ကို ပြေးသွားပြီး ယွဲ့ရှင်းဝမ်က ပြေးနေရင်း အော်လိုက်သည်။

"တရုတ်ဘာသာစကားဌာနက ညီမလေး၊ မင်းရဲ့ ellipsis(…) က ဘယ်မှာလဲ!"


ကောင်းရှောင်ရှင်းက နောက်ဆုံးတွင် အသိဝင်လာပြီး သူမက ညာဘက်လက်ဖြင့် ellipsis အများအပြားကို အမြန်ရေးခဲ့သည်။


ထိုတစ္ဆေအမျိုးသမီးများသည် သူတို့ကို ဖမ်းမိခါနီးတွင် ellipsis ၏ ‘နှေးကွေးခြင်း’သက်ရောက်မှုကို ခံခဲ့ရပြီး သူတို့၏လှုပ်ရှားမှုများက ချက်ချင်းရပ်တန့်သွားခဲ့သည်။ ကောင်းရှောင်ရှင်းသည် သူမ၏စွမ်းရည်များက သူတို့အပေါ် အသုံးဝင်ကြောင်း သဘောပေါက်ပြီးနောက် exclamation mark(!!!)များစွာကို ဆွဲကာ သူတို့ဆီ ပစ်လိုက်သည်။


Exclamation mark တွေက ချွန်ထက်သောမြားများကဲ့သို့ ကောင်းကင်မှ ပြုတ်ကျလာသော်လည်း ထိုအရာအားလုံးသည် တစ္ဆေအမျိုးသမီးများ၏ ခန္ဓာကိုယ်ကို ဖြတ်သွားကာ မြေပြင်ပေါ်၌ ကျင်းများစွာ ဖြစ်သွားစေခဲ့သည်။ လျှိုကျောက်ချင်းက နောက်ပြန်လှည့်ကြည့်ကာ မနေနိုင်ဘဲ ညည်းညူသည်။

"Exclamation markတွေ အဆက်မပြတ်ကျလာတာ ဆောက်ပုတ်နဲ့ တူတယ်…"


ကောင်းရှောင်ရှင်းက အော်ဟစ်လေသည်။

"ဒါပေမယ့် တိုက်ခိုက်မှုက အသုံးမဝင်ဘူး!"


ယွဲ့ရှင်းဝမ်: "Question mark…"


ကောင်းရှောင်ရှင်းသည် ပြေးနေရင်း question mark များကို ရေးဆွဲပြီး သူတို့နောက်ကို ပစ်လိုက်သည်။ တစ္ဆေအမျိုးသမီးအုပ်စုသည် သူတို့၏ခေါင်းထက်၍ question mark များဖြင့် ဝန်းရံထားသည်။ ရှုပ်ထွေးနေသောမျက်နှာဖြင့် သူတို့က လေပေါ်တွင် ရပ်တန့်သွားပြီး question mark များကြောင့် သူတို့က မှင်တက်နေမှန်း သိသာပါသည်။ ဒီမြင်ကွင်းက ကြည့်ရတာ အနည်းငယ် ရယ်စရာကောင်းလှသည်။


တရုတ်ဘာသာစကားဌာနရဲ့ ‘???’ထိန်းချုပ်မှုတွေက တော်တော်ကောင်းလိမ့်မယ်လို့ သူတို့မထင်ထားခဲ့ဘူး။


လူကိုးယောက်ဟာ အရှိန်အဟုန်ဖြင့် တောထဲကနေ တတ်နိုင်သမျှ မြန်မြန်ပြေးထွက်လာပြီး မောဟိုက်နေကာ ရပ်လိုက်ပြီးတော့ နောက်ကို လှည့်ကြည့်လိုက်သည်——


တစ္ဆေအမျိုးသမီးတွေက သူတို့နောက်ကို ထပ်မလိုက်လာတော့ပေ။


ကောင်းရှောင်ရှန်းက ထိတ်လန့်သွားသည်။

"ဘာဖြစ်သွားတာလဲ? သူတို့–သူတို့ မလိုက်လာတော့ဘူးလား?"


ယွဲ့ရှင်းဝမ်က အသက်ကို ညင်သာစွာ ရှူသွင်းပြီး ခွဲခြမ်းစိတ်ဖြာသည်။

"ပထမအချက်၊ သူတို့ရဲ့ လှုပ်ရှားမှုတွေက တည်းခိုခန်းနဲ့ တောအုပ်တစ်ဝိုက်မှာပဲ ရှိလိမ့်မယ်… ငါတို့တွေ တောအုပ်ထဲကနေ ထွက်ပြေးလိုက်ရင် သူတို့လိုက်ဖမ်းတာ ရပ်သွားလိမ့်မယ်… ဒုတိယအချက်၊ တစ္ဆေတွေက ပုံရိပ်တွေဖြစ်ပြီး ငါတို့က သူတို့ကို ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် မှော်စွမ်းအင်တိုက်ခိုက်မှုတွေနဲ့ ထိခိုက်အောင်မလုပ်နိုင်ပေမယ့် ထိန်းချုပ်ခြင်းစွမ်းရည်တွေက သူတို့အပေါ် ထိရောက်မှုရှိတယ်…"


ကျန်းဖျင်စစ်က ကောက်ချက်ချသည်။

"ဆိုလိုတာက တစ္ဆေတွေကို ငါတို့တွေ့တဲ့အခါ ငါတို့က သူတို့ကို ထိန်းချုပ်ပြီး အဝေးကို ‌ထွက်ပြေးရမှာလား?"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြသည်။

"ဟုတ်တယ်… နှလုံးသွေးကြောဆိုင်ရာလူနာဆောင်ထဲက ညတိုက်ပွဲထက် နည်းနည်းပိုခက်တယ်… ဒါပေမယ့် ကံကောင်းစွာပဲ ငါတို့ရင်ဆိုင်လို့ရပါသေးတယ်…"


နှလုံးသွေးကြောဆိုင်ရာလူနာဆောင်တွင် မ‌ကောင်းဆိုးရွားများစွာရှိသော်လည်း သူတို့ကို တစ်ကောင်နှင့်အထက် သတ်နိုင်သည်။ တစ္ဆေအမျိုးသမီး အရေအတွက်က နည်းပါးသော်လည်း အမြန်နှုန်းက အလွန်လျင်မြန်ပြီး သူတို့ရှေ့ကို ချက်ချင်း ပျံပြီးလာနိုင်သည်။ သူတို့တွင် အဝေးပစ် တိုက်ခိုက်ရေးလက်နက်အဖြစ် အနီရောင်ချည်မျှင်လည်း ရှိသည်။ သတိမမူမိပါက အနီရောင်ချည်မျှင်ဖြင့် လည်ပင်းညှစ်ခံရမည်ဖြစ်သလို သတ်လို့လည်းမရဘဲ ထွက်ပြေးရုံသာရှိသည်။


ကံကောင်းထောက်မစွာ သူတို့၏ လှုပ်ရှားမှုအကွာအဝေးမှာ အကန့်အသတ်ရှိပြီး တောအုပ်ထဲမှ ပြေးထွက်လာဖို့ တစ်ကီလိုမီတာခန့်သာ ပြေးခဲ့ရသည်။ ချင်လု၏ ကျောက်ထုတ်လွှာလှုပ်ရှားမှု အကူအညီဖြင့် သူတို့၏ခြေထောက်များဖြင့် လွတ်မြောက်နိုင်သည့်အကွာအဝေးကို ထက်ဝက်လျှော့ချနိုင်တာကြောင့် ယင်းမှာ သူတို့အတွက် မခက်ခဲပေ။


ယွဲ့ရှင်းဝမ်က အနည်းငယ် အသက်ရှူချောင်သွားပြီး လူတိုင်းကို ကြည့်ကာ မေးလိုက်သည်။

"မင်းတို့ အိပ်ပျော်သွားပြီးနောက် ထူးဆန်းတဲ့ အိမ်မက်တွေ မက်ခဲ့သေးလား? ငါက မိုးမြေကန်တော့တဲ့ မင်္ဂလာဆောင်မြင်ကွင်းကို မက်ခဲ့ပြီး မင်္ဂလာဆောင်ခန်းထဲမှာ အရုပ်နှစ်ရုပ်ကို တွေ့ခဲ့တယ်…"


ကျန်းဖျင်စစ်: "အိမ်ထဲမှာ ကိုယ်ရံတော်တစ်ယောက်က ပန်းချီဆွဲနေတာကို ငါအိမ်မက်မက်ခဲ့ပြီး ပန်းချီကားထဲက အမျိုးသမီးက အနီရောင်တောက်တောက် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး အရမ်းလှတယ်…"


လျှိုကျောက်ချင်းက သူ့ခေါင်းကိုကုတ်ကာ ပြောသည်။

"ငါ့အိမ်မက်ထဲမှာ ကောင်မလေးတစ်ယောက်က တောထဲမှာ မြွေကိုက်ခံရပြီး ဖြတ်သွားဖြတ်လာ သမားတော်ငယ်ငယ်လေးက သူမကယ်ပြီး အဆိပ်ရှိတဲ့သွေးတွေကို စုပ်ထုတ်ပေးပြီးတော့ ဒဏ်ရာကို ကုသပေးဖို့ သူမကိုပွေ့ပြီး ဆေးခန်းဆီ ပို့ပေးခဲ့တယ်…"


ခယ်ရှောင်ပင်းက လေးနက်စွာဆိုသည်။

"အပန်းရောင်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က အရုပ်တစ်ရုပ်ချုပ်နေတာကို ငါအိမ်မက်မက်ခဲ့တယ်… သေသေချာချာချုပ်ပြီး အနီရောင်အဝတ်တွေတောင် အရုပ်ပေါ်မှာ ဝတ်ထားပေးသေးတယ်… သူမက အဲဒီပေါ်မှာ နံပါတ်တွေ ရေးနေပေမယ့် ငါရှင်းရှင်းလင်းလင်း မမြင်ရဘူး…",


ချင်မြောင်: "အောင်သွယ်တော်က လက်ထပ်ထိမ်းမြားဖို့အတွက် မင်္ဂလာလက်ဖွဲ့တွေကို အိမ်တစ်အိမ်စီယူသွားတာ ငါအိမ်မက်မက်ခဲ့တယ်… အဲဒီအိမ်ရဲ့ဝင်ပေါက်မှာ ‘စူးမိသားစု’လို့ ရေးထားပြီး ခြံဝင်းကျဉ်းကျဉ်းလေးနဲ့ အစေခံတစ်ယောက်နဲ့ အစောင့်တစ်ယောက်ပဲရှိတာကြောင့် ဆင်းရဲတဲ့မိသားစုဖြစ်နိုင်တယ်…"


ချင်လု: "ငါ့အိမ်မက်က ငါ့အစ်မနဲ့ ဆက်စပ်နေပုံရတယ်… စူးမိသားစုက ဒီလက်ထပ်ပွဲကို သဘောတူခဲ့ပြီး နှစ်သစ်ကူးပြီးရင် လက်ထပ်ပွဲကိုကျင်းပဖို့ သခင်မလေးစူးကို ကျောက်မိသားစုဆီ ပို့ပေးမယ်လို့ ပြောခဲ့တယ်… အောင်သွယ်တော်ရဲ့စကားအရတော့ ကျောက်သခင်လေးက နာမကျန်းဖြစ်ပြီး မကြာခင် သေတော့မှာ… သခင်မလေးစူးက သူ့ရဲ့မွေးသက္ကရာဇ်နဲ့ ကိုက်ညီပြီး စူးသခင်လေးက အသက်ရှင်ဖို့ အခွင့်အရေးရှိသေးတယ်လို့ ဗေဒင်ဆရာက ပြောခဲ့တယ်…"


ယွဲ့ရှင်းဝမ်က စုံတွဲအဖွဲ့ကို တစ်ချက်ကြည့်လိုက်သည်။

"မင်းတို့ကရော?"


ကောင်းရှောင်ရှင်း: "ငါက အနီရောင်ဝတ်စုံနဲ့ သတို့သမီးကို ခေါင်းတလားထဲ ထည့်ထားတာကို အိမ်မက်မက်ခဲ့တယ်… သူမမျက်နှာက ဖြူဖျော့နေပြီး ကြောက်စရာကောင်းတယ်… 

အိမ်မက်ထဲက ခေါင်းတလားကို တွေးရင်း ကြက်သီးမွေးညင်းထလာသလို သူမခံစားလိုက်ရသည်။ ‌သူမ၏ချစ်သူ ကောင်းရုန်ချန်ကလည်း ပြောလာသည်။

"ငါ့အိမ်မက်ကလည်း ရှောင်ရှင်းနဲ့အတူတူပဲ… ခေါင်းတလားထဲမှာ သတို့သမီးရှိနေပြီး ခေါင်းတလားကို မြေကြီးထဲမှာ မြှုပ်ထားတယ်…"


လုခိုင်က သူ့မျက်နှာပေါ်ရှိ စိတ်ရှုပ်နေသောအမူအရာဖြင့် ပြောသည်။

"မင်းတို့အားလုံးက အိမ်မက်မက်ခဲ့ကြတာလား? ငါ့မှာ အိမ်မက်ဆိုး ဘာလို့မရှိရတာလဲ…"


အားလုံးက သူ့ကို တညီတညွတ်တည်း ကြည့်လာကြပြီး ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ကာ

"မင်း ဒီသစ်သားကုတင်ပေါ်မှာ မအိပ်ခဲ့ဘူးလား?"


လုခိုင်က အသံတိုးတိုးဖြင့် ထောက်ခံသည်။

"အဲဒီသစ်သားကုတင်က ဖုန်တက်နေပြီးပြီကို… စောင်နဲ့ လူသေတစ်ယောက်ကို ဖုံးထားတာ ဖြစ်နိုင်တယ်လို့ ကျားကျားက ပြောခဲ့တယ်… ငါတို့က ကုတင်ပေါ်မှာ ဘယ်လိုလုပ်အိပ်နိုင်မှာလဲ? ငါတို့က စားပွဲပေါ်မှာ အိပ်ကြတာ…"


ယွဲ့ရှင်းဝမ်: "…"


ကျန်းဖျင်စစ်က အေးစက်စွာပြောသည်။

"မင်းတို့နှစ်ယောက် စာမေးပွဲမေးခွန်းတွေကို မဖတ်ခဲ့ဘူးလား?"


ချင်မြောင်၏မျက်နှာလည်း မဲ့နေသည်။

"စာမေးပွဲတစ်ခုစီမှာ စက်ရုပ်အသံက စာမေးပွဲစစ်ဆေးသူဖြစ်ပြီးတော့ ‘ကျေးဇူးပြုပြီး အိပ်ခန်းတစ်ခန်းစီကို ရွေးချယ်ပြီး တတ်နိုင်သမျှ အမြန်ဆုံး ကုတင်ဆီသွားပြီး အိပ်ရာဝင်ကြပါ’လို့ ပြောခဲ့တယ်မဟုတ်ဘူးလား? ‘ကုတင်ဆီသွားပြီး’ဆိုတဲ့ စကားလုံးကို နင်မကြားခဲ့ဘူးလား?"


ချင်မြောင်က ကြမ်းတမ်းစွာ ပြောဆိုတာကြောင့် သူမ၏စကားလုံးများက လုခိုင်၏မျက်နှာကို စိမ်းဖန့်ဖန့်ဖြစ်သွားစေသည်။


ကောင်းရုန်ချန်က တကယ်တော့ အတော်လေး စဉ်းစားချင့်ချိန်နိုင်တာကြောင့် ချက်ချင်း တစ်ဖက်သို့လှည့်ကာ သူ့မျက်နှာကိုကာပြီး သူ့ညီအား ဆူလေသည်။

"မင်းက အမြဲတမ်း အရမ်းနှေးကွေးပြီး ထမင်းစားဖို့ဆိုလည်း နောက်ကျတယ်… ဒါပေမယ့် အခုက စာကြည့်တိုက်မှာ! မင်း အလေးအနက်ထားလို့ မရဘူးလား? ပြီးတော့ လော့ကျားကျားရောပဲ၊ သူမရဲ့သခင်မလေး စရိုက်လက္ခဏာကို ဖယ်ထားလို့မရဘူးလား? ဒီနေရာမှာ အသန့်ကြိုက်နေလို့ ဘာဖြစ်လာမှာလဲ?! သူမက ဖယ်ရှားခံလိုက်ရပြီဖြစ်တာကြောင့် သူမအကြောင်း မပြောတော့ဘူး… မင်းမသေချင်ရင် အားလုံးကိုဆွဲချနိုင်မယ့် အမှားတွေမလုပ်နဲ့… ငါပြောတာကြားလား?" 


ထိုသို့ပြောပြီးနောက် သူပါးရိုက်လိုက်ရာ လုခိုင်က ထိတ်လန့်လုနီးပါးဖြစ်သွားသည်။

"သိပါပြီ အစ်ကို…"


ကောင်းရုန်ချန်က ဆူပူကြိမ်းမောင်းလိုက်တာကြောင့် ယွဲ့ရှင်းဝမ်နှင့် အခြားလူများက သူ့အား ဆက်၍ဆူငေါက်ရန် မကောင်းတော့ပေ။


ယွဲ့ရှင်းဝမ်သည် သူ့နားထင်အား ညင်သာစွာ ပွတ်လိုက်သည်။ အစပိုင်းတွင် သူသည် ညဘက်၌ သဲလွန်စများ စုဆောင်းရာတွင် လွတ်သွားမှာကို စိုးရိမ်သောကြောင့် အားလုံးကို အခန်း 8 ခန်း၌ အိပ်ခိုင်းခဲ့သည်။ ရလဒ်အနေနဲ့ လုခိုင်နဲ့ လော့ကျားကျားတို့ စုံတွဲဟာ တကယ်ကို အားကိုးလို့မရပေ။ စက်ရုပ်အသံ၏သတိပေးချက်များကိုပင် ပေါ့ပေါ့ဆဆ လျစ်လျူရှုနိုင်ကြသည်။ စောင်တွေက မသန့်ရှင်းတာကြောင့် ကုတင်ပေါ်တွင် မအိပ်ခဲ့ကြဘဲ ညဘက်တွင် ဇာတ်ကွက်အကြောင်း သဲလွန်စမရခဲ့ကြပေ။


ယခင်သင်တန်းများတွင် တွေ့ခဲ့သော အတန်းဖော်များသည် အလွန်ကောင်းမွန်တာကြောင့် ယွဲ့ရှင်းဝမ်သည် ‘စာကြည့်တိုက်ရှိ အတန်းဖော်တွေက အရမ်းသန်မာတယ်’ဟု ထင်ယောင်ထင်မှားဖြစ်ပြီး တကယ်တော့ ဒီစုံတွဲအဖွဲ့လို လူသစ်တွေ အများကြီးရှိပါသည်။


ယွဲ့ရှင်းဝမ်က လုခိုင်ကို လျစ်လျူရှုပြီး ကျန်းဖျင်စစ်ကိုကြည့်ကာ ခွဲခြမ်းစိတ်ဖြာသည်။

"အခုထိ ပေါ်လာတဲ့ ဇာတ်ကောင်တွေကတော့ သခင်မလေးစူး၊ သခင်လေးကျောက်၊ သမားတော်၊ ကိုယ်ရံတော်၊ အပန်းရောင်ဝတ်စုံနဲ့ အမျိုးသမီး၊ အောင်သွယ်တော်တို့ပဲ… ငါတို့က လုခိုင်နဲ့ လော့ကျားကျားတို့နေတဲ့ အခန်း 8 ရဲ့ သဲလွန်စပျောက်နေပေမယ့် သက်ရောက်မှုက ကြီးမားမှာမဟုတ်ဘူး… သင်တန်းအစမှာ စာမေးပွဲဖြေဆိုသူ အလုံအလောက်မရှိရင် သုတေသနအဖွဲ့တစ်ဖွဲ့တည်းလည်း စာမေးပွဲခန်းကို ဖွင့်နိုင်တယ်လို့ ပြောထားတယ်… ဒီအဓိပ္ပါယ်က လူ 4 ယောက်နဲ့လည်း ဒီစာမေးပွဲကို အောင်နိုင်ပြီး လွတ်သွားတဲ့သဲလွန်စတွေက ကျိန်းသေပေါက် ပြန်ပေါ်လာလိမ့်မယ်…"


အခန်း 8 ခန်းတွင် လူ 4 ယောက် တစ်ပြိုင်နက်တည်း နေထိုင်ရန် မဖြစ်နိုင်ဘဲ ပထမနေ့တွင် အများဆုံး သဲလွန်စ 4 ခုသာ စုဆောင်းနိုင်သည်။ လူ 4 ယောက်နဲ့လည်း ဒီသင်တန်းကို အောင်နိုင်တာကြောင့် ပထမညတွင် သဲလွန်စများ လွတ်သွားခြင်းက သက်ရောက်မှုများစွာရှိမည်မဟုတ်ကြောင်းနှင့် သဲလွန်စသည် လာမည့်ရက်အနည်းငယ်အတွင်း ထပ်ခါထပ်ခါ ပေါ်လာမည်ဖြစ်တာကြောင့် ယွဲ့ရှင်းဝမ်က ဒေါသထွက်ခြင်းမရှိပေ။


လုခိုင်နှင့် လော့‌ကျားကျားတို့က တလွဲတချော်လုပ်မိပြီး သူသာ တလွဲတချော်မလုပ်မိပါက ၎င်းကို သိနိုင်သေးသည်။


ယွဲ့ရှင်းဝမ်၏စကားများက လူတိုင်း၏ စိတ်ခံစားချက်ကို အမှန်တကယ် တိုးတက်စေခဲ့သည်။ စစ်တပ်၏စိတ်ဓာတ်ကို တည်ငြိမ်အောင် ထိန်းနိုင်မယ့်သူရှိဖို့က တကယ်ကို အရေးကြီးပါသည်။ မဟုတ်လျှင် လူတိုင်းက စိုးရိမ်ပူပန်မှုဖြင့် ‘မင်း သဲလွန်စကို လွတ်သွားရင် သင်တန်းကို မအောင်နိုင်ဘူး’ဟု အပြစ်တင်ကြလိမ့်မည်။ 


ချင်မြောင်က မေးသည်။

"ဒီတစ်ခေါက်က သဲလွန်စတွေကို အိမ်မက်ထဲမှာ ပေးထားပြီး အခန်းတိုင်းမှာ အိမ်မက်တစ်ခုစီရှိတာလား? ပြီးတော့ အိမ်မက်က နောက်ရက်တွေမှာလည်း ထပ်ပေါ်လာဦးမှာလား?"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။

"အင်း… အဲဒါက တရားမျှတမှုမရှိဘဲ သေသွားတဲ့ တစ္ဆေတစ်ကောင်ရဲ့ အိမ်မက်ဖြစ်နိုင်တယ်… ငါ့အိမ်မက်ထဲမှာ အရုပ်နှစ်ရုပ်ပါပြီး ရှောင်ခယ်ရဲ့အိမ်မက်ထဲမှာ အဲဒီအပေါ်မှာ စာရေးနေတာဆိုတော့ အရမ်းအရေးကြီးတဲ့ အချက်အလက်ပဲ ဖြစ်ရမယ်… အဲဒါကို ငါအိမ်မက်ထဲမှာ ရှင်းရှင်းလင်းလင်း မမြင်ရဘူး… အရုပ်ကို တရုတ်မွေးသက္ကရာဇ်တွေရေးပြီး ကျိန်စာတိုက်တာနဲ့ ဆင်တူတယ်လို့ ထင်မိတယ်…"


ချင်မြောင်က ထောက်ခံသည်။

"ရှေးလူကြီးတွေက အရုပ်အပေါ်မှာ တရုတ်မွေးသက္ကရာဇ်တွေရေးပြီး အပ်နဲ့ထိုးပြီးတော့ ကျိန်စာတိုက်တာကို သဘောကျကြတယ်… အပန်းရောင်ဝတ်စုံနဲ့ အမျိုးသမီးက အရုပ်ချုပ်နေတာဆိုတော့ သခင်လေးကျောက် ဒါမှမဟုတ် သခင်မလေးစူးကို ကျိန်စာတိုက်မလို့လား?"


ချင်လုက ခန့်မှန်းသည်။

"အောင်သွယ်တော်ရဲ့စကားအရ သခင်လေးကျောက်က နာမကျန်းဖြစ်ပြီး ကျောက်မိသားစုကလည်း စိတ်ပျက်နေတာကြောင့် သခင်လေးကျောက်ရဲ့ရောဂါ ပိုကောင်းလာအောင် လက်ထပ်ထိမ်းမြားဖို့ကို အလျင်အမြန်လုပ်ကြတာ… သူနာမကျန်းဖြစ်တာက အရုပ်နဲ့ကျိန်စာတိုက်တာကြောင့်လား?"


ခယ်ရှောင်ပင်းက မတူသောအမြင်ကို တင်ပြခဲ့သည်။

"ဒါပေမယ့် ငါ အိမ်မက်မက်တဲ့ အမျိုးသမီးက အရုပ်တစ်ရုပ်ကို ချုပ်နေတဲ့အခါ ထူးဆန်းတဲ့ အပြုံးမျိုးပြုံးနေပြီး တစ်ယောက်ယောက်ကျု မုန်းတီးနေသလို ခံစားရတယ်… ဒါမှမဟုတ် သူမက သခင်မလေးစူးကို မနာလိုဖြစ်လို့ အရုပ်နဲ့ ကျိန်စာတိုက်မလို့များလား?"


ယွဲ့ရှင်းဝမ်: "မနက်မိုးလင်းမှ ထပ်စုံစမ်းကြည့်ရအောင်…"


လျှို့ဝှက်ဆန်းကြယ်မှုများစွာ ရှိနေသေးတယ်။


ယွဲ့ရှင်းဝမ်ကို စိတ်ရှုပ်စေဆုံးအရာကတော့ အိမ်မက်ထဲက ဇာတ်ကွက်ဟာ ရှေးခေတ်အချစ်ရေးကိစ္စနှင့် အလွန်ဆင်တူပြီး ‘လက်ထပ်ထိမ်းမြားခြင်းအတွက် တရုတ်မွေးသက္ကရာဇ်’ တူရန်ကဲ့သို့ ရှေးခေတ် ပဒေသရာဇ်အယူသီးမှုကြောင့် ဖြစ်ပေါ်လာသော ကြေကွဲစရာနှင့်အတူ နောက်ဆုံးတွင် သတို့သမီးကို ခေါင်းတလားထဲ မြှုပ်နှံထားခဲ့သည်။ 


ဘာလို့ ဒီတည်းခိုခန်းနဲ့ ဘာမှမသက်ဆိုင်နေတာလဲ?


#TK