Volume 3 : သင်္ချာဌာန
Chapter 47 (သေခြင်းကုဒ် ၀၆)
ယွဲ့ရှင်းဝမ်သည် အဆောက်အဦးပုံဆွဲရန် ကျန်းဖျင်းစစ်၏ ချင်းကပ်မှုကို သဘောတူခဲ့သော်လည်း သူတို့တွင် ပေတံမရှိသောကြောင့် တိကျသောပုံများကိုဆွဲရန် ခက်ခဲသည်။ ထို့ကြောင့် ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်၏နားနားကပ်ကာ မေးလိုက်သည်။
"မင်းရဲ့ coordinate system နဲ့ အကွာအဝေးကို တွက်ချက်နိုင်လား?"
ကျန်းဖျင်စစ်: "အင်း… ဒါပေမယ့် ကောင်းရုန်ချန်က ဆောက်လုပ်ရေးဘာသာရပ်ဖြစ်တဲ့အတွက် အခြားနည်းလမ်းတွေ ရှိနိုင်တယ်…"
သေချာစွာပင် ကောင်းရုန်ချန်သည် ဘောပင်နဲ့ စာရွက်ကို ထုတ်ကာ ဂဏန်းပေါင်းစက်နဲ့တူသော ကိရိယာတစ်ခုကို ရုတ်တရက် ထုတ်ယူလိုက်သည်။ သူရပ်နေသည့် အနေအထားကို အမှတ်အသားပြုပြီးနောက် တည်းခိုခန်း၏ အခြားတစ်ဖက်သို့ အမြန်ပြန်သွားကာ သူ့ကိရိယာပေါ်ရှိ ခလုတ်ကို နှိပ်လိုက်ရာ အနီရောင်လေဆာဖြင့် ပစ်လိုက်ပြီး ဒသမနှစ်နေရာအထိ တိကျသောဂဏန်းတစ်ခုက သူ့ကိရိယာ၏မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။
ကောင်းရုန်ချန်က အဆောက်အဦးရေးဆွဲနေတာကို ကြည့်ရင်း ယွဲ့ရှင်းဝမ်က လျှောက်လာပြီး ပြောသည်။
"ဒါက ဗိသုကာဌာနက ထုတ်ပေးတဲ့ တိုင်းတာတဲ့ ကိရိယာလား?"
ကောင်းရုန်ချန်က ခေါင်းညိတ်သည်။
"အင်း… ဒါကို theodolite လို့ခေါ်တယ်… ဝင်ခွင့်စာမေးပွဲဖြေပြီးရင် ဗိသုကာကျောင်းသားတွေအားလုံးကို အမှတ်နှစ်ခုကြားအကွာအဝေးကို တိကျစွာတိုင်းတာနိုင်တဲ့ ဒီကိရိယာကို ထုတ်ပေးလိမ့်မယ်…"
ကွန်ပျူတာဌာနက ကျောင်းသားအားလုံးကို လက်ပ်တော့များ ဖြန့်ဝေသကဲ့သို့ပင် ဗိသုကာဌာနက တိုင်းတာရေးကိရိယာများနှင့် ပုံဆွဲခြင်းများကို ကျောင်းအားလုံးထံ ဖြန့်ဝေပေးကာ ကျောင်းသားများအတွက် များစွာအဆင်ပြေစေသည်။
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကူညီရန် အရှေ့တိုးလာခဲ့သည်။
ကောင်းရုန်ချန်က တည်းခိုခန်းတစ်ဝိုက်ရှိ အချက်အလက်များကို လျင်မြန်စွာ တိုင်းတာပြီးသည်နှင့် တည်းခိုခန်း၏ အလျား၊ အနံ့နှင့် အမြင့်၏ တိကျသောတန်ဖိုးများကို ပုံဖော်ကာ ပုံတွင် သုံးဖက်မြင်ရုပ်ပုံတစ်ပုံကို ဆွဲလိုက်သည်။ ထို့နောက် သူတို့သုံးယောက်က အိမ်ထဲသို့ဝင်သွားကာ တည်းခိုခန်း၏ ပထမထပ်နှင့် ဒုတိယထပ်ရှိ အခန်းများ၏ အတွင်းပိုင်းအားလုံးကို တိုင်းတာကြပြီး ကောင်းရုန်ချန်က တိကျသော ဗိသုကာလက်ရာများကို ရေးဆွဲခဲ့သည်။
လူတိုင်းက ပထမထပ်မှာ စုဝေးလာကြသည်။
ချင်မြောင်က ယွဲ့ရှင်းဝမ်အား သော့တွဲကို ပေးလိုက်ပြီး
"သော့ 11 ခုမှာ 8 ခုက ဒုတိယထပ်မှာရှိတဲ့ ဧည့်သည်ခန်း 8 ခန်းနဲ့ ကိုက်ညီတယ်… အားလုံးကို အမှတ်အသားပြုထားတဲ့ လျှို့ဝှက်တံခါးကို ဖွင့်လို့ရတဲ့ သော့ 1 တစ်ခုလည်း ပါတယ်… ကျန် 2 ခုကတော့ ဘာအတွက် အသုံးပြုဖို့လည်း ငါမသိရသေးဘူး…"
ယွဲ့ရှင်းဝမ်က သော့ကိုယူလိုက်ကာ
"ကျေးဇူးပါ… လျှို့ဝှက်တံခါးထဲမှာ ဘာတွေရှိလဲဆိုတာ အရင်သွားကြည့်ရအောင်…"
သူနဲ့ ကျန်းဖျင်စစ်တို့သည် ပထမထပ်၏ထောင့်ရှိ တံခါးဆီသို့ လျှောက်သွားခဲ့ကြပြီး ချင်မြောင် အမှတ်အသားပြုထားသော သော့ကို သော့ပေါက်ထဲသို့ ထည့်လိုက်သည်။ သော့ပွင့်သွားပြီး ယွဲ့ရှင်းဝမ်က ကြည့်ရန် တံခါးတွန်းဖွင့်လိုက်သည်—— အခန်းထဲတွင် ထိုင်ခုံ 8 လုံးဖြင့် ဝန်းရံထားသော ကြီးမားသော သစ်သားစားပွဲဝိုင်းရှိပြီး ထိုင်ခုံများ၏နောက်တွင် ဒုတိယထပ်ရှိ အခန်းနံပါတ်များနှင့် ကိုက်ညီသော ‘1’ မှ ‘8’အထိ ဂဏန်း 8 လုံးကို ရေးထွင်းထားသည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ယွဲ့ရှင်းဝမ်က ပြောလာသည်။
"ထိုင်ခုံ 8 လုံးက အပေါ်ထပ် အခန်း 8 ခန်းကို ကိုယ်စားပြုတာလား?"
ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်သွားသည်။
"ဘာလို့ တည်းခိုခန်းထဲမှာ ‘စားပွဲဝိုင်း’လို နေရာမျိုး ရှိနေတာလဲ?"
ဒါကိုကြားတော့ လျှိုကျောက်ချင်းက ချင်မြောင်ကို လှည့်ကြည့်ကာ
"ဂျူနီယာညီမလေး၊ မင်းက သမိုင်းကို လေ့လာနေတာဆိုတော့ ရှင်းပြပေးလို့ရမလား?"
ချင်မြောင်က ပြန်ဖြေသည်။
"ရှေးလူကြီးတွေက အဆင့်အတန်းနဲ့ ပတ်သက်ပြီး အထူးတလည် ခွဲခြားလေ့ရှိကြတာကြောင့် လူတစ်စုက စားပွဲဝိုင်းပတ်ပတ်လည်မှာထိုင်ပြီး အစည်းအဝေးလုပ်ဖို့ဆိုတာ အရမ်းရှားတယ်… သူတို့က အများအားဖြင့် ဧည့်ခန်းထဲမှာ အစည်းအဝေးလုပ်လေ့ရှိပြီး အဆင့်အတန်းမြင့်သူက ထိပ်မှာထိုင်၊ အခြားသူတွေက ဘေးနှစ်ဖက်မှာထိုင်ပြီး လက်ဖက်ရည်ခွက်တွေ တင်ထားတဲ့ စားပွဲတွေ ရှိလိမ့်မယ်… ဒီအခန်းက အစည်းအဝေးခန်း လုံးဝမဟုတ်ဘဲ ညစာစားခန်းနဲ့တူတယ်…"
သို့သော် ညစာစားခန်းကို သော့ခတ်ဖို့ လိုအပ်သလား?
ကောင်းရုန်ချန်က ဝင်လာပြီး သူ၏ပုံကြမ်းတွင် ထပ်ဖြည့်ရန် ဤအခန်းရှိ အချက်အလက်ကို အမြန်တိုင်းတာသည်။
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က အခန်းကို သေချာစစ်ဆေးခဲ့သည်။
ဤအခန်းသည် အလွန်ကျယ်ပြီး စားပွဲဝိုင်းနှင့် ထိုင်ခုံများမှလွဲ၍ အနည်းငယ်ဗလာဖြစ်နေသည်။ စားပွဲဝိုင်းအလယ်တွင် ဖယောင်းတိုင် စိုက်သောတိုင် နှစ်ခုရှိထားပြီး သူတို့အပေါ်တွင် အနီရောင်ဖယောင်းတိုင်တွေကို တစ်ဝက်လောက်ထွန်းထားကာ စားပွဲပေါ်ကို အရည်ပျော်နေသော ဖယောင်းတိုင်များနှင့်အတူ အနီရောင်လက်သည်းအရွယ်အကွက်များအဖြစ် ပြောင်းလဲသွားသည်။
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တိတ်ဆိတ်စွာ တစ်ဖက်စီ ခွဲသွားကြပြီး အခန်းအတွင်းနံရံတစ်လျှောက် ပေါ့ပါးစွာ ခေါက်ကြည့်ကာ ထောင့်စွန်းတွင် လျှို့ဝှက်တံခါးကို တွေ့ရှိခဲ့သည်။ ဒီတံခါးကို သော့မခတ်ထားဘဲ တွန်းဖွင့်ပြီး အခန်းထဲဝင်လိုက်သောအခါ ဒါကမီးဖိုချောင်မှန်း သူတို့သိလိုက်ရသည်။
မီးဖိုချောင်ဧရိယာက မြေစေးမီးဖိုများနှင့်အတူ အလွန်ကျယ်ဝန်းပြီး ဘေးတွင် စဉ်းနှီတုန်းနှင့် မီးဖိုချောင်သုံးဓားရှိသည်။
မီးဖိုချောင်သုံး ဓားပေါ်တွင် သိသာစွာရှိနေပြီး ဝက်နဲ့ သိုးတွေကိုသတ်ပြီး ကျန်ခဲ့သောသွေးတွေလား ဒါမှမဟုတ် လူသတ်ပြီး ကျန်ခဲ့သောသွေးတွေလားဆိုတာ သူတို့မသိပေ။
ယွဲ့ရှင်းဝမ်သည် အချက်အလက်တိုင်းတာရန် ချက်ချက်း ရှေ့သို့တိုးလာသော ကောင်းရုန်ချန်ကို တစ်ချက်ကြည့်လိုက်သည်။ ကျန်းဖျင်စစ်သည် မီးဖိုချောင်တွင် ဆက်လက်ရှာဖွေခဲ့သော်လည်း အခြားလျှို့ဝှက်တံခါးများကို မတွေ့ခဲ့ရပေ။ လူတိုင်းက ပထမထပ်ရှိ ဧည့်ခန်းဆီသို့ ပြန်လာကြပြီး ကောင်းရုန်ချန် ရေးဆွဲထားသော တည်းခိုခန်း၏ ဗိသုကာလက်ရာများကို ခွဲခြမ်းစိတ်ဖြာလေ့လာကြသည်။
ဤတည်းခိုခန်း၏ ပြင်ပဖွဲ့စည်းပုံမှာ ပုံမှန်ထောင့်မှန်စတုဂံဖြစ်ပြီး အရှည် 20 မီတာ၊ အကျယ် 12 မီတာနှင့် အမြင့် 7.5 မီတာရှိသည်။
ခေတ်မီလူနေအဆောက်အဦးများ၏ အထပ်တစ်ခုစီ၏ အမြင့်သည် 2.5 မီတာမှ 3 မီတာကြားရှိသောကြောင့် ဤတည်းခိုခန်းကို လူတိုင်းပထမဆုံးမြင်သောအခါ ၎င်းမှာ သုံးထပ်အဆောက်အဦးဖြစ်သည်ဟု မသိစိတ်မှ ထင်မြင်ခဲ့ကြသည်—— အဘယ်ကြောင့်ဆိုသော် လက်တွေ့မှာ လူတိုင်းမြင်ဖူးသော သုံးထပ်အဆောက်အဦးနှင့် အတူတူပဲဖြစ်သည်။
တည်းခိုခန်းထဲကို လှမ်းကြည့်လိုက်တော့ အထပ်နှစ်ထပ်သာရှိပြီး အမြင့်မှာ အလွန်ကျယ်ဝန်းသော မျက်နှာကျက်မြင့်ဗီလာ၏ ဧည့်ခန်းအမြင့်ကဲ့သို့ပင် 3 မီတာကျော်ရှိမည်ဟု ခန့်မှန်းရသည်။
ယခု ပုံများကို ဂရုတစိုက် နှိုင်းယှဉ်ကြည့်ပြီးနောက် ကျန်းဖျင်စစ်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း လျင်မြန်စွာ တွေ့ရှိခဲ့သည်။
"အဆောက်အဦးရဲ့ အပြင်ပိုင်းအတိုင်းအတာ စုစုပေါင်းအမြင့်က 7.5 မီတာ ရှိတယ်… ဒါပေမယ့် အတွင်းပိုင်း အတိုင်းအတာရဲ့ ရလဒ်ကတော့ ပထမထပ်ရဲ့ဧည့်ခန်းက အမြင့် 3.5 မီတာ ရှိပြီး၊ ဒုတိယထပ်ရဲ့ဧည့်သည်ခန်းတွေက အမြင့် 3 မီတာရှိတာကြောင့် 1 မီတာ ကွာခြားချက်ရှိတယ်…"
သူတို့၏အကြည့်တွေကို ကောင်းရုန်ချန်ထံ လှည့်လိုက်ပြီး တစ်ဖက်လူက သူ့ခေါင်းကိုကုတ်ကာ ပြောသည်။
"theodolite နဲ့ ငါတိုင်းတာတဲ့အချက်အလက်တွေက လုံးဝမှားမှာမဟုတ်ဘူး… သစ်သားတည်ဆောက်ပုံက အထပ်နှစ်ထပ်ကြားကိုသုံးထားပြီး ကြမ်းပြင်ရဲ့အထူက 1 မီတာ မဖြစ်နိုင်ဘူး…"
သူက ခဏလောက်စဉ်းစားပြီး သေချာစွာပြောသည်။
"ဒီလောက်ကြီးမားတဲ့ အမှားအတွက် ရှင်းပြချက်တစ်ခုပဲ ရှိတယ်… ဒီအဆောက်အဦးမှာ ငါတို့အမြင်နဲ့ မမြင်နိုင်တဲ့ ထပ်ခိုးရှိနေတယ်…"
ထပ်ခိုးလား? အပြင်ဘက် အမြင့်က 7.5 မီတာရှိပြီး အတွင်းဘက် အမြင့်က 6.5 မီတာပဲရှိတာကြောင့် အမြင့် 1 မီတာက လေထဲမှာ ပျောက်ကွယ်သွားခဲ့ပြီး ရှာဖွေတွေ့ရှိသည့် တည်းခိုခန်းအတွင်း အမြင့် 1 မီတာက လျှို့ဝှက်နေရာတစ်ခုရှိကြောင်း ညွှန်ပြနေခဲ့သည်။
ကျန်းဖျင်စစ်၏ အကြုံပြုချက်က အမှန်တကယ် ထိရောက်မှုရှိပြီး ခြားနားချက်ကို အလိုလိုမြင်နိုင်သည်။
ယွဲ့ရှင်းဝမ်: "အမြင့်ကွာခြားချက်က 1 မီတာရှိတာကြောင့် ထပ်ခိုးတစ်ခုရှိနိုင်တယ်… အလျားနဲ့ အနံ ကိုက်ညီမှုရှိ၊မရှိ ဆက်ကြည့်ရအောင်…"
ကောင်းရုန်ချန်က အလျင်အမြန် တွက်ချက်ပြီး ပြောလေသည်။
"တည်းခိုခန်းရဲ့ စုစုပေါင်းအရှည်က မီတာ 20 ရှိတယ်… ပထမထပ်က ခန်းမ၊ လျှို့ဝှက်အခန်းနဲ့ မီးဖိုချောင်အားလုံးအပါအဝင် မီတာ 20 ရှည်တယ်… ဒုတိယထပ်က တစ်ဖက်စီမှာ အခန်း 4 ခန်းရှိပြီး အခန်းတစ်ခုစီက အရှေ့မှအနောက်ကို 4 မီတာ၊ မြောက်မှတောင်ကို 5 မီတာ၊ လှေကားနေရာနဲ့ စင်္ကြံတွေအပါအဝင် ဒုတိယထပ်ရဲ့ စုစုပေါင်းအရှည်က 18 မီတာရှိပြီး စုစုပေါင်းအကျယ်က 12 မီတာဖြစ်တယ်… အကျယ်က ကိုက်ညီပေမယ့် အရှည်က 2 မီတာ ပျောက်သွားတယ်…"
ကျန်းဖျင်စစ်က သူဆွဲထားသော ပုံကြမ်းကို သေချာကြည့်လိုက်သည်။
ဒုတိယထပ်ရှိ စင်္ကြံသည် အခန်းများကြားတွင် တည်ရှိနေသောကြောင့် ပြတင်းပေါက်များ မရှိသည့်အပြင် အပြင်ကို မမြင်ရပေ။ လူတစ်ဦးသည် နှိုင်းယှဉ်ရန် အကိုးအကားမရှိသော အလုံပိတ်နေရာသို့ လျှောက်သွားသောအခါ စင်္ကြံ၏အဆုံးသို့ ရောက်သောအခါ အဆုံးကိုရောက်ပြီဟု မသိစိတ်မှထင်မှတ်ကာ အရှည်၏ကွာခြားကို သတိမထားမိဘဲ ဒုတိယထပ်နှင့် တည်းခိုခန်းအပြင်ဘက်ရှိ အရှည်အတိုင်းအတာက 2 မီတာ ကွာခြားနေသည်။
ဒုတိယထပ်၏ ပျောက်ဆုံးနေသောအရှည်က သူတို့ရှာမတွေ့သေးသော လျှို့ဝှက်ခန်းတစ်ခု ရှိနေခြင်းကြောင့် ဖြစ်သည်။
ကျန်းဖျင်စစ်: "အဲဒါကိုရှာဖို့ ဒုတိယထပ်ရဲ့ အတွင်းဆုံးအခန်းကို သွားမယ်…"
အားလုံးက အပေါ်ထပ်ကို မြန်မြန်တက်သွားကြသည်။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က ရှေ့ကနေ လျှောက်သွားကြပြီး စင်္ကြံအဆုံးရှိ အခန်း 1 နှင့် 2 ဆီသို့ အဖွဲ့ကို ဦးဆောင်ခဲ့သည်။ နံရံကို ခဏတာ ခေါက်ကြည့်ပြီးနောက် ရုတ်တရက် သူတို့နှစ်ယောက်၏ စကားသံကို လူတိုင်းက တစ်ချိန်တည်း ကြားလိုက်ရသည်။
"တွေ့ပြီ…"
ယွဲ့ရှင်းဝမ်က မေးလေသည်။
"ကုတင်နောက်မှာလား?"
ကျန်းဖျင်စစ်၏အသံက တစ်ဖက်မှထွက်လာသည်။
"ဟုတ်တယ်… ဝင်ကြည့်လိုက်…"
လျှို့ဝှက်ခန်းတံခါးကို နံရံနှင့် ကပ်လျက် သစ်သားကုတင်ဖြင့် ပိတ်ဆို့ထားသည်။
သစ်သားကုတင်ကို ကုတင်တိုင်များဖြင့် ဝန်းရံထားသောကြောင့် မျက်စိဖြင့်ကြည့်လျှင် ပုံမှန်မဟုတ်တာကို မတွေ့ရပေ။ ယွဲ့ရှင်းဝမ်သည် လျှိုကျောက်ချင်းနှင့် ခယ်ရှောင်ပင်းအား သစ်သားကုတင်ကို အတူတူရွှေ့ခိုင်းခဲ့သည်။ သူသည် ဆန့်ကျင်ဘက်အခန်းသို့ လျှောက်သွားသောအခါ ကျန်းဖျင်စစ်သည် တူညီသောအနေအထားတွင် တံခါးတစ်ခုကို တွေ့ရှိခဲ့သည်။
နှစ်ယောက်သား ကုတင်ကို တွန်းဖယ်လိုက်ကြသည်။ နံရံပေါ်ရှိ ကျောက်အုတ်များသည် အခေါင်းပေါက်ဖြစ်၍ ခေါက်လိုက်သောအခါ ‘ဒေါက် ဒေါက်’ဟု ပဲ့တင်ထပ်နေပေလိမ့်သည်။ ယွဲ့ရှင်းဝမ်သည် အုတ်ခဲ့များကို တစ်ခုပြီးတစ်ခု ယူချလိုက်ပြီး နံရံတွင် ကပ်ထားသော သံသော့ပေါက်ဖြင့် သစ်သားတံခါးကို တွေ့လိုက်သည်။
ချင်မြောင်သည် သော့အားလုံးကို တွေ့ရှိထားပြီး အမည်မသိသော့ 2 ခုသာ ရှိတော့သည်။ သူသည် ၎င်းတို့ထဲမှ တစ်ခုကို သော့ပေါက်ထဲသို့ ထည့်ရန် ကြိုးစားလိုက်ပြီး ‘ကလစ်’ဟု အသံထွက်ပေါ်လာသည်။ သံသော့ပေါက်ပွင့်သွားပြီး ယွဲ့ရှင်းဝမ်က သစ်သားတံခါးကို ဆွဲဖွင့်လိုက်သည်——
ဤသစ်သားတံခါးက အလွန်ကျဉ်းမြောင်းပြီး လူတစ်ဦးသာ ဖြတ်သွားနိုင်သည်။ ယွဲ့ရှင်းဝမ်သည် ခါးကုန်းကာ လျှောက်လာပြီး ဖုန်မှုန့်အများကြီးက သူ့မျက်နှာကိုရိုက်လာတာကြောင့် ချောင်းဆိုးစေခဲ့သည်။ ကျန်းဖျင်စစ်က သူ့နောက်ကနေ စိုးရိမ်တကြီးဖြင့် မေးသည်။
"အဆင်ပြေရဲ့လား?"
ယွဲ့ရှင်းဝမ်က အကြိမ်အနည်းငယ် ချောင်းဆိုပြီး သူ့ရှေ့က ဖုန်မှုန့်တွေကို လက်နဲ့ ဝှေ့ယမ်းပြီး ပြောလိုက်သည်။
"အဆင်ပြေတယ်… ငါ့ကို ဖယောင်းတိုင်တစ်ချောင်းပေးဦး…"
ကျန်းဖျင်စစ်က ဖယောင်းတိုင်ကို မီးညှိပြီး သူ့ဆီ ပေးလိုက်သည်။ ယွဲ့ရှင်းဝမ်သည် ဖယောင်းတိုင်ကို မြှောက်ပြီး အနီးကပ်ကြည့်လိုက်ရာ သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူကပြောလိုက်သည်။
"မင်းတို့အားလုံး လာကြည့်ကြ… ဒီမှာ နေရာတော်တော်ကျယ်တယ်…"
ကျန်းဖျင်စစ်က ပထမဆုံး ဝင်လာခဲ့ပြီး အခြားသူများက နောက်မှ လိုက်ဝင်ကာ တစ်ဖက်ခန်းရှိ လျှိုကျောက်ချင်းနှင့် အခြားသူများလည်း ထိုစကားကို ကြားသောအခါ ဝင်လာခဲ့သည်။
ယွဲ့ရှင်းဝမ်သည် လျှို့ဝှက်ခန်းအလယ်တွင် ဖယောင်းတိုင်တစ်တိုင်ကိုင်ကာ ရပ်နေပြီး 2x6 မီတာ ရှည်လျားကျဉ်းမြောင်းသော နေရာတစ်ခုဖြစ်သည်။ အခန်းလွတ်တွင် နံရံကပ်ဗီရိုတစ်ခု ပြုလုပ်ထားပြီး အမျိုးသား၊ အမျိုးသမီးဝတ်စုံများ၊ ရှေးခေတ်အဝတ်အစားများ၊ ရွှေဧကရာဇ်၏နဂါးဝတ်ရုံများ၊ ဧကရာဇ်၏ကြင်ရာတော်ဝတ်စုံများ၊ လိုက်ဖက်သောလက်ဝတ်ရတနာများ၊ ကျန်းဟူပုံစံဖြင့် အမျိုးသား၊ အမျိုးသမီး စစ်သည်တော်ဝတ်စုံများနှင့် ဓားများအပါအဝင် အရောင်အမျိုးမျိုးရှိသော အဝတ်အစားများစွာဖြင့် ပြည့်နေသည်။
လျှိုကျောက်ချင်းက အံ့အားသင့်သွားသည်။
"ဒီအိမ်ပိုင်ရှင်က အဝတ်အစားတွေ စုဆောင်းတတ်တဲ့အကျင့်ရှိတာလား? အိမ်ပိုင်ရှင်က လျှို့ဝှက်ခန်းထဲမှာ တကယ်တော့ အတ်အစားလဲခန်း ဆောက်ထားတာလား?"
အရောင်အသွေးစုံလင်ပြီး အမျိုးအစားများပါရှိကာ အဝတ်လဲခန်းနဲ့တူသည်။
ယွဲ့ရှင်းဝမ်က ချင်မြောင်ကို ပြန်ကြည့်သည်။
"မင်မင်းဆက်ရဲ့ ဧကရာဇ်အဝတ်အစားတွေက ဒီလိုမဟုတ်ဘူးမလား?"
ချင်မြောင်က ပြန်ဖြေလေသည်။
"ဒီအဝတ်အစားတွေအားလုံးက မင်မင်းဆက်က မဟုတ်ဘူး… နင်တို့မြင်နေရတဲ့ ဒီနန်းတော်အစောင့်တွေရဲ့ အဝတ်အစားအပြင် ဒီအမျိုးသမီးဝတ်စုံတွေကတော့ မင်မင်းဆက်နဲ့ သက်ဆိုင်တယ်… ဒီနဂါးဝတ်ရုံနဲ့ ကြင်ရာတော်အဝတ်အစားက ထန်မင်းဆက်နဲ့ ပိုဆင်တယ်… ဒီဓားတွေ၊ ဓားရှည်တွေနဲ့ အခြားလက်နက်တွေကတော့ ဘယ်မင်းဆက်ကလည်း ငါမပြောနိုင်ဘူး…"
ကျန်းဖျင်စစ်သည် အတွင်းအကျဆုံး ဗီရိုထဲမှ ခေါင်းပေါင်း ရုတ်တရက် ထုတ်လိုက်ပြီး
"ချင်းမင်းဆက်အဝတ်အစားတွေက ဘာလို့ အခုထိ ရှိနေသေးတာလဲ?"
အခြားမင်းဆက်များ၏အဝတ်အစားများကို သိပ္ပံကျောင်းသားတစ်ဦးအနေဖြင့် သူမပြောနိုင်သော်လည်း ချင်းမင်းဆက်၏ အမျိုးသမီးများ၊ အထူးသဖြင့် မင်းသမီးများသည် ကြီးမားသော ခေါင်းပေါင်းကို သူတို့၏ခေါင်းထက်တွင် ဝတ်ထားရပြီး အတော်လေးထူးခြားသည်။ ချင်းမင်းဆက်၏ ယောင်္ကျားလေးများသည် ခေါင်းပေါင်းများနှင့် ကျစ်ဆံမြှီးအရှည်များဖြင့် အခြားမင်းဆက်များနှင့် လုံးဝကွဲပြားသည်။
ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်ရှိရာသို့ လျှောက်သွားပြီး သူ့အရှေ့ရှိ ဗီရိုထဲမှ ခေါင်းပေါင်းကို ဆွဲထုတ်လိုက်ရာ ကျစ်ဆံမြှီးအရှည်ပါ လိုက်ပါလာသည်။ ယွဲ့ရှင်ဝမ်က ကျန်းဖျင်စစ်ကို ကြည့်လိုက်သည်။
"ပြီးတော့ ဆံပင်အတုလား?"
ချင်းမင်းဆက်ရှိ အမျိုးသားများ၏ ကျစ်ဆံမြှီးအရှည်ဆိုတာ ပြောစရာတောင် မလိုတော့ပေ။
အားလုံးက အနည်းငယ် ရှုပ်ထွေးသွားပြီး ခယ်ရှောင်ပင်းက ပို၍ပင် Question mark များဖြင့် ပြည့်နေသည်။
"ဒီတည်းခိုခန်းပိုင်ရှင်က အဝတ်အစားတွေ စုဆောင်းတယ်ဆိုရင် သူက ဘယ်လိုလုပ် ချင်းမင်းဆက်ရဲ့ အဝတ်အစားတွေကို စုဆောင်းနိုင်တာလဲ? ဒီဗိသုကာပုံစံက မင်မင်းဆက်ကလို့ ချင်မြောင် ပြောခဲ့တယ်မဟုတ်ဘူးလား…"
ယွဲ့ရှင်းဝမ်က ခွဲခြမ်းစိတ်ဖြာသည်။
"ဖြစ်နိုင်ခြေ နှစ်ခုရှိတယ်… ပထမတစ်ခုက ဒီအဆောက်အဦးဟာ မင်မင်းဆက်က ကျန်နေခဲ့တာပဲ… ငါတို့ အခု ရောက်နေတဲ့ခေတ်က တကယ်တော့ ချင်းမင်းဆက်ပဲ… တည်းခိုခန်းပိုင်ရှင်ကလည်း ချင်းမင်းဆက်ကဖြစ်ပြီး ခေတ်အမျိုးမျိုးက ရှေးဟောင်းအဝတ်အစားတွေ စုဆောင်းရတာကို နှစ်သက်တယ်…"
သူက လူတိုင်းကို ပြန်ကြည့်ကာ
"မနေ့ညက မင်းတို့အိမ်မက်တွေထဲမှာ ယောင်္ကျားတွေကို မြင်ခဲ့လား? သူတို့က ကျစ်ဆံမြှီးနဲ့လား?"
လျှိုကျောက်ချင်းက ချက်ချင်း ပြန်ဖြေသည်။
"ငါ့အိမ်မက်ထဲက သမားတော်ကတော့ ကျစ်ဆံမြှီးမရှိဘူး… သူ့ဆံပင်ရှည်ကို ခေါင်းအနောက်ဘက်မှာ အသာလေး စည်းထားပြီးတော့ ရှေးခေတ်ဇာတ်လမ်းတွေမှာ တွေ့ရတတ်တဲ့ ဆံပင်ပုံစံမျိုးပဲ…"
ယွဲ့ရှင်းဝမ်က ခိုင်မာစွာ ပြောသည်။
"ဒါဆို ဒါက ချင်းမင်းဆက်မဟုတ်ဘူး… ဒါပေမယ့် ဒုတိယဖြစ်နိုင်ခြေ…"
သူက သူ့အဖွဲ့ဝင်တွေကို ပြန်ကြည့်ကာ
"ရှေးခေတ်ဝတ်စုံတွေနဲ့ ဓာတ်ပုံရိုက်ဖို့ အထူးပြုလုပ်ထားတဲ့ ဓာတ်ပုံစတူဒီယိုကို မင်းတို့ရောက်ဖူးလား?"
ဒါကို လူတိုင်းကြားသောအခါ ချက်ချင်းပင် ထိတ်လန့်သွားကြသည်။
မင်းဆက်အမျိုးမျိုး၏ ဝတ်စားဆင်ယင်မှုရှိသောနေရာဟာ ဓာတ်ပုံစတူဒီယိုတစ်ခုနဲ့ အတော်တူသည်။ အကယ်၍ သူတို့သည် မင်မင်းဆက်တွင် ရောက်နေမည်ဆိုလျှင် မင်မင်းဆက်၏ တည်းခိုခန်းပိုင်ရှင်သည် နှစ်ပေါင်းတစ်ရာအတွင်း ချင်းမင်းဆက်၏ ဝတ်စားဆင်ယင်မှုကို စုဆောင်းရန် နေနေသာသာ ချင်းစစ်တပ်က ဓလေ့ထုံးတမ်းများထဲသို့ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ ဒီနေရာက ချင်းမင်းဆက်ဆိုရင် အိမ်မက်ထဲက ဇာတ်ကောင်တွေ၏ ဝတ်စားဆင်ယင်မှုနဲ့ လုံးဝကိုက်ညီမှုမရှိပေ။ မင်မင်းဆက်ပုံစံ အဆောက်အဦးများနှင့် ပရိဘောဂများသည် မင်မင်းဆက်မတိုင်မီ ထန်မင်းဆက်နှင့် စုန့်မင်းဆက်များလည်း ဖြစ်နိုင်ခြေနည်းပါးသည်။
ထို့ကြောင့် သူတို့က ရှေးခေတ်ကို အမှန်တကယ် ခရီးမသွားခဲ့ကြဘဲ ယနေ့ခေတ်တွင်သာ ရှိနေခဲ့ကြသည်။
တည်းခိုခန်းပိုင်ရှင်က နေရာကို မင်မင်းဆက်ပုံစံ အဆောက်အဦးတစ်ခုအဖြစ် တည်ဆောက်ခဲ့သော်လည်း လျှို့ဝှက်ခန်းရှိ အဝတ်အစားများကြောင့် လျှို့ဝှက်ချက်က ပေါက်ကြားသွားသည်။
ခယ်ရှောင်ပင်းက နားမလည်သေးဘဲ ခေါင်းကုတ်လိုက်သည်။
"ဒါက ခေတ်ဘက်ဓာတ်ပုံစတူဒီယိုဆိုရင်၊ ခလုတ်တွေ၊ မီးသီးတွေ၊ ပလတ်ပေါက်တွေနဲ့ အင်တာနက်ကြိုးတွေမပါဘဲ သူတို့ ဘယ်လိုအလုပ်လုပ်မှာလဲ? ရှေးဟောင်းနေရာမှာ ဓာတ်ပုံရိုက်မယ်ဆိုရင်တောင် ခေတ်မီပစ္စည်းသဲလွန်စတွေတော့ ချန်ထားခဲ့သင့်တယ်မလား?"
ယွဲ့ရှင်းဝမ်: "ဆန့်ကျင်ဘက်က လျှို့ဝှက်ခန်းကို သွားမယ်…"
အခန်း 1 သို့ လူတိုင်းရောက်သောအခါ လျှိုကျောက်ချင်းက ကုတင်နောက်ရှိ အုတ်ခဲများကို ဖယ်လိုက်ပြီး ယွဲ့ရှင်းဝမ်က ကျန်ရှိသော သော့ 1 ခုဖြင့် တံခါးကိုဖွင့်ကာ ဖယောင်းတိုင်ကိုယူပြီး အရင်ဆုံး လျှောက်သွားပြီးနောက် ကျန်းဖျင်စစ်က နောက်မှလိုက်လာခဲ့သည်။
နှစ်ယောက်သား အခန်းထဲဝင်သွားပြီးနောက် သူတို့တွေ ရုတ်တရက် တိတ်ဆိတ်သွားကြသည်။
မွန်းကျပ်စေသော တိတ်ဆိတ်မှုက အဖွဲ့ဝင်များကို အနည်းငယ် စိတ်ပူစေခဲ့သည်။ ကောင်းရှောင်ရှင်းက မနေနိုင်ဘဲ တုန်ယင်သောအသံဖြင့် ပြောလာသည်။
"ဘာ—ဘာလို့ သူတို့တွေ စကားမပြောတာလဲ? လျှို့ဝှက်ခန်းထဲမှာ ကြောက်စရာကောင်းတဲ့ အရာတစ်ခု တွေ့လို့လား?"
ကျန်းဖျင်စစ်က အသံအောအောဖြင့် ပြောလိုက်သည်။
"ဝင်ပြီး ကိုယ်တိုင်လာကြည့်လိုက်…"
သူက လမ်းဖယ်ပေးလိုက်ကာ အခြားကျောင်းသားတွေက တန်းစီပြီး ဝင်လာကြသည်။ လျှိုကျောက်ချင်းက ဝင်လာသည်နှင့် တစ်ပြိုင်နက် ‘Fuck’ဟု ဆဲလိုက်ပြီး ခယ်ရှောင်ပင်း အနောက်ကနေ တိုတိုတုတ်တုတ် ပြောလာသည်။ “အာ… ဒါကြီးက?"
ချင်မြောင်နှင့် ချင်လုကတော့ ဝင်လာပြီးနောက် ဘာမှမပြောကြပေ။ ကောင်းရှောင်ရှင်းက ပို၍စဉ်းစားမရဖြစ်လာပြီး ရင်တထိတ်ထိတ်ဖြင့် ဝင်သွားပြီးနောက် သူမ၏တစ်ကိုယ်လုံး ရေခဲတိုက်ထဲ ရောက်သွားသလို ရုပ်တုတစ်ခုလို ချက်ချင်း တောင့်ခဲသွားသည်။
2x6 မီတာ ရှည်လျားကျဉ်းမြောင်းသော လျှို့ဝှက်ခန်းတွင် ဘေးချင်းကပ်လျက် သစ်သားထိုင်ခုံ 7 လုံးရှိပြီး အလယ်မှာ ဗလာဖြစ်နေကာ ထိုင်ခုံ 6 လုံးမှာ လူ 6 ယောက် ထိုင်နေကြသည်။
မဟုတ်ပါ၊ အရိုးတွေသာကျန်တော့တဲ့အထိ ဆွေးမြေ့သွားသော အလောင်း 6 လောင်းပဲဖြစ်သည်။
အဖြူရောင်အရိုးစုတွေကို အနီရောင်တောက်တောက် မင်္ဂလာဝတ်စုံတွေ ဝတ်ဆင်ထားပေးပြီး သူတို့၏ခါးကို အနီရောင်ဖဲကြိုးဖြင့် ထိုင်ခုံနဲ့ တွဲချည်ထားသည်။
ဒီထူးဆန်းသော မြင်ကွင်းက လူတိုင်း၏ဦးရေပြားကို ထုံကျင်သွားစေသည်။ ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်သွားပြီး သူ့ရှေ့က အရိုးစုသတို့သမီးကို ကြည့်ကာ အသံတိုးတိုးဖြင့် ပြောသည်။
"ဒါက တည်းခိုခန်းပိုင်ရှင်ရဲ့ သိုလှောင်ခန်းဖြစ်ရမယ်… အလောင်းတွေကို ဖုံးကွယ်ဖို့အတွက် အထူးအသုံးပြုတာ…"
#TK