Chapter 50
Viewers 4k

Volume 3 : သင်္ချာဌာန


Chapter 50 (သေခြင်းကုဒ် ၁၀)


ဒုတိယနေ့ ညဘက်ရောက်တော့ ထမင်းစားခန်းထဲမှာ အားလုံးက ဖယောင်းတိုင်တွေ ထွန်းကြသည်။


မနေ့ညက အိမ်မက်ထဲက ဇာတ်လမ်းကို တွေးရင်း ယွဲ့ရှင်းဝမ်သည် အတန်းဖော်များကို ကြည့်လိုက်၏။

"ဒီညမှာ အခန်းတွေကို ပြန်သတ်မှတ်ပြီး လူ 8 ယောက်က အခန်း 8 ခန်းတိတိမှာ နေရမယ်… အိမ်မက်တွေ ထပ်ပြီးပေါ်လာရင် လူတိုင်းက ဂရုတစိုက် စောင့်ကြည့်ပြီး အိမ်မက်ထဲက သဲလွန်စတွေကို စုဆောင်းရမယ်…"


မနေ့ညက လော့ကျားကျားနှင့် လုခိုင်တို့ကြောင့် သူတို့သည် အိမ်မက်တစ်ခုကို လွတ်သွားပြီး အိမ်မက်သဲလွန်စတွေက မပြီးသေးသလို သူတို့တွေခံစားရသည်။ ယွဲ့ရှင်းဝမ်သည် အိမ်မက်၏ သဲလွန်စများ ထပ်ခါထပ်ခါ ပေါ်လာမည်ဟု မှန်းဆကာ လော့ကျားကျား နေထိုင်သည့် အခန်းကို ရွေးချယ်ရန် အစပြုခဲ့သည်။

"ဒီည ငါ အခန်း 8 မှာ နေမယ်…"


ကောင်းရှောင်ရှင်းက လျင်မြန်စွာ ပြောလာသည်။

"ငါ အခန်း 6 မှာပဲ ဆက်နေလို့ရမလား?"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြပြီး ကောင်းရုန်ချန်ကို ကြည့်ကာ

"ငါတို့မှာ လူအလုံအလောက်မရှိဘူး၊ မင်းတို့နှစ်ယောက်က သဲလွန်စတွေစုဆောင်းဖို့ တစ်ခန်းစီနေတာ ပိုကောင်းတယ်… အဆင်ပြေလား?"


ကောင်းရုန်ချန်က ရိုးရှင်းစွာ ပြောသည်။

"ကိစ္စမရှိပါဘူး… ရှောင်ရှင်းရဲ့ဘေးခန်းက အခန်း 4 မှာ ငါနေလိုက်မယ်…"


ကျန်းဖျင်စစ်: "မင်းတို့အရင်ရွေးကြ…"


လျှိုကျောက်ချင်းနှင့် ခယ်ရှောင်ပင်းတို့က အခန်း 5 နှင့် 7 ကို အသီးသီးရွေးချယ်ခဲ့ကြပြီး ချင်မြောင်နှင့် ချင်လုတို့က အခန်း 2 နှင့် 3 ကို ရွေးချယ်ခဲ့ကာ အခန်း 1 သာ ကျန်ရှိတော့သည်။


အားလုံးက ကျန်းဖျင်စစ်ကို တညီတညွတ်တည်း ကြည့်လာကြသည်။


ကျန်းဖျင်စစ်၏လေသံက လေးတွဲနေသည်။

"ငါ အခန်း 1 မှာ နေလိုက်မယ်…"


အခန်း 1 က မင်္ဂလာအခန်းဖြစ်ပြီး အငွေ့အသက် အလွန်ထူးဆန်းကာ ယနေ့မှာတော့ ကုတင်ဘေးမှာ သိုလှောင်ခန်းတစ်ခုကို တွေ့ခဲ့သည်။ ထိုအထဲမှာ အလောင်း 6 လောင်းကို သပ်သပ်ရပ်ရပ် ထားရှိထားသည်။ သူတို့သည် အလောင်းများနှင့် တကယ်ကို တစ်ခန်းတည်းမနေချင်ပေ။


ကျန်းဖျင်စစ်သည် ထူးခြားခြင်းမရှိဘဲ အလောင်းနှင့် တစ်ခန်းတည်း အိပ်ရမှာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ခြင်းမရှိပေ။ 


ယွဲ့ရှင်းဝမ်သည် ရောက်လာပြီး တိုးတိုးပြောလိုက်သည်။

"မင်းပိုပြီးသတိထားရမယ်နော်… နေ့ခင်းဘက်မှာ သိုလှောင်ခန်းကို ငါတို့ဖွင့်ပြီး လူသေတွေကို နှောင့်ယှက်ထားတာ… အခန်း 1 က အန္တရာယ်အရှိဆုံးဖြစ်နိုင်တယ်…"


ကျန်းဖျင်စစ်: "အင်း… စိတ်မပူပါနဲ့… ငါဂရုစိုက်လိုက်မယ်…"


ယွဲ့ရှင်းဝမ်က ပြုံးပြပြီး နှစ်သိမ့်မှုကိုပြသရန် သူ့ပခုံးကို ပုတ်လိုက်ပြီး တစ်ဖက်ကိုလှည့်ကာ အားလုံးကို ပြောလိုက်သည်။

"မနေ့ညကလို တစ္ဆေသတို့သမီးတွေရဲ့ တိုက်ခိုက်မှုကို ကြုံတွေ့ရတဲ့အခါ အမြန်ဆုံးအပြင်ထွက်ပြီး ချင်လုရဲ့အခန်းမှာ စုဝေးပြီးတော့ ချင်လုရဲ့ကျောက်ထုလွှာလှုပ်ရှားမှုက အားလုံးကို လွတ်မြောက်အောင် ခေါ်သွားလိမ့်မယ်…"


ယွဲ့ရှင်းဝမ်၏ ဦးဆောင်မှုအောက်တွင် အားလုံးက အပေါ်ထပ်သို့တက်က။ အခန်းထဲကို လူခွဲပြီး ဝင်သွားကြသည်။


ယွဲ့ရှင်းဝမ်သည် အခန်း 8 ထဲသို့ ဝင်လာပြီး သစ်သားကုတင်ပေါ်တွင် အိပ်လိုက်သည်။ မှိန်းခနဲ အိပ်ပျော်သွားပြီးနောက်တွင် သူသည် နောက်ထပ်အိမ်မက်တစ်ခု မက်ခဲ့သည်။


အိမ်မက်ထဲမှာ အေးစက်သော ဆောင်းရာသီရောက်နေပြီး ကောင်းကင်ကနေ နှင်းတွေ သည်းထန်စွာ တဖွေးဖွေးကျဆင်းနေခဲ့သည်။ အသက် 8 နှစ်အရွယ် ကလေးမလေးတစ်ယောက်က ပန်းကန်လုံးအကွဲဖြင့် တောင်းစားနေသည်။ သူမသည် နှင်းထဲတွင် လဲကျသွားပြီး လမ်းသွားလမ်းလာများ၏ အရိုက်ခံရသည်။ သူမသေဆုံးတော့မည်အချိန်တွင် ခန့်ညားသောအဝတ်အစားများ ဝတ်ဆင်ထားသည့် အထက်တန်းစား အမျိုးသားတစ်ယောက်က သူမကို ကယ်တင်ပြီး ရထားလုံးပေါ်သို့ ခေါ်သွားခဲ့သည်။


ရထားလုံးသည် တစ်လမ်းလုံးသွားနေခဲ့ပြီး နောက်ဆုံးတွင် ‘ကျောက်အိမ်တော်’ဟူသော ကမ္ပည်းပြားဖြင့် ခမ်းနားထည်ဝါသော ဝင်ပေါက်တစ်ခုရှေ့တွင် ရပ်သွားသည်။


ကလေးမလေးသည် ကျောက်အိမ်တော်သို့ရောက်ပြီးနောက် ရေချိုးပြီး သန့်ရှင်းသော အပန်းရောင်ဝတ်စုံကို ဝတ်ဆင်လိုက်သည်။ သခင်လေးကျောက်က ပြုံးကာ ပြောလိုက်သည်။

"အခုကစပြီး မင်းကို ရှောင်ရုန်းလို့ ခေါ်ပြီးတော့ ငါ့အိမ်မှာ နေရမယ်… ဒီဘဝမှာ မင်းဘာမှပူပန်စရာမလိုတော့ဘူး…"


ယွဲ့ရှင်းဝမ်က အိမ်မက်မှ နိုးလာသည်။


သူထထိုင်လိုက်သည်နှင့် ကုတင်ဘေးတွင် မတ်တတ်ရပ်ပြီး သူ့ကိုကြည့်နေသော တစ္ဆေအမျိုးသမီးကို တွေ့လိုက်ရသည်။ လရောင်က အခန်းထဲသို့ ပြတင်းပေါက်မှတစ်ဆင့် ကျရောက်နေပြီး တစ္ဆေအမျိုးသမီးက လရောင်ကို ကွယ်ထားတာကြောင့် သူမက ပို၍ဖြူဖျော့နေပြီး သူမ၏နှုတ်ခမ်းက လူသွေးကို ဆိုးထားသကဲ့သို့ နီရဲနေသည်။


ယွဲ့ရှင်းဝမ်၏ နှလုံးခုန်သံက ရပ်လုမတတ်ဖြစ်သွားသည်။


တစ္ဆေအစ်မရယ်၊ မင်းငါ့ကို ဒီလိုတိတ်တိတ်လေး ကြည့်နေတာက ကြောက်စရာကောင်းလိုက်တာ! စိတ်အားနည်းတဲ့ကျောင်းသားတွေဆိုရင် အကြောက်လွန်ပြီး ရူးသွားနိုင်တယ်!


ယွဲ့ရှင်းဝမ်က တံခါးဆီသို့ ပြေးသွားပြီး အော်လိုက်သည်။

"အားလုံးမြန်မြန်စုကြ!"


အခြားအခန်းက အတန်းဖော်တွေလည်း တစ္ဆေတွေကိုကြောက်လန့်ပြီး တစ်ယောက်ပြီး တစ်ယောက် ပြေးထွက်လာကြသည်။ သူတို့၏မျက်နှာက ပိုဆိုးရွားလာပြီး ကျန်းဖျင်စစ်တစ်ယောက်တည်းသာ တည်ငြိမ်နေကာ သူ၏အခန်း 1 က အလုံခြုံဆုံးဖြစ်မယ်လို့ မမျှော်လင့်ထားပေ။ 


ချင်လုသည် ကမ္ဘာလုံးကို ချက်ချင်းထုတ်ပြီး ကျောက်ထုလွှာများကို သုံးကြိမ်ဆက်တိုက်ရွှေ့ကာ လူတိုင်းကို တောအုပ်အပြင်သို့ အမြန်ပြောင်းလိုက်သည်။


ယွဲ့ရှင်းဝမ်သည် နောက်ပြန်လှည့်ကြည့်လိုက်တော့ တစ္ဆေအမျိုးသမီး 7 ယောက်က တစ်ခုခုကို ကြောက်နေသလိုမျိုး တောအုပ်အနားမှာသာ ရပ်နေကာ ဆက်မလိုက်တော့ပေ။ မနေ့ညကလည်း သူတို့သည် ရှေ့သို့ ခြေတစ်လှမ်းမလှမ်းဘဲ တောအစပ်မှာသာ ရပ်ခဲ့သည်။


ယွဲ့ရှင်းဝမ်က သူတို့ကို သေသေချာချာကြည့်ကာ သံသယဖြင့် မေးသည်။

"သူတို့မလာတော့ဘူး… သူတို့က တစ်စုံတစ်ခုကို ကြောက်နေတာမလား?"


ကျန်းဖျင်စစ်က ခန့်မှန်းလေသည်။

"စူးဝမ်ရှင်းကို ကြောက်လို့လား?"


ယွဲ့ရှင်းဝမ်သည် ပတ်ပတ်လည်ကို ကြည့်ကာ နေ့ခင်းဘက်ဆွဲထားသော စာမေးပွဲခန်းမြေပုံကို ထုတ်ယူပြီး ဂရုတစိုက်ကြည့်ပြီးနောက် အကွာအဝေးကို ခဏလောက်ကြည့်လိုက်သည်။

"ဒီဘက်ကနေ ကြည့်လိုက်ရင် စူးဝမ်ရှင်းရဲ့အုတ်ဂူက ဒီတည့်တည့်မှာ ရှိနေတာပဲ… စူးဝမ်ရှင်းရဲ့ ယစ်ပူဇော်မှုအဖြစ် သူတို့ရွေးချယ်ခံခဲ့ရတာကြောင့် စူးဝမ်ရှင်းကို ကြောက်နေတာလား? စူးဝမ်ရှင်းက စာမေးပွဲခန်းတစ်ခုလုံးရဲ့ boss ဖြစ်ပြီး ဒီတစ္ဆေအမျိုးသမီး 7 ယောက်က အသေးအမွှားတွေလား?"


ဒီရှင်းပြချက်က အဓိပ္ပါယ်ရှိပြီး ဒီတစ္ဆေအမျိုးသမီး 7 ယောက်သည် တောအုပ်အနားသို့ ရောက်သည်နှင့် တစ်ပြိုင်နက် လိုက်မဖမ်းတော့ဘဲ ပိုအားကောင်းသည့်အရာက သူတို့ကို ဟန့်တားလိုက်ပုံရသည်။ တောအုပ်ထဲတွင် သူတို့သည် လေထဲ၌ ပျံဝဲပြီး လူတိုင်းဆီကို တစ်ခဏချင်း ရောက်လာနိုင်ကာ သူတို့၏တိုက်ခိုက်ရေးနည်းများသည်လည်း အလွန်ပြင်းထန်၏။ သို့သော် သူတို့တွေ တောအုပ်ထဲက ထွက်ပြီးတာနဲ့ စူးဝမ်ရှင်း၏အုတ်ဂူကြောင့် ခြေတစ်လှမ်းတောင် မလှမ်းရဲတော့ပေ။


ယွဲ့ရှင်းဝမ်က ဒါကို နားလည်သွားပြီး မီးသင့်ကျောက်ကို ထုတ်ယူ၍ မီးပုံတစ်ခုလုပ်ရန် သစ်ကိုင်းခြောက်တချို့ကို ရှာဖွေကာ မီးပုံပတ်ပတ်လည်တွင် လူတိုင်းကို ထိုင်စေပြီး ပြောသည်။

"အိမ်မက်သဲလွန်စတွေကို ရှင်းရအောင်… အခန်း 8 မှာ ငါမက်ခဲ့တာက ကလေးမလေးတစ်ယောက်ကို သခင်လေးကျောက်က ကယ်တင်ပြီး ကျောက်အိမ်တော်ကို ခေါ်သွားပြီးတော့ သန့်ရှင်းတဲ့ အပန်းရောင်အဝတ်အစားတွေပေးပြီး ရှောင်ရုန်းလို့ အမည်ပေးလိုက်တယ်… သူမက အပန်းရောင်အဝတ်အစားတွေကို ဝတ်ရတာနှစ်သက်ပြီး မနေ့ညက ရှောင်ခယ်ပြောခဲ့တဲ့ အရုပ်ချုပ်နေတဲ့ အပန်းရောင်ဝတ်စုံနဲ့ အမျိုးသမီးဖြစ်လိမ့်မယ်…"


အခန်း 6 မှ ကောင်းရှောင်ရှင်း: "ငါမက်ခဲ့တာက သတို့သမီးကို သဂြိုဟ်ပြီးတဲ့အခါ တစ်စုံတစ်ယောက်က သူမရဲ့အုတ်ဂူဆီ လာပြီး ဂန္ဓာပန်းစည်းအကြီးကြီးကို ချထားပေးခဲ့တယ်… အဲဒီလူက သမားတော်ဖြစ်ပြီး ဆေးခြင်းတောင်းကို သယ်ထားပြီးတော့ အုတ်ဂူရှေ့မှာ ဝမ်းနည်းစွာ ငိုကြွေးနေခဲ့တယ်…"


အခန်း 4 မှ ကောင်းရုန်ချန်: "ငါ့အိမ်မက်က အောင်သွယ်တော်တစ်ယောက်က လက်ထပ်ထိမ်းမြားဖို့ နားဖောက်တာဖြစ်ပြီး မနေ့ညက အတန်းဖော်ချင်လုရဲ့ အိမ်မက်နဲ့အတူတူပဲ…"


အခန်း 2 မှ ချင်မြောင်: "ငါ့အိမ်မက်က မနေ့ညကနဲ့ အတူတူပဲ…"


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ကြည့်လိုက်ကာ တစ်ဖက်လူက အသံတိုးတိုးဖြင့် ပြောသည်။

"ငါမက်ခဲ့တာက မင်္ဂလာဆောင်တစ်ခုဖြစ်ပြီး မနေ့ညက မင်းအိမ်မက်နဲ့ အတူတူပဲ… အရုပ်ပေါ်မှာ စာလုံးတွေရှိပေမယ့် ဖတ်လို့မရဘူး…"


လျှိုကျောက်ချင်း: "ငါက သဲလွန်စအသစ်တစ်ခုကို အိမ်မက်မက်ခဲ့တယ်… သခင်မလေးစူးက လက်ထပ်တော့မယ့်အချိန်မှာ သူမညီမကိုဖက်ပြီး ငိုနေခဲ့တယ်… သခင်မလေးစူးက သူမညီမကို ‘ရပါတယ်… ဒီအစ်မက လက်ထပ်ရုံလေးပါ၊ နောက်မှ ညီမကိုတွေ့ဖို့ ပြန်လာခဲ့မယ်’ဆိုပြီး နှစ်သိမ့်ပေးခဲ့တယ်… ပြီးတော့ သူမညီမက ‘ဒီတစ်ခါ အစ်မပြန်မလာနိုင်မှာကိုပဲ စိုးရိမ်မိတယ်’လို့ ပြန်ပြောခဲ့တယ်… ဒါ့အပြင် စူးမိသားစုက သခင်မလေးစူး လက်ထပ်မယ့်နေရာကို လိုက်ပါပေးဖို့အတွက် ချွမ်းလန်၊ ချွမ်းယွီဆိုတဲ့ အစေခံနှစ်ယောက်ကို ထည့်ပေးလိုက်တယ်…"


လျှိုကျောက်ချင်းက ခဏရပ်ကာ ဆက်ပြောသည်။

"ဒါနဲ့ လက်ထပ်မယ့် သခင်မလေးစူးက ဓာတ်ပုံထဲက စူးဝမ်ရှင်းနဲ့ တစ်ပုံစံတည်းပဲ… ဒီတော့ ရှင်းဝမ်ရဲ့ ကျိုးကြောင်းဆင်ခြင်မှုက မှန်တယ်—— အိမ်မက်ကမ္ဘာက စူးဝမ်ရှင်းရဲ့အတွေ့အကြုံကို အခြေခံပြီး ရှေးခေတ်ပုံစံနဲ့ရေးထားတဲ့ ဇာတ်ညွှန်းပဲ…"


ခယ်ရှောင်ပင်း: "ငါက အပြာရောင်အဝတ်အစားနဲ့ ဆံပင်ကိုထုံးထားတဲ့ သတ်လတ်ပိုင်းအမျိုးသမီးတစ်ဉီးကို အိမ်မက်မက်ခဲ့ပြီး သူမကို သခင်မလေးစူးက ကိုယ်လုပ်တော်ချန်(ဖခင်ဖြစ်သူ၏ ကိုယ်လုပ်တော်)လို့ ခေါ်ခဲ့တယ်… သူမက သခင်မလေးစူးရဲ့ ကံဇာတာကို ပြောပြဖို့ ဗေဒင်ဆရာဆီသွားခဲ့ပြီး အမျိုးသားဇာတ်ဆောင်နဲ့ အမျိုးသမီးဇာတ်ဆောင်တို့ရဲ့ မွေးသက္ကရာဇ်တွေကို တွက်ချက်ခိုင်းခဲ့တယ်… သခင်မလေးစူးရဲ့ မွေးနေ့က 7 လပိုင်း 7 ရက်နေ့ ဖြစ်နေတယ်…"


လူတိုင်းသည် ခဏတာ တိတ်ဆိတ်သွားကာ အားလုံးက ခေါင်းငုံ့ကာ စဉ်းစားနေကြသည်။


ယွဲ့ရှင်းဝမ်က သူ့မျက်လုံးများကို မှိတ်ထားပြီး သူ့အတွေးတွေကို ရှင်းထုတ်လိုက်သည်။

"သဲလွန်စအသစ်လေးခုပေါ်လာတယ်… ပထမတစ်ခုက သခင်လေးကျောက်က ငယ်ငယ်တုန်းက ကလေးမလေးတစ်ယောက်ကို ကယ်ခဲ့ပြီး အဲဒီလူက အပန်းရောင်ဝတ်စုံနဲ့ အမျိုးသမီးဖြစ်နိုင်တယ်… ဒုတိယတစ်ခုက အမျိုးသမီးဇာတ်ဆောင် စူးဝမ်ရှင်းမှာလည်း ညီမတစ်ယောက်ရှိတယ်… တတိယတစ်ခုက အမျိုးသမီးဇာတ်ဆောင် သေသွားပြီးနောက် သမားတော်က အုတ်ဂူဆီသွားလည်ခဲ့တယ်… စတုတ္ထတစ်ခုက ကိုယ်လုပ်တော်ချန်နဲ့ အစေခံမိန်းကလေးနှစ်ယောက်ဖြစ်တဲ့ ချွန်းလန်နဲ့ ချွမ်းယွီ…"


သူသည် အဘိဓာန်ကိုထုတ်ကာ စာရွက်တစ်ရွက်ကို ဆုတ်ဖြဲပြီး ဇာတ်ကောင်များ၏ ပတ်သက်မှုဇယားကို စတင်ရေးဆွဲခဲ့သည်။


စူးဝမ်ရှင်းနှင့် သခင်လေးကျောက်တို့သည် ပတ်သက်မှုဇယား၏ အလယ်တွင် နေရာယူထားပြီး သူတို့နှစ်ဦးသည် အဖြစ်အပျက်တစ်ခုလုံး၏ဗဟိုဖြစ်သည်။


အမျိုးသမီးဇာတ်ကောင် “ရှောင်ရုန်း”ကို သခင်လေးကျောက်၏ ညယဘက်တွင် ထည့်သွင်းလိုက်ပြီး ငယ်ငယ်က သူကယ်တင်ခဲ့သော သူတောင်းစားမိန်းကလေးကို ကျောက်မိသားစုက မွေးစားခဲ့သည်။ ဒီမိန်းကလေးက သူ့အပေါ် တိတ်တဆိတ် ခံစားချက်ရှိနေတာကြောင့် သတို့သမီးကို ကျိန်စာတစ်ခု ဖန်တီးပြီး အဆိပ်ခတ်ခဲ့တာ ဖြစ်နိုင်သည်။


ယွဲ့ရှင်းဝမ်က သခင်မလေးစူး၏ ဘယ်ဘက်တွင် “ညီမ”ကို ထည့်ထားသည်။ သခင်မလေးစူး လက်ထပ်မည့်အချိန်တွင် သူမ၏ညီမက ‘အစ်မပြန်မလာနိုင်မှာကိုပဲ စိုးရိမ်မိတယ်’လို့ ပြောခဲ့သည်။ သူမက သူမအစ်မကို တကယ်ပဲ မခွဲနိုင်တာကြောင့်လား၊ ဒါမှမဟုတ် သူမအစ်မကို မနာလို၍ တမင်တကာ နိမိတ်မရှိသောသော စကားကို ပြောခဲ့တာလား?


ကိုယ်ရံတော်က သခင်မလေးစူး၏ ကိုယ်ရံတော်ဖြစ်နိုင်ပြီး သူမကို တိတ်တဆိတ် ချစ်နေတာကြောင့် သူမပုံတူကို ပန်းချီဆွဲခဲ့တာဖြစ်လိမ့်မည်။ သမားတော်ကလည်း သခင်မလေးစူးကို သဘောကျနေတာ သိသာလှပြီး လေးစားသမှုဖြင့် သခင်မလေးစူး၏ အုတ်ဂူကို သွားခဲ့သည်။


သူဆွဲထားသော ပတ်သတ်မှုဇယားကို ကျန်းဖျင်စစ်အား ပေးလိုက်သည်။


သခင်မလေးစူး၊ သခင်လေးကျောက်၊ ရှောင်ရုန်း၊ ညီမစူး၊ သမားတော်၊ ကိုယ်ရံတော်၊ အောင်သွယ်တော်၊ ကိုယ်လုပ်တော်ချန်၊ ချွမ်းလန်၊ ချွမ်းယွီ…


ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ကာ ရှုပ်ထွေးပွေလီသော ပတ်သက်မှုဇယားကို ကြည့်လိုက်သည်။ ခဏကြာတော့ သူကရုတ်တရက် ပြောလာသည်။

"လူ 10 ယောက်၊ အမျိုးသား 3 ယောက်၊ အမျိုးသမီး 7 ယောက်… အရေအတွက်က ခရီးဆောင်အိတ်တွေရဲ့ ကိန်းဂဏန်းနဲ့ ကျား၊ မ အရေအတွက် ကိုက်ညီတယ်…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"ဒါက ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ရဲ့ ကစားသမားအားလုံးပဲလို့ ထင်မိတယ်…"


မနေ့ညက ပထမအကြိမ်သဲလွန်စများသည် ရှင်းရှင်းလင်းလင်း မသိရခဲ့ဘဲ ဒီည ဒုတိယအကြိမ်သဲလွန်စများ ပေးပြီးနောက် အဖြစ်အပျက်တစ်ခုလုံးနဲ့ ဇာတ်ကောင်များက ပို၍ရှင်းလင်းလာသည်။


‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’မှာ သခင်‌မလေးစူး သေဆုံးမှုအတွက် လက်ရှိတွင် သံသယအရှိဆုံးသူအများစုမှာ——


ရှောင်ရုန်း၊ သူမ ငယ်ငယ်တုန်းက သခင်လေးကျောက် ကယ်တင်တာ ခံခဲ့ရပြီး သခင်လေးကျောက်ကို ချစ်နေတာကြောင့် ရှင်းလင်းပြတ်သော ရည်ရွယ်ချက်ဖြင့် ရက်စက်သောနည်းလမ်းနဲ့ သူ၏ဇနီးဖြစ်သူကို အရုပ်နဲ့ ကျိန်စာတိုက်ခဲ့သည်။ ပြီးနောက် မနေ့ညက သူမ အရုပ်တွေချုပ်နေတာကို သဲလွန်စပေးထားသည်။


ညီမစူး၊ သူမအစ်မဖြစ်သူ လက်ထပ်ခါနီးတွင် ပြောခဲ့သောစကားတွေက အလွန်ထူးဆန်း၏။ သူမက သူမအစ်မကို မနာဖြစ်၍ သတ်ခဲ့တာ ဖြစ်နိုင်သလား?


ကိုယ်လုပ်တော်ချန်၊ သူမက အမျိုးသမီးဇာတ်ဆောင်နှင့် အမျိုးသားဇာတ်ဆောင်တို့၏ မွေးသက္ကရာဇ်ကို ရှင်းရှင်းလင်းလင်းသိသော တစ်ယောက်တည်းသောသူဖြစ်သည်။


ကိုယ်ရံတော်၊ သိုင်းပညာအဆင့်မြင့်သည်။ သူသည် အမျိုးသမီးဇာတ်ဆောင်ကို သဘောကျနေပြီး သူမက အခြားတစ်ယောက်နဲ့ လက်ထပ်တော့မှာကို သဘောမကျသဖြင့် သူမကို မရနိုင်တာကြောင့် သတ်ပစ်လိုက်သလား? 


သမားတော်၊ သူက အမျိုးသမီးဇာတ်ဆောင်၏ အုတ်ဂူရှေ့တွင် ငိုကြွေးပြီး အလွန်ဝမ်းနည်းနေပုံရသော်လည်း သူမကို သတ်မိပြီးနောက် အချစ်အမုန်းကြောင့် သူနောင်တရကာ ငိုကြွေးရန် အုတ်ဂူသို့ ရောက်ရှိလာနိုင်ချေကိုလည်း ငြင်းဆန်၍မရပေ။ 


‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’၏ ဇာတ်ညွှန်းရေးဆရာ၏ ရှုထောင့်မှကြည့်လျှင် အစေခံများနှင့် အောင်သွယ်တော်များကဲ့သို့ လူများကို သဲလွန်စရှာပေးသော လမ်းသွားလမ်းလာများအဖြစ် သတ်မှတ်လေ့ရှိသည်။


လူ 10 ယောက် ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’၏ ကစားသမားများက သွေးခွေးအချစ်ဇာတ်လမ်းနှင့်အတူ နေရာတကျ ရှိနေပြီဖြစ်သည်။ ဘယ်သူက လူသတ်သမားလည်းဆိုတာကို ကောက်ချက်ချနိုင်ရန် သူတို့တွေ သဲလွန်စများကို ရှာဖွေလိုသေးသည်။ လက်တွေ့မှာတော့ လူအရေအတွက်နှင့် ခရီးဆောင်အိတ်များက ကိုက်ညီမှုရှိတာကြောင့် ယွဲ့ရှင်းဝမ်၏စိတ်ထဲတွင် အကြံသစ်တစ်ခုပေါ်လာခဲ့သည်။


ယွဲ့ရှင်းဝမ်: "ငါတို့ရဲ့အရင် ခန့်မှန်းချက်ကလည်း မှားနိုင်တယ်… လူသတ်သမားက အများအားဖြင့် မြေအောက်ခန်းမှာ နေထိုင်ပေမယ့် သူက တစ်စုံတစ်ယောက်ကို သတ်ဖို့အတွက် ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ထဲက လူ 10 ယောက်နဲ့ ရောနှောနေနိုင်ပြီး ကစားသမားအဖြစ် ဟန်ဆောင်ပြီးတော့ အခြားသူတွေနဲ့အတူ ဒီတည်းခိုခန်းကို သူ့ခရီးဆောင်အိတ် ယူလာနိုင်တယ်…"


ချင်မြောင်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

"ဒါပေမယ့် ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’က အများအားဖြင့် သူငယ်ချင်းတွေ အတူတူဆုံပြီး ကစားဖို့ ဖိတ်ခေါ်တာ မဟုတ်ဘူးလား? သူစိမ်းတွေနဲ့ ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ကို ကစားရတာ စိတ်သက်သာရာရပါ့မလား?"


ယွဲ့ရှင်းဝမ်: "သူငယ်ချင်းအစစ်တွေအပြင် အွန်လိုင်းသူငယ်ချင်းတွေလည်း ရှိတယ်လေ…"


ခယ်ရှောင်ပင်းက ချက်ချင်း လက်ကိုမြှောက်လိုက်ပြီး လေးနက်စွာ ပြောလာသည်။

"‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’နဲ့ ‘လွတ်မြောက်ခြင်းအခန်း’လိုမျိူး ဖိုရမ်များစွာကို ငါကြားဖူးတယ်… အပြင်မှာတော့ လူတချို့က တစ်ခါမှမတွေ့ဖူးပေမယ့် ဖိုရမ်မှာတော့ အလွယ်တကူ စကားပြောနိုင်ပြီး သူတို့က WeChat, QQ တို့ကနေ add ပြီးတော့ group chat ဖွဲ့ပြီး မျှဝေကြတယ်… ခဏလောက် စကားစမြည်ပြောပြီးတဲ့အခါ လူတိုင်းက ပိုရင်းနှီးလာကြပြီး အဖွဲ့ထဲက တစ်ယောက်က ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ကို ကစားဖို့ နေရာတစ်နေရာဆီ သွားရအောင် အကြံပြုလိမ့်မယ်… လူအများစုရဲ့စိတ်ထဲမှာ ‘အဲဒီမှာ လူသတ်သမားရှိတယ်’ဆိုတဲ့ ဒီလိုကြောက်စရာကောင်းတဲ့ကိစ္စမျိုး တွေးမိလိမ့်မယ်လို့တော့ ငါမထင်ဘူး…"


အားလုံးက ခေါင်းငြိမ့် သဘောတူကြသည်။ သူတို့သည်လည်း အသက် 20 အရွယ် တက္ကသိုလ်ကျောင်းသားများဖြစ်တာကြောင့် တချို့ group များတွင် ဝင်ထားခဲ့ဖူးသည်။


တစ်ခါမှမတွေ့ဖူးသူများသည် WeChat group များ၊ QQ group များတွင် ပျော်ရွှင်စွာ စကားပြောနိုင်ကြသည်။ အွန်လိုင်းအသုံးပြုသူတချို့က အပြင်က သူငယ်ချင်းများထက်ပင် ဆက်ဆံရေးကောင်းကြပြီး တချို့မှာ အချိန်အကြာကြီး အွန်လိုင်းမှာ စကားပြောပြီးနောက် အပြင်မှာ တွေ့ကြသည်။


‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’၏ ပရိတ်သတ်များ အနေဖြင့် သူတို့သည် အချင်းချင်း တွေ့ဆုံကစားရန် အချိန်ပေးနိုင်သည်။


တချို့တက်ကြွသော အွန်လိုင်းသူငယ်ချင်းတချို့နှင့် ရှေးခေတ်လူသတ်မှုလျှိုဝှက်ဆန်းကြယ်ဂိမ်းကို ကစားရန် စိတ်ကူးက အလွန်ဆန်းသစ်ပြီး စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံတစ်ခုဖြစ်သည်။


လူသတ်သမားက ‘အွန်လိုင်းမှသူငယ်ချင်းများကို လူသတ်မှုလျှိုဝှက်ဆန်းကြယ်ဂိမ်းကစားရန် ဆွဲဆောင်ခြင်း’နည်းလမ်းကို အသုံးပြု၍ နိုင်ငံတစ်ဝှမ်းမှ လူများကို သူကြိုတင်စီစဉ်ထားသော ထောင်ချောက်ထဲသို့ ဖိတ်ခေါ်ရန် ထိုကဲ့သို့သောအုပ်စုတွင် ပထမဆုံးရောနှောလိမ့်မည်။ ထို့နောက် ယစ်ပူဇော်ရန် ‌သင့်လျော်သော ပစ်မှတ်ကို ရွေးချယ်မည်။


သတို့သမီးသည် ဤဇာတ်ညွှန်းတွင် ပထမဆုံးသေဆုံးသူဖြစ်သောကြောင့် သတို့သမီးကိုသရုပ်ဆောင်သော ကစားသမားသေဆုံးပြီးနောက်တွင် အခြားသူများမှာ တစ်ခုခုမှားနေကြောင်း ချက်ချင်းသတိပြုမိမည်မဟုတ်ဘဲ—— ဇာတ်ညွှန်းထဲရှိ သတို့သမီးကလည်း သေဆုံးသွားသောကြောင့်ဖြစ်သည်။


သတို့သမီးနေရာကို ကစားသည့် ကစားသမားက အမှန်တကယ် အသတ်ခံရမည်ဟု ဘယ်သူမှ ထင်ထားမည်မဟုတ်ပေ။


ပြီးနောက် ဇာတ်ညွှန်းထဲမှာ သတို့သမီးကို သတ်ခဲ့သော လူသတ်သမားကလည်း ဒီသတို့သမီးတွေကို လက်တွေ့မှာ သတ်ခဲ့သော လူသတ်သမားဖြစ်နိုင်သည်။


ယွဲ့ရှင်းဝမ်က ပြောလာသည်။

"စူးဝမ်ရှင်းရဲ့မွေးနေ့က 7 လပိုင်း 7 ရက်နေ့ပဲ ဖြစ်တယ်… အဲဒါက ကိန်းဂဏန်း ‘7’နဲ့ ကိုက်ညီနေတယ်… လူသတ်သမားက သတို့သမီး 7 ယောက်ကို သတ်ပစ်ခဲ့တယ်… သတို့သမီးရဲ့ ထွက်ခွာသွားတဲ့ ဝိညာဉ်ကို ကယ်တင်ဖို့ ဖွဲ့စည်းမှုပုံစံကို အသုံးပြုသလို ခံစားမိသလားလို့? ရှေးခေတ်တုန်းက လူတွေကို ယစ်ပူဇော်ခြင်းအဖြစ် အသုံးပြုတဲ့ မကောင်းတဲ့နည်းလမ်းတချို့ ရှိခဲ့တယ်…"


အားလုံးက ခေါင်းညိတ် သဘောတူကြသည်။


ဒီလိုဆိုရင် ဇာတ်ညွှန်းနဲ့ လက်တွေ့ဇာတ်ကြောင်းတွေက ကိုက်ညီနိုင်တယ်… လူသတ်သမားက ကစားသမားတွေထဲ ပါဝင်နေတာကြောင့် ဇာတ်ညွှန်းထဲက သခင်မလေးစူးကို သတ်တဲ့လူသတ်သမားကို ဖော်ထုတ်နိုင်ရင် သူတို့က လက်တွေ့က လူသတ်သမားကိုလည်း ဖော်ထုတ်နိုင်မှာဖြစ်တယ်!


#TK