Chapter 77
Viewers 22k

Volume 4 : ဗိသုကာဌာန


Chapter 77 (အဆုံးမရှိလှေကားများ ဇာတ်သိမ်း)


ယွဲ့ရှင်းဝမ်သည် ဤသင်တန်းသည် အဘယ်ကြောင့် Credit မျှဝေခြင်းလုပ်ဆောင်ချက်ဖြစ်နေတာကို နောက်ဆုံး နားလည်သဘောပေါက်ခဲ့သည်။ လူနည်းလေလေ ဖြတ်ရတာ ပိုလွယ်လေဖြစ်သည်။


သူတို့ 11 ယောက်စလုံးသည် ဝင်္ကပါကို ရောက်လာသည်ဟု ယူဆပါက လှေကား၏အကျယ်မှာ အကန့်အသတ်ရှိပြီး လှေကားတစ်တန်းတွင် လူ 3 ယောက်၊ 4 ယောက်အထိသာ အများဆုံးဆန့်ပြီး လူ 11 ယောက်ကို 3 တန်း ခွဲရလိမ့်မည်။ လှေကားသည် ရုတ်တရက် ကျိုးသွားသောအခါ အဖွဲ့သည် ပြန့်ကျဲသွားပြီး အခြားအထပ်များသို့ ပြုတ်ကျသွားလိမ့်မည်။


မတူညီသောအထပ်များရှိ ချိတ်ဆက်မှုစက်ယန္တရားများကို အစပျိုးရန် လှေကားကိုဖြတ်မှရမည်။ ဗိသုကာဌာန၏ မြေတူးစက်နှင့် ပထဝီဝင်ဌာန၏ ကျောက်ထုလွှာလှုပ်ရှားမှုလိုမျိုး စွမ်းရည်မရှိဘဲ ထိုပြုတ်ကျသွားသော အဖွဲ့ဝင်များက ပြန်တက်၍မရတာကြောင့် ဗိသုကာဌာနရှိ အဖွဲ့ဝင်က ပြန်သွားရပေလိမ့်မည်။

 

သင်တန်းသည် 1 နာရီအတွင်း အဆောက်အဦးမှ ထွက်ခွာရန် လိုအပ်ပြီး အဖွဲ့၀င်များအားလုံး စာမေးပွဲအောင်ရန်အတွက် အချိန်မီထွက်ခွာရမည်ဖြစ်သည်။ ဗိသုကာဌာနမှ ကျောင်းသားများသည် ဝင်္ကပါထဲတွင် ပြုတ်ကျသွားသော အဖွဲ့ဝင်များကို ရှာဖွေနေကြသည်နှင့် အချိန်တစ်နာရီက မလုံလောက်ပေ။


လူနည်းလေလေ ကျိုးကျသောလှေကားထစ်ကြောင့် အာရုံပျံ့လွင့်ရန် ခက်ခဲလေလေဖြစ်သည်။


ဒါကို စဉ်းစားရင်း ယွဲ့ရှင်းဝမ်က လင်းမန့်လော်ကို ချက်ချင်းကြည့်ပြီး ပြောလိုက်သည်။

"စီနီယာအစ်မ နွယ်ပင်မှာ အချိန်ကန့်သတ်ချက်ရှိလား?"


လင်းမန့်လော်: "တစ်ခါဆင့်ခေါ်လိုက်ရင် 10 မိနစ်ကြာ ရှိနေနိုင်တယ်… လောလောဆယ် အဆင့် 2 ဖြစ်တာကြောင့် အရှည် မီတာ 20 ရှိတဲ့ အစိမ်းရောင်နွယ်ပင် 5 ခုကို ဆင့်ခေါ်နိုင်တယ်…"


ယွဲ့ရှင်းဝမ်က ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။

"ဒါဆို စီနီယာအစ်မရဲ့ နွယ်ပင်တစ်ခုကို ဆင့်ခေါ်ပြီး လူတိုင်းက နွယ်ပင်ကို ဘယ်လက်နဲ့ ဆုပ်ကိုင်ထား… နောက်ပိုင်း လှေကားရုတ်တရက်ကျိုးကျပြီး တစ်ယောက်ယောက် မတော်တဆပြုတ်ကျရင် အခြားကျောင်းသားတွေက နွယ်ပင်ကို အသုံးပြုပြီး သူ့ကို ဆွဲတင်ပေးလို့ရတယ်…"


လင်းမန့်လော်၏ မျက်လုံးများ တောက်ပလာသည်။

"အကြံကောင်းပဲ! ဒီလိုဆိုရင် အားလုံးက ချိတ်ဆက်နေပြီး လူကွဲဖို့ မလွယ်တော့ဘူး…"


ကျန်းဖျင်စစ်လည်း သူ့ကိုချီးကျူးခဲ့သည်။

"ပြုတ်ကျသွားတဲ့သူတွေကို ပြန်ရှာဖို့ မလိုအပ်တော့ဘဲ အချိန်အများကြီး သက်သာတယ်…"


ယွဲ့ရှင်းဝမ်: "စီနီယာအစ်မ နွယ်ပင်တွေကို လူတိုင်းရဲ့ လက်ကောက်ဝတ်မှာ ရစ်ပတ်ထားတာက အကောင်းဆုံးပဲ… အဲဒီလိုဆိုရင် လက်ချော်ပြီး ကိုင်လို့မရတာမျိုးမဖြစ်တော့ဘူး…"


ကျိုဖုန်းက အကြံပြုသည်။

"နွယ်ပင်အဆုံးကို ငါ့ခါးမှာ ချည်ထားလိုက်… ငါသန်မာတာကြောင့် အရှေ့ကသွားလိုက်မယ်…"


လင်းမန့်လော်က ခေါင်းငြိမ့်ပြကာ သူမ၏ညာလက်ကိုမြှောက်ပြီး မီတာ 20 ခန့်ရှည်သော အစိမ်းရောင်နွယ်ပင်တစ်ပင်ကို ချက်ချင်း ဆင့်ခေါ်လိုက်ပြီး ကလေးတစ်ယောက်၏ လက်မောင်းလောက် တုတ်ခိုင်သည်။ နွယ်ပင်ပေါ်က အရွက်တွေသည် စိမ်းစိုပြီး လန်းဆန်းနေကာ သူမ၏ထိန်းချုပ်မှုအောက်တွင် နွယ်ပင်က မျက်လုံးပါသောမြွေကဲ့သို့ ပျော့ပြောင်းသည်။ ၎င်းက ကျိုဖုန်း၏ခါးကို ရစ်ပတ်ပြီး ကျန်းဖျင်စစ်၏လက်ကောက်ဝတ်ကို ရစ်ပတ်သွားကာ ထို့နောက် ယွဲ့ရှင်းဝမ်၏လက်ကောက်ဝတ်ကို ဆက်လက်ရစ်ပတ်သွားသည်…


ကျောင်းသားများက တန်းစီနေကြပြီး နွယ်ပင်က လူတိုင်း၏လက်ကောက်ဝတ်တွင် ရစ်ပတ်ပြီးနောက် နောက်ဆုံးတွင် လင်းမန့်လော်၏ခါး၌ ချည်လိုက်သည်။


မီတာ 20 ရှည်သော နွယ်ပင်သည် သူတို့လူခုနစ်ယောက်စလုံးကို ရစ်ပတ်ရန် လုံလောက်သည်။


ခယ်ရှောင်ပင်းက မျက်မှန်ကိုပင့်တင်ကာ မှတ်ချက်ပြုသည်။

"ဒီလိုမျိုး တွဲချည်ထားတော့ ငါတို့က calabash ကလေးခုနစ်ယောက်အတိုင်းပဲ…"


လူတိုင်း: "..."


အရင်တုန်းကတော့ ယွဲ့ရှင်းဝမ်သည် ခယ်ရှောင်ပင်းနှင့် ကျောင်းသားကောင်စီတွင်သာ ပူးပေါင်းလုပ်ဆောင်သည့် ဆက်ဆံရေးပဲရှိခဲ့သည်။ သည်တစ်ခါတော့ သူတို့အဖွဲ့ဖွဲ့လိုက်သောအခါ ရှောင်ခယ်၏ခေါင်းထဲ၌ ထူးဆန်းသောအတွေးအခေါ်တွေ အမြဲတမ်းပေါ်လာတတ်တာကို သူသဘောပေါက်လိုက်သည်။


ကျန်းဖျင်စစ်က သူ့ဟာသကို လျစ်လျူရှုကာ ပြောခဲ့သည်။

"ဆက်သွားမယ်…"


နွယ်ပင်တွေဖြင့် ချည်နှောင်ပြီး ပြုတ်ကျလျှင် လူတိုင်းက အတူတူပြုတ်ကျကြမှာ ဖြစ်တာကြောင့် ပို၍သက်တောင့်သက်သာရှိသလို ခံစားရသည်။


ကျိုဖုန်းသည် သူ့ရှေ့ရှိ လှေကားပေါ်တွင် "4-1" အမှတ်အသားကို မီးမြှိုက်လိုက်သည်။ အားလုံးက လှေကားလေးစင်းကို ဆက်တိုက် လျှောက်လာပြီးနောက် လှေကားကျိုးကျသည့်နေရာကို ပြန်လာခဲ့ကြသည်။ ကျန်းရှောင်နျန်က အကွာအဝေးကို တိုင်းတာပြီး ပြောသည်။

"မျက်နှာကျက်ကနေ အကွာအဝေး 22.5 မီတာရှိတာကြောင့် ကျွန်တော်တို့က လေးထပ်မှာ ရှိနေတုန်းပဲ…"


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ကြည့်ကာ ပြောသည်။

"စည်းမျဉ်းတွေက အတူတူပဲလား?"


ကျန်းဖျင်စစ်က ခေါင်းခါလိုက်သည်။

"စက်ယန္တရားတွေရဲ့ တည်နေရာက မတူလောက်ဘူး… အားလုံး ပျံနိုင်ဖို့အတွက် အရင်ဆုံး coordinate system ကို ငါသုံးလိုက်မယ်… ရှောင်နျန်က ကျိုးကျထားတဲ့လှေကားတွေရဲ့ ချိတ်ဆက်မှုကို တူးလိုက်…"


ချင်လု၏ကျောက်ထုလွှာလှုပ်ရှားမှုက 6 ကြိမ်သာ အသုံးပြုနိုင်သည်။ ကျန်းဖျင်စစ်သည် လူတိုင်းကို ဆန့်ကျင်ဘက်လှေကားများဆီသို့ ပျံသန်းနိုင်စေရန် coordinate system ကို တိုက်ရိုက်အသုံးပြုခဲ့သည်။ ကျန်းရှောင်နျန်သည် 4-2 နှင့် 4-3 ၏ ချိတ်ဆက်မှုအမှတ်များကို တူးရန် မြေတူးစက်ကို အသုံးပြုခဲ့သည်။ သို့သော် လှေကားထစ်သည် လှုပ်ရှားသွားခြင်းမရှိပေ။


ကျန်းရှောင်နျန်က ကျန်းဖျင်စစ်ကို မေးလိုက်သည်။

"စီနီယာအစ်ကို လေးထပ်မြောက်နေရာရဲ့ လျှို့ဝှက်စက်ယန္တရားက ဒီလှေကားနှစ်ခုကြားက မဟုတ်ဘဲ လှေကားအလယ်များလား?"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်လိုက်သည်။

"ဖြစ်နိုင်တယ်… ရုတ်တရက် ကျိုးသွားတဲ့လှေကားက လှေကားအလယ်ကို တူးရမယ်ဆိုတဲ့ အရိပ်အမြွက်ပဲ…"


ကျန်းရှောင်နျန်က လှေကားအလယ်ကို ဖြတ်ရန် မြေတူးစက်ကို အသုံးပြုခဲ့ပြီး အားလုံးကို အံ့ဩသွားစေတာက လှေကားတစ်ဝက်သည် ရုတ်တရက် မှော်စွမ်းရည်ရှိသွားသလို အပေါ်ကိုတည့်တည့်တက်သွားသည်။


ခယ်ရှောင်ပင်း: "လှေကားထစ်က ဓာတ်လှေကားဖြစ်သွားတာလား?"


အထပ်ဘယ်နှစ်ထပ်ကို ပျံသွားမှန်း သူတို့မသိပေ။ လှေကားတစ်ဝက်သည် လေထဲမှု ရပ်သွားပြီး ရှေ့ကကျန်တစ်ဝက်နဲ့ ချိတ်ဆက်သွားသည်။ ကျန်းရှောင်နျန်က လေဆာ theodolite ကို တိုင်းတာရန် အလျင်အမြန်အသုံးပြုခဲ့သည်။

"မျက်နှာကျက်ကနေ 17.5 မီတာ…"


ကျန်းဖျင်စစ်က တွက်ချက်လိုက်သည်။

"ငါတို့က ခြောက်ထပ်မှာ ရှိနေတယ်…"


ခယ်ရှောင်ပင်း၏ လက်ပ်တော့သည် ပုံကြမ်းကို ပြင်ဆင်ထားပြီးဖြစ်သည်။ မီတာ 30 မြင့်သော အဆောက်အဦးကို အထပ် 12 ထပ်ဖြင့် ခွဲထားသည်။ ပထမထပ်သည် မျက်နှာကျက်မှ မီတာ 30 အကွာ၊ ဒုတိယထပ်က 27.5 မီတာ၊ တတိယထပ်က 25 မီတာ၊ စတုတ္ထထပ်က 22.5 မီတာ… အစရှိသဖြင့်ပေါ့။


သူတို့သည် အခုလေးတင် စတုတ္ထထပ်မှာ ရှိနေခဲ့ပေမယ့် ခြောက်ထပ်ကို ရုတ်တရက် ခုန်တက်သွားသည်။


ယွဲ့ရှင်းဝမ်: "ငါတို့က ငါးထပ်ကို ကျော်သွားတာလား?"


ကျန်းဖျင်စစ်က ခန့်မှန်းသည်။

"12 ထပ်မျှော်စင်မှာ ပထမထပ်မှ တတိယထပ်အထိ စက်ယန္တရားစည်းမျဉ်းတစ်ခုရှိပြီးတော့ စတုတ္ထထပ်ကနေစပြီး အခြားစက်ယန္တရားစည်းမျဉ်း ဖြစ်သွားတယ်… ဒီနေရာမှာ လှေကားတွေက ကျိုးကျတာမျိုး၊ အပေါ်မြင့်တက်သွားတာမျိုး ဖြစ်လိမ့်မယ်…"


ခယ်ရှောင်ပင်းက ရုတ်တရက် သဘောပေါက်သွားသည်။

"ဆိုလိုတာက ဒီဝင်္ကပါမှာ ပထမဆုံး အထပ်သုံးထပ်ကို 180 ဒီဂရီလှည့်တဲ့လှေကားတွေရှိပြီး အခြားလှေကားတွေနဲ့ ချိတ်ဆက်ထားတယ်… လေးထပ်ကနေစပြီးတော့ လှေကားက ကျိုးကျတာမျိုး၊ တည့်တည့်မြင့်တက်သွားတာမျိုး ဖြစ်သွားတယ်… အဲဒါက နောက်ပိုင်းမှာလည်း ပြောင်းလဲနိုင်သေးတာလား?"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်လိုက်သည်။

"အင်း၊ အရင်တက်ရအောင်…"


လူတိုင်းက အရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ကြသည်။ ကျိုဖုန်းက 6-2 ကို အမှတ်အသားပြုလိုက်ချိန် ရုတ်တရက် သူ့ခြေထောက်အောက်မှာ ထူးဆန်းသောတုန်ခါမှုတစ်ခုပေါ်လာပြီး ယွဲ့ရှင်းဝမ်က ချက်ချင်း သတိပေးသည်။

"အားလုံး သတိထားကြ၊ နွယ်ပင်တွေကို ကိုင်ထားကြ!"


"ဘုန်း" ဟူသောအသံနှင့်အတူ လူတိုင်း၏ခြေထောက်အောက်ရှိ လှေကားများက ချက်ချင်း တစ်ဝက်ကွဲသွားသည်။


ရုတ်တရတ် ပြုတ်ကျမှာကို ကြောက်သော အတွေ့အကြုံမျိုးကို အခုလေးတင် တွေ့ကြုံထားတာကြောင့် သည်တစ်ခါမှာတော့ လူတိုင်းက တုံ့ပြန်မှု အလွန်မြန်သည်။ သူတို့ခြေထောက်အောက်က တုန်ခါလာသည်နှင့် ကျောင်းသားများသည် နွယ်ပင်တွေကိုကိုင်လိုက်ပြီး အရှေ့ကို ခြေလှမ်းအနည်းငယ် အလျင်အမြန် လှမ်းလိုက်သည်။ ကျိုးကျ‌သွားသောလှေကားက အဝေးတစ်ဖက်သို့ ပြာတ်ကျသွားပေမယ့် သူတို့ခုနစ်ယောက်က လူကွဲခြင်းမရှိဘဲ လှေကား၏အခြားတစ်ဝက်မှာ အားလုံး ပြည့်ကျပ်နေသည်။


ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ပင့်တင်လိုက်သည်။

"ငါထပ်ပြီး ပြုတ်ကျတော့မလို့…"


ယွဲ့ရှင်းဝမ်က သက်ပြင်းတစ်ချက်ချကာ ပြုံးလိုက်သည်။

"ဒီဝင်္ကပါလမ်းက ‘မြို့ပြိုကျခြင်း’သင်တန်းကို အမှတ်ရစေတယ်… စာကြည့်တိုက်ရဲ့ဗိသုကာဌာနက အဆောက်အဦးအားလုံးရဲ့ အရည်အသွေးက ပုံမှန်မဟုတ်ဘူး…"


ကျန်းရှောင်နျန်ကလည်း တိုးတိုး‌လေး ကျိန်ဆဲသည်။

"Jerry-built ပရောဂျက်တွေက တစ်မြို့လုံးကို ပြိုကျစေတယ်… ဆောက်လုပ်ရေးဆိုက်ရဲ့ နံရံထဲမှာ အလောင်းတစ်လောင်း ဝှက်ထားပြီး လှေကားတွေက အလှည့်တိုင်းမှာ ကျိုးနေတယ်… စာကြည့်တိုက်ရဲ့ ဗိသုကာဌာနက လူတွေကို မြေမြှုပ်ဖို့ရှိနေတာလား?"


ယွဲ့ရှင်းဝမ်က အကူအညီမဲ့စွာ ပြောလိုက်သည်။

"သွားရအောင်၊ မင်းတို့ခြေလှမ်းတွေကို သတိထားကြ…"


အားလုံးက ဆက်တက်ခဲ့ကြသည်။ ကျန်းရှောင်နျန်သည် လှေကားအလယ်ကို တူးရန် မြေတူးစက်ကို အသုံးပြုခဲ့သည်။ သို့သော် ကျိုးနေသောလှေကားသည် ယခုတစ်ကြိမ်တွင် အပေါ်မတက်ဘဲ အလေးချိန်မဲ့စွာ ရုတ်တရက် အောက်ဆင်းသွားသည်။ အားလုံးက လက်တန်းကို အမြန်ကိုင်လိုက်ကြသည်။


လှေကားထစ်များ ငြိမ်သွားပြီးနောက် ကျန်းရှောင်နျန်က အကွာအဝေးကို တိုင်းတာပြီး ပြောသည်။

"ကျွန်တော်တို့ ငါးထပ်ကို ပြန်ရောက်သွားတာလား?"


ကျန်းဖျင်စစ်: "ဒီနေရာရဲ့ စက်ယန္တရားက လှေကားတွေရဲ့ အတက်/အဆင်းပဲ… အခုလေးတင် ငါတို့က ဆင်းသက်တဲ့ စက်ယန္တရားကို အစပျိုးလိုက်ပြီ… ဆက်ကြည့်လိုက်ရအောင်…"


ကျန်းဖျင်စစ်က အဖွဲ့ကို ဦးဆောင်နေသဖြင့် ယွဲ့ရှင်းဝမ်က သက်သောင့်သက်သာရှိနေသည်။ တစ်ခါတစ်ရံ လှေကားအတက်အဆင်းဖြစ်ပြီး 3D ဝင်္ကပါတစ်ခုလုံးက လူတွေကို မူးစေပေမယ့် ကျန်းဖျင်စစ်သည် သူ့စိတ်ထဲမှာ ရှင်းလင်းသော အဆောက်အဦးပုံရှိနေတယ်လို့ သူယုံကြည်သည်။ 


ကျန်းဖျင်စစ်က အထိတ်တလန့်မဖြစ်သ၍ ယွဲ့ရှင်းဝမ်လည်း စိတ်ပူမည်မဟုတ်ပေ—— ဖျင်စစ်အနောက်ကိုသာ လိုက်မည်။


ကျန်းဖျင်စစ်အပေါ် ယွဲ့ရှင်းဝမ်၏ယုံကြည်မှုက မျက်ကန်းမဟုတ်ကြောင်း သက်သေပြခဲ့သည်။


ကျန်းဖျင်စစ်သည် သူ့စိတ်ထဲတွင် 3D ဂျီဩမေတြီရုပ်ပုံတစ်ခုကို တည်ဆောက်ခဲ့သည်။ ကျန်းရှောင်နျန်၏ အမြင့်တိုင်းတာမှုအရ သူသည် လက်ရှိအထပ်အစီအစဉ်နှင့် ဆက်လက်တက်ရမည့်လမ်းကို ချက်ချင်းတွက်ချက်နိုင်သည်။


သူကဆင်းသက်သည့် စက်ယန္တရားကို မတော်တဆ အစပျိုးလိုက်ပြီး အောက်ထပ်မျက်နှာပြင်သို့ ပြန်ကျသွားလျှင်တောင် သူ၏အံ့ဩဖွယ်မှတ်ဉာဏ်ကို အခြေခံ၍ မြင့်မားသောမျက်နှာပြင်ဆီသို့သွားရန် အမြန်ဆုံးလမ်းကြောင်းကို ရှာဖွေနိုင်မည်ဖြစ်သည်။


"5-3 ကိုဖြတ်ပြီး လေးထပ်ကို ပြန်ဆင်းမယ်…"


"4-2 ကိုတူးပြီး ခြောက်ထပ်ကို ထပ်သွားမယ်…"


"6-3၊ ရှစ်ထပ်ကို သွားမယ်…"


ကျန်းဖျင်စစ်၏ အမိန့်ပေးသံမှလွဲ၍ ပတ်ဝန်းကျင်က အလွန် တိတ်ဆိတ်နေသည်။


ကျိုဖုန်းမှ အမှတ်အသားပြုထားသည့် အထပ်နံပါတ်များသည် ကျန်းဖျင်စစ်၏စိတ်ထဲတွင် စက်ယန္တရားများကို ကိုယ်စားပြုသည့် သင်္ကေတများဖြစ်လာသည်။ သူ၏ တည်ငြိမ်သော ညွှန်ကြားချက်ကို လိုက်နာပြီးနောက် ကျန်းရှောင်နျန်သည် စက်ယန္တရားများကို ဖြတ်တောက်ရန် မြေတူးစက်ကို အလျင်အမြန် အသုံးပြုခဲ့ပြီး ကျိုးနေသောလှေကားသည် နောက်ထပ်လှေကားတစ်ဝက်နှင့် ထပ်မံချိတ်ဆက်သွားခဲ့သည်။ ကျန်းရှောင်နျန်က အကွာအဝေးကို တိုင်းတာပြီး စိတ်လှုပ်ရှားစွာ ပြောလာသည်။

"7.5 မီတာပဲ ရှိတော့တယ်!"


အဆောက်အဦးတစ်ခုလုံးသည် အမြင့် 30 မီတာရှိသည်။ မျက်နှာကျက်မှ 7.5 မီတာ အကွာတွင်ရှိပြီး သူတို့က ဆယ်ထပ်တွင်ရှိနေတာကို ညွှန်ပြနေသည်။ 11 ထပ် နှင့် 12 ထပ်တို့ကို လျှောက်လှမ်းပြီးပါက သူတို့အပြင်ထွက်နိုင်သည်။


ကျန်းဖျင်စစ်: "နောက်ဆုံးသုံးထပ်ကျန်သေးတယ်… စက်ယန္တရားက ထပ်ပြီးပြောင်းသွားနိုင်တယ်…"


သူပြောပြီးသည်နှင့် တစ်ပြိုင်နက် အားလုံးရပ်နေသည့် လှေကားသည် ရုတ်တရက် လေထဲသို့ လွင့်မျောလာသည်။


ယခုတစ်ကြိမ်တွင် လှေကားများသည် လွင့်မျောခြင်း၊ အတက်အဆင်းလုပ်ခြင်းသာမကဘဲ လှေကားများက လှည့်ပတ်နေသည်။ လူတိုင်းသည် လှေကားလက်ရန်းများကို တုန်လှုပ်ချောက်ချားစွာ ဆုပ်ကိုင်လိုက်ကြပြီး သူတို့ခန္ဓာကိုယ်များက လေထဲတွင် လွင့်မျောနေတာကြောင့် ခေါင်းတွေ မူးဝေသွားကြသည်။


ကျန်းဖျင်စစ်က အလျင်အမြန်ပြောသည်။

"စီနီယာအစ်ကို၊ ၊ 10-1 လို့ အမှတ်အသားပြုလိုက်…"


လှေကားသည် စက်ဝိုင်းပုံသဏ္ဌာန်လှည့်နေပြီးနောက် အခြားလှေကားတစ်ခုနှင့် ချိတ်ဆက်ရန် 3 စက္ကန့်သာကြာသော်လည်း ချိတ်ဆက်နေစဉ်အတွင်း အကွာအဝေးတစ်ခုသို့ အလိုအလျောက်ပျံတက်သွားကာ ချိတ်ဆက်ပြီးသည်နှင့် ထွက်ခွာသွားသည်။


သူတို့ကို သယ်ဆောင်လာသော လှေကားများသည် အာကာသယာဉ်များကဲ့သို့ လေထဲတွင် ရွေ့လျားနေသည်။


ခယ်ရှောင်ပင်း၏မျက်နှာက ရုပ်ဆိုးနေသည်။

"ရွေ့လျားအားစက်ယန္တရားများလား? လှေကားနှစ်စင်း ချိတ်ဆက်သွားတာနဲ့ ငါတို့ အပေါ်တက်လို့ရပြီလား?"


ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ကာ စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။

"ရှောင်နျန်၊ စီနီယာကျို၊ ငါနဲ့လိုက်ခဲ့… ကျန်တဲ့သူတွေက ဒီမှာစောင့်နေကြ…" 

သူက ယွဲ့ရှင်းဝမ်းကို ကြည့်ကာ နူးညံ့စွာ မေးလိုက်သည်။

"မင်းငါ့ကိုယုံလား?"


ယွဲ့ရှင်းဝမ်က ပြုံးကာ သူ့လက်မောင်းကို ရိုက်လိုက်သည်။

"ဘယ်လိုအဓိပ္ပါယ်မရှိတဲ့ မေးခွန်းကြီးလဲ? သွားလိုက်ပါ၊ မင်းရဲ့သတင်းကောင်းကို ငါစောင့်နေမယ်…"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်ပြပြီး သူနှင့်အတူ ကျန်းရှောင်နျန်နှင့် ကျိုဖုန်းတို့ကို ခေါ်သွားသည်။ လှေကားက အခြားတစ်ခုသို့ ဆက်သွယ်သွားသောအခါ သူတို့သုံးယောက်က ပေါ့ပါးစွာ အမြန်ပြေးသွားခဲ့သည်။ သူတို့ဖြတ်ပြေးလာရင်း လှေကားထစ်တွေ တရွေ့ရွေ့နဲ့ လေထဲမှာ လည်နေပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောက်ကွယ်သွားသည်။


ခယ်ရှောင်ပင်းသည် လေထဲတွင် အဆက်မပြတ်ရွေ့လျားနေသော လှေကားထစ်ကို ထိတ်လန့်စွာကြည့်ကာ ပြောလိုက်သည်။ 

"ဒီနေရာက ရှုပ်ထွေးနေတာပဲ… ငါတို့လမ်းမှားကို သွားလိုက်ရင် လမ်းပျောက်သွားနိုင်တယ်မလား?"


ယွဲ့ရှင်းဝမ်က တည်ငြိမ်သောအကြည့်ဖြင့် ပြောသည်။

"စိတ်မပူပါနဲ့… ဖျင်စစ်သာရှိရင် ငါတို့ လမ်းမပျောက်ပါဘူး…"


လင်းမန့်လော်က သူ့ကို စလေသည်။

"နင်က ကျန်းဖျင်စစ်ကို ဒီလောက်တောင်ယုံတာလား?"


ယွဲ့ရှင်းဝမ်က လေးနက်စွာပြောသည်။

"ဖျင်စစ်ရဲ့တွက်ချက်နိုင်စွမ်းနဲ့ အကွာအဝေးတွေးခေါ်ပုံက တစ်နိုင်ငံလုံးက တက္ကသိုလ်ကျောင်းသားတွေကြားထဲမှာ ထိပ်တန်းအဆင့်ရှိတယ်… သူသာ ဒီဝင်္ကပါထဲကနေ မထွက်နိုင်ခဲ့ဘူးဆိုရင် ဒီဝင်္ကပါအတန်းရဲ့ ကျရှုံးမှုနှုန်းက 100% ဖြစ်သွားလိမ့်မယ်…"


လူတိုင်း: "..."


ဆိုလိုတာက ကျန်းဖျင်စစ်သာ သည်ဝင်္ကပါကို မအောင်ဘူးဆိုလျှင် ဘယ်သူမှလည်း အောင်မည်မဟုတ်ပေ။


လင်းမန့်လော်က ပေါ့ပါးစွာ ပြုံးလိုက်သည်။

"နင်သူ့ကို ချီးကျူးနေတာ ကြားရင် သူအရမ်းပျော်နေလောက်တယ်မလား?"


ယွဲ့ရှင်းဝမ်က ပြုံးကာ သူ့အနားရှိ လူသုံးယောက်ကို ကြည့်ပြီး ရှင်းပြသည်။

"ဖျင်စစ်က ရှောင်နျန်ကို အကွာအဝေးတိုင်းတာဖို့နဲ့ စီနီယာအစ်ကိုကျိုကို အမှတ်အသားလုပ်ခိုင်းဖို့ ခေါ်သွားတာ… သူတို့သုံးယောက်ပဲဆို သွားရလာရတာ ပိုအဆင်ပြေပြီး အချိန်ကုန်လည်း သက်သာတယ်လေ… စိတ်မပူပါနဲ့၊ သူထွက်ပေါက်ကိုရှာပြီးရင် ကျွန်တော်တို့ကို လမ်းညွှန်ချက်ပေးလိမ့်မယ်… သူ့ရဲ့ညွှန်ကြားချက်အတိုင်း ကျွန်တော်တို့ထွက်သွားရုံပဲ…"


ချင်လု၏ဦးနှောက်က လုံးဝရှုပ်ထွေးနေပြီး သူမဘေးပတ်ပတ်လည်ရှိ လှေကားများအားလုံးက ရွေ့လျားနေကာ တချို့က အဝေးမှာ လှည့်ပတ်နေပြီး တချို့က သူမအနားတွင် နားမလည်နိုင်စွာ ပေါ်လာကာ မရေမတွက်နိုင်သော လှေကားထစ်များဖြင့် တည်ဆောက်ထားသော မှော်ရဲတိုက်နှင့်တူသည်။ ပြီးနောက် သူတို့ကို သယ်ဆောင်ထားသည့် လှေကား 10-1 က လေထဲမှာ ပျံဝဲနေသည်။ အမြင့်ကြောက်သောသူများသည် ဤဝင်္ကပါကို ဖြတ်ကျော်ရင်း အော့အန်မိနိုင်သည်။


အချိန်တွေက တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးလာတော့ သူတို့သုံးယောက်က တဖြည်းဖြည်း စိတ်ပူလာသည်။ ယွဲ့ရှင်းဝမ်တစ်ဦးတည်းသာ အမြဲတမ်း စိတ်အေးလက်အေး အမူအရာဖြစ်နေသည်—— သူက ဝင်္ကပါများနှင့် အကွာအဝေးတွေးခေါ်ပုံတွင် ကောင်းစွာမကျွမ်းကျင်သော်လည်း ဖျင်စစ်က ထွက်ပေါက်ကို ရှာတွေ့နိုင်မည်ဟု သူယုံကြည်ခဲ့သည်။


သိပ်မကြာခင်ပဲ ကျန်းဖျင်စစ်က သုတေသနအဖွဲ့ chat channel မှာ စာပို့လာသည်။

"ငါ ထွက်ပေါက်ကို တွေ့ပြီ… မင်းတို့ 10-2၊ 11-4၊ 12-3၊ 12-4 ကိုသွားလိုက်…"


သူတို့ကို သယ်ဆောင်ထားသော လှေကားသည် 10-2 အမှတ်အသားနှင့် ချိတ်ဆက်ထားရာ ယွဲ့ရှင်းဝမ်က ချက်ချင်းပြောလိုက်သည်။ 

"သွားမယ်!"


သူတို့သုံးယောက်က သူ့နောက်ကို အမြန်ပြေးလိုက်ကြပြီး သူတို့ခြေထောက်အောက်က လှေကားတွေသည် လေထဲမှာ တစ်ဖန်ပြန်လှုပ်ရှားလာကြသည်။ ယွဲ့ရှင်းဝမ်က အရှေ့ကို စေ့စေ့ကြည့်နေပြီး လှေကားသည် အလယ်တွင် နှစ်ကြိမ်တိုင်တိုင် အနှောင့်အယှက်ဖြစ်စေသော အရာများနှင့် ချိတ်ဆက်ထားသော်လည်း ယွဲ့ရှင်းဝမ်က သူ့အဖွဲ့ဝင်များကို နောက်လှေကားများအပေါ် အပြေးအလွှားမပို့ဆောင်မီ လှေကားများက ကျန်းဖျင်စစ်ပြောသော 11-4 နှင့် ချိတ်ဆက်သွားသည်အထိ ယွဲ့ရှင်းဝမ်က ၎င်းတို့ကို လျစ်လျူရှုခဲ့သည်။ 


3 စက္ကန့်အတွင်း သူတို့၏လှုပ်ရှားမှုက မြန်ဆန်ရမည်။


ဆက်တိုက် နေရာအကူးအပြောင်းများအပြီးတွင် ယွဲ့ရှင်းဝမ်တို့ကို သယ်ဆောင်လာသော လှေကားသည် နောက်ဆုံးတွင် ပျံသန်းပြီးနောက် လှေကား 12-4 နှင့် ချိတ်ဆက်ခဲ့သည်။ 


ကျန်းဖျင်စစ်သည် လှေကားများ၏ တစ်ဖက်တွင် သူ့အား စောင့်နေကြောင်း ယွဲ့ရှင်းဝမ် မြင်လိုက်ရသည်။


သူတို့နှစ်ဦး၏ မျက်လုံးများသည် လေထဲတွင် ဆုံတွေ့ကြပြီး ကျန်းဖျင်စစ်က သူ့လက်ကို ဆန့်တန်းကာ ပြောလိုက်သည်။

"လာခဲ့…"


လှေကားများ ချိတ်ဆက်မိချိန်တွင် ယွဲ့ရှင်းဝမ်က ချက်ချင်းလက်လှမ်းလိုက်ကာ ကျန်းဖျင်စစ်က သူ့လက်ကို ဆုပ်ကိုင်ပြီး ညင်သာစွာဆွဲကာ နောက်ဆုံးလှေကားထစ်ဆီ ဆွဲတင်လိုက်သည်။ လင်းမန့်လော်၊ ခယ်ရှောင်ပင်းနှင့် ချင်လုတို့လည်း လျင်မြန်စွာ ခုန်တက်သွားကြသည်...


လှေကားထစ်များအဆုံးတွင် တံခါးတစ်ခု ပေါ်လာတာကို လူတိုင်းတွေ့လိုက်ရသည်။


အဲဒါက ဝင်္ကပါရဲ့ထွက်ပေါက်ပဲ!


#TK