Chapter 79
Viewers 22k

Volume 4 : ဗိသုကာဌာန


Chapter 79 (အဖွဲ့ဝင် ၀၂)


အိပ်ဆောင်သို့ပြန်ရောက်ပြီးနောက် အချိန်စောနေသေးတာကိုတွေ့မြင်ရပြီး ကျန်းဖျင်စစ်က "အဆုံးမရှိလှေကားများ" ၏နည်းဗျူဟာကို သတိရှိရှိစတင်စီစဉ်ခဲ့သည်။


အစတွင် သူသည် ကျောင်းသားများစွာကို လှုံ့ဆော်ပေးသည့် "သုဒ္ဓကိန်းများဝင်္ကပါ" နည်းဗျူဟာပို့စ်ကို ရေးခဲ့သည်။ သင်္ချာဌာနမှာ ကျောင်းသားတချို့သည် စာမေးပွဲအောင်ပြီးသည့်နောက်မှာတော့ သူ့အကူအညီအတွက် ကျေးဇူးတင်ကြောင်း အပြန်ပြန်အလှန်လှန် ပို့လာကြသည်။ ၎င်းပို့စ်သည် ပင်မစာမျက်နှာပေါ်တွင် ပေါ်နေသေး၏။


ပထမဆုံး နည်းဗျူဟာတစ်ခုကို ရေးခဲ့စဉ်က ယွဲ့ရှင်းဝမ်၏ အဆိုပြုချက်ကြောင့်သာဖြစ်ပြီး ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်အတွက် သုဒ္ဓကိန်းများဝင်္ကပါ၏ ရှင်းလင်းရေးနည်းလမ်းကိုသာ ရေးသားပြီး ဖိုရမ်သို့ ပေးပို့ခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် ယွဲ့ရှင်းဝမ်၏သတိပေးချက်မရှိဘဲ ကျန်းဖျင်စစ်သည် သင်တန်းကိုအောင်မြင်ရန်အတွက် အကြံဉာဏ်ကို စတင်ရှင်းလင်းကာ ယွဲ့ရှင်းဝမ်အား ဖတ်ရှုခိုင်းရန် ပေးလိုက်သည်။


ယွဲ့ရှင်းဝမ်က အနည်းငယ် အံ့အားသင့်သွားသည်။

"ဒီလောက်မြန်မြန် ရှင်းလင်းပြီးသွားပြီပေါ့? ငါ မင်းကို ဒီအကြောင်းပြောတော့မလို့ကို…"


ကျန်းဖျင်စစ်: "ငါ ပုံတစ်ပုံဆွဲထားတယ်၊ မင်း နားလည်နိုင်မယ်လို့ ထင်လား?"


ယွဲ့ရှင်းဝမ်က ရောက်လာပြီး အနီးကပ် ကြည့်လိုက်သည်။


သူဆွဲထားသော 3D ဂျီဩမေတြီပုံသည် အလွန်ရှင်းလင်းပြီး ဖော်ပြရန် 12 ထပ်ရှိသော ဝင်္ကပါကို သုံးပိုင်းခွဲထားသည်။ ပထမအပိုင်းက Penrose‌ လှေကားများ၊ ဒုတိယအပိုင်းက လှေကားအတက်အဆင်းစည်းမျဉ်းနှင့် တတိယအပိုင်းက နေရာပြောင်းလဲခြင်းချိတ်ဆက်မှုဖြစ်သည်။ ကျန်းဖျင်စစ်၏ရှင်းပြချက် ရှင်းလင်းပြီး ရိုးရှင်းကာ ဝိဇ္ဇာကျောင်းသားများပင် နားလည်နိုင်သည်။


အကွာအဝေးတွေးခေါ်ပုံ ကောင်းမွန်သော ကျောင်းသားများသည် သင်တန်းကို ‌ဖြတ်ကျော်ရန် တစ်ချက်ကြည့်ရုံဖြင့် နားလည်နိုင်သည်။ တကယ်တော့ သည်သင်တန်းက ဂိမ်းထဲရှိ မှော်ရဲတိုက်နှင့် စက်ယန္တရားဝင်္ကပါနဲ့ ဆင်တူသည်။ အမှတ်အသားပြုထားသည့် လှေကားအားလုံးကို စက်ယန္တရားခလုတ်များအဖြစ် မှတ်ယူနိုင်ပြီး ခလုတ်များကို မှတ်မိရန်သာ လိုအပ်သည်။


ယွဲ့ရှင်းဝမ်က လက်မထောင်ပြသည်။

"မဆိုးဘူး၊ ဒီအတိုင်းတင်လိုက်တော့!"

 

ကျန်းဖျင်စစ်သည် ဖိုရမ်တွင် တည်းဖြတ်ထားသော ပို့စ်ကို တင်ခဲ့သည်။


နေ့လည်ခင်းက ကျောင်းသားတွေအတွက် စာမေးပွဲဖြေပြီးနောက် အနားယူချိန်ဖြစ်သည်။ 5 မိနစ်အတွင်း မှတ်ချက်ပေးသူ 1,000 ကျော်ရှိခဲ့သည်။ လူတော်တော်များများက သူတို့၏ကျေးဇူးတင်ကြောင်းကို ဖော်ပြသည့် တုံ့ပြန်မှုတစ်ခု ချန်ထားခဲ့သည်။ ဤနည်းဗျူဟာသည် သုသေတနအဖွဲ့အများစု၏ အရေးတကြီးလိုအပ်ချက်များကို အမှန်တကယ်ဖြေရှင်းနိုင်ခဲ့သည်။


ဟွာအန်းတက္ကသိုလ်မှ သင်္ချာဌာနရှိ ကျောင်းသားတစ်ယောက်က မှတ်ချက်တစ်ခု ရေးခဲ့သည်။

"စီနီယာကျန်းဖျင်စစ် တင်ထားတဲ့ နည်းဗျူဟာပို့စ်ကို တကယ်မြင်ရတယ်ဆိုတာ ငါယုံတောင်မယုံနိုင်ဘူး! သူက ပို့စ်နှစ်ခုတောင် တင်ထားသေးတယ်! သင်္ချာဌာနမှာဆို သူ့ဆီကနေ ဘယ်သူမှ အချက်အလက်တွေ မငှားရဲကြဘူး… သူက စရိုက်များပြောင်းသွားတာလား?"


တစ်စုံတစ်ယောက်က စိတ်မပါစွာ တုံ့ပြန်လာသည်။

"သူက စီနီယာယွဲ့ရှင်းဝမ်ရဲ့ လွှမ်းမိုးမှုခံရတယ်လို့ ငါသံသယဖြစ်မိတယ်… သူတို့နှစ်ယောက်က ကျောင်းမှာ အရမ်းကောင်းတဲ့ဆက်ဆံရေးရှိတယ်… သူတို့နှစ်ယောက်က မကြာခဏ အတူတူ စာလုပ်လေ့ရှိပြီး အခုလည်း သုတေသနအဖွဲ့တစ်ခုတည်းရှိနေတယ်… စီနီယာယွဲ့ရှင်းဝမ်က နည်းဗျူဟာကို စိတ်အားထက်သန်စွာ တင်ခဲ့တာကြောင့် စီနီယာကျန်းဖျင်စစ်ကလည်း လိုက်ပြီးတင်ခဲ့တာ၊ ငါထင်တာမှန်တယ်မလား?"


ဒီစာကိုမြင်တော့ ကျန်းဖျင်စစ်က တုံ့ပြန်ခဲ့သည်။

"သံသယတွေကို ဖယ်လိုက်၊ မင်းထင်တာမှန်တယ်…"


တုံ့ပြန်ခဲ့ရသော ကျောင်းသားသူ စိတ်လှုပ်ရှားစွာဖြင့် ‘အားးးးး’ဟူသော စကားလုံးကို အတန်းလိုက်ပို့ခဲ့ပြီး နေရာမှာတင် ဝန်ခံခဲ့သည်။

"စီနီယာကျန်း၊ ကျွန်မက ရှင်နဲ့ စီနီယာယွဲ့ရဲ့ fan တစ်ယောက်ပါ… ရှင်တို့နှစ်ယောက်က အရမ်းချောတာပဲ! ကျွန်မ ဟွာအန်းတက္ကသိုလ်ကို ပြန်လာနိုင်ခဲ့ရင် ရှင်တို့နှစ်ယောက်အတွက် နေ့တိုင်း milk tea ဝယ်တိုက်ပါ့မယ်!"


ယွဲ့ရှင်းဝမ်က ပြုံးကာ တုံ့ပြန်ခဲ့သည်။

"ဝယ်တိုက်စရာမလိုပါဘူး ဂျူနီယာညီမလေး… နေ့တိုင်း milk tea သောက်ရင် သွေးတွင်းသကြားဓာတ် မြင့်သွားကိုပဲ ငါကြောက်မိတယ်…"


စီနီယာနှစ်ယောက်က တစ်ချိန်တည်းမှာ အကြောင်းပြန်လာတာကြောင့် ဂျူနီယာညီမလေးသည် ပျော်ရွှင်စွာ အပြင်ထွက်ပြီး ပတ်ပြေးချင်လာသည်။ သူမက စိတ်လှုပ်ရှားစွာ စာပို့လိုက်သည်။

"ရွှယ်ပတွေကို ကျေးဇူးတင်ပါတယ်! နောက်သင်တန်းမှာ အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်!"

ထို့နောက် ‘ရွှယ်ပကိုးကွယ်သူ’အများအပြားက စာပို့ခဲ့ကြသည်။


နာမည်ကြီး"ရွှယ်ပနည်းဗျူဟာအဖွဲ့"နှစ်ယောက်က ဖိုရမ်တွင် တစ်ပြိုင်နက်တည်း အမှန်တကယ်ပေါ်လာပြီး ကျောင်းသားအများအပြားက နတ်ဘုရားအမျိုးသားများအပေါ် သူတို့၏အချစ်ကိုဝန်ခံရန် အပြေးအလွှားရောက်လာကြသည်။ ခက်ခဲသောပတ်ဝန်းကျင်တွင် သူတို့၏စာမေးပွဲအတွေ့အကြုံကို မျှဝေခြင်းက လူအများအတွက် တကယ်ကို အထောက်အကူဖြစ်စေသည်။ သူတို့အတွက် နည်းဗျူဟာကိုရေးတာက လွယ်ကူပေမယ့် သင်တန်းကျရှုံးမည့်အစွန်းတွင် ရုန်းကန်နေရသော ကျောင်းသားများစွာအတွက် ၎င်းကအသက်ကယ်ကောက်ရိုးတစ်မျှင်ဖြစ်သည်။


ဘယ်သူကမှ သူတို့ကို နည်းဗျူဟာတစ်ခုတင်ရန် အတင်းအကြပ်မလုပ်ခိုင်းပေ။ ဘာတစ်ပြားတစ်ချပ်မှ ရရှိခြင်းမရှိဘဲ သူတို့၏ကိုယ်ပိုင်အပြုအမူဖြစ်သည်။ ယွဲ့ရှင်းဝမ်၏အမြင်တွင် စာမေးပွဲကို အောင်အောင်မြင်မြင် ဦးဆောင်ခဲ့သော စီနီယာများအနေနှင့် ဂျူနီယာများအတွက် တတ်နိုင်သမျှ ကူညီပေးရန် လိုအပ်ပါသည်။


နည်းဗျူဟာကို တင်ပြီးနောက် နေ့လယ်စာစားချိန်သာရှိသေးပြီး ယွဲ့ရှင်းဝမ်က သုတေသနအဖွဲ့ chat channel တွင် စာပို့လိုက်သည်။

"အားလုံး ထမင်းအရင်သွားစားရအောင်… နေရာဟောင်းမှာ စုကြမယ်…"


နေ့လယ် 12:30 တွင် ကန်တင်းနံပါတ် 1 ၏ အဝင်ဝတွင် အားလုံးစုရုံးကြသည်။


ယွဲ့ရှင်းဝမ်ကို အံ့အားသင့်စေတာကတော့ ပေကျင်းတက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံနှင့်ဥပဒေဌာနမှ ချန်မုယွင်သည် တစ်ယောက်ယောက်ကို စောင့်နေသလိုမျိုး ကန်တင်းအဝင်ပေါက်တွင် ရှိနေသည်။


သူမတွင် နက်မှောင်သောဆံပင်ရှည်ရှိပြီး နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးပုံစံပေါက်သော်လည်း တကယ်တော့ သူမက ရှင်းလင်းစွာထုတ်ဖော်ပြောဆိုတတ်ခြင်း၊ ပါးနပ်ပြီး အရည်အချင်းရှိတာကြောင့် ကျောင်းသားကောင်စီ၏ ဥက္ကဋ္ဌဖြစ်နေခြင်းဖြစ်သည်။ ယွဲ့ရှင်းဝမ်သည် စကားရည်လုပွဲ၌ သူမနှင့် အကြိမ်ကြိမ်ယှဉ်ပြိုင်ကစားခဲ့ပြီး အဆက်အသွယ်အချက်အလက်ကို သီးသန့်ချန်ထားခဲ့ခြင်းမရှိသော်လည်း တစ်ယောက်ကိုတစ်ယောက် တွေ့ဆုံသောအခါတွင် ယဉ်ကျေးစွာနှုတ်ဆက်ကြသည်။

"အစ်မမုယွင် တိုက်ဆိုင်လိုက်တာ…"


ချန်မုယွင်က အပြုံးဖြင့် ပြောသည်။

"တိုက်ဆိုင်တာမဟုတ်ဘူး… ငါ နင်တို့ကို တမင်စောင့်နေတာ…"

 

ယွဲ့ရှင်းဝမ်က အံ့ဩသွားသည်။

"အစ်မက ကျွန်တော်တို့ကို စောင့်နေတာလား?"


မကြာခင်မှာပဲ လင်းမန့်လော်လည်း ရောက်လာပြီး ရှင်းပြသည်။ "ဒီလိုပါ… မုယွင်ကပြောတယ်၊ သူမဘက်မှာ ဥပဒေကျောင်းသားတွေ အများကြီးရှိနေလို့ အဖွဲ့ကလည်း မဆန့်‌တော့တဲ့အတွက် သူမက ငါတို့အတွက် တစ်ယောက်ယောက်ကို အကြံပေးမယ်တဲ့…" သူမက ချန်မုယွင်ကိုကြည့်ကာ "ဘယ်လိုလဲ? နင်ပြောခဲ့တဲ့ ကျောင်းသားက ငါတို့အဖွဲ့ထဲဝင်ချင်လား?"


ချန်မုယွင်က ခေါင်းငြိမ့်သည်။

"အင်း… ငါ သူမကို ပြောပြီးနောက် ရှင်းဝမ်နဲ့ ဖျင်စစ် ဦးဆောင်တဲ့ သုတေသနအဖွဲ့ဖြစ်ကြောင်း သူမကြားလိုက်ရတော့ အရမ်းစိတ်လှုပ်ရှားသွားပြီး အားလုံးနဲ့အရင်မိတ်ဆက်ရအောင် သူမလာလိမ့်မယ်… သူမက သင့်တော်သလားဆိုတာ နင်ကြည့်လို့ရတာပေါ့… သူမက ငါတို့တက္ကသိုလ်ရဲ့ ဥပဒေဘာသာရပ်ကဖြစ်ပြီး ဥ‌ပဒေအားလုံးကို တတ်ကျွမ်းပြီး ပညာသင်ဆုတွေ နှစ်စဉ်နှစ်တိုင်းရတယ်… အရမ်းစွယ်စုံရတဲ့ ကျောင်းသားတစ်ဦးပါ…"


လင်းမန့်လော်က ရယ်ကာ စ‌နောက်သည်။

"ဒီလောက်တော်တဲ့အဖွဲ့ဝင်ကို နင်က ငါတို့ဆီပေးဖို့ ဆန္ဒရှိတယ်ပေါ့?"


ချန်မုယွင်က ခေါင်းနောက်စွာ ပြောသည်။

"ငါ့မှာ ဥပဒေဘာသာရပ်တွေ ‌အရမ်းများနေတာ… လက်ရှိ အဖွဲ့ထဲမှာ ဥပဒေဌာနက စီနီယာအစ်ကိုရယ်၊ ငါနဲ့ သူမ အပါအဝင် သုံးယောက်ရှိတယ်… ငါ အဲဒါကိုမစီစဉ်နိုင်မှာ စိုးရိမ်နေခဲ့တာ! နင်တို့ဆီမှာ ဝိဇ္ဇာဘာသာရပ်တွေ နည်းနေသေးတာဆိုတော့ နင်တို့အဖွဲ့ထဲ သူမကို သွားခိုင်းလိုက်တာက ပိုကောင်းတာပေါ့… နောင်ကျရင်လည်း ငါတို့အဖွဲ့နှစ်ဖွဲ့က ပူးပေါင်းဆောင်ရွက်တဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်ပြီး လိုအပ်တဲ့အခါ X အဖွဲ့ဝင်တွေကို လဲလှယ်လို့ရတာပေါ့…"


ဥပဒေကျောင်းသား သုံးယောက်ရှိနေတာက အမှန်တကယ်ပင် များပြားလွန်းသဖြင့် နောက်ပိုင်းသင်တန်းများတွင် လွယ်ကူမည်မဟုတ်ပေ။ ယွဲ့ရှင်းဝမ်က စိတ်ဝင်တစား မေးသည်။

"အစ်မမုယွင်ရဲ့အဖွဲ့က ဖွဲ့စည်းလို့ပြီးသွားပြီလား?"


ချင်မုယွင်က ရှင်းပြသည်။

"ငါတို့ရဲ့ ပေကျင်းနိုင်ငံရေးသိပ္ပံနှင့်ဥပဒေနဲ့ ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်က သုတေသနအဖွဲ့တစ်ခုတည်ထောင်ဖို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ… ချင်းလန်နဲ့ ငါက အဖွဲ့ဝင်တွေကို တစ်ချိန်တည်း ခေါ်ယူခဲ့တယ်… လူအများအပြားက လာလျှောက်ခဲ့ကြပြီး နှစ်ရက်ကြာစစ်ဆေးပြီးနောက် ဒီမနက်ပဲ စာရင်းကို အတည်ပြုလိုက်တယ်… သူတို့အားလုံးကို ဘက်စုံစည်းကမ်းကိုက်ညီမှုနဲ့ ပြည့်စုံကျွမ်းကျင်မှုကို အခြေခံပြီး ရွေးချယ်ခဲ့တယ်…"


ယွဲ့ရှင်းဝမ်က သဘောတူကာ ပြောသည်။

"ဘက်စုံစည်းကမ်းကိုက်ညီမှုက ယေဘုယျလမ်းကြောင်းတစ်ခုပဲ… တကယ်တော့ စာကြည့်တိုက်မှာက ကျွမ်းကျင်မှုအနည်းငယ်ပဲရှိတာပါ… အဓိကအချက်ကတော့ စာမေးပွဲမှာ အသုံးပြုရတဲ့ မတူညီတဲ့ဘာသာရပ်တွေရဲ့ တွေးခေါ်မှုနဲ့ အသိပညာပဲ…"


ကျန်းဖျင်စစ်က မေးသည်။

"နောက်ဆုံးအတည်ပြုတဲ့စာရင်းတွေက ဘယ်ဘာသာရပ်တွေလဲ?"


ချန်မုယွင်: "ငါတို့အဖွဲ့မှာ ဒဿနိကဗေဒ၊ ဘာသာပြန်၊ သမိုင်း၊ ဥပဒေ၊ သင်္ချာနှင့် စာရင်းအင်းပညာ၊ အသုံးချရူပဗေဒ၊ အသုံးချဓာတုဗေဒ၊ ဘဝသိပ္ပံ၊ စက်မှုအင်ဂျင်နီယာနဲ့ ဆရာဖြစ်သင်တန်းတက္ကသိုလ်ကနေ အနုပညာကျောင်းသားနဲ့ ဂီတကျောင်းသားကိုလည်း ထပ်လောင်းပေါင်းထည့်ထားတယ်…"


ယွဲ့ရှင်းဝမ်: "ဒါက တော်တော်လေး ပြည့်စုံနေပြီပဲ… ဒါပေမယ့် ငါတို့အဖွဲ့မှာ အနုပညာကျောင်းသားတွေ မရှိဘူး…"


စကားစမြည်ပြောနေရင်း အဝေးက နူးညံ့သိမ်မွေ့သောအသံတစ်ခုက ရုတ်တရက်ထွက်လာသည်။

"မုယွင်၊ ငါမနောက်ကျဘူးမလားဟင်?"


အားလုံးက အသံ၏ဦးတည်ရာကို နားထောင်ပြီး ခေါင်းကို လှည့်လိုက်ကြသည်။


အပြာရောင်ဂါဝန်ဝတ်စုံကို ဝတ်ထားသော ကောင်မလေး သေးသေးလေးက ဒီဘက်ကို အလျင်အမြန် လျှောက်လာတာ တွေ့လိုက်ရသည်။


သူမက မင်းသမီးလေးလို အပြာရင့်ရောင်တောက်တောက်ဂါဝန်ကိုဝတ်ဆင်ထားပြီး အဖြူရောင်ဒေါက်မြင့်ဖိနပ်၊ သစ်အယ်သီးဆံပင်ကောက်ကောက်ကြီးက သူမခေါင်းနောက်တွင် တွဲလျားကျနေပြီး သူမဆံပင်ပေါ်တွင် ဆံညှပ်တစ်ခုကို ပန်ဆင်ထားသည်။ သူမသည် အလွန်သိမ်မွေ့ပြီး လှပသော မိန်းကလေးတစ်ဦးဖြစ်ပြီး မင်းသမီးလေးလို ဝတ်ဆင်ထားကာ လမ်းလျှောက်နေသည့်အချိန်တွင် ဒေါက်မြင့်ဖိနပ်များက ကြမ်းပြင်ကို အသံမြည်အောင် ပြုလုပ်နေပြီး ကြောင်လမ်းလျှောက်သကဲ့သို့ ကြော့ကြော့မော့မော့ လမ်းလျှောက်လာသည်။ 


လင်းမန့်လော်၊ ချင်လုနှင့် ချင်မြောင်တို့အားလုံးသည် သွားလာရတာ အဆင်ပြေစေရန်အတွက် အားကစားဝတ်စုံကို ဝတ်ဆင်ထားသည်။ စာကြည့်တိုက်လို နေရာမျိုးမှာ ဒေါက်မြင့်ဖိနပ်နဲ့ ဂါဝန်ဝတ်သော မိန်းကလေးတွေကို မတွေ့ရတာ ကြာလှပြီ။


သူမမျက်နှာပေါ်က အပြုံးကြီးကြီးဖြင့် သူတို့ဘက်သို့ ‌သူမလျှောက်လာတာကို မြင်သောအခါ ယွဲ့ရှင်းဝမ်က အနည်းငယ် မှင်တက်သွားသည်။ 


လျှိုကျောက်ချင်းက ပြုံးဖြဲဖြဲဖြင့် ချန်မုယွင်ကို မေးလိုက်သည်။

"ဒီဂျူနီယာညီမသေးသေးလေးက မင်းပြောခဲ့တဲ့ ဥပဒေဌာနက အတန်းဖော်လား?"


ဆံပင်ကောက်ကောက်နဲ့ ကောင်မလေးက ချိုသာစွာ ပြုံးပြနေသော်လည်း သူ့ကို မော့ကြည့်ပြီး သူမပြောလာသောစကားကြောင့် အံ့အားသင့်သွားသည်။

"နင် ငါ့ကို စီနီယာအစ်မလို့ ခေါ်သင့်တာ…"


လျှိုကျောက်ချင်းသည် သူ့ရင်ဘက်လောက်သာရှိသော ကလေးမလေးအား ငုံ့ကြည့်ကာ အပြုံးဖြင့် သူ့နှာခေါင်းကိုထိရင်း ပြောလိုက်သည်။

"ဂျူနီယာညီမလေး မနောက်ပါနဲ့… ငါက ဘွဲ့လွန်ဒုတိယနှစ်‌ ရောက်နေပြီ… မင်းက ဒုတိယနှစ်လား? တတိယနှစ်လား?"


ဆံပင်ကောက်ကောက်နဲ့ ကောင်မလေးက ပြုံးကာ ပြောလိုက်သည်။

"ငါက ဘွဲ့လွန်တတိယနှစ်ကျောင်းသူ၊ နင့်ထက် တစ်နှစ်ကြီးတယ်…"


လူတိုင်း: "..."


လျှိုကျောက်ချင်း၏မျက်နှာပေါ်က အပြုံးသည် အေးခဲသွား၏—— ချင်လု၊ချင်မြောင်တို့ အမြွှာညီအစ်မပင်လျှင် သူ့အရှေ့ရှိ မိန်းကလေး သေးသေးလေးထက် ‌ခေါင်းတစ်ဝက်လောက်မြင့်ပြီး ဒါတောင် သူမက ဒေါက်မြင့်ဖိနပ်ကို စီးထားလို့ဖြစ်သည်။


သူမ၏မျက်နှာအမူအရာကလည်း ချစ်စရာကောင်းလွန်းလှပြီး သူမက ချစ်စရာကောင်းသော ကလေးမလေးပုံစံနဲ့ တူသည်…


စီနီယာအစ်မတဲ့လား? အဲဒီလိုတော့ မခေါ်နိုင်ဘူး!


ချန်မုယွင်က သူမကို လေးလေးစားစား ဆက်ဆံပြီး အလျင်အမြန် မိတ်ဆက်ပေးခဲ့သည်။

"ငါပြောဖို့ မေ့သွားတယ်… စီနီယာအစ်မလန်က ငါတို့နိုင်ငံရေးသိပ္ပံနှင့်ဥပဒေတက္ကသိုလ်ရဲ့ ဥပဒေဌာနက ဌာနမှူးရဲ့ အနီးကပ်တပည့်လေ… သူမက ဘွဲ့လွန်တတိယနှစ်ကျောင်းသူဖြစ်ပြီး ဘွဲ့ရတော့မှာ… သူမက တရားရေးစာမေးပွဲကို အောင်သွားပြီးပြီ… ငါ့ထက်အများကြီး ပိုအစွမ်းထက်တယ်…"


ဆံပင်ကောက်ကောက်နဲ့ ကောင်မလေးက ကြင်နာစွာပြုံးလိုက်သည်။

"ငါ့ကို မြှောက်နေပြန်ပြီ မုယွင်… နင်က အရမ်းနိမ့်ချလွန်းတယ်…"


တရားရေးစာမေးပွဲကို အောင်ထားပြီးပြီလား? ဥပဒေကျောင်းသားများအတွက် စာမေးပွဲသည် အိမ်မက်ဆိုးတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံတွင် အခက်ခဲဆုံး အသိအမှတ်ပြုလက်မှတ်တစ်ခုဖြစ်သည်။ သူ့အရှေ့က ကောင်မလေးသည် ကလေးမလေးပုံစံနဲ့ တူပေမယ့် ဒီလောက် အစွမ်းထက်မယ်လို့ မမျှော်လင့်ထားပေ။ သူမ၏အသွင်အပြင်သည် သူမဟာ အားနည်းပြီး အနိုင်ကျင့်ဖို့ လွယ်ကူသည်ဟု လူအများကို ခံစားရစေပေမယ့် တကယ်တော့ ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်နိုင်မလဲဆိုတာ ‌မသေချာပေ။


ကောင်မလေးက ပြုံးကာ သူမ၏လက်ကို ဆန့်လိုက်သည်။

"ရှင်းဝမ်၊ ငါ နင့်အကြောင်းတွေ အများကြီးကြားဖူးတယ်… ငါ့နာမည်က လန်ယာရုန်ပါ…"


ယွဲ့ရှင်းဝမ်က ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ စီနီယာအစ်မလန်…"


ကျန်းဖျင်စစ်က လူတွေနဲ့ လက်ဆွဲနှုတ်ဆက်တာကို မကြိုက်သည့်အတွက် နှုတ်ဆက်သည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


လင်းမန့်လော်သည် တစ်ဖက်လူက စီနီယာအစ်မဖြစ်သည်ဟူသောအချက်ကို လျင်မြန်စွာလက်ခံခဲ့ပြီး ‌ရက်ရောစွာ ပြောခဲ့သည်။

"စီနီယာအစ်မလန်၊ ကျွန်မတို့အဖွဲ့ကို ဝင်ဖို့ ဆန္ဒရှိလား?"


လန်ယာရုန်က ချိုချိုသာသာ ပြုံးလိုက်သည်။

"သေချာတာပေါ့… မုယွင်က အခြေအနေအတိအကျကို ပြောပြထားပြီးသားပါ… ဒီဘက်မှာက ဥပဒေဘာသာရပ်တွေ အရမ်းများနေပြီး နင်တို့ဘက်မှာက ဥပဒေဘာသာရပ်မရှိသေးဘူးဆိုတော့ နင်တို့ ငါ့ကို လက်ခံဖို့ ဆန္ဒရှိတယ်ဆိုရင် နင်တို့နဲ့ပူးပေါင်းဖို့ ငါပျော်ပါတယ်… ကျေးဇူးပြုပြီး အနာဂတ်မှာ ငါ့ကိုအကြံဉာဏ်ပေးပါဦးနော်…"


လန်ယာရုန်က သေးသွယ်ပြီး နူးညံ့သိမ်မွေ့ကာ သူမပြုံးသောအခါ သူမ၏မျက်နှာပေါ်တွင် ပါးချိုင့်များရှိနေသည်။ သူမသည် ချစ်စရာကောင်းသော ဂျူနီယာညီမတစ်ဦး၏ပုံသဏ္ဌာန်ဖြစ်သော်လည်း သူမသည် တစ်ဖွဲ့လုံးတွင် အသက်အကြီးဆုံး စီနီယာအစ်မတစ်ဦးဖြစ်နေသည်။ သူမမျက်နှာကို ကြည့်ရုံနဲ့ ဘွဲ့လွန်တတိယနှစ်ကျောင်းသူတစ်ယောက်ဆိုတာ မယုံနိုင်စရာပင်ဖြစ်သည်။


မိန်းကလေးတွေက ကောင်းကောင်းလက်ခံကြသည်။ ချင်လုက အရှေ့ကိုလှမ်းဖို့ ခြေလှမ်းစလိုက်ပြီး 

"စီနီယာအစ်မလန်၊ အဆင်ပြေရင် ကျွန်မတို့နဲ့အတူ လိုက်နေပါလား? ကျွန်မတို့အိပ်ဆောင်မှာ ကုတင်အလွတ်ရှိတယ်…"


လန်ယာရုန်: "ကောင်းပြီ… စကားစမြည်ပြောမယ့်သူမရှိမှာကို ငါစိုးရိမ်နေတာ… ဒီနေ့နေ့လယ်မှာ ရွှေ့လို့ရလား?"


လင်းမန့်လော်က ရိုးရှင်းစွာပြောသည်။

"နေ့လယ်စာစားပြီးရင် အစ်မရဲ့ခရီးဆောင်အိတ်ကို သယ်ကူဖို့ ကျွန်မတို့ ကူညီပေးမယ်…"


ချင်မြောင်က ပေါ့ပါးစွာ ဆိုသည်။

"အစ်မရဲ့ ကိုယ်ပိုင်ရေချိုးခန်းသုံးပစ္စည်းတွေတော့ ယူလာရမယ်… ကျွန်မတို့အားလုံးက ကိုယ့်ပစ္စည်းကိုယ်ပဲ သုံးကြတာမလို့…"


လန်ယာရုန်: "ကိစ္စမရှိဘူး… အိပ်ဆောင်မှာ ဗီရိုအလွတ်တွေရှိလား?"


ချင်မြောင်: "အင်း… တစ်ယောက်ကို ဗီရိုတစ်လုံးစီရှိတယ်…"


ယောင်္ကျားလေးများ: "…"


မိန်းကလေး လေးယောက်မှာ သူတို့၏ပင်ကိုယ်စရိုက်တွေရှိပြီး လိုက်လျောညီထွေရှိပုံရကာ ဘာမှမပြောစရာမရှိပေ။ မိန်းကလေးတွေကြားက ခင်မင်ရင်းနှီးမှုသည် အလွန်ထူးဆန်းပြီး သူတို့တွေ ပထမဆုံးတွေ့တွေ့ချင်းမှာပင် အလွန်ရင်းနှီးသွားပုံရပြီး စာကြည့်တိုက်မှာရှိသည့် ခေါင်းလျှော်ရည်ဘယ်တံဆိပ်က ကောင်းသလဲဆိုတာကို ပြောနေကြသည်။


ရွှီယိရှန်းက သူ့ဘေးကနေ တခစ်ခစ်ရယ်ကာ ပြောလိုက်သည်။

"စီနီယာအစ်ကိုလျှို၊ သူမကို စီနီယာအစ်မလို့ ခေါ်မှာလား?"


လျှိုကျောက်ချင်းက ခါးသက်သက်ပြုံးလိုက်သည်။

"ငါဘယ်တတ်နိုင်မှာလဲ? သူမက ငါ့ထက်တစ်နှစ်ကြီးတာကို!"


အရပ်အပုဆုံးနှင့် အသက်အကြီးဆုံး အဖွဲ့ဝင်အဖြစ် လန်ယာရုန်က အဖွဲ့ထဲကိုဝင်ရန် တရားဝင်လျှောက်ထားခဲ့သည်။ ယွဲ့ရှင်းဝမ်က သဘောတူညီသည် ခလုတ်ကို နှိပ်လိုက်ပြီး သုတေသနအဖွဲ့ chat channel တွင် စာတစ်ခု ထွက်ပေါ်လာသည်—— အတန်းဖော်လန်ယာရုန်က သုတေသနအဖွဲ့တွင် ပါဝင်ခဲ့သည်။


လင်းမန့်လော်က “ကြိုဆိုပါတယ် စီနီယာအစ်မလန်”ဟူသော စာတိုဖြင့် အစပြုခဲ့သည်။


မိန်းကလေးအများအပြား တန်းစီကာ ကြိုဆိုကြပြီး တချို့ကလည်း ယဉ်ကျေးစွာ စကားဝိုင်းတွင်ပါဝင်ကြသည်။


ကျိုဖုန်းက ယွဲ့ရှင်းဝမ်၏နားထဲသို့ တိုးတိုးလေးပြောလိုက်သည်။

"မင်းက သူမကို အဖွဲ့ထဲဝင်ဖို့ တိုက်ရိုက်သဘောတူလိုက်တယ်၊ စုံစမ်းဖို့ မလိုတော့ဘူးလား?"


ယွဲ့ရှင်းဝမ်: "သူမက တရားရေးဆိုင်ရာစာမေးပွဲကို အောင်မြင်ထားပြီး သူမရဲ့ကျွမ်းကျင်မှုအရည်အသွေးက ဥပဒေဘွဲ့ကြိုအများစုထက် အများကြီးပိုအစွမ်းထက်တယ်… ပင်ကိုယ်စရိုက်ကတော့လား… မိန်းကလေး လေးယောက်က ကောင်းကောင်း လိုက်ဖက်ညီနေပြီး စီနီယာအစ်မမန့်လော်က သူမကိုအရမ်းသဘောကျနေတာ ကျွန်တော်မြင်ရတယ်…"


ကျိုဖုန်းက သူ့နဖူးကို ကူကယ်ရာမဲ့စွာ ထောက်လိုက်သည်။

"မန့်လော်ကိုယ်တိုင်က သန်မာတဲ့ မိန်းမတစ်ယောက်ရဲ့ စရိုက်လက္ခဏာရှိတာကြောင့် သူမက ချစ်စရာကောင်းတဲ့ ကောင်မလေးတွေကို သဘောကျမှာပေါ့… ဒါပေမယ့် ငါတွေးမိသလောက်ကတော့ ဒီစီနီယာအစ်မလန်က အပေါ်ယံပဲ ချစ်စရာကောင်းတာမလား? သူမက ရက်စက်တဲ့လူပဲ ဖြစ်ရမယ်…"


ယွဲ့ရှင်းဝမ်: "ရက်စက်တဲ့လူဖြစ်တာက ပိုကောင်းတယ်… နောက်သင်တန်းတွေမှာ ပါဝင်ကူညီဖို့အတွက် သူမကိုလိုအပ်လာလိမ့်မယ်… မိန်းကလေး လေးယောက်က ဘာပြဿနာမှမဖြစ်ဘဲ အတူနေနိုင်ရင် လုံလောက်ပါပြီ…"


ကျိုဖုန်းက ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်တယ်…"


လူတိုင်း နေ့လယ်စာစားပြီးနောက် ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"ဒီအချိန်အတွင်း ငါ အမှတ်တွေ အများကြီး စုဆောင်းထားတယ်… ငါတို့ နေ့လယ်စာ စားပြီးပြီဆိုတော့ လူတိုင်း ကောင်းကောင်း အနားယူသင့်တယ်… နေ့လယ် 2 နာရီခွဲမှာ ငါတို့ရဲ့စွမ်းရည်တွေကို အဆင့်မြင့်ဖို့ ဒေတာဘေ့စ်ကို သွားကြမယ်…"


သူက လန်ယာရုန်ကိုကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။

"စီနီယာအစ်မလန်ကို အဖွဲ့ကနေ ကြိုဆိုပါတယ်… စွမ်းရည်တွေကို အဆင့်မြင့်ပြီးရင် အားလုံးက တစ်ယောက်နဲ့တစ်ယောက် ပိုသိလာနိုင်အောင် သုတေသနအဖွဲ့စင်တာမှာ လေ့ကျင့်ကြမယ်…"


န်ယာရုန်: "ကိစ္စမရှိပါဘူး… ငါက အဖွဲ့ထဲဝင်ထားပြီဆိုတော့ အမိန့်ကို နာခံပါ့မယ်…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"ဒါဆို နေ့လယ် 3 နာရီ၊ သုတေသနအဖွဲ့စင်တာ၊ လေ့ကျင့်ရေးခန်းမမှာ အားလုံးကိုတွေ့မယ်!"


#TK