Volume 5 : ဇီဝသိပ္ပံဌာန
Chapter 84 (မျိုးရိုးဗီဇသန္ဓေပြောင်းလဲခြင်း ၀၂)
အပိုမေးခွန်းက ပရော်ဖက်ဆာထန်နဲ့ ဒေတာချစ်ပ်ပြားကို F မြို့ရှိ မျိုးရိုးဗီဇသုတေသနစင်တာဆီ ပို့ဆောင်ပေးရန် ပြောထားသော်လည်း ပရော်ဖက်ဆာထန်က ယောင်္ကျားလား၊ မိန်းမလား၊ မည်ကဲ့သို့ ပုံသဏ္ဌာန်ရှိသည်ကို သူတို့အား မပြောထားပေ။ သူ့ရှေ့မှလူသည် သူတို့ပို့ပေးရမည့်ပစ်မှတ်ဟုတ်၊မဟုတ်ကို ယွဲ့ရှင်းဝမ် သေချာမသိပေ။
ယွဲ့ရှင်းဝမ်က သတိကြီးကြီးဖြင့် မေးလိုက်သည်။
"ပရော်ဖက်ဆာထန်၊ ခင်ဗျားလက်ထဲမှာ အချက်အလက်ရှိလား?"
ပရော်ဖက်ဆာထန်က အံ့အားသင့်သွားသည်။
"အချက်အလက်လား?"
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် အကြည့်ချင်းဖလှယ်ပြီး ကျန်းဖျင်စစ်က အနောက်ကနေ တိတ်တဆိတ် လျှောက်လာရင်း ယွဲ့ရှင်းဝမ်က အပြုံးဖြင့် ပြောလိုက်သည်။
"မျိုးရိုးဗီဇသုတေသနစင်တာရဲ့ ခေါင်းဆောင်က သုတေသနအဆောက်အဦးကနေ စမ်းသပ်မှုဒေတာအားလုံးကို သိမ်းဆည်းထားတဲ့ ကွန်ပျူတာတစ်လုံးရှိပြီး အဲဒါက ခင်ဗျားလက်ထဲမှာလို့ပြောတယ်၊ ကျွန်တော်တို့ကို ကွန်ပျူတာပြန်ယူလာရမယ်ပြောတယ်…"
ပရော်ဖက်ဆာထန်က ရုတ်တရက် သဘောပေါက်သွားသည်။
"ဟုတ်တယ်! ငါ့ကွန်ပျူတာကို သူတို့လုသွားကြတယ်၊ ငါတို့တွေ အဲဒါကို တတ်နိုင်သမျှ မြန်မြန်ရှာ…"
သူစကားမဆုံးခင် ကျန်းဖျင်စစ်သည် သူ့ညာဘက်က်လက်ကို ရုတ်တရက် မြှောက်လိုက်ပြီး သူ့လက်ထဲက ချွန်ထက်သောဓားသည် တစ်ဖက်လူ၏လည်ဂုတ်ကို လျှပ်စီးကြောင်းလို ထိုးဖောက်လိုက်သည်။
ပရော်ဖက်ဆာထန်သည် သူ့မျက်လုံးများ မူးဝေသွားသည်အထိ အထိုးခံလိုက်ရပြီး ကျန်းဖျင်စစ်သည် သူ့ကျောနောက်ဘက်သို့ လက်နှစ်ဖက်ကို လိမ်ကာ လျှိုကျောက်ချင်းကို တစ်ချက်ကြည့်လိုက်သည်။ လျှိုကျောက်ချင်းက နားလည်သဘောပေါက်ပြီး ချက်ချင်း ရှေ့သို့လှမ်းကာ လက်နှစ်ဖက်ကို ပတ်တီးနှစ်ခုဖြင့် တင်းကျပ်စွာ ချည်နှောင်ကာ သူ၏လည်မျိုကို ခွဲစိတ်ဓားဖြင့် ထောက်ပြီး လေးနက်စွာမေးသည်။
"မင်းက ဘယ်သူလဲ? ပရော်ဖက်ဆာထန်က ဘယ်မှာလဲ?"
ထိုလူက ထိတ်လန့်တကြားဖြင့် မျက်နှာပုပ်သိုးသွားသည်။
"ငါက ပရော်ဖက်ဆာထန်လေ၊ မင်းတို့ဘာလုပ်နေတာလဲ?"
ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ကာ ပြောသည်။
"ဟန်ဆောင်မနေနဲ့၊ သန္ဓေပြောင်းလား?"
‘သန္ဓေပြောင်း’ဟူသော စကားလုံးကို ကြားလိုက်သောအခါ လူလတ်ပိုင်းအရွယ် အမျိုးသား၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။
သူ့ကျောနောက်မှာ လက်တွေကို ကြိုးနဲ့ချည်ထားပြီး လည်ပင်းကို ဓားနဲ့ ထောက်ထားဆဲဖြစ်သည်။ သူ့ကို လူတိုင်းက ရှင်းရှင်းလင်းလင်း ထိန်းချုပ်ထားပေမယ့် နောက်တစ်စက္ကန့်မှာတော့ သူ့ခန္ဓာကိုယ်ဟာ မြွေတစ်ကောင်လို ရုတ်တရက် တွန့်လိမ်သွားပြီး သူ့တစ်ကိုယ်လုံးမှာ အရိုးတွေမရှိတော့သလို ပျော့ပျောင်းသွားသည်။ သူသည် ပတ်တီးချည်ထားရာကနေ အလွယ်တကူ လွတ်မြောက်သွားပြီး သူ့ခါးကိုလိမ်ကာ လျှိုကျောက်ချင်း၏ခွဲစိတ်ဓားဖြင့် ခြိမ်းခြောက်မှုမှ ရှောင်တိမ်းပြီး ယွဲ့ရှင်းဝမ်ရှေ့သို့ ရုတ်တရက် လှမ်းသွားသည်——
ထိုလူသည် ပါးစပ်ကိုဖွင့်၍ သွယ်လျသောလျှာ ထွက်လာသည်။ အနီရောက်လျှာသည် 30 စင်တီမီတာရှည်ပြီး အဆိပ်ရှိမြွေတစ်ကောင်က လျှာထုတ်လာသကဲ့သို့ပင်။ ထိုလျှာသည် ယွဲ့ရှင်းဝမ်အရှေ့ကို တိုက်ရိုက်ရောက်လာပြီး လျှာဖျားမှာ ထူးဆန်းသော အစိမ်းရောင်အဆိပ်တစ်မျိုး ရှိနေသည်။
အားလုံး၏ မျက်နှာများက ရုတ်တရက် ပြောင်းလဲသွားသည်။ ကျန်းဖျင်စစ်၏နှလုံးခုန်သံသည် ချက်ချင်း ရပ်တန့်လုနီးပါးဖြစ်သွားကာ သူက အော်လိုက်သည်။
"သတိထားပါ!"
ယွဲ့ရှင်းဝမ်၏ တုံ့ပြန်မှုက အလွန်လျင်မြန်ပြီး သူသည် idiom အဘိဓာန်ကို ထုတ်ကာ ‘လေးစားမှုဖြင့်ဝပ်တွားခြင်း’ဟု ပြောလိုက်သည်။
ထိုလူက သူ့အနားမကပ်ခင်မှာ ‘လေးစားမှုဖြင့်ဝပ်တွားခြင်း’၏ ထိန်းချုပ်မှုအောက်ကို ကျရောက်သွားပြီး ယွဲ့ရှင်းဝမ်ရှေ့မှာ ဒူးထောက်ဦးညွှတ်နေသည်။
ရှင်းယန်က ပေါင်းခံပုလင်းကို အမြန်ဆင့်ခေါ်ပြီး အကြည်ရောင်ပုလင်းထဲသို့ သူ့ကို တိုက်ရိုက်ပိတ်လှောင်လိုက်သည်။ ပေါင်းခံကိရိယာကို ခလုတ်မဖွင့်သေးဘဲ ပုလင်းကြီးကြီးက ယာယီ‘လှောင်အိမ်’အဖြစ် အသုံးပြုနိုင်သည်။
ယွဲ့ရှင်းဝမ်သည် အကြည်ရောင်ပုလင်းထဲတွင် တွန့်လိမ်ရင်း ရုန်းကန်နေသော အမျိုးသားကို ကြည့်ကာ ပြောသည်။
"မင်းက တကယ်ပဲ သန္ဓေပြောင်းလား?"
ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်၏ဘေးနားသို့ အမြန်သွားပြီး သူ့ပခုံးကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။
"မင်းအဆင်ပြေရဲ့လား?"
"စိတ်မပူပါနဲ့၊ ငါအဆင်ပြေပါတယ်…" ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို အပြုံးဖြင့် ပြောသည်။ "မင်း အခုလေးတင် သူ့လျှာကို တွေ့လိုက်လား?"
ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်သွားသည်။
"30 စင်တီမီတာ ရှည်လျားတဲ့လျှာနဲ့ တွန့်လိမ်ထားတဲ့ ကိုယ်နေဟန်ထားက မြွေတစ်ကောင်လိုပဲ…"
လျှိုကျောက်ချင်းသည် ကြက်သီးမွေးညင်းထနေသော သူ့လက်မောင်းကို ပွတ်သပ်လိုက်သည်။
"သူ တွန့်လိမ်နေတာ ကြည့်ပြီး အဲဒါက တွားသွားသတ္တဝါတစ်ကောင်လိုပဲ၊ ဒါ့အပြင် ငါတို့နားလည်နိုင်တဲ့ အတိုင်းအတာကိုကျော်လွန်နေတဲ့ လျှာသွယ်သွယ်ကလည်း ရှိသေးတယ်… ဒါက တကယ်မြွေလား? ဒါပေမယ့် အသွင်အပြင်က လူသားလိုပဲ!"
ရွှီယိရှန်းသည် ဖန်ပုလင်းထဲကလူကို စေ့စေ့စပ်စပ် စိုက်ကြည့်ရင်း ပြောသည်။
"ဇီဝသိပ္ပံဌာနရဲ့ သုတေသနအဆောက်အဦးဟာ မူလက လူသားမျိုးရိုးဗီဇစမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ပေမယ့် အချက်အလက်တွေ ပေါက်ကြားခဲ့တယ်… တစ်စုံတစ်ယောက်က လူသားမျိုးရိုးဗီဇအစီအစဉ်ကို ခိုးယူပြီး ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ခဲ့တယ်… အဲဒါက တချို့တိရစ္ဆာန်တွေရဲ့ မျိုးရိုးဗီဇတွေနဲ့ ပေါင်းစပ်ပြီး သန္ဓေပြောင်းတွေကို ပြုလုပ်လိုက်တာဖြစ်မယ်…"
လျှိုကျောက်ချင်း၏မျက်နှာက မည်းမှောင်သွားသည်။
"မျိုးရိုးဗီဇပြုပြင်ထားတဲ့ အစားအစာပဲ ငါကြားဖူးတယ်၊ မျိုးရိုးဗီဇပြုပြင်ထားတဲ့ လူသားက ဘာကြီးလဲ?"
ရွှီယိရှန်းက သူ့နားထင်ကို ပွတ်သပ်ရင်း တိုးတိုးပြောသည်။
"အပင်တွေက စိုက်လို့ရတယ်၊ မျိုးစပ်လို့ရတယ်၊ ဒါပေမယ့် တိရစ္ဆာန်တွေကတော့ မရဘူး… တိရစ္ဆာန်မျိုးစိတ်အမျိုးမျိုးကြားမှာ မျိုးပွားမှုကို သီးခြားခွဲထားကြောင့် သူတို့မှာ သားပေါက်ဖို့ နည်းလမ်းမရှိဘူး… ဒါပေမယ့် ကျွန်တော်တို့က မျိုးရိုးဗီဇတွေကို စတင်ပြီး မျိုးရိုးဗီဇအစီအစဉ်တွေကို တိုက်ရိုက် ပေါင်းစပ်ပြုပြင်ပြီးတော့ မျိုးရိုးဗီဇပြုပြင်ထားတဲ့ သန္ဓေပြောင်းတွေ ပေါ်လာရင် နောက်ဆက်တွဲအကျိုးဆက်ကတော့ တွေးကြည့်လို့တောင်မရဘူး…"
ပေါင်းခံပုလင်းထဲရှိလူသည် အပြင်းအထန်ရုန်းကန်နေဆဲဖြစ်ပြီး သူ့ခန္ဓာကိုယ်က အဆက်မပြတ် တွန့်လိမ်နေကာ အရှည် 30 စင်တီမီတာရှိသည့် အနီရောင်လျှာကိုထုတ်ပြီး သူ့ပါးစပ်ထဲကနေ အဆိပ်တွေကို ဖျန်းလိုက်သည်— သူက လူသားအသွင်အပြင်ရှိပေမယ့် အမူအကျင့်နှင့် လှုပ်ရှားမှုတွေကတော့ မြွေဖြစ်သည်။
ဤထူးဆန်းသော မြင်ကွင်းက လူတိုင်းကို ကျောချမ်းစေခဲ့သည်။
လူသားနှင့် မြွေတို့လို ကျား၊ ခြင်္သေ့နှင့် အခြားတိရစ္ဆာများသည် အခြားအမျိုးအနွယ်ကို မမွေးနိုင်ပေ။ မျိုးပွားခြင်းကို သီးခြားခွဲထားခြင်းသည် မတူညီသောမျိုးစိတ်များကို သဘာဝ၏ အကာအကွယ်ဖြစ်သည်။ မျိုးရိုးဗီဇပြုပြင်ခြင်းဖြင့် ဤစည်းမျဉ်းကို ချိုးဖျက်လိုက်သည်နှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး ပရမ်းပတာဖြစ်သွားမည်ဖြစ်သည်။
ဒါက အစသာရှိသေးပြီး သူတို့က သန္ဓေပြောင်းတစ်ယောက်နဲ့ တွေ့ခဲ့သည်။ အနာဂတ်မှာ သူတို့ကြုံတွေ့ရမည့် အခြားသတ္တဝါတွေက ဘယ်အမျိုးအစားလဲဆိုတာ ဘယ်သူသိမည်နည်း။
ဇီဝသိပ္ပံဌာနရှိ credit 6 မှတ်တန် သင်တန်းသည် တကယ်မလွယ်ကူပေ။
ခယ်ရှောင်ပင်း၏မျက်နှာက ဖြူဖျော့သွားကာ မေးလေသည်။
"ဒီလူကို ငါတို့ ဘယ်လိုလုပ်ကြမလဲ?"
ယွဲ့ရှင်းဝမ်က ပုလင်းဆီ လှမ်းလာပြီး ပြောသည်။
"မင်းတို့ သန္ဓေပြောင်းတွေမှာ အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေ ရှိလား? မင်း ဒီကိုလာရတဲ့ ရည်ရွယ်ချက်က ဘာလဲ? မင်း ငါ့ကို သတင်းအချက်အလက်ပြောပြဖို့ ဆန္ဒရှိရင် ငါတို့ မင်းကို လွှတ်ပေးမယ်…"
ပုလင်းထဲကလူသည် ယွဲ့ရှင်းဝမ်ကို ဒေါသတကြီးစိုက်ကြည့်နေသည်။
ခဏအကြာတွင် သူ၏မျက်လုံးနှင့် နှာခေါင်းတို့မှ သွေးများ ရုတ်တရက် ထွက်လာသည်။
သူ့ဦးခေါင်းသည် ပေါက်ကွဲခလုတ်ကို နှိပ်လိုက်သော ဗုံးတစ်လုံးကဲ့သို့ သွေးများထွက်ကာ ရှင်းယန်၏ပေါင်းခံပုလင်းက ချက်ချင်း အရောင်ဆိုးသွားသည်။ သူသည် အားလုံးရှေ့တွင် 3 စက္ကန့်အတွင်း သေဆုံးသွားခဲ့ပြီး သူ၏တစ်ကိုယ်လုံးက ရွှံ့နွံကဲ့သို့ ဖြစ်နေသည်။
ရှင်းယန်သည် တည်ငြိမ်စွာ ပေါင်းခံပုလင်းကို ဖယ်ထုတ်ပြီး သူ့ကို လွှတ်ပေးလိုက်သည်။
သူ့ဦးခေါင်းမှာ သွေးတွေနဲ့ မြေပြင်ပေါ်လဲကျသွားသည့် အမျိုးသားကို ကြည့်လိုက်ရင်း ယွဲ့ရှင်းဝမ်၏မျက်နှာက အနည်းငယ် ရုပ်ဆိုးနေသည်။
"ဒါက ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်တာလား?"
ကျန်းဖျင်စစ်က လေးနက်သောအသံဖြင့် ပြောခဲ့သည်။
"သန္ဓေပြောင်းတွေမှာ ကိုယ်ပိုင်အဖွဲ့အစည်းရှိလောက်ပြီး သူတို့အဖွဲ့အစည်းအပေါ် အရမ်းသစ္စာရှိလိမ့်မယ်… သုတေသနအဆောက်အဦးဆီ သူတို့ရောက်တဲ့အခါ အချက်အလက်ကို ရှာတာ ဒါမှမဟုတ် အတွင်းလူကို သတ်ပစ်ဖို့၊ ပရော်ဖက်ဆာထန်ကို သတ်ပစ်ဖို့ အဖွဲ့အစည်းဆီကနေ အမိန့်ရရှိခဲ့နိုင်တယ်…"
ယွဲ့ရှင်းဝမ်သည် ထိုလူက ပရော်ဖက်ဆာထန် ဟုတ်၊မဟုတ်ကို စစ်ဆေးရန် တစ်ဖက်လူဆီမှာ အချက်အလက်သိမ်းဆည်းထားသော ကွန်ပျူတာတစ်လုံးရှိသည်ဟု အချက်အလက်အမှားကို ပြောခဲ့ကာ လှည့်ကွက်တစ်ခုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တကယ်တော့ ပရော်ဖက်ဆာထန်၏လက်ထဲမှာ ကွန်ပျူတာရှိတာမဟုတ်ဘဲ ဒေတာချစ်ပ်ပြားရှိတာဖြစ်သည်။
ခယ်ရှောင်ပင်းသည် ရုံးခန်းထဲမှာ ကွန်ပျူတာကိုဖွင့်ကြည့်ခဲ့ပေမယ့် ဒေတာအားလုံး ရှင်းလင်းထားလေသည်။ သုတေသနအဆောက်အဦး၏ ဒေတာများသည် လူသားအဖွဲ့အစည်း၏ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သည်မှာ ထင်ရှားပါသည်။ ပရော်ဖက်ဆာထန်သည် ဒေတာများကို ရန်သူလက်သို့ မကျရောက်စေလိုသောကြောင့် အချက်အလက်အားလုံးကို ဒေတာချစ်ပ်ပြားတစ်ခုထဲသို့ ကူးထည့်ပြီး ကွန်ပျူတာအားလုံးကိုထဲက ဒေတာအားလုံးကို format လုပ်ပြီး ဖျက်ပစ်ခဲ့သည်။
ပရော်ဖက်ဆာထန်အစစ် ဟုတ်၊မဟုတ် သူတို့တွေ စစ်ဆေးချင်ပါက သူ့လက်ထဲမှာ ဒေတာချစ်ပ်ပြား ရှိ၊မရှိကို ကြည့်ရှုရမည်ဖြစ်သည်။
ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး မှန်းဆကြည့်လိုက်သည်။
"သူက ပရော်ဖက်ဆာထန် ဟန်ဆောင်ပြီး ငါတို့ဆီကနေတစ်ဆင့် အချက်အလက်ရှာဖို့ ကြိုးစားနေတာလား?"
ကျန်းဖျင်စစ်က ခေါင်းငြိမ့်ကာ ပြောသည်။
"သန္ဓေပြောင်းတွေက သုတေသနအဆောက်အဦးဆီ ရောက်လာကြပြီး သူတို့ရဲ့ရည်ရွယ်ချက်က အဲဒီအဖိုးတန်တဲ့အချက်အလက်ဖြစ်နိုင်တယ်… ပရော်ဖက်ဆာထန်အစစ်က အန္တရာယ်ရှိနေနိုင်တယ်၊ ငါတို့သူ့ကို အမြန်ရှာရမယ်!"
ယွဲ့ရှင်းဝမ်က ရိုးရှင်းစွာ ပြောသည်။
"သွားကြမယ်!"
လူခြောက်ဦးသည် သွေးအိုင်ထဲ လဲကျနေသော အမျိုးသားကို ကျော်ဖြတ်ကာ ဓာတ်ခွဲခန်းမှ အမြန်ထွက်လာခဲ့သည်။
ယွဲ့ရှင်းဝမ်သည် လမ်းလျှောက်ရင်း သုတေသနအဖွဲ့ chat channel တွင် စာရေးခဲ့သည်။
"စီနီယာအစ်ကိုကျို၊ ပရော်ဖက်ဆာထန်ဆိုတဲ့သူနဲ့တွေ့ရင် သတိထားဦးနော်… လွယ်လွယ်နဲ့မယုံနဲ့… သန္ဓေပြောင်းတွေက သုတေသနအဆောက်အဦးဆီ ရောက်လာကြပြီး သူတို့လည်း ပရော်ဖက်ဆာထန်ကို ရှာနေကြတယ်!"
သူစာပို့ပြီးတာနဲ့ အိပ်ဆောင်ဧရိယာမှာ ကျိုဖုန်းနဲ့ သူ၏အဖွဲ့ဝင်ငါးယောက်ကို အမျိုးသမီးတစ်ဦးက ရပ်တန့်လိုက်သည်။
ထိုအမျိုးသမီးသည် ဆံပင်တိုတိုနှင့် အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ထားကာ ထက်မြက်ပြီး အရည်အချင်းရှိသူဖြစ်သည်။ ကျိုဖုန်းတို့ ခြောက်ယောက်ကိုမြင်တော့ သူမက ချက်ချင်းရှေ့ကိုလှမ်းလာပြီး ပြောသည်။
"ငါက ထန်ယန်ပါ၊ နင်တို့က ငါ့ကိုကာကွယ်ဖို့ မျိုးရိုးဗီဇသုတေသနစင်တာက ပို့လိုက်တဲ့သူတွေလား?"
ကျိုဖုန်းက မျက်မှောင်ကြုတ်ကာ ပြန်မဖြေပေ။
လင်းမန့်လော်က သတိကြီးကြီးနဲ့ မေးလိုက်သည်။
"ရှင်က ပရော်ဖက်ဆာထန်လား?"
တစ်ဖက်လူက ခေါင်းငြိမ့်ပြသည်။
"ဟုတ်တယ်… သွားရအောင်၊ ဒီမှာ အရမ်းအန္တရာယ်များတယ်… ငါတို့ ဒီကနေ မြန်မြန်ထွက်သွားရမယ်!"
ပြောပြီးတာနဲ့ သူမလှည့်ထွက်ပြီး တံခါးပေါက်ဆီ လျှောက်သွားသည်။ ကျန်ခြောက်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ လှုပ်ရှားခြင်းမရှိပေ။ အမျိုးသမီးက သူတို့ကို ပြန်လှည့်ကြည့်လာပြီး ပြောသည်။
"နင်တို့ဘာလုပ်နေတာလဲ? မြန်မြန်သွားမယ်၊ အချိန်မရှိဘူး!"
ချင်မြောင်က အေးစက်စက် မေးသည်။
"ပရော်ဖက်ဆာထန်၊ ရှင့်လက်ထဲမှာ စာရွက်စာတမ်းတွေ ရှိလား?"
အမျိုးသမီးက သူမသယ်လာသော လက်ဆွဲအိတ်ကို ပွေ့ဖက်ပြီး ပြောသည်။
"ဟုတ်တယ်၊ အဲဒါက ငါနဲ့အတူရှိတယ်… ဒီစာရွက်စာတမ်းတွေက အရမ်းတန်ဖိုးကြီးပြီး ထိပ်တန်းလျှို့ဝှက်ချက်မလို့ နင်တို့ကို ပြလို့မရဘူး…"
ချင်မြောင်က နားလည်ဟန်ပြောသည်။
"နားလည်ပါပြီ… စိတ်မပူပါနဲ့၊ ကျွန်မတို့ ရှင့်ကို ကာကွယ်ပေးမှာပါ… သွားကြရအောင်…"
အမျိုးသမီးသည် ရှေ့သို့ လျင်မြန်စွာ လျှောက်သွားကာ ချင်မြောင်က သူမညီမကို တစ်ချက်ကြည့်လိုက်သည်။ ချင်လုသည် ကမ္ဘာလုံးကို လျှို့ဝှက်စွာ ဆင့်ခေါ်ပြီး အမှတ်အသားပြုလိုက်သည်။
လူခြောက်ယောက်သည် ရှည်လျားပြီး ကျဉ်းမြောင်းသော ဆယ်မီတာကျော်ရှိသည့် စင်္ကြံမှတစ်ဆင့် သူမနောက်ကနေ လျှောက်လာခဲ့ကြသည်။ အမျိုးသမီးသည် တံခါးကို ဖွင့်လိုက်တာနဲ့ ချင်လုက ကမ္ဘာပေါ်က ကျောက်ထုလွှာလှုပ်ရှားမှုကို ချက်ချင်းတို့လိုက်ပြီး လူခြောက်ယောက်အား ခုနက အိပ်ဆောင်ကို တယ်လီပို့လိုက်သည်။
သူတို့ကို တယ်လီမပို့ခင် အလွန်ထူးဆန်းသောမြင်ကွင်းကို တွေ့လိုက်ရသည်——
သူမလို အမျိုးသမီးတွေ အများအပြားက ရှည်လျားသောလျှာများကိုထုတ်ကာ သူတို့ကို အစိမ်းရောင်အဆိပ်ဖြင့် ဖြန်းနေကြသည်။
ကျိုဖုန်း၏မျက်နှာက အလွန်ရုပ်ဆိုးနေသည်။
"Fuck! အဲဒီတံခါးနောက်မှာ ချောင်းမြောင်းနေတဲ့ သန္ဓေပြောင်းတွေရှိနေတာလား?"
ကျန်းရှောင်နျန်၏မျက်နှာက ဖြူဖျော့သွားသည်။
"သူတို့လျှာက အရှည်ကြီးနဲ့ ရွံစရာကောင်းတယ်!"
ချင်မြောင်နှင့် ချင်လုတို့သည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
လန်ယာရုန်က သူမမေးစေ့ကို ပွတ်ကာ ပြောသည်။
"သုတေသနအဆောက်အဦးထဲကို ခိုးဝင်လာတဲ့ သန္ဓေပြောင်းတွေ အများကြီးရှိပုံရတယ်… အခုလေးတင် အဲဒီအမျိုးသမီးက ပရော်ဖက်ဆာထန်ဟန်ဆောင်ပြီး ငါတို့အားလုံးကို သတ်ပစ်ချင်နေတာမလား?"
ချင်မြောင်က တည်ငြိမ်စွာ ပြောသည်။
"သူတို့ရဲ့ရည်ရွယ်ချက်က သုတေသနအဆောက်အဦးမှာရှိတဲ့ ကျွန်မတို့အဖွဲ့နဲ့ ပရော်ဖက်ဆာထန်ကို ရှင်းပစ်ဖို့ ဖြစ်နိုင်တယ်… ဒါကြောင့် အပိုမေးခွန်းမှာ အရမ်းအရေးကြီးတဲ့ အချက်အလက်တွေရှိတဲ့ ပရော်ဖက်ဆာထန်ကို ကျွန်မတို့က လိုက်ပါပို့ဆောင်ပေးဖို့ ပြောထားတာပေါ့…"
လင်းမန့်လော်က သုတေသနအဖွဲ့ chat channel တွင် အမြန်ပြောခဲ့သည်။
"ရှင်းဝမ်၊ ငါတို့ အခုလေးတင် အယောင်ဆောင်နဲ့ တွေ့ခဲ့တယ်… သူမနောက်မှာ သန္ဓေပြောင်းတွေ အများကြီးပဲ… နင်တို့ ပရော်ဖက်ဆာထန်ကို ရှာတွေ့ပြီလား?"
ယွဲ့ရှင်းဝမ်က ပြန်ပြောသည်။
"မတွေ့သေးဘူး… အားလုံး သတိထားပြီး အိပ်ဆောင်ဧရိယာကနေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးကြ…"
သူတို့သည် ဤအိပ်ဆောင်အဆောက်အဦး၏ ပတ်ဝန်းကျင်နှင့် မရင်းနှီးသလို ထွက်ပေါက်ရှိရာကိုလည်း မသိကြပေ။ အခုလေးတင် သူတို့အားလုံး တွေ့ဆုံကြပြီးနောက် စင်္ကြံပတ်ပတ်လည်တွင် အချိန်အတော်ကြာ လမ်းလျှောက်ခဲ့ကြသော်လည်း တံခါးကို ရှာမတွေ့ခဲ့ကြပေ။ ကျိုဖုန်းက အခန်းကိုတစ်ချက်ကြည့်ပြီး မပြောချင်ပြောချင် ပြောလိုက်သည်။
"ပြတင်းပေါက်ကနေ ထွက်မယ်!"
ကျန်းရှောင်နျန်က ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ ပြတင်းပေါက်က သော့ခတ်ထားပြီး မှန်ကိုရိုက်ခွဲ၍မရမှန်း သိလိုက်ရသည်။ သူက မြေတူးစက်ကို ချက်ချင်း ဆင့်ခေါ်ပြီး မှန်ကို ရိုက်ခွဲလိုက်သည်။
ချင်လုသည် ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ အဆောက်အဦး၏ဘေးတွင် ပုန်းအောင်းနိုင်သော သစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်ရသည်။
"ဒီသစ်ပင်ကြီးနောက်ကို သွားမယ်!"
သူမသည် ကမ္ဘာလုံးပေါ်ရှိ တည်နေရာကို လျင်မြန်စွာ ဆုံးဖြတ်ခဲ့ပြီး ကျောက်ထုလွှာလှုပ်ရှားမှုသည် လူတိုင်းကို သစ်ပင်နောက်သို့ ပို့လိုက်သည်။
ကျန်းရှောင်နျန်က ပတ်ပတ်လည်ကို လှမ်းကြည့်ရင်း ပြောသည်။
"ကျွန်တော်တို့ရှေ့က ငါးထပ်တိုက်က အခုလေးတင် ကျွန်တော်တို့ရောက်နေတဲ့ အိပ်ဆောင်ပဲ… စီနီယာရှင်းဝမ်တို့ရဲ့ ဓာတ်ခွဲခန်းအဆောက်အဦးက ဘယ်မှာလဲ? ဒီနားမှာ လမ်းညွှန်ဆိုင်းဘုတ်တွေ မရှိဘူးလား?"
ဇီဝသိပ္ပံဌာန၏ သုတေသနအဆောက်အဦးသည် ကြီးမားပြီး ပတ်ပတ်လည်တွင် အဆောက်အဦးများစွာဖြင့် ဝန်းရံထားသည်။
လင်းမန့်လော်သည် လမ်းဆုံသို့ လျှောက်သွားပြီး လမ်းညွှန်ဆိုင်းဘုတ်ကို ရှာတွေ့ကာ ပြောသည်။
"ဓာတ်ခွဲခန်းအဆောက်အဦးက အနောက်ဘက်မှာရှိတယ်… အဲဒါပဲ!"
သူမသည် အရှေ့ရှိ ခြောက်ထပ်တိုက် မီးခိုးရောင် အဆောက်အဦးကို ညွှန်ပြလိုက်သည်။
ကျိုဖုန်း: "သွားကြရအောင်… ရှင်းဝမ်တို့နဲ့ သွားတွေ့ကြမယ်!"
ခြောက်ယောက်စလုံးက ဓာတ်ခွဲခန်းဆီသို့ အမြန်ပြေးသွားကြသည်။
ထိုအချိန်တွင် ယွဲ့ရှင်းဝမ်သည် သူ၏အဖွဲ့ဝင်များကို ဦးဆောင်ပြီး ဓာတ်ခွဲခန်းအဆောက်အဦးကို ပိုက်စိတ်တိုက်ရှာဖွေနေသည်။ သူတို့ ဒုတိယထပ်ဆီ ရောက်သောအခါ ပုံစံတူ အမျိုးသမီးအများအပြားက သူတို့ကို ဝန်းရံထားသည်။ ဤလူများအားလုံးသည် အနက်ရောင်ဝတ်စုံ၊ ရွှေရောင်မျက်လုံးများနှင့် ရှည်လျားသောလျှာများရှိကြသည်။
လျှိုကျောက်ချင်းက အသံတိုးတိုးဖြင့် ဆဲသည်။
"ဒါက ဘာကြီးလဲ? မြွေအုပ်စုလား?"
ကျန်းဖျင်စစ်က တည်ငြိမ်သောမျက်နှာဖြင့် သူတို့ကို သတိပေးသည်။
"သူတို့ပါးစပ်ထဲက အဆိပ်တွေကို သတိထားကြ!"
လျင်မြန်စွာ ဝန်းရံနေသော အမျိုးသမီးများသည် သူတို့၏ ပါးစပ်မှ ထူးဆန်းသော အစိမ်းရောင် အရည်များ ထွက်လာသည်။ လူခြောက်ယောက်သည် အခန်းထဲမှာ အမြန်ပုန်းပြီး တံခါးကို ဆောင့်ပိတ်လိုက်သည်။ ‘ဘမ်း’ဆိုသောအသံနဲ့အတူ အမျိုးသမီးက တံခါးနဲ့ ဆောင့်မိသွားသည်။
ယွဲ့ရှင်းဝမ်က လေးနက်စွာကြည့်ပြီး ပြောသည်။
"ရှောင်ထူနဲ့ သူတို့ကို အာရုံပြောင်းလိုက်…"
သူက သူ့လက်ချောင်းတွေကို လက်သီးအနေအထားသို့ တင်းတင်းဆုပ်ထားပြီး သူ့အနောက်က ခယ်ရှောင်ပင်းကို 3၊ 2၊ 1 အမူအရာမျိုးပြကာ တံခါးကိုဖွင့်လိုက်ပြီးနောက် ခယ်ရှောင်ပင်းသည် ရှောင်ထူကို ချက်ချင်းလွှတ်လိုက်ပြီး သီချင်းဆိုကာ အပြင်ဘက်ရှိ သန္ဓေပြောင်းတွေအားလုံးကို ခေါ်သွားခဲ့သည်။
ခယ်ရှောင်ပင်းသည် စင်္ကြံရှိ သွယ်လက်သောအမျိုးသမီး ‘မြွေအုပ်စု’ကိုကြည့်ရင်း ညည်းညူလေသည်။
"အပိုမေးခွန်း အမှတ် 40က အရမ်းခက်လွန်းတယ်…"
သူတို့သည် ပရော်ဖက်ဆာထန်ကို ရှာမတွေ့သေးဘဲ သုတေသနအဆောက်အဦးထဲကို ခိုးဝင်လာသော သန္ဓေပြောင်းတွေ ပိုများလာသည်။ သူတို့သည် ပစ်မှတ်ကို ရှာမတွေ့သေးပါက သူတို့ လွတ်မြောက်နိုင်မှာ မဟုတ်တော့ပေ။
ပရော်ဖက်ဆာထန်ကို လက်လျှော့ပြီး သူ့အဖွဲ့ဝင်တွေကိုခေါ်ကာ တိုက်ရိုက် ထွက်ပြေးရမလား? ဒါမှမဟုတ် ဆက်ရှာရမလား?
ယွဲ့ရှင်းဝမ်လည်း အနည်းငယ်စိတ်ရှုပ်နေပြီး စာမေးပွဲအောင်ဖို့ အပိုမေးခွန်းကို ဖြေဆိုရန် မလိုအပ်ပေ။ ကျန်းဖျင်စစ်က သူ၏တင်းမာမှုတွေကို မြင်ပြီး သူ့ပခုံးကို ညင်သာစွာ ကိုင်လိုက်သည်။
"10 မိနစ်လောက်နေမှ ပရော်ဖက်ဆာထန်ကို ငါတို့မတွေ့ရင် လက်လျှော့လိုက်တာပေါ့…"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"ကောင်းပြီ!"
ရှောင်ထူသည် ဒုတိယထပ်တွင် မြွေအုပ်စုကို ခေါ်ဆောင်သွားကာ သူတို့ခြောက်ယောက်က တတိယထပ်သို့ အမြန်တက်ခဲ့သည်။
တတိယထပ်တွင်လည်း စင်္ကြံ၏ နှစ်ဖက်စလုံးတွင် ဓာတ်ခွဲခန်းများ ရှိသည်။ ထိုအချိန်မှာ သူတို့၏စိတ်ထဲတွင် ရှာဖွေဖို့သာ စိတ်ရှိနေပြီး ယွဲ့ရှင်းဝမ်က ရုတ်တရက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ရှာစရာမလိုတော့ဘူး… ပရော်ဖက်ဆာထန်က ဒီမှာမရှိတာ သေချာတယ်… သူက ဒေတာအားလုံးကို ရှင်းလင်းပြီး ဒေတာချစ်ပ်ပြားထဲ သိမ်းထားခဲ့တယ်… သူက အရမ်းသတိရှိတဲ့သူတစ်ယောက်ပဲ… သန္ဓေပြောင်းတွေ သူ့ကိုဖမ်းဖို့ ဒီကိုလာမယ်ဆိုတာ ကြိုတင်သတိပေးချက်ရထားနိုင်ပြီး သူကကြိုပြီး ပုန်းနေလိမ့်မယ်… သူက ဘယ်မှာ ပုန်းနေမှာလဲ?"
ယွဲ့ရှင်းဝမ်၏ပြောကြားချက်က မှန်သည်။ ဒေတာတွေကို ကြိုပြီး ရှင်းလင်းထားတာကြောင့် တစ်ခုခုမှားနေတယ်ဆိုတာကို သူအာရုံရထားလိမ့်မည်။ ထို့ကြောင့် သူသည် ဓာတ်ခွဲခန်းထဲမှာ ရှိနေမှာမဟုတ်ဘဲ ပုန်းနေပြီး အကူအညီကို စောင့်နေလိမ့်မည်။
သန္ဓေပြောင်းတွေ၏ လှုပ်ရှားမှုကနေ ရှောင်ရှားရန် အဆင်ပြေမည့် ပုန်းအောင်းစရာ နေရာရှိပါသလား။
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ချိန်တည်းပြောလာသည်။
"ခေါင်မိုးလား?"
ရွှီယိရှန်း: "ငါသွားကြည့်လိုက်မယ်…"
စီနီယာအစ်ကိုရွှီသည် ငါးကိုယ်ကွဲသွားကာ တစ်ယောက်က ယွဲ့ရှင်းဝမ်နဲ့အတူ ရှိနေပြီး ကျန်ကိုယ်ပွားတွေက အပေါ်ထပ်သို့ လျင်မြန်စွာ တက်သွားကာ ခေါင်မိုးတံခါးက အတွင်းကနေ သော့ခတ်ထားတာကို တွေ့လိုက်ရပြီး ဘယ်သူမှထွက်မသွားပုံရသည်။
သို့သော် ပရော်ဖက်ဆာထန်သည် အတွင်းမှ တံခါးသော့ခတ်ပြီး ခေါင်မိုးပေါ်တွင် လူမရှိဘူးဟု ထင်ယောင်ထင်မှားဖြစ်စေရန် တစ်ဖက်ကနေ ခေါင်မိုးပေါ်တက်ခဲ့တာ ဖြစ်နိုင်သည်။
ရွှီယိရှန်းက ဆဲလ်အဖြစ်သို့ ပြောင်းလဲသွားပြီး တံခါးအပေါက်လေးထဲကနေ အတင်းတိုးဝင်လိုက်သည်။
ဓာတ်ခွဲခန်းအဆောက်အဦး၏ ခေါင်မိုးပေါ်တွင် ကျယ်ပြန့်သော မြင်ကွင်းရှိသည်။ ဆေးဝါးများ သိမ်းဆည်းရန် သံသေတ္တာများ အများအပြား ရှိပြီး ဤသေတ္တာများကို တစ်စုတစ်စည်းတည်း ထားရှိထားသည်။ ရွှီယိရှန်းသည် သေတ္တာများဘေးကနေ ဂရုတစိုက် နားထောင်ကြည့်လိုက်သည်—— သေတ္တာတစ်ခုဆီမှ အသက်ရှူသံ အနည်းငယ်ကို သူကြားလိုက်ရသည်။
ရွှီယိရှန်းသည် ကိုယ်ပွားခန္ဓာကိုယ် တည်နေရာမှ ပြန်ရောက်လာပြီး ယွဲ့ရှင်းဝမ်ကို တိုးတိုးပြောလိုက်သည်။
"သူက အဆောက်အဦးခေါင်မိုးပေါ်က သေတ္တာတစ်လုံးထဲမှာ ပုန်းနေတယ်…"
ယွဲ့ရှင်းဝမ်က ပြတ်ပြတ်သားသားပြောသည်။
"အဲဒီလူကိုရှာဖို့ ခေါင်မိုးပေါ်သွားမယ်!"
လူခြောက်ယောက်သည် အပေါ်ထပ်သို့ အလျင်အမြန်တက်ခဲ့ကြပြီး ကျန်းဖျင်စစ်သည် ခေါင်မိုးတံခါးတွင် သော့ခတ်ထားသော သံကြိုးကို ဖြတ်ရန် တြိဂံပေတံကို အသုံးပြုကာ တံခါးကို တွန်းဖွင့်ပြီးနောက် ယွဲ့ရှင်းဝမ်သည် သံသေတ္တာများဆီသို့ လျင်မြန်စွာ လျှောက်သွားကာ အသံတိုးတိုးဖြင့် ပြောခဲ့သည်။
"ပရော်ဖက်ဆာထန်၊ မျိုးရိုးဗီဇသုတေသနစင်တာက ခင်ဗျားကို လာခေါ်ဖို့ ကျွန်တော်တို့ကို လွှတ်လိုက်တာပါ…"
သူတို့၏ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး ရွှီယိရှန်းက ဘယ်ဘက်ရှိ တတိယမြောက်သေတ္တာကို ညွှန်ပြလိုက်သည်။
ကျန်းဖျင်စစ်နှင့် လျှိုကျောက်ချင်းတို့သည် အနီးနားရှိ သေတ္တာများကို အမြန်တွန်းဖယ်ပြီး ထိုသေတ္တာကို ဖွင့်လိုက်သည် —
ရွှေရောင်ကိုင်းမျက်မှန်တပ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သေတ္တာတစ်လုံးထဲတွင်ရှိနေပြီး သေတ္တာဘေးတွင် အပေါက်နှစ်ပေါက်ရှိနေသောကြောင့် အပြင်ဘက်အခြေအနေကို အချိန်မရွေးကြည့်ရှုနိုင်သည်။ အခုလေးတင် ရွှီယိရှန်းသည် ဆဲလ်ပုံစံဖြစ်နေသောကြောင့် သူ့ကို မတွေ့ခဲ့ပေ။ လူခြောက်ယောက်ကို တွေ့ပြီးနောက်တွင် သူက မျက်မှန်ကိုပင့်တင်ကာ မေးသည်။
"မျိုးရိုးဗီဇသုတေသနစင်တာက မင်းတို့ကို လွှတ်လိုက်တာလား?"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ကာ ပြောသည်။
"ဟုတ်ပါတယ်…"
ထိုလူသည် သေတ္တာထဲကနေ ထလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
"ငါ မင်းတို့နဲ့ သွားလို့ရပြီ…"
ယွဲ့ရှင်းဝမ်က မေးသည်။
"အချက်အလက်တွေကကော ဘယ်လိုလဲ?"
ထိုလူသည် အေးအေးဆေးဆေး သူ့အိတ်ကပ်ထဲမှ သေတ္တာတစ်ခုကို ထုတ်ကာ ယွဲ့ရှင်းဝမ်အား ပေးလိုက်သည်။
သေတ္တာအတွင်းတွင် လက်သည်းအရွယ်အစားရှိသော ချစ်ပ်ပြားတစ်ခုရှိသည်။
သူ တကယ်ပဲ အရေးကြီးသော ဒေတာချစ်ပ်ပြားကို တိုက်ရိုက် ပေးအပ်ခဲ့တာလား။ အတုများလား။
ကျန်းဖျင်စစ်နှင့် ယွဲ့ရှင်းဝမ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ထိုအချိန်တွင် သူတို့နောက်မှ ခြေသံများ ရုတ်တရက် ထွက်ပေါ်လာပြီး ရှောင်ထူ၏ သီဆိုမှု ပြီးဆုံးသွားကာ သန္ဓေပြောင်းများသည် ချက်ချင်းပင် သူတို့နောက်သို့ လိုက်လာကြသည်။
ယွဲ့ရှင်းဝမ်က အဲဒါကို စဉ်းစားဖို့ အချိန်မရှိတာကြောင့် ပြောလိုက်သည်။
"သွားမယ်!"
ခေါင်မိုးပေါ်တက်သည့် တံခါးကို ပိတ်ဆို့ထားပြီး သူတို့သည် လာရာလမ်းအတိုင်း ပြန်သွား၍မရတော့ပေ။ မရေမတွက်နိုင်သော သန္ဓေပြောင်းများသည် ခေါင်မိုးပေါ်သို့ ပြေးတက်လာတာကို မြင်လိုက်ရသဖြင့် ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်အပေါ် သူ့မျှော်လင့်ချက်တွေ ထားခဲ့သည်။
"ဖျင်စစ်၊ ငါမင်းကို အားကိုးမယ်နော်…"
ကျန်းဖျင်စစ်သည် သူ့လက်ကောက်ဝတ်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး ခေါင်မိုးအစွန်းဆီသို့ အလျင်အမြန် ဆုတ်သွားခဲ့သည်။
သန္ဓေအမြောက်အများက ပြေးတက်လာချိန်တွင် ကျန်းဖျင်စစ်သည် ညာဘက်လက်ဖြင့် coordinate system ကို ရုတ်တရက်ဆွဲလိုက်ရာ ပရော်ဖက်ဆာထန်နှင့်အတူ ခေါင်မိုးပေါ်တွင် ရပ်နေသော လူခြောက်ဦးသည် လေထဲသို့ ပျံတက်သွားကာ မီတာဒါဇင်နှင့်ချီသော အကွာအဝေးသို့ ပျံသန်းသွားခဲ့ပြီး မြေပြင်ပေါ် သေချာပေါက်ကျသွားခဲ့သည်။
သူ့အဖွဲ့ဝင်များနဲ့အတူ ပြေးလာသော ကျိုဖုန်းက သည်မြင်ကွင်းကို မြင်ခဲ့သည်—— လူခုနစ်ယောက်သည် ဖက်ထုပ်ကဲ့သို့ ကောင်းကင်မှ လွှင့်ကျလာကြသည်။ ကျိုဖုန်းက ယွဲ့ရှင်းဝမ်မှန်း သိသွားပြီး ချက်ချင်း ရှေ့သို့ လှမ်းလာသည်။
"ရှင်းဝမ် အဆင်ပြေရဲ့လား?"
ယွဲ့ရှင်းဝမ်: "ဒီနေရာကနေ အရင်ထွက်သွားရအောင်!"
#TK