Chapter 94
Viewers 22k

Volume 5 : ဇီဝသိပ္ပံဌာန


Chapter 94 (မျိုးရိုးဗီဇသန္ဓေပြောင်းလဲခြင်း ၁၂)


ရှောင်ထူ၏ စစ်ဆေးခြင်းလုပ်ဆောင်ချက်သည် ဆေးရုံရှိ CT ကဲ့သို့ လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ရှင်းရှင်းလင်းလင်းမပြသနိုင်သော်လည်း ၎င်းသည် ပုံမှန်မဟုတ်သောသတ္တုများရှိနေခြင်းကို ရေဒါမှထင်ဟပ်သည့်အချက်ပြမှုမှတစ်ဆင့် သိရှိနိုင်သည်။


ခယ်ရှောင်ပင်းသည် ပရော်ဖက်ဆာထန်၏ တစ်ကိုယ်လုံးကို စစ်ဆေးရန် အဆိုပြုခဲ့တာက တကယ်တော့ ဟာသတစ်ခုသာဖြစ်သည်။ သို့သော် ပရော်ဖက်ဆာထန်သည် ဤစကားကို ကြားလိုက်သောအခါ သူ၏အမူအရာက ချက်ချင်းပြောင်းသွားသည်။ သူ၏တောင့်တင်းနေသော အမူအရာကိုမြင်တော့ ယွဲ့ရှင်းဝမ်က မနေနိုင်စွာ တွေးဆသည်။

"ဒါက စစ်ဆေးရုံပါပဲ၊ ခင်ဗျားက ဘာကိုစိုးရိမ်နေတာလဲ? ခင်ဗျားက ဒေတာချစ်ပ်ပြားကို မစားခဲ့တာများလား?"


ပရော်ဖက်ဆာထန်သည် အံကြိတ်ကာ စကားမပြောရန် ငြင်းဆိုသည်။


ယွဲ့ရှင်းဝမ်က ခယ်ရှောင်ပင်းကို အချက်ပြလိုက်သည်။


ခယ်ရှောင်ပင်းသည် ရှောင်ထူကို ချက်ချင်းဆင့်ခေါ်ပြီး ပရော်ဖက်ဆာထန်ကို ရေဒါထောက်လှမ်းရန် ချိန်ရွယ်ခဲ့သည်။


ယွဲ့ရှင်းဝမ်က ပြုံးကာ ပြောသည်။

"ပရော်ဖက်ဆာထန် စိတ်အနှောင့်အယှက်မပေးပါနဲ့… ကျွန်တော်တို့က ခင်ဗျားကို စစ်ဆေးရုံပါပဲ၊ မင်းကို ထိခိုက်အောင် မလုပ်ပါဘူး… ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပါ…"


ပရော်ဖက်ဆာထန်၏ လေသံမှာ တင်းမာနေသည်။

"ဘာပဲဖြစ်ဖြစ် မင်းတို့ ငါ့ကို နွယ်ပင်နဲ့ချည်နှောင်ထားနိုင်သလို၊ လှောင်အိမ်ထဲမှာ ပိတ်လှောင်ထားလို့ရတာပဲ… ငါက မပူးပေါင်းလို့ရမလား?"

 

ယွဲ့ရှင်းဝမ်က ရယ်မောလိုက်သည်။

"ခင်းဗျားသိတာ ကောင်းတယ်…"


ပရော်ဖက်ဆာထန်: "..."


ဒီတော့ မင်းပြောခဲ့တာက ယဉ်ကျေးမှုအရလား? ငါမပူးပေါင်းဘူးဆိုရင် မင်းကအင်အားသုံးမှာပေါ့?


ပရော်ဖက်ဆာထန်က မျက်မှောင်ကြုတ်ပြီး “မင်းတို့ဘယ်လိုပဲ ကိုင်တွယ်ပါစေ”ဆိုသောအကြည့်ဖြင့် မျက်လုံးမှိတ်လိုက်သည်။


ရှောင်ထူသည် ပရော်ဖက်ဆာထန်ကို ချိန်ရွယ်၍ ရေဒါစောင့်ကြည့်ရေး လုပ်ဆောင်ချက်ကို ဖွင့်လိုက်ပြီး ခေါင်းမှ ခြေဖျားအထိ စစ်ဆေးကာ မကြာမီတွင် လက်ပ်တော့ပေါ်၌ ပြတ်သားသော ပုံရိပ်တစ်ခု ပေါ်လာသည်။ လူ၏ရုပ်ပုံသဏ္ဍာန်၊ နှလုံး၊ အစာအိမ်အူလမ်းကြောင်းနှင့် အခြားနေရာများတွင် သွေးစီးဆင်းမှုရှိသော အနီရောင်အစက်များကို ပြသထားသည်။


လျှိုကျောက်ချင်းသည် အစာအိမ်အူလမ်းကြောင်းတစ်ခုလုံးကို ဂရုတစိုက်စစ်ဆေးပြီး အံ့အားသင့်စွာ ပြောသည်။ 

"အစာအိမ်အူလမ်းကြောင်းမှာ သတ္တုမတွေ့ဘူး… ပရော်ဖက်ဆာထန်က ဒေတာချစ်ပ်ပြားကို မစားခဲ့ဘူးထင်တယ်… အဲဒါကို ဘယ်မှာဝှက်ထားတာလဲ?"


ပရော်ဖက်ဆာထန်က တည်ငြိမ်စွာ ပြောသည်။ 

"ဒေတာချစ်ပ်ပြားက ငါ့မှာ မရှိဘူး… ဒီတော့ မင်းတို့ငါ့ကို သတ်လိုက်ပြီး ငါသေသွားရင် ငါ့လုပ်ဖော်ကိုင်ဖက်တွေက အင်တာနက်ကနေတစ်ဆင့် ဒေတာချစ်ပ်ပြားကို မျိုးရိုးဗီဇသုတေသနစင်တာကို ချက်ချင်းပို့လိမ့်မယ်…"


ယွဲ့ရှင်းဝမ်က သူ့ကို ပြန်ကြည့်လာသည်။

"တကယ်လား? အင်တာနက်ကနေ ပို့လို့ရရင် ခင်ဗျားအရင်ကတည်းက ပို့ခဲ့တာကြာပြီပေါ့… သုတေသနအဆောက်အဦးရဲ့ ခေါင်းမိုးပေါ်က သေတ္တာထဲမှာ ခင်ဗျား သုံးရက်သုံးည ပုန်းနေပြီး စောင့်နေဖို့ လိုအပ်လို့လား?"


ပရော်ဖက်ဆာထန်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။


ယွဲ့ရှင်းဝမ်က အပြုံးဖြင့် ဆိုသည်။

"ဒီအချက်အလက်တွေက လျှို့ဝှက်ထားရမှာဖြစ်ပြီး တတိယလူကို ပြလို့မရဘူး၊ ခင်ဗျား အင်တာနက်ကနေတစ်ဆင့် ပေးပို့တာက ထပ်ပြီးပေါက်ကြားသွားနိုင်တယ်… သန္ဓေပြောင်းတွေရဲ့တည်ရှိမှုက ဒေတာပေါက်ကြားမှုရဲ့ အကျိုးဆက်ဖြစ်တာကြောင့် ခင်ဗျားက ဒီလောက်ကြီးမားတဲ့အန္တရာယ်ကို စွန့်စားရဲမှာမဟုတ်ဘူး…"


ပရော်ဖက်ဆာထန်က အံကြိတ်ကာ ချေပခြင်းမရှိပေ။


ယွဲ့ရှင်းဝမ်က ကောက်ချက်ချသည်။

"ဒါဆို ချစ်ပ်ပြားက ခင်ဗျားကိုယ်ပေါ်မှာ ရှိနေတုန်းပဲ… ခင်ဗျားရဲ့အရေးကြီးဆုံးတာဝန်က ဒေတာချစ်ပ်ပြားကို မျိုးရိုးဗီဇသုတေသနစင်တာဆီ ယူသွားပြီး သန္ဓေပြောင်းတွေရဲ့ မျိုးရိုးဗီဇအားနည်းချက်တွေအကြောင်းကို အဖွဲ့အစည်းရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို ပြောပြဖို့ပဲ… ဒီဒေတာချစ်ပ်ပြားက ခင်ဗျားအသက်ထက် ပိုအရေးကြီးတယ်…"


သူသည် ပရော်ဖက်ဆာထန်၏ တစ်ကိုယ်လုံးကို အပေါ်အောက်ကြည့်လိုက်သည်။

"ခင်ဗျားဗိုက်ထဲမှာ မရှိဘူးဆိုတော့ ဘယ်မှာဖွက်ထားတာလဲ?"


ခယ်ရှောင်ပင်းက တိုးတိုးပြောသည်။

"သူ့ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေမှာ ပုံမှန်မဟုတ်တဲ့ သတ္တုအချက်ပြမှု 3 ခုကို တွေ့ရတယ်…"


ယွဲ့ရှင်းဝမ်က ရှောင်ထူ စစ်ဆေးထားသော ပုံကို အနီးကပ်ကြည့်ပြီး ပြောသည်။

"လက်ကောက်ဝတ်၊ လည်ပင်း၊ မျက်နှာ…"


ခယ်ရှောင်ပင်းက ခေါင်းငြိမ့်ပြသည်။

"သူ့လက်ကောက်ဝတ်မှာ သတ္တုနာရီဝတ်ထားတယ်၊ သူ့လည်ပင်းမှာ လည်ဆွဲတစ်ခုရှိတယ်၊ သူ့မျက်နှာပေါ်မှာ မျက်မှန်တပ်ထားတယ်…"


ယွဲ့ရှင်းဝမ်က ပရော်ဖက်ဆာထန်ကို လှည့်ကြည့်လိုက်ပြီး ပြုံးကာ မေးသာ်။

"ပရော်ဖက်ဆာထန်၊ ခင်ဗျားရဲ့နာရီ၊ မျက်မှန်နဲ့ လည်ဆွဲတွေကို ကျွန်တော်တို့ကို ပြပေးနိုင်မလား?"

 

ပရော်ဖက်ဆာထန်က မတုံ့ပြန်ခင်မှာ သူ့ဘေးမှာ ရပ်နေသည့် လျှိုကျောက်ချင်းက သူ့ပခုံးတွေကို ဖိထားပြီး သူ၏မျက်မှန်၊ နာရီနှင့် လည်ဆွဲတွေကို အတင်းချွတ်ကာ ယွဲ့ရှင်းဝမ်ကို ပေးလိုက်သည်။


ယွဲ့ရှင်းဝမ်သည် အနီးကပ်ယူကာ ကြည့်လိုက်သည်။ လည်ဆွဲကို ကျောဘက်တွင် အပေါက်ငယ် သတ္တုဝိုင်းဖြင့် ပြုလုပ်ထားသည်။ လင်းမန့်လော်က နွယ်ပင်မှ ဆူးတစ်ချောင်းကိုယူ၍ အပေါက်ငယ်ထဲသို့ ထိုးထည့်လိုက်သည်…


ထိုအရာ တကယ်ကို စက်ယန္တရားဖြစ်သည်။


ဖွင့်ကြည့်လိုက်တော့ လည်ဆွဲထဲမှာ 8 မီလီမီတာ အရှည်ရှိသည့် အစိမ်းရောင် ချစ်ပ်ပြားလေးကို တွေ့လိုက်ရသည်။


ယွဲ့ရှင်းဝမ်က ချစ်ပ်ပြားကို ညင်သာစွာ ကောက်ကိုင်လိုက်ပြီး ပရော်ဖက်ဆာထန်ကို ပြလိုက်သည်။ 

"ဒါလား?"


ပရော်ဖက်ဆာထန်၏မျက်နှာက ရုပ်ဆိုးနေသည်။

"မင်းတွေ့သွားပြီဆိုတော့ အဲဒါကိုယူသွားပြီး မင်းရဲ့အထက်လူကြီးဆီ အပ်လိုက်လို့ရပြီ…"


ယွဲ့ရှင်းဝမ်က အတည်ပြုရန် အလျင်စလိုမလုပ်ဘဲ သူ့နာရီကို ကောက်ကိုင်ကာ ဂရုတစိုက် စစ်ဆေးသည်။ လှန်လိုက်ပြီးနောက် နောက်ဖုံးကို ဖွင့်ကြည့်တော့ ဘာမှ ထူးထူးခြားခြား မတွေ့ရပေ။ ထို့နောက် မျက်မှန်ကို ကောက်ကိုင်ကာ သေချာလေ့လာသည်။ မျက်မှန်နှစ်ဖက်စလုံးရှိ ဘောင်များပေါ်တွင် အလွန်အသုံးများသော စိန်ပုံသဏ္ဌာန်စတိုင်များဖြစ်သည့် နူးညံ့သိမ်မွေ့သော အလှဆင်မှုများရှိသည်။ ယွဲ့ရှင်းဝမ်သည် ၎င်းကို ခဏတာ ကြည့်ရှုပြီး အလှဆင်မှုများကို ညင်သာစွာ ဖွင့်ကြည့်လိုက်သည်—


တကယ်တော့ ညာဘက်ဘောင်မှာ အစိမ်းရောင် ချစ်ပ်ပြားတစ်ခု ကပ်နေသည်။


ယွဲ့ရှင်းဝမ်က ရယ်လိုက်သည်။

"ခင်ဗျားက တကယ်ကိုတွေးခေါ်တတ်ပြီး လူတွေကို အတုတွေနဲ့ လိမ်ဖို့ ပုံစံတူတွေ ပြင်ဆင်ထားတာပဲ… အစတုန်းက သုတေသနအဆောက်အဦးမှာ ခင်ဗျားပေးခဲ့တာက အတုဖြစ်ရမယ်… လည်ဆွဲနဲ့ မျက်မှန်ထဲမှာ နှစ်ခုမှာ ဘယ်ဟာအစစ်လဲ?"


ပရော်ဖက်ဆာထန်၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ခြေထောက်ကို နင်းမိပြီး နာကျင်နေသော ကြောင်တစ်ကောင်ကဲ့သို့ ဒေါသတကြီးပြောသည်။

"ဘယ်ဟာက အစစ်ဟုတ်ဟုတ်၊မဟုတ်ဟုတ် အရေးကြီးသေးလို့လား? ငါက မင်းလက်ထဲမှာ ရှိနေပြီဆိုတော့ ငါ့ကိုသတ်ပြီး ချစ်ပ်ပြားတွေအားလုံးကို ဖျက်ဆီးလို့ရပြီမလား?"


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ကျန်းဖျင်စစ်က အသံတိုးတိုးဖြင့် ပြောသည်။

"မျက်မှန်ထဲကတစ်ခုက အစစ်ဖြစ်နိုင်တယ်…"


ပရော်ဖက်ဆာထန်က ချစ်ပ်ပြားကို စားလိုက်တယ်လို့ သူပြောလိုက်သောအခါ ထိုသူက ငြင်းဆန်ခြင်းမရှိဘဲ လက်ခံခဲ့သည်။ အရင်က ယွဲ့ရှင်းဝမ်သည် သူ့ကို သံသယမရှိခဲ့ပေမယ့် ရလဒ်အနေဖြင့် ပရော်ဖက်ဆာထန်က ချောက်တွန်းတာ အလွန်တော်သည်—— သူသည် ချစ်ပ်ပြားကို လုံးဝမစားခဲ့ဘဲ သူ့မျက်မှန်ထဲ ဖွက်ထားခဲ့သည်။ သူက သန္ဓေပြောင်းတွေကို လှည့်စားရန် အတုနဲ့အစစ်ကို ရောထွေးအောင် လုပ်ထားခဲ့သည်။


ယွဲ့ရှင်းဝမ်က ချစ်ပ်ပြားတွေကို ဂရုတစိုက် သိမ်းလိုက်ပြီး ပြောသည်။

"ဒါတွေက အစစ်ဟုတ်ဟုတ်၊မဟုတ်ဟုတ် ဘေးကင်းရေးအတွက် ဒီချစ်ပ်ပြားတွေကို ကျွန်တော့်ဆီအပ်ထားလိုက်…"


ပရော်ဖက်ဆာထန်က စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေသည်။


ယွဲ့ရှင်းဝမ်: "စိတ်မပူပါနဲ့၊ ကျွန်တော်တို့ ခင်ဗျားကို မသတ်ပါဘူး…" ထိုသို့ပြောပြီးနောက် နာရီ၊ လည်ဆွဲနှင့် မျက်မှန်ကို ပရော်ဖက်ဆာထန်ထံ ပြန်ပေးခဲ့သည်။ ပရော်ဖက်ဆာထန်က နှုတ်ဆိတ်နေပြီး စကားတစ်ခွန်းမှ မပြောဘဲ သူ့ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။


ကျန်းဖျင်စစ်သည် ယာဉ်မောင်းထိုင်ခုံဆီသို့ လျှောက်သွားပြီး ရွှီယိရှန်းနှင့် နေရာလဲရန် ပြောလိုက်သည်။

"စီနီယာအစ်ကို နားလိုက်ပါ… ညပိုင်း ပထမဆုံးတစ်ဝက်ကို ကျွန်တော် အရင်မောင်းလိုက်မယ်…"


ရွှီယိရှန်းသည် အနားယူရန် နောက်တန်းသို့ပြောင်းလိုက်ပြီး ကျန်းဖျင်စစ်နှင့် ယွဲ့ရှင်းဝမ်တို့က မနေ့ညကလို ကားမောင်းရန် တာဝန်ယူခဲ့ကြသည်။


ယွဲ့ရှင်းဝမ်: "အားလုံး တစ်နေကုန် ပင်ပန်းနေကြပြီဆိုတော့ အရင်အိပ်လိုက်တော့…"


ကားအတွင်းပိုင်းသည် တဖြည်းဖြည်း တိတ်ဆိတ်လာပြီး အခြားကျောင်းသားများက အိပ်ပျော်သွားကြသည်။ အမှောင်ထဲတွင် ဘတ်စ်ကားသည် အမြန်လမ်းမပေါ်၌ အရှိန်ပြင်းစွာ မောင်းနှင်လာခဲ့သည်။


အချိန်တွေက တစ်မိနစ်ပြီးတစ်မိနစ် ကုန်သွားသည်။ လမ်းနှစ်ဘက်လုံးမှာ လူသူမရှိဘဲ အမှိုက်သရိုက်တွေသာ အများကြီးရှိသည်။ သူတို့ကို တစ်ကမ္ဘာလုံးက စွန့်ပစ်ထားသကဲ့သို့ လမ်းတစ်ခုလုံးတွင် သူတို့ဘတ်စ်ကားသာ ရှိသည်။


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်နှင့် စကားစမြည်ပြောရင်း ရှေ့သွားမည့်လမ်းကို စိုက်ကြည့်နေသည်။


ညသန်းခေါင် 12 ခွဲတွင် ယွဲ့ရှင်းဝမ်က ရုတ်တရက် အိပ်ငိုက်နေပြီး ငှက်တစ်ကောင်လို တောင်ပံခတ်သံကဲ့သို့ ထူးဆန်းသောအသံတစ်ခုက သူ့နားထဲတွင် ထွက်ပေါ်လာသည်။ ယွဲ့ရှင်းဝမ်က ရုတ်တရက် နိုးလာပြီး အနီးပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။

"ဘာအသံလဲ?"


ကျန်းဖျင်စစ်က အဲဒါကို ရှင်းရှင်းလင်းလင်းမမြင်ရဘဲ ခန့်မှန်းသည်။

"ကျီးကန်းဖြစ်မယ်ထင်တယ်?"


ယွဲ့ရှင်းဝမ်သည် ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ အလင်းရောင်ကြောင့် သစ်ကိုင်းတစ်ခုပေါ်တွင် ဇောက်ထိုးဆွဲထားသော လင်းနို့တစ်ကောင်ကို တွေ့လိုက်ရသည်။ လင်းနို့၏ အရွယ်အစားက ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် လူသားကလေးနီးပါးလောက် ကြီးနေသည်။


ယွဲ့ရှင်းဝမ်က အံ့အားသင့်သွားသည်။

"အဲဒါက ကျီးကန်းမဟုတ်ဘူး၊ လင်းနို့ပဲ!"


နောက်အခိုက်အတန့်တွင် တောင်ပံခတ်သံများ ပိုမိုကျယ်လောင်လာခဲ့သည်။ အမှောင်ထဲမှာ လင်းနို့အုပ်ကြီးက အမိန့်ရထားသလိုပဲ ဘတ်စ်ကားကို ရုတ်တရက် ဝိုင်းရံလိုက်သည်။


လင်းနို့နက်အုပ်စုသည် ဘတ်စ်ကားကို ချက်ချင်းလွှမ်းမိုးသွားသည်။


ကားပြတင်းပေါက်ရှေ့သို့ လင်းနို့ 3 ကောင် ရုတ်တရက်ခုန်ဆင်းလာသောအခါတွင် ကျန်းဖျင်စစ်သည် ကားမောင်းနေပါသည်။ ခန္ဓာကိုယ်တွင် အတောင်ပံများ ရှိနေသည်မှာ ထင်ရှားသော်လည်း ဦးခေါင်းသည် လူသားတွေနဲ့ ကွဲပြားခြင်းမရှိပေ။ ကျန်းဖျင်စစ်ကို မျက်နှာမူထားသည့် ကလေးမလေးက ကျစ်ဆံမြီးပါသည်။ သူမ၏ မျက်လုံးများသည် အေးစက်နေပြီး ပြတင်းပေါက်မှန်တစ်ဝက်နီးပါးကို ဖုံးအုပ်ထားကာ သူမ၏ အနက်ရောင်တောင်ပံများ ဖြန့်ကြက်ထားသည်။


သူမ၏အပေါင်းအပါသည် လေကာမှန်ပေါ်တွင် ဘေးချင်းကပ်လျက် ကားထဲသို့ စိုက်ကြည့်ကာ ပြတင်းပေါက်တစ်ခုလုံးကို တောင်ပံများဖြင့် ဖုံးအုပ်ထားသည်။


ကျန်းဖျင်စစ်သည် ရှေ့သွားမည့်လမ်းကို မမြင်နိုင်သဖြင့် ဘတ်စ်ကားကို ရပ်တန့်ရန် ဘရိတ်အုပ်လိုက်သည်။


ကားပြတင်းပေါက်တွေဖုံးနေသည့် အနက်ရောင်အတောင်ပံများနှင့် သူ့ပတ်ဝန်းကျင်ရှိ တောက်ပသောမျက်လုံးများကို မြင်လိုက်တော့ ယွဲ့ရှင်းဝမ်၏ရင်ထဲ တင်းကျပ်သွားသည်။ သူက အလျင်အမြန် အော်လိုက်သည်။ 

"အားလုံးနိုးထကြတော့!"


ဘတ်စ်ကားပေါ်ရှိ အတန်းဖော်များသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသော်လည်း ကျန်းဖျင်စစ်၏ ရုတ်တရတ် ဘရိတ်အုပ်ပြီး ယွဲ့ရှင်းဝမ်၏ အော်သံကြောင့် လူတိုင်းက တစ်ချိန်တည်း နိုးလာပြီး တိုက်ပွဲအတွက် ကြောက်ရွံ့ထိတ်လန့်စွာ ပြင်ဆင်နေကြသည်။


ပရော်ဖက်ဆာထန်သည် ထိတ်လန့်တကြား လှည့်ပတ်ကြည့်ရင်း မေးလိုက်သည်။

"ဘာ–ဘာဖြစ်တာလဲ?"


ကျိုဖုန်းက ယာဉ်မောင်းထိုင်ခုံဆီသို့ အမြန်ပြေးသွားပြီး မေးသည်။

"အခြေအနေဘယ်လိုလဲ?" 

ကားရှေ့မီးအလင်းရောင်ဖြင့် ပြတင်းပေါက်တွင် လဲလျောင်းနေသော “လူသားမျက်နှာ လင်းနို့” ကိုတွေ့လိုက်ရပြီး သူ့ကျောရိုးတစ်လျှောက် အေးစက်သွားသည်။

"သန္ဓေပြောင်းတွေ?"

 

ယွဲ့ရှင်းဝမ်: "ပျံသန်းနိုင်တဲ့လင်းနို့တွေ…"


လျှိုကျောက်ချင်းက ခေါင်းလှည့်ကာ ပြတင်းပေါက်ကို လှမ်းကြည့်ရင်း အတောင်ပံခတ်ကာ နှုတ်ခမ်းပေါ်ရှိ သွေးများကို စလျက်နေသော ကောင်လေး၏ မျက်လုံးများကို တွေ့လိုက်ရပြီး သားကောင်ကို စိုက်ကြည့်နေသလိုမျိုး သူ့ကို စိုက်ကြည့်နေသည်။


လျှိုကျောက်ချင်းသည် ကြက်သီးမွေးညင်းထသွားပြီး မနေနိုင်ဘဲ ဆဲလိုက်သည်။

"Fuck၊ ရွံစရာကောင်းလိုက်တာ! လူမျက်နှာနဲ့ လင်းနို့က တစ်မီတာကျော်မြင့်တယ်… ဒီသတ္တဝါမျိုးရအောင် ဘယ်လိုပြုပြင်လိုက်တာလဲ?"


ယွဲ့ရှင်းဝမ်: "အားလုံးသတိထားကြ! ဒီလင်းနို့တွေက သွေးစုပ်လိမ့်မယ်!"


သူသည် လင်းနို့အများအပြား၏ နှုတ်ခမ်းတွင် ချွန်ထက်သော သွားများနှင့် သွေးများရှိနေတာကို မြင်သောကြောင့် ဤကောက်ချက်ကိုချခဲ့သည်။ ထင်ရှားသည်မှာ ဤသန္ဓေပြောင်းအုပ်စုသည် လင်းနို့၏ပျံသန်းနိုင်မှုနှင့် သွေးစုပ်ခြင်းကို အမွေဆက်ခံကာ vampire လင်းနို့များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။


သူတို့၏ သွားများသည် ချွန်ထက်လွန်းသဖြင့် သာမန်လူသားများ၏ လည်ပင်းကို ချက်ချင်းကိုက်နိုင်သည်။


ထိုစကားထွက်လာတာနဲ့ တစ်ပြိုင်နက် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ပြတင်းပေါက်မှန်က ချက်ချင်း ကွဲသွားကာ ကားတစ်ဝိုက်မှာ ရစ်ပတ်ထားသည့် လျှိုကျောက်ချင်း၏ ပတ်တီးကို သူ၏ချွန်ထက်သည့်သွားများဖြင့် ကိုက်ဖြတ်လိုက်သည်။


အမြင့်တစ်မီတာနီးပါးရှိ လင်းနို့အကောင်ကြီးသည် ကားထဲသို့ ပြင်းထန်စွာ ပြေးဝင်ကာ ပါးစပ်မှ ပြင်းပြင်းထန်ထန် “အော်သံ” ထွက်လာပြီး သူတို့ကို ခွဲခြားမနေဘဲ ကိုက်တော့သည်။


ကားအတွင်းပိုင်းက ရှုပ်ယှက်ခတ်သွားသည်။


Vampire လင်းနို့များသည် ပါးစပ်ကိုဖွင့်ကာ ကိုက်ရန် လူတိုင်း၏လည်ပင်းကို စိုက်ကြည့်ကြသည်။ သူတို့သည် သွေးလွှတ်ကြောကို ကိုက်လိုက်သည်နှင့် တစ်ပြိုင်နက် သေရမှာသေချာသည်။


မရေမတွက်နိုင်သော လင်းနို့များရှိပြီး တချို့မှာ ကားထဲတွင် ပျံဝဲနေကာ တချို့မှာ ကားထိပ်တွင် ဇောက်ထိုး တွဲလောင်းကျနေပြီး ကားတစ်ခုလုံးက တိုက်ခိုက်စရာ နေရာမရှိသလောက်ပင်ဖြစ်သည်။


ယနေ့ညနေပိုင်းတွင် 183 လှုပ်ရှားရေးအဖွဲ့အဖြစ် အယောင်ဆောင်ခြင်းဖြင့် ပရော်ဖက်ဆာထန်ကိုဖမ်းရန် သန္ဓေပြောင်းများ၏တာဝန်က မအောင်မြင်ခဲ့တာကြောင့် အဖွဲ့အစည်းသည် အစီအစဉ်ကိုပြောင်းလဲကာ သူတို့ကိုအပြည့်အ၀တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်—— ‌ဒေတာချစ်ပ်ပြား မည်သို့ပင်ဖြစ်နေပါစေ၊ သူတို့ကို အပြတ်ရှင်းပစ်လိမ့်မည်။


ချင်လု၏ကျောက်ထုလွှာလှုပ်ရှားမှုနှင့် ချင်မြောင်၏ လှုပ်ရှားမှုကြီးအားလုံးကို ယနေ့အသုံးပြုထားပြီး စွမ်းရည်များသည် ည 12 နာရီတွင်သာ ပြန်လည်ရရှိမှာဖြစ်သည်။ သန္ဓေပြောင်းများ၏ ဒုတိယအသုတ်တိုက်ခိုက်မှုသည် ည 11 ခွဲ အရေးကြီးသောအခိုက်အတန့်တွင် ပိတ်မိနေပြီး စွမ်းရည်များစွာသည် စောင့်ဆိုင်းချိန်ရောက်နေသည်။


လွတ်မြောက်ခြင်းစွမ်းရည်များထဲတွင် ယွဲ့ရှင်းဝမ်၏ ‘ရွှေပုစဉ်ရင်ကွဲခွံ’သာ ကျန်တော့သည်။


သို့သော်လည်း ‘ရွှေပုစဉ်းရင်ကွဲခွံ’သည် သုတေသနအဖွဲ့၏အဖွဲ့ဝင်များကိုသာ လွတ်မြောက်အောင်လုပ်နိုင်ပြီး ပရော်ဖက်ဆာထန်ကို ခေါ်လို့မရပေ။ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းမရှိသော ပရော်ဖက်ဆာထန်သည် တစ်မိနစ်အတွင်း ဤနေရာတွင် ပစ်ထားခံရပါက လင်းနို့အုပ်စုသည် သွေးများစုပ်သွားလိမ့်မည်။


ယွဲ့ရှင်းဝမ်၏စိတ်က လျင်မြန်စွာ လည်ပတ်နေသည်။


ပရော်ဖက်ဆာထန်ကို ဘယ်လိုကာကွယ်ရမလဲ?


ရုတ်တရက် သူ့ဦးနှောက်ထဲက လင်းလက်သွားပြီး ‘ခေတ်သစ်စာရေးဆရာများ၏ ဂန္တဝင်လက်ရာများ’ နောက်ထပ်စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။


ယွဲ့ရှင်းဝမ်က ပရော်ဖက်ဆာထန်ထံ စာပိုဒ်တစ်ပိုဒ်ကို အမြန်ဖတ်လိုက်သည်။

"ငါလိမ္မော်သီး သွားဝယ်ဦးမယ်… မင်းဒီမှာနေပြီး လှည့်မကြည့်နဲ့…"


ပရော်ဖက်ဆာထန်: "???"


အရှုပ်အထွေးဖြစ်နေချိန်တွင် ယွဲ့ရှင်းဝမ်က လိမ္မော်သီး သွားဝယ်ဦးမည်ဟု ကြားလိုက်သောအခါ ပရော်ဖက်ဆာထန်က စိတ်ရှုပ်သွားသည်—— သည်ထူးဆန်းသောအဖွဲ့က ဘာတွေဖြစ်နေတာလဲ? လင်းနို့တွေ ဝိုင်းရံခံထားရပြီး သေရေးရှင်းရေးကြုံတွေ့နေချိန်မှာ သူက လိမ္မော်သီးဝယ်ချင်တယ်လို့ တကယ်ကြီးပြောနေတာလား?


နောက်အခိုက်အတန့်မှာတော့ ယွဲ့ရှင်းဝမ်က အဘိဓာန်ကို ဆင့်ခေါ်ပြီး "ရွှေပုစဉ်းရင်ကွဲခွံ သွားတော့!"


ယွဲ့ရှင်းဝမ်သည် လူ 12 ဦးကို ခေါ်ဆောင်သွားခဲ့ပြီး ဘတ်စ်ကားနှင့် မီတာ 50 အကွာရှိ တစ်နေရာသို့ ပို့ဆောင်ခဲ့သည်။


ပရော်ဖက်ဆာထန်တစ်ဦးတည်းသာ ကားထဲတွင် ကျန်ရစ်ခဲ့သည်။


ခယ်ရှောင်ပင်းက စိတ်ပူသောအမူအရာဖြင့် ဘတ်စ်ကားကို ကြည့်ပြီး မေးသည်။

"ပရော်ဖက်ဆာထန်ကို အနောက်မှချန်ခဲ့တာ အဆင်ပြေပါ့မလား?"


ယွဲ့ရှင်းဝမ်က သူ့လက်ထဲရှိ လိမ္မော်သီးလတ်လတ်ဆတ်ဆတ်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

"ကိစ္စမရှိပါဘူး၊ ငါသူ့ကို လိမ္မော်သီးမပေးသေးသ၍တော့ နောက် 5 မိနစ်အထိ သူ့ကို တိုက်ခိုက်လို့ရမှာမဟုတ်သလို၊ သူကလည်း တိုက်ခိုက်လို့ရမှာမဟုတ်ဘူး… အဲဒီလင်းနို့တွေ သူ့ကို မထိခိုက်နိုင်ပါဘူး…"


လိမ္မော်သီးသွားဝယ်ဦးမယ်၏စွမ်းရည်သည် Boss ကိုတိုက်ခိုက်ရန် အားကောင်းသောလက်နက်ပြီး ပစ်မှတ်တစ်ခုကို ခေတ္တရပ်ရန်ခလုတ်ကို နှိပ်ခြင်းနှင့် ညီမျှသည်။ လိမ္မော်သီးမပေးရသ၍တော့ ထိုလူက ရုပ်တုတစ်ခုအနေနဲ့ 5 မိနစ်အထိ မတ်တပ်ရပ်နေရမှာဖြစ်ပေမယ့် တစ်ချိန်တည်းမှာပဲ တိုက်ခိုက်လို့မရပေ။


လန်ယာရုန်က မနေနိုင်ဘဲ ပြောလိုက်သည်။

"ပရော်ဖက်ဆာထန်က ငါတို့ကို သေလောက်အောင်ကြောက်နေတော့မှာပဲ…"


လူတိုင်း: "..."


သနားစရာပရော်ဖက်ဆာထန်ကို လင်းနို့တွေ ဝိုင်းရံထားခဲ့သည်။ ယွဲ့ရှင်းဝမ်၏စွမ်းရည်သည် သူ့ကို ထိခိုက်လို့မရအောင် ပြုလုပ်နိုင်ပေမယ့် အမြင်အာရုံနှင့် စိတ်ပိုင်းဆိုင်ရာ ဖိအားများက သူ့ကို အထူးပြိုလဲသွားစေမည်မှာ သေချာပါသည်။


သို့သော် ဤသည်မှာ ပရော်ဖက်ဆာထန်ကို ကာကွယ်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။


ယွဲ့ရှင်းဝမ်သည် ပရော်ဖက်ဆာထန်အား အသေးစိတ်ရှင်းပြရန် အချိန်မရှိပေ။ သူက အသက်ပြင်းပြင်းရှူပြီး လေးလေးနက်နက်ပြောလိုက်သည်။ 

"ငါတို့မှာ အချိန် 5 မိနစ်ပဲရှိတယ်၊အားလုံးက ပူးပေါင်းပြီး အဲဒီလင်းနို့တွေကို တတ်နိုင်သမျှ မြန်မြန်ရှင်းပစ်ကြမယ်!"


『စာရေးဆရာက ပြောစရာရှိသည်: 


ပရော်ဖက်ဆာထန်: ငါ ဒီစာသားကို ပြောသင့်သလားတော့ မသိဘူး၊ MMP!(Ma Mai Pi/ Motherfucker လို့အဓိပ္ပါယ်ပါတယ်)』


#TK