Volume 5 : ဇီဝသိပ္ပံဌာန
Chapter 98 (မျိုးရိုးဗီဇသန္ဓေပြောင်းလဲခြင်း ဇာတ်သိမ်း)
ပရော်ဖက်ဆာထန်သည် သူ့ရှေ့ရှိအရာကို မယုံနိုင်သေးပေ။ လင်းနို့တွေက သူ့ကိုဝိုင်းထားပြီး သူ့လည်ပင်းကို ကိုက်လိုက်သည့်အခိုက်မှာ သူသေတော့မည်ဟုထင်ခဲ့သည်။ ရလဒ်အနေဖြင့် သူမျက်လုံးဖွင့်ကြည့်လိုက်တော့ F မြို့ကို တကယ်ပဲ သူအသက်ရှင်လျက် ရောက်လာခဲ့သည်။
အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်သွားရသည်ကို သူမသိပေ။
ယွဲ့ရှင်းဝမ်က သူ၏ကြောင်တောင်တောင်များနဲ့ဆုံပြီး စိတ်ရှည်ရှည်နဲ့ ရှင်းပြသည်။
"အဲဒီနေ့က ခင်ဗျားကို ရှင်းရှင်းလင်းလင်းပြောပြဖို့အတွက် အခြေအနေက ရှုပ်ထွေးနေတာ… တကယ်တော့ ကျွန်တော် လိမ္မော်သီးသွားဝယ်ဦးမယ်လို့ ပြောလိုက်တဲ့အခါ ခင်ဗျားကို အချိန်အတိုင်းအတာတစ်ခုအထိ တိုက်ခိုက်မှုအားလုံးခံနိုင်တဲ့ စွမ်းအားတစ်ခုကို ထုတ်ပေးနိုင်တာကြောင့် အဲဒီလင်းနို့တွေက ခင်ဗျားကို မထိခိုက်နိုင်ဘူး… ကျွန်တော်တို့ လင်းနို့တွေကို ရှင်းပစ်ပြီးနောက် ခင်ဗျားသတိလစ်နေတာကိုတွေ့ပြီး လမ်းတစ်လျှောက် ခင်ဗျားကို တင်ခေါ်လာခဲ့တာ…"
ပရော်ဖက်ဆာထန်သည် နားလည်ပုံမပေါ်ဘဲ သူ၏မျက်နှာက “ငါဘယ်သူလဲ၊ ငါဘယ်မှာလဲ”ဟုသော အမူအရာဖြစ်နေသည်။
သူ့လက်ထဲက လိမ္မော်သီးကို ငုံ့ကြည့်လိုက်ပြီး ကြောင်တောင်တောင် ပြောလိုက်သည်။
"လိမ္မော်သီးက? တိုက်ခိုက်မှုတွေကို ခံနိုင်တယ်?"
ယွဲ့ရှင်းဝမ်က သူ့နားထင်ကိုပွတ်သပ်ကာ ပြောသည်။
"ထားလိုက်ပါတော့၊ ကျွန်တော် ခင်ဗျားကို ရှင်းပြရင်တောင် နားလည်မှာမဟုတ်ဘူး… ကျွန်တော်တို့မှာ မှော်ပညာရှိတယ်လို့သာ မှတ်ယူထားလိုက်ပါ… ခင်ဗျား ဒီလိမ္မော်သီးကို စားကြည့်လို့ရတယ်၊ ဒါက အတော်လေးအရသာရှိတယ်…"
မှော်လိမ္မော်သီးကို သူ ဘယ်လိုလုပ်စားရဲမှာလဲ!
ပရော်ဖက်ဆာထန်သည် လိမ္မော်သီးကို ယွဲ့ရှင်းဝမ်ထံ ချက်ချင်းပြန်ပေးလိုက်သည်။
"မစားချင်ဘူး၊ တော်ပြီ…"
ယွဲ့ရှင်းဝမ်က ပခုံးတွန့်ပြီး လိမ္မော်သီးကိုယူကာ အခွံနွှာပြီး သူ့အဖွဲ့ဝင်တိုင်းက တစ်စိတ်စီ ကျွေးလိုက်သည်။
ပရော်ဖက်ဆာထန်သည် ခဏတာ အံ့အားသင့်သွားကာ အသံတိုးတိုးဖြင့် မေးသည်။
"မင်းတို့က တကယ်ပဲ မှော်ဆရာတွေလား? သန္ဓေပြောင်းတွေ မဟုတ်ဘူးပေါ့?"
မှော်ဆရာ? ဤစကားလုံးက သူတို့ကို ဖော်ပြရန် အလွန်သင့်လျော်သည်။
ယွဲ့ရှင်းဝမ်က ပြုံးပြကာ အထောက်အထားအသစ်ကို အေးအေးဆေးဆေး လက်ခံလိုက်သည်။
"သန္ဓေပြောင်းတွေက ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးရဲ့ အရည်အသွေးကို မြင့်တင်ပေးရုံသာမက အခြားတိရစ္ဆာန်တွေရဲ့ မျိုးရိုးဗီဇတွေကိုပါ ပေါင်းစပ်ထားပြီး အခြေခံအားဖြင့်တော့ လူသားနဲ့ တိရစ္ဆာန်ပါပဲ… ဒါပေမယ့် ကျွန်တော်တို့က မှော်ဆရာဖြစ်ပြီး၊ အဝေးကို ချက်ချင်းရောက်သွားတာ၊ နွယ်ပင်တွေ၊ ပေါင်းခံပုလင်းတွေ၊ အရက်မီးခွက်တွေဆင့်ခေါ်တာ၊ အက်စစ်မိုးရွာတာတွေ လုပ်လို့ရပြီး အဲဒါက သန္ဓေပြောင်းတွေနဲ့ အမျိုးအစားမတူဘူးလေ…"
ပရော်ဖက်ဆာထန်က သူ့ကိုယ်သူ တွေးလိုက်သည်။
‘မင်းတို့က နည်းနည်းပိုကြောက်စရာကောင်းတယ်…’
ပရော်ဖက်ဆာထန်၏ စိတ်အခြေနေမှာ ပိုမိုတည်ငြိမ်လာတာကို တွေ့လိုက်ရသဖြင့် ကျန်းဖျင်စစ်က မေးလာသည်။
"ပရော်ဖက်ဆာထန်၊ မျိုးရိုးဗီဇသုတေသနစင်တာက ဘယ်မှာလဲ?"
ပရော်ဖက်ဆာထန်က သတိပြန်ဝင်လာပြီး အသံတိုးတိုးဖြင့် ပြောသည်။
"ချိန်နန်ခရိုင်သစ်၊ ကျန့်ရှစ်လမ်း၊ အမြင့်ဆုံးအဆောက်အဦး…"
ကျန်းဖျင်စစ်က သူ့မျက်လုံးတွေကို စိုက်ကြည့်ရင်း ခပ်ပေါ့ပေါ့ ပြောသည်။
"ကျွန်တော်တို့ကို လိုက်နေတဲ့ သန္ဓေပြောင်းတွေ အများကြီးရှိတယ်နော်… ခင်ဗျားမလိမ်ရင် ပိုကောင်းမယ်၊ အဲဒါက ခင်ဗျားအတွက် ဘာကောင်းကျိုးမှမရှိဘူး… ကျွန်တော်တို့က ခင်ဗျားကို ဘာမှမလုပ်ပေမယ့် အဲဒီသန္ဓေပြောင်းတွေက ခင်ဗျားကို စားချင်နေတာ—— အဲဒီလင်းနို့တွေကို မှတ်မိလား?"
သူ့ကို လင်းနို့တွေဝိုင်းပြီး သွေးစုပ်နေသည့် ကြောက်စရာကောင်းသော ပုံရိပ်ကို တွေးလိုက်ကာ ပရော်ဖက်ဆာထန်သည် သူ့ကျောရိုးတစ်လျှောက် အေးစိမ့်သွားပြီး ချက်ချင်းပြောလိုက်သည်။
"ငါမလိမ်ပါဘူး! မျိုးရိုးဗီဇသုတေသနစင်တာက ချိန်နန်ခရိုင်သစ်မှာ တကယ်ရှိတာပါ…"
ယွဲ့ရှင်းဝမ်က ရွှီယိရှန်းကို အချက်ပြလိုက်သည်။
ရွှီယိရှန်းသည် လမ်းဆုံတွင် လှည့်၍ ကားကိုမောင်းကာ မြို့တောင်ဘက်သို့ သွားခဲ့သည်။
F မြို့ကတော့ ကျဆုံးပုံမပေါ်ချေ။ လမ်းတွေမှာ လူအသွားအလာ များပြီး သူတို့၏ပတ်တီးဖြင့် ကာထားသော ဘတ်စ်ကားဟာ မရေမတွက်နိုင်အောင် များပြားလှသည့် ပြည်သူများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ ရွှီယိရှန်းသည် ဘတ်စ်ကားကို လမ်းတစ်လျှောက် အမြန်မောင်းလာပြီး နှစ်ကီလိုမီတာအောက် သွားပြီးနောက်တွင် ရုတ်တရက် သူနောက်ကနေ ဘမ်းဟူသောအသံကို ကြားလိုက်ရသည်။
အားလုံး နောက်ပြန်လှည့်ကြည့်လိုက်တော့——
အမြန်လမ်းမှာ လိုက်ဖမ်းနေသည့် သန္ဓေပြောင်းဝံပုလွေတွေဟာ F မြို့အထိ ဇွဲရှိရှိနဲ့ လိုက်လာကြတာကို မြင်လိုက်ရသည်။
ရာနှင့်ချီသော လူများသည် လမ်းပေါ်၌ စုတ်ပြတ်နေသော ဘတ်စ်ကားတစ်စီးကို လက်နှင့်ခြေများ အသုံးပြုကာ လိုက်လာကြသည်။ သည်ထူးဆန်းသော မြင်ကွင်းက လမ်းပေါ်ရှိ ယာဉ်မောင်းတွေကို ထိတ်လန့်စေသွားသည်။ ယာဉ်မောင်းတစ်ယောက်သည် စတီယာရင်ကို လှည့်ပြီး ရှောင်ဖို့ ကြိုးစားပေမယ့် ကားသည် ‘ဘမ်း’ဟူသောအသံနှင့်အတူ လမ်းဘေးရှိ သစ်ပင်ကြီးတစ်ပင်ကို တိုက်ရိုက် ဝင်တိုက်ပြီး ကားရှေ့ဖုံးက ပြုတ်ထွက်သွားသည်။
အနောက်မှယာဉ်မောင်းများသည် ဘရိတ်ကိုနင်းရန်အချိန်မရှိသည့်အပြင် ကားအစီးတစ်ဒါဇင်ကျော်သည် အနောက်မှဆက်တိုက် တိုက်မိသွားခဲ့သည်။
ပြင်းထန်သော ယာဉ်မတော်တဆမှုမှာ လမ်းတစ်ခုလုံးကို ရှုပ်ထွေးသွားစေကာ ဟွန်းသံများ ဆူညံသွားသည်။
ကားဒရိုင်ဘာတစ်ဦးသည် မရေမတွက်နိုင်သော “လူသားများ”က သူ့ကားဘေးကနေ ဖြတ်ပြေးသွားတာကို မြင်ပြီး စိတ်လှုပ်ရှားစွာ ဖုန်းကို ကောက်ကိုင်ပြီး ရဲကို ခေါ်လိုက်သည်။ သူက အသံတုန်တုန်ယင်ယင်ဖြင့် ပြောသည်။
"ဟယ်လို၊ ယာဉ်ထိန်းရဲလား? ကျွန်တော် ဒီမှာ ဆက်တိုက်ယာဉ်တိုက်မှုတွေဖြစ်နေပြီး လမ်းပေါ်မှာ ခြေလက်တွေလေးဘက်ထောက်ပြေးနေတဲ့ ရူးနေတဲ့လူတွေအများကြီးရှိတယ်… သူတို့က စိတ်ကျန်းမာရေးဆေးရုံကနေ ထွက်ပြေးလာတာလားတော့ ကျွန်တော်လည်းမသိဘူး…"
သူစကားမဆုံးခင်မှာ သူ့ကားဘေးမှာ လေးဘက်ထောက်သွားနေသည့် အမျိုးသမီးငယ်လေးက သူမခေါင်းကို ပြင်းပြင်းထန်ထန် လှည့်လိုက်သည်။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်နေသည်—— ထိုအမျိုးသမီးသည် အလွန်လှပသော်လည်း သူမ၏ မျက်လုံးများက အေးစက်ပြီး စူးရှကာ သူမ၏မျက်လုံးအိမ်အရောင်သည် သာမန်လူသားများနှင့် မတူသည့်အပြင် သူမ၏လေးဘက်ထောက်သွားပုံမှာလည်း ထူးဆန်းလှသည်။ ကားမောင်းသူက အံ့အားသင့်သွားကာ ပြတင်းပေါက်ကိုပိတ်ခါနီးတွင် အမျိုးသမီးက ရုတ်တရက်ခုန်လိုက်ပြီး လက်ကိုဆန့်ကာ ကားထဲသို့ ချက်ချင်းထိုးကျသွားပြီး သူမကဆာလောင်နေသကဲ့သို့ သူ၏လည်ပင်းကိုဆွဲကာ ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။
အမျိုးသမီး၏ ချွန်ထက်သော သွားများသည် ပျက်စီးလွယ်သော လည်ပင်းရှိ သွေးကြောများမှတစ်ဆင့် ချက်ချင်း ကိုက်လိုက်ကာ လည်ပင်းတစ်ခုလုံး သွေးသံတရဲရဲဖြစ်သွားသည်။
ပြင်းထန်သော နာကျင်မှုကြောင့် ကားမောင်းသူက မှိန်းမောသွားစေကာ လက်များကို ဝှေ့ယမ်းပြီး အပြင်းအထန် ရုန်းကန်လေသည်။
သို့သော်လည်း ဝံပုလွေ၏ သွားများသည် အလွန်ချွန်ထက်ပြီး သူ၏လေပြွန်ကို အပိုင်းပိုင်း ပြတ်တောက်သွားစေခဲ့သည်။ သွေးအမြောက်အမြား ထွက်ကျလာပြီး အသက်ရှုလမ်းကြောင်း ပြတ်တောက်သွားသည်။ ယာဉ်မောင်း၏ တုန်ခါနေသော ဖုန်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျကာ သူ၏မျက်လုံးများက လှည်သွားပြီး ရုန်းကန်တာရပ်တန့်သွားခဲ့သည်။
အော်ပရေတာ၏ အသံသည် ဖုန်းမှ ထွက်ပေါ်လာသည်။
"ဟယ်လို? ဟယ်လို? Sir, ဆက်တိုက်ယာဉ်တိုက်မှုဖြစ်တဲ့ လမ်းက ဘယ်အပိုင်းလဲဆိုတာကို ပြောပြပါဦး…"
အမျိုးသမီးသည် သူမ၏သားကောင်ကို လောဘကြီးစွာ ကိုက်ခဲကာ ပါးစပ်ထဲတွင် သွေးများပြည့်နေပြီး ဆက်လက်ဝါးရန် အသားတစ်ပိုင်းကို ကိုက်လိုက်သည်။
သူမသည် ခဏလောက်စားပြီးနောက် ကျေနပ်စွာနဲ့ ခေါင်းပြန်လှည့်လိုက်သည်။
ထိုကားနှင့်အပြိုင် လိုက်ပါလာသည့် ယာဉ်မောင်းက သူ့ဘေးနားတွင် ဖြစ်ပျက်နေတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ပါးစပ်ထဲတွင် သွေးများပြည့်နေသော အမျိုးသမီးကို တွေ့သောအခါ အော်သံ ထွက်လာသည်—— "အားးးးး——" ယာဉ်မောင်းက အရှိန်မြင့်ပြီး လမ်းပေါ်ကနေ ထွက်ပြေးဖို့ ကြိုးစားသည်။ သို့သော် သူ့အရှေ့ဘက်က ကိုယ်ပိုင်ကားနှင့် တိုက်မိပြီး ကျယ်လောင်စွာ အသံမြည်ကာ ဘီးများ ပြုတ်ထွက်သွားသည်။
လမ်းသွားလမ်းလာတွေက ယာဉ်တိုက်မှု ဆက်တိုက်ဖြစ်တာကို ရပ်ပြီး စောင့်ကြည့်နေသည်။ သို့သော် ပါးစပ်တွင် သွေးများပြည့်နေသော အရူးကိုမြင်ပြီးနောက် လူများက တစ်ခုခုမှားနေမှန်း သိလိုက်ကြပြီး အော်ဟစ်ကာ ထွက်ပြေးကြသည်။
ယွဲ့ရှင်းဝမ်သည် ဘတ်စ်ကား၏ ရှေ့ဆုံးတန်းတွင် ထိုင်နေပြီး နောက်ကြည့်မှန်မှတစ်ဆင့် ဤမြင်ကွင်းကို မြင်လိုက်ရသည်။ ဆာလောင်မွတ်သိပ်ပြီး ရူးသွပ်သော ဝံပုလွေများသည် သူတို့မြင်သောလူများကို ကိုက်လိုက်ရာ မူလက အသက်ဝင်သော လမ်းများသည် ချက်ချင်းပင် ကမ္ဘာပေါ်ရှိငရဲအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိတ်လန့်တကြားအော်သံများက အနှံ့အပြားရှိနေသည်။
မြို့ထဲကို ဝင်လာသည့် သန္ဓေပြောင်းဝံပုလွေ အရေအတွက်ဟာ အမြန်လမ်းမမှာ လိုက်ဖမ်းသူတွေထက် အဆများစွာ ပိုများလာသည်။
ကျန်းဖျင်စစ်က တည်ငြိမ်သောအမူအရာဖြင့် ပြောသည်။
"သန္ဓေပြောင်းစစ်တပ်က F မြို့ကို ရောက်နေပြီထင်တယ်…"
တစ်ချိန်တည်းမှာပင် လူတိုင်းသည် C မြို့ရင်ပြင်၌ ထူထပ်စွာ စုပုံထားသော အလောင်းများကို တွေးမိလိုက်ကြသည်။
လူသားမြို့တွေကို သိမ်းပိုက်ဖို့ သန္ဓေပြောင်းတွေသုံးသည့်နည်းလမ်းတွေက အလွန်ရက်စက်ပါသည်။ လူဦးရေသန်းဆယ်ဂဏန်းရှိသည့် မြို့တစ်မြို့ ကျဆုံးပြီးတာနဲ့ မရေမတွက်နိုင်သော လူတွေ သေကုန်လိမ့်မည်။ သန္ဓေပြောင်းများသည် အစုလိုက်အပြုံလိုက်ထုတ်လုပ်ထားသော ဇီဝဓာတုလက်နက်ဖြစ်သောကြောင့် သာမန်လူသားများသည် သူတို့အား အနိုင်ယူရန် အခွင့်အလမ်းနည်းပါးပါသည်။
သူတို့က တာဝန်ကို အချိန်တိုအတွင်း ပြီးမြောက်ရမည်။
ပရော်ဖက်ဆာထန်၏ ချစ်ပ်ပြားတွင် သန္ဓေပြောင်းများ၏ အားနည်းချက်ရှိတာကြောင့် ဤသည်မှာ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်။
ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။
"မြန်မြန်သွားရအောင်!"
ရွှီယိရှန်းက ရှေ့သို့ အမြန်မောင်းလာခဲ့သည်။ မြို့တော်၏လမ်းမများပေါ်တွင် ကိုယ်ပိုင်ကားများ များပြားလွန်းသဖြင့် သူတို့၏ဘတ်စ်ကားကို အမြန်မမောင်းနိုင်ပေ။ သူ၏ယာဉ်မောင်းစွမ်းရည်က ထိပ်တန်းဆိုရင်တောင် S ကွေးကိုကျော်တက်ပြီး မီးနီနေတာကို ဘာမှလုပ်လို့မရပေ။
ရှေ့လမ်းဆုံတွင် 99 စက္ကန့်ကြာ မီးနီနေပြီး သူတို့၏ ဘတ်စ်ကားမှာ ယာဉ်ကြောပိတ်ဆို့နေသည်။
ယွဲ့ရှင်းဝမ်က ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။
"စောင့်မနေနဲ့၊ ပျံပြီးသွားမယ်…"
ကျန်းဖျင်စစ်သည် coordinate system ကိုဖွင့်ပြီး ဘတ်စ်ကားကို ရိုးရှင်းစွာထိန်းချုပ်ကာ ယာဉ်ကြောပိတ်ဆို့မှုများဆီကနေ တိုက်ရိုက်ပျံသန်းခဲ့သည်။
မီးနီစောင့်ဆိုင်းနေသော ကိုယ်ပိုင်ကားမောင်းများသည် အံ့အားသင့်သွားသည်။
"ဟင်? ဒီကားက ပျံနိုင်တာလား?!"
"ငါ ဘာကိုမြင်နေရတာလဲ? ဒါက ပျံနိုင်တဲ့နိဗ္ဗာန်ယာဉ်ပဲ…"
တချို့လူတွေက လေပေါ်မှာပျံနေသည့် ဘတ်စ်ကားကို ဓာတ်ပုံရိုက်ရန် ဖုန်းတွေထုတ်နေကြသည်။ ထိုအခိုက်အတန့်တွင် ဘတ်စ်ကားမှတ်တိုင်မှာ လူကြီးတစ်ယောက်က ဓာတ်ပုံရိုက်နေတာကို အမျိုးသမီးတစ်ဦးကို ချက်ချင်းကိုက်သတ်ပစ်လိုက်သည်။
တစ်မြို့လုံးကညကမောက်ကမ ဖြစ်နေ၏။
အော်ဟစ်သံများသည် လမ်းတစ်ခုမှ အခြားတစ်ခုသို့ ပျံ့နှံ့သွားခဲ့သည်။
ပရော်ဖက်ဆာထန်သည် ထိုင်ခုံ၏လက်ရန်းကို ထိတ်လန့်တကြားဆွဲကိုင်လိုက်ပြီး ခြေထောက်အောက်ရှိ ရှုပ်ထွေးနေသောလမ်းကိုကြည့်ကာ ရိုလာကိုစတာ၏စိတ်လှုပ်ရှားဖွယ်ရာကို ခံစားရသည်။
သို့ပေမယ့် ဘတ်စ်ကားဆင်းသက်ပြီးတာနဲ့ ထရပ်ကားကြီးတစ်စီးက သူတို့ဘေးရှိ လမ်းမပေါ်ကနေ ရုတ်တရက်ထွက်လာပြီး သူတို့ကို ဝင်တိုက်သည်။ လမ်းကကျဉ်းမြောင်းပြီး ရွှီယိရှန်းသည် ကားမောင်းကျွမ်းကျင်မှု ဘယ်လောက်ပဲရှိနေပါစေ ရှောင်လို့မရပေ။
အနောက်ကနေ ကျယ်လောင်သော ‘ဘမ်း’အသံသာ သူတို့ ကြားလိုက်ရသည်။ ထရပ်ကားကြီး၏အရှေ့သည် ဘတ်စ်ကားနောက်ခန်းနှင့် ပြင်းထန်စွာ တိုက်မိခဲ့ပြီး စုတ်ပြတ်သတ်နေပြီဖြစ်သော ဘတ်စ်ကားသည် ထရပ်ကားကြီးကြောင့် တစ်စစီဖြစ်လုနီးပါးဖြစ်နေသည်။
ကားအတွင်းမှ ဓာတ်ဆီစည်ပိုင်းအများအပြားသည် မြေပြင်ပေါ်သို့ လိမ့်ကျကာ ဓာတ်ဆီများသည် ကားအတွင်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ဓာတ်ဆီညှော်နံ့ကြောင့် ယွဲ့ရှင်းဝမ်၏ရင်ထဲ တင်းကြပ်သွားပြီး အလျင်အမြန် အော်လိုက်သည်။
"ဒီဘတ်စ်ကားပေါက်ကွဲတော့မယ်၊ ထွက်သွားစို့!"
ချင်လုသည် ချက်ချင်း ကမ္ဘာလုံး လှည့်လိုက်ပြီး လျင်မြန်စွာ နေရာပြောင်းကာ ကားပေါ်ရှိလူတိုင်းသည် ခပ်လှမ်းလှမ်းမှ လူသွားစင်္ကြန်ပေါ်တွင် ချက်ချင်းပေါ်လာသည်။
နောက်အခိုက်အတန့်မှာ ဘတ်စ်ကားက လူတိုင်းရှေ့တွင် ပေါက်ကွဲသွားသည်။
ဓာတ်ဆီအမြောက်အမြားရှိနေခြင်းကြောင့် 3 စက္ကန့်အတွင်း ပြင်းထန်သောမီးတောက်ကြောင့် ကားတစ်ခုလုံး ပျက်စီးသွားခဲ့သည်။ ပြင်းထန်သောမီးတောက်သည် ကောင်းကင်သို့တက်၍ မီးခိုးလုံးကပြည့်နှက်နေပြီး လေပြင်းတိုက်ခတ်မှုကြောင့် အနီးနားရှိ ထရပ်ကားကြီးနှင့် ကားတွေက မီးလောင်ကျွမ်းခဲ့သည်။
လမ်းတစ်လမ်းလုံးသည် ကြီးမားသော မီးခိုးလုံးအဖြစ်သို့ ပြောင်းလဲသွားသည်။
ယာဉ်မောင်းများ၊ ခရီးသည်များနှင့် လမ်းသွားလမ်းလာများက အော်ဟစ်ကာ ထွက်ပြေးခဲ့ကြသည်။ လူတချို့၏အဝတ်အစားများ မီးလောင်သွားပြီး ကျယ်လောင်စွာ အော်ဟစ်ကာ ရှေ့သို့ ပြေးသွားကြသည်။ သို့သော်လည်း ခြေလှမ်းအနည်းငယ်မျှသာ အပြီးတွင် သူတို့သည် အနက်ရောင်မီးသွေးအဖြစ် လောင်ကျွမ်းပြီး မြေပေါ်သို့ လဲကျသွားသည်။
ကျယ်လောင်သော ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်း ထိတ်လန့်သွားပြီး ပရော်ဖက်ဆာထန်၏ မျက်နှာက စာရွက်ကဲ့သို့ ဖြူဖျော့သွားသည်။
တစ်စက္ကန့်လောက် နောက်ကျသွားရင် မီးပင်လယ်ထဲ၌ သူတို့တွေ ကင်ပြီးသားဖြစ်သွားလိမ့်မည်။ ချင်လု၏ကျောက်ထုလွှာလှုပ်ရှားမှုမရှိပါက ကားတံခါးကနေ ဆင်းပြေးတာ ဒါမှမဟုတ် ပြတင်းပေါက်ကနေ ခုန်ချထွက်ပြေးလျှင်တောင် ယာဉ်ပေါက်ကွဲသည့်အကွာအဝေးကနေ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ပရော်ဖက်ဆာထန်၏ နှုတ်ခမ်းများက အနည်းငယ် တုန်ခါသွားသည်— ဤမှော်ဆရာများက တကယ်ကို အစွမ်းထက်သည်။ အရေးကြီးသောအခိုက်အတန့်တွင် မှော်ပညာသည် အသက်များကို ကယ်တင်နိုင်သည်။
လမ်းတစ်လျှောက်လုံး အတူလိုက်ပါခဲ့သော ပျက်စီးယိုယွင်းနေသည့် ဘတ်စ်ကားဟာ နောက်ဆုံးတွင် ကြာကြာမထိန်းနိုင်ဘဲ ဤနေရာတွင် လုံးဝမီးလောင်သွားခဲ့သည်။ ကံကောင်းထောက်မစွာပဲ မီးလောင်မှုကြောင့် သူတို့၏ ဘတ်စ်ကားကို ပျက်စီးသွားခဲ့ပေမယ့် ဝံပုလွေတွေ လိုက်ဖမ်းနေတာကိုလည်း တားဆီးနိုင်ခဲ့သည်။
လမ်းဘေးနှစ်ဘက်ရှိ လမ်းဆိုင်းဘုတ်များကို ကြည့်ပြီး ဤသည်မှာ မြို့၏မြောက်ဘက်ဖြစ်သည်။ F မြို့၏အကျယ်အဝန်းက ဘယ်လောက်ကြီးသလဲဆိုတာ သူတို့မသိပေမယ့် တတိယအဆင့်မြို့အဖြစ် တွက်ချက်လိုက်လျှင်တောင် မြို့မြောက်ဘက်မှ မြို့တောင်ဘက်သို့ အနည်းဆုံး ကီလိုမီတာဆယ်ဂဏန်းခန့်ရှိသည်။
ယွဲ့ရှင်းဝမ်သည် မီးလောင်နေသော ကားကို ထိတ်လန့်တကြားကြည့်နေသော လမ်းဘေးရှိ စုံတွဲတစ်တွဲကို မြင်လိုက်ကာ ရှေ့သို့ လျင်မြန်စွာ လှမ်းပြီး မေးလိုက်သည်။
"ဟယ်လို၊ F မြို့မှာရှိတဲ့ မျိုးရိုးဗီဇသုတေသနစင်တာက ဘယ်မှာလဲဆိုတာ မင်းတို့သိလား?"
ထိုအမျိုးသမီးသည် သတိပြန်ဝင်လာပြီး တုန်ယင်သောအသံဖြင့် ပြောသည်။
"မြို့တောင်ဘက်က ချိန်နန်ထဲမှာ…"
ပရော်ဖက်ဆာထန်က ဤတစ်ကြိမ်တွင် မလိမ်ခဲ့ပုံရသည်။
ယွဲ့ရှင်းဝမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောသည်။
"အားလုံး သွားကြစို့!"
သူသည် အဘိဓာန်ကိုထုတ်ကာ အဖွဲ့တစ်ဖွဲ့လုံး အရှိန်မြင့်ခြင်းစွမ်းရည် “အလင်းကဲ့သို့လျင်မြန်ခြင်း” ကို အသက်သွင်းခဲ့သည်။ ပရော်ဖက်ဆာထန်က မလိုက်လာနိုင်မှာကို စိုးရိမ်သည့်အတွက် လျှိုကျောက်ချင်းက ပရော်ဖက်ဆာထန်၏ လက်မောင်းကို လှမ်းဆွဲပြီး ကိုယ်တစ်ပိုင်းအောက်ကို ထိုင်ချလိုက်ကာ ပြောသည်။
"ကျွန်တော် ခင်ဗျားကိုသယ်ပြီး ပြေးလိုက်မယ်!"
ပရော်ဖက်ဆာထန်က မတုံ့ပြန်ခင်မှာ ကျိုဖုန်းနှင့် ရွှီယိရှန်းသည် သူ့ကို လျှို့ကျောက်ချင်း၏နောက်ကျော၌ အတင်းဖိကပ်လိုင်ပြီး လင်းမန့်လော်က အစိမ်းရောင်နွယ်ပင်နှစ်ပင်ကို ထုတ်ပြီး ပရော်ဖက်ဆာထန်ကို စီနီယာအစ်ကိုလျှို၏ နောက်ကျောတွင် ခိုင်မြဲစွာ ချည်နှောင်လိုက်သည်။
နွယ်ပင်များဖြင့် ချည်နှောင်ထားတာကြောင့် ဒါက လူကို သယ်ရတာနဲ့ မတူဘဲ ဝက်ကို သယ်ရတာနဲ့ တူနေသည်။
လျှိုကျောက်ချင်းက အရွှန်းဖောက်သည်။
"ခင်ဗျားက တော်တော်လေးတာပဲ!"
ပရော်ဖက်ဆာထန်: "..." ဒါဆို ငါက ဝိတ်ချရမှာလား?
အရှိန် 5 ဆ မြင့်တာက မိနစ် 30 ကြာသည်။
ယွဲ့ရှင်းဝမ်တို့တစ်ဖွဲ့လုံးသည် အရှိန်မြင့်ခြင်းစွမ်းရည်၏ လွှမ်းမိုးမှုအောက်တွင် သူတို့အဖွဲ့က အိုလံပစ်ချန်ပီယံထက်ပင် ပိုမြန်သည်။ လမ်းဘေး၌ ဒေသခံသူများ၏ မျက်စိရှေ့တွင် လေကဲ့သို့ ဖြတ်သွားသော လူတစ်စုကို မြင်လိုက်ရပြီး မျက်စိတစ်မှိတ်အတွင်း အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။
လျှိုကျောက်ချင်းသည် ခွဲစိတ်ဆရာဝန်ဖြစ်ရန် ထိုက်တန်ပြီး သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အမှန်တကယ်ပင် ပြင်းထန်လှသည်။ သူ့နောက်ကျောမှ အရွယ်ရောက်ပြီးသား ယောင်္ကျားတစ်ယောက်ကို သယ်ရင်းနဲ့ သူ၏ပြေးနှုန်းက ခယ်ရှောင်ပင်းနှင့် ကျန်းရှောင်နျန်တို့လို လူတွေကို အမီလိုက်နိုင်သည်။
ခယ်ရှောင်ပင်းက အသံတိုးတိုးဖြင့် ပြောသည်။
"ငါပြန်သွားရင် လေ့ကျင့်ခန်းလုပ်ဖို့လိုပြီထင်တယ်…"
ကျန်းရှောင်နျန်: "ကျွန်တော်ကောပဲ… နေ့တိုင်းပြေးဖို့ အားကစားကွင်းကို သွားရမယ်…"
နာရီဝက်ဆက်တိုက် ပြေးလာပြီးနောက် လူတိုင်းကညမောပန်းနွမ်းနယ်ကာ အသက်ရှူမဝ ဖြစ်နေကြသည်။ အားလုံးက ခါးကုန်းကာ သူတို့၏ဒူးတွေကို ဖိထားရင်း အပြင်းအထန် အသက်ရှူနေကြသည်—— ဒါက ‘မြို့ပြိုကျခြင်း’လွတ်မြောက်ခြင်းအတန်းထက် မလွယ်ကူပေ။
ပရော်ဖက်ဆာထန်သည် လျှိုကျောက်ချင်း၏ကျောပေါ်တွင် လဲလျောင်းနေပြီး အော့အန်တော့မည်ဖြစ်၍ ဖြူဖျော့သောမျက်နှာဖြင့် ပြောသည်။ "ငါ့—ငါ့ကို အောက်ချပေး…" သူသည် တစ်ရက်နှင့်တစ်ည သတိလစ်နေပြီး ဘာမှလည်းမစားထားရသလို မိနစ် 30 လောက် သယ်ဆောင်ခြင်း ခံခဲ့ရသည်။ သူသည် မူးဝေနေပြီး အချိန်မရွေး သတိလစ်တော့မလို ခံစားနေရသည်။
လျှိုကျောက်ချင်းက ပရော်ဖက်ဆာထန်ကို အောက်ချပေးလိုက်သည်။
ခယ်ရှောင်ပင်းသည် သူ့ကျောင်းလွယ်အိတ်ကိုဖွင့်ကာ စွံပလွံသီးတွေကို လက်တစ်ဆုပ်စာ ပေးလိုက်သည်။
"အာဟာရဖြည့်ချင်လား?"
ပရော်ဖက်ဆာထန်သည် ရုပ်ဆိုးသောမျက်နှာဖြင့် စွံပလွံသီးများကိုယူကာ အနည်းငယ်စားလိုက်သည်။
ယွဲ့ရှင်းဝမ်သည် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ လမ်းဘေးတွင် ကိုယ်ပိုင်ကားများစွာ ရှိနေတာကို တွေ့လိုက်ရသည်။ ယာဉ်များ၏ ဆက်တိုက်ပေါက်ကွဲမှုကြောင့် အထိတ်တလန့် ဖြစ်ပြီး ယာဉ်မောင်းတွေက ကားတွေကို စွန့်ပစ်ကာ တံခါးဖွင့်ပြီး ထွက်ပြေးသွားကြသည်။
ယွဲ့ရှင်းဝမ်က ပြောသည်။
"ဒီလိုပြေးနေတာက နည်းလမ်းကောင်းမဟုတ်ဘူး… ငါတို့တွေ အဖွဲ့ခွဲပြီး လှုပ်ရှားတာက ပိုကောင်းတယ်…"
သူက သူ့အနောက်ရှိ အဖွဲ့ဝင်တွေကိုကြည့်ပြီး လျင်မြန်စွာ အဖွဲ့ခွဲလိုက်သည်။
"စီနီယာအစ်ကိုရွှီက သန္ဓေပြောင်းတွေကို ဆွဲဆောင်ဖို့ တစ်ယောက်တည်း ကားမောင်းမယ်… ငါ၊ ဖျင်စစ်၊ ချင်လုနဲ့ ကျန်းရှောင်နျန်တို့က ပရော်ဖက်ဆာထန်ကို မြို့တောင်ဘက်ဆီ အမြန်ခေါ်သွားမယ်… စီနီယာအစ်ကိုကျိုက ကုန်တင်ကားကိုမောင်းပြီး အခြားသူတွေကို ခေါ်သွားလိုက်!"
အရှိန်မြင့်ခြင်းစွမ်းရည်က စောင့်ဆိုင်းချိန်ရောက်သွားသည်။ ကျန်းဖျင်စစ်၏ coordinate system မှာ စောင့်ဆိုင်းချိန်ပြည့်သွားပြီး ချင်လု၏ ကျောက်ထုလွှာလှုပ်ရှားမှုများမှာလည်း အကန့်အသတ်ရှိတာကြောင့် ကီလိုမီတာ ဒါဇင်ပေါင်းများစွာကို ခြေလျင်ဖြင့်ပြေးရင် ဝံပုလွေတွေလက်ထဲကနေ ပြေးလွှတ်မှာမဟုတ်တာကြောင့် ကားဖြင့်သွားတာက အကောင်းဆုံးနည်းလမ်းဖြစ်သည်။
သူတို့သည် အဖွဲ့သုံးဖွဲ့ခွဲလိုက်ပါက သန္ဓေပြောင်းများသည် သီးခြားစီသာ လိုက်နိုင်ပြီး သူတို့၏စွမ်းအားက သဘာဝအလျောက် အားနည်းသွားမည်ဖြစ်သည်။
အားလုံးက အဆင်ပြေတာကြောင့် မြန်မြန်ဆန်ဆန်ဆောင်ရွက်ရန် အဖွဲ့သုံးဖွဲ့ခွဲကြသည်။
ရွှီယိရှန်းက အရှေ့ရှိ အနီရောင်ပြိုင်ကားတစ်စီးဆီ ဝင်သွားသည်။ ကျန်းဖျင်စစ်နှင့် ယွဲ့ရှင်းဝမ်တို့က ဒုတိယကိုယ်ပိုင်ကားပေါ်သို့ တက်သွားကြပြီး ကျန်းဖျင်စစ်က ယာဉ်မောင်းထိုင်ခုံတွင်ထိုင်ကာ ယွဲ့ရှင်းဝမ်က ခရီးသည်ထိုင်ခုံတွင်ထိုင်ပြီး ချင်လုနှင့် ကျန်းရှောင်နျန်တို့က ပရော်ဖက်ဆာထန်ကို အနောက်ဘက်သို့ပို့လိုက်ကာ အလယ်တွင် ပရော်ဖက်ဆာထန်ကို စောင့်ရှောက်နေသကဲ့သို့ ညှပ်ထားသည်။
ကျန်လူများက ကျိုဖုန်း၏အနောက်ကနေ ကုန်တင်ကားဆီသို့ လိုက်သွားကြသည်။
ကားသုံးစီးသည် တစ်ပြိုင်နက်တည်း စတင်ခဲ့ပြီး လမ်းသုံးကြောင်းခွဲကာ အဆုံးမှတ်ဆီသို့ ထွက်ခွာသွားခဲ့သည်။
ကိုယ်ပိုင်ကားသုံးစီးက ဘတ်စ်ကားထက် သွားရတာအများကြီး ပိုကောင်းသည်။ ရွှီယိရှန်းသည် ကားသေးတစ်စီးကို မောင်းနှင်ပြီး လမ်းပေါ်ရှိ S ပုံသဏ္ဍာန်လမ်းကြောင်းအတိုင်း ဖြတ်သန်းခဲ့သည်။ သူ၏အရှိန်က အမြန်လမ်း၏ တစ်နာရီ ကီလိုမီတာ 80 ကျော်တောင် ရောက်ရှိနေသည်။
ဘေးပတ်ဝန်းကျင်မှ ယာဉ်မောင်းများသည် သူက ဘယ်မှညာသို့ အပြင်းအထန် မောင်းလာတာကို မြင်ပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဖြင့် အငှားယာဉ်နှစ်စီးကြားရှိ ကွက်လပ်ကို ဖြတ်သွားကာ နှစ်ဖက်စလုံးရှိ ကားများ၏ နောက်ကြည့်မှန်ကို ပွတ်လုနီးပါး ဖြစ်သွားသည်။
ယာဉ်မောင်းက ပြတင်းပေါက်မှန်ကိုချပြီး ဆဲလေသည်။
"Fuck! မင်းက သေချင်နေလို့ ဒီလောက်အထိ မြန်နေရတာလား?!" ပတ်ဝန်းကျင်ရှိ ယာဉ်မောင်းများကလည်း သူတို့၏မကျေနပ်မှုကို ထုတ်ဖော်ဖို့ ဟွန်းတီးနေကြသည်။ သို့ပေမယ့် ရွှီယိရှန်းသည် အဲဒါကို ဂရုမစိုက်နိုင်တော့ဘဲ လေးနက်သည့်ပုံစံဖြင့် သူ့မျက်လုံးတွေက ရှေ့ကလမ်းကိုသာ စိုက်ကြည့်နေပြီး လီဗာကို အဆုံးထိဖိလုနီးပါး ဖြစ်နေသည်။
ထိုအချိန်တွင် များပြားလှသော သတ္တဝါများက ကောင်းကင်၌ ရုတ်တရက် ပေါ်လာတာကို ယွဲ့ရှင်းဝမ် တွေ့ရှိခဲ့သည်။ သူတို့သည် အနက်ရောင်တောင်ပံများကိုဖြန့်ပြီး ရွှီယိရှန်း၏ကားဆီသို့ လိုက်သွားကြသည်။
ချင်လုလည်း သည်မြင်ကွင်းကိုမြင်ပြီး တုန်လှုပ်ချောက်ချားစွာ ပြောလာသည်။
"အဲဒါက သန္ဓေပြောင်းလင်းနို့တွေမလား? သူတို့က စီနီယာအစ်ကိုရွှီအနောက်ကို လိုက်သွားကြတာလား?"
ယွဲ့ရှင်းဝမ်: "စီနီယာအစ်ကိုရွှီရဲ့ကားက အမြန်ဆုံးဆိုတော့ ပရော်ဖက်ဆာထန်က အဲဒီကားထဲမှာ ရှိမယ်လို့ သူတို့ထင်ကြလိမ့်မယ်…"
သန္ဓေပြောင်းများထဲတွင် ပျံသန်းနိုင်သော လင်းနို့များရှိသည်။ သို့သော် ယနေ့ထိ သူတို့ကမပေါ်သေးတာကြောင့် ယွဲ့ရှင်းဝမ်က အမြဲလိုလို ထူးဆန်းသလိုခံစားနေရသည်။ ယခုအခါမှာတော့ လင်းနို့သန္ဓေပြောင်းများသည် F မြို့သို့ ရောက်ရှိလာသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ရုတ်တရက် တိုက်ခိုက်ခြင်းမပြုမီ သူတို့ ပေါ်လာတာကို စောင့်ဆိုင်းနေပုံရသည်။
ရွှီယိရှန်းက အမြန်ဆုံး မောင်းလာရင်း သူတို့က သူ့နောက်ကို ချက်ချင်း လိုက်ကြသည်။
ကျန်းရှောင်နျန်က စိတ်ပူစွာဖြင့် မေးလေသည်။
"သူတစ်ယောက်တည်း ကားမောင်းရတာ အဆင်ပြေပါ့
မလား?"
ကျန်းဖျင်စစ်က တည်ငြိမ်စွာ ပြောသည်။
"စီနီယာအစ်ကိုရွှီရဲ့ ကားမောင်းစွမ်းရည်က ငါတို့ထဲမှာ အကောင်းဆုံးပဲ… စိတ်မပူပါနဲ့… ရှင်းဝမ်က သူ့ကို လေထဲမှာရှိတဲ့ သန္ဓေပြောင်းတွေ အာရုံမစိုက်နိုင်အောင် ရှေ့ကနေ တစ်ယောက်တည်း မောင်းခိုင်းလိုက်တာ…"
ယွဲ့ရှင်းဝမ်: "လိုအပ်ရင် စီနီယာအစ်ကိုရွှီက ကားကို စွန့်ပစ်ပြီး mitosis နဲ့ ထွက်ပြေးလို့ရတယ်၊ ဒါမှမဟုတ် ဆဲလ်အဖြစ်ပြောင်းပြီး ထောင့်တစ်နေရာမှာ ပုန်းနေလို့ရတယ်… သူအဆင်ပြေမယ်လို့ ငါယုံကြည်တယ်…" သူက ဘေးနားရှိ ကျန်းဖျင်စစ်ကိုကြည့်ပြီး ပြောလိုက်သည်။ "လမ်းကြောင်းပြောင်းရအောင်…"
ကျန်းဖျင်စစ်က ခေါင်းငြိမ့်ပြပြီး သူ့ရှေ့ရှိ လမ်းဆုံလမ်းခွဆီ အမြန်လှည့်လိုက်သည်။
ချင်လုသည် ယွဲ့ရှင်းဝမ်က အဘယ်ကြောင့် လမ်းသုံးကြောင်းခွဲ၍သွားသည်ကို နားလည်ခဲ့သည်—— ရွှီယိရှန်းသည် အလျင်မြန်ဆုံး မောင်းနှင်ပြီး လေထဲရှိ သန္ဓေပြောင်းများကို လမ်းကြောင်းပြောင်းစေခဲ့သည်။ ကျိုဖုန်းသည် အနှေးဆုံးမောင်းနှင်ပြီး နောက်မှလိုက်နေသော သန္ဓေပြောင်းတပ်ကို ကြားဖြတ်လိုက်သည်။ အလယ်မှာတည်ရှိနေသော ပရော်ဖက်ဆာထန်ကို ခေါ်သွားသည့်ကားက အတော်လေး လုံခြုံပါသည်။
ကျန်းဖျင်စစ် မောင်းနှင်လာသောကားသည် သာမန်အနက်ရောင် sedan ကားဖြစ်ပြီး အလွန်အာရုံစူးစိုက်မှုနည်းသည်။ လမ်းဆုံမှာ ညာဘက်ကို လှည့်ပြီးနောက် လေထဲမှာ လင်းနို့တွေ ဝိုင်းအုံနေသည့်အာရုံကို မဆွဲဆောင်ခဲ့ပေ။
ပရော်ဖက်ဆာထန်သည် ထိတ်လန့်တုန်လှုပ်သွားပြီး ကျန်းရှောင်နျန်နှင့် ချင်လု၏ကြားတွင် တောင့်တင်းစွာ ထိုင်နေကာ နောက်သို့လှည့်ကြည့်ပြီး တိုးတိုးလေးပြောလိုက်သည်။
"လေထဲမှာရှိတဲ့ အဲဒီသတ္တဝါတွေက ငါတို့ကို မတွေ့ဘူးလား?"
ယွဲ့ရှင်းဝမ်: "စီနီယာအစ်ကိုရွှီ မောင်းနှင်တဲ့ အနီရောင်ပြိုင်ကားက အရမ်းထင်းနေတာကြောင့် လင်းနို့တွေအားလုံးကို အဲဒီနောက်ကို လိုက်နေကြတယ်…"
ပရော်ဖက်ဆာထန်က ရှုပ်ထွေးသောပုံပေါက်ပြီး ခဏလောက် နှုတ်ဆိတ်နေပြီးနောက် သူက ပြောလာသည်။
"မင်းတို့က သန္ဓေပြောင်းတွေမဟုတ်ဘူးဆိုတာ ငါယုံတယ်…"
ယွဲ့ရှင်းဝမ်က သူ့ကို မထင်မှတ်ဘဲ ကြည့်လိုက်သည်။
"အိုး… ဘယ်လိုလုပ် ရုတ်တရက်ကြီး ယုံသွားရတာလဲ?"
ပရော်ဖက်ဆာထန်: "သန္ဓေပြောင်းတွေက အစုလိုက်အပြုံလိုက်ထုတ်လုပ်ထားတဲ့ ဇီဝဓာတုလက်နက်တွေဖြစ်ပြီး သူတို့မှာ မင်းတို့လောက်လှည့်ကွက်တွေ အများကြီးမရှိဘူး…"
သူက သူတို့ကို ချီးကျူးနေတာလား? ဒါမှမဟုတ် ကျိန်ဆဲနေတာလား?ဆိုတာကို အားလုံးက အချိန်အတော်ကြာအောင် တွေးတောနေခဲ့သည်။
ယွဲ့ရှင်းဝမ်က ပြုံးကာ ပြောလိုက်သည်။
"ခင်ဗျား ကျွန်တော်တို့ကို ချီးကျူးတာလို့ပဲ မှတ်ယူလိုက်မယ်…"
တစ်ချိန်တည်းမှာပင် အနီးရှိ မီးဘေး၌
ကျိုဖုန်း၏ ကားမောင်းစွမ်းရည်မှာ ရွှီယိရှန်းလောက် မကောင်းပေ။ ထို့အပြင် သူသည် လူခုနစ်ဦးဆံ့သည့် ကုန်တင်ယာဉ်ကို မောင်းနှင်နေရသည်။ သူ၏ကားက အနှေးဆုံးအရှိန်ဖြင့် မောင်းနှင်ခဲ့ပြီး နောက်မှ ပြတ်ကျန်ခဲ့သည်။
နောက်ကြည့်မှန်ကနေ သန္ဓေပြောင်းဝံပုလွေများက အမီလိုက်နိုင်ရန် မီးကိုဖြတ်ကျော်သွားတာကို ယွဲ့ရှင်းဝမ် တွေ့လိုက်ရပြီး သုတေသနအဖွဲ့ chat channel တွင် သူအလျင်အမြန် စာရိုက်ခဲ့သည်။
"စီနီယာအစ်ကို အနောက်ကနေ သန္ဓေပြောင်းတွေ လိုက်လာတာကို ကြားဖြတ်ရမယ်… ရှေ့လမ်းဆုံမှာ ဘယ်ဘက်ကိုလှည့်ပြီး သူတို့ကို မောင်းထုတ်လိုက်…"
လင်းမန့်လော်က ပြန်ဖြေခဲ့သည်။
"နားလည်ပြီ…"
လမ်းပေါ်၌ ပြင်းထန်စွာ ပြေးလွှားရန် ခြေလက်များကို အသုံးပြုနေသော သန္ဓေပြောင်းအများအပြားကို မြင်သောအခါ လင်းမန့်လော်သည် နွယ်ပင်သုံးပင်ကို အလျင်အမြန် ထုတ်ပြီး အလျားလိုက် ကြားဖြတ်လိုက်လေသည်။ ကျိုဖုန်းသည် စတီယာရင်ဘီးကို ဘယ်ဘက်လက်ဖြင့် ကိုင်ထားပြီး ညာဘက်လက်ဖြင့် နွယ်ပင်များထဲသို့ ရွှေရောင်လျှပ်စီးကြောင်း ထည့်သွင်းသည်။
နွယ်ပင်ကိုထိသွားသော သန္ဓေပြောင်းဝံပုလွေများသည် ချက်ချင်း ဓာတ်လိုက်ပြီး တုန်ခါသွားသည်။
လမ်းမှာ ဖရိုဖရဲဖြစ်နေပြီး ကျိုဖုန်းက အရှေ့ကို စူးစူးစိုက်စိုက် မောင်းလာပြီး လမ်းအဆုံးမှာ ရုတ်တရက် ဘယ်ဘက်သို့ လှည့်သွားသည်။
အသက်ရှင်နေဆဲဖြစ်သော ဝံပုလွေများသည် ဓာတ်လိုက်သော နွယ်ပင်များကို ကျော်ဖြတ်ကာ အမီလိုက်ရန် ဘယ်ဘက်သို့ အမြန်လှည့်သွားကြသည်။
ယာဉ်သုံးစီးက လမ်းကြောင်းသုံးသွယ်ဖြင့် သွားလာလျက်ရှိသည်။
ပရော်ဖက်ဆာထန်ကို တင်ဆောင်လာသော ကားသည် သိုသိပ်သောပုံစံဖြင့် လျင်မြန်စွာ သာမန်လူသားကားများနှင့် ရောနှောသွားပြီး သန္ဓေပြောင်းများ၏ အာရုံကို မဆွဲဆောင်နိုင်ခဲ့ပေ။
ယွဲ့ရှင်းဝမ်က သက်ပြင်းတစ်ချက်ချကာ သုတေသနအဖွဲ့ chat channel တွင် သတိပေးခဲ့သည်။
"အားလုံး သတိထားကြ… သန္ဓေပြောင်းတွေများနေရင် မင်းတို့တိုက်ခိုက်လို့မရရင် မတိုက်နဲ့… အသက်ရှင်အောင်ပဲလုပ်ကြ… ငါတို့တွေ ပရော်ဖက်ဆာထန်ကို မျိုးရိုးဗီဇသုတေသနစင်တာဆီ အမြန်ဆုံးပို့လိုက်မယ်…"
ရှေ့လမ်းဆုံရှိ မီးနီတွင် ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။
"ချင်လု နေရာပြောင်းလိုက်…"
ချင်လုက သဘောပေါက်ပြီး ချက်ချင်း ကမ္ဘာကို ထုတ်ကာ နေရာပြောင်းလိုက်ပြီး ကားကို နောက်လမ်းသို့ တိုက်ရိုက်ပြောင်းကာ စောင့်ဆိုင်းရန် မီးနီကို ကျော်ခဲ့သည်။
ကျန်းဖျင်စစ်သည် ကားမောင်းခြင်းကို အာရုံစိုက်ခဲ့ပြီး ယွဲ့ရှင်းဝမ်က သုတေသနအဖွဲ့ chat channel တွင် အခြားအဖွဲ့များ၏ အခြေအနေကို မေးမြန်းခဲ့သည်။
လင်းမန့်လော်း: "စိတ်မပူပါနဲ့… သန္ဓေပြောင်းဝံပုလွေတွေရဲ့ ထက်ဝက်ကျော်က ဓာတ်လိုက်ခံသွားရပြီဖြစ်လို့ သူတို့တွေ ငါတို့ကို မခြိမ်းခြောက်နိုင်ပါဘူး…"
ခယ်ရှောင်ပင်း: "အခု ငါတို့ကို မြွေအုပ်စုက လိုက်ဖမ်းနေတယ်…"
ယွဲ့ရှင်းဝမ်: "ဘေးကင်းရေးကို ဂရုစိုက်ကြ…"
ရွှီယိရှန်းသည် ကားမောင်းရင်း အလုပ်များနေပြီး မက်ဆေ့ချ်များကို ပြန်ကြားရန် အချိန်မရှိပေ။
သူက အရှေ့ကနေ မောင်းပြီး လင်းနို့တွေက အနောက်ကနေ လိုက်လာသည်။ သူတို့က ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး လမ်းပေါ်ရှိ လူအုပ်ကြီးကို ထိတ်လန့်သွားစေသည်။
သူတို့ခြေထောက်အောက်ရှိ ကားအသွားအလာမှာ ရွှံ့လိုထူထပ်နေတာကိုမြင်တော့ လင်းနို့ခေါင်းဆောင်က ချက်ချင်း ပြောလာသည်။
"နင်တို့တွေ အရှေ့ကလမ်းကိုသွားပြီး သူ့ကိုတားလိုက်!"
လင်းနို့များစွာသည် အဆောက်အဦး၏ထိပ်မှ ပျံတက်ကာ အရှေ့လမ်းဆီသို့ ပျံ့သွားသည်။
ရွှီယိရှန်း၏ကားသည် ထောင့်ကို ချိုးသောအခါ လူမျက်နှာနှင့် လင်းနို့တွေက သူ့တည့်တည့်သို့ အပြေးအလွှား ပျံလာနေတာကို တွေ့လိုက်ရသည်။ အဆိုပါ ထူးထူးဆန်းဆန်း လူမျက်နှာသတ္တဝါများသည် ရွှီယိရှန်းကို အသက်ရှူကြပ်သွားစေပြီး ချက်ချင်း ဘရိတ်ကိုနင်းကာ လမ်းဘေးသို့ထိုးချပြီး သူ၏ mitosis စွမ်းရည်ကိုဖွင့်ကာ သူ၏ကိုယ်ပွားကို ကားအပြင်သို့ ပို့လိုက်သည်။
ထိုလင်းနို့များသည် တူညီသော ရွှီယိရှန်းငါးယောက်က သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာတာကို တွေ့လိုက်ရပြီး မည်သူက ခန္ဓာကိုယ်အစစ်ဖြစ်သည်ကို မပြောနိုင်ခင် နောက်အခိုက်အတန့်တွင် ရွှီယိရှန်းက ပျောက်ကွယ်သွားခဲ့သည်။
သူသည် မြေပဲအရွယ် ဆဲလ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လင်းနို့၏ ဦးခေါင်းထိပ်တွင် ကပ်နေခဲ့သည်။
တစ်ဖက်လူက သူ့ခေါင်းပေါ်ရောက်နေမှန်းတောင် မသိသော လင်းနို့က သံသယဖြစ်စွာ တင်ပြသည်။
"ခေါင်းဆောင်၊ သူမရှိတော့ဘူး!"
လင်းနို့ခေါင်းဆောင်: "ပါမောက္ခထန်က ဘယ်မှာလဲ?"
လင်းနို့: "ကားထဲမှာဘယ်သူမှမရှိဘူး!"
လင်းနို့ခေါင်းဆောင်က ဒေါကန်သွားသည်။
"ငါတို့ အရူးလုပ်ခံလိုက်ရပြီ၊ မျိုးရိုးဗီဇသုတေသနစင်တာကို တိုက်ရိုက်သွားကြ!"
လင်းနို့အုပ်စုတစ်စုသည် သူတို့၏တောင်ပံများကိုခတ်ကာ အဆောက်အဦး၏ထိပ်မှပျံသန်းပြီး တောင်ပိုင်းဆင်ခြေဖုံးရှိ မျိုးရိုးဗီဇသုတေသနစင်တာဆီသို့ ဦးတည်သွားကြသည်။
အဆောက်အဦးအတွင်း၌ suit ဝတ်ထားသည့် အမျိုးသားတစ်ဦး ကော်ဖီသောက်နေသည့်အထပ်က ပြတင်းပေါက်၌ ရပ်နေစဉ်တွင် လူမျက်နှာဖြင့် ပျံဝဲနေသော အကောင်တွေ အမြောက်အမြားကို သူရုတ်တရက် တွေ့လိုက်ရသည်။ သူက ထိတ်လန့်စွာ ကော်ဖီခွက် လွှတ်ကျသွားပြီး စိုက်ကြည့်နေခဲ့သည်။
ကြောက်ရွံ့မှုများက တစ်မြို့လုံးကိုပျံ့နှံ့သွားပြီး F မြို့တွင် သန္ဓေပြောင်းများ ပိုများလာသည်။
တစ်မြို့လုံးရှိ ယာဉ်အသွားအလာသည် တဖြည်းဖြည်း ရပ်တန့်သွားပြီး လမ်းပေါ်ရှိ ယာဉ်ကြောပိတ်ဆို့မှုများက တစ်လျှောက်လုံးကို ပိတ်ဆို့သွားခဲ့သည်။ ကျန်းဖျင်စစ်သည် သူ့ကားကို ချိန်နန်ခရိုင်သစ်ဆီ မောင်းလာသောအခါ သည်လမ်းမှာလည်း ပိတ်ဆို့နေတာကို တွေ့လိုက်ရပြီး အရှေ့ကို တယ်လီပို့ရန် ချင်လု၏ကျောက်ထုလွှာလှုပ်ရှားမှုကိုသာ အားကိုးခဲ့ရသည်။
ချင်လု၏နေရာရွှေ့ပြောင်းခြင်းစွမ်းရည်သည် 12 ကြိမ်အထိ အသုံးပြုနိုင်သည်။ အချိန်ကုန်သက်သာရန် မီးနီကို ကျော်သွားဖို့အတွက် နေရာရွှေ့ပြောင်းစွမ်းရည်ကို အကုန်နီးပါးအသုံးပြုထားပြီး နောက်ဆုံးနှစ်ခုသာ ကျန်တော့သည်။
အဆုံးမှတ်ကိုရောက်ရန် မီတာရာနှင့်ချီဝေးနေသေးသော်လည်း လမ်းကို ပိတ်ဆို့ထားပြီး ဆူညံသံများက ပတ်ပတ်လည်တွင် ဆက်လက် မြည်နေပါသည်။
ယွဲ့ရှင်းဝမ်သည် အဝေးရှိ “F မြို့၏ မျိုးရိုးဗီဇသုတေသနစင်တာ”ဟူသော စာလုံးကြီးဖြင့်ရေးထားသည် မြင့်မားသော အဆောက်အဦးတစ်ခုကို မြင်လိုက်ရသည်။ သူက လှည့်ပြီး မေးလိုက်သည်။
"ပါမောက္ခထန်၊ အဲဒီအဆောက်အဦးလား?"
ပရော်ဖက်ဆာထန်က အံ့အားသင့်သောအမူအရာဖြင့် ပြောသည်။
"ဟုတ်တယ်!"
ယွဲ့ရှင်းဝမ်: "ချင်လု နေရာပြောင်းလိုက်တော့…"
ကျန်းဖျင်စစ်: "အရှေ့ဘယ်ဘက် 15 ဒီဂရီ၊ မီတာ 300…"
ချင်လုသည် ကမ္ဘာလုံးကို လျင်မြန်စွာ နှစ်ကြိမ်ထိလိုက်ပြီး ကားသည် ချက်ချင်းပင် ပိတ်ဆို့နေသော ယာဉ်ကြောကို ဖြတ်ကျော်ကာ ဘေးသို့ တယ်လီပို့သွားပြီး မျိုးရိုးဗီဇသုတေသနအဆောက်အဦး၏ အရှေ့တွင် တိုက်ရိုက် ပေါ်လာသည်။
ပရော်ဖက်ဆာထန်က အံ့အားသင့်သွားသည်—— မှော်ပညာတတ်သော သည်လူငယ်များက သူ့ကို မျိုးရိုးဗီဇသုတေသနစင်တာဆီ အမှန်တကယ် ခေါ်ဆောင်လာတာပါလား?
သူတို့က တကယ်လူကောင်းတွေပဲ!
ပရော်ဖက်ဆာထန်သည် ယွဲ့ရှင်းဝမ်၏လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ထားပြီး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်! ကျေးဇူးအများကြီးတင်ပါတယ်!"
ယွဲ့ရှင်းဝမ်: "ကျွန်တော်တို့ ခင်ဗျားကို အပေါ်ထိ လိုက်ပို့ပေးမယ်…"
ဘုန်းကြီးကို အနောက်ဘက်သို့ လိုက်ပို့သကဲ့သို့ သူတို့ပို့ဆောင်ရမည့်တာဝန်မှာ မပြီးသေးပေ။
ကားပေါ်မှ အုပ်စုလိုက် အမြန်ဆင်းလိုက်ကြသည်။ ကားထဲကနေ ဆင်းပြီးချင်းမှာပဲ ယွဲ့ရှင်းဝမ်သည် အန္တရာယ်၏ အရိပ်အမြွက်ကို ပြင်းပြင်းထန်ထန် အနံ့ခံလိုက်သည်။ သူ့နောက်ကျောက ရုတ်တရက် တောင့်တင်းသွားပြီး ပရော်ဖက်ဆာထန်ကို မြေပြင်ပေါ်ဆွဲလဲလိုက်သည်။
"သတိထား!"
သူပြောပြီးသည်နှင့် တစ်ပြိုင်နက် ‘ဘမ်း’ဟူသော သေနတ်သံများက သူ့နားထဲတွင် ထွက်ပေါ်လာပြီး ကျည်ဆံအားလုံးက သူ့နောက်မှ ကားထဲသို့ ပစ်ဝင်သွားသည်။ ပရော်ဖက်ဆာထန်သည် အလွန်ထိတ်လန့်သွားသဖြင့် သူ့မျက်နှာက ဖြူဖျော့နေကာ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး မလှုပ်ရှားဝံ့ပေ။
ကျန်းရှောင်နျန်က ကျည်ဆံတွေကို ကြားဖြတ်ဟန့်တားရန် သူ့နောက်တွင် အလျင်အမြန် နံရံတစ်ခု စိုက်ထူလိုက်ပြီး ဖြူဖျော့နေသောမျက်နှာဖြင့် ပြောသည်။
"အလစ်ဝင်တိုက်တာလား? မျိုးရိုးဗီဇသုတေသနစင်တာကလည်း သန္ဓေပြောင်းတွေလက်အောက် ရောက်သွားပြီလား?"
ကျန်းဖျင်စစ်: "မျိုးရိုးဗီဇသုတေသနစင်တာက ပြိုလဲမသွားသင့်ဘူး… မဟုတ်ရင် ပရော်ဖက်ဆာထန်ကို မျိုးရိုးဗီဇသုတေသနစင်တာဆီ ပို့ရမယ့်တာဝန်က အဓိပ္ပါယ်မရှိဖြစ်သွားလိမ့်မယ်…"
ယွဲ့ရှင်းဝမ်က ထောက်ခံသည်။
"သူတို့က အခုလေးတင်မှ အနီးနားမှာ ရောက်နေတာဖြစ်မယ်…"
ထိုအချိန်တွင် ရွှီယိရှန်းက သုသေသနအဖွဲ့ chat channel တွင် ရုတ်တရက် မက်ဆေ့ချ်ပေးပို့ခဲ့သည်။
"ငါ မင်းတို့တွေ့နေရတယ်… လင်းနို့တွေက ဖြတ်လမ်းကနေသွားပြီး မင်းတို့ကို ကြားဖြတ်ဟန့်တားဖို့ လေပေါ်ကနေ မျိုးရိုးဗီဇသုတေသနစင်တာဆီ ပျံသွားကြတယ်! သူတို့ကအများကြီးပဲ၊ ပြီးတော့ သူတို့အားလုံးက သေနတ်တွေကိုင်ဆောင်ထားကြတယ်!"
သန္ဓေပြောင်းလင်းနို့တွေက လေထဲကနေ သေနတ်တွေဖြင့် ပစ်ခတ်နေသည်။ သည်အရာက သိုင်းပညာရုပ်ရှင်ကဲ့သို့ မိုက်ပါသည်။
ကျန်းရှောင်နျန်က သူ့ဘေးတွင် နံရံတစ်ခု အမြန်စိုက်ထူလိုက်သည်။
ရွှီယိရှန်း: "ညာဘက်က တိုင်က သူတို့အမြင်အာရုံကို ကွယ်နေတယ်၊ အဲဒီကနေ ဝင်ကြ!"
ထိုအချိန်တွင် သူသည် လင်းနို့၏ဦးခေါင်းထိပ်တွင် ကပ်လျက် လေထဲ၌ ပျံဝဲနေပြီး အောက်တွင်ရှိသော ယွဲ့ရှင်းဝမ်တို့အဖွဲ့ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ယွဲ့ရှင်းဝမ်က မက်ဆေ့ချ်ကိုရရှိသောအခါ ချက်ချင်း ပြောလိုက်သည်။
"ချင်လု၊ ညာဘက်က တိုင်အနောက်ကို သွားလိုက်!"
ချင်လုသည် လူတိုင်းကို နေရာပြောင်းရန်အတွက် နောက်ဆုံးကျောက်ထုလွှာစွမ်းရည်ကို အသုံးပြုခဲ့သည်။
တိုင်၏နောက်တွင် ပြတင်းပေါက်တစ်ခုရှိသည်။ ကျန်းဖျင်စစ်သည် သူ၏ညာလက်ကို မြှောက်လိုက်ပြီး ချွန်ထက်သော တြိဂံပေတံကို သူ၏လက်ဖဝါးမှ ပစ်လွှတ်လိုက်ကာ ပြတင်းပေါက်ကို ရိုက်ခွဲပြီး အားလုံးက ချက်ချင်းပင် ပြတင်းပေါက်ကနေ ကျော်ဝင်သွားကြသည်။
မျိုးရိုးဗီဇသုတေသနစင်တာ၏အတွင်းပိုင်းက ပြိုလဲမသွားသေးပေမယ့် မျိုးရိုးဗီဇသုတေသနစင်တာတစ်ခုလုံးတွင် လူတစ်ယောက်တောင် မမြင်ရပေ။
ယွဲ့ရှင်းဝမ်: "ပရော်ဖက်ဆာထန်၊ ကျွန်တော်တို့ ဘယ်သွားရမှာလဲ?"
ပရော်ဖက်ဆာထန်က အလျင်အမြန် ပြောလိုက်သည်။
"အပေါ်ဆုံးထပ်၊ အထပ် 30 ကို!"
ယွဲ့ရှင်းဝမ်က ဓာတ်လှေကားကို နှိပ်လိုက်သည်။
ဓာတ်လှေကားသည် အပေါ်ထပ်မှ တဖြည်းဖြည်း ဆင်းသက်လာသည်။ နံပါတ် “4” ကို ရောက်လာသောအခါတွင် သူ့နောက်မှ သေနတ်သံက ရုတ်တရက် ထွက်ပေါ်လာပြီး ယွဲ့ရှင်းဝမ်၏ မျက်နှာက ပြောင်းလဲသွားသည်။
"လှေကားကနေသွားမယ်!"
သန္ဓေပြောင်းတွေက သူတို့တွေ အဆောက်အဦးထဲ ဝင်သွားတာကို တွေ့လိုက်ကြပြီး ကောင်းကင်မှ ပျံဆင်းလာကာ တစ်ချိန်တည်းတွင် ပြေးဝင်လာကြသည်။
ဓာတ်လှေကားစောင့်ရန် အချိန်မရှိတော့သဖြင့် ယွဲ့ရှင်းဝမ်သည် ပရော်ဖက်ဆာထန်ကို လှေကားသို့ ခေါ်ဆောင်သွားရသည်။
အထပ် 30 ကိုတက်ရတာက နှေးကွန်းလွန်းပြီး ကျန်းဖျင်စစ်သည် သူ၏ညာလက်ကို မြှောက်ကာ လူတိုင်းကို parabolic ရွေ့လျားမှုနဲ့ တိုက်ရိုက်ပျံသန်းစေပြီး တစ်ခါတည်း တစ်ထပ်လုံးကို ပျံသန်းသွားခဲ့သည်။ ပရော်ဖက်ဆာထန်၏ မျက်နှာသည် ထိတ်လန့်များဖြင့် ပြည့်နေပြီး သူ့ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ parabola ကဲ့သို့ အထက်သို့ ပျံတက်သွားတာကို သူတွေ့ရှိခဲ့သည်။ လှေကားထစ်တက်ရန် ‘ပျံသန်းခြင်း’လုပ်ဆောင်ချက်ကို အသုံးပြုတာက ဤသည်မှာ သူ၏ပထမဆုံးအကြိမ်ဖြစ်သည်။
အထပ်သုံးဆယ်အဆောက်အဦးကို တစ်မိနစ်တောင်မပြည့်ဘဲ တက်လာတာလား?
ပရော်ဖက်ဆာထန်သည် မူးဝေနေပြီး သူ့ဘေးက နံရံကို အမြန်ထောက်လိုက်သည်။
ယွဲ့ရှင်းဝမ်က ရှည်လျားကျဉ်းမြောင်းသည့်စင်္ကြံနဲ့ သတ္တုတံခါးကို ကြည့်ပြီး မေးလိုက်သည်။
"ဒီမှာလား?"
ပရော်ဖက်ဆာထန်သည် ဆက်တိုက် အသက်ပြင်းပြင်းရှူလိုက်ရာ သူ၏မူးဝေနေသောစိတ်ကို ငြိမ်သက်သွားစေခဲ့သည်။ သူသည် အရှေ့သို့ လျင်မြန်စွာ လှမ်းသွားကာ မျက်စိစကင်ဖတ်သည့် ကိရိယာကို စူးစိုက်ကြည့်လိုက်သည်။ နူးညံ့သောစက်အသံတစ်ခုက သူတို့နားထဲတွင် ထွက်ပေါ်လာသည်။
"မျက်စိအသိအမှတ်ပြုပြီးပါပြီ… ပရော်ဖက်တာထန်ကို ကြိုဆိုပါတယ်…"
သတ္တုတံခါးက သူ့ရှေ့မှာ ဖြည်းညှင်းစွာ ပွင့်လာသည်။ ပရော်ဖက်ဆာထန်သည် အခန်းထဲဝင်ခါနီးမှာ ယွဲ့ရှင်းဝမ်က ရုတ်တရက် သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ပြီး ပြောသည်။
"ခဏနေပါဦး၊ ခင်ဗျားက ဒေတာချစ်ပ်ပြားကို မလိုချင်တော့ဘူးလား?"
ပရော်ဖက်ဆာထန်၏နောက်ကျောက တောင့်တင်းသွားသည်။
"အာ… ငါမေ့တော့မလို့…"
သူ့မျက်လုံးတွေကို ရှောင်နေတော့ ယွဲ့ရှင်းဝမ်က ချက်ချင်း သဘောပေါက်သွားသည်။
"မျက်မှန်နဲ့ လည်ဆွဲထဲက ထုတ်ခဲ့တဲ့ ချစ်ပ်ပြားတွေအကုန်လုံးက အတုတွေလား? ချစ်ပ်ပြားအစစ်က ခင်ဗျားဆီမှာလား?"
ကျန်းဖျင်စစ်၏ မျက်လုံးများက သူ့လက်ကောက်ဝတ်ရှိ နာရီဆီသို့ ကြည့်လိုက်သည်။
"နာရီရဲ့ အဓိကစက်ထဲမှာလား?"
ပရော်ဖက်ဆာထန်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။
"အဓိကစက်အတွင်းထဲမှာ အဓိကစက်ရဲ့ နောက်ထပ်အလွှာတစ်ခုရှိတယ်…"
လူတိုင်း: "..."
ခင်ဗျားက ဖွက်တဲ့နေရာမှာ အရမ်းတော်တာပဲ!
အခန်းအတွင်းမှ ကုတ်အင်္ကျီဖြူဝတ်ထားသော အမျိုးသမီးတစ်ဦးသည် သူ့ကို အလျင်အမြန် နှုတ်ဆက်လိုက်သည်။
"ပရော်ဖက်ဆာထန် နောက်ဆုံးတော့ ရောက်လာပြီပေါ့၊ ကျွန်မတို့အားလုံး ရှင့်ကိုစောင့်နေတာ!"
ဤအခိုက်အတန့်မှာ လှေကားကနေ ရှုပ်ယှက်ခတ်နေသော ခြေသံတွေက ရုတ်တရတ် ထွက်ပေါ်လာပြီး သန္ဓေပြောင်းတွေဟာ သိသိသာသာ ပြေးတက်လာကြသည်။
ယွဲ့ရှင်းဝမ်၏ မျက်နှာက ပြောင်းလဲသွားပြီး ပရော်ဖက်ဆာထန်ကို ညင်သာစွာ တွန်းလိုက်သည်။
"မြန်မြန်သွားတော့!"
ကျန်းရှောင်နန်သည် တုန်ခါမှုဆန့်ကျင်ခြင်းနံရံဖြင့် လှေကားထွက်ပေါက်ကို တိုက်ရိုက်ပိတ်လိုက်ပြီး သန္ဓေပြောင်းများကို ခဏကြာအောင် တားဆီးလိုက်သည်။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တံခါးဝင်ပေါက်ဆီသို့ အမြန်လှည့်လိုက်သည်။
လေးလံသော သတ္တုတံခါးက သူတို့နောက်တွင် လျင်မြန်စွာ ပိတ်သွားသည်။
တံခါးအတွင်း၌ ကုတ်အင်္ကျီအဖြူကို သပ်သပ်ရပ်ရပ်ဝတ်ထားသော သုတေသီအဖွဲ့တစ်ဖွဲ့ ရပ်နေသည်။
ပရော်ဖက်ဆာထန်သည် နောက်ဆုံးတွင် သူ၏နာရီကို ဖြုတ်ကာ ဆံပင်ဖြူဖြူနဲ့ သိပ္ပံပညာရှင်အသက်ကြီးကြီးတစ်ဦးထံ ဂရုတစိုက် လွှဲပြောင်းပေးခဲ့သည်။
တစ်ဖက်လူက လေးနက်သောအသံဖြင့် ပြောသည်။
"ကောင်းတယ်၊ ဒီတန်ဖိုးကြီးအချက်အလက်က ငါတို့ရဲ့မျှော်လင့်ချက်ပဲ… ရဟတ်ယာဉ်တစ်စင်းကို အဆောက်အဦးခေါင်မိုးပေါ်မှာ စီစဉ်ထားပြီ… အားလုံးပဲ! တတ်နိုင်သမျှမြန်မြန် ဘေးကင်းရာကိုပြောင်းကြ!" ထိုလူက ယွဲ့ရှင်းဝမ်ကိုကြည့်ကာ မေးသည်။ "မင်းတို့က 183 လှုပ်ရှားရေးအဖွဲ့လား?"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ကာ ပြန်ဖြေသည်။
"ဟုတ်ပါတယ်…"
ဆံပင်ဖြူဖြူနဲ့ ပရော်ဖက်ဆာကြီးက ပြောလာသည်။
"ပရော်ဖက်ဆာထန်ကို ခေါ်လာပေးလို့ ကျေးဇူးတင်ပါတယ်… ခက်ခဲတဲ့ခရီးပဲ!"
ယွဲ့ရှင်းဝမ်က ပြုံးကာ ပြောသည်။
"ရပါတယ်… ပရော်ဖက်ဆာထန်ကသာ ကျွန်တော်တို့နောက်ကိုလိုက်လာရင်း ဒုက္ခရောက်ခဲ့ရတာ…"
"…" ပရော်ဖက်ဆာထန်သည် လွန်ခဲ့သော ရက်အနည်းငယ်က သူ၏အတွေ့အကြုံကို ပြန်သတိရပြီး သူ့မျက်နှာက အနည်းငယ် တောင့်တင်းသွားသည်။ သူက ပြောလိုက်သည်။
"ဒီရက်တွေက တကယ့်… တကယ်ကို ခက်ခဲခဲ့ပါတယ်… ဘာပဲပြောပြော ကျေးဇူးတင်ပါတယ်…"
ယွဲ့ရှင်းဝမ်က ရိုးရိုးသားသား ပြုံးကာ ပြောလိုက်သည်။
"ခင်ဗျား ကျွန်တော်တို့ကို ရမှတ်မြင့်အောင် ပေးနိုင်မလား?"
ပရော်ဖက်ဆာထန်က မှင်တက်သွားသည်။
"ရမှတ်?"
သူတို့ဘေးနားရှိ လုပ်ဖော်ကိုင်ဖက်တွေက တိုက်တွန်းခဲ့သည်။
"အချိန်မရှိဘူး၊ တတ်နိုင်သမျှ မြန်မြန်သွားကြရအောင်!"
ပရော်ဖက်ဆာထန်သည် တစ်ဖက်သို့လှည့်ကာ သူတို့နောက်ကို လိုက်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ဘဲ ခြေလှမ်းအနည်းငယ်လှမ်းကာ ယွဲ့ရှင်းဝမ်ကို အလွန်ရှုပ်ထွေးသောအကြည့်ဖြင့် ပြန်ကြည့်မိသည်။ ယွဲ့ရှင်းဝမ်က ပြုံးကာ ပြောလိုက်သည်။
"ခင်ဗျားက ကျွန်တော်တို့နဲ့ ခွဲခွာရမှာကို ဝန်လေးနေတာလား?"
ပရော်ဖက်ဆာထန်၏ ကျောရိုးက အေးစိမ့်သွားပြီး ချက်ချင်းပင် ထွက်ပြေးသွားခဲ့သည်။
ဝံပုလွေတွေ လိုက်ဖမ်းတာထက်ပင် မြန်မြန်ပြေးသွားခဲ့သည်။
ယွဲ့ရှင်းဝမ်: "..."
ငါတို့ကို အရမ်းကြီးကြောက်စရာမလိုပါဘူး ဟုတ်တယ်မလား?
သူ့ဘေးရှိ ကျန်းရှောင်နျန်က တိုးတိုးပြောလိုက်သည်။
"ပရော်ဖက်ဆာထန်က ဒီအတန်းအတွက် တကယ်အဆင့်သတ်မှတ်ပေးရမယ်ဆိုရင် သူက ကျွန်တော်တို့ကို အနုတ်ရမှတ်တွေပဲ ပေးလိမ့်မယ်လို့ ကျွန်တော်သံသယဖြစ်မိတယ်… ဒါ့အပြင် သူက ကျွန်တော်တို့ကို ကြောက်နေတာ…"
ချင်လုက မနေနိုင်ဘဲ ပြုံးကာ ပြောသည်။
"ရှင်းဝမ်၊ နင် သူ့ကို ‘ခင်ဗျားက ကျွန်တော်တို့နဲ့ ခွဲခွာရမှာကို ဝန်လေးနေတာလား?’လို့ မေးလိုက်တုန်းက ကြောက်လွန်းလို့ သူ့မျက်နှာက ဖြူဖျော့သွားတယ်…"
ကျန်းဖျင်စစ်က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
"သူက ငါတို့ကို သန္ဓေပြောင်းတွေထက် ပိုစရာကောင်းတယ်လို့ ထင်နေတာ…"
လူတိုင်း: "..."
သူတို့က လူကောင်းတွေဆိုတာ သိသာနေတာကို ဘာကြောင့် ဗီလိန်ဇာတ်ညွှန်းကို ခေါင်းအစ ခြေအဆုံးထိ ယူထားတဲ့ပုံပေါက်နေရတာလဲ?
သိပ္ပံပညာရှင်အဖွဲ့သည် ဓာတ်ခွဲခန်းတံခါးကို ဖွင့်လိုက်သည်။ တံခါးပိတ်အမိုးပေါ်မှာ ရပ်ထားသည့် ရဟတ်ယာဉ်အမြောက်အမြားကို လက်နက်ကိုင်တပ်ဖွဲ့တွေက ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်ခဲ့သည်။ ယွဲ့ရှင်းဝမ်က သူတို့ထွက်သွားတာကိုကြည့်ပြီး နောက်ဆုံးတော့ သက်ပြင်းချလိုက်သည်။
မျိုးရိုးဗီဇပြုပြင်ထားသော လူများ၏ အသေးစိတ် အချက်အလက်များကို ပရော်ဖက်ဆာထန်မှ ယူဆောင်သွားခဲ့ပြီး ဤကမ္ဘာက မည်သို့ ဖြစ်လာမည်ကို သူတို့မသိကြပေ။ စာမေးပွဲပြီးသောအခါ သူတို့က စာမေးပွဲအခန်းအပြင်သို့ အပို့ခံရလိမ့်မည်။
ယွဲ့ရှင်းဝမ်က အရွှန်းဖောက်သည်။
"ပရော်ဖက်ဆာထန်က အခုဆိုရင် ဒီလိုတွေးနေလိမ့်မယ်—— ‘ကောင်းလိုက်တာ၊ နောက်ဆုံးတော့ စိတ်သက်သာရာရသွားပြီ’"
ရဟတ်ယာဉ်ပေါ်တွင် သူ့ဘေးနားရှိ လုပ်ဖော်ကိုင်ဖက်တစ်ဦးက စိုးရိမ်စွာ မေးသည်။
"ပရော်ဖက်ဆာထန်၊ မင်းလမ်းတစ်လျှောက်မှာ ဘာတွေကြုံခဲ့ရတာလဲ? မင်းရဲ့မျက်လုံးတွေက မသိရင် နှိပ်စက်ခံထားရသဘို ဘာလို့ နီပြီး ဖောင်းကားနေရတာလဲ?"
ပရော်ဖက်ဆာထန်က သူ့လက်ကို ကမန်းကတန်း ဝှေ့ယမ်းလိုက်သည်။
"မဟုတ်ပါဘူး၊ အဲဒါ… အဲဒါက ငါအများကြီး ကြုံတွေ့ခဲ့ရလို့ပါ…"
ဥပမာအားဖြင့်၊ ယာဂုကို ပေါင်းခံပုလင်းထဲ ချက်ပြုတ်တာ၊ ကောင်းကင်မှာ ပျံသန်းတာ၊ လည်ပင်းကို လင်းနို့ကိုက်ခံရတာ၊ အကွေ့အကောက်များသော တောင်တက်လမ်းကနေ တောင်ခြေရောက်အောင် တိုက်ရိုက်တယ်လီပို့တာ၊ အသက်ဘေးကနေ လွတ်မြောက်ဖို့ ပတ်တီးတွေပြည့်နေသော ဘတ်စ်ကားကို စီးရတာ၊ ပြီးနောက် ထိုပတ်တီးက ဝက်ခြံတွေကိုပါ ပျောက်စေနိုင်သည်။
ပရော်ဖက်ဆာထန်သည် သူ၏နားထင်ကို ညင်သာစွာ နှိပ်နယ်ပြီး အိပ်မက်ဆိုးမက်နေသလို ခံစားရသည်။
သူ့အနားမှာ လူတစ်ယောက်က သူ့ကို စာရွက်တစ်ရွက် ပေးပြီး ပြောလိုက်သည်။
"183 လှုပ်ရှားရေးအဖွဲ့က ဒီတစ်ခေါက် ဘယ်လိုစွမ်းဆောင်ခဲ့သလဲ? မင်း သူတို့ကို ရမှတ်ပေးလိုက်ပါလား?"
‘ခင်ဗျား ကျွန်တော်တို့ကို ရမှတ်မြင့်အောင် ပေးနိုင်မလား?’ဟု ပြောသောအခါ ယွဲ့ရှင်းဝမ်၏ တောက်ပသောအပြုံးကို တွေးမိရင်း ပရော်ဖက်ဆာထန်သည် လက်ကိုဝှေ့ယမ်းကာ စာရွက်ပေါ်တွင် 100 ကို မသိစိတ်ဖြင့် ရေးလိုက်သည်—— မှော်ပညာတတ်သောအဖွဲ့ကို သူ စိတ်အနှောင့်အယှက်ပေးလို့ မဖြစ်ပေ။
သည်အဖွဲ့သာ သူ့ကို ပြန်ပြီးဖမ်းမိသွားပါက သည်တစ်ခေါက်တော့ သူလွတ်မှာမဟုတ်ဘဲ သေလောက်အောက် ကြောက်နေရလိမ့်မည်။
တစ်ချိန်တည်းမှာပင် ယွဲ့ရှင်းဝမ်၏ လေးထောင့်ဘောင်ပေါ်၌ အချက်ပြတစ်ခု ပေါ်လာသည်—
"အပိုမေးခွန်း ပြီးသွားပါပြီ။ သင်တို့အတွက် ပရော်ဖက်ဆာထန်ရဲ့ရမှတ်က… အမှတ်ပြည့်ဖြစ်ပါတယ်။ အပိုမေးခွန်းက ရမှတ် +40၊ ရှင်းလင်းရေးရမှတ်ကို တွက်ချက်နေပါတယ်။ ကျေးဇူးပြုပြီး စာမေးပွဲခန်းထဲက ထွက်ပါ!"
ယွဲ့ရှင်းဝမ်: "..."
ပရော်ဖက်ဆာထန်၊ ခင်ဗျားရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်!
#TK