Volume 5 : ဇီဝသိပ္ပံဌာန
Chapter 106 (ဆဲလ်မွေးမြူရေး ၀၇)
ဤကလေးသည် သူတို့၏အမျိုးအနွယ်မဟုတ်သော်လည်း သူတို့သည် ‘ဖန်ဆင်းရှင်’ကဲ့သို့ ဆဲလ်များဖြစ်ကြပြီး ကလေးကို ခေါင်းမှခြေဖျားအထိ သူတို့ဖန်းတီးထားကာ ကလေး၏ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းတွင်ဘတို့၏ ခြေရာများကို ချန်ထားခဲ့ကြသည်။
သို့ပေမယ့် ကလေးနာမည်ကို ဘယ်မှည့်မလဲဆိုတာကတော့ မိဘအရင်းတွေအပေါ်မှာပဲ မူတည်နေသေးသည်။
ယွဲ့ရှင်းဝမ်က မေးလိုက်သည်။
"ဒီကလေးရဲ့နာမည်ကို စာကြည့်တိုက်က မှည့်ပေးခဲ့တာ ကြာပြီမဟုတ်ဘူးလား?"
စကားလုံးများထွက်လာသည်နှင့် တစ်ပြိုင်နက် system ၏ ရင်းနှီးသောစက်သံကို ကြားလိုက်ရသည်။
"ကိုယ်ဝန် 38 ပတ်ဖြစ်ပြီး ကလေးက မကြာခင် မွေးပါတော့မယ်… ပြုစုပျိုးထောင်ပေးခဲ့တဲ့သူတွေက ကလေးရဲ့နာမည်ကို မှည့်ပေးပါ…"
ယွဲ့ရှင်းဝမ်က မှင်တက်သွား၏။
"စာကြည့်တိုက်က ငါတို့ပြောတာကို ကြားနိုင်တာလား?"
ခယ်ရှောင်ပင်းမှ ခွဲခြမ်းစိတ်ဖြာခဲ့သည်။
"မွေးဖွားခြင်းမှာ ဖြေဆိုသူတွေက ပိုမိုပါဝင်လာခိုင်းစေတာမျိုး ဖြစ်နိုင်တယ်… ဒါကြောင့် ကလေးရဲ့နာမည်ကိုလည်း ကိုယ်တိုင်မှည့်ပေးဖို့ ငါတို့ကိုလွှဲအပ်လိုက်တာမလား?"
လျှိုကျောက်ချင်း: "ရှင်းဝမ်၊ မင်းနာမည်ရွေးလိုက်… ငါက နာမည်ပေးရာမှာ အရည်အချင်းမရှိလို့ ရုန်၊ ချန်၊ ခိုင်တို့လိုပဲ မှည့်တတ်တယ်…"
ယွဲ့ရှင်းဝမ်သည် တရုတ်ဘာသာစကားဌာနမှ ဖြစ်သော်လည်း ကလေးကို အမည်ပေးခြင်းက ပထမဆုံးအကြိမ်ဖြစ်သည်။
စီနီယာအစ်ကိုလျှိုက သူ့ကို ယုံကြည်စွာ အရေးကြီးသောအလုပ်အား အပ်နှင်းထားသောကြောင့် သူလည်း ငြင်းလို့မရတော့ဘဲ လျင်မြန်စွာ ပြောလိုက်သည်။
"ကောင်းပြီ၊ ကျွန်တော် မှည့်ပေးမယ်… ဘယ်လိုနာမည်ပုံစံကို ကြိုက်ကြလဲ? ရိုးရိုးရှင်းရှင်းလား? လိုက်ဖက်တာမျိုးလား?
လန်ယာရုန်က အကြံပြုသည်။
"ဒီကလေးကို မိခင်ဝမ်းမှာတင် ပလပ်စတစ်ဆာဂျရီတွေ၊ ဓားသွားမျက်ခုံးတွေ၊ မျက်လုံးကြီးကြီးတွေနဲ့ နှာတံရှည်ရှည်လေးလုပ်ဖို့ ငါတို့အများကြီး အများကြီး အားထုတ်ထားရတယ်… ကလေးရဲ့ အနာဂတ်အသွင်အပြင် အရမ်းမြင့်မားရမယ်… ချောမောတဲ့ယောင်္ကျားတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ လိုက်လျောညီထွေဖြစ်မယ့်နာမည်ကို ငါတို့ရွေးချယ်ရမယ်!"
ချင်လုက ထောက်ခံသည်။
"စာပေတစ်ခုခုထဲက ယူကြမလား?"
— ကလေးအမည်ပေးခြင်းက တကယ်ကို ခေါင်းကိုက်စေသည်။
ဤကလေး၏တည်ရှိမှုက သူတို့တစ်ဦးစီအတွက် အလွန်အရေးကြီးပါသည်။ ဘာနာမည်က ကောင်းသလဲ?
ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ပြောလာသည်။
"လူကြိုက်မများတဲ့ ထန်မင်းဆက်ကဗျာကနေ ဆင်းသက်လာတဲ့ ‘ချင်းရွေ့’ဆိုတဲ့ နာမည်တစ်ခုကို ကျွန်တော်တွေးမိတယ်… ‘ဧကရာဇ်မင်း၏ အမြင်အာရုံက ကြည်လင်ပြတ်သားပြီး အဝေးတွင်နေထိုင်၍ နက္ခတ်ဗေဒင်ပညာကို အာရုံစူးစိုက်ထား၏’… အဲဒီစကားနှစ်လုံးက ယောင်္ကျားလေးတွေနဲ့ အတော်လေး သင့်လျော်ပြီး စီနီယာအစ်မတို့ပြောနေတဲ့ ချောမောတဲ့ စိတ်နေစိတ်ထားနဲ့လည်း လိုက်ဖက်တယ်မလား?"
『TK: 皇鉴‘清’(Qing/ချင်း)居远,天文‘睿’(Rui/ရွေ့)奖浓
‘清’(Qing/ချင်း) = တိတ်ဆိတ်သော၊ အေးချမ်းသော
睿’(Rui/ရွေ့) = ဉာဏ်ကောင်းသော၊ ထက်မြက်သော』
"ယွဲ့ချင်းရွေ့?" လန်ယာရုန်က နာမည်ကိုရွတ်ဆိုကာ ပြောသည်။ "မဆိုးဘူး၊ ချောမောတဲ့ယောင်္ကျားလေးရဲ့ပုံစံရှိတယ်!"
"သူ့ကို ချစ်စရာနိုးနဲ့ ရွေ့ရွေ့လို့ ခေါ်လို့ရတယ်မလား?" လင်းမန့်လော်က ပြောသည်။ "‘ရွေ့’ဆိုတဲ့အဓိပ္ပါယ်က ဉာဏ်ကောင်းတယ်ဆိုတော့ ငါတို့ ပိုခေါ်လေ၊ သူက ပိုပြီးဉာဏ်ကောင်းလေပဲပေါ့?"
"ကောင်းတယ်၊ ငါတို့ရွေ့ရွေ့က အရမ်းဉာဏ်ကောင်းတဲ့ကလေးဖြစ်ရမယ်!" ချင်လုလည်း စိတ်လှုပ်ရှားသွားသည်။
"စီနီယာအစ်ကိုလျှိုက ကလေးရဲ့ အာရုံကြောစနစ်ကို တာဝန်ခံထားတာ… စီနီယာအစ်ကိုလျှို ဂရုစိုက်ပေးတဲ့အတွက် ကလေးရဲ့ ဦးနှောက်မှာရှိတဲ့ အာရုံကြောတွေ ပျံ့နှံ့မှုဟာ သေချာပေါက် ကောင်းမွန်ပြီး ဦးနှောက်ဆဲလ်တွေလည်း ဖွံ့ဖြိုးနေမှာ…" ရွှီယိရှန်းက အပြုံးဖြင့် ဆိုသည်။ "ဟုတ်တယ်မလား စီနီယာအစ်ကို?"
"အင်း၊ သေချာတာပေါ့!" လျှိုကျောက်ချင်းက အပြုံးဖြင့် စလေသည်။ "ဂုဏ်ယူပါတယ် ရှင်းဝမ်၊ မင်းအဖေဖြစ်လာတော့မယ်…"
"ဂုဏ်ယူပါတယ် ရှင်းဝမ်!" အခြားသူများကလည်း အရွှန်းဖောက်ကြသည်။
"... ငါလည်း အားလုံးကို ဂုဏ်ပြုပါတယ်" ယွဲ့ရှင်းဝမ်က ရယ်ရမလို၊ ငိုရမလို ဖြစ်နေသည်။ "ကလေးက ငါ့မျိုးရိုးအမည်ဖြစ်ဖို့ မလိုဘူးမလား?"
"မင်းရဲ့မျိုးရိုးအမည်က ကောင်းပါတယ်…" ကျန်းဖျင်စစ်က ပေါ့ပါးစွာ ပြောသည်။ "ငါတို့ သုတေသနအဖွဲ့ထဲက လူ 12 ယောက်က ကလေးကို အတူတူ ပြုစုပျိုးထောင်ပြီး အဖွဲ့ခေါင်းဆောင်ရဲ့မျိုးရိုးအမည်ကို ပေးတာနဲ့ပတ်သက်ပြီး အငြင်းပွာစရာမရှိပါဘူး… အားလုံးကော ဘယ်လိုထင်ကြသလဲ?"
"ဟုတ်တယ်၊ ရှင်းဝမ်ရဲ့မျိုးရိုးအမည် ‘ယွဲ့’ကို ပေးမယ်!" လူတိုင်းက သဘောတူကြသည်။
"ကောင်းပါပြီ…" ယွဲ့ရှင်းဝမ်က လူတိုင်း၏ကြင်နာမှုကို လက်ခံပြီး ရယ်လိုက်သည်။ "ကလေးက အသက် 3 အရွယ်မရောက်မချင်း ငါတို့က တရားဝင်သင်တန်းအောင်ဦးမှာ မဟုတ်သေးဘူး… အားလုံးက ကလေးကို ချောချောမွေ့မွေ့ မွေးဖွားပြီး သူ့ကို ပြုစုပျိုးထောင်ဖို့ ဆက်လက် ကြိုးစားကြရမယ်…"
"ငါတို့ဘာလုပ်စရာရှိသေးလဲ?" လန်ယာရုန်က နှိမ့်ချစွာ အကြံဉာဏ်တောင်းသည်။ "ကလေးက ဖွံ့ဖြိုးနေပြီဆိုတော့ ကလေးမွေးဖို့အတွက် ငါတို့စောင့်ရုံပဲလား?"
"သန္ဓေသားအနေအထားကို ထပ်မံအတည်ပြုပါ…" လျှိုကျောက်ချင်းက ပြောသည်။ "သန္ဓေသားရဲ့ အနေအထားက မမှန်ဘူးဆိုရင် ကလေးမွေးတဲ့ လုပ်ငန်းစဉ်က တော်တော်အန္တရာယ်များနေသေးတယ်… ကလေးမွေးရလွယ်ကူစေဖို့ ကလေးရဲ့ဦးခေါင်းကို တင်ပါးဆုံအတွင်း အောက်ဘက်ကိုမျက်နှာမူပြီး ချိန်ညှိကြစို့…"
"လက်ရှိ သန္ဓေသားရဲ့ အနေအထားက လုံလောက်အောင် မမှန်ဘူးလား?" ရွှီယိရှန်းသည် ဇီဝသိပ္ပံဌာနမှဖြစ်ပြီး သန္ဓေသားကြီးထွားမှုဖြစ်စဉ်တစ်ခုလုံးကို သိသော်လည်း သားဖွားမီးယပ်နှင့် မီးယပ်ဗေဒအကြောင်း လုံလောက်စွာမသိပေ။
"အင်း… အားလုံး ငါနဲ့ ပူးပေါင်းဆောင်ရွက်ကြ… ငါက ခေါင်းအတွက် တာဝန်ရှိပြီး ကလေးရဲ့ခေါင်းကို တွန်းချလိုက်မယ်…" လျှိုကျောက်ချင်းသည် သန္ဓေသား၏ဦးခေါင်းနေရာကို လျင်မြန်စွာ လှိမ့်ချလိုက်ပြီး ဆက်လက် ညွှန်ကြားသည်။ "ကလေးရဲ့ခြေလက်တွေမှာ တာဝန်ရှိတဲ့ ရှင်းဝမ်နဲ့ စီနီယာအစ်မလန်တို့က ကလေးရဲ့ခြေလက်တွေကို ကွေးနေအောင်ထားပြီး လည်ပင်းနေရာအတွက် ချင်မြောင်က သွားစစ်ဆေးကြည့်လိုက်၊ ချက်ကြိုးကို လည်ပင်းဆီ မပတ်စေနဲ့!"
"လည်ပင်းမှာ ချက်ကြိုးပတ်နေရင် မွေးဖွားစဉ် သန္ဓေသားက အသက်ရှူကျပ်ဖို့ လွယ်ကူတယ်မလား?" ချင်မြောင်က လေးလေးနက်နက် မေးသည်။
"မှန်တယ်! မင်းအရှေ့ကိုသွားပြီး ကြည့်ကြည့်လိုက်…"
"ကောင်းပြီ…"
လူတိုင်းသည် သီးခြားဆီ ရွေ့လျားနေကြပြီး ပုဇွန်ကဲ့သို့ မိခင်ဝမ်းတွင်း၌ ဇောက်ထိုးကွေးကွေးကလေးအား ခေါင်းကို အောက်ချနေကြသည်။
သန္ဓေသားအနေအထားကို ချိန်ညှိပြီးနောက် လျှိုကျောက်ချင်းက သက်ပြင်းတစ်ချက်ချကာ ပြုံးပြီးပြောသည်။
"အခု ကလေးက ဘယ်ဘက်နောက်စေ့ရဲ့ အရှေ့အနေအထားမှာ ရှိသင့်တယ်… သန္ဓေသားအနေအထားက အရမ်းကောင်းမွန်ပြီး ချောချောမွေ့မွေ့ မွေးဖွားနိုင်ပြီ…"
သူက ခေတ္တရပ်လိုက်ပြီး ထပ်ပြောသည်။
"ငါတို့က အခြားတစ်ဖက်ကိုလှည့်လိုက်မယ်ဆိုရင် ကလေးရဲ့တင်ပါးက အောက်ကိုကျသွားတာ ဒါမှမဟုတ် လက်မောင်းတွေက အောက်ကိုကျသွားတာမျိုး ဖြစ်နိုင်ပြီး သန္ဓေသားရဲ့ အနေအထားက မမှန်တော့ဘဲ မွေးဖွားရခက်ခဲလိမ့်မယ်… သဘာဝအတိုင်း ကလေးမမွေးနိုင်ဘူးဆိုရင် ငါတို့တွေ ခွဲစိတ်ရလိမ့်မယ်…"
မိခင်ဝမ်းတွင်းရှိ သန္ဓေသား၏ အနေအထားက အလွန် အရေးကြီးပါသည်။ ဦးခေါင်းသည် သန္ဓေသား ခန္ဓာကိုယ်တစ်ခုလုံး၏ အကြီးဆုံးနှင့် အမာဆုံးဖြစ်သောကြောင့် ဦးခေါင်းသည် အောက်တွင်ရှိပါက ကလေးကို ချောမွေ့စွာ မွေးဖွားရန် လွယ်ကူသည်။ ဦးခေါင်းက အရင်ထွက်လာသ၍ နောက်ကပျော့ပျောင်းသည့် ခန္ဓာကိုယ်ဟာ အလွယ်တကူ လျှောကျလာလိမ့်မည်။
အကယ်၍ တင်ပါး၊ ခြေလက်တွေက အောက်မှာရှိနေပြီး အဲဒီအစိတ်အပိုင်းတွေ အရင်ထွက်လာရင် ပိုကြီးသောဦးခေါင်းက မိခင်၏ဝမ်းတွင်းထဲမှာ ပိတ်မိနေပြီး အပြင်ကို မထွက်နိုင်ဘဲ အနည်းငယ်ကြာရင် သန္ဓေသားက အသက်ရှုကြပ်ပြီး သေဆုံးသည်အထိ ဖြစ်သွားနိုင်တာမို့ ခွဲစိတ်ကုသခြင်းအပိုင်းကို ပို့ဆောင်ရလိမ့်မည်။
လျှိုကျောက်ချင်း၏ တင်းကျပ်သော ထိန်းချုပ်မှုအောက်တွင် သူတို့သည် ကလေး၏သန္ဓေသားအနေအထားကို ချိန်ညှိရန်နှင့် လည်ပင်းတစ်ဝိုက်တွင် ချက်ကြိုးပတ်ခြင်း၏အန္တရာယ်ကို ဖယ်ရှားပစ်ရန် ကြိုးပမ်းခဲ့ကြသောကြောင့် ကိုယ်ဝန်ဆောင်မိခင်သည် မီးဖွားစဉ်တွင် သက်သာရာရစေပါသည်။
အချိန်တွေက တစ်မိနစ်ပြီးတစ်နစ် ကုန်ဆုံးသွားတော့ လူ တိုင်းက စိတ်လှုပ်ရှားပြီး စောင့်မျှော်နေကြသည်။
အချိန်မည်မျှကြာသည်မသိ ရုတ်တရက် လှည့်ပတ်မှုတစ်ခု ဖြစ်သွားသည်။
ရင်းနှီးသော မူးဝေခြင်း၏ခံစားချက်က လူတိုင်းကို အံ့အားသင့်စေခဲ့ပြီး ဆဲလ်များသည် ခဏတာ လိမ့်သွားခဲ့သည်။ အားလုံးက အံ့ဩစွာ မျက်လုံးများ ပြူးကျယ်သွားကြသည်။
"ဘာဖြစ်တာလဲ?"
"မိခင်က ထပ်ပြီးပြုတ်ကျတာလား?"
ခယ်ရှောင်ပင်းက တုန်လှုပ်ချောက်ချားစွာ မေးသည်။
"ကိုယ်ဝန်ပျက်ကျတာတော့ မဟုတ်ဘူးမလား?"
လျှိုကျောက်ချင်း: "ကလေးက ရင့်နေပြီ၊ ကိုယ်ဝန်ပျက်ကျတာမျိုး မဖြစ်တော့ဘူး၊ အဲဒါက မီးဖွားဖို့ဗိုက်နာတာပဲ… ကလေးမွေးတော့မယ်!"
ရွှီယိရှန်းက သူ့နေရာကို အမြန်ပြန်လာပြီး ပြောလိုက်သည်။
"အားလုံး အဆင်သင့်ပြင်ထားကြ!"
ထိုအချိန်တွင် သန္ဓေသား၏ အကြားအာရုံစနစ်က အပြည့်အဝ ဖွံ့ဖြိုးလာခဲ့သည်။ မိခင်ဝမ်းထဲကနေ အပြင်ကအသံကိုလည်း သူတို့ကြားနိုင်သည်။
ရွှီယိရှန်း၏စကားများ ထွက်သွားသည်နှင့် တစ်ပြိုင်နက် လူကြီးများ၏ ထိတ်လန့်တုန်လှုပ်ဖွယ် အသံများက အားလုံး၏နားထဲသို့ ရောက်လာသည်။
"မီးဖွားတော့မယ်ထင်တယ်၊ အရမ်းနာတယ်!"
"လူနာတင်ကားခေါ်လိုက်!"
"လူနာတင်ကားခေါ်ဖို့ နောက်ကျနေပြီ၊ ဆေးရုံကို တိုက်ရိုက် မောင်းသွားလိုက်တော့!"
များမကြာမီ ယာဉ်မောင်းသံ ထွက်ပေါ်လာပြီး ပင်ပန်း နွမ်းနယ်နေသည့် လက္ခဏာပြသော မိခင်ကို ကားထဲသို့ ကူညီပို့ဆောင်ပေးခဲ့သည်။
သူတို့သည် အမိဝမ်းတွင်း၌နေ၍ စိုးရိမ်နေကြ၏။
ရွှီယိရှန်းက လူတိုင်းကို စိတ်အေးစေရန် ပြောလိုက်သည်။
"ကလေးရဲ့ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေက ပုံမှန်ပါပဲ၊ သန္ဓေသားရဲ့နှလုံးက ပုံမှန်ခုန်နေတယ်… ခန္ဓာကိုယ်တစ်ခုလုံးကို သွေးလည်ပတ်မှုက လုံလောက်တယ်၊ သန္ဓေသားရဲ့အနေအထားကလည်း မှန်ကန်တဲ့အတွက် ပြဿနာမဖြစ်နိုင်ဘူးမလား?"
ခယ်ရှောင်ပင်းက မျက်တောင်ခတ်ကာ မေးသည်။
"ကလေးမွေးပြီးရင် ကျွန်တော်တို့က ဘာလုပ်ရမှာလဲ?"
ကျန်းရှောင်နျန်: "သန္ဓေသားရဲ့အနေအထားက မှန်ကန်ပြီး သဘာဝအတိုင်း ကလေးမွေးဖွားနိုင်မှာဆိုတော့ မိခင်ကပဲ တွန်းထုတ်လိုက်ရင် အဆင်မပြေဘူးလား?"
လျှိုကျောက်ချင်းက အလျင်အမြန် ပြောသည်။
"ဘယ်ဟုတ်မလဲ၊ ငါတို့ အခု ကလေးရဲ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေလေ… ငါတို့ရဲ့လုပ်ဆောင်ချက်တွေက ကလေးရဲ့လှုပ်ရှားမှုတွေကို တိုက်ရိုက်အကျိုးသက်ရောက်စေမှာဖြစ်တယ်… နောက်ပိုင်းမှာ ကလေးကို ချောချောမွေ့မွေ့ မွေးဖွားနိုင်ဖို့ မိခင်နဲ့ လက်တွဲပြီး လုပ်ဆောင်ရမှာပေါ့…"
ကျန်းဖျင်စစ်က ပေါ့ပါးစွာ ဆိုသည်။
"ကျွန်တော်တို့မှာ ကလေးမွေးဖူးတဲ့ အတွေ့အကြုံမရှိတာကြောင့် စီနီယာအစ်ကိုလျှိုကပဲ ညွှန်ကြားပေးပါ…"
လျှိုကျောက်ချင်းက မျက်ရည်မကျဘဲ ငိုချင်လာသည်။
"မင်းက ဒီလိုပြောတော့ ငါကလည်း ကလေးမွေးတဲ့ အတွေ့အကြုံမရှိဘူးလေ!"
『TK: အရိုးအထူးကုဒေါက်တာကို သားဖွားမီးယပ်ဒေါက်တာလုပ်ခိုင်းနေတယ်😂』
ယွဲ့ရှင်းဝမ်က ပြုံးကာ လှည့်ကြည့်လိုက်သည်။
"ဖျင်စစ်ရဲ့အဓိပ္ပါယ်က စီနီယာအစ်ကိုက ဆေးကျောင်းသားဖြစ်တာကြောင့် ကလေးမွေးဖွားခြင်းနဲ့ပတ်သက်တဲ့ အသိပညာကို အနည်းဆုံးတော့ သိထားမှာပေါ့… ဒါပေမယ့် ကျွန်တော်တို့က အဲဒါနဲ့ပတ်သက်ပြီး ဘာမှမသိဘူး…"
လျှိုကျောက်ချင်းက ပေါ့ပါးစွာ ချောင်းဟန့်လိုက်သည်။
"အိုး၊ ငါ အရင်က သားဖွားမီးယပ်ဌာနမှာ အလုပ်သင်ဆင်းဖူးတာကြောင့် လက္ခဏာသွင်ပြင်ကိုတော့ သိပါတယ်… မိခင်ရဲ့ ကလေးမွေးဖွားရာမှာ လုပ်ငန်းစဉ်သုံးရပ်ရှိတယ်… ပထမအဆင့်က သားအိမ်လှုပ်တာဖြစ်ပြီး လှုပ်ခတ်တာက ပြင်းထန်မှု တိုးလာလိမ့်မယ်… ခုနကလို ငါတို့တွေ မူးဝေနိုင်ပြီး လူတိုင်းက အဲဒီအခြေအနေနဲ့ တတ်နိုင်သမျှ မြန်မြန်ကျင့်သားရဖို့ လိုတယ်…"
ထို့အပြင် သူတို့က ဝမ်းထဲမှာရှိပြီး မိခင်၏ဝမ်းက သူတို့အတွက် ‘အိမ်’နှင့် တူသည်။ အိမ်က လှုပ်ခါလာချိန်မှာ သူတို့သည် ခံစား၍သိပ်မကောင်းပေ။
ယွဲ့ရှင်းဝမ်: "အဆင်ပြေပါတယ်၊ အားလုံးက မကြာခင် ကျင့်သားရသွားလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်…"
လျှိုကျောက်ချင်းက ဆက်ပြောသည်။
"ပထမအဆင့် သားအိမ်လှုပ်သွားပြီးနောက် သားအိမ်က တဖြည်းဖြည်း ပွင့်လာပြီး အပြည့်အဝပွင့်သွားတဲ့အခါ မွေးလမ်းကြောင်း ဖြစ်ပေါ်လာလိမ့်မယ်… သန္ဓေသားအမြှေးပါး ကွဲသွားတာနဲ့ ဒုတိယအဆင့်ကို ရောက်ရှိသွားမှာဖြစ်တယ်… ဒီအချက်မှာ ဖျင်စစ်က သန္ဓေသားဦးခေါင်းရဲ့အရိုးစုနေရာ၊ မန့်လော်က မျက်နှာ၊ ငါက ဦးနှောက်နဲ့အတူ သန္ဓေသားက စတင်ထွက်လာမှာဖြစ်တယ်… အချိန်ရောက်ရင် ငါတို့သုံးယောက်က အရင်သွားရလိမ့်မယ်… ချင်မြောင်က လည်ပင်းကို စောင့်ကြည့်ထား၊ ရှင်းဝမ်နဲ့ စီနီယာအစ်မလန်က ခြေလက်တွေကို ဂရုစိုက်ပြီး အခြားကိုယ်တွင်းအင်္ဂါတွေကို တာဝန်ယူတဲ့ ကျောင်းသားတွေက မွေးလမ်းကြောင်းဆီသွားဖို့ ကြိုးစားနေတဲ့ ငါတို့နောက်ကိုလိုက်လာရမယ်…"
သူက ခေတ္တရပ်ပြီး ထပ်ပြောလာသည်။
"အဲဒီအချိန်ရောက်ရင် ဒေါက်တာက မိခင်ကို ခွဲစိတ်ခန်းထဲ ပို့ပေးမှာဖြစ်ပြီး ဒေါက်တာက တွန်းထုတ်ဖို့ အော်တိုင်း ငါတို့ကတန်းစီပြီး အတူတူပြေးထွက်ကြမယ်၊ နားလည်လား?"
လူတိုင်း: "......"
ဒါက ထူးဆန်းတဲ့ အတွေ့အကြုံတစ်ခုပဲ။
ချင်လုက စူးစမ်းလိုစိတ်ဖြင့် မေးသည်။
"မီးဖွားခြင်းရဲ့ ပထမအဆင့်က သားအိမ်လှုပ်တာ၊ ဒုတိယအဆင့်က မွေးဖွားတာဖြစ်ပြီး တတိယအဆင့်ကကော?"
လျှိုကျောက်ချင်း: "မီးဖွားခြင်းရဲ့ တတိယအဆင့်က အချင်းကို ဖယ်ထုတ်တဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး အဲဒီအချိန်မှာ သန္ဓေသားက မိခင်ရဲ့ခန္ဓာကိုယ်ကနေ ထွက်သွားပြီဖြစ်တဲ့အတွက် ငါတို့ ဘာမှမကူညီနိုင်တော့ဘူး… မီးဖွားခြင်းရဲ့ ဒုတိယအဆင့်ကို ငါတို့အာရုံစိုက်မှာဖြစ်ပြီး အားလုံးအဆင်သင့်ပြင်ထားကြ!"
ဆေးရုံသွားရာလမ်းမှာ သားအိမ်လှုပ်ခြင်း တစ်ကြိမ်တစ်ခါ ဖြစ်ပွားခဲ့သည်။
လှုပ်ခတ်လိုက်တိုင်းက သူတို့အတွင် ငလျင်တစ်ခုလိုပဲဖြစ်သည်။ လူတိုင်းသည် သန္ဓေသားအထဲတွင် ထိမိခြင်းကြောင်ြ မူးမေ့လုနီးပါးဖြစ်ခဲ့ကြပြီး နောက်ဆုံးတွင် သူတို့နားထဲ၌ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦး၏ တုန်လှုပ်ချောက်ချားနေသောအသံဖြင့် သူတို့က ဆေးရုံကို အသက်ရှင်စွာရောက်ရှိခဲ့သည်။
"ဒေါက်တာ၊ ကျွန်တော့်မိန်းမမွေးတော့မယ်!"
ဒေါက်တာ: "အဲဒါကို စစ်ဆေးဖို့ ခဏလောက်စောင့်ပါ… သားအိမ်ပွင့်တာက လက်တစ်ချောင်းပဲပွင့်သေးတာမို့ သွားပြီးတော့ ဆေးတက်ခွင့်တောင်းပြီး မိခင်ကို လူနာဆောင်ထဲမှာ နေခိုင်းထားလိုက်ပါ…"
အပြင်မှာ ဆူညံသံတွေ ထွက်ပေါ်လာပြီး မိခင်၏ခန္ဓာကိုယ်ထဲမှာ ရှိနေသည့် 'ကလေး၏ဆဲလ်များ'က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေတုန်းကထက်ပင် တကယ်ကို စိတ်လှုပ်ရှားနေခဲ့သည်။
အဆက်မပြတ်လှုပ်ခါနေခြင်းကြောင့် ဆဲလ်များအနေဖြင့် လူတိုင်းက တွန့်လိမ်ပြီး လှည့်ပတ်နေကြကာ နောက်ဆုံးမှာတော့ သည်လိုနေထိုင်သည့် ပတ်ဝန်းကျင်ကို ကျင့်သားရလာကြသည်—— ဘာပဲဖြစ်ဖြစ် သူတို့တွေ အချင်းချင်း ထိမိသောအခါ ထိခိုက်မှုမရှိဘဲ မူးနေရုံလောက်သာဖြစ်သည်။
အချိန်မည်မျှကြာမည်ကို မသိသော်လည်း ဒေါက်တာက တံခါးကို ထပ်မံတွန်းလာပြီး ပြောလိုက်သည်။
"သားအိမ်က လက်သုံးချောင်းပွင့်နေပြီ၊ ဆက်စောင့်လိုက်ပါဦး…"
လူတိုင်း: "..."
မီးဖွားခြင်း၏ ပထမအဆင့်က ရှည်လျားသော လုပ်ငန်းစဉ်ဖြစ်သည်။
ရလဒ်အနေဖြင့် ညသန်းခေါင်အချိန်ဖြစ်ကာ အပေါက်က အပြည့်မဖွင့်နိုင်ပေ။ လူတိုင်းသည် ငလျင်လှုပ်နေသော ပတ်ဝန်းကျင်တွင် မောပန်းနွမ်းနယ်သည်အထိ လိမ့်နေကြသည်။
ယွဲ့ရှင်းဝမ်သည် နေရာတွင် လဲကျနေသာ ပြားချပ်ချပ်ဆဲလ်အဖြစ်သို့ ပြောင်းလဲသွားပြီး ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။
"ဒီညတော့ ကျွန်တော်တို့ မမွေးနိုင်တော့ဘူးထင်တာပဲ…"
လျှိုကျောက်ချင်း: "ပထမအဆင့်စတင်ပြီးနောက် တစ်ညလုံး စောင့်ဆိုင်ရတာက ပုံမှန်ဖြစ်ပြီး မမွေးနိုင်သေးပါဘူး…"
သူတို့၏ရင်သွေးလေး ချောချောမွေ့မွေ့ မွေးဖွားလာရန် စောင့်မျှော်နေသော အဖေ၊ အမေများကဲ့သို့ လူတိုင်းက အနည်းငယ် စိုးရိမ်နေကြသည်။
သို့ပေမယ့် သူတို့မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။
တစ်ညလုံး လှုပ်ခါနေပြီး မိခင်က နာကျင်စွာ အော်ဟစ်နေရင်း လူတိုင်းသည် မူးဝေနေကာ ဦးတည်ရာကိုပင် ခွဲခြား၍မရတော့ပေ။
အချိန်မည်မျှကြာမည်ကို မသိသော်လည်း လူတိုင်းက ဗရုတ်သုတ်ခဖြစ်နေကြစဉ် ဒေါက်တာ၏အသံက သူတို့နားထဲသို့ ရောက်လာသည်။
"သားဖွားခန်းကို မြန်မြန်ပို့လိုက်တော့၊ မီးဖွားဖို့ ပြင်ထားကြ…"
မိခင်ဖြစ်သူကို သားဖွားခန်းထဲ အမြန်တွန်းပို့ခဲ့ပြီး သားဖွားကုတင်ဆီသို့ ပို့ဆောင်ခဲ့သည်။
ဒေါက်တာက စိတ်ရှည်ရှည်နဲ့ သူမကို ပြောသည်။
"အလျင်စလို မတွန်းထုတ်ပါနဲ့… လှုပ်ခါလာတဲ့အခါ ငါတို့ကို မင်းကိုတွန်းခိုင်းမယ်၊ ပြီးတော့ မင်းက အသက်ပြင်းပြင်းရှူပြီး ဖိထားပြီး တွန်းထုတ်လိုက်မယ်! စိတ်မပူပါနဲ့၊ မင်းကလေးရဲ့ သန္ဓေသားအနေအထားက အရမ်းမှန်ကန်တာကြောင့် စိတ်အေးအေးထားပါ!"
ပတ်ဝန်းကျင်မှာ အလုပ်ရှုပ်နေသူများ၏ အသံတွေ အများကြီးရှိသည်။
ပြင်းထန်စွာ လှုပ်ခါမှုနှင့်အတူ သားဖွားဆရာဝန်၏အသံက သူတို့နားထဲသို့ ရောက်လာသည်။
"အဆင်သင့်ပြင်ထားတယ်၊ အသက်ပြင်းရှူသွင်းပြီး တွန်းထုတ်လိုက်!"
လူတိုင်းသည် ကြောင်တောင်တောင်ဖြင့် သူတို့၏အာရုံများဆီ သို့ ပြန်ရောက်သွားကြသည်။
လျှိုကျောက်ချင်းက အလျင်အမြန် အော်လိုက်သည်။
"ခေါင်းပိုင်းက ကျောင်းသားတွေ မြန်မြန်ရွေ့ကြ!"
သန္ဓေသား၏ဦးခေါင်းခွံကို တာဝန်ယူရန် တာဝန်ပေးခံထားရ သော ကျန်းဖျင်စစ်၊ မျက်နှာအသွင်အပြင်ကို တာဝန်ယူရသော လင်းမန့်လော်နှင့် ဦးနှောက်ကို တာဝန်ယူရသော လျှိုကျောက်ချင်းတို့သည် သန္ဓေသား၏ဦးခေါင်းဆီသို့ လျင်မြန်စွာ လိမ့်ဝင်သွားကြသည်။ သူတို့၏ မှတ်ဉာဏ်အရ ပတ်ဝန်းကျင်ရှိဆဲလ် တွေကို ရှေ့သို့ လည်ပတ်စေသည်။
လင်းမန့်လော်က အော်သည်။
"ကျွန်မ ပုံစံပျက်တော့မယ်…"
လျှိုကျောက်ချင်း: "စိတ်မပူပါနဲ့၊ အဲဒါက မြန်မြန်မမွေးဘူး၊ အားလုံး အရှေ့ကို ဆက်ရွေ့ကြ!"
ဒေါက်တာက မိခင်ကို တိုက်တွန်းသည်။
"တစ်၊ နှစ်၊ သုံး၊ တွန်းလိုက်!"
လျှိုကျောက်ချင်း: "သွားတော့!"
ဒေါက်တာ: "ကလေးရဲ့ဦးခေါင်ထိပ်ကို မြင်နေရပြီ၊ ကောင်းတယ်! တစ်၊ နှစ်၊ သုံး၊ တွန်းလိုက်!"
လျှိုကျောက်ချင်း: "နောက်ကကျောင်းသားတွေ ငါတို့ကို တွန်းထုတ်လိုက်၊ ငါတို့ညှပ်နေပြီ လှုပ်လို့မရတော့ဘူး!"
လူတိုင်း: "......"
ဒီစာသားကြီးက ဘယ်လိုတောင်ထူးဆန်းရတာလဲ?
သို့ပေမယ့် သူတို့ ဘယ်တတ်နိုင်မှာလဲ? လူတိုင်းက ကလေးကို ချောချောမွေ့မွေ့ မွေးဖွားလာဖို့ ပြင်းပြင်းထန်ထန် တွန်းထုတ်ပေးခဲ့ကြပြီး အခြားကျောင်းသားတွေနဲ့ ဖွဲ့စည်းထားသည့် ဆဲလ်အဖွဲ့တွေက နောက်ကနေ ပြေးတက်လာပြီး ရှေ့ကို တွန်းထုတ်လိုက်ကြသည်။
ဦးခေါင်းအတွက် တာဝန်ရှိသော လျှိုကျောက်ချင်း၊ ကျန်းဖျင်စစ်နှင့် လင်းမန့်လော်တို့ ဆဲလ်သုံးခုသည် ပုံပျက်သွားသည်မှာ ကြာလှလေပြီ။
သူတို့နားထဲတွင် ဒေါက်တာ၏အသံက မြည်ဟည်းနေသည်။
"ဆက်သွားမယ်! ဆက်တွန်းထားမယ်!"
"အားသုံးဖို့ ပြင်ဆင်လိုက်၊ အသက်ပြင်းပြင်းရှူပြီး တစ်၊ နှစ်၊ သုံး!"
"ကောင်းတယ်၊ ခဏနားလိုက်၊ ချောကလက်စားချင်လား?"
"ခွန်အားပြည့်ပြီလား? ထပ်ပြီး အသက်ပြင်းပြင်းရှူပြီးတော့ ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်!"
မိခင်၏ အော်ဟစ်သံများနှင့် ရောထွေးနေသော ဆရာဝန် များ၏ ‘တိုက်တွန်းသံများ’က နားအူသွားစေသည်။
လျှိုကျောက်ချင်းကလည်း ညွှန်ကြားသည်။
"အားလုံး မြန်မြန်လာကြ!"
ဒုတိယအဆင့်သည် တစ်နာရီနီးပါးကြာပြီး အားလုံးက ပုံပျက်သွားကာ မောပန်းနွမ်းနယ်နေချိန်တွင် လျှိုကျောက်ချင်းက ရုတ်တရက် စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
"ကလေးခေါင်း ထွက်လာပြီ!"
သန္ဓေသား၏ဦးခေါင်းက ထွက်ပြီးသည်နှင့် ခန္ဓာကိုယ်ကို တွန်းထုတ်ရန် ပိုမိုလွယ်ကူလာသည်။
ဒေါက်တာ၏အော်သံက သူတို့နားထဲသို့ ရောက်လာသည်။
"ခေါင်းထွက်နေပြီ၊ အရမ်းကောင်းတယ်! ဆက်လုပ်!"
ဒေါက်တာသည် သန္ဓေသား၏ဦးခေါင်းအား ခန္ဓာကိုယ်တွန်းထုတ်ဖို့ လွယ်ကူစေရန် ၎င်း၏ဦးတည်ချက်ကို လှည့်ပတ်ကာ ကူညီပေးခဲ့သည်။ ယွဲ့ရှင်းဝမ်နှင့် လန်ယာရုန်တို့သည် ခြေလက်အစိတ်အပိုင်းများနောက်သို့ လိုက်နေကြရာ သူတို့ပတ်ဝန်းကျင်ရှိ ဆဲလ်များနှင့်အတူ ရှေ့သို့ ပြေးသွားကြသည်။ ခဏအကြာတွင် ဆရာဝန်က စိတ်လှုပ်ရှားစွာ ပြောခဲ့သည်။
"ပုခုံးလည်း ထွက်နေပြီ…"
မိနစ်အနည်းငယ်ကြာပြီးနောက် ဒေါက်တာက ထပ်ပြောလာသည်။
"ဂုဏ်ယူပါတယ်! ဂုဏ်ယူပါတယ်! ကလေးမွေးသွားပါပြီ! ယောင်္ကျားလေးပါ!"
ဒေါက်တာ၏စကားကိုကြားတော့ သူတို့ 12 ယောက်က အမေထက်ပင် ပို၍စိတ်လှုပ်ရှားနေကြသည်။
"မွေးသွားပြီ!"
"နောက်ဆုံးတော့ မွေးသွားပြီး ရေးးးး!"
"ငါတို့ကလေးက ဘယ်လိုပုံစံလဲ၊ ငါတို့မမြင်ရဘူးလား?"
သို့ပေမယ့် ခယ်ရှောင်ပင်းက မူမမှန်တာကို တွေ့ရှိပြီး မေးသည်။
"ဘာလို့ ကလေးက မငိုတာလဲ? မငိုဘူးလား?"
လျှိုကျောက်ချင်းက သတိပြန်ဝင်လာပြီး အလျင်အမြန် ပြောလိုက်သည်။
"ငါတို့က ကလေးရဲ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေဖြစ်ပြီး သူ့ရဲ့စနစ်အမျိုးမျိုးအတွက် တာဝန်ရှိတယ်… ငါတို့ သူ့ကို ငိုခိုင်းလိုက်ရင် သူငိုလိမ့်မယ်!"
ရွှီယိရှန်းက ရုတ်တရက် သဘောပေါက်သွားသည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဦးနှောက်က အမြန်ညွှန်ကြားချက်ပေးလိုက်!"
လျှိုကျောက်ချင်းသည် ချက်ချင်းပင် အော်ငိုရန် ညွှန်ကြားချက်ပေးကာ စနစ်မျိုးမျိုးက စတင်လုပ်ခဲ့ပြီး သူတို့အားလုံးက ‘ဝါး’ဟူသော အော်ငိုသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သည်ငိုသံက အလွန်ရှင်းလင်းပြီး ကျယ်လောင်ကာ အသက်ရှူသံဖြင့်ပြည့်နေသည်။
ဘေးနားရှိ သူနာပြုတစ်ယောက်က စကားဝိုင်းထဲတွင် ပါဝင်လာသည်။
"ကလေးက မနက် 7 နာရီမှာ မွေးပြီး ကိုယ်အလေးချိန်က 3,500 ဂရမ်ရှိတယ်…"
ဤစကားကိုကြားသောအခါ လူတိုင်းက သက်ပြင်းရှည်ကြီးချလိုက်ကြသည်။
အရုဏ်တက်စ အလင်းရောင်နဲ့အတူ သူတို့ 12 ယောက် အတူတူ ပြုစုပျိုးထောင်ခဲ့သော ကလေးလေးဟာ နောက်ဆုံးမှာတော့ ဘာပြဿနာမှမရှိဘဲ အသက်ရှင်လာခဲ့သည်။
မွေးဖွားခြင်းဖြစ်စဉ်၏ တစ်စိတ်တစ်ပိုင်းတွင် ကိုယ်တိုင်ပါဝင်ရခြင်းမှာ သူတို့အတွက် ဘယ်တော့မှ မမေ့နိုင်သော အတွေ့အကြုံတစ်ခုဖြစ်ကြောင်း သေချာပါသည်။
#TK